ကျွန်တော်နဲ့ လမ်းဘေးဈေးသည်များ
ဒီကိစ္စက ပြောချင်တာတော့ ကြာပြီ။ ဘယ်လို ပုံစံပြောရမလဲ စဉ်းစားနေတာ။
ဒီလိုပါ။
မနေ့ညက ၃၁-၁-၂၀၁၂ ရက် ညကပေါ့။ အချိန်က ညသန်းခေါင်ကြီး ၁၂နာရီကျော်ကျော်လောက်မှာပါ။ ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ညကြီးမင်းကြီး ဆိုတဲ့ အတိုင်း လူတွေ အိပ်ချိန်၊ မအိပ်သေးတဲ့ လူတွေက ထုံးစံအတိုင်း လမ်းဘေးက လက်ဖက်ရည်ဆိုင်လေးတွေ၊ ထမင်းကြော်ဆိုင်လေးတွေမှာ ထိုင်ကာ စားရင်းသောက်ရင်း၊ စကားတွေ ပြောကြ၊ ဆွေးနွေးကြပေါ့။ ရန်ကုန်မှာကလည်း ညသန်းခေါင် ဗိုက်ဆာရင် ဒီလမ်းဘေးဈေးဆိုင်တွေပဲ အားကိုးရတာ မဟုတ်လားဗျ။ ဈေးနှုန်းအရလည်း မဆိုးဘူး။ ဆိုင်ကြီးတွေမှာ လေးငါးထောင်ကနေ တစ်သောင်းလောက် အကုန်ခံစားဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မလဲဗျ။ ကျုပ်တို့ရတဲ့ လစာလေးတွေနဲ့။ ဒီလိုပါပဲဗျာ ထားလိုက်ပါတော့။ ကျွန်တော်တို့ လူလတ်တန်းစားခေါ်မလား၊ အဲလိုလူတန်းစားတွေတောင် အမြဲချောင်ချောင်လည်လည် နေရ စားရတယ်လို့ မရှိပါဘူး။ အဲတော့လည်း ဒီလို လမ်းဘေးက ဈေးဆိုင်လေးမှာ စားရတော့တာပေါ့။ ထမင်းဆီစမ်းနဲ့ ကြက်ဥမွှေကြော် တစ်ပွဲကို ငါးရာ၊ တစ်ချို့ဆိုင် ခြောက်ရာနဲ့ အရသာလည်း မဆိုးဘူး၊ ဈေးနှုန်းလည်း မဆိုးဘူး။
ပြောချင်တာက ညက ကျွန်တော်တို့တတွေ ၃၅လမ်းထောင့်က လမ်းဘေးဆိုင်လေးမှာ ထိုင်နေတုန်း ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ (အားလုံး ဆယ်စီးလောက်ရှိမယ်) ရောက်လာပါလေရော။ ဘာတွေလဲ သိလား။ ရဲတွေနဲ့ စည်ပင်တွေပါ။ လမ်းလေးဆိုင်တွေကို လိုက်ဖမ်းတဲ့ စည်ပင်တွေပေါ့။ အားလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ဈေးသည်တွေလည်း ပြာယာခတ်လို့။ အဲဒီအချိန်မှာပဲ ကားပေါ်က စည်ပင်တွေ၊ ရဲတွေက ဝုန်းဆို အများကြီးပဲ ဆင်းလာပြီး လမ်းဘေးဈေးသည်တွေရဲ့ ပစ္စည်းတွေ သိမ်းကြတယ်။ ဖမ်းဆီးကြတယ်။
သူတို့ဖမ်းနေကျအချိန်လည်း မဟုတ်တော့ ဈေးသည်တွေကလည်း ဘာမှ ကြိုတင်မပြင်ဆင်လိုက်ကြဘူးနဲ့ တူပါတယ်ဗျာ။ အဖမ်းခံရတဲ့ ဈေးသည်တွေကို ကြည့်ပြန်တော့ ဘာမှ မတတ်နိုင်တဲ့ မျက်နှာလေးတွေနဲ့ တစ်ဖက်မှာလည်း မကျေနပ်ကြဘူးပေါ့။ သူတို့ဘဝမှာ ဒါတွေက ရိုးသင့်သလောက်တော့ ရိုးနေလောက်ပေမယ့် ဒီလို အကြမ်းကြီးဖမ်းတဲ့ ပုံစံမျိုးတော့ ကြုံဖူးသေးဟန်မတူဘူး။ အကုန်လုံးက ဘာပြောရမှန်း မသိ။ ဘာလုပ်ရမှန်းမသိနဲ့။
ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်ပါ။ ဒီလို လမ်းဘေးဈေးသည်တွေမှာ ထိုင်နေကျဆိုတော့ ဆိုင်ရှင်တွေနဲ့လည်း အတော်အတန် ရင်းနှီးနေပါပြီ။ ဒီတော့ သူတို့ဘက်က ကျွန်တော် စိတ်တိုမကျေနပ်ဖြစ်မိတာ အမှန်။ မကျေနပ်လို့ကော ကျွန်တော် ဘာလုပ်နိုင်မှာလဲဗျ။ ဝတ္တရားနှောင့်ယှက်မှုနဲ့တောင် ကျွန်တော့်ကို တရားစွဲလို့ ရတာကိုးဗျ။ ဒီတော့ ကျွန်တော် စိတ်မကောင်းစွာနဲ့ ကြည့်နေရတော့တယ်။
တစ်ဖက်က ပြန်ကြည့်ပြန်တော့ စည်ပင်သာယာနဲ့ ရဲတွေဟာ သူတို့ လုပ်ချင်လွန်းလို့ လုပ်ကြတာလား။ သူတို့နဲ့ လမ်းဘေးဈေးသည်တွေနဲ့ ရန်ငြိုးရန်စရှိလို့ ပြန်ဖမ်းနေတာလား။ အနိုင်ကျင့်နေတာလား။ မဟုတ်ပါဘူး။ အဲလို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
သူတို့ အမြဲပြောတာက သူတို့ဟာ တာဝန်အရလုပ်တာပါတဲ့။ ဒါဟာ ဝန်ထမ်းတွေ တော်တော်များများရဲ့ လက်သုံးစကားမို့ ခင်ဗျားတို့လည်း ကြားဖူးကြလိမ့်မယ်ထင်တယ်။ ကျွန်တော် စဉ်းစားကြည့်မိတယ်။ အဲဒီ စကားကို ကျွန်တော်တော့ သိပ်မနှစ်သက်လှဘူး။ တာဝန်အရ လုပ်တယ်ဆိုတဲ့ စကားကိုက တာဝန်ပေးတိုင်း အကုန် လိုက်လုပ်မယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ ပေးလိုက်တဲ့ တာဝန်ဟာ ကောင်းတာကို လုပ်ခိုင်းတာလား၊ ဆိုးတာကို လုပ်ခိုင်းတာလား ဆိုတာ မစဉ်းစားတော့ဘူးလို့ သဘောသက်ရောက်နေတယ်။ ပြီးတော့ တာဝန်ကို တာဝန်အတိုင်းပဲ လုပ်မယ်။ ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းကို မရွေးတော့ဘူးလို့လဲ သဘောပါနေတယ်။
ဒီတော့ ဘာတွေဖြစ်လာသလဲ။
ဖမ်းဆိုတဲ့ တာဝန်ကြီးကို သူတို့ သယ်လာတယ်။ ဖမ်းတယ်လေ။ မဖွင့်ရမယ့် နေရာမှာ ဈေးဆိုင်တွေ ဖွင့်ရင် ဖမ်းမယ်။ မှန်ပါတယ်။ ဒီအထိ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေဟာ ရိုင်းစိုင်းစွာ ဖမ်းပါလို့တော့ တာဝန်ပေးလိုက်မယ် မထင်ဘူး။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ မခါးရအောင်ဆိုတဲ့ ကလေးတုန်းက ကဗျာကို သူတို့ ကျော်ဖတ်ခဲ့ပုံရပါတယ်။
မနေ့ညကတော့ ဆဲဆိုသံတွေကြားခဲ့ရတယ်။ စားပွဲခုံတွေနဲ့ ထိုင်ခုံတွေကို ခြေထောက်နဲ့ ကန်တယ်ဗျာ။ ထီးတွေကို လဲချပစ်တယ်။ ပန်းကန်တွေဆိုတာ ကွဲလို့ကွဲ။ ဒီကြားထဲ ကျွန်တော်သေချာ စပ်စုကြည့်တော့ သူတို့ထဲက တစ်ချို့ဝန်ထမ်းတွေက (တစ်ချို့ပဲနော်) အရက်မူးလာတဲ့ ပုံစံတွေ။ မျက်လုံးကြီးတွေက နီရဲလို့။ ဪ.. တာဝန်အရလုပ်တယ်ဆိုရင် တာဝန်ချိန်မှာ အရက်မူးလာလို့ ရပါသလား။ ပြီးတော့ သူတို့တွေဟာ သာမန်ဝန်ထမ်းတွေလား။ မဟုတ်ပါဘူး။ တိုင်းပြည်ကို လှပသာယာအောင်၊ စည်းကမ်းရှိအောင် လုပ်ဆောင်ကြမယ့် ဝန်ထမ်းတွေက တာဝန်ချိန်မှာ အရက်သောက်နေရင်ဖြင့် ….။ အင်း။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ရင်လေးစရာ။
ပြီးတော့ လမ်းဘေးက ဆိုင်လေးတွေကို ဖမ်းဖို့အတွက် သူတို့ကို သူတို့ cover ယူတဲ့ အနေနဲ့ အင်အားပြရဲတွေနဲ့ စည်ပင်တွေက အယောက် ၁၀ဝ နီးပါး၊ ကားတွေက ဆယ်စီးလောက်နဲ့ ဆိုတော့။ စဉ်းစားကြည့်၊ ညသန်းခေါင်ကြီးမှာ အော်ကြီးဟစ်ကျယ်နဲ့ ဆဲဆို၊ ကြိမ်းမောင်း၊ ရိုင်းစိုင်းစွာ ဆက်ဆံကြ။ သူတို့ပုံစံက သူတို့ပိုင်ဆိုင်တဲ့ အိမ်ထဲကို သူခိုးတစ်ယောက်ကျူးကျော်ဝင်လာလို့ ဒေါသထွက်နေတဲ့ ပုံစံထက် ပိုဆိုးနေတယ်။ ဒါဟာ ဖြစ်သင့်ပါသလား။ ဖြစ်သင့်ပါသလား။ ကျွန်တော် စဉ်းစားရပြီပေါ့။
တိုင်းပြည်ပဲဖြစ်ဖြစ်၊ မြို့ပဲ ဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီဆိုရင် စည်းကမ်းဆိုတာတော့ ရှိရပါတယ်။ တိုင်းပြည်အထိရောက်လာတော့ ပိုအရေးကြီးတာ တရားဥပဒေပေါ့။ ဒီစကားလုံးကိုပဲ သေချာပြန်စဉ်းစားကြည့်တော့ တရားဥပဒေနော်။ မတရားတဲ့ ဥပဒေ မဟုတ်ဘူး။ တရားတယ်ဆိုတာ မှန်ကန်တာ၊ မျှတတာ၊ သင့်လျော်တာ၊ ဖြောင့်မတ်တာ။ တစ်ခါ တရားဥပဒေ စိုးမိုးဖို့ မတရားစွာ အကောင်အထည်ဖေါ်လို့ မရဘူးဆိုတာ သူတို့ သိသင့်တယ်။
အခုတော့ သူတို့ဟာ တရားဥပဒေစိုးမိုးဖို့ မတရားစွာ အကောင်အထည်ဖေါ်နေသလိုပဲ။
Law and Order ဆိုတဲ့ စကားရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘယ်လိုဘယ်ပုံနဲ့ စိုးမိုးအောင် လုပ်ကြမှာလဲ။ Law-abiding ဆိုတဲ့ တရားဥပဒေဘောင်အတွင်းကပဲ တရားဥပဒေကို စိုးမိုးအောင် လုပ်လို့ ရပါတယ်။ တရားဥပဒေကို Out of Law ကနေ စိုးမိုးအောင် လုပ်လို့ ရပါသလား။
Rules and Regulation ဆိုတဲ့ စကားလုံးလည်း ရှိတယ်။ ဘာကြောင့် Rules ရဲ့ နောက်မှာ Regulation ထည့်ထားပါသလဲ။ စည်းကမ်းရဲ့ နောက်မှာ regulation ဆိုတဲ့ စည်းမျဉ်းဆိုတာရှိပါတယ်။ စည်းမျဉ်းဆိုတဲ့ regulation ကို ပုံမှန်အတိုင်းဖြစ်တည်ခြင်းလို့လဲ ဘာသာပြန်လို့ ရပါတယ်။ ပုံမှန်အတိုင်းဖြစ်တည်တာပါ။ ပုံမှန်နဲ့ သဘာဝနဲ့ သွေဖီပြီး စည်းမျဉ်းကို ရေးဆွဲလို့ မရပါဘူး။
စည်းကမ်းရှိဖို့ အကောင်အထည်ဖေါ်ဆောင်တဲ့ သူတွေကိုယ်တိုင်က စည်းကမ်းရှိပြရပါမယ်။ စည်းကမ်းကို စည်မျဉ်းအတွင်းက အကောင်အထည်ဖေါ်ရပါမယ်။
ကျွန်တော်ကတော့ ဖြစ်နိုင်ရင်၊ မေးပိုင်ခွင့်ရှိရင် မေးချင်ပါတယ်။
ခင်ဗျားတို့ ဘာလို့ဖမ်းတာလဲ။
“လူတွေကို စည်းကမ်းရှိစေချင်လို့ ဖမ်းတာလား။
ဒါမှမဟုတ်
ခင်ဗျားတို့ ချမှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာလို့ ဖမ်းနေတာလား” လို့။
ဒီမေးခွန်း နှစ်ခုကို သူတို့ ကွဲပြားသင့်ပါတယ်။ စည်းကမ်းရှိစေချင်တယ်ဆိုတာ စေတနာသဘော၊ မေတ္တာသဘောပါ။ လူတွေကို စည်းကမ်းရှိရှိနဲ့ ဘဝကို ဖြတ်သန်းစေချင်တာပါ။ သိပ်ကောင်းတဲ့ အမူအကျင့်လေးပါ။
ဒါပေမယ့် ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေက အဲလို မဟုတ်ခဲ့ဘူး။ ညဉ့်နက်သန်းခေါင်ကြီး၊ အချိန်မတော်ကြီးမှာ လူတွေ အားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ အိပ်နေသူတွေလည်း ဝုန်း၊ ဒိုင်းအသံတွေ ကြားတော့ လန့်နို်းလာကြ။ လာဖမ်းတာက မှုခင်းတစ်ခုခုကို လာဖမ်းသလို၊ (ဥပမာ၊ မူးယစ်ဆေးဝါးမှုခင်းတစ်ခုကို လာဖမ်းသလို)။ ဖမ်းတယ်ဆိုရင် ဆဲဆိုပြီး၊ ရိုင်းစိုင်းပြီးပဲ ဖမ်းရမယ်လို့ ပြဌာန်းထားတဲ့ ပုံစံမျိုးတွေနဲ့။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ဘာကြောင့်လဲ။ အဖြေက ရှင်းပါတယ်။ သူတို့ ချမှတ်ထားတဲ့ စည်းကမ်းကို ချိုးဖေါက်လို့ သူတို့ စိတ်တိုနေတာ။ လူတွေကို စည်းကမ်းရှိစေချင်လို့ စံပြဖမ်းပြနေတာ မဟုတ်ဘူး။ အဆိုးဆုံးက သူတို့မဖမ်းတဲ့ ဆိုင်တွေ တစ်ချို့ကိုတော့ ချန်လှပ်ထားခဲ့တာပဲ။ အဂတိလိုက်စားခြင်းဆိုတာ အခြေခံအားဖြင့် အမြစ်ကနေ နှုတ်ယူပြီးမှ တိုင်းပြည်ကို ဆက်လက် တည်ဆောက်လို့ ရပါမယ်။
ကျွန်တော် နောက်ဆုံးစဉ်းစားမိတာလေး တစ်ခုရှိပါတယ်။
Rules and Regulation ဒါမှမဟုတ် discipline ဆိုတဲ့ အနောက်မှာ ကပ်လျက်ပါလာသင့်တာက system ပါ။ စည်းကမ်းဆိုတာ ဘာလုပ်ဖို့လဲဆိုတော့ အဖွဲ့အစည်းတစ်ခုကနေ တိုင်းပြည်အထိ တိုးတက်အောင်လို့ပါ။ စည်းကမ်းပဲ ရှိမယ်။ အလုပ်မလုပ်လို့ ဖြစ်မလား။ ဘယ်ဖြစ်မလဲဗျ။
Never approach to Who or Whom? Just Why and How.
တကယ်ပဲ သူတို့ရဲ့ attitude လေးသာ ကောင်းခဲ့ရင် လမ်းဘေးဈေးသည်တွေရဲ့ ဘဝကို ကြည့်သင့်တာပေါ့။ ခုတော့ ဘယ်သူလုပ်တာလဲ။ ငါ့စည်းကမ်းကို ဘယ်သူဖေါက်တာလဲဖြစ်နေတယ်။ သူတို့ ဘာလို့ ဖေါက်ကြတာလဲ။ Why ဆိုတာလေးကို သူတို့ မေ့လို့များနေသလား။
ဖြစ်သင့်တာက လမ်းဘေးဈေးသည်ပါဆို လမ်းဘေးဈေးရောင်းမှ စားနိုင် သောက်နိုင်မှာပေါ့။ ပြီးတော့ သူတို့ဟာ စည်းကမ်းအသေးလေး တစ်ခုကို သူတို့ ဝမ်းစာတစ်ခုအတွက် ချိုးဖေါက်နေကြတဲ့ လက်လုပ်လက်စား ပြည်သူတွေပါ။ ပြည်သူတွေပါ။ ပြည်သူတွေပါ။ ပြည်သူဆိုတာလေး မေ့မှာ စိုးလို့ပါ။
သူများတွေလို တိုက်ခန်းငှား၊ ဘာငှားနဲ့ ဆိုင်မဖွင့်နိုင်သေးသရွေ့တော့ လမ်းဘေးမှာပဲ ရောင်းရဦးမှာ။ မရောင်းရရင် သူတို့ကို ဘယ်သူ ကျွေးထားမှာလဲ။ သူတို့သားသမီးတွေကို ဘယ်သူ ကျောင်းထားပေးမှာလဲ။ ဒါဆို မဖမ်းရတော့ဘူးလား။ မြို့ပြအင်္ဂါရပ်နဲ့ မညီတာကို သိသိနဲ့ လွတ်ပေးထားရမှာလားလို့ မေးစရာ ရှိလာတယ်။ သူတို့ကို အဆင်ပြေတဲ့ ရောင်းလို့လည်း ရောင်းကောင်းနိုင်မယ့်၊ လာရောက်စားသုံးသူတွေလည်း အဆင်ပြေမယ့် နေရာတစ်ခုခု ပြန်စီစဉ်ပေးသင့်တယ်။
ကျွန်တော် ထပ်ပြောချင်ပါတယ်။
ကျွန်တော်ဟာ သာမန် ပြည်သူထဲက ပြည်သူတစ်ဦးပါ။
အဖွဲ့အစည်းတစ်ခုမှာပဲ ဖြစ်ဖြစ်၊ ရပ်ကွက်မှာပဲ ဖြစ်ဖြစ်၊ မြို့ပြမှာပဲ ဖြစ်ဖြစ်၊ တိုင်းပြည်မှာပဲ ဖြစ်ဖြစ် စည်းကမ်းဆိုတာ ရှိရပါမယ်။ စည်းကမ်းကို စည်းမျဉ်းအတွင်းက တရားဥပဒေကို တရားမျှတခြင်းဘောင်အတွင်းက အကောင်အထည်ဖေါ်ဆောင်ပေးကြပါ။ ပြည်သူတွေရဲ့ ဘဝကို အရင် စာနာပေးကြည့်ပါဦး။ စဉ်းစားပေးကြည့်ပါဦးလို့ ပြောကြားရင်း။
လေးစားစွာဖြင့်
ရင်နင့်အောင်
11 comments
Thel Nu Aye
February 3, 2012 at 3:02 pm
ရင်နင့်အောင်ရေစကားမစပ် ဒီတနေ့ထဲ ပိုစ့် ၄ ခုရှိပြီမှတ်တယ်။ စည်းကမ်းချက်အရတနေ့ကိုပိုစ့် ၂ ခုပဲတင်ရမယ်လေ။ ဘေးမှာပါတယ်။
ရင် နင့် အောင်
February 3, 2012 at 3:05 pm
ပြန်ဖြုတ်ပေးရမလား … မမြင်မိလို့
Mလုလင်
February 4, 2012 at 3:26 pm
ဒီ site မှာ ဒီနေ့ ဒီအချိန် အထိ 7549 Members ရှိနေပါတယ်။ member တစ်ယောက် အနေ နဲ့ post တင်ခွင့် ရှိနေပါတယ် ဆိုပါတော့ အစ်ကို ရင်နင့်အောင် ရယ်.. ဘယ်သူ မဆို သူသူကိုကို ကိုယ့် post လေး အရှေ ့မှာ ရှိနေတာ .. အပေါ် နားမှာကပ်နေတာ မြင်ချင်ကြရှာမှာပါ။ member တစ်ယောက် ထဲက နေ တစ်ရက်ထဲ ပိုစ့် တွေ အများတင် လိုက်တဲ့ အခါမှာ တခြား member တွေ ရဲ့ post တွေ အနောက် ရောက် တာ မြန်သွားတဲ့ အတွက် member တစ်ယောက် ကို တစ်ရက်ထဲ ၂ post အထက် တင်တာကို ကန့်သတ် ထားတဲ့ သဘောလေးရယ်ပါ။ အဲဒီတော့ စည်းကမ်း လေး နဲ့ တင်မယ် ဆို တခြား member တွေအတွက် လဲ စိတ်အနှောက်အယှက် မဖြစ်တော့ဘူးပေါ့လေ။ အစ်မ သဲနုအေး က အဲဒါလေး ပြောချင်တာ ဖြစ်မှာပါ။ နေရာဒေသ အလိုက် သူ့ နေရာ နဲ့သူ သူ့စည်းကမ်းနဲ့ သူမို့ ဘာမှ မလုပ်ခင် စည်းကမ်း ချက်လေးတွေ အရင် ဖတ်မိ လိုက်မယ် ဆို ရင် ဒီလို တွေ လဲ ပြောမနေ ရတော့ဘူး ပေါ့ဗျာ။ အကျိုးရှိ post တွေနဲ့ ရေးအားကောင်းကောင်း နဲ့ မို့ ကြိုဆိုပါတယ်နော့ … နောက်ထပ် နောက်ထပ် လဲ ဒီလို post တွေကို မျှော်နေ မိမှာပါ။
လေးစားစွာဖြင့်
Mလုလင်
ရင် နင့် အောင်
February 4, 2012 at 3:31 pm
သိရှိ နားလည်ပါတယ်ဗျာ။ စိတ်ထဲ ဘယ်လိုမှ မရှိပါဘူး။ ဘေးက စည်းကမ်းတွေ ဖတ်တော့ ဖတ်တယ်ဗျ။ ရှန်းသွားတယ်။ ခုမှ ဝင်တဲ့ မမ်ဘာအသစ်မို့ ခွင့်လွတ် နားလည်ကြပါ။ အဲဒီ စည်းကမ်းမျိုးက တော်တော်များများမှာ ရှိတာတော့ သိပါတယ်။ တစ်ချို့ ၃ ပုဒ်၊ တစ်ချို့ ၄ ပုဒ်လေ။ ဒီမှာက ၂ ပုဒ်ဆိုတာ အခု သိပြီဗျ။ ဒီဆိုက်မှာလည်း ထပ်၍ တင်ပါဦးမယ်။ ဝေဖန် ပေးကြပါလို့ ပြောကြားရင်း …
ရင်နင့်အောင်
Mလုလင်
February 4, 2012 at 3:41 pm
ထပ် တင်ဦးမယ် ဆိုလို့ ကြိုဆိုတဲ့ အနေနဲ့ စိမ်း ပေးခဲ့တယ် ဗျာ။
လေးစားစွာဖြင့်
Mလုလင်
စေပိုင်ထွဋ် (ပုသိမ်)
February 4, 2012 at 3:55 pm
နောင်တော်ကြီးရေ…
အနော်လည်း ဒီဆိုဒ် ရောက်လာပြီနော်
လှုပ်ထား……….ခိခိ
fighting
စိန်ပေါက်ပေါက်
February 4, 2012 at 4:04 pm
ဖမ်းတဲ့ပုံစံ ရေးပြထားတာ
ကြည့်ဖူးတဲ့ The Pianist ဆိုလား ရုပ်ရှင်ထဲက ဂျူးရပ်ကွက်ကို နာဇီတွေ ဝင်ပစ်တာ ပြေးမြင်ယောင်မိတယ်..
အဲဒီ စီပင်ကိုပြောလိုက်ပါ
စီမပင်နဲ ့တော့လို ့
တာလီဘန်တွေထဲ ဝင်လိုက်ပါလို ့..
ဒါဆို ပိုပြီးဝင်ငွေကောင်းမယ်လို ့
fatty
February 4, 2012 at 6:04 pm
အရေးအသားတင်ပြပုံလေးကောင်းပါတယ်ဗျာ အကြောင်းအရာကလည်းကောင်းပါတယ် အားပေးပါတယ်။
Patriot
February 4, 2012 at 6:23 pm
Good writing, Next time if you see that kind of event, take photos or movies with phone and publish in media like here so that our clean government can understand what happen in bottom line.
windtalker
February 4, 2012 at 7:17 pm
အားပေးသွားပါတယ် ခင်ဗျ ။ သူတို ့တွေ ရဲ ့နောက်ရေး အတွက်လဲ စဉ်းစားရေးသား ထပ်တင်ပေးစေလိုပါကြောင်း ။
Sonny
February 5, 2012 at 12:52 pm
ကိုရင်နင့်အောင်….
လမ်းဘေးဈေးသည်လေးတွေအတွက် နေရာလေး တစ်ခု စည်ပင်ကသတ်မှတ်ပေးရပါမယ်။
လမ်းဘေးကဈေးသည် ကို နေရာ ရ အောင် တစ်ခုခု စီမံရ ပါမယ်။
အတတ်နိုင်ဆုံး ဈေး သက်သာမဲ့ နေရာ မျိုုုးလေး ပေါ့။
ချစ်ခြင်းအားဖြင့်.. ကိုဆန်နီ….