လုံးလုံးလျားလျား အချိန်ရမှ အဓိပတိ(အဝါ)ကားစီးပါ
ကျွန်မဒီဓါတ်ပုံလေးကို ရိုက်ထားခဲ့တာ ကြာပြီ … လပိုင်းလောက်တောင်ရှိတော့မယ် …. ဒါပေမယ့်ပို့စ်အနေနဲ့ တင်သင့်မတင်သင့် ဒွိဟစိတ်ဖြစ်နေသေးတာကြောင့် … အချိန်တစ်ခုကြာမှပဲ တင်ဖြစ်ခဲ့ပါတယ် … ။ မနက်တိုင်း ဖယ်ရီစောင့်စီးဖို့ …. အောက်ကြည့်မြင်တိုင်လမ်းပေါ်ကနေ … လှည်းတန်းဘက်ကို လိုင်းကား စီးရပါတယ် … ။ ၃ကားအဖြူ ၊ ၉ရ ဒိုင်နာကားတွေရှိပေမယ့် …. ကျယ်ကျယ်ဝန်းဝန်း အသက်ရှုချောင်ချောင်စီးရတဲ့ အဓိပတိ အဝါကားကို ရွှေးစီးဖြစ်တာ များတယ် … ။ ရိုးရိုးကားနဲ့ အထူးကား ၊ ကားခ ထက်ဝက်ကွာပေမယ့် …. မနက်ပိုင်းကြည်ကြည်လင်လင်သွားချင်တဲ့ စိတ်နဲ့ စောင့်စီးဖြစ်ခဲ့တာပါ … ။အဓိပတိ အဝါကားက ဒဂုံတက္ကသိုလ်ထဲထိရောက်တာကြောင့် … ကျောင်းသူ၊ကျောင်းသားလေးတွေပါ စောင့်ပြီး စီးကြရှာတယ် … ။ တစ်ချို့ ကျောင်းသူ၊ကျောင်းသားတွေဆို ခဏခဏ ကားပေါ်မှာ မြင်ရဖန်များလို့ မျက်မှန်းတောင် တမ်းမိနေပါပြီ ။ ကားစီးတာက အဓိက ပြသနာ ဘာမှ မရှိပါဘူး … ။ ပြသနာက .. မှတ်တိုင်တိုင်းမှာ … တစ်ရေးတမောအိပ်လို့ရအောင် ကျောက်ချနေတာပါပဲ …. ။ ရိုးရိုးကားလေးတွေ စီးလျှင် လှည်းတန်းရောက်ဖို့ 12 မိနစ်လောက် အကြာဆုံးပေမယ့် … အဓိပတိ အဝါကားသာ စီးကြည့် … မိနစ်နှစ်ဆယ်နဲ့ လှည်းတန်းရောက်လျှင် အတော်ကံကောင်းတဲ့နေ့ပဲ … ။
အများတကာ ရုံးတတ်ချိန် ၊ ကျောင်းတတ်ချိန်တွေ အချိန်လုပြီး သွားလာလှုပ်ရှားနေရတဲ့ အချိန် … မှတ်တိုင်တိုင်း စိတ်ပျက်စရာကောင်းလောက်အောင် လူရှိလည်းစောင့် မရှိလည်း စောင့်တင်နေတာ … ခရီးသည်တွေကို သွယ်ဝိုက်သောနည်းနဲ့ စော်ကားနေသလိုပဲ မြင်မိပါတယ် …. ။ ကျွန်မတို့လို အလုပ်ခွင်ဝင်နေသူတွေအတွက် အလုပ်နောက်ကျလျှင် လစာနည်းနည်းဖြတ်တာကလွဲလို့ တခြား ပြ့သနာမရှိပေမယ့် … ကျောင်းတတ်နေရတဲ့ ကလေးတွေအတွက်ကတော့ လက်ချာလွတ်သွားလျှင် ပြန်တတ်ဖို့ ခက်ပါတယ် … ။ ကျူရှင်မယူပဲ .. လက်ချာမှီအောင် လိုက်နေရသူတွေအတွက်တော့ များစွာနစ်နာခြင်းပါပဲ … ။
ကားမထွက်နိုင်တာကလည်း … တစ်ခါတစ်လေ …. ကွမ်းယာဝယ်ပြီး ကွမ်းယာဆိုင်က မိန်းမနဲ့ မထိခလုတ်ထိခလုတ်ကြူနေတာက တမျိုး … တစ်ခါတစ်လေ … မုန့်ပဲ သွားရေစာ ဆင်းဝယ်ရင်း ထွေရာလေးပါးပြောနေတတ်တာမျိုးနဲ့ တနေ့တမျိုး မရိုးနိုင်အောင် လူစောင့်တင်နေတာမျိုးတွေကြောင့်ပါပဲ .. …. ။ နောက်ကား မှီလာတော့မှ အတင်းဝရုန်းသုန်းကားမောင်းပြေးတာမျိုးလည်း ခဏခဏကြုံဖူးတယ် … ။ ကားပေါ်ပါတဲ့ လူအများစုကတော့ ရောက်ချင်တဲ့ အချိန်ရောက်ပါစေဆိုပြီး အဓိဌာန်နဲ့ စီးလာကြသလားမှတ်တယ် … ဘယ်မှတ်တိုင်မှာ ဘယ်လောက်ကြာကြာရပ်ရပ် လည်ပင်းလေးရှည်ရှည်ခေါင်းလေး တထောင်ထောင်လုပ်ပြီး ဟိုကြည့်ဒီကြည့်လုပ်တာကလွဲလို့ … စပယ်ယာတွေကို ဘာမှ မပြောကြဘူး .. ဝစီပိတ်ကျင့်လာသလားမှတ်တယ် … … ။ ကျွန်မကတော့.. မှတ်တိုင်တတိုင်မှာ ငါးမိနစ်ထက်ပိုရပ်လျှင် ခပ်တည်တည်နဲ့ ဧည့်စာရင်းတိုင်ထားရတော့မှာလားလို့ … ရွဲ့မေးလိုက်ရမှ … ။ ကျွန်မကစ နည်းနည်း အသံထွက်တော့မှ .. တခြားလူတွေကပါ … ဟုတ်ပါရဲ့တော် ..ကြာလှပြီ ။ မင်းတို့ကလည်း လွန်လွန်းတယ် ဆိုပြီး သံယောင်လိုက်ကာ ဝူးဝါး ထလုပ်ကြတယ် … ။လူစောင့်တာကိုတော့အပြစ်မဆိုပါဘူး… ဒါပေမယ့် စီးမယ့်လူမရှိတာကို စောင့်နေတာတော့ မဖြစ်သင့်ဘူးပေါ့ … ။
မနက်ပိုင်းမို့ ဒီလိုကြာတာလားဆိုတော့လည်း .. မဟုတ်ဘူးပဲ …. နေ့လည်ပိုင်းဆို … လှည်းတန်းကနေ … ပန်းဆိုးတန်းကို ကားစီးတာ တစ်နာရီနဲ့ 15မိနစ်နီးပါးကြာတယ် …. ။ တခြားကားတော့ မ ဟုတ်ဘူး .. အဓိပတိ အဝါတွေချည်းပဲ … ။ ပြည်သူတွေ အဆင်ပြေပြေ သွားလာနိုင်ဖို့အတွက် ပြေးဆွဲပေးတဲ့ ယာဉ်လိုင်းတွေ ဒီလိုပြသနာဖြစ်နေတာ ဘယ်သူက အဓိက ကိုင်တွယ်ဖြေရှင်းပေးနေသလဲ မသိပေမယ့် …. ယနေ့မနက်ထိ ကြုံနေရတုန်းပါပဲ … ။ မော်တော်ယာဉ်လိုင်း တည်ထောင်သူတွေအနေနဲ့ကလည်း … ဂိတ်ကထွက်သွားတဲ့ကား … ဘယ်အချိန် ဂိတ်ကို ပြန်ဝင်သလဲဆိုတာမျိုး ရက်ကော့လုပ်ပြီး gap ဖြစ်နေတဲ့ အချိန်တွေ၊ အစီစဉ်မကျ ဂိတ်ဝင်နောက်ကျတဲ့ကားတွေကို သတိပေးတာမျိုးတွေ လုပ်သင့်နေပါပြီ … ။ ပြည်သူတွေ သွားလာရလွယ်ကူအောင် စီစဉ်ပေးထားပြီး ကျသင့်ငွေပေးကာ စီးနေရသောကားတွေကြောင့် … ပြည်သူတွေ စိတ်အနှောက်ယှက်ဖြစ်ရတယ် ၊ လုပ်ငန်းဆောင်တာတွေ နှောက်နှေးကုန်တယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူးလေ … ။
(ကိုရီးယားကားတွေထဲက ဘတ်စ်ကားကတော့… လူရပ်စောင့်တာ မြင်ရခဲတယ် .. မှတ်တိုင်ရောက်လျှင် ပုံမှန်ရပ်တယ် ၊ ပြီးလျှင် ပုံမှန်ပြန်ထွက်တယ် … 😛 )
18 comments
FattyCat
January 24, 2012 at 5:12 pm
အခုဆို BUS မစီးပဲ စက်ဘီးနဲ့ ရုံးတက်နေတာ တစ်နှစ်ကျော်သွားပြီ..
အေးဆေးပဲ..
ငါ့စက်ဘီးငါစီး..ပဲခူးရောက်ရောက်…
etone
January 25, 2012 at 9:21 am
ကိုကြောင်ဝတုတ်ကတော့ နောက်တီးနောက်တောက်ပြောတော့မယ် … အဲ့ဒီလမ်းလား စက်ဘီးစသီးလို့ ရတာ … ဟဲဟဲ .. လျှောက်မဖောနဲ့ … 😆
laaminnthar
January 24, 2012 at 5:59 pm
ဟုတ်တယ်ဗျို့ ကျနော်လည်း နေ့တိုင်း အဓိပတိအဝါ စီးရတယ် ကားတွေ
ကလည်း ညစ်ပတ် စုတ်ပြတ်နေတာ ထိုင်ချင်စရာတောင်မရှိဘူး
(၂၀၀) ပေးစီးဖို့ မတန်တဲ့ကားတွေ ဒါပေမယ့် မလွှဲသာပဲ
နေ့တိုင်းစီးနေရတယ် ကြာချက်ကတော့ လန်ထွက်နေတာပဲ
Thel Nu Aye
January 24, 2012 at 6:06 pm
ဟုတ်ကဲ့။ နောက်ဆိုရင် အဓိပတိအဝါ စီးသူများသိသာရန်
မနက်စီးလျှင် မနက်စာယူလာရန်။ ခံတွင်းမချဉ်စေရန်ကွမ်း၊ ဆေးလိပ်ယူလာရန်။
နေ့လည်စီးလျှင် ထမင်းချိုင့်ဆွဲယူလာရန်။ ခံတွင်းမချဉ်စေရန်ကွမ်း၊ ဆေးလိပ်ယူလာရန်။
ညနေစီးလျှင်လဘက်ရည်၊မုန့်ယူလာရန်။ ခံတွင်းမချဉ်စေရန်ကွမ်း၊ ဆေးလိပ်ယူလာရန်။
ညစီးလျှင်ညစာထမင်းချိုင့်ဆွဲယူလာရန်။ ခံတွင်းမချဉ်စေရန်ကွမ်း၊ ဆေးလိပ်ယူလာရန်။
( ဒရိုင်ဘာ၊ စပါယ်ယာများ အတွက်ဖြစ်ပါသည်။ စီးသူများစားရန်မဟုတ်ပါ )
ပုံ
အဓိပတိအဝါ ဒရိုင်ဘာ၊ စပါယ်ယာများအဖွဲ့
Onyx
January 24, 2012 at 8:13 pm
ဟုတ်ပါတယ် တစ်ကယ်စိတ်ညစ်ဖို့ကောင်းလောက်အောင်ကို ကြာပါတယ်။ဒီကြားထဲ မနက်ပိုင်းများ ကားက ကြံခိုင်ရေး မကောင်းတော့ ခနခန ပျက်ရော လူချိန်းတယ်ဆိုပြီး နှစ်စီးစာကို လူးပေါင်းတင် လိုက်တာကိုသာ
ကြုံရင် တစ်ကယ်စိတ်ပျက်ဖို့ကောင်းတယ် ။ ဒါပေမဲ့နော် သူတို့ လူကြီးများ ရှိတဲ့နေရာဆိုရင်တော့ အလိုမဟုတ်တော့ဘူး ။
အထူးကြာ၍ အထူးကြပ်သော အဓိပတိပါ
naywoonni
January 24, 2012 at 10:07 pm
ဝီလေးဘာလေးကော ဝယ်သွားဖို့လိုသေးလား ?
Thel Nu Aye
January 24, 2012 at 10:33 pm
ကောင်းတာပေါ့။ ကိုကြီးကျော်တခွက်၊ညီတော်တခွက်။ ဟဲဟဲ။ ရှယ်မှရှယ်။
ကိုပေါက်(မန္တလေး)
January 24, 2012 at 10:08 pm
ုတမုံမုံရေ
လေးပေါက်ကတော့ ရန်ကုန်လာရင် မနက်အစောကြီးဆိုရင် လိုင်းကားနဲ့သွားတယ်။
နေ့လည်နေပူပူရုံးချိန်ဆိုရင် လဲ လိုင်းကားနဲ့လစ်တယ်။
ကျန်တဲ့အချိန်တော့ တက်ကစီနဲ့ဘဲပြေးတယ်။
ချမ်းသာလို့တော့ မဟုတ်ဘူး အချိန်မှီမရောက်မှာရယ် ခါးပိုက်နိုက်ရယ်ကြောက်လို့ ပါကွဲ့။
တော်ကြာမှတ်တိုင်မှားပြီးသွားမိမှလဲ စိုးရိမ်ပါတယ်ကွဲ့.
အတိသဉ္ဇာ နာဂရ ချစ်သူ
January 24, 2012 at 10:38 pm
ဟုတ်ပါတယ် မမအိတုံရာ။တကယ်ကို စည်းကမ်းမဲ့နေကြပါလားဗျာ။
ပလာတာဝယ်နေတဲ့ ဆိုင်မှာ ကြေညာထားတဲ့ဆေးကတော့မိုက်သားဗျ။
ဟီးးးးးး
နွယ်ပင်
January 25, 2012 at 9:40 am
အဓိပတိအဝါကားတွေ ကြာချက်ကတော့ ကမ်းကုန်တယ် နောက်ကြပ်ကလဲ ကြပ်သေးတယ် …
နွယ်ပင်ကတော့ အဲ့ကားစီးမှရောက်ရမယ့် ခရီးဆို တစ်ခြားကားနှစ့်ဆင့်စီးရလဲ
တစ်ခြားကားပဲစီးတယ် ….
thuyazaw21451
January 25, 2012 at 9:42 am
ရွာသူ/ရွာသားတွေရေ ဒဂုံမြို့သစ်မြောက်ပိုင်းကားတွေကတော့ လူ့အော်ကြောလန်တွေကြီးပါပဲ…….. အဓိပတိအဝါဆို လူတွေ ပြည့်သိပ်နေအောင်တင်…….. အတင်းတိုးဝင်ခိုင်း……. ပေးရတော့နှစ်ရာ….. စီးရတော့ ရိုးရိုးကားထက်ကြပ်သေး………… ၂၃ရ စီးမလား ပိုဆိုး………… ရန်ကုန်တစ်ပတ်ပတ်…… အီကြာကွေးရိုက်……… စပါယ်ယာများရဲ့ဆက်ဆံရေးကလဲ သိတဲ့အတိုင်းပဲ……… လာမပြောနဲ့…… ပြာသွားမယ်ဆိုတာကြီးပဲ…..အထူးနော်အထူး…… ဆက်ဆံရေးထူး…….. ကြပ်တာထူး……… ထိုင်ခုံရလို့ထိုင်မယ်ဆိုရင်တောင် ဒူးမလွတ်ဘူးဗျို့………၂၃ရ ပြောတာနော်…… အဓိပတိက ဒူးတော့လွတ်တယ်ထင်တာပဲ……….. ၂၁၃ စီးမလား………. ဒဂုံတက္ကသိုလ်ကထွက် ဖင်ပိတ်မောင်း… လူတင်……တင်တော့လဲ ပြောသေးတာ……. စစ်ဆေးရေးရှိထိုင်ပေးရမယ်နော်တဲ့ ထိုင်နိုင်မှလိုက်…… မထိုင်နိုင်မလိုက်နဲ့တဲ့………. အောက်မှာ ထိုင်ခိုင်းတာနော်……. တရားခံလေးတွေလို….. ပိုက်ဆံလဲ ၂၀ဝ တောင်းသေး…….တရားခံလိုလဲထိုင်ရသေးဗျနော်…………. ပြောလို့ကုန်မယ်ထင်ပါဘူးဗျာ……..
etone
January 25, 2012 at 11:16 am
ဟီး .. ကိုသူရဇော်ပြောတာလေး မျက်စိထဲ မြင်ယောင်ပြီး … ပြုံးမိပါတယ် … ။ တယ်ဆိုးတာပဲနော် … ငုတ်တုတ်လေးထိုင်တောင်ပေးရတယ်ဆိုပဲ … ။
လူပိုမတင်ရတဲ့ ဆိုတဲ့ စာတမ်း ပြောင်ပြောင်တင်းတင်း ကပ်ထားတာတောင် … ငါးရာတန် ၊ တစ်ထောင်တန်လေးတွေခင်းပြီး .. ဖြေရှင်းနေကြတာတွေကြောင့် .. ဒီလို ဆိုးဆိုးရွားရွားတွေ ဖြစ်လာတာလို့ မြင်မိပါတယ် … ။
တကယ်ဆိုကွာ … မဖြစ်စလောက်ပိုက်ဆံလေးနဲ့ …. ကိုယ်ကျင့်တရားချိုးဖောက်ခံရတာ .. ရှက်ဖို့ကောင်းပါတယ်ဗျို့…….. ။
စိန်ပေါက်ပေါက်
January 25, 2012 at 5:30 pm
အဲဒီအခန်းဖြတ်.အဲဒီအခန်းဖြတ်
အဲဒီစပယ်ယာက ကျုပ်ဘော်ဒါ မေပေါင်ဗျ
သိရို့လား
etone
January 26, 2012 at 8:52 am
ကပေါက်ဖော်ရေ ………….အဲ့ဒီပုံထဲက စပယ်ယာနှစ်ယောက်ရဲ့ အရပ်ပေါင်းတာတောင် … ကပေ့အရပ်ကိုမမှီသေးဘူး .. …… ရွာထဲက ကပေက … အရပ်ရှည်ရှည် ၊ အသားဖြူဖြူ ..ရုပ်ဖြောင့်ဖြောင့် သဘောကောင်းကောင်းဂျီးဗျို့
char too lan
January 26, 2012 at 2:01 pm
အဝါမှမဟုတ်ဘူး အနီ အပြာလည်း ထိုနီးလဲဂေါင်းဘဲ……. 🙄
အဓိပတိမစီးတာ သုံးနှစ်လောက်ရှိတော့မယ် အပြင်းပြေလိုက်စီးဖို့တောင်
အဆင့်မရှိတဲ့ကားတွေနဲ့ လူတွေမို့ ဘေးနားကဖြတ်သွားရင်တောင်
အဓိပတိဆိုဝေးဝေးရှောင်တယ်ဗျို ့ ………
မြောက်ဒဂုံမှာ ဆွမ်းလောင်းနေတဲ့ အဒေါ်ကြီးနှစ်ယောက် ဘရိတ်ပေါက်ပီးကြိတ်သွားတာလဲ
အဓိပတိပဲ………(ဘာတဲ့ လျော်ကြေး၅သိန်းကို ကောင်းမှုကုသိုလ်လုပ်ရင်းသေသွားကြမို့ ၂သိန်းပိုပေးတယ်ဆိုပဲ)
etone
January 26, 2012 at 4:19 pm
ချာတူးလေး အဓိပတိတို့ ပ့ါရမီတို့ မစီးပဲ … ဘာလိုင်းကားစီးနေသလဲ စိတ်တော့ဝင်စားသား ..ဟီး .. ဆိုက်ကားစီးနေတယ်လို့ မပြောနဲ့နော် .. နာတိဒယ် 😆
ကိုရင်စည်သူ
January 26, 2012 at 2:09 pm
တောက်တုံးမကျတဲ့ အဓိပတိ ပါရမီ … တရုတ်က ဖင်ဆော်လိုက်တဲ့ တရုတ်ကားတွေသွင်းပြီး
တရုတ်ကားတွေကလည်း နှေးလိုက်တာများ လီဗာအဆုံးနင်းတာတောင် ဆိုက်ကားမြန်တာကိုမမှီချင်ဘူး
ဂုံးတက်ကျရင် ပြန်တောင် လိမ့်ကျမလား အောက်မေ့ရတယ်.. စပယ်ယာတွေကလည်း ပိုက်ဆံတောင်းဖို့
၁၀ဝ ပြန်မအမ်းဖို့ပဲ သိတယ်…။ တခါတလေ ၅ဝတန် ဘတ်စကားနဲ့တောင် အပြိုင် မှတ်တိုင်မှာ ထိုင်ချင်နေသေးတယ်..
လူကျတော့လည်း ပြည့်ချင်တာ… အမိုးအထိတောင် တင်ရရင် တင်ချင်သေးတယ်…
အဓိပတိဆို အပြာ၊ အဝါ အနီ အစိမ်း ဘာတစ်ခုမှမကောင်းဘူး..
အဲ့ဘတ်စကားတွေ ကြန့်ကြာနေလို့ ကိုရင် အချစ်ဦးလေးနဲ့ ချိန်းထားတဲ့နေရာမရောက်ခဲ့ရလို့
ွလွဲခဲ့ရတာ… စိတ်နာတယ်.. စိတ်နာတယ်.. ဘတ်စကားမစီးတော့ ဆိုင်ကယ်ပဲ မောင်းရတဲ့
ကိုပေတို့ မန်းလေးကိုပဲ ပြောင်းတော့မယ်.. ဗြဲဗြဲ..
Rose Minn
January 26, 2012 at 4:31 pm
-အဓိပတိအကြောင်းပြောရင် စိတ်နာတယ်။
သင်တန်းတက်တုန်းက အမြဲနောက်ကျလို့ ဆရာမမျက်နှာချိုသွေးရတာ နောက်ကနေဝင်ထိုင်ပြီးတော့လေ။ မျက်နှာက ဟိုလိုမျိုး (မချိ ပြုံး):D
– ရုံးသွားတော့လဲ မနက် 7နာရီခွဲကနေစီးတာ သင်္ကန်းကျွန်းကနေ အလုံထိကို 9နာရီ15မှ အမြဲ ရောက် ်တယ်။ မြန်တာ မြန်တာ အဲလောက်ထိ။ တော်သေးတယ် time card နဲ့ အလုပ်မလုပ်ရလို့။ ကံကောင်း။ 😛
– ပိုက်ဆံအပြဲ (ခေါက်ပြီး) အမ်းလိုက်တာလေ အဲဒါ ဝါဝါပေါ့ ဝါဝါ ပဲ။ အဓိပတိ အဝါ။ appoint တွေ ချိန်းထားတာ အချိန်မှီမရောက်မှာစိုးလို့ လမ်းတဝက်မှာတင် အတင်းဆင်းပြီး taxi နဲ့ သွားရတာ ခဏခဏ။
– သူငယ်ချင်း က ကိုယ်ဝန်ကြီးနဲ့ပါ ရုံးအပြန်မှာ (ခုံအပြည့်ပဲတင်တဲ့ အချိန်ခါကပေါ့) နေရာစတက်တက်ချင်းမှာပိုက်ဆံပေးလိုက်တာပါတယ်။ လမ်းမှာပိုက်ဆံ ပြန်အမ်းအုံးနော်လို့ပြောတာကို ပိုက်ဆံမပေးပဲခိုးစီးတယ်ဆိုပြီး အော်ကြီးဟစ်ကျယ် အပြောလဲ ခံရသေးတယ် အတင်းတောင်းလို့ ပိုက်ဆံ 200 ထပ်ပြီးပေးရသေးတယ်။ ဒါမျိုးတွေ ရိုးနေပြီဆိုပဲ။ အဲဒါသူငယ်ချင်းက ဒေါသထွက်လွန်းလို့ ရှက်လဲရှက် ဆူးလေမှာပဲ ဆင်းမယ်ဆိုပြီးပြောတယ်။ ကျန်တဲ့သူတွေ (ကားနဲ့ပါတ်သတ်ရာပါတ်သတ်ကြောင်းတွေ)က ပါ အဲဒီစပါယ်ယာကို ဝိုင်းတောင်းပန်ခိုင်းတာတောင် မရဘူး။ လုံးဝမတောင်းပန်ဘူး။ သူငယ်ချင်းက ဆူးလေဂိတ်က ဂိတ်မှူးကိုလဲတိုင်တယ်။ ပါရမီက ဂိတ်ကိုလဲတိုင်တယ်နံပါတ်မှတ်ပြီးတော့။ အဲဒီစပါယ်ယာ နား လိုက်ရတယ်ပြောတယ်။ ဟုတ်မဟုတ်တော့မသိဘူး။
သူများအကြောင်းလဲမပြောတက်ပါ စပ်မိစပ်ရာဘာညာကွိကွ …..:P