ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၂)

maungmoenyoJune 3, 20101min1472

(အပိုင်း-၂) တော်လှန်ရေးကောင်စီခေတ်

တော်လှန်ရေးကောင်စီအာဏာသိမ်းယူပြီးမကြာမှီ (ဧပြီ ၃၀၊ ၁၉၆၃)တွင်’မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ကိုထူထောင်မည် ဟုကြေငြာခဲ့ပါသည်။ ယင်းအမြုတေပါတီကိုလည်းပြည်သူ့ပါတီအဖြစ်အသွင်ပြောင်း၍ (မတ် ၂၊ ၁၉၇၄)တွင်’မူလပိုင်ရှင် ဖြစ်သောပြည်သူ့ထံသို့အာဏာလွဲသည်’ဟူသောစကားလုံးကိုသုံးကာမူလဘောင်းဘီဝတ်စစ်ဗိုလ်များကဘောင်းဘီချွတ် လဲပြီးနိုင်ငံရေးဇာတ်ခုံပေါ်တိုက်ပုံပုဆိုးဝတ်တို့ဖြင့်ပြန်တက်လာခဲ့ကြပါသည်။ (၁၉၇၂)ခုနှစ်မှစ၍ပြည်သူလူထုထံ (၃)ကြိမ်(၃)ခါတိုင်တိုင်ဆန္ဒခံခဲ့ပြီး(၉၀.၁၉ရာနှုန်း)ဖြင့်အတည်ပြုခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေကိုထိုုစဉ်ကကော်မီရှင်ဥက္ကဌလည်းဖြစ်နောင်အခါနိုင်ငံတော်ကောင်စီဝင်ပင်ဖြစ်ခဲ့သူ ဦးဒိန်ရတန်ကယင်းအခြေခံဥပဒေတွင်ပြည်သူတို့၏ဆန္ဒအမှန် တကယ်ပါသည်ဟုမဆိုနိုင်ကြောင်း(၁၉၈၈)အရေးအခင်းကာလတွင်ဖွင့်ဟဝန်ခံခဲ့ပါသည်။ ထိုစဉ်ကမြို့နှင့်နယ်အရပ်ရပ် တွင်ပါတီနှင့်ကောင်စီအဖွဲ့အစည်းအဆင့်ဆင့်တို့၏အာဏာချုပ်ကိုင်မှု၊အလွဲသုံးစားမှုတို့ကို မကြေနပ်သူတို့တွင်စစ်တပ်က လဲပါခဲ့သည်မှာထင်ရှားလှပါသည်။ သို့သော်မကြေနပ်ပုံချင်းတော့ကွာပါသည်။ ပြည်သူတွေကမတရားဖိနှိပ်ချယ်လှယ်ခံရ၍မကြေနပ်ကြသော်လဲ။အခွင့်ရေးခွဲတမ်းလုပ်ရာတွင်ပါတီ၊ကောင်စီပြီးမှအကြွင်းအကျန်ကိုသာရသောနယ်ခံစစ်တပ်တို့ကမနာလိုဖြစ်ကြသည်မှာမဖုံးနိုင်မဖိနိုင်အောင်ပင်ဖြစ်ခဲ့ရကြောင်း(၁၉၈၈) ’နိုင်ငံတော်ငြိမ်ဝပ်ပ်ပြားမှုတည်ဆောက်ရေးအဖွဲ့’ အမည်ခံ’နဝတ’တက်လာမှမြင်တွေ့ရပါသည်။ အထူးသဖြင့် နယ်ဖက်တွင်ပိုမိုသိသာထင်ရှားစွာတွေ့လာရပါသည်။ ရန်ကုန်(အင်းစိန်)ကြို့ကုန်းစက်မှုတက္ကသိုလ်လဘက်ရေဆိုင်တွင် ကျောင်းသားများသီချင်းအကြိုက်ရွေးကြယင်းစကားများရန်ဖြစ်ရာကစခဲ့ရသောရန်ပွဲအသေးအမွှားကိစ္စမှဖြစ်ပွားခဲ့သော ‘ရှစ်လေးလုံးအရေးတော်ပုံ’ မှပါတီနှင့်အုပ်ချုပ်ရေးအာဏာပိုင်အဆောက်အအုံကြီးဘုန်းဘုန်းပြိုလဲသွားရသည့် အဖြစ်ကားယုံလောက်ဘွယ်ပင်မရှိပါ။ ပြည်သူတရပ်လုံ၏အနှစ်နှစ်အလလကချုတ်တီးလာခဲ့သောဒေါသသည် ထိမ်းမနိုင်သိမ်းမရပေါက်ကွဲထွက်လာခဲ့ပါသည်။ အနယ်နက်အရပ်ရပ်တွင်ပေါ်ပေါက်ခဲ့သောဆူပူအကြမ်းဖက်မှုများသည် ခေါင်းဖြတ်သတ်မှုများအဖြစ်တမဟုတ်ချင်းပြောင်းသွားကာမြန်မာနိုင်ငံကဲ့သို့သောဗုဒ္ဓဘာသာနိုင်ငံတွင်မယုံနိုင်လောက် အောင်ပင်ပြန့်နှံသွာခဲ့ပါသည်။ သမိုင်းစာမျက်နှာတွင်ရှက်ဖွယ်ရာအမဲကွက်ကြီးအဖြစ်စွန်းထင်ကျန်ရစ်သည် မှာဝမ်းနဲဘွယ်မဟုတ်ပါလား။ ထိုစဉ်ကနိုင်ငံအာဏာကိုကိုင်စွဲခဲ့သောဦးနေဝင်းအားလက်အောက်ငယ်သားတို့က နိုင်ငံအတွင်းဖြစ်ပျက်ခဲ့သောအထွေထွေယို့ယွင်းမှုအဖြစ်မှန်များကိုတင်ပြခြင်းမရှိဘဲထိမ်ချန်မှုများရှိခဲ့ခြင်းတို့ကြောင့်ပင်ဖြစ်ပါသည်။ ပါတီနှင့်ကောင်စီအဆင့်ဆင့်၏လဘ်စားအကျင့်ပျက်မှုများမဖုံးနိုင်မဖိနိုင်အောင်ပင်ဖြစ်လာပြီး၊ ပြည်(ပေါက်ခေါင်း)မြို့နေဦးနေဝင်းအမျိုးများအပေါ်ပင်မတရားမှုများပြုလာကြောင်းအမျိုးများကဦးနေဝင်းအားအတင်းဝင် တိုင်ကြားရာမှဒေါသပေါက်ကွဲသည်အထိဖြစ်လာရပါသည်။ (ဇူလိုင် ၂၃၊၁၉၈၈)တွင်ကျင်းပသောပါတီအရေးပေါ်ညီလာခံ တွင်ပါတီအထွေထွေအတွင်ရေးမှူးဦးအေးကိုမှတင်သွင်းရန်ရှိသောဈေးကွက်စီးပွားရေးစနစ်ထူထောင်ရေးစီမံကိန်းကိုပင် တင်သွင်းခွင့်မပြုတော့ဘဲ‘ပါတီစုံစနစ်ကိုကြိုက်လား၊ပါတီစုံစနစ်ကိုကြိုက်လား၊ တပါတီစနစ်ဖြင့်သွားရန်သဘောတူ လျင်သူအပါအဝင်ပါတီခေါင်းဆောင်ပိုင်းနိုင်ငံရေးလောကမှအနားယူမည်’ဟုကြွေးကျော်ကာသူနှင့်အတူထိပ်တန်းပါတီ ခေါင်းဆောင်တော်တော်များများကိုခေါ်ယူသွားကာနိုင်ငံရေးဇာတ်ခုံမှအနားယူခဲ့ပါသည်။ နောင်တွင်စစ်တပ်ကမိုးပေါ် ထောင်၍မပြစ်ဘဲတည့်တည့်ပစ်မည်ဖြစ်ကြောင်းခြိမ်းခြောက်စကားပြောသွားပါသည်။ ဦးနေဝင်းမြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီဥက္ကဌတာဝန်ယူစဉ်ကယခုလက်ရှိအာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကားဧရာဝတီတိုင်းတိုင်မှူးနှင့်ဒေသပါတီဥက္ကဌအဆင့်မှဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ်လာသူဖြစ်ခဲ့ပါသည်။ ‘မဆလ’ပါတီ ခေတ်တွင်အဆင့်မြင့်ပါတီ ထိပ်တန်းရာထူးများကိုဧရာဝတီတိုင်းတွင်တာဝန်ယူခဲ့သူများထဲမှခေါ်ယူတာဝန်ပေးကြောင်းမြင်တွေ့ရပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်းတဖြစ်လဲ ဦးနေဝင်း ကားမြန်မာနိုင်ငံ၏အရေးပါသောသမိုင်းအချိုးအကွေ့အရေးပါသောကဏ္ဍတိုင်းတွင် အဓိကကျသောနေရာမှပါဝင်ခဲ့သည်ကားယုံမှားဘွယ်မရှိပါ။ သို့သော်လည်းပြောင်းလဲလာသောခေတ်၏လိုအပ်ချက်နှင့် ပြည်သူတို့၏အမှန်တကယ်ဘဝနှင့်တနေ့တခြားဝေးလာသည်နှင့်အမျှအာဏာရှင်လမ်းကြောင်းပေါ်သို့ရောက်မှန်းမသိ ရောက်လာရပေသည်။ ‘ဝေဖန်ရေးလမ်းစဉ်ကိုအခြေခံသောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ဆိုသော်လည်းဝေဖန်ခံနိုင်ဘို့ဝေးစွ၊ သူ၏မျက်နှာကိုပင်မော်ကြည့်ခွင့်ကိုပင်မပေးခဲ့ချေ။ သူ၏အာဏာကိုရယူရန်ကြံစည်သူအသီးသီးကိုလျှို့ဝှက် စစ်ထောက်လှမ်းရေးစနစ်ဖြင့်နှိပ်ကွပ်ခဲ့သည်။ ပထမဆုံးကျားစာကြွေးခံရသူကား ဗိူလ်ချုပ်အောင်ကြီး၊နောက် ဗိုလ်ချုပ်ကြီးတင်ဦး (ယခုNLD)၊တိုနောက်(၁၉၈၀)ပါတီညီလာခံတွင်မဲအများဆုံးနေရာမှ အဆင့်လျှောခဲ့ရာက အစဗဟိုကော်မီတီဝင်အတော်များများကိုဖမ်းဆီးအရေးယူခြင်း (ပါတီသန့်စင်ရေး)(ယင်းဗဟိုကော်မီတီဝင် အပြုတ်များကားနောင်အခါ NLD ဗဟိုအလုပ်အမှုဆောင်များဖြစ်လာကြသည်)ကိုပြုလုပ်ပြီးယှဉ်ပြိုင်သူ များကိုရှင်းလင်းခဲ့သည်။ ယင်းတို့တွင်သူ၏အနီးကပ်လက်ထောက်ဖြစ်ခဲ့သူဗိုလ်ချုပ်တင်ဦး (ထောက်လှမ်းရေးမှူးချုပ်နှင်နိုင်ငံတော်ကောင်စီဥက္ကဌ၏ စစ်ဘက်ဆိုင်ရာလက်ထောက်)လဲပါဝင်ခဲ့သည်။ ယင်းနောက်ပိုင်းသူ၏အာဏာအရှိန်အဝါအထူးကြီးမားလာသည်နှင့်အမျှ အမှန်တရာနှင့်လည်းကင်းကွာမှန်းမသိ ကင်းကွာလာသည်။ သူ၏ဩဇာအာဏာအဆောက်အအုံတည်ဆောက်ပုံကိုလက် အောက်ငယ်သားများကလည်း အဆင့်ဆင့်ကူးယူအသုံးချခဲ့ကြသဖြင့် မြန်မာနိုင်ငံသမိုင်းတွင်အာဏာရှင်စတင်တည်ဆောက်သည့်ကာလအ ဖြစ်ကမ္ဘာကသိလာသည်နှင့်အမျှမြန်မာနိုင်ငံမှာလည်းတချိန်ကသယံဇာတပေါများ၍ဖွံ့ဖြိုးမှုအရှိန်ယူနေသောရှေ့တန်းအာရှနိုင်ငံမှသည်အဆင့်များစွာခုန်ပြန်ကျော်လွှားကာ ‘ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ’အဖြစ်သို့တရှိန်ထိုးလျှောကျ သွားခဲ့ရပါသည်။ ယခုအခါတွင်ကားအကြွင်းမဲ့အာဏာရှင်စနစ်ကိုအသုံးပြုဆဲထိပ်တန်း နိုင်ငံတခုအဖြစ်ပြိုင်သူ မဲ့နှစ်စဉ်ဗိုလ်စွဲနေသည်မှာရှက်ဖွယ်ပင်ဖြစ်နေပါသည်။ အံ့ဩဘွယ်ကောင်းသည်ကားယင်းအာဏာရှင်လမ်းစဉ်ကို တည်ထောင်၍အကြွင်းမဲ့အာဏာသက်ဇိုးရှေစေခဲ့သောဦးနေဝင်းကားကွယ်လွန်ချိန်တွင်ကူညီသူမရှိသူ၏နေအိမ်တွင် အကျယ်ချုပ်ဘဝဖြင့်ဘဝဇာတ်သိမ်းခံခဲ့ရသည်မှာစိတ်မကောင်းဘွယ်ဖြစ်သည်။ သူအာဏာရှိစဉ်ကမော်ကြည့်ခွင့်ပင်မရှိခဲ့သူလက်အောက်ခံစစ်ဗိုလ်ချုုပ်ကြီးများ၏ဇာတ်တူသားစားခြင်းကိုခံခဲ့ရလေသည်။

2 comments

  • လင်းဝေကျော်

    June 3, 2010 at 4:12 am

    စကတည်းက ယဉ်သကို ဆိုသလို NLD ကလည်း စွမ်းဆောင်ရည်မပြည့်တဲ့ သူများ အများစုပါဝင်တော့
    (ဗိုလ်ချုပ်ကြီးတင်ဦး (ယခုNLD)၊တိုနောက်(၁၉၈၀)ပါတီညီလာခံတွင်မဲအများဆုံးနေရာမှ အဆင့်လျှောခဲ့ရာက အစဗဟိုကော်မီတီဝင်အတော်များများကိုဖမ်းဆီးအရေးယူခြင်း (ပါတီသန့်စင်ရေး)(ယင်းဗဟိုကော်မီတီဝင် အပြုတ်များကားနောင်အခါ NLD ဗဟိုအလုပ်အမှုဆောင်များဖြစ်လာကြသည်)
    ဒါတောင်မြန်မာပြည်မှာ စွမ်းဆောင်ရည်အမြင့်ဆုံးပါတီ။
    အခုလက်သစ် နှံပြည်စုတ်တွေ ထောင်တဲ့ ဟိုလိုလို ဒီလိုလို ပါတီတွေဆို ဘာဖြစ်မတုန်း…. လုပ်နိုင်ကြပါလိမ့်မယ် အားကြီးကြီး…

  • shwenyarmaung

    June 8, 2010 at 3:28 pm

    အုပ်ချုပ်နေတာကလဲစစ်တပ်

    အတိုက်အခံဆိုတဲ.လူတွေကလဲတပ်ထွက်တွေ

    ကောင်းပါ.ဗျာ

Leave a Reply