“အလေးထား၏ ………..မထား၏ ။ခွင့်လွှတ်တတ်၏…………. မတတ်၏”
“အလေးးထား၏……….. မထား၏ ။ခွင့်လွှတ်တတ်၏………… မတတ်၏”
(4-1-2012)နေ့ မနက်မှာ ကျနော်ရန်ကုန်ကိုရောက်လာပြန်ပါတယ်။
မနှစ်ဇူလိုင်လ လာတုန်းက တူမလေးမင်္ဂလာဆောင်ကိုလာရသလို
ဒီတစ်ခေါက်ရန်ကုန်ကိုလာရတာလဲ မင်္ဂလာဆောင် လာရတာပါဘဲ။
အဲတော့ ရန်ကုန်ကိုလာတိုင်းမင်္ဂလာဆောင်နဲ့ပါတ်သက်နေပြန်တာလဲ တိုက်ဆိုင်မူ့တစ်ခု။
မင်္ဂလာဆောင်ရှိမှဘဲရန်ကုန်လာရသလိုဖြစ်နေတော့ နောက်တစ်ခါရန်ကုန်လာချင်ရင်
ရွာထဲကလူတွေကို အစွံထုတ် သူတို့ မင်္ဂလာပွဲကိုအကြောင်းပြုလို့ လာရရင်
သိပ်ကောင်းမှာဘဲလို့ ချွန်တွေးလေး တွေးမိပါသေးတယ်။
ခက်တာက ရန်ကုန်မင်္ဂလာဆောင်ပွဲကိုတက်ဘူးတာ အခုတစ်ခါနဲ့မှာ နှစ်ကြိမ်။
တူမလေးတုံးက မင်္ဂလာဆွမ်းကြွေးလိုဘုန်းကြီးကျောင်းမှာဧည့်ခံတာရယ် မန်းလေးစတိုင်နဲ့
ဆိုတော့ သိပ်ပြဿနာမရှိပါဘူး။
ဒီနေရာမှာပြောရရင် မန်းလေးစတိုင်ကတော့ ဖိတ်ထားတဲ့အချိန်အတွင်းမှာ ကြိုက်တဲ့အချိန်
ကိုလာ လက်ဖွဲ့ ချပေးတာ စားသောက်ပြီးရင် ပြန်ချင်ပြန် ရတယ်။
သတို့သားသတို့သမီးနဲ့တွေ့ချင်ရင်နောက်ကျမှလာ ကိုယ့်မှာ အချိ်န်မအားရင် အားတဲ့အချိန်လာ
ဘယ်သူ့မှစောင့်စရာမလိုပါဘူး။
ရန်ကုန်ကတော့ မင်္ဂလာအခမ်းအနားကို ကျင်းပပြီးမှဝါးတီးလုပ်ရတယ်လို့တော့ကြားထားဘူးပါတယ်၊
အခုမင်္ဂလာဆောင်က ကျနော်သိတာကလည်း သူတို့သားတစ်ယောက်ထဲကိုဘဲသိတာ။
နောက်အချိန်ကလည်း ညနေသုံးနာရီမှ လေးနာရီခွဲလို့ရေးထားပါတယ်။
ကျင်းပမယ့်နေရာက ယုဇနဂါးဒင်း တစ်ခါမှလဲမရောက်ဘူး ပါဘူး။
အဲတော့ မဒမ်ပေါက်တူမလေးကို လိုက်ခဲ့ဘို့ ချောဆွဲရပါတယ်။
လွတ်လပ်ရေးနေ့မှာမင်္ဂလာပွဲကျင်းပတော့ တူမလေးရုံးပိတ်ရက်နဲ့တိုက်လို့ တော်ပါသေးတယ်။
အဲဒါနဲ့သွားမယ့်နေ့မှာ သုံးနာရီမတ်တင်းရှိပြီ မဒမ်ပေါက်တို့က ပြင်လို့ဆင်လို့ မပြီးသေး။
တစ်နေရာရာကို သွားရင် နောက်ကျမှာစိုးလို့ စောသွားတတ်တဲ့ကျနော်ကလောတာပေါ့။
အဲဒါနဲ့ အိမ်ကိုအလည်ရောက်လာတဲ့ တူမလေးရဲ့ မိတ်ဆွေက သူ့ကားနဲ့ လိုက်ပို့ပေးမယ်
လို့ပြောတော့ နည်းနည်းတော့ စိတ်အေးသွားပါတယ်။
ဒါနဲ့ဘဲမင်္ဂလာဧည့်ခံပွဲကိုရောက်တဲ့အခါ ကိုယ်ကသာ အချိန်နောက်ကျမှာစိုးလို့ စိတ်တွေလောနေတယ် မင်္ဂလာပွဲမှာတော့ လူနည်းနည်းလေးဘဲရောက်သေးတော့ စားပွဲဝိုင်းအလွတ်တွေအများကြီးတွေ့မှ စိတ်အေးရပါတယ်။
ဒါတောင် သုံးနာရီခွဲနေပါပြီ။
တူမလေးကတော့ ပြောပါတယ် နာမယ်ကြီးမင်္ဂလာဆောင်ဆိုရင်တော့ စောစောသွားမှနေရာရမယ် လို့ပြောပါတယ်။
ဒီမင်္ဂလာဆောင်မှာသူတို့သားတစ်ယောက်ထဲကိုဘဲသိတော့ ကိုယ့်ကို ကြိုဆိုလို့နုတ်ဆက်မယ့်သူကို
မမျှော်မိပါဘူး။
ကိုယ်ဘာသာကိုယ်ဘဲ အားလုံးကိုမြင်ရတဲ့နေရာလေးဝင်ထိုင်လိုက်ပါတယ်။
ခဏနေတော့ စားပွဲပေါ်ကို သခွားသီးအချဉ်သုတ်လာချပါတယ်။
ပြီးတော့ပုစွန်ခြောက်ကြော် လာချပြန်ရော။ အဲဒီက ဝန်ထမ်းလေးတွေကိုဘာကျွေးမှာလဲလို့ မနေနိုင်မထိုင်နိုင်မေးကြည့်တော့ထောပတ်ထမင်းကျွေးမှာ လို့ပြန်ဖြေပါတယ်။
ထူးပေးဆန်းပေသည်လို့တွေးမိပါတယ်။
မန်းလေးမှာ ဒီလို ခန်းမမှာ မင်္ဂလာဆောင်ရင် လက်ဖက်ရည် တို့ ရေခဲမုန့်တို့
ဒင်ဆမ်းတို့ ကိတ်မုန့်တို့ဘဲကြွေးပါတယ်။
ဘယ်လိုပွဲမျိုးမဆို လက်ဖက်အုပ်ကတော့ မပါမဖြစ်ပေါ့။
လက်ဖက်မှာတောင် တတ်နိုင်သူများက တွင်းပိုးကြော်လိုရှားပါးပစ္စည်းလေးတွေ
ထည့်လို့ ဧည့်ခံတတ်ပါသေးတယ်။
နောက်ဒီလို ထောပတ်ထမင်းကျွေးမယ်ဆိုရင်လဲ မနက်ပိုင်းမှာဘဲ ကျွေးလေ့ရှိတော့
နေ့လည်ကြီး ထမင်းထပ်စားရမယ်ဆို တော့ တစ်မျိုးတော့ တစ်မျိုးကြီးပါဘဲ။
နောက်တော့ လိမ္မော်ရည်တွေလာချပါတယ်။
တူမလေးက ကျနော်ယူသောက်မှာစိုးလို့ အချက်တွေပြပြီး သတိပေးပါတယ်။
ကျနော်ရောက်ပြီးမကြာခင်မှာဘဲ တီးဝိုင်းက သီချင်းတွေနဲ့ဖျော်ဖြေပါတော့။
“ပါးပြင်မှာ သနပ်ခါးလေးနဲ့ချစ်စရာကောင်းလိုက်တာကွာ”…………ပိုင်ရှင်ကတော့
ထုံးစံအတိုင်းမျက်လုံးလေးမှိတ်ပြီးဆိုနေတဲ့စတိုင်ကတော့ မိုက်မှမိုက်။
ခဏနေတော့ အသံမကြားရတာအတော်ကြာနေတဲ့ “စိမ်းမို့မို့”။
မန်းလေးသား “ဂျေကြီး”ကိုလှမ်းမြင်လိုက်ပေမယ့် ဝေးနေတော့ တကူးတကသွားပြီး
နုတ်မဆက်ဖြစ်ပါဘူး။
နောက်တော့ ပုဂံပြားတွေပုဂံလုံးတွေ ထောပတ်ထမင်းပါတဲ့ အုပ်တွေ ကြက်သားဟင်းတွေလာချပါတယ်။
ခန်းမထဲမှာလဲ တဖြည်းဖြည်းနဲ့ နေရာလွတ်မရှိအောင်လူပြည့်သွားပါတယ်။
လေးနာရီထိုးခါနီးလောက်မှာ မင်္ဂလာသတို့သား သတို့သမီးက ရောက်လာတော့မယ်ဆိုတာကို အခမ်းအနားမှူးလုပ်တဲ့အမျိုးသမီးက ကြေငြာပါတယ်။
နောက် မင်္ဂလာသတို့သား သတို့သမီးနဲ့ မိဘဆွေမျုးိတွေ ခန်းမထဲကို ဝင်လာတဲ့အခါမှာတော့ အင်မတန်မှာကျက်သရေရှိလှစွာသော
“ အခါတော်ပေးတာက …………….”သီချင်းကို ကြည်လင်ချိုမြတဲ့အသံပိုင်ရှင်စိမ်းမို့မို့က သီဆိုပေးပါတယ်။
ထုံးစံအတိုင်း ဗွီဒီယိုတွေရိုက်ကြ လက်ခုပ်တွေတီးကြ ပန်းတွေကြဲကြငွေရောင်စက္ကူတွေကို မီးပန်းလွှတ်သလိုဖောက်ကြနဲ့ဘဲစင်ပေါ်ကို အားလုံးရောက်သွားပါတယ်။
မင်္ဂလာသတို့သား သတို့သမီးက တရုပ်လူမျိုးဖြစ်လေတော့ အခမ်းအနားမူးတာဝန်ယူထားတဲ့
အမျုးိသမီးက အခမ်းအနားအစီအစဉ်ကို တရုပ်လိုတစ်ခါ မြန်မာလိုတစ်ခါ ကြေငြာပေးပါတယ်။
မင်္ဂလာလက်စွပ်လဲတာ ဘာညာကွိကွတွေပြီးတော့ သူတို့ထုံးစံအတိုင်း
မိုးနဲ့မြေကန့်တော့ တာတို့ မိဘတွေကို ကန်တော့တာတို့လုပ်တော့
ရိကုန်း စန်းကုန်းတွေကြားရပြန်ပါတယ်။
နောက်ဓလေ့ထုံးစံအတိုင်းပြီးတော့ မင်္ဂလာပွဲအောင်မြင်ကြောင်းကြေငြာလိုက်တဲ့အခါ ကြွရောက်တဲ့ ဧည့်ပရိသတ်ကို အောင်မြင်ကြောင်း မင်္ဂလာလက်ခုပ်ဩဘာ
တွေပေးလို့ဂုဏ်ပြုခိုင်းပါတယ်။
အဲဒါတွေလဲပြီးရော ကျနော်အကြားချင်ဆုံး “သ ကျား ရှဲ့ရှဲ့“ ဆိုတာကိုကြားရပါတော့တယ်။
မန်းလေးမှာတရုပ်လူမျိုး မိတ်ဆွေတွေရဲ့ ညနေခင်းထမင်းစားပွဲပါတဲ့မင်္ဂလာဆောင်တွေကို တက်ရတဲ့အခါ သူတို့ ဓလေ့ထုံးစံအတိုင်း ကျင်းပတာကိုတွေ့ဘူးပါတယ်။
ကိုယ်ကလဲ နားမလည်ပါးမလည် သူများလက်ခုပ်တီးရင်ဝင်တီးပေးပေါ့။
ကျန်တာတွေနားမလည်ပေမယ့် စောစောက ပြောတဲ့ “သ ကျား ရှဲ့ရှဲ့“ဆိုတာလေးပြောပြီး
ရင်မကြာခင်မှာ ဟင်းပွဲတွေလိုက်ချပြီး ဝါးတီးဆွဲရတာကိုတော့ သွားပါများတော့ သိနေပါတယ်။
အခုလဲ“သကျား ရှဲ့ရှဲ့“လဲပြီးရော သုံးဆောင်နိုင်ပါပြီဆိုတော့ ထောပတ်ထမင်းကိုစစားပါတယ်။
ရီစရာပြောရရင် အစက ဒီ “သ ကျား ရှဲ့ရှဲ့“ ကို သုံးဆောင်နိုင်ပါပြီလို့ပြောတာမှတ်နေတာ
တရုပ်စကားတတ်တဲ့သူကိုမေးကြည့်မှ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောတယ်ဆိုတာ
သိရပါတယ်။
ခက်တာက ထောပတ်ထမင်းဆိုတာမျိုးက မနက်ပိုင်းလုပ်တဲ့ဆွမ်းကျွေးတွေမှာသာ စားဘူးတော့
စားရတာ နင်တင်တင်နဲ့တမျိုးကြီးပါဘဲ၊
အဲဒီအချိန်တီးဝိုင်းကလဲ တစ်ယောက်ပြီးတစ်ယောက်သီချင်းတွေနဲ့ဧည့်ခံ။
သတို့သား သတို့သမီးကလဲ တစ်ဝိုင်းပြီးတစ်ဝိုင်းလို်က်လို့ဧည့်ခံပါတယ်။
ဒါပေမယ် အပေါ်ပိုင်းမှာရှိနေကျနော်တို့ထို်င်နေတဲ့နေရာကိုတော့ရောက်မလာပါဘူး၊
သတို့သမီးဝတ်ထားတဲ့ ဂါဝန်က အနားရှည်လွန်းနေတာကို လိုက်ကိုင်ပေးတဲ့သူမရှိတော့ သွားရခက်လို့လဲ စားပွဲဝိုင်းအားလုံးကိုမရောက်တာပါ။
ဒါနဲ့ဘဲစားသောက်ပြီး တော့ ရေခဲမုန့်လာချပါတယ်။
ဖြစ်ချင်တော့ တောသားကျနော်က ရေခဲမုန့်ခပ်ဘို့အတွက်ချထားတဲ့ဇွန်းသေးသေးလေးကို
ပုဇွန်ခြောက်ကြော်ခပ်ထဲ့လိုက်တော့ ရေခဲ့မုန့်စားဘို့ဇွန်းမရှိတော့ စားဘို့ခက်သွားပါတယ်။
ခဏနေတော့ ဝန်ထမ်းကောင်မလေးတစ်ယောက်က အလိုက်တသိယူပေးမှ အဆင်ပြေသွားပါတယ်။
စားသောက်ပြီးတဲ့အချိန်မှာတော့ သတို့သားသတို့သမီးက အဝင်ပေါက်ကနေပြီး ဧည့်ပရိသတ်ကို
နုတ်ဆက်နေတာတွေ့ရပါတယ်။
ဒါနဲ့ဘဲကျနော်တို့လဲ ခန်းမက အထွက်မှာ ှ သတို့သားက ကျနော်တို့ကို အားနာစကားဆိုလို့
တောင်းပန်ပါတယ်။
မန်းလေးကတောင် တကူးတကလာသူကို စားပွဲနားလာနုတ်မဆက်မိတာခွင့်လွှတ်ဘို့ပါ။
အဲဒါနဲ့ဘဲ ရပါတယ် ဆိုပြောပြီး စကားနည်းနည်းပါးပါးပြောပြီးပြန်ခဲ့ကြပါတယ်။
စကားနည်းနည်းဘဲပြောရတယ်ဆိုတာ နောက်မှာ အပြန်နုတ်ဆက်ဘို့ တန်းစီစောင့်နေသူတွေ
ကိုအားနာလို့ပါ။
ခန်းမကနေ ထွက်လဲထွက်ရောမင်္ဂလာဆောင်အပြီးမှာ ကျနော့်ကို
စောင့်နေမယ်လို့ ဖုန်းဆက်ထားတဲ့ ကျနော့်မိတ်ဆွေကြီး ကိုချော ကိုရှာရပါတယ်။
မဒမ်ပေါက်တို့ ကတော့ ဈေးဝယ်သွားမယ်ဆိုပြီးအလာတုန်းကလိုက်ပို့တဲ့ မိတ်ဆွေကား
နဲ့ပြန်ပါသွားကြတော့ ကျနော်ကလဲ ကိုချောနဲ့လိုက် သွားပါတော့တယ်။
ကိုချောကဘယ်သွားမလဲမေးတော့ ညနေခင်းမှာစွယ်တော်ကို ရေကန်ရှိတဲ့ဘက်ကဓါတ်ပုံရိုက်ချင်တယ်ပြောတော့ မြောက်ဘက်ကို ကားခေါင်းလှည့်လိုက်ပါတယ်။
ကိုချောက စွယ်တော်ဘက်ကို ဦးတည်လို့ ကားမောင်း နေတုန်းကျနော့်စိတ်တွေက လည်း
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်နှစ် စွန်းစွန်းလောက်ကအခုလိုဘဲကြိုဆိုသူမရှိခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲလေးဆီကိုနောက်ပြန်သွားနေပါတယ်။
XXXXXXXXXXXXXXXx XXXXXXXXXXXXXXXXXx XXXXXXXXXXXXXXXXXx
ကျနော်အဒေါ်တစ်ယောက်နဲ့ပါတ်သက်ပြီးမိသားစုလေးတစ်စုနဲ့ရင်းနှီးခဲ့ရပါတယ်။
သူတို့ကတော့ အရာရှိအသိုင်းအဝိုင်းက ဝန်ထမ်းမိသားစုလေးပေါ့။
အဲဒီအချိန်ကျနော်ကတော့ လူသုံးကုန်ပစ္စည်းဖြန့်တဲ့လုပ်ငန်းတစ်ခုက အရောင်းသမားလေးပေါ့။
သူတို့ မိသားစုနဲ့ကျနော်တို့ အကြိမ်မများပေမယ့် နှစ်ကြိမ်သုံးကြိမ်လောက်
ဘုရားဖူးလဲ ထွက်ဘူးတော့ သိပ်မစိမ်းဘူးလို့ လဲပြောရင်ရ ပါတယ်။
နောက်သူတို့နဲ့ကျနော် အဒေါ်အိမ်မှာ ဆွမ်းကျွေးတွေဘာတွေဆိုလဲဆုံလေ့ရှိပါတယ်။
သူ့သမီးအကြီးမလေးမင်္ဂလာဆောင်တော့ ဖိတ်စာကိုလူကြုံနဲ့ပို့လိုက်ပါတယ်။
မင်္ဂလာဧည့်ခံပွဲက ညနေပိုင်း ဈေးချိုက ဂရင်းခန်းမ မှာဆိုတော့ နည်းနည်းလေးတော့စိတ်ညစ်သွားပါတယ်။
အဲဒီတုန်းက ညနေပိုင်းဆိုရင် ကျနော်က မအားတတ်ပါဘူး။
ဈေးထဲမှာငွေလိုက်ကောက်ရတာက ညနေ 2နာရီနဲ့လေးနာရီကြား။
မင်္ဂလာဆောင်ကလဲ ညနေ2နာရီနဲ့လေးနာရီ။
အဲဒီဂရင်းခန်းမ မှာ်ဆိုရင် စိတ်ညစ်တာက ဓါတ်လှေကား က အကြာကြီးစောင့်ရသလို
မစောင့်နိုင်လို့ေလှေကားကနေ လမ်းလျောက်တက်ရင်လဲ မင်္ဂလာခန်းမက
အပေါ်ဆုံးထပ်မှာဆိုတော့ အတော်လေးမောပါတယ်။
ဒါပေမယ့် မိတ်ဆွေရင်းဆိုတော့ မဖြစ် ဖြစ်အောင်သွားမယ်လို့ခံယူထားမိပါတယ်။
အဲဒါနဲ့မင်္ဂလာဆောင်တဲ့နေ့မှာ ကျနော်အလုပ်ကိစ္စတွေကို တတ်နိုင်သလောက်စောစောလုပ်။
သုံးနာရီထိုးခါနီးတော့ မင်္ဂလာဆောင်ကိုပြေးရပါတယ်။
မင်္ဂလာဆောင်လဲရောက်ရော ဓါတ်လှေကားနားလေးမှာ ရှင်းလင်းလို့နေပါတယ်။
ထုံးစံအတိုင်းအထူးလူလာမှာကြောင့် ဓါတ်လှေကားသုံးလို့မရဘူးလို့ဆိုပါတယ်။
ရောက်မှတော့ လှေကားကတက်ပေါ့။
ဂရင်းမှာက ဓါတ်လှေကား အပေါက်တည်တည့် ကနေပြီး မင်္ဂလာပွဲလာသူတွေကို ပန်းကမ်းလို့ ကြိုပါတယ်။
ဘေးလှေခါးကနေတက်ရင်တော့ ပန်းကမ်းသူတွေရဲ့နောက်ကျောက နေဖြတ်သွားရတာပေါ့။
ကျနော်လိုဘဲ သာမန်မင်္ဂလာဆောင်လာတဲ့သူတွေ အားလုံးက တရုန်းရုန်းနဲ့လှေကားကနေ
တက်လာကြတာဆို ချွေးတွေက လဲတလုံးလုံးနဲ့ မောလဲမောညောင်းလဲညောင်းပါဘဲ။
ကျနော်တို့ အဝင်ဝရောက်တော့ သူတို့သမီးရဲ့ မိဘတွေက ဓါတ်လှေကားအပေါက်ဝကို
အားလုံးက တမျှော်မျှော်နဲ့လုပ်နေပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ကျနော်တု့ိခြေလျှင်အုပ်စု လဲအရောက် ဓါတ်လှေကားကလဲအပွင့်
နဲ့သွားဆုံပါတယ်။
ရှိသမျှ ဧည့်ခံသူတွေအားလုံး ဓါတ်လှေကားအပေါက်ဝကို စုပြုံတိုးလို့ အလုူအယက်
ဧည့်ဝတ်ကျေအောင် ကြိုးစားကြပါတော့တယ်။
မောနေအောင်ခြေလျှင်တက်ခဲ့ရတဲ့သူများကို တော့ ကြိုသူလုံးဝမရှိ၊
အထူးလူများရဲ့နောက်ကို တတန်းတန်းနဲ့လိုက်ပြီး ဧည့်ခံနေလိုက်ကြတာ အလှူတန်းစီလှည့်
တာနဲ့တောင် ထင်ယောင်မှားစရာ။
ဒါနဲ့ဘဲကျနော်လည်း သင့်တော်ရာနေရာလေးတစ်ခုမှာ ကြည့်ကြက်ပြီးထိုင်လိုက်ပါတယ်။
အဲဒီအချိန်တီးဝိုင်းကလဲ အချိန်ကိုက်ကြီးကို မင်္ဂလာဆောင်နဲ့မဆီမဆိုင်
“မေရယ် အထင်တော့ မလွဲလိုက်နဲ့အုံး စာလွှာများမရောက်လာခဲ့ရင်”တွေဘာတွေလုပ်နေပါတယ်။
ကျနော်ထိုင်တဲ့ခုံမှာ ကျနော်အပါအဝင်ငါးယောက်။
စားပွဲပေါ်မှာ ပထမထိုင်သွားသူများစားလက်စ ကိတ်မုန့်ပန်းကန် လက်ဖက်ပွဲတွေဘဲရှိပါတယ်။
ရေခဲမုန့်လာချပေးသူလဲမရှိ၊ဧည့်ခံသူမရှိ၊ဒီအတိုင်းဘဲ ဆယ့်ငါးမိနစ်လောက်ယောင်တောင်ပေါင်
တောင်နဲ့ထိုင်နေရပါတယ်။
စကားပြောရအောင်ကလဲ ထိုင်နေသူတွေနဲ့ကလဲမသိ။
မင်္ဂလာဆောင်ဆိုတာက လဲ လက်ဖက်ရည်ဆိုင်လို စားပွဲထုးိကို လာအုန်းခေါ်ပြီး
ရေခဲမုန့်ချပေးဆိုပြီး မှာလို့မှမရတာကိုးဗျ။
ရှိသမျှစားပွဲထိုးများကလဲ အထူးလုူများနေရာမှာတာဝန်ကျေအောင် အဆင့်သင့်ရပ်စောင့်။
ကျနော်ကတော့ဆက်မစောင့်နိုင် သည်းမခံနိုင်တော့ ထပြန်လာပါတယ်။
လက်လဲမဖွဲ့ခဲ့ပါဘူး။
စိတ်ထဲကတော့ အတော်လေး မကျေမနပ်နဲ့ ဒေါသဖြစ်ပြန်လာတာပါ။
နောက် တစ်ပါတ်လောက်နေတော့ အလှူတစ်ခုမှာသူတို့နဲ့ပြန်ဆုံပါတယ်။
အဲဒီမှာ အငယ်မလေးက “မမကြီး မင်္ဂလာဆောင်နေ့က လေးလေးကိုမမြင်မိဘူးနော်”
လို့ရိုးရိုးသားသားမေးပါတယ်။
ကျနော်က “လေးလေးလာပါတယ် ညည်းတို့က အထူးလူတွေကို ဧည့်ခံနေတော့
လေးလေးတို့လို သာမန်ဧည့်သည်တွေကို ဘယ်မြင်မလဲ”လို့ပြန်ဖြေလိုက်တဲ့လေသံက
ကနည်းနည်းလေးတော့ မာကျောသွားပါတယ်။
အဲဒီမှာသူ့အမေက မျက်နှာကွက်ကနဲပျက်သွားပါတယ်။
မဒမ်ပေါက်ကတော့ ကျနော့်ကို ထုံးစံအတိုင်း မျက်စောင်းလက်နက်တွေနဲ့အသံတိတ်ပစ်တာပေါ့။
နောက်မှ အားနာလိုက်တာ ဘာညာကွိကွနဲ့တောင်းပန်ပါတယ်။
အကြီးမလေးမင်္ဂလာဆောင်ပြီး တစ်နှစ်ကျော်ကျော်လောက်မှာ အငယ်မလေးမင်္ဂလာဆောင်ပါတယ်။
အဲဒီမှာ မင်္ဂလာဆောင်ဖိတ်စာလာ ဖိတ်တဲ့အခါ အကြီးမတုံးက ကြုံခဲ့ရတဲ့မခံချင်စိတ်လေးက စိတ်ထဲမှာ ရုန်းကြွလာပါတယ်။
ဒါကြောင့် “အဲဒီနေ့ ခရီးထွက်ရမှာ မလာနိုင်လောက်ဘူး”လို့ ပြောလွှတ်လိုက်ပါတယ်။
သူတို့လဲပြန်သွားရော လင်မယားနှစ်ယောက်တစ်ယောက်တစ်ခွန်းစကားအခြေအတင်ပြောရပါတော့တယ်။
မိန်းမကတော့ မိတ်ဆွေ အချင်းချင်း ဒီလိုပြောလွှတ်တာ အရမ်း အားနာစရာကောင်းတယ်ေပေါ့။
ကျနော်ကတော့ ဟိုတစ်ခါ မင်္ဂလာဆောင် ဖိတ်တုံးကဖိတ်ပြီးမှ အရေးမလုပ်တာ
ခေါ်ပြီးစော်ကားတာလို့ ချေပတာပေါ့။
ဒါနဲ့ဘဲ တစ်ယောက်တစ်ခွန်း စကားများရင် သရေပွဲနဲ့အဆုံးသတ်သွားခဲ့ပါတယ်။
ကျနော်က တော့ ကျနော်အယူအဆ လုံးဝမှန်တယ်လို့စွဲကိုင်ထားခဲ့တာ နှစ်အတန်ကြာထိပါဘဲ။
******************* ********************** ******************* *********
တစ်ခါသားမှာတော့ ကျနော်တို့ငယ်သူငယ်ချင်းတစ်ယောက် က အစိုးရထီ
သိန်းတစ်ရာဆုပေါက်ပါတယ်။
သူ့အိမ်မှာ ဘုရားအနေကဇာတင် ဘုန်းကြီးဆွမ်းကပ်ရင်းနဲ့မိတ်ဆွေတွေကိုလဲ ဖိတ်ပါတယ်။
နောက်ပြီး သူငယ်ချင်းတွေအားလုံးကို ဆုံစေချင်တော့ သီးသန့်ဖိတ်စာရိုက်ပြီးဝေပါတယ်။
သူက လုပ်ငန်းရှင်တစ်ဦးဖြစ်တော့ မိတ်ဆွေပေါ ပါတယ်။
အဲတော့ သူ့ဆွမ်းကျွေးမှာက ဖိတ်ထားတဲ့ဧည့်သည်ကလဲအတော်လေးကိုများပါတယ်။ အိမ်ရှေ့ခြံဝင်းထဲမှာ စားပွဲတွေခင်း၊
အိမ်အောက်ထပ်မှာလဲစားပွဲတွေခင်း၊လို့ဧည့်ခံဘို့ပြင်ထားပါတယ်။
အိမ်အပေါ်ထပ်မှာတော့ ထုံးစံအတိုင်း ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အတော်ကိုရင်းနှီးတဲ့
မိတ်ဟာင်းဆွေဟောင်းတွေအတွက်လို့သတ်မှတ်ထားပါတယ်။
အဲဒီနေ့မှာကျနော်တို့ငယ်သူငယ်ချင်းတွေလဲဆုံကြတော့ တဟေးဟေးတဟားဟားနဲ့ပေါ့။
ကျနော်တို့စကားပြောနေကြရင်းက အားလုံးကမျှော်နေတဲ့သူငယ်ချင်းတစ်ယောက်ကတော့
ပေါ်မလာသေးပါဘူး၊
အုပ်ချုပ်မှူ့အပိုင်းမှာ အတော်လေးရာထူးမြင့်မြင့်မှာ လက်ရှိအချိန်
တာဝန်ထမ်းဆောင်နေသူပေါက်ရောက်သူပေါ့။
အားလုံးက မလာသေးဘူးလား မလာ သေးဘူးလားမေးမျှော်မျှော်နေပါတယ်။
အတော်လေးနေတော့ တစ်ယောက် က သူ့ဟန်းဖုန်းကိုလှမ်းဆက်တော့မှ
“ရောက်နေပြီ………အောက်ကခြံထဲမှာ စားနေပြီ”လို့သိတာနဲ့သူကို့
ဆင်းပြီး အပေါ်ထပ်ကိုခေါ်လာခဲ့ရပါတယ်။
သူငယ်ချင်းကလဲ ဧည့်ခံတဲ့ကလေးတွေကိုဆူတာပေါ့။
သူဝတ်စားထားတာကလဲ သူ့ရုံးက ယူနီဖောင်းခပ်နွမ်းနွမ်း။
ကားကလဲ ဟိုးခပ်ဝေးဝေးမှာရပ်ထားပြီးလမ်းလျှောက်လာတော့ ဧည့်ခံတဲ့ကလေးတွေက
လဲသူ အရာရှိကြီးမှန်းဘယ်သိမလဲနော်။
အဲဒီအခါ သူက ကျနော်သူငယ်ချင်းကို
“ခလေးတွေကို မဆူပါနဲ့ဟ။
မင်းကလဲ ငါ့ဖိတ်တုံးက အိမ်ပေါ်မှာဧည့်ခံပါ့မယ်လို့ ဖိတ်စာထဲ ထည့်ရေးထားတာမှ မဟုတ်တာ။
သတိတရနဲ့ဖိ်တ်တာကိိုဘဲ ကျေးဇူးတင်တယ်ကွာ။
မိတ်ဟောင်းဆွေဟောင်းဆိုတာ အခုလိုသာရေးနာရေး ရှိမှ ဆုံကြရတာကွ”လို့ခပ်အေးအေးပြောပြီး
အောက်ကနေသယ်လာတဲ့ စားလက်စ ဒန်ပေါက်ကို ဆက်စား ရင်း ကျနော်တို့သူငယ်ချင်းတွေနဲ့ရှေးဟောင်းနှောင်းဖြစ်ရောက်တတ်ရာရာ ပြောနေပါတယ်။
အတော်လေးကြာမှသူရုံးသွားရအုံးမယ်ဆိုပြီး အားလုံးကိုနုတ်ဆက်လို့ပြန်သွားပါတယ်။
အဲဒီဆွမ်းကျွေးကနေအိမ်ပြန်ရောက်မှ နေ့လည်က အဖြစ်အပျက်ကိုပြန်တွေးမိပါတယ်။
သူကတော့ သူ့ကို မသိလို့ ကြိုသူမရှိတာ နေရာကောင်းကောင်းမှာဧည့်မခံတာကို စိတ်ထဲမှာ
အမှတ်မထား။
ကျနော်ကတော့ ကိုယ့်ကို ဧည့်ဝတ်မကျေတာ မကြိုဆိုတာလေးကိုဘဲ အပြစ်ကြီးတခုလို ကိုယ့်ကိုဘဲစော်ကားတာလိုလိုခံစားလို့ မာမာတင်းတင်းတုန့်ပြန့်ခဲ့မိပါတယ်။
ပြန်တွေးတော့ ရှက်မိပါတယ်။
အဲဒီကစလို့ သာရေးနာရေးတွေသွားရင် ဧည့်ခံတာ ဧည့်ဝတ်ကျေ ကျေ မကျေကျေ
ကိုယ်အဆင်ပြေသလိုနေတတ်အောင် ကိုယ်မိတ်ဆွေရှိမရှိကိုယ်ဘာသာကိုယ်ရှာပြီးထိုင်တတ်တဲ့
အလေ့အကျင့်လေးကို မွေးယူရပါတယ်။
မွေးသာမွေးယူရတာ ခက်တော့ အတော်ခက်ပါတယ်။
မင်္ဂလာဆောင်ခန်းမထဲမှာ ဆွမ်းကျွေးတဲ့ကျောင်းမှာ ကျီးကန်းတောင်းမှောက်နဲ့
အသိရှာရတာ ထိုင်စရာရှာရတာ ကြောင်တော့ အတော်လေးကြောင်ပါတယ်။
ဒါပေမယ့်လည်းနောက် အလေ့အကျင့် ရသွားေတော့ သိန်းငှက်အစာရှာသလို လွတ်နေတဲ့
ထိုင်စရာနေရာကို တန်းခနဲမြင်လို့ဂွမ်းကနဲသွားထိုင်ချလို်က်နိုင်တာပါဘဲ။
%%%%%%%%%%%%% %%%%%%%%%%% %%%%%%%%%%%%%%
အဲဒါလေးကိုပြန်တွေးမိတော့ ကားမောင်းနေတဲ့ကိုချောကို ဘေးမှာထားပြီး တစ်ယောက်ထဲပြုံးနေမိပါတယ်။
အဲဒီတုန်းက ကိုချောကို ဒီအကြောင်းမပြောပြလိုက်ရလို့ အခုမှ သတိတရနဲ့ပြန်ပြောပြတာပါဗျာ။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(25-1-2012)
21 comments
ကိုပေါက်(မန္တလေး)
January 25, 2012 at 6:04 pm
မင်္ဂလာဆောင်အကြောင်းတော့ ထပ်သွားမယ်ဗျာ။
ဒါပေမယ့်ကိုချောနဲ့သွားရင်းတွေးမိတာလေးကို ပြန်ရေးပြမိတာပါ။
နောက်ဖတ်ရင်းနဲ့ မတူတဲ့အမြင်တွေ အတွေးတွေထွက်လာမယ်ထင်မိလို့လဲ တင်ပေးလိုက်တာပါ။
စိန်ပေါက်ပေါက်
January 25, 2012 at 6:58 pm
အူးပေါက်လိုပဲ
လူတိုင်း အမြင်မှန်ရစေချင်ပါ၏…
ကျနော်လဲ နောက်ခါ နေရာမရလို ့..နေရာမပေးလို့ ဆိုပြီးစိတ်မကောက်တော့ဘူး
အူးပေါက်ပြောသလို လွတ်တဲ့နေရာပြေးဝင်ပြီး ရှိတာကို အရင်တွယ်ပစ်လိုက်မယ်ဗျာ
တစ်ဝိုင်းပြီး တစ်ဝိုင်း လွတ်တာနဲ ့ကို တွယ်ပစ်ဦးမယ်
MaMa
January 25, 2012 at 8:01 pm
ကိုပေါက်ရေ-
တောသားနဲ့ မြို့သား ကွာတာပဲလားတော့ မသိဘူး။
တောမှာ ပွဲတွေလမ်းတွေ လုပ်ရင် တမြို့လုံးက မိတ်ဆွေတွေ ခင်မင်သူတွေချည်းပဲဆိုတော့ အလှူ့ရှင်ရော၊ အလှူလာသူတွေရော အချင်းချင်း ရင်းရင်းနှီးနှီး ပြောဆိုစားသောက်ကြရတာ ပျော်စရာပါ။
မြို့ရောက်တော့ လူမှုဆက်ဆံရေးက တမျိုးပြောင်းသွားတယ်။
အလှူလာသူအချင်းချင်းလည်း သိချင်မှ သိတယ်။
အလှူ့ရှင်ကလည်း အများကို ဧည့်ခံရတာဆိုတော့ ကိုယ့်ဆီကို တခါလောက်မျက်နှာပြပြီးရင် ပြန်တဲ့အထိ တွေ့ချင်မှ တွေ့ရတော့တာ။
တခါတလေဆိုရင် ကိုယ်ရောက်သွားတဲ့အခါ အလှူ့ရှင်ကိုမတွေ့၊
ဧည့်သည်ထဲမှာလည်း ကိုယ်သိတဲ့လူ မတွေ့
ကြောင်တောင်တောင်နဲ့ ပြန်ပဲပြန်ရမလား၊
ဆက်ပဲဝင်ထိုင်ပြီး စားရမှာလားမသိပဲ တော်တော်စိတ်ညစ်ဖို့ကောင်းတယ်။
အဲဒီလိုနဲ့ အလှူတွေ၊ မင်္ဂလာဆောင်တွေ သွားရမှာ အရမ်းကြောက်တယ်။
ဒါပေမယ့် ကိုယ်ကိုယ်တိုင် အလှူလုပ်တဲ့အခါလည်း ဧည့်ဝတ်ကျေဖို့ ထောင့်စေ့ဖို့ဆိုတာ မလွယ်မှန်းသိလာတော့
နောက်ပိုင်း ဖိတ်ရင်သွား၊ အလှူ့ရှင်တွေ့တွေ့ မတွေ့တွေ့ ဝင်သာစားတော့တာပဲ။ 😀
windtalker
January 25, 2012 at 8:32 pm
ကောင်းလိုက်တဲ့ ပို ့စ်ဗျာ
ဟုတ်တယ်နော်
မင်္ဂလာဆောင်အခမ်းအနား ဆိုတာ
ပွဲလုပ်သူတွေ အသုံးမကျရင်
ိဖိတ်ထားတဲ့ ပရိသတ် ကို
စော်ကားသလို ပါဘဲလား ဆိုတာ
သိသွားရပါတယ် ဗျို ့
ကိုပေါက်(မန္တလေး)
January 25, 2012 at 10:23 pm
တစ်ချို့ကလည်းအဲလို ဧည့်ဝတ်မကျေမှာစိုးလို့ဆိုပြီး
……………………………….
ဦးဦးပါလေရာ
January 25, 2012 at 10:44 pm
ရန်ကုန်မင်္ဂလာဆောင်တွေကတော့ အစီအစဉ်သဘောကိုက
ဧည့်သည်ကို ဧည့်ခံနိုင်ဘို့ အချိန်လဲမရ အဆင်လဲမပြေပါဘူး။
ဖိတ်ထားတဲ့သူတွေလာမလာကိုတောင် ဗီဒီယိုထဲ ဓါတ်ပုံထဲကြည့်ပြီးမှ သိရတာမျိုးပါ။
ဒါကြောင့် ကျုပ်တော့ အဖေါ်မပါဘဲ မင်္ဂလာဆောင်သွားရရင် ကိုယ့်ဝိုင်းဓါတ်ပုံရိုက်ပြီးတာနဲ့
အသာလေးထပြန်ခဲ့တာမနည်းဘူး။
တောသားပီပီ အလှူလုပ်သလိုမျိုးဧည့်ခံတဲ့ မင်္ဂလာဆွမ်းကျွေးမျိုးကိုပဲ သဘောကျမိတယ်။
unclegyi1974
January 25, 2012 at 11:28 pm
ဒီလိုအခါမျိုးမှာဒီလိုမျိုးဖြစ်တတ်ပါတယ်ကိုပေါက်ရယ်
ဒီလိိုအချိန်သူတို့ကအနည်းစု
လာတဲ့လူကအများစုဆိုတော့ဖြစ်တတ်ပါတယ်
စိတ်ဆိုးလို့ဘယ်ဖြစ်မလဲ
စိတ်လျော့စိတ်လျော့..
Khin Latt
January 26, 2012 at 6:38 am
ကိုပေါက် ကြည့်ရတာ လမ်းပေါ်မှာချည်းဘဲ။
ရန်ကုန်လာတယ်။ မန်းလေး ပြန်တယ်။ နေပြည်တော်ကို ကြွတယ်။ မန်းလေး ပြန်တယ်။ ရန်ကုန်လာတယ်။
😉
~~~ သိန်းငှက်အစာရှာသလို လွတ်နေတဲ့ ထိုင်စရာနေရာကို တန်းခနဲမြင်လို့ဂွမ်းကနဲ သွားထိုင်ချ လို်က်နိုင် တာပါဘဲ။ ~~~~
မျက်စိထဲ မြင်ကြည့်လိုက်ပါ၏။ မြည်သံစွဲ အလင်္ကာပါ ပါလို့ အသံတောင် ကြားယောင် လိုက်သေး။
အချုပ်ကတော့ – “ငါဖြုတ်နိုင်လေ၊ စိတ်အေးလေ” လို့ဆိုရမလားဘဲ။ 🙂
water-melon
January 26, 2012 at 7:36 am
လေးပေါက်ရေ
တရုတ်တွေ မင်္ဂလာဆောင်တာနဲ့ပက်သတ်ပြီးပြောပြရအုန်းမယ်
မှတ်မှတ်ရရ လမ်း၈ဝ ယူနန်ဘုံကျောင်းမှာ တရုတ်အသိတစ်ယောက်မင်္ဂလာဆောင်တော့
ကျွန်တော်ကတော့ မြန်မာလိုဧည့်ခံမယ်ထင်တာပေါ့။
သူတို့က စားပွဲတစ်ပွဲကို လူ၁ဝ သတ်မှတ်ရင် ၁ဝ ပြည့်မှ လာချတာ
ကျွန်တော်တို့ ဝိုင်းကတော့ ၁ဝ မပြည့်လို့ ဗိုက်ဆာလို့ရေသောက်နေရတယ်
ကျွန်တော့် မင်္ဂလာဆောင်ကြရင် မဖြစ်အောင် သတိထားရမယ်
လောလောဆယ်တော့ ရည်းစားမရှိသေးလို့ ရှာပေးပါလား လေးပေါက် 😆
Diamond Key
January 26, 2012 at 10:05 am
ရှေးတုန်းကတော့ “ဇတ်သမားပြန်ရင် မှတ်သားစရာကျန်တယ် ဆိုပြီးပြောကြတယ်”။
ခုတော့ လေးပေါက် ပွဲ (အလှု၊ မင်္ဂလာဆောင်) ကပြန်ရင် ရေးစရာတွေ ကျန်တယ်ဖြစ်နေပြီ။ 😛
ရေးပြတာလေးကောင်းလိုက်တာ.. တန်းကနဲကို မြင်ရသလိုပဲ..ဂွမ်းကနဲ ထိုင်ချ လို်က်ပုံများ ….
Moe Z
January 26, 2012 at 10:19 am
ဟုတ်တယ်ကိုစိန်သော့ရဲ့ မိုးစက်လည်းအဲဒီပုံကိုတန်းမြင်တယ်
ဂွမ်းဆိုတဲ့မြည်သံစွဲ အလင်္ကာက ပုဆိုးကွဲသံလားဆိုပြီးစိတ်ပူသွားသေးတယ်
တော်သေး၏ မဟုတ်လို့ 😀 😀
kyeemite
January 26, 2012 at 10:42 am
ပြောရရင်တော့ဗျာ ရန်ကုန်မင်္ဂလာဆောင်တွေကအားလုံးအတူတူပါဘဲ..ပြင်ဆင်တာက တစ်ကယ်ဧည့်
ခံချိန်ထက်များနေတယ်ဗျ..ဒါကြောင့် ကြောင်မနေရအောင်အဖေါ် စပ်ပီးမှသွားတာများတယ်..ကိုပေါက်ပြောသလို…….
သာရေးနာရေးတွေသွားရင် ဧည့်ခံတာ ဧည့်ဝတ်ကျေ ကျေ မကျေကျေ
ကိုယ်အဆင်ပြေသလိုနေတတ်အောင် ကိုယ်မိတ်ဆွေရှိမရှိကိုယ်ဘာသာကိုယ်ရှာပြီးထိုင်တတ်တဲ့
အလေ့အကျင့်လေးကို မွေးယူရပါတယ်။
ကြာတော့လဲအလေ့အကျင့်ဖြစ်နေပါပီ….
ကြောင်ကြီး
January 26, 2012 at 12:11 pm
သကျားရှဲရှဲ
အစားတဖြဲ
အသားမဲမဲ
မနားသရဲ…။
ကိုပေါက်(မန္တလေး)
January 26, 2012 at 1:19 pm
သရဲကလဲ မနား
မမဲတဲ့ အသားနဲ့
တဖြဲနှစ်ဖြဲလဲမစား
ဒါပေမယ့်
ရှဲ့ရှဲ့ သကျား………………..
etone
January 26, 2012 at 3:54 pm
ဟုတ်ပါတယ် လေးပေါက်ရေ .. အလှူတို့ မင်္ဂလာဆောင်တို့ဆိုလျှင် တစ်ခါတစ်လေ … ဧည့်သည်များတဲ့အခါ မကြိုဆို မဧည့်ခံမိသလို ဖြစ်သွားတတ်တယ် … ။ အရင်ကဆို သမီးလည်း .. အရမ်းဒေါကီးတာ … တစ်ယောက်တည်း မင်္ဂလာဆောင်တို့ အလှူတို့သွားရတဲ့အခါမှာပေါ့ … ။တောင်ကြည့်မြောက်ကြည့်ကြောင်တောင်တောင်နဲ့ . လာမိတာ မှားလေးခြင်းလို့ နောင်တတွေ ရရော … ။
အခုတော့ ဘယ်သွားသွားနှစ်ယောက်ဆိုတော့ …. သူများအနားလာပြီး ဧည့်မခံလည်းနေ … နှစ်ယောက်တည်း ရေပက်မဝင်အောင် စကားပြောလိုက် စားလိုက်နဲ့ … အဆင်ကိုပြေလို့ … ။ 😛 😛
လင်းဝေ
January 26, 2012 at 4:11 pm
မဒမ်ပေါက် ကို ဖတ်တာ ဘယ်က ဒမ်ပေါက်ကြိုက်တဲ့ အမျိုးသမီးကို မ-ဒမ်ပေါက် လိုက် အမည်တပ်ပေးထားတာပါလိမ့်လို့။
ဟုတ်ပ ကိုပေါက်ရေ…. တစ်ချို့တစ်ချို့တွေအတွက် အချို့က အရေးပါပြီး အချို့က ပွဲစည်အောင် အဖြည့်ခံပဲလေ။ ဒါကြောင့် ကိုယ်က သူ့တို့အတွက် သာမန်ဆိုရင်တော့ သာမန်ပဲပေါ့လေ။ ကိုပေါက်လိုပဲ အဆင်ပြေသလို ထိုင်ပြီး အဆင်ပြေသလိုပဲ ပြန်တတ်ရတော့တာပေါ့လေ။
အဲ အလှူ ကျပြန်တော့ တစ်မျိုးဗျ။ လှူတာမို့ အလှူရှင်ကလည်း ပြုံးပျော်ပြီး အားလုံးကို ဂရုစိုက်တယ်၊
မင်္ဂလာဆောင် ပရိုတိုကော နဲ့ အလှူ ပရိုတိုကော ကမတူဘူးထင်တယ်။
jujuma
January 26, 2012 at 4:59 pm
ဟုတ်တယ်ဗျ….တချို့အလှူရှင်တွေက လူတိုင်းကိုတော့ ဘယ်လိုက်ပီး ဧည့်ခံနိုင်မလဲနော်..
နားလည်ပေးနိုင်ကြပါစေ ဗျာ ..
juma တို့ကတော့ အမြဲတမ်း ဖြစ်နေတော့ ကိုယ်ဧည့်ခံ ရမယ်ဆို သိသိမသိသိ ခေါ်လိုက်တာပဲ
ကိုက သွားရင်လဲ သိသိမသိသိ ရယ်ပြလိုက်တာပဲ…
အချီးနှီးတော့ ဖြစ်ပါဘူး..သိချင်ယောင်ဆောင်ပီးခေါ်လိုက်ရတာပေါ့..ဟဲဟဲ
aungnng87
January 26, 2012 at 5:27 pm
ဟုတ်တယ်ကိုပေါက်ရေ… များတို့ဆိုဧည့်ဝတ်မကျေမှာဆိုးလို့အလှူတခါမှမလုပ်ဘူး။ ဟဲဟဲ…..အမှန်ကအပင်ပန်းမခံနိုင်လို့….ဒါမျိုးတွေကရန်ကုန်မှာကြုံဘူးနေကြ…ရိုးနေပြီ..ဒါကြောင့်အလှူသွားရင်ကိုယ့်အနီးအနားမှာရှိတဲ့သူကိုမိတ်ဖွဲ့ပလိုက်တယ်။ ပြီးတော့မှ ဆိုတီးလေး…..ကိုယ့်အချင်းချင်းအပေးအယူမျှပြီး အလှူရှင်မလိုတော့ဘူး။ ဒါမျိုး…..
TTNU
January 26, 2012 at 6:24 pm
ကိုပေါက်ရေ…
ကိုပေါက်ပြောတဲ့(ကျနော်ကတော့ ကိုယ့်ကို ဧည့်ဝတ်မကျေတာ မကြိုဆိုတာလေးကိုဘဲ
အပြစ်ကြီးတခုလို ကိုယ့်ကိုဘဲစော်ကားတာလိုလိုခံစားလို့ မာမာတင်းတင်းတုန့်ပြန့်ခဲ့မိပါတယ်။
ပြန်တွေးတော့ ရှက်မိပါတယ်။)
ဒီနေရာလေးကို ဘဝင်ကျလိုက်တာ။ ဟုတ်တယ်နော်၊ အစမှာ မာနကြီးလိုက်မိတတ်ကြတယ်။
ပြီးတော့လည်း ” သူအလွန်.. ကိုယ်အမှားတွေ” ဖြစ်သွားမိပါလေရော။
မောင်လူကလေးတော်တယ်ကွယ်။
ကိုပေါက်(မန္တလေး)
January 26, 2012 at 6:25 pm
(ရှေးတုန်းကတော့ “ဇတ်သမားပြန်ရင် မှတ်သားစရာကျန်တယ် ဆိုပြီးပြောကြတယ်”။
ခုတော့ လေးပေါက် ပွဲ (အလှု၊ မင်္ဂလာဆောင်) ကပြန်ရင် ရေးစရာတွေ ကျန်တယ်ဖြစ်နေပြီ။ 🙂
ဒီလိုဘဲလုပ်စားရတာပေါ့ ကိုသော့ရေ
ကိုပေါက်(မန္တလေး)
January 26, 2012 at 6:33 pm
မောင်လူကလေးတော်တယ်ကွယ်။
သိပ်မချီးကျူးနဲ့မာမီ အဲလိုအသိတရားလေးဝင်လာတာဘာမှမကြာသေးဘူး။
အပြင်က ကိုပေါက်က ခပ်ဆိုးဆိုး ပါမာမီရေ။