ပွဲတော်ထဲက အကြောင်း
ပွဲတော်ည
ကောင်လေးတစ်ယောက် ငြိမ်ငြိမ်လေး ကုပ်ကုပ်ထိုင်နေတယ်။ သူ့ဘေးမှာ မီးအိမ်လေးတစ်လုံး… တစ်စုံတစ်ယောက်ကို မျှော်နေဟန်နဲ့။ ဘယ်လဘယ်ရက်လို့ အတိအကျ သမိုင်းမှာ မရေးထားပေမဲ့ အဲဒီညမှာ နှင်းတွေက ချမ်းချမ်းတုန်နေခဲ့ပုံပါပဲ။ အနွေးအင်္ကျီလေးဝတ်ထားပေမဲ့ မနွေးဘူး။ တစ်စိမ့်စိမ့်တွေးလေချမ်းလေ… ကိုယ်က တစ်ယောက်တည်းပြုံးပြနေပေမဲ့ သူက ဒိုင်လူကြီးဆန်ဆန်ပြန်ပြုံးပြနေတဲ့ လရောင်ညပေါ့…….။ ဘယ်သူသတ်မှတ်လိုက်မှန်းမသိတဲ့ အချိန်ကာလတွေကို သူ မတွေးတဲ့အကြောင်း၊ သူမ တွေးတဲ့အကြောင်းမှာ သူ့အကြောင်း မပါတဲ့အကြောင်း၊ နှင်းတွေက အေးစက်တယ်။ အပေါ်ယံလွှာသာ မာကျောနေတဲ့ ရေခဲမြစ်တွေအကြောင်းကို ပြန်ဖတ်ကြည့်ဖို့ လိုလေမလား။ လရောင်က ညပေါ်မှာ ရက်ရက်စက်စက် ဖြာကျနေပုံများ…….. ခရီးတစ်ထောက်နားနေတဲ့ ကောင်လေးတစ်ယောက်တောင် ကုပ်ကုပ်လေး ထိုင်နေ ရတယ်….။ ငါ့ကို ယဇ်ပူဇော်တဲ့ ပွဲတော်ည…. အဲ့လိုပဲ ကောင်လေးတွေးနေလိမ့်မယ်။
ဆုတောင်းစာ
တစ်စုံတစ်ပွင့်ကို တိုင်တည်၏။
ငါ့၌ မှန်သော စောင့်စားခြင်း၊ မြဲသော စောင့်စည်းခြင်း ရှိခဲ့ပါသည်။
အဘယ့်သို့သော လမိုက်က ညကို ခြောက်ကပ်စေခဲ့သနည်း။
မရှိသော အလင်းနှင့် လဲ့ယောင်ဆောင်ခြင်းကို သိမ်းပါ။
မှန်အိမ်လေးကို မီးစာလင်းလင်းထွန်း၍ သင့်ကိုသာ ပေးလိုပါသည်။
အဘယ်သို့သော ပျော်ရွှင်ခြင်းကို သင်လိုချင်ခဲ့သနည်း။
ငါ့ကို ငို၍၊ သူ့ကို ပြုံးပြခြင်းတို့ကို သိမ်းပါ။
အဘယ်သို့သော ပျော်ရွှင်မှုကို မျှော်ရည်ခဲ့သနည်း။
ရေ၌ချသော်လည်း ရေပွက်ကျန်လိမ့်မည်။
လေ၌လွင့်သော်လည်း လေနံ့ကျန်လိမ့်မည်။
ဟောင်းသော အယူအစွဲကို ချွတ်၍ ငါ့ထံသို့ ဝင်လာပါရန်
ဆုတောင်းပါ၏။
သို့မဟုတ် …. မိန့်မှာပါသည်။
ငါ့ပုံရိပ်ဖယ်၍ ခဏတာလွှင့်ခဲ့သော်လည်း အသင့်ကိုမမေ့….
ငါ့ကို ငြောင်းစူ၍ မူဟန်ပြောင်းနုခဲ့သော်လည်း အသင့်ကိုမမေ့…
ငါကား အတောင်နှစ်ဆယ်ဝတ်၏။
သို့ကြောင့်ပင်လျှင် ဝန်တာကို မညီးသယ်ဖို့ ကြိုးကုပ်ပါမည်…
ဟောင်းသော မူကျင့်ရာတို့ကို ပြင်ကာ
လှမ်းလာပါရန် ဆုတောင်းပါ၏။
ဘယ်သူရေးခဲ့မှန်းမသိသော စာသားတို့က လေ၌ပျံ့နေသည်။ ကောင်လေး ဖတ်လျှင်မျက်ရည်ကျတော့မည်။ နားမလည်သော်လည်း သဘောပေါက်ခဲ့၏။ သူ့၌ ထိုသို့ခွင့်လွှတ်ပေးစရာပင်မရှိခဲ့။ ညက လှလိုသော်လည်း လရောင်ကြောင့် အကျည်းတန်သည်။ သူ့မှာ မှန်အိမ်လေးရှိ၏။ မည်သူ့အတွက်ထွန်းပေးရမည်နည်း။
ပြဇတ်
လူတစ်ယေက် စင်ပေါ်တက်လာ၊ နောက်တစ်ယောက်တက်လာ၊ ပြီးတော့ ပြန်ဆင်း… ဒီလိုနဲ့ပဲ မိုးလင်းခဲ့ပြန်ပေါ့….. မေမေ…. ဇတ်ပွဲတွေကို မုန်းတယ်။ ပြီးတော့ …. အဲ့ဒီဇတ်တွေရဲ့ နောက်ခံ လရောင်ကိုလည်း မုန်းတယ်…မေမေ။ သားရဲ့………….. မီးအိမ်လေး……………… ဘယ်လိုများမှ
….င်းမလဲ…… တစ်ခုခုတော့ လိုနေခဲ့ပေါ့လေ။
လမ်းမ
နံရံတစ်ခုထက်ကို စိတ်ပါလက်ပါ ရေးချလိုက်တာပါပဲ…. ပုံစံမျိုးစုံနဲ့လှပလို့… ဂရပ်ဖစ်တီလို့ ရေးပြရင် သူ မဖတ်တတ်ပြန်ဘူးလေ။ ရယ်ရတယ်။ တံတားကြီးတစ်ခုပေါ်မှာ ထိုင်ပြီး အပေါင်းအသင်း ဘဝတူတွေနဲ့ ရောက်မိတတ်ရာပြော လောကဟာ ပြည့်စုံသလိုနဲ့… ဟာတာတာ။
ကျွန်တော် ရယ်သံလေးတစ်ခုကိုများ တမ်းတနေတာလား။
နောက်တစ်နေ့ အစီအစဉ်
မနက်ဖြန်မီးမပျက်ရင်တော့… သူ အိမ်ထဲမှာပဲ ကုပ်ကုပ်လေး မျှော်နေတော့မယ်တဲ့…..
ကောင်လေးတစ်ယောက်တည်း…. ဟောဟိုးမှာ………..
ဘုန်းသန့်ခန့်
2 comments
lulinmg
January 14, 2012 at 7:46 pm
တော်တော်စုံတာပဲ ကောင်းပါတယ်
windtalker
January 14, 2012 at 9:08 pm
ပွဲတော်ထဲ
ရဲခေါ်ဆွဲ
ဝဲကျော်ငနဲ
အမြဲအော်ဆဲ