နှလုံးလှသူများ ပြုံးကြသည်
One of my friends forwarded this joke to my mail. I don’t know the source of this joke. Just want to share MG villagers. Have a nice day to you all.
ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊ ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။ သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန်ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့ လူတွေကတော့ နှစ်လုံး သုံးလုံးများ ထိုးကြသလားထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်ပုံက ဒီလို။
ဒလက်တောရွာ ဆိုတာက ပြည်ခရိုင်၊ ရွှေတောင်မြို့ကနေ နွားလှည်းနဲ့သွားရင် လေးနာရီလောက်နှင်မှ ရောက်တဲ့ ရွာငယ်လေးတစ်ခုပါပဲ။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ဘာမှ မပြောင်းလဲတဲ့ ရွာလေး တစ်ခုပေါ့။ ရွာဦးမှာထုံးစေတီရှိတယ်။ ဆရာတော် ရှိတယ်။ စာကျက်စာအံ ဘုန်းကြီးကျောင်းသား တွေရှိတယ်။ တစ်ရွာလုံး သုံးတဲ့ ရေတွင်းကြီးရှိတယ်။ စပါးခင်း၊ ငွေတိုးချေးတဲ့လူ၊ အရက်ပုန်းဆိုင်၊ ဘဲခြံ၊ ဖုန်ထူတဲ့လမ်း စတဲ့ ရွာသင်္ကေတတွေ၊ ကာလသားခေါင်း၊ ကွမ်းတောင်ကိုင်၊ သူကြီးလို့ ပြောလို့ရတဲ့
ရွာလူကြီးတို့လည်း ရှိတယ်။ ဒီရွာသားတွေ ဂုဏ်ယူတာ တစ်ခုက အင်္ဂလိပ်၊ဂျပန်တွေကို တိုက်တုန်းက နာမည်ကြီးတဲ့ ရွှေတောင်တိုက်ပွဲမှာ သူတို့ရွာက အရွယ်ရောက်တဲ့ ယောက်ျားတွေ အကုန်ဝင် တိုက်ဖူးတယ်ဆိုတာပါပဲ။ ဒါကြောင့် သူတို့ကိုယ် သူတို့ အာဇာနည်မျိုးရိုး၊ အာဇာနည်ရွာလို့ ထင်ကြတယ်။
အဲဒါက ကြာတော့ကြာခဲ့ပြီ။ မြန်မာပြည်တောင် ကျွန်ဘဝကလွတ်လို့၊ မဆလခေတ်၊ နဝတခေတ်၊
နအဖခေတ်၊ ဒီမိုကရေစီခေတ်ဦး၊ ဒါတွေဖြတ်လို့ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံးအာရှနိုင်ငံရယ်လို့တောင် ခေါ်နေကြပါပြီ။ ဒါပေမယ့် မြို့နဲ့ အဆက်အသွယ်မရှိသလောက်နည်းတဲ့ ဒလက်တောရွာကတော့ ဒါတွေ မသိလှဘူး။ တခါတခါ မြို့က ဆရာတော့်တပည့် ကျောင်းဆရာလေး ပေါက်လာမှ နည်းနည်းပါးပါးသိရတာ။ ဇာတ်လမ်းအစကလည်း အဲဒီ ကျောင်းဆရာလေး ကိုထွန်းဝါပါပဲ။ တရက် ကိုထွန်းဝါ ဆရာတော်ကို လာဖူးတော့ လက်ထဲမှာ အဘိဓာန်တစ်အုပ်လောက်နီးနီးထူတဲ့ စာအုပ်ကြီး တစ်အုပ်ပါလာတယ်။ ဆရာတော်က ဘာတုန်းဟဲ့ဆိုတော့ “နအဖလက်ထက် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ကြေညာချက်များ” ဆိုတဲ့စာအုပ်ကြီး။ အဲဒီခေတ်တုန်းက ကြေညာချက် သိပ်ထုတ်ကြတော့ စုထားတဲ့လူက စာအုပ်တောင်ပြန်ရိုက်လို့ရတယ်။ အာဇာနည်စိတ်ရှိပြီး စစ်အစိုးရကိုမုန်းတဲ့ ဆရာတော်က “ငါဖတ်ရအောင် တစ်ပတ်လောက်ထားခဲ့စမ်း” ဆိုတော့ ကိုထွန်းဝါလည်း “တင်ပါ့”ပေါ့။ထားခဲ့တယ်။
ဆရာတော်က မနက်လည်း ဒါဖတ်၊ ညလည်း ဒါဖတ်၊ ဆွမ်းစားပြီးလည်းဖတ်နဲ့ နောက်ဆုံး ဘာတွေးမိလဲဆိုတော့ ကောင်းတယ်၊ ကြေညာချက်တွေဟာ ထိရောက်တယ်လို့ မြင်လာတယ်။ ငါလည်း ကြေညာချက်ထုတ်မယ်ဆိုပြီး အနားက ဘောပင်နဲ့ စာရွက်တစ်ရွက်ထဲ ချရေးလိုက်တယ်။
ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၁/၂၀၄၃
“ငါ မနက်ဖြန် ကြည်တောရွာ တရားပွဲသွားရန် နွားလှည်းအလှူခံလိုသည်။ ကပ္ပိယကြီးမှ ရွာလူကြီး စိန်မောင်နှင့်စီစဉ်ရန် အထူးတိုက်တွန်းလိုက်သည်။ လှည်းမရ၍ ခြေလျင်ကြွရမှာကိုလည်း ငါစိုးရိမ်ကြောင်း အသိပေးတယ်။ ခြေလျင်ကြွ၍ မကျန်းမာလျင် သင်တို့ တာဝန်သာဖြစ်ကြောင်း ကြေညာလိုက်သည်။”
ပုံ/
ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်
ပြီးတော့ ကပ္ပိယကြီး ဦးတောက်ထွန်းကို ခေါ်ပေးလိုက်တယ်။ ကျောင်းဝ လူမြင်တဲ့နေရာမှာ ကပ်၊ မင်းလည်းဖတ်တဲ့။ ဦးတောက်ထွန်းလည်း ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။ စကားပြောသလိုလို၊ စာရေးသလိုလို အရေးအသားနဲ့ ဘာကိုဆိုလိုမှန်းလည်း သေသေချာချာမသိ။ သူ့နာမည်လည်းပါတယ်။
ဦးစိန်မောင်နာမည်လည်းပါတယ်။ သူနားလည်တာက မနက်ဖြန် ဟိုဘက် ၂ ရွာကျော်လောက်က တရားပွဲတစ်ခုကိုသွားဖို့ နွားလှည်းအလှူခံခိုင်းတာ။ ဦးစိန်မောင်ကို စီစဉ်ခိုင်း။ ဒါပဲ။ အရင်ကလည်း သူ စီစဉ်ပေးနေကြပါ။ အရင်ကတော့ “တောက်ထွန်း လှည်းရှာကွာ”ဆိုတာလောက်ပဲ။ ခုကာမှ ဘာတွေ
ရေးထားမှန်းမသိ။ တိုက်တွန်းလိုက်သည်၊ စိုးရိမ်ကြောင်း၊ ကြေညာချက်။ အဆိုးဆုံးက အောက်ဆုံးမှာ ခပ်ကြီးကြီးရေးထားတဲ့ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော် ဆိုတာပဲ။ ဒလက်တော တရွာလုံးမှ ဒီကျောင်းနဲ့ သံဃာ ၆ ပါးရှိတာ။ ဒလက်တောနဲ့ မဆိုင်လို့ ဘယ်သူနဲ့ဆိုင်မှာတုန်း။ ဒါနဲ့ ဆရာတော်ကို
ဝင်ဖူးပြီး လျှောက်တယ်။
“အရှင်ဘုရား – အရင်လိုပဲ လှည်းလို လို့ ဦးစိန်မောင်ကို ပြောခိုင်းတာမဟုတ်လားဘုရား။ ဘာလို့ စာတတန်၊ ပေတတန်ဖွဲ့ရတာလဲ ဘုရား။အကြောင်းထူးများရှိလို့လားဘုရား”
ဆရာတော်က အ တတ်ရန်ကောဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး
“ဒါ စာတတန်၊ ပေတတန်မဟုတ်ဘူးကွ။ ကြေညာချက်လို့ ခေါ်တယ်။ တချိန်က စစ်အစိုးရကို တော်လှန်စဉ်က ဒီလိုပဲ ကြေညာချက်တွေ လှိုင်လှိုင်ထုတ်ခဲ့ရတယ်ဟ”
“အရှင်ဘုရားက ဦးစိန်မောင်ကို တော်လှန်နေလို့လားဘုရား”
“နင့်အမေလင်ကို ငါတော်လှန်စရာလား။ ကြေညာချက်ဆိုတာ အဖွဲ့အနွဲ့မပါဘူး။ လိုရင်းကို ထိရောက်အောင်ပြောတဲ့ တောင်းဆိုချက်၊ အသိပေးချက်ကွ။ အချီအချပြောစရာမလိုတော့ဘူးလေကွာ။ မင်းတို့လည်း ကြေညာချက် ထုတ်ကြဟ။ စကားနည်းရန်စဲပေါ့ကွာ … ကဲ ကဲ … ခိုင်းထားတာလုပ်ချည်။ ငါ မနက်ဖြန်အတွက် ကြေညာချက်တစ်စောင် ထပ်ထုတ်ဖို့ လုပ်လိုက်ဦးမယ်”
ကပ္ပိယကြီးလည်း ဝတ်ဖြည့်ပြီး ဆင်းလာတယ်။ ဆရာတော့် ကြေညာချက်ကို ကျောင်းအဝင်ဝအနားက ခြံစည်းရိုးအစပ်မှာ ကပ်ပြီး ဦးစိန်မောင်အိမ်ဘက် ထွက်လာခဲ့တယ်။
“ဗျို့ ဦးစိန်မောင်။ ဆရာတော့်ကျောင်းဘက်လာဦးဗျ”
“ဘာလို့လဲကွ။ ဆရာတော်ခေါ်လို့လား”
ကပ္ပိယကြီးလည်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တော့ သူ့ကိုယ်သူသူကြီးထင်နေတဲ့ ဦးစိန်မောင်လည်း ကြေညာချက်ဆိုတာကို သိပ်သဘောကျသွားတယ်။ ဆရာတော့်ကျောင်းကို နှစ်ယောက်သား ဒုန်းဆင်းချသွားတာ ညနေ နေအတော်စောင်းမှပြန်လာတယ်။ မကြာပါဘူး။ ကျောင်းဝက ဆရာတော့် ကြေညာချက်အောက်မှာ ကြေညာချက် အသစ်နှစ်ခု ထပ်တွေ့ရတော့ပါပဲ။ တစ်ခုက ဦးစိန်မောင်၊ တစ်ခုက ကပ္ပိယကြီး။
စိန်မောင်ရဲ့ကြေညာချက်
၁။ ဆရာတော်သည် တရွာလုံးနဲ့ ဆိုင်တယ်ဆိုတာကို ခြွင်းချက်မရှိ ထောက်ခံတယ်။
၂။ ဘာသာရေးခေါင်းဆောင် ဆရာတော်ကို နွားလှည်းကူညီခြင်းဖြင့် ဝိုင်းရံကြ။
၃။ ရွာသားတွေလည်း ဆရာတော့်ကျောင်းကို ကူညီစေလိုတယ်။
ပုံ –
စိန်မောင်၊ ဆရာတော့်ကျောင်း ပင်မနွားလှည်းအလှူရှင်များ အဖွဲ့ဝင်။
သူ့ကြေညာချက်အောက်မှာက ကပ္ပိယကြီး ဦးတောက်ထွန်းရဲ့ ကြေညာချက်ကို ဗလာစာရွက်ပိုင်းလေးပေါ်မှာ ခဲတံတုံးတုံးကြီးနဲ့ ရေးထားတာတွေ့ရတယ်။
ကပ္ပိယကြီးက ကြေညာသည်
ဆရာတော့် တောင်းဆိုချက်ကို ချက်ချင်းလိုက်လျောသော ဦးစိန်မောင်ရဲ့ လုပ်ရက်ကို ရွာသားများနဲ့အတူ လုံးဝကြိုဆိုတယ်။ ဆရာတော့်ကျောင်း
စည်ပင်သာယာရေးအတွက် အထောက်အကူကောင်းလို့ ယုံကြည်မျှော်လင့်၏။ ဆရာတော့်
ကျောင်းအတွက် ရွာတွင်းရွာပ အတူပူးပေါင်းကြလော့။
တောက်ထွန်း၊ အကျိုးတော်ဆောင်ကြီး (ကပ္ပိယ)။
ဒီရွာကလေးမှာ ကြေညာချက်ထုတ်တဲ့ အလေ့အထက အဲဒီက စသွားတယ်။
ကြေညာချက်ထုတ်တာကို သိပ်သဘောကျနေတဲ့ ဆရာတော်နဲ့ ရွာလူကြီး
ဦးစိန်မောင်တို့က တိုက်တွန်းတာနဲ့ တစ်ရွာလုံး စာရေးတတ်သူတိုင်း
ကြေညာချက် ထုတ်ကြတော့တယ်။ စာရွက်ပေါ်မှာ ပြောချင်တာရေးပြီး
ဆရာတော့်ကျောင်း ခြံစည်းရိုးမှာ သွားကပ်ကြတာပဲ။
ဖတ်မိတဲ့လူက သက်ဆိုင်တဲ့လူကို အကြောင်းကြား၊ သက်ဆိုင်တဲ့လူက သွားဖတ်၊
ကြေညာချက်ပြန်ထုတ်နဲ့ပေါ့လေ။ ဘယ်လောက်တောင် ကြေညာချက် ထုတ်ကြသလဲဆို
အောက်က ဥပမာတွေသာကြည့်တော့။
ဦးစိုးမောင်၊ ကြေညာချက်အမှတ် ၂.၂၃/၂၀၄၃
ရွာနောက်ဘက်က ငမြဲ င့ါသမီးကို ရည်းစား စကားလိုက်ပြောတာကို အပြင်းအထန်
ကန့်ကွက်တယ်။ သူ့မှာ လူကြီးချင်း သဘောတ ူပြီးသားရှိတယ်ဟေ့။ သူကလည်း
ယူမယ်ပြောပြီးသား။ နောက်နောင် ငမြဲ ထပ်မံပြုလုပ်ပါက ကျုပ်အပြစ်
မဟုတ်ကြောင်း ကြိုပြောထားမည်။
စိုးမောင်၊ သမီးအဖေ။
******
အရီးမြကလေး၏ ကြေညာချက်
ရွာထဲမှာ ကျွန်မ အတိုး ပေးစားနေသည်ဟု အတင်းများ ထွက်နေကြသည်။ ပေးသူ၊
ယူသူကြည်ဖြူတဲ့ အလုပ်ဖြစ်လို့ ဘာမှ ဝင်ပြောစရာ မလိုဘူးဟု ပြောချင်သည်။
ဆရာ့တော့်ကို လျှောက်ပြီးသား။ ဒါပဲ။ ဈေးသွားရင်း ဝင်ကပ်သည်။
အရီး။
မူလလက်ဟောင်း “ဟောဒီကပဲပြုတ်” မှ အသိပေးခြင်း
တစ်ရွာလုံးက အားပေး ဝယ်ယူူကြသော ကျွန်မ၏ ပဲပြုတ် ရောင်းဝယ်ခြင်းကို
မနက်ဖြန် တစ်ရက် နားမည်။ ဘုရားကြီး သွားဖူးမလို့။ မနက်ဖြန်အတွက် ယနေ့
ကြိုရောင်းမည်။ လာဝယ်ကြနော်။ ဟောဒီက ပဲပြုတ်။ ဟဲဟဲ။
မိမိုး (ဉာဏ်ကြီးရေးပေးသည်)
******
အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ အချင်းချင်း စကား သိပ်မပြောတော့ဘူး။
ကြေညာချက် တစ်စောင်ပဲ ထုတ်လိုက်ကြတော့တယ်။ အကြွေးမရတာ၊ လင်မယား
ရန်ဖြစ်တာ၊ သူ့ခွေးကို ခဲနဲ့ထုလို့ မကျေနပ်တာ အစုံပဲ။ အချင်းချင်း
တွေ့ရင်လည်း ဟိုကြေညာချက် သိပြီးပြီလား၊ ငါကတော့ ဒီလိုပြန်ကြေညာမယ်နဲ့ပဲ
နှုတ်ဆက်ကြတော့တယ်။
*******
ကြေညာချက်တွေကိုလည်း ဆရာတော့် ကျောင်းဝမှာတင် ကပ်လို့ အဆင်မပြေတော့ဘူး။
ရွာအလယ်က ရေချမ်းစဉ်မှာလည်း ခွဲကပ်ကြရတယ်။ တနေ့ တနေ့ ရွာသားတွေလည်း
ဆရာတော့်ကျောင်းနဲ့ ရေချမ်းစင် ပြေးနေကြတာပဲ။ အဲဒီမှာ
ဘာတွေပေါ်လာလဲဆိုတော့ ကြေညာချက်ကို လိုက်ဖက်ပြီး အကြောင်းကြားပေးတဲ့
မိဝိုင်းတို့လို ကလေးတွေရယ်၊ အဆင့်မီ ကြေညာချက် ရေးပေးသည် ဆိုတဲ့
ကျော်ကျော်ထွန်းတို့လို မတောက်တခေါက် စာလေး၊ ကဗျာလေး ရေးတတ်တဲ့လူတွေ
ပေါ်လာတယ်။ စာမရေးတတ်၊ မဖတ်တတ်တဲ့လူတွေလည်း သူတို့အားကိုးနဲ့ ကြေညာချက်တွေ
ထုတ်လာတော့တယ်။ စံချိန်တင် ကြေညာချက် ထုတ်ကြတဲ့နေ့ကတော့ အတိုးပေးတဲ့
အရီးမြကလေးနဲ့ ကြက်သားသည် ဒေါ်ဆင့်တို့ ရန်ဖြစ်ကြတဲ့နေ့ပဲ။
နှစ်ယောက်ရန်ဖြစ်တာ စကားသံတစ်လုံးမှ မထွက်ဘူး။ အရီးမြကလေးက
အကြွေးတောင်းတဲ့ ကြေညာချက်ရေးပြီး ရေချမ်းစဉ်မှာ ကပ်တယ်။ ဒေါ်ဆင့်
တွေ့တော့ စောတောင်းရပါ့မလား ဆိုပြီး ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြန်တယ်။
အဲဒါ အဘွားကြီးနှစ်ယောက် ရေချမ်းစဉ်ရှေ့မှာ ဗလာအုပ်ထဲက စာရွက်တွေ
တဗျင်းဗျင်း ဆွဲဖြဲပြီး ကြေညာချက် အပြန်အလှန် ထုတ်ကြတာ။ စကားတော့
တစ်လုံးမှ မပြောဘူး။ နောက်ဆုံး ဆရာတော့်ဆီက “အခုရပ်” ဆိုတဲ့ ကြေညာချက်ကို
ကပ္ပိယကြီး လာကပ်သွားမှ နှစ်ယောက်သား ပြန်သွားကြတယ်။ အဲဒီအချိန်မှာ
တစ်ယောက်ကို ကြေညာချက် ၄ဝ ထုတ်ပြီး သွားပြီတဲ့လေ။
တဖြည်းဖြည်းနဲ့ ကြေညာချက်တွေ ဖောင်းပွလာတော့ ဆရာတော်က ကြေညာချက်တစ်ရပ်
ထုတ်လိုက်တယ်။
ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၈၅၂/၂၀၄၃
ငါနဲ့ စိန်မောင်ကလွဲပြီးကျန်တဲ့လူတွေ တစ်ယောက်ချင်း
ကြေညာချက်မထုတ်နဲ့လို့ တားမြစ်လိုက်သည်။ သဘောတူရာ တူရာ အချင်းချင်းစုပြီး
အဖွဲ့လိုက်ထုတ်ကြတော့။
မလိုက်နာသူကို ကြေညာချက် ထုတ်ပိုင်ခွင့် ရုတ်သိမ်းမယ်။ နားလည်တယ်နော်။
ကြေညာချက်များ ထိန်းသိမ်းရေးအဖွဲ့ နာယက၊ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်။
ဆရာတော့်စကားဆိုတော့ မငြင်းရဲကြဘူး။ ကြေညာချက်တွေတော့ နည်းသွားတယ်။
အဖွဲ့တွေကတော့ နေရာတိုင်းမှာ ပေါ်လာတယ်။ ကြေညာချက်ထုတ်ရတာကို
သဘောတွေ့နေတဲ့လူတွေဆိုတော့ တစ်ဖွဲ့က တစ်ခုထုတ်ပြန်လိုက်ရင်
ထောက်ခံလိုက်ကြ၊ အမြင်မတူရင် ကန့်ကွက်လိုက်ကြ၊ စကားများလာရင်
သတိပေးလိုက်ကြနဲ့။ ဖွဲ့ထားတဲ့ အဖွဲ့တွေကိုလည်း ကြည့်ပါဦး။
“ခြေတံရှည်အိမ်ရှင်များအဖွဲ့” ၊ “ဝက်မွေးသူများအဖွဲ့” ၊
“ကျောင်းတက်ဖူးသူများအဖွဲ့” ၊ “ရွာလမ်းမကြီး ဘေးဝဲယာနေသူများအဖွဲ့” ၊
“ခဏခဏ ဖျားသူများအဖွဲ့” ၊ “အသံချဲ့စက်ငှားသူနှင့်
နွားလှည်းပိုင်ရှင်များအဖွဲ့” ၊ “လူပျိုသိုးကြီးများအဖွဲ့” ၊
“ရွာဦးကျောင်း အပေါ်ထပ်နေ သံဃာ သုံးပါးအဖွဲ့” စသည်ဖြင့်ပေါ့။
ရေးပြရင်တော့ မကုန်နိုင်ဘူး။ “ထုပ်ဆီးထိုးသူများအဖွဲ့” ဆိုတာတောင်
ပါသေးတာလေ။ နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ အဖွဲ့တွေ အချင်းချင်း
ရန်စောင် လာကြတယ်။ အဖွဲ့တစ်ဖွဲ့က ကြေညာချက်ထုတ်ရင် ထောက်ခံတဲ့လူက
မိတ်ဆွေ၊ သဘောထားမတူလို့ ငြိမ်နေရင်၊ ဝေဖန်ရင်တော့ အဲဒီအဖွဲ့နဲ့
ကမာ္ဘရန်ပဲ။ အချင်းချင်း ကြေညာချက်တွေနဲ့ တိုက်ကြ၊ တောင်းပန်ကြ၊
ခွဲလိုက်ကြ၊ ပေါင်းလိုက်ကြ၊ ဆရာတော်က ဝင်ဖြေရှင်းရနဲ့ ရပ်ထဲရွာထဲလည်း
အလုပ်မလုပ် ကြတော့ဘူး။ အလှူဖိတ်ရင်တောင်မှာ အဖွဲ့လိုက်ပဲ ဖိတ်တော့တာ။
ကြာလာတော့ ဆရာတော်လည်း စိုးရိမ်လာတယ်။ ဆရာတော့် ကျောင်းတောင်
လာဘ်သိပ်မရွှင်တော့ဘူးလေ။
ဒီလိုနဲ့ မလာတာ ကြာသွားတဲ့ စာအုပ်ပိုင်ရှင် ကျောင်းဆရာလေး ကိုထွန်းဝါ
တစ်ယောက် ဆရာတော့်ကို လာဖူးရင်း၊ စာအုပ်လည်း ပြန်ယူရင်း ရောက်ချလာတယ်။
ဆရာတော်လည်း ကိုထွန်းဝါကို တွေ့တယ်ဆိုရင်ပဲ ဝတ်ဖြည့်တာတောင်
မစောင့်တော့ဘူး။
“မင်းနှယ့်ကွာ … ပျောက်သွားလိုက်တာ။ ငါ့မှာ မင်းကိုစောင့်နေတာ”
“တင်ပါ့ဘုရား။ တပည့်တော် ပြည်ကိုရောက်နေလို့ ဘုရား။ ဘာများ အကူအညီလိုပါသလဲဘုရား”
“အေး… အဖြစ်ကတော့ ဒီလိုကွ” လို့ အစချီပြီး ဒလက်တောရဲ့ ကြေညာချက်
ရာဇဝင်ကို ရှင်းပြလိုက်တော့တယ်။ (ရှင်းပြရင်းတောင် ကြေညာချက်
နှစ်စောင်ရေးပြီး ကပ္ပိယကြီးကို သွားကပ် ခိုင်းသေးတာ) ကိုထွန်းဝါလည်း
ဇာတ်လမ်းကို နားထောင်ပြီး ပြန်လျှောက်တယ်။
“အရှင်ဘုရားက ကြေညာချက် စာအုပ်ပဲ တွေ့တာကိုးဘုရား။ တပည့်တော်မှာ
နောက်တစ်အုပ် ရှိပါသေးတယ်။ အဲဒီမှာ ကြေညာချက်တွေ အဲလို
လှိုင်လှိုင်ထုတ်ခြင်းရဲ့ အကျိုးဆက်တွေ ရေးထားတယ်ဘုရား”
“ဟေ… ဘာတဲ့လဲကွ”
“အဖွဲ့ခွဲတွေ အမျိုးမျိုးနဲ့ လုပ်ကြတော့ အားရှိတန်သလောက် မရှိဘူးဆိုတဲ့
သဘောပေါ့ဘုရား။ အခုပဲ ရွာကို ထိခိုက်နေပြီမဟုတ်လားဘုရား”
“အေး.. ဒါဆိုလျှောက်စမ်းပါဦး။ ငါဘာလုပ်ရမတုန်း”
“အရှင်ဘုရား ကြေညာချက်ထုတ်ရမယ်ဘုရား”
“မင်းပဲ ကြေညာချက်က ထုတ်တိုင်းမကောင်းဘူးဆိုကွ”
“ဒီတခါ ထုတ်ရမှာကို ဒီလိုပါဘုရား” ဆိုပြီး ကိုထွန်းဝါက ဆရာတော်ကို
ဆက်လျှောက်လိုက်တယ်။ မကြာပါဘူး။ ဆရာတော့်ဆီက ဒီကြေညာချက် ထွက်လာပြီး
ဒလက်တောမှာ ကြေညာချက်တွေ ရပ်သွားတော့တယ်။
တရွာလုံးကို အသိပေးလိုက်သည်။ နောက်ထပ် ငါ တခုခု မပြောမချင်း
ဘာကြေညာချက်မှ မထုတ်ရဘူး။ အဖွဲ့တွေ အကုန်လုံးကိုလည်း ဖျက်သိမ်းကြပါ။
အရင်လို ပြန်နေကြ။ မဟုတ်ရင် ငါ့ကြိမ်က ကျောမရွေးဘူး။
ဆရာတော်
(ရယ်သောသူအသက်ရှည်၏။)
Green Rose
14 comments
htoosan
March 10, 2012 at 12:52 pm
ဂွတ်ထ .. 😀
Mr. MarGa
March 10, 2012 at 1:12 pm
ခေါင်းစဉ်က ဘယ်ပျောက်သွားတာလဲဟင်
Green Rose
March 10, 2012 at 1:57 pm
အဲဒီ့ခေါင်းစဉ်ကိစ္စပေါ့။
လမ်းညွှန်ကြပါဦး ခေါင်းစဉ်တပ်ဖို့မေ့သွားလို့ ဘယ်လိုပြန်တပ်ရမလဲ?
သူကြီးတပ်ပေးမှာလား အဲဒါဆိုရင် ” နှလုံးလှသူများ ပြုံးကြသည်” လို့တပ်ချင်တယ်။
အခုဒီစာကို ခေါင်းစဉ်တပ်ပေးနိုင်သူများ မြန်မြန်ဖတ်မိကြပါစေ
chel gyi
March 10, 2012 at 2:58 pm
not bad,
water-melon
March 10, 2012 at 2:59 pm
ဖရဲသီး၏ ကြေညာချက် ၂၁/၄
ဝါဆိုလေးရေ အရမ်းလွမ်းတယ်
ဖရဲကို အစိမ်းလိုက်အမှည့်လိုက်စားတာလားကွယ်
ဖရဲရင်မှာ ဒိန်း တတ်တတ် ဒိန်းဖြစ်နေပြီ။
အကြော်သည်ကြီးမိုက်၏ကြေညာချက် ၄၁/၃
ဒီနေ့အကြော်အကြွေးမရောင်းပါ
ဒီနေ့ရောင်းရငွေသည် ယောက်ျားအတွက် အတွင်းခံဘောင်းဘီဖိုးဖြစ်သည်
အကြွေးစားသော သူကြီးအပါအဝင် ရွာသူားများ အကြွေးလာဆပ်ပါ။
အံဇာ၏ ကြေညာချက် ၈၂/၀၃
သရဲအကိုင်ခံရသဖြင့် ဖျားနေကြောင်း
နှောက်နောက် ဘယ်သရဲမှ မစတော့ပါကြောင်း
စိန်ပေါက်၏ ကြေညာချက် ၂၉/၉၃
ချီးပန်းနေသဖြင့် ရွာထဲမဝင်မိကြောင်း
ဦးကြာအား အားကျမိပြီး အိမ်သာများအား နှာခေါင်းပိတ်ပြီးဆေးနေကြောင်း။
တော်ပြီမောတယ် 😆
မဟာရာဇာ အံစာတုံး
March 10, 2012 at 3:05 pm
အဲ .. နှလုံးလှသူများ ပြုံးကြသည် ဆိုပါလား ….
အဟီး … (သွားကို အစွမ်းကုန်ဗြဲ၍ ပြုံးပြလိုက်ခြင်း) 😀
အဒေါ်ဂျီးရေ .. တားတားလည်း နှလုံး လှသွားပီနော် …
ဂယ်ဆို လူကပါ လှတာ၊ ခန့်တာ .. အဟီး .. 😀
အပေါ်က ဗြဲသီး …
နာက ဘယ်သရဲ ကိုင်ရမှာလဲ ..
ညည်းကသာ စိုပြီးသား ဝါကို ကိုင်ချင်နေတာ …
ဟင်း .. နာ ပြောလိုက်ရ ကောင်းဘူး ဖစ်တော့မယ် … 😀
kyeemite
March 10, 2012 at 4:49 pm
ဒီပုံပြင်ကို ဗွီအိုအေမှာလား အာအက်ဖ်အေမှာလား မမှတ်မိ
လွှင့်သွားတာနားထောင်ဘူးတယ်…
ဇဂါးမစပ်..ဟဲ့ ဝါးတားမဲလုံးမ ညည်းကဘာကိစ္စ ငါ့ကိုယ်စား
ကြေညာချက်ထုတ်ရတာဒုံး..အေးလေ ငါစါရွက်ကုန်သက်သာတာပေါ့
water-melon
March 10, 2012 at 6:43 pm
water-melon
March 10, 2012 at 6:44 pm
Green Rose
March 10, 2012 at 10:50 pm
ခေါင်းစဉ် ဘယ်သူတပ်ပေးသွားတာလဲဟင် ကျေးဇူးတင်ပါတယ်။
ဒီပုံပြင်လေးထဲမှာလေ.. ရယ်စရာ သက်သက်မဟုတ်ပဲ တွေးစရာတွေလည်း ပါနေတယ်နော်။ တစ်နေကုန် ခေါင်းစဉ်ကိစ္စနဲ့ ဗျာများနေတာ။ ခုမှပဲ စိတ်အေးလက်အေး သေချာဖတ်ဖြစ်တော့တယ်။
ခေါင်းစဉ်တပ်ပေးသွားတဲ့သူ သူများထက် ၂ ဆ ရယ်မောနိုင်ပါစေ……..
metallic
March 10, 2012 at 11:01 pm
ဟားဟား ….
ဝါးတားမဲလုံးတဲ့ စိတ်မဆိုးနဲ့နော်
ရယ်ရတာကြိုက်တယ်
ဘဝအမောပြေစေလို့
သူများတွေချစ်ခင်နေကြရင် ကြည်နူးတယ်
အလိုလိုနေရင်းဘာမှမဟုတ်ဘဲပျော်နေတယ်
ပြုံးလွယ် ရယ်လွယ်တာမြန်မာစိတ်ရင်းလား
ဖြစ်လွယ်ပျက်လွယ် စိတ်ရှိတာကောင်းသလား ဆိုးသလား
အစစအရာရာ ကြပ်တည်းကျဉ်းမြောင်းတဲ့ဘဝမှာ
လွတ်လပ်စွာ ခံစားတာလေးကကော
မြန်မာပြည်ကြီးရဲ့တိုးတက်မှုကို ဟန့်တားရာရောက်သလား….
မသိတော့……။
padonmar
March 11, 2012 at 12:01 am
ပြုံးသွားပါတယ်နော်
snow htet
March 11, 2012 at 10:38 am
နှလုံးလှသူများ ပြုံးကြသည် ဆိုတော့ ဘယ်လိုပြုံးရမလဲတောင်မသိတော့ပါဘူး
မလှလို့တော့မဟုတ်ပါဘူး…….အထဲမှာဆိုတော့ဘယ်လိုမှမမြင်ရလို့ပါ.. ဟိဟိ
စနိုးလဲကြေညာချက်ထုတ်ချင်ပါတယ်
ကော်နက်ရှင်နတ်ဘုရား သည်အလွန်စုတ်ပဲ့သောကြောင့်
MG ဆိုဒ်ကိုရိုက်ပြီး Enter ခေါက်လိုုက်သည်နှင့်အမျှ Try Again
Try Again နှိပ်ပြီး ရလာတော့ Log in ဝင်လိုက်တယ်ဆိုရင်ပဲ Try Again
Try Again နှိပ်ပြီး ရလာတော့ အကောင့်ရိုက်ပြီးဝင်လိုက်တယ်ဆိုရင်ပဲ Try Again
နာရီဝက်လောက်မှနေရာရောက်သောကြောင့် MGအား အခေါက်တိုင်း နေ့တိုင်းမသုံးနိုင်ဖြစ်နေပါကြောင်း
ရွာသူရွာသားများအားအသိပေးကြေညာလိုက်ပါသည်။
ပုံ/စနိုး
a me
March 11, 2012 at 4:37 pm
အေမီတော့ အမြဲဆူဆူပုတ်ပုတ် ပြနေတက်တော့ အေမီ အကျင့်ပုတ်တာပေါ့နော် ဟင့်
နောက်ဆိုစာအများကြီးမရေးပါနဲ့ သူငယ်ချင်းရယ်