Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ လူတိုင်းကြုံတွေ့ရမည့် လောကဓံဆိုသည်မှာ

လောကဓံဆိုတာ လောကကြီးကနေ လွတ်မြောက်အောင် မလုပ်နိုင်သေးသူမှန်သမျှ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲချမ်းသာများ ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ မိမိတို့ဟာ လောကကြီးကနေ လွတ်မြောက်အောင် မလုပ်နိုင်သေး ရင်တော့ လောကမှပေးတဲ့ လောကဓံတွေကို မလွဲမသွေ တစ်ခုမဟုတ် တစ်ခုနဲ့တော့ ကြုံတွေ့နေရမှာပါ။ အဲဒီ မိမိတို့ကြုံတွေ့ရမဲ့ လောကဓံများကတော့

၁။ လာဘ- ပစ္စည်းဥစ္စာရခြင်း၊ ၂။ အလာဘ- ပစ္စည်းဥစ္စာမရခြင်း၊ ၃။ ယသ- အခြွေအရံ ပေါများခြင်း၊ ၄။ အယသ- အခြွေအရံမရှိခြင်း၊ ၅။ ပသံသာ- ချီးမွမ်းခံရခြင်း၊ ၆။ နိန္ဒာ-ကဲ့ရဲ့ခံရခြင်း၊ ၇။ သုခံ- ချမ်းသာခြင်း၊ ၈။ ဒုက္ခံ- ဆင်းရဲခြင်းတို့ ဖြစ်ပါတယ်။

လောကထဲမှာ ကျင်လည်စေတတ်တဲ့ လောဘစတဲ့ကိလေများ မိမိသန္တာန်မှာ ရှိနေဦးမယ်ဆိုရင်တော့ လောကကြီးထဲမှာ ကျင်လည်ရဦးမှာမို့ လောကကြီးကပေးတဲ့ ဒုက္ခတွေကို မခံစားချင်ဘူးဆိုရင်တော့ လောကမှထွက်မြောက်ဖို့ရန် မိမိသန္တာန်မှာရှိနေတဲ့ ကိလေသာများ ကုန်စင်အောင် ကျင့်ကြံအားထုတ်ရပါလိမ့်မယ်။ အဲဒီတော့ မိမိက လောကထဲကဒုက္ခတွေကို မခံစားချင်ဘူး၊ ရင်မဆိုင်ချင်ဘူး ဆိုရင် လောကမှထွက်မြောက်ကြောင်းဖြစ်တဲ့ တရားများကို ကျင့်ကြံပေးပါ။ အဲဒီလို ကျင့်ကြံပေးရင်တော့ လောကမှလွတ်မြောက်မှာမို့ လောကဓံဒုက္ခတွေ ပပျောက်သွားပါလိမ့်မယ်။ လောကကြီးကပေးတဲ့ လောကဓံကိုလည်း မိမိက မရင်ဆိုင်ရဲဘူး။ လောကမှထွက်မြောက်အောင်လည်း မလုပ်ဘူးဆိုရင်တော့ အဲဒီလူဟာ သဘာဝမကျတဲ့ လူတစ်ယောက်သာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ဟာ လောကကြီးထဲမှာရှိနေသမျှ လောကဓံတရားများကို ရင်ဆိုင်နေရမယ်ဆိုတာ သေချာနားလည်ထားပြီး ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖို့သာ ပြင်ထားရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိတို့ဟာ လောကသတ္တဝါတွေ ဖြစ်နေလို့ပါပဲ။

ဒါကို တချို့က တစ်စုံတစ်ခုဆင်းရဲဒုက္ခပြဿနာလေးနဲ့ ကြုံလာရင် ခံနိုင်ရည်မရှိဘဲ လောကကြီးကနေ မမှန်ကန်တဲ့နည်းကို အသုံးပြုကာ ဘဝနိဂုံးချုပ်ကြတဲ့လူတွေကလည်း ရှိပါသေးတယ်။ အဲဒီလူတွေဟာ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ ဆိုတော့ လောကသတ္တဝါဖြစ်ရင် လောကကြီးကပေးတဲ့ လောကဓံကို မည်သူမဆို ခံစားရမယ်ဆိုတာ မသိကြလို့ပါပဲ။ လောကကြီး က မိမိတစ်ယောက်တည်းကိုပဲ လောကဓံတရားတွေ ပေးနေတာမဟုတ်ပါဘူး။ လောကမှာ ကျင်လည်နေကြရတဲ့ သတ္တဝါမှန်သမျှ ကို လောကဓံတရားများ ပေးနေတာပါ။ တချို့ကျတော့ လောကကြီးက အကောင်းတွေချည်း ပေးနေတာတွေရှိသလို တချို့ကိုလည်း ဆိုးကျိုးတွေချည်း ပေးနေတာ ရှိပါတယ်။ ဒါဟာ ဘာဖြစ်လို့ ကွာခြားရသလဲဆိုတော့ မိမိလုပ်ခဲ့တဲ့ အလုပ်ပေါ်မှာ မူတည်ပြီး ကောင်းကျိုးဆိုးကျိုးများ ဖြစ်ပေါ်လာတာပါ။ မိမိခံစားရတဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ မိမိ မျက်မှောက်ဘဝမှာဖြစ်စေ အရင်အရင်ဘဝတွေကဖြစ်စေ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်များပေါ်မူတည်ပြီး အကျိုးပေးနေပါတယ်။ မိမိက လောကကြီးကနေပေး တဲ့ လောကဓံကောင်းကျိုးများသာ ခံစားချင်တယ်ဆိုရင် ကောင်းတာတွေပဲ ရွေးချယ် လုပ်တတ်ဖို့တော့ လိုပါတယ်။ ကိုယ်ကတော့ ကောင်းကျိုးလိုချင်တယ်။ ကိုယ်လုပ်နေတာကျတော့ မကောင်းမှုတွေပဲဆိုရင်တော့ လောကကြီးက မျက်နှာမလိုက်တတ်လို့ မိမိလုပ်ရပ်အတိုင်း ကောင်းဆိုးများကို ခံစားရပါလိမ့်မယ်။

မကောင်းမှုလုပ်လို့ မကောင်းမှုကြောင့် လောကီပြစ်ဒဏ်ဖြစ်လာတဲ့ ထောင်ကျခြင်း၊ အရိုက်ခံရခြင်း၊ ခြေလက်ကျိုးခြင်းစတဲ့ဆင်းရဲတွေကို မိမိကသာတမင်တကာ ဖန်တီးယူခဲ့တာပါ။ အဲဒါကို အစကတည်းက ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိပြီးဖြစ်လို့ ဒီလိုမဖြစ်အောင် မလုပ်ဘဲနဲ့နေလို့ရရဲ့သာားနဲ့ မိမိကိုယ်က ဆင်းရဲဒုက္ခခံချင်လို့ ပြုလုပ်တာဖြစ်တဲ့အတွက် လောကီပြစ်ဒဏ်များကို ပြုံးပြုံးကြီးကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ဒါပြင် လောကုတ္တရာတမလွန် အပြစ်တွေဆိုတာတွေလည်း မိမိကြောင့်ဖြစ်လာတဲ့အတွက် ဒါကိုလည်း ခံနိုင်ရည်ရှိရမှာပါ။ ဘယ်ဒုက္ခဆင်းရဲချမ်းသာမဆို အကြောင်းကြောင့် အကျိုးဖြစ်လာတာချည်းဖြစ်တဲ့အတွက် မိမိ လုပ်ခဲ့တဲ့အကြောင်းရဲ့အကျိုးဆက်တွေကို မလွေမသွေခံရမှာမို့ ဒါဟာ စိတ်ညစ်စရာမဟုတ်ပါဘူး။ နဂိုကတည်းက ဒုက္ခဆင်းရဲတွေကို မခံစားချင်ဘူးဆိုရင် ဒီလိုဒုက္ခဆင်းရဲဖြစ်မဲ့ဟာတွေကို မပြုလုပ်ဘဲရှောင်ကြဉ်ခဲ့ရမှာပါ။ မိမိက ဒီလိုဆင်းရဲဒုက္ခတွေ ဖြစ်မယ်ဆိုတာကို သိသိကြီးနဲ့ ပြုလုပ်တဲ့အတွက် ဖြစ်လာသမျှအရာအားလုံးကို ရင်ကော့ခံနိုင်ရပါမယ်။

မိမိခံစားရတဲ့ ကောင်းကျိုးဆိုးကျိုးများကို မည်သူကမှ ကိုယ်စားခံပေးလို့မရသလို မည်သူကမှလည်း လုပ်ပေးလို့ မရပါဘူး။ အကြံပေးခြင်းစတဲ့အချက်အလက်တွေသာ ပြုလုပ်ပေးလို့ ရပါတယ်။ ဥပမာ-မင့်ဒါလုပ်ရင်တော့ ဒီလိုဖြစ်မယ်ဆိုတဲ့ ကိုယ်တိုင်တွေ့ကြုံဖူးသူဖြစ်စေ အဲဒီလိုဖြစ်မယ်ဆိုတာကို သိမြင်နေသူကဖြစ်စေ ပြောဆိုလမ်းညွှန်ပေးခြင်းများသာ ပြုလုပ်ပေးနိုင်ပါ တယ်။ မိမိမကောင်းကျိုးလုပ်တာများကို သူတစ်ပါးက ကိုယ်စားခံပေးလို့ မရပါဘူး။ ဒါပေမဲ့ ကောင်းကျိုးဆိုးကျိုးများကို ရှေ့နောက်အကျိုးပေးဖြစ်အောင် လုပ်ပေးတာတို့၊ ဆိုးကျိုးကို ကောင်းကျိုးများနဲ့ ပျောက်အောင်ပြုလုပ်ပေးတာတို့တော့ ရှိပါတယ်။ ဥပမာ-မိမိမှာ ဆိုးကျိုးလေး နည်းနည်းရှိနေတာကို အကျိုးမပေးခင် ကောင်းကျိုးအရင်အကျိုးပေးအောင် ကောင်းမှုများများ ပြုလုပ်ပေးရင်တော့ ကောင်းကျိုးကများတဲ့အတွက် ကောင်းကျိုးကို အရင်ခံစားရပါတယ်။ ဒါပြင် မိမိမှာရှိတဲ့ ဖြေဖျောက်လို့ရနိုင်တဲ့ ဆိုးကျိုးများကိုလည်း ကောင်းကျိုးများနဲ့ ဖုံးလွှမ်းထားပြီး ဆိုးကျိုးမပေးနိုင်အောင် ပြုလုပ်ပေးလို့ ရပါတယ်။ ဥပမာ-မိမိအနာကိုပျောက်အောင် ဆေးကုသလို မိမိမှာရှိတဲ့ ကုသလို့ရနိုင်တဲ့ ဆိုးကျိုးများကို ကောင်းကျိုးများနဲ့ ဖုံးလွှမ်းပါများလာတဲ့အခါ ရေများရေနိုင်၊ မီးများမီးနိုင်သလို အနည်းငယ်ရှိတဲ့ ဆိုးကျိုးများဟာ ကောင်းကျိုးများကြောင့် ပြေပျောက်သွားနိုင်ပါတယ်။

မိမိနေထိုင်တဲ့ဘဝကြီးမှာ နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရတဲ့ ဘဝတွေဟာ မျိုးစုံရှိတဲ့အတွက် အဲဒီလို အနိမ့်၊ အမြင့်၊ အလွှာအသီးသီး မှာ မြင်နေရတဲ့ဘဝတွေကို ဘယ်သူက ဘယ်လိုလောကဓံ တရားတွေ ခံစားနေရသလဲဆိုတာသိရအောင် လုပ်ဖို့ကတော့ မလွယ်ကူပါဘူး။ အဲဒီလို မလွယ်တာကို တချို့က မိမိမှာသာ ဆင်းရဲဒုက္ခအန္တရာယ် အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရတယ် ထင်နေပြီး အဲဒီတွေ့ကြုံလာတဲ့အရာများကို ရင်ဆိုင်မှုအားနည်းတတ်ကြပါတယ်။ တကယ်တော့ ဘယ်သူမဆို ဒီလိုဒုက္ခတွေဟာ လောကကြီးကနေ ထွက်မြောက်အောင် မလုပ်နိုင်သူမှန်သမျှ ကြုံတွေ့နေရတာပါ။ ခက်ခဲတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူများအတွက်ဆိုရင်တော့ ဘဝဟာ ပင်ပန်းနေတတ်သလို ပြည့်စုံတယ်ထင်ရတဲ့ ဘဝကိုပိုင်ဆိုင်ထားသူများမှာလည်း ရတာမလို၊ လိုတာမရနဲ့ ပြည့်စုံတယ်လို့မရှိတဲ့အတွက် စိတ်ဆင်းရဲခြင်းတွေ ခံစားနေရပြန်ပါတယ်။ အဲဒီလို ပြည့်စုံတဲ့ဘဝမှာနေထိုင်သူရော၊ မပြည့်စုံတဲ့ဘဝမှာနေထိုင်သူများရော သူ့ဒုက္ခနဲ့သူတော့ ရှိနေကြတာကို မသိကြတဲ့အခါကျတော့ တချို့တွေက မိမိမှာသာ ဒီလိုမျိုးဖြစ်ရတယ်လို့ထင်ကာ ဘဝကိုဖြစ်ချင် ရာဖြစ်ဆိုပြီး ရေဆုန်မျောလိုက်ကြတဲ့သူတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။ ဒီလိုလူတွေ ဟာ လောကဓံအကြောင်း ကို ကောင်းကောင်းနားမလည် မသိကြတဲ့လူတွေပါ။

လူရယ်လို့ဖြစ်လာရင်တော့ အသက်ရှင်နေထိုင်ဖို့အတွက် ဝမ်းစာတော့ရှာကြရမှာပါ။ ခက်ခဲစွာနဲ့ရှာဖွေစားသောက်မှုတွေရှိသလို ငွေကိုအလွယ်လေးနဲ့ ရနေကြတဲ့သူတွေလည်း ရှိပါတယ်။ အော်.. ငါ့ ဘဝက ပင်ပန်းလှပါလားလို့ အောက်မေ့ပြီး သူများတွေလို ဖြစ်ချင်ရင်တော့ ရိုးသားစွာနဲ့ ကြိုးစားကြရမှာပါ။ ကိုယ်ရောက်နေတဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင် သွားနိုင်ဖို့ လိုပါတယ်။ ရဲရဲရင့်ရင့်နဲ့ ကြိုးစားကြဖို့လည်း လိုပါတယ်။ ဘာအကြောင်းကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာကို မိမိတို့ဘာသာ နားလည်အောင် ကြိုးစားရမှာပါ။ ကြုံဆုံရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်မှားတစ်ခုကို ခပ်လွယ်လွယ်နဲ့ ဆုံးဖြတ်တက်ကြတာမျိုး မလုပ်မိဖို့သာ အရေးကြီးတာပါ။ တကယ်လို့ မိမိက အတိတ်ကံ အကျိုးပေးကြောင့် ပင်ပန်းဆင်းရဲတဲ့ဘဝရောက်နေမယ်ဆိုရင်လည်း ဒါဟာ ငါလုပ်ခဲ့တဲ့ လုပ်ရပ်မှား တွေကြောင့် ယခုလို ဘဝမျိုးမှာဖြစ်ရတာဆိုပြီး ကံမကောင်းပေမဲ့ သူများထက်ဉာဏ် ဝီရိယပိုထားကာ ကြိုးစားမယ် ဆိုတဲ့စိတ်ဓာတ်နဲ့ လောကဓံကို ရင်ဆိုင်ရဲတဲ့သတ္တိ မွေးမြူကာ ဘဝကို ဖြတ်သန်းနိုင်ရပါမယ်။

အထူးသဖြင့် ဆင်းရဲမှုဒဏ်မခံနိုင်တာက အမျိုးသမီးများ ဖြစ်နေပါတယ်။ ငွေကြေးဆင်းရဲမှု၊ စိတ်ဆင်းရဲမှုစတာတွေကြောင့် မိမိကိုယ်ကို သတ်သေတာ၊ ဆေးသောက်သေတာ၊ ရေနစ်သေတာ စတာတွေဟာ ကိုယ့်စိတ်ကို ကိုယ်မနိုင်တာကြောင့်ဖြစ်တာ လို့ပြောလို့ရသလို လောကဓံအကြောင်း ကို ကောင်းကောင်းမသိတာလည်း ပါပါတယ်။ အားနွဲ့တဲ့ မိန်းမသားဆိုပြီးတော့ အရာရာကို ခပ်လွယ်လွယ်နဲ့ ဆုံးဖြတ်လိုက်တာဟာ အားနွဲ့တာထက် အသိဉာဏ်ဗဟုသုတမရှိတာက ပိုများနေလို့ပါ။ လူတစ်ကိုယ် စိတ်တစ်မျိုးဆိုပေမယ့် ဖြစ်လာသမျှကို ရဲရဲရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကတော့ အားလုံးဆီမှာ ရှိထားသင့်ပါတယ်။ ယောင်္ကျား၊ မိန်းမ ခွဲခြားထားစရာ မလိုပါဘူး။ လုပ်ရဲကိုင်ရဲတဲ့သတ္တိ၊ ဦးဆောင်လိုစိတ်နဲ့ ကြံကြံခံနိုင်တဲ့ စိတ်ဓာတ်တစ်ခုသာ လိုအပ်တာပါ။ ဖြစ်လာသမျှတွေကို အကောင်းဆုံးရင်ဆိုင် ဖြေရှင်းသွားနိုင်မယ်ဆိုရင် ယောင်္ကျား လေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နောင်လာနောက်သားတွေအတွက် အားကျအတုယူစရာ ဖြစ်လာမဲ့အပြင် လောကဓံကို တတ်သိနားလည်ပြီး ရင်ဆိုင်နိုင်တဲ့လူလို့လည်း သတ်မှတ်ကြပါလိမ့်မယ်။

တစ်ခါတလေကျတော့လည်း ကိုယ်မှန်းထားတာကတစ်မျိုး၊ ဖြစ်လာတာကတစ်မျိုး၊ ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးကျတော့ အရာရာကို အကောင်းပဲဖြစ်လာလိမ့်မယ်လို့ ကြိုတင်မျှော်မှန်းမထားဘဲ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ဖြစ်လာသမျှကို အကောင်းဆုံးပဲလို့ ယူဆကာ ဘဝကိုရင်ဆိုင်သွားနိုင်မယ်ဆိုရင် ပျော်ရွှင်စရာဘဝလေး ဖြစ်နေပါလိမ့်မယ်။ “စိတ်ထောင်းတော့ ကိုယ်ကြေ”ဆိုသလို လောကဓံကို ရင်မဆိုင်ရဲတဲ့စိတ်ကြောင့် မမှန်ကန်တဲ့နည်းနဲ့ အရက်သောက်ခြင်း၊ အဆိပ်သောက်ခြင်းစတာတွေ ပြုလုပ်တာဟာ စိတ်ဓာတ်မခိုင်မာသူ၊ လောကဓံကို ရင်မဆိုင်ရဲသူများသာဖြစ်တဲ့အတွက် အဲဒီလိုလူဟာ လူ့လောကရဲ့စံပြဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် ဘယ်သူမဆို စိတ်ဓာတ်ခိုင်မာဖို့နဲ့ လောကဓံကိုရင်ဆိုင်ရဲဖို့ အရေးကြီးပါတယ်။

သတ္တဝါတိုင်းရဲ့ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆိုတာ မိမိလုပ်ခဲ့တဲ့ ကံတရားအတိုင်း ဖြစ်လာပေမဲ့ မိမိမျက်မှောက် ဆက်လျှောက်ရမဲ့ လမ်းခရီးဖြောင့်ဖြူးပြီး ကိုယ်စိတ်နှစ်ပါး ချမ်းသာဖို့အတွက်ကျတော့ မိမိရဲ့ စိတ်ဓာတ်၊ ဉာဏ်၊ ဝီရိယတို့နဲ့သာ ဆိုင်တာပါ။ ချမ်းသာသူများ ကိုလည်း ပျော်ရွင်ရတယ်လို့ ဆင်းရဲသူများက ထင်မှတ်နေကြပါတယ်။ တကယ်တော့ ချမ်းသာသူများလည်း သူ့ဘဝနဲ့သူ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ ကြုံကြရတာပါပဲ။ ဘဝမှာ ပြီးပြည့်စုံနေပါတယ်၊ ပျော်ရွင်စရာတွေနဲ့သာ ပြည့်နေတယ်လို့ မိမိထင်မှတ်ထားရင်တော့ ဒါဟာလွဲမှားမှုပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကမှာနေတဲ့လူမှန်သမျှ လောကဓံကို ခံစားနေရလို့ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကံကြောင့်ဖြစ်လာတာမို့ လက်ရှိအခြေအနေလေးကိုပဲ အကောင်းဆုံး ဖြစ်အောင်ကြိုးစားပြီး နေသွားကြရမှာပါ။ မပြည့်စုံတော့ ပြည့်စုံတဲ့ ဘဝတွေကို အားကျမိကြတယ်။ စိတ်က အားကျရုံတင်မဟုတ်တော့ဘဲ လိုက်ပြီးဝတ်ချင်၊ စားချင်စိတ်တွေ ဖြစ်လာကြတယ်။ မစားရ၊ မသုံးရ၊ မဝတ်ရတာတွေဖြစ်လာတော့ စိတ်ကအလိုမကျမှုတွေ ဖြစ်လာတယ်။ မိမိမျှော်မှန်းတဲ့အတိုင်း မဖြစ်လာတော့ လူ့ဘဝကြီးက စိတ်ကုန်ဖို့ကောင်းပါတယ် ဆိုပြီး ဖြစ်လာတော့တာပဲ။ ဒါဟာ နဂိုကရှိတဲ့ မိမိတို့ဘဝကို မရောင့်ရဲနိုင်ကြလို့ပါ။ တကယ်တော့ မိမိအထင်ကြီးထားတဲ့ စီးပွားချမ်းသာသူများမှာလည်း ခိုးသူ၊ လိမ်လည်လှည့်ဖြားသူစတာတွေကို တွေးပြီး ကြောက်ရွံ့့ထိတ်လန့်နေရခြင်းစတဲ့ ဒုက္ခများရှိနေတာမို့ စီးပွားချမ်းသာသူများမှာလည်း စိတ်ပင်ပန်းရခြင်းစတာတွေကို ခံစားရပါတယ်။ ဒါကြောင့် စီးပွားချမ်းသာရင် စိတ်ချမ်းသာတာပဲ ဆိုပြီး တစ်ထစ်ချတွက်ထားတာမျိုးကလည်း မှားယွင်းနေကြောင်းကိုတော့ ခံစားဖူးသူများ သိကြမှာပါ။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိမိရပ်တည်နေရတဲ့ဘဝမှာ အဆိုးရွားဆုံး အခြေအနေ မျိုးကို ရင်ဆိုင်နေရရင်တောင် အပြုံးမပျက်ဘဲ ဆက်လက်ရင်ဆိုင်သွားရပါမယ်။ ဘယ်သူမပြု၊ မိမိမှုဆိုတာလည်းရှိနေတော့ ဖြစ်သမျှအကုန်လုံးကို အကောင်းဆုံးဟုသာ သတ်မှတ်ထားလိုက်ပါ။ မိမိနဲ့မတူဘဲ ခြားနားနေတဲ့ ဘဝများကိုအားကျပြီး လိုက်တုမနေဘဲ ကိုယ့်နေရာ၊ ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်မှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံးဖြစ်နေသွားမယ်ဆိုရင် မိမိတို့ရဲ့ ဘဝတွေဟာလှပပြီး သာယာပျော်ရွှင်ဖွယ် ဖြစ်နေမှာသေချာပါတယ်။ ဒါပြင် ဘယ်ကိစ္စမဆို အစကတည်းက အဆိုးဘက်ကိုကြိုတင်တွေးထားမယ်ဆိုရင်တော့ စိတ်လည်းသက်သာရာ ရမှာဖြစ်သလို လောကဓံတရားကိုလည်း ရင်ဆိုင်ရဲပါလိမ့်မယ်။ ဒါကြောင့် မိမိတို့နေစဉ် ကြုံတွေ့လာရသမျှ လောကဓံတရားတွေကို ရင်ဆိုင်ရလာတဲ့အခါ ငါတို့ဟာ လောကကြီးကနေ လွတ်မြောက်အောင် မလုပ်နိုင်သေးလို့ ခံစားရတာပဲလို့တွေးပြီး လောကမှလွတ်မြောက်ဖို့ရန် ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်များ ရှိကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတော့တယ်။

ဦးဇင်းစာဖတ်ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်….။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

ဂျာနယ်ကို Download ဆွဲ ဖတ်ချင်ရင်တော့ http://www.mediafire.com/?c560dkyodkodc40 မှာဖြစ်စေ၊ http://www.shadejournal.com/2012/01/shade-journal_11.html မှာဖြစ်စေ ဆွဲယူဖတ်ရှု့ကြပါလေ။

One comment

  • windtalker

    January 18, 2012 at 12:40 pm

    လေ့လာဖတ်ရှူ မှတ်သားသွားကြောင်းပါ ဘုရား

Leave a Reply