စာရေးကြသည်ဟု ဆိုရာဝယ်..
စာတွေရေးကြပါသည်။
တစ်ချို့က ချစ်သူအတွက်
တစ်ချို့က မိသားစုအတွက်
တစ်ချို့က အလုပ်အတွက်
တစ်ချို့က ….
တစ်ချို့က ….
အစရှိသည်ဖြင့် အကြောင်းအရာအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ရေးသားကြခြင်းဖြစ်သည်။
တစ်ချို့မှာမူကား ရင်ဘတ်ဖြင့် ရေးသားကြခြင်းဖြစ်သည်။ ယခုရေးသားနေသော ဆိုက်မှ ထင်ရှားသူများဆိုလျင် မမှီ၊ သော်ဇင်(လွိုင်ကော်)၊ အလင်းဆက်၊ Pooch၊ သူရဿဝါ တို့ဖြစ်ကြသည်။ သူတို့မှာကား ကိုယ်ခံစားမိသမျှများကို ခံစားမိသည့်အချိန်တွင် ခံစားမိသလိုရေးခြင်းဖြစ်သည့်အတွက် အတော်လေးပင် စာရေးကျဲကြလေသည်။ တော်ရုံတန်ရုံနှင့် စာတစ်ပုဒ် ဖြစ်မလာပေ။ ပုံမှန်ဝင်ဖတ်သူမှသာ သူတို့သည် ခံစားချက်ရေးသူများဖြစ်ကြောင်း သိကြပေမည်။ ယခုလို တစ်ရက်အပုဒ် (၂၀)ခန့်တက်သည့်အချိန်တွင်မူ သူတို့ခံစားချက်စာစုများသည်ကား တော်ရုံလူ ဖတ်နိုင်ခြင်းမရှိပေ။ ဘယ်သူ့ ဘယ်သူကမှလဲ ထင်ပေါ်လို့ စင်တော်ကောက်ခြင်းလဲမပြု၊ မူဝါဒနှင့် မညီလေသလောမသိ။
ပြင်ပလောကတွင်မူကား အမျိုးသားစာပေဆုရ စာရေးဆရာသည်ကား လွန်စွာ ဂုဏ်ယူစရာကောင်းလှသည်။ ယခုဆိုက်တွင်မူကား သူကြီးရွေးချယ်ခြင်းခံရသောသူအဖို့ အလိုလိုနေရင်း နာမည်ကြီးကြရတော့သည်။ သူတို့၏ ရေးသားတင်ပြပုံကောင်းမွန်ခြင်းကြောင့်လဲ ဖြစ်သည်။
သို့ပါသော်ငြား… သူတို့သည်ကား ရင်ဘတ်နှင့် ခံစားရေးသူများသာဖြစ်သောကြောင့် စာတစ်ပုဒ်၊ ဝါကျတစ်ကြောင်းဖြစ်လာရန် အတော်ခဲယဉ်းလေ၏။ သူတို့၏ ရင်ဖွင့်သံများအား ဝင်မန့်သူ အနည်းငယ်သာ အသိအမှတ်ပြုခြင်းခံရသည်။ အုပ်ချုပ်သူလူတန်းစားမှာကား နေနိုင်လွန်းလှခြိမ့်။ စာရေးသည်ဆိုရာဝယ် မိမိအား အနည်းငယ်အသိအမှတ်ပြုခံရလျင်ပင် ကိုယ့်ကိုယ်ကို စာရေးဆရာ ဖြစ်ပြီအလား ထင်မှတ်မှားကြ၏။ ရွေးချယ်ဖော်ပြခြင်းခံရလျင်တော့ ကိုယ့်ကလောင်အမည်ကို နည်းနည်းမှပင် မပြောင်းလိုတော့ပေ။
ရင်ဘတ်ဖြင့် ရေးသူများသည်ကား အမှန်တစ်ကယ်တော့ ရင်ရှင်းခြင်းသက်သက်သာ ဖြစ်သည်ဟုလည်း ပြောလို့ရနိုင်သည်။ ရှိသမျှကို တစ်ခါရှင်းထုတ်လိုက်ပြီးနောက် နောက်ထပ်ပြည့်လာရန်စောင့်ရသဖြင့် ကြားကာလသည်ကား မှန်းဆရ ခက်လှသည်။ စာတစ်ပုဒ်ရေးပြီးသည်နှင့် နောက်တစ်ပုဒ်ရေးနိုင်ရန် ခွန်အားများမွေးရသည်။ ကိုယ့်ကိုယ်ကို အားရှိအောင် မွေးမြူရသည်။ သို့မှသာ စာများရေးသားနေချိန်တွင် ရေးရင်းနှင့် အားမကုန်နိုင်မည်ဖြစ်သည်။
ကျွန်တော်သည်ကား အားကုန်နေပါသေးသည်။ ရှိသမျှ လက်ကျန်လေး အကုန်ထုတ်သုံးပြီးနောက် အားပြတ်နေသလိုလို ဖြစ်နေပါသည်။
ထို့အတွက်ကြောင့် စာတွေတော့ ရေးနိုင်ဦးမည်မထင်၊ ခံစားချက်တွေသာ စုဖြစ်နေတော့၏။
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
21 comments
thit min
January 14, 2012 at 8:57 am
မန်းဂေဇက်မှာစာရေးတာကတော့
(၁)ကိုယ်သိတာကိုရှယ်ချင်လို့မက်ဆေ့ချ်တခုခုပေးချင်လို့(သုတရှယ်ခြင်း)
(၂)ကိုယ်လိုဘဲသိသူများရှိရင်လဲ ပြန်ပြီးသင်ယူချင်လို့(သုတဖလှယ်ခြင်း)
(၃)ကိုယ့်အတွေ့အကြုံလေးတွေကိုရှယ်ရင်း၊ရင်လဲဖွင့်ချင်လို့(ရသ+သုတ)
(၄)ကိုယ်ခံစားရတာသက်သက်ကိုပြောချင်လို့ (ရသ)
ဆိုပြီး စာလဲဖြစ်ချင်ဖြစ်မယ် ကဗျာလဲဖြစ်ချင်ဖြစ်မယ် ရေးကြတာဆိုတော့ ခံစားချက်တခုထဲနဲ့တော့
စာရေးတာ ရယ်လို့ပြောလို့မရနိုင်ဘူးထင်ပါတယ်ခင်ဗျာ။
အပေါ်ကလေးမျိုးစလုံးမှာလဲ စာရေးသူရဲ့ စေတနာ ဟာ ပါနေတတ်ပါတယ်။
စေတနာကောင်းနဲ့ရေးရင်စာကောင်းဖြစ်ထိုက်ပါတယ်။
စိတ်ပျက်ညီးတွားတဲ့ခံစားချက်ကိုရသမြောက်အောင်ရေးနိုင်ရင် စိတ်နှလုံးကိုတစုံတရာ
(ဂရုဏာအစရှိသဖြင့်)ဖြစ်ပေါ်စေလို့ စာကောင်းထဲ ထဲ့ရမှာပါဘဲ။
ဆိုလိုတာက စေတနာသာမူလပါ။
စာဖတ်ခြင်းဟာ ကိုယ့်အတွက်၊စာရေးခြင်းဟာသူများအတွက်ပါတဲ့။
ကျနော်တို့သူများတွေဖတ်ဖို့ရေးတယ်ဆိုတဲ့စေတနာက “စ” ရှိနေပါပြီ။
စာရေးကောင်းခြင်း၊မကောင်းခြင်းကတော့တပိုင်းပါ။စာရေးကောင်းရင်တော့ ပရိတ်သတ်ရမှာပါ။
စာအရေးအသားမကောင်းရင် (သို့)ကိုယ့်အကြိုက်နဲ့မကိုက်တော့လဲ ပရိတ်သတ်မဖတ်ဖူးဖြစ်ချင်ဖြစ်မှာပေါ့။
သူကြီးရဲ့ရွေးချယ်မှုဆိုတာကလဲ ကျနော့အမြင်တော့ သူက အများဖတ်စေချင်လို့ရွေးလိုက်တယ်လို့မြင်ပါတယ်။
တဲ့တဲ့ပြောရရင် ဘယ်သူမဆို ကိုယ်ရေးတဲ့စာတွေ အရွေးခံရသည်ဖြစ်စေ၊မခံရသည်ဖြစ်စေ
ရေးချင်စိတ်ရှိရင် ရေးမှာပါဘဲ။
နာမည်ကြီးချင်လို့ရေးနေကြတယ်ဆိုတာတော့ဟုတ်မယ်မထင်ပါဘူး။(ကျနော်နဲ့နှိုင်းတာပါ)
စာရေးသူ(စာရေးဆရာလို့တော့အမည်တပ်ချင်မှတပ်နိုင်ပါလိမ့်မယ်)တယောက်ဟာ “ရေးနေရရင်” ကြေနပ်ပါပြီ။
နောက်ထပ်ဆိုတာတွေက အဓိကမဟုတ်ပါဘူး။
ပြောလိုတာက သူကြီးရဲ့ရွေးချယ်မှုဟာ စာရေးသူထက်စာဖတ်သူကိုရည်ရွယ်တာပါ။
မျှော်လင့်ခြင်းကင်းစွာစာရေးသူများရဲ့ဂေဇက်မှာ
ကျနော်တို့ “ပြန်ရချက် အပေါ်မျှော်လင့်ခြင်းကင်းသော” စာများကိုဆက်လက်ရေးသားပါအုန်းမယ်။
လေးစားခင်မင်လျှက်
မောင်သစ်မင်း
thit min
January 14, 2012 at 6:30 pm
အကျိုးသင့်အကြောင်းသင့် ရှင်းပြတဲ့ ကော်မန့်မျိုးကို အနှုတ်ပေးတဲ့လူဟာ
အနှုတ်လက္ခဏာဆောင်တဲ့စိတ် ဆိုတာထင်ရှားပါတယ်။ရင်ဆိုင်ရဲတဲ့အင်အား
မရှိလို့လုပ်ရတဲ့သိမ်ငယ်မှုအတွက် သူ့မှာအားနဲချက်ရှိမှန်းသိသာတာမို့
အားနည်းသူကို အားပေးပါရစေခင်ဗျာ။
အမှန်အမှားကိုခွဲခြားဆုံးဖြတ်ပြီး ကိုယ့်ဘဝကိုတည်ဆောက်ပါ။
ဘာမဟုတ်တဲ့အသေးအဖွဲတွေပေါ်မှာ အကျယ်ချဲ့စဉ်းစားပြီး သူများကိုတိုက်ခိုက်
နေခြင်းဟာ အလဟဿသဘောဆောင်ပါတယ်။ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။
မိုက်ကယ်ဂျော်နီချီးဘတ်
January 14, 2012 at 9:23 am
ဒီပို့စ်အတွက် ( ပေါ်ပြူလာ ) ဆိုတဲ့ စကားလုံးတစ်ခုကို ညွှန်းပါတယ်
ကြောင်ကြီး
January 14, 2012 at 10:24 am
စာရေးတာနဲ့တင် အားကုန်အားပြတ်နေရင်တော့ နင့်ဟာမလွယ်ဘူး မောင်ရှုံးရေ… ယောက်ျားကောင်း မောင်းမတထောင်တဲ့ ကြားဖူးလား… မနိုင်ရင် ဆေးသောက်ရတယ်၊ အားတော့ အပြတ်မခံနဲ့။
windtalker
January 14, 2012 at 2:38 pm
ဆာဒူးဂျီး ၊ မြင်္ဟသာ တို ့တော့ တီဗီမှာ ကြေငြာတာ ကြည့်ဖူးတာဘဲ
yaungchikha
January 14, 2012 at 10:47 am
ဂဇက်မှာစာရေးသူတွေကတော့ အတွေ့အကြုံလေးတွေ၊ ကိုယ်ကျင်လည်ရာလေးတွေ၊ ကိုယ်ရဲ့တွေ့ရှိချက်လေးတွေ၊ ဗဟုသုတတွေ၊ ကိုယ့်ခံစားချက်လေးတွေကို မျှဝေပေးချင်လို့ စာရေးနေကြတာလို့ထင်ပါတယ်၊ ကွန်းမန့်ရခြင်းမရခြင်းနဲ့တော့ မတွက်လောက်ဘူးထင်ပါတယ်………
တစ်ခါတစ်လေလည်း ကွန်းမန့်ပေးချင်ပေမယ့် ကွန်နက်ရှင်ကြောင့် ဝင်မပေးဖြစ်တာတွေလည်း ရှိနိုင်တာပါပဲ…………..
ငပေါက်ဖော်
January 14, 2012 at 11:51 am
သများကတော့ ဖတ်နေရရင် ပျော့်နေတာပါပဲ
ငပေါက်ဖော်
January 14, 2012 at 11:53 am
ကျေးဇူးပြု၍ ပျော့်နေတာပါပဲ အစား ပျော်နေတာပါပဲ ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်
weiwei
January 14, 2012 at 12:15 pm
စာရေးပြီဆိုမှတော့ ရင်ဘတ်နဲ့ခံစားပြီးမှ ရေးလို့ရမှာပါ … ဗဟုသုတပေးချင်ရင်တောင်မှ အရင်နားလည်အောင် ခံစားရပါသေးတယ် …
ဒီဆိုဒ်မှာက သုတ ရသ အစုံရေးကြပါတယ်။ ခေတ်ကာလအခြေအနေအရ လူအများစုက သုတပိုင်းနဲ့ နိုင်ငံရေးပိုင်းကို စိတ်ဝင်စားကြပါတယ်။ ခံစားမှုရသသီးသန့်ကို ခံစားနိုင်ဖို့အချိန်မရလောက်အောင် ဘဝတစ်ခုအတွက် ရုန်းကန်နေကြရသူတွေအများစုရှိနေလို့ ရသစာပေကို ကွန်မန့်ပေးသူ နဲနေတာဖြစ်ပါလိမ့်မယ် …
သူကြီးရဲ့စေတနာကလဲ နိုင်ငံအကျိုးပြုကို အဓိကထားတာမို့ အကျိုးရှိမယ်ထင်တဲ့ပို့စ်ကို အယ်ဒီတာ့ချိုက်ရွေးတာဖြစ်ပါတယ်။
ကိုယ်ရေးလိုက်တဲ့စာတိုင်းက ကိုယ်တိုင်မွေးလိုက်တဲ့သားသမီးလိုပဲ ကိုယ့်စိတ်ထဲမှာတော့ အကောင်းဆုံး၊ အလှဆုံး၊ အတော်ဆုံးဖြစ်နေပေမယ့် အများအမြင်နဲ့ လွဲနေတာတွေ အများကြီးရှိတာကို နားလည်ပေးစေချင်ပါတယ်။
ကွန်မန့်ဆိုတာကလဲ ဘာမှပြောစရာမလိုအောင်ကောင်းမွန်ပြည့်စုံနေရင် ပေးစရာမလိုဘူးမဟုတ်လား … ကွန့်မန့်နဲလို့တော့ စိတ်မကောင်းမဖြစ်ပါနဲ့ … ရေးစရာရှိတာရေးပါလို့ အားပေးချင်ပါတယ် …
ဦးဦးပါလေရာ
January 14, 2012 at 1:00 pm
ကျုပ်ဒီပို့စ်ကို ထွက်လိုက်ဝင်လိုက်နဲ့ဖတ်နေတာ
သိပ်နားမလည်သေးဘူး
အပေါ်ကလူတွေပြောထားသလိုဆို editor’s choice ဆိုပြီး ရွေးထားတာ ရှိတယ်ပေါ့။ အဲလိုလား…
ဘယ်မှာရွေးထားတာတုန်းဟင်……
ကျုပ်ကိုလဲပြောပြကြပါ…..
ကိုပေါက်ဖေါ်နဲ့အတူ အကယ်ဒမီဗန်းကိုင်လေးဘာလေးလျှောက်မလားလို့ 🙂
ဆူး
January 14, 2012 at 2:50 pm
အခုတော့ တနေ့ တနေ့ တင်သမျှ ပိုစ်တွေ ဖတ်ဖို့တောင် အနိုင်နိုင် ဖြစ်လာတော့ ပိုစ်တင်ဖို့လည်း သိပ်စိတ်မကူးဖြစ်တော့ဘူး။
သူများ ရေးတာပဲ ဟိုမရောက် ဒီမရောက် ဖတ်နေတယ်။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 14, 2012 at 6:55 pm
ကိုရှုူံးပြောသလိုပါဘဲ
ကျွန်တော်သည်ကား အားကုန်နေပါသေးသည်။ ရှိသမျှ လက်ကျန်လေး အကုန်ထုတ်သုံးပြီးနောက် အားပြတ်နေသလိုလို ဖြစ်နေပါသည်။
ထို့အတွက်ကြောင့် စာတွေတော့ ရေးနိုင်ဦးမည်မထင်၊ ခံစားချက်တွေသာ စုဖြစ်နေတော့၏။
အဲဒီတော့ ကိုရှုူံးရေ ကိုသစ်မင်းပြောသလိုပါဘဲ။
နာမည်ကြီးချင်လို့ရေးနေကြတယ်ဆိုတာတော့ဟုတ်မယ်မထင်ပါဘူး။(ကျနော်နဲ့နှိုင်းတာပါ)
စာရေးသူ(စာရေးဆရာလို့တော့အမည်တပ်ချင်မှတပ်နိုင်ပါလိမ့်မယ်)တယောက်ဟာ “ရေးနေရရင်” ကြေနပ်ပါြ
htet way
January 14, 2012 at 8:43 pm
တက္ကသိုလ်ကျောင်းသူ လေးတစ်ယောက် မြန်မာစာကပါ မြသန်းတင့် သိလားဆိုတော့
အင်းသိတယ် အတိုးပေးစားတဲ့ ကျွန်မအိမ်ဘေးကမိန်းမကြီး..တဲ့။ ဆရာမြသန်းတင့်ခဗျာ
ရင်ဘတ်နဲ့ စာရေးတာဟုတ်ပါစလေ။ ဆရာကြီးဇော်ဂျီ ရင်ဘတ်မပါဘူး ဒဂုန်တာရာ
ရင်နှင့်ရေးခဲ့လေသလား၊ ဖေါ်ဝေး သင်းကဗျာတွေ ဘယ်လို တပုဒ်ပြီးတပုဒ်ရေးခဲ့ သလဲ
မောင်ယဉ်မွန် ၊မောင်လေးအောင် ခံစားချက်ရှိရဲ့လား အောင်ဝေး ခင်ဗျား နာမည်ကြီးချင်လို့
ဆရာကြီးဂျက်(မောင်သာချို )၊ ချစ်ဦးညို ၊နေဝင်းမြင့် ..မောင်စိန်ဝင်း(ပုတီးကုန်း) ရင်ဘတ်
နဲ့ စာရေးခဲ့တာလား…….။ခင်ဗျားတို့တွေ ရှိတာတွေထုတ်ပေးတာထပ်ဖြည့် ရမယ်မဟုတ်လား
ကမ်းဝေးကဗျာရေးတာ မဂ္ဂဇင်းမှာ ကြာပြီ ၊ထပ်ဖြည့်လေ..အပေါ်က ဆရာသစ်မင်းရေးတာပြည့်စုံ
ပါပြီ။ရှင်းနေပါပြီ။ကျွန်ပ်က မတောက်တခေါက်လေးပါ။သို့ေသော်…စာရေးဆရာဟုနာမည်တပ်ခံချင်သူ
တွေ စာပေလောကမှာမရှိ ဝါသနာနှင့်စေတနာနှင့် မနေနိုင်၍ရေးကြပါသည်။
သစ္စာနီ၊တာရာမင်းဝေတို့သည်ကား ရင်ဘတ်ထဲ အားဘယ်လိုဖြည့်လေသည်မသိ။ဂျူး၊မိချမ်းဝေ.
ခက်မာ ၊မောင်ညိုမှုင်းတို့ ..အားပြတ်နေပြီထင်။
ဆရာအီကြာကွေး ၏လက်များသည် R.A (အဆစ်ရောင်ရောဂါ)လို ကွေးကောက်နေသည်။ဘာကြောင့်လဲဟု
မေးကြည့်ရာ စာရေးရလွန်းဟုသိရသည်။အော်ဆရာတို့ ရင်ဘတ်ဟောင်းလောင်းကြီးနှင့်ရေးခဲ့ ကြသည်လေ။ကျွန်ပ်ကလည်း မန္တလေးဂေဇက်ကို မဂ္ဂဇင်းတစ်စောင်ကဲ့သို့ မြတ်နိုးစွာသဘောထားပါ
၍ မဂ္ဂဇင်းပို့လျှင်ရသော်လည်း ဂေဇက်တွင်ပင် တင်ခဲ့ ..ခင်ခဲ့ပါကြောင်း၊ရင်ဘတ်နဲ့ ရေးနေပါကြောင်း
ဝန်ခံဂတိပြုလိုက်ရပါသည်။ ကိုဘလက်ချောရေ ..ခင်ဗျားရင်ဘတ် ရှိရဲ့လားနော်….။
ရှူံးနိမ့်မှုများနဲ့.. လူ
January 14, 2012 at 8:55 pm
ကိုသစ်မင်းနဲ့တစ်ကွ ဝင်ရောက်ဆွေးနွေးကြသူတွေကို ကျေးဇူးတင်ပါကြောင်း။ ဒီ Post ကိုတင်လိုက်တာကလဲ ခံစားချက်သက်သက်သာဖြစ်ပြီး ဘယ်သူ့၊ ဘယ်သူကိုမှ ကောင်းတယ်၊ မကောင်းဘူးပြောချင်တာလဲ မဟုတ်ပါ။ Pooch ရေးထားတဲ့ အငုံစိတ်ဆိုတဲ့စာလေး တော်တော်ကောင်းပါတယ်။ အကြောင်းအရာ၊ အချက်အလက်ရောပေါ့။ နောက် ကိုသော်ဇင်(လွိုင်ကော်) တို့လိုလူတွေ ရေးထားတာ တော်တော်လေးကောင်းတယ် မြင်မိပါတယ်။ သူတို့တွေကိုလဲ အဲလိုရွေးချယ်ပြခံရတာမြင်ချင်မိတာသက်သက်ပါ။
ကျွန်တော်ချန်ချင်တဲ့ Message က ကျွန်တော်ခုတစ်လော စာမရေးဖြစ်သေးဘူးဆိုတာပါ ထည့်ရေးလိုက်တော့ တစ်မျိုး မြင်သွားကြလားမသိ။ ကိုယ့်ကိုယ်ကိုတော့ စိတ်ထဲရှိတာ ချရေးပြနေသူသက်သက်ထက် ပိုမတွေးပါဘူး။
ရေးပြီးကတည်းက ကွန်ပျူတာကို ခုမှ ဖွင့်ဖြစ်တာမို့ အကြောင်းပြန်တာ နောက်ကျတာကို အားလုံးပဲ နားလည်နိုင်ကြမယ်ထင်ကြောင်း။
htet way
January 14, 2012 at 9:10 pm
ညီလေး ပြောတဲ့ လူတွေကို သတိထားဖတ်ပါ့မယ်
ကော်မန့်လည်းရေးပါ့မယ်။
အကို အားနည်းချက် က အကုန်မဖတ်ပဲ ဖြစ်နေတယ်
ဒါကလည်းကွာ ဘဝပေးအခြေအနေအရ အချိန်လုရတာပါ
ဒီလို ပြန်ပြောတဲ့ ညီလေးကို လေးစားပါတယ်။
naywoonni
January 14, 2012 at 10:05 pm
အကျွန်ုပ်လည်း စိတ်မပါသည်နှင့် တစ်လလောက်ရှိဘီ….။ ဘာမှဟုတ်တိပတ်တိမရေးဖြစ်သေး…………. ကိုရှုံးစာဖတ်မိတော့မှစာရေးဖို့ သတိရသွားတဲ့ အတွက်ကျေးဇူးပါပဲ…။
Khin Latt
January 15, 2012 at 7:02 am
ကိုရှုံး ရေ – ကျွန်မ က သူများရေးထား တာတွေ ဖတ်ပြီးမှ ပိုပြီး အတွေးပေါ်တတ်ပါတယ်။
ဒါကြောင့် မှတ်ချက်ပေးရတာ ပိုအားသန်ပါတယ်။
အားလုံး ရဲ့ စာတွေကို ဖတ်ချင်ပါတယ်။ စာတိုင်း မှာလဲ လိုက် မှတ်ချက် ပေးချင်ပါတယ်။
ဒီတော့ တစ်ခါတစ်ခါ ရှေ့ဆုံးတွေ့တာတွေကို ဖတ်ရင်း မန့်ရင်း အချိန်ကုန်သွားရင် တစ်ချို့နေ့တွေမှာ တစ်ချို့ စာတွေ မဖတ်ဖြစ်တာရှိပါတယ်။
လူရွေး တာ မဟုတ်လောက်ကြပါဘူး။ ပြဿနာက အချိန်ဖြစ်မှာပါ။
kai
January 15, 2012 at 8:54 am
ကျုပ်ကစာမူတွေတည်းဖြတ်.. စိစစ် (အဲဒီတုံးက စိစစ်ရေးတင်) လုပ်ခဲ့တဲ့အချိန်ကစတွက်ရင်.. အနှစ်အစိတ်လောက်ရှိနေပါပြီ..။
စာပေကင်ပေတိုင်ရုံးက..စာမဖတ်ဖူးတဲ့.. စစ်သားကြီးတွေ.. ဟောက်ဆဲဆိုသမျှ.. ဟုတ်ကဲ့..ဟုတ်ကဲ့..လုပ်ခဲ့ရတာတွေလည်း ရှိခဲ့ဖူးသပေါ့..။
လက်ဆောင်ထုတ်ကလေးပေးပြီး.. ကိုယ်တင်တဲ့ စာမူ..ဝတ္တုလွတ်အောင်လည်း လုပ်ခဲ့ဖူးသပေါ့..။
ငွေမှင်တွေသုတ်ခိုင်းလို့.. နေ့ည.. ထိုင်သုတ်တာလည်း လုပ်ခဲ့ဖူးပါတယ်..။
အဖိုးမိဘတွေအထိ.. စာပေအသိုင်းအဝိုင်းကပါ…။
ပြောချင်တာက…
တင်လာသမျှ.. စာတွေရော.. မန်းတာတွေရော.. ရင်ဘတ်နဲ့ရေးကြတယ်ယူဆပြီး.. တလေးတစားဖတ်ပါတယ်..။
အနီပေးတာတောင်.. အနီပေးသူက.. ၁စက္ကန့်လောက်စိုက်ပေးလိုက်တဲ့ အချိန်အတွက်.. အလေးထားပေးပါတယ်..။
တိုတိုဆိုရရင်….
အခုမြင်နေရတဲ့..ဝက်ဘ်ဆိုက်ပေါ်က.. ရွေးချယ်ဖြတ်တောက်စိစစ်နေတာတွေဟာ.. အတွေ့အကြုံရှိတဲ့.. အယ်ဒီတာတယောက်ရဲ့.. လုပ်ပိုင်ခွင့်ထဲကနေ.. လုပ်နေတာလို့ပဲ..မှတ်ထားပေးစေလိုပါတယ်…။
ကော်မန့်များများ ရချင်ရင်တော့.. စာဖတ်သူဖြစ်တဲ့..ကိုယ့်စာကို.. မန်းလာသူတွေတဦးချင်းကို.. ကိုယ့်စာဖတ်ပရိတ်သတ်လို့.. သဘောထားပြိး.. ပြန်လှန်ရေးသားဆွေးနွေးရမှာဖြစ်ပါတယ်..။
စည်းကမ်းထဲ.အောက်ကအတိုင်း.. ထည့်ထားတာပါ…။
ပုံနှိပ်ဖေါ်ပြဖို့ ရွေးတာမှာ.. ဝက်ဘ်ဆိုက်နဲ့.. ပုံနှိပ်.. စာမူတွေခွဲခြားပြီးလည်း လုပ်နေပါတယ်..။
စာဖတ်သူနဲ့.. ပါတ်ဝင်းကျင်အနေအထားမတူလို့ပါ..။
ဆိုတော့…
အယ်ဒီတာချိုွက်စ်ဆိုတာ.. စတစ်ကီလုပ်လိုက်တာကို ..ဆိုလိုကြတာဖြစ်ပြီး… ဒီနေ့မှာမှ .Sticky Post တွေကို… . Category > Mandalay Gazette > Editor’s Choice .. အောက်မှာ.. ထည့်လိုက်ပါကြောင်းနဲ့.. အဲဒါနဲ့.. နှစ်ကုန်မှာ.. “ဆု” ရွေးချယ်မယ်ဖြစ်ပါကြောင်းပါနော…။
ဂျက်ကီချီးပေ
January 15, 2012 at 9:03 am
ကော်မန့်များများလိုခြင်ရင်
ဇာတ်မင်းသမီးတွေ ဟိုဒင်းဟိုဥစ္စာဟိုဟဝှာပေါ်နေတာတွေတင်
ကျုူပ်တော့ အားကြီးကြိုက်
alinsett
January 17, 2012 at 7:12 pm
ရှုံးနိမ့်မှုများနဲ့လူ..ပြောသွားတဲ့ထဲမှာ ကျွန်တော့်နာမည်လည်းပါနေတော့ ဝမ်းသာရပါတယ် ။ ဒီထက် ဝမ်းသာရတာက
ကျွန်တော် ့ကို..ရင်ဘတ်နဲ့စာရေးသူများ စာရင်းမှာ ထည့်ထားတာကိုပါ။
ဟုတ်ပါတယ် ။ ကျွန်တော်ကလည်း…အဲဒီလိုပါပြဲဖစ်နေတာပါ ။ ခံစားချက် တစ်ခု ပြင်းထန်လာမှ စာ ရေးဖြစ်တယ် ။ ရေးတာလည်း အလွန်ကျဲ..ပါတယ် ။
ခံစားချက်တစ်ခု..ပြောပြချင်တာလေးတစ်ခုခုရှိလာရင်တော့ အဲဒီ စာကို တစ်ထိုင်တည်းနဲ့ အကြမ်းရေးချပြီး..နောက်မှ.(.နောက်အတော်ကြာမှ) အချောပြန် ရေးတယ်။ ။မလိုအပ်တာတွေ..စာဖတ်သူအနေနဲ့ မသိသင့်ဘူးထင်တာတွေကို ပြန် ခြစ်ထုတ်လိုက်ပါတယ် ။
အဲဒီလိုရေးတာကြောင့်လည်း တစ်ပုဒ်ရဖို ့အတော်ကြာပါတယ် ။
ကျွန်တော် …က ကိုယ် ဘာသာ ကိုယ် ထင်နေတာလည်း..အဲဒီလိုရင်ဘတ်နဲ့ရေးသူ…လို ့ပါပဲ။
အခုလို သတိတရ သတ်မှတ် ပေးလို ့ကျေးဇူးတင်ရပါတယ် ။
ဆရာသစ်မင်းပြောသွားတဲ့ စကားလေးကိုလည်းကြိုက်ပါတယ် ။
ကျွန်တော်တို ့ရေးလိုက်တဲ့စာအတွက် ကျွန်တော်တို့ ဘာကိုပြန်ရဖို ့ မျှော်လင့်သလဲ…
ကျွန်တော်တော့ ဘာကိုမှ မမျှော်လင့်မိပါဘူး။
ခံစာချက်တစ်ခုကို ခံစားရတဲ့အချိန်မှာရေးပြိး အဆင်သင့်တဲ့အချိန်မှာ တင်ပြလိုက်တယ် ။ အဆင်သင့်တဲ့ သူတွေ..ဖတ်မိသွားမယ် ။
အဆင်သင့်ရင်..သူတို ့ ..ကျေနပ်မယ် ။အဆင်မသင့်ရင်တော့ ခေါင်းခါခါ လည်ခါခါ နဲ့ စွန့်လွတ်ထားခဲ့ပါလိမ့်မယ် ။
ကျွန်တော်တို ့အလုပ်ကတော့ ပြောပြချင်တာလေးတွေ….ခံစားချက်တွေကို ဆက်ရေးနေဖို ့ပါ ။
ဆရာသစ်မင်းနဲ့…ရှုံးနိမ့်မှများနဲ့လူ..ကို အထုူး လေးစားခင်မင်ရပါတယ် ။
လေးစာစွာ..
အလင်းဆက်
zaw min
January 17, 2012 at 8:37 pm
ရူံးလူရေ..အားမကုန်ပါနဲ့ကွာ..အားကုန်ရင် ပျားအုံစားပါ…အကိုတို့ခေတ်က ကြော်ညာပါ…
ဖတ်တဲ့သူကတော့ ရင်ပက်ကြီးနဲ့ဘယ်ဖတ်ပါ့မလဲကွယ်…ရေးတဲ့သူကပဲ ရင်ပက်ကြီးနဲ့ရေးမှာပေါ့…
မှတ်ချက်ပေးတာ မပေးတာကိုယ်နဲ့မဆိုင်…မရေးရရင်မနေနိုင်….