နားထိုင်း(၃)ယောက်

pho zawApril 10, 20121min1182

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆိတ်ကျောင်းတဲ့နားထိုင်းရယ်၊ ထန်းတက်တဲ့နားထိုင်းရယ်၊ သူကြီးနားထိုင်းရယ်ဆိုပြီး နားထိုင်း(၃)ယောက်ရှိသတဲ့။
တစ်နေ့ ဆိတ်ကျောင်းတဲ့နားထိုင်းက သူ့ဆိတ်တွေကိုကျောင်းရင်း ထန်းတောထဲရောက်လို့ အရိပ်ကောင်းပြီး အေးမြတဲ့ထန်းပင်တစ်ပင်အောက်မှာထိုင်ရင်း အိပ်ပျော်သွားပါသတဲ့။
အိပ်ရာကနိူးတော့ သူ့ဆိတ်တွေကို ရေတွက်ကြည့်တဲ့အခါ (၁)ကောင်ပျောက်နေတာကိုတွေ့ရတဲ့အခါ ပြာယာခတ်သွားပြီးလိုက်ရှာပါလေရော။ နောက်ဆုံးမတွေ့တဲ့နောက် ထန်းတက်
နေတဲ့ ထန်းတက်နားထိုင်းကိုတွေ့တာနဲ့ အောက်ကနေလှမ်းအော်ပြောသတဲ့ “ဗျို့ ထန်းပင်ပေါ်က နောင်ကြီး ကျွန်တော့ဆိတ်လေးတစ်ကောင်များ မတွေ့မိဘူးလားခင်ဗျာ“ လို့လဲအော်လိုက်ရော ထန်းပင်ပေါ်ကနားထိုင်းကပြန်ပြောတယ် “ ဟုတ်တယ်ဗျ ဒီထန်းတောက ကျွန်တော်ပိုင်တာ ဟိုးမြောက်စူးစူးကထန်းတောက ကျွန်တော့်အဖေဟာ၊ တောင်ဘက်ကထန်းတောကတော့ ကျွန်တော့်အဖိုးပိုင်တာဗျ“လို့ပြန်ဖြေသတဲ့ အောက်ကနားထိုင်းကလဲ အပေါ်ကနားထိုင်းညွှန်ပြတာ သူ့ဆိတ်ရှိတဲ့နေရာဆိုပြီး လိုက်ရှာတာ ကံကောင်းချင်တော့ ပြန်တွေ့ပါလေရော။ အဲဒီအခါမှာ ထန်းတက်တဲ့နားထိုင်းကို ကျေးဇူးတင်လို့ဆိုပြီး ဆိတ်အုပ်ထဲမှာရှိတဲ့ ပေါင်ကျိုးနေတဲ့ဆိတ်လေးတစ်ကောင်ကိုယူပြီး “ဗျို့ နောင်ကြီး ခင်ဗျားကျေးဇူးကြောင့် ကျုပ်ဆိတ်ပြန်တွေ့တဲ့အနေနဲ့ ဟောဒီဆိတ်ကလေးကို ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ခံပေးပါဗျာ“လို့လည်းပြောလိုက်ရော ထန်းပင်ပေါ်ကနားထိုင်း က ဒေါသတကြီးနဲ့ “ဟေ့လူ ကျုပ်ခွေးက သူ့ဘာသာသူ ထန်းပင်အောက်မှာအိပ်နေတာ ခင်ဗျားဆိတ်ပေါင်ကြိုးတာနဲ့ ဘာမှမဆိုင်ဘူး ကျုပ်ခွေးကို လာပြီးမစွပ်စွဲပါနဲ့“လို့ ပြန်ပြောသတဲ့။ အဲဒီလိုနဲ့ ဆိတ်ကျောင်းတဲ့နားထိုင်းက အတင်းပေးလိုက်၊ ထန်းတက်တဲ့နားထိုင်းက သူ့ခွေးမကိုက်ဘူးလို့ငြင်းလိုက်နဲ့ ပေးလိုက်၊ ငြင်းလိုက်၊ ပေးလိုက်၊ ငြင်းလိုက်နဲ့ နောက်ဆုံးသူကြီးနားထိုင်းဆီရောက်သွားပါလေရော။ အဲဒီမှာသူကြီးက “ကဲ ဆိုကြစမ်းပါဦး မင်းတို့အဖြစ်အပျက်တွေကို“လို့မေးတာနဲ့ ဆိတ်ကျောင်းတဲ့နားထိုင်းကအရင် ဖြစ်စဉ်ကို ပြောပြပြီး သူ့ဆိတ်ကိုအတင်းပေးပါလေရော အဲဒီအခါမှာ ထန်းတက်တဲ့နားထိုင်းကလည်း သူ့အဖြစ်အပျက်ကို ပြန်ပြောပြရင်းနဲ့ သူ့ခွေးကိုက်တာမဟုတ်ကြောင်း ပြန်ငြင်းတာပေါ့ အဲဒီလိုနဲ့ သူကြီးရှေ့မှာလည်း ငြင်းကြခုန်ကြဖြစ်နေတုန်း သူကြီးပြန်ပြောလိုက်တာက “ဟေ့ ဒီမှာ မင်းတို့နှစ်ယောက် ငါ့ကို ဘယ်လိုပဲဖျောင်းဖျ ဖျောင်းဖျငါဒီမိန်းမကို လုံးဝမပေါင်းနိုင်တော့ဘူး စိတ်ကုန်နေပြီတဲ့လေ။
ဒီပုံပြင်လေးကို ကြားဖူးပြီးသားလူတွေအတွက်တော့ သီးခံပေးကြပါ၊ မကြားဖူးသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

2 comments

  • htet way

    April 10, 2012 at 9:26 pm

    ကြားဖူးလည်းကောင်းပါတယ် သတိပြန်ရတာပေါ့
    ဒီလိုပါပဲ….ဆက်ရေးပါ

  • aungmyintmyat

    April 16, 2012 at 1:35 pm

    ကောင်းပါတယ်……….
    ဆက်ရေးနော်…………..
    ဟာသဆိုတာ လူတိုင်းနဲ့ တည့်တယ်လေ………….

Leave a Reply