ကုန်းကုန်းအော်နေတဲ့ ကိုဘုန်းကျော်သို့

Phaung PhaungApril 20, 20121min32422

ကုန်းကုန်းအော်နေတဲ့ ကိုဘုန်းကျော်သို့

သို့
ကိုဘုန်းကျော်

ကိုဘုန်းကျော်ရဲ့ “မုန်တိုင်းကထန်ထန် အဖေကမှုးမှုး” ဆိုတဲ့ ပို့စ်ထဲမှာ NLD အမတ်တွေ လွှတ်တော်တက်ဖို့ ကျမ်းကျိန်တဲ့ကိစ္စလေးကို ဝေဖန်ထားတာလေးကို မိမိအမြင်နဲ့ ဒီလို
လေးပြန်ရှင်းချင်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုစဉ်အတွင်း ရွတ်ဆိုရတာက….. 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်
ရှောက်ရမယ်လို့…..ပါပါတယ်။ ရိုးရိုးလေးပဲတွေးကြည့်ရအောင်ပါ…..။ ဥပဒေဆိုတာ ပြဌာန်းပြီးရင်
ဘာလုပ်ရမလဲ ?? အဲဒီဥပဒေကို လေးစားလိုက်နာရမယ်မဟုတ်လား ။ လုံးဝကို လိုက်နာရ
တော့မှာလေ။ အခုဟာက ဒီဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတော့ ဥပဒေကိုပြဌာန်း
ထားတဲ့သူတွေက ဥပဒေရဲ့အထက်အပေါ်မှာ ရှိနေတဲ့သဘောပေါ့။ ဥပဒေရဲ့အထက်မှာ
မည်သူမှမရှိစေရဆိုတာတော့ ကိုဘုန်းကျော်သိပြီးသားဖြစ်မှာပါ။

ဆိုတော့ကာ….(မိုးဒီလေသံနဲ့ ) ဥပဒေဆိုတာ ပြဌာန်းသူတွေရဲ့ ပါးစပ်ထဲမှာရှိသလိုဖြစ်နေမှာပေါ့ ။ အဲဒီလို မလိမ့်
တပတ်လုပ်ခဲ့လို့လဲ နှစ် 20 ကျော်လုံး ဥပဒေဆိုတာကြီးက အာဏာရှင်တွေရဲ့ ပါးစပ်ထဲမှာ ရှိနေခဲ့တာပါ။
ဒါကြောင့် ပြုပြင်ပြောင်းလဲမယ်ဆိုရင် ဒီလိုအသေးအဖွဲလေးကစပြီး အောက်ခြေကနေပြင်ရမှာ
ဖြစ်ပါတယ်။ အခုလဲ အစိုးရဘက်က စာသားပြောင်းပေးမယ်လို့လည်းကြားထားပါတယ်။ NLD
လွှတ်တော်အမတ်တွေအနေနဲ့ နောက်ပြန်လှည့်လိုတဲ့ရည်ရွယ်ချက်လုုံးဝမရှိဘဲ အလုပ်စလုပ်
နေတယ်လို့ပဲ မိမိအနေနဲ့မြင်မိပါတယ်။ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်လည်း နိုင်ငံရေးကို နား
မလည်ပါဘူး။ သို့ပေမယ့် မိမိဉာဏ်မှီသလောက်တွေးမြင်မိတာလေး ပြောကြည့်တာပါ။

ကဲ …ကိုဘုန်းကျော်နဲ့ MG ရွာသားများ မိမိအမြင်အပေါ်ကို ပြန်လည်ဝေဖန်နိုင်ကြပါတယ်။

အားလုံးပဲ နှစ်သစ်မှာ စိတ်ချမ်းမြေ့ပျော်ရွင်နိုင်ကြပါစေ………….

22 comments

  • မဟာ ထမိန်ကြီးဝါဒ

    April 20, 2012 at 2:02 pm

    ဒါနဲ.ဗျ…စကားမစပ် ပို.စ်နဲ.တော့ မဆိုင်ပါဘူး ပြောချင်နေလို.ပါ။ အခုတလော NLD တံဆိပ်တွေ..ခေါင်းစီး
    တွေ၊ အကျီတွေကို နေရာတော်တော်များများမှာ အသုံးပြုလာကြတာတွေ.ရတယ်..တဖက်က ကြည့်ရင်
    တော့ ပါတီကိုချစ်လို. ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံလို. အသုံးပြုကြတာဖြစ်နိုင်ပေမယ့်..ဒီလိုနေရာ
    တကာ အသုံးပြုတာ မသင့်တော်ဘူးလို. ထင်ပါတယ်..ပေါရာလည်း ကြတယ်လေ..ဆိုက်ကားသမားက
    လည်း သူ.ဆိုက်ကားမှာ ကပ်လိုကပ်..ဘတ်စ်ကားမောင်းတဲ့လူကလည်း သူ.ကားမှာကပ်လိုကပ်နဲ.(ဟို Mercedez တို. BMW တို.လို Landcrusier လိုကားမျိုးကတော့ ဘယ်သူမှကပ်တာ မတွေ.ရဘူး)
    နောက်ပြီး သင်းကြန် (စာလုံးပေါင်းမမှန်) အကျနေ.တုန်းကလည်း တွေ.လိုက်သေးတယ်..လသာမြို.နယ်၊
    ဝါဝါဝင်း တာဝါရှေ.က မဏ္ဍပ်ရှေ.မှာ အဖွဲ.ချုပ်က သင်းကြန်လည်တဲ့ ကားတစီး။ ဒေါ်အောင်ဆန်းစုကြည်ပုံ
    ကြီးကို ကားရဲ.ရှေ.မှာရော နောက်မှာရော တပ်ပြီးလည်နေကြတာ..လူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်
    ပုံပါတဲ့ အကျီတွေဝတ် ခေါင်းစည်းတွေနဲ. ဘာဆိုင်သလဲ..ဒီအချိန်က ဒါမျိုးလုပ်ရမဲ့အချိန်မဟုတ်ပါဘူး..
    အဲဒီ့လို ဝတ်ဆင်ထားတဲ့လူတွေ အဖွဲ.ချုပ်က လူပဲဖြစ်ဖြစ်..အပြင်ကလူပဲ ဖြစ်ဖြစ် မဟုတ်တာတခုခုလုပ်
    သွားရင် ပါတီရဲ. image ကိုအရမ်းထိခိုက်ပါတယ်…အများပြောစရာဖြစ်မယ်..လူအထင်အမြင်သေး
    သွားရင် ကောင်းအောင် ပြန်လုပ်ဖို. ဆိုတာ မလွယ်တော့ဘူး…နောက်ပြီး တဖက်အဖွဲ.အစည်းတွေက
    လူတွေကလည်း သူ.လူ ကိုယ့်ဘက်သားပုံစံမျိုး လုပ်ပြီး ပါတီကို သိက္ခာကျအောင် လုပ်နိုင်ပါတယ်…
    အဲဒီတော့ ဒီလိုမျိုး အဖွဲ.ချုပ်ရဲ. တံဆိပ်တွေကို အရက်ဆိုင်၊ ကလပ်၊ မာဆက်
    တွေမှာ ဝင်ရောက်သုံးဆောင်ရင်း အသုံးမပြုကြဖို. တားမြစ်သင့်ပါတယ်..လုပ်တဲ့လူတွေကိုလည်း နောက်
    လူတွေအတွက် စံပြဖြစ်အောင် တနည်းနည်းနဲ.နှိပ်ကွပ်ပစ်သင့်ပါတယ်…တချို.ကကိုယ်ကိုတိုင် ယုံကြည်
    ချက်မရှိဘဲ သူများယောင်လို.လိုက်လို.ယောင်..အမောင်တောင်မြောက်မှန်း မသိ..အခွင့်အရေးသမား
    သာကူးတွေ များလာလို.ပါ…

    • etone

      April 20, 2012 at 7:44 pm

      မဟာ ထမိန်ကြီးဝါဒရေ ….ကျွန်မနည်းနည်းဆွေးနွေးကြည့်မယ်နော် …
      NLD တံဆိပ်တွေ ခေါင်းစည်းတွေရင်ထိုးတွေ ပလူပျံအောင်မြင်နေရတာက …ပါတီရဲ့တိုက်တွန်းမှုကြောင့်မဟုတ်ပဲ … ပြည်သူတွေက ထောက်ခံ အားပေးတဲ့အနေနဲ့ စိတ်တိုင်းကျ ထုတ်ဖော်အသုံးပြုကြတာပါ … ။

      ဆိုက်ကားသမားပဲဖြစ်ဖြစ် ၊ ဘတ်စ်ကားသမားပဲဖြစ်ဖြစ် …. ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် ပါတီကိုအားပေးချင်စိတ်နဲ ့ ပါတီတံဆိပ်ကို ကိုယ့်ပိုက်ဆံကိုယ်အကုန်ခံဝယ်ပြီးကပ်ကြဝတ်ကြတာ … ပေါရာကျတာထက် … အားပေးတာလို့မြင်မိပါတယ် … ။ တန်ဖိုးကြီးကားတွေမှာလည်း ကပ်ကြပါတယ် … နေကာလိုမျိုးမှန်မှာလိုမျိုး … တစ်ခါတစ်လေ ကားဘောနပ်စ်မှာ ကပ်တာတောင်မြင်မိသေးတယ် … ။ အရည်တွက်နည်းတာကတော့… သိတဲ့အတိုင်းလေ …. ဒီနိုင်ငံမှာ ချမ်းသာတဲ့ လူအများစုက … မကင်းရာမကင်းကြောင်း လမ်းကြောင်းလေးတွေရှိနေတယ် ဒီတော့ NLD ကိုအားပေးချင်တာတောင် … သူတို့ရဲ့ စီးပွားဖက်တွေနဲ့ တမျိုးတမည် ဖြစ်သွားမှာ စိုးလို့ … လူသိရှင်ကြားအားမပေးရဲကြဘူး … ။

      သင်္ကြန်အကျနေ့တုန်းက လသာမြို့နယ် NLD ရုံးခွဲရဲ့ ရှေ့မှာ အမေစုပုံနဲ့ သီဆိုဖျော်ဖြေခဲ့တဲ့ကားက … NLD ပါတီက လုပ်တာ မဟုတ်ပါဘူး … NLD ရဲ့လက်အောက်
      ခံ လူမှုကွန်ရက်အဖွဲ့စည်းတွေထဲက တစ်ခုဖြစ်တဲ့ … BG အဖွဲ့ရဲ့ ဖျော်ဖြေမှုအပါ … ။ အဲ့ဒီနေ့က အဲ့ဒီအချိန် လူအုပ်ကြားထဲ အားပေးနေတဲ့သူတွေထဲ ကျွန်မတောင် ပါသေးတယ် … ။ အမေစုတို့ရဲ့ရည်ရွယ်ချက်တွေထဲက လုပ်ငန်းစဉ် (င)ကို အကောင်ထည်ဖော်ပေးနေတဲ့ ပရဟိတ္တအဖွဲ့ပါ … ။ ဗုဒ္ဓဘာသာသင်တန်း ၊ နိုင်ငံခြားဘာသာစကားသင်တန်း ၊ အမှိုက်ကောက်ကလေးများရဲ့ ဗဟုသုတနဲ့ ပညာပေးသင်တန်း စတာတွေကို ပါတီရဲ့ လမ်းညွှန်မှုအောက်ကနေ ကူညီပံ့ပိုးပေးတဲ့ အဖွဲ့ပါပဲ … ။

      သူတို့ဖျော်ဖြေရေးလုပ်တာပါ .. အလှူမခံပါဘူး … ဒါပေမယ့် …စေတနာရှင်တွေက အလှူငွေတွေဝိုင်းထည့်ကြတာ .. မြင်ရတဲ့လူတောင် မျက်ရည်ဝဲမိပါတယ် … ။
      နောက်ရက်တွေမှာလည်း .. ကိုမင်းကိုနိုင်တို့အဖွဲ့ လာရောက်ဖျော်ဖြေတာ မြင်တွေ့ခဲ့ရပါသေးတယ် …. ။ ကျွန်မဓါတ်ပုံရော ဗွီဒီယိုဖိုင်အနေနဲ့ပါ အမှတ်တရ မှတ်တမ်းတင်ထားခဲ့ပါသေးတယ် … ။

      • မဟာ ထမိန်ကြီးဝါဒ

        April 21, 2012 at 11:12 am

        ဟုတ်ပါတယ်ဗျာ..မအိတုံပြောတာ
        ကျနော်ဆိုလိုတာက သာရေး နာရေးကိစ္စတွေ လုပ်နေတဲ့အချိန်..မဲဆွယ်တဲ့အချိန်တွေမှာ
        အသုံးပြုတာနဲ. ဒါကြီးတွေ ဝတ်ပြီး အရက်ဆိုင်ထဲမှာ မူးနေတာနဲ.တော့မတူဘူးပေါ.ဗျာ..
        အချိန်အခါအလိုက် အသုံးပြုစေချင်တာပါ

  • Foreign Resident

    April 20, 2012 at 2:20 pm

    Phaung Phaung ရဲ့ တွေးတာ နဲနဲ လွဲနေတယ်ကွဲ့ ။

    တကယ့် တကယ်က ၊ NLD အမတ်တွေက ၊
    ” 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ပါမည် လိုကျမ်းမကြိမ်နိုင်ဘူးကွယ့် ”
    ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ရွေးကောက်ပွဲဝင်တဲ့ ဦးတည်ချက် ( ၃ ) ရပ်ထဲက တစ်ချက်က
    2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေ ဘောင်အတွင်းက ပြောင်းလဲ ( ဖျက်ဆီး ) ပစ်ဖို့ပဲကွယ် ။

    အဲဒီတော့ NLD ကိုယ်နှိုက်က
    2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေ ဘောင်အတွင်းက ပြောင်းလဲ ( ဖျက်ဆီး ) ပစ်ဖို့
    ကြိုးစားနေပါတာ ဆိုမှတော့ ၊
    အဲဒီ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ် ကာကွယ်ပါ့မလဲကွယ် ။

    လောလောဆယ် အခြေအနေ အရ တိုင်းသူပြည်သား တစ်ယောက် အနေနှင့် ၊
    မဖျက်နိုင်ခင် စပ်ကြားမှာတော့
    2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာပါ့မယ် လို့ပဲပြောနိုင်တယ်လေ ။
    တကယ့်ဦးတည်ချက်က အခွင့်သာတာနှင့် ဖျက်ဖို့ကြိုးစားမှာလေ ။

    • tunlinaung

      April 20, 2012 at 5:06 pm

      Foreign Resident ကြီးကမြန်မာစာမဖတ်တာကြာလို.ထင်တယ်နော်။ Phaung Phaung ရေးထားတဲ့အနက်ကိုဘာသာမပြန်တက်ဘူးနော်။နောက်ပြီးNLDကဟိုဟာကြီးကိုပြင်မှာပါဗျာ။ ဖျက်ဆီးတာနဲ.ပြင်တာနဲ.တူဖူးနော်သိလား။ဩဇီမှာအနေကြာလို.မြန်မာစာတက်တော့
      ဘူးလားဟင်။ အဝေးကနေလေတွေတိုက်နေတာကောင်းပါဘူးဗျာ။
      ဒီလာပြီးတော့ တစ်ခုခုလုပ်ကြည့်ပါလား။
      ဒါနဲ.စကားမစပ်( by the way) ဩဇီကြော်ငြာတွေဆက်မရေးတော့ဘူးလား။

  • aye.kk

    April 20, 2012 at 2:21 pm

    ဘုန်းကျော်..
    ကုန်းအော်..သူမမော။
    ပြောနော်..
    ပိုကဲ..
    ဆဲလဲတတ်တာအလွန်ဘဲ။
    အသိ..
    မရှိ..
    အားလုံးသိ..
    ဘာတွေမှန်းကိုမသိ။
    ဂေဇက်နေရာ..
    အမြဲလာ..
    ်လာပြန်ရင်လည်းကလိမြဲ..
    သူ ့တွက်ကတော့ဝါသနာဘဲ။

  • ငပွကြီး

    April 20, 2012 at 3:38 pm

    ထမိန်ကြီးဝါဒ ပြောတာကို အပြည့်အဝထောက်ခံပါတယ်

  • Phaung Phaung

    April 20, 2012 at 4:32 pm

    အဘေဖောရယ် …. ပြောင်းလဲပစ်ဖို့လုပ်ပါ ။ ဘာကြောင့် (ဖျက်ဆီး) ဆိုတာကြီးပါရတာလဲ ..။ ကောင်းလာ/
    မလာတော့ စောင့်ကြည့်ရမှာပေါ့။

    မဟာထမိန်ကြီးဝါဒ ပြောတာကိုတော့ လက်ခံပါတယ်။ ဖောင်းဖောင်းလည်း နေရာတစ်ကာ ပါတီအမှတ်အသား
    တွေအသုံးပြုနေတာတွေ့ရတာ စိတ်မကောင်းပါဘူး။
    (ဟို Mercedez တို. BMW တို.လို Landcrusier လိုကားမျိုးကတော့ ဘယ်သူမှကပ်တာ မတွေ.ရဘူး)…အဲဒါ
    ကတော့ စီးပွားလုပ်ငန်းရှင်ကြီးတွေ / သာပေါင်းညာစားအခွင့်အရေးသမားတွေ ( မပြောချင်ပါဘူး ) က ဘယ်
    ကပ်ကြလိမ့်မလဲ ။ တချို့လည်း စိတ်ထဲမှာရှိပေမယ့် အောက်ခြေလူတန်းစားတွေ တွင်တွင်ကျယ်ကျယ်အသုံး
    ပြုနေကြလို့ကို မကပ်ကြတာပါ။ … စိတ်ထဲမှာတော့ အဲဒါတွေကိုကြည့်ပြီး ကျေနပ်နေကြတာပါ။

  • kyeemite

    April 20, 2012 at 5:22 pm

    Phaung Phaung ခင်ဗျား..ကျုပ်ကတော့ ဒီလိုဘဲထပ်ပြောလိုက်မယ်..

    ကျုပ်တော့ NLD ရဲ့ဗွေဆော်ဦးတောင်းဆိုချက်နဲ့ ဒီစကားရပ်
    ပြင်မပေးဘူးဆို လွှတ်တော်တက်မည်မဟုတ်ဆိုတဲ့ ပထမဦးဆုံးခြေလှမ်း
    ကိုအပြည့်အဝထောက်ခံတယ်..့ NLD ရေ ..တောင့်ထားကွ..

    ဒီတစ်ချက်အောင်ရင်နောင်အလားအလာကောင်းမယ်…
    စောင့်ကြည့်ကြပါစို့..

  • Foreign Resident

    April 20, 2012 at 6:21 pm

    Phaung Phaung ရဲ့

    တကယ့်တကယ်က
    ဒီမိုကရေစီ မကျတဲ့ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို
    အမေရိကန် နိုင်ငံက လုပ်သလို
    1st Amendment, 2nd Amendment ဆိုပြီး
    နဲနဲစီ တိုးတိုးပြီး ပြောင်းလို့ မရလောက်ဘူးကွဲ့ ။

    အမေရိကန် Constitution က
    နဂို Original ကတည်းက သိပ်မဆိုးတော့ ၊
    မူရင်း ကိုယ်နှိုက်က လက်ခံနိုင်ချေ ရှိတော့ ၊
    1st Amendment, 2nd Amendment ဆိုပြီး ၊
    နဲနဲ ချင်းစီ ပြင်ပြင်သွားလို့ ရတယ် ။
    ဒါတောင် အမေရိကန် Constitution မှာ
    Amendment ပြင်ဆင်ခြင်း ( ၂ရ ) ခု ရှိနေပြီ ။

    မြန်မာ 2008 Constitution က
    အကြီးအကျယ် ပက်ပက် စက်စက် ကြီးကို လွဲနေတာတွေက
    အများကြီး ဖြစ်နေတော့ အဲလို နဲနဲချင်း ပြင်လို့
    သိပ်အဆင်မပြေလောက်ဘူး ။
    အရမ်း ရုပ်ဆိုးသွားမယ် ။

    တော်ကြာ တရုတ်ကား တစ်ထောင့်တစ်ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်းလို ၊
    တစ်ထောင့်တစ်ကြိမ်မြောက် Amendment ပြင်ဆင်ခြင်းတွေ ဖြစ်သွားရင် ၊
    အဲဒီ Constitution က လူနားမလည်နိုင်လောက်အောင် ရှုပ်ထွေးသွားတဲ့ အတွက် ၊
    ဥပဒေကောင်း အင်္ဂါရပ်တွေနှင့် မညီတော့တဲ့ အတွက် ၊
    နောက်ဆုံးမှာ Constitution အသစ်ဆွဲရမှာပဲကွဲ့ ။
    ဥပဒေပညာ လေ့လာဘူးသူတိုင်း အဲဒါတွေကို သိတယ်ကွယ့် ။

    အဘ အထင် ( အထင် ) အမေစုတို့ NLD က အစပိုင်းမှာ ဦးစားပေးအနေနှင့် ၊
    ၁ ။ တိုင်းရင်းသား Federal စံနစ် အတွက် Amendment ပြင်ဆင်ခြင်းတွေ ။
    ၂ ။ စစ်ဗိုလ် ၂၅ % ကို ဖယ်ရှားဖို့ Amendment ပြင်ဆင်ခြင်းတွေ ။
    လုပ်ပြီးရင် NLD နှင့် တခြား Democracy အင်အားစုတွေက
    လွှတ်တော်ရဲ့ Majority ကိုအုပ်စိုးမိလာရင်
    Referendum ပြည်သူ့ ဆန္ဒခံယူပွဲ ခေါ်ပြီး Constitution အသစ်ရေးလိမ့်မယ် ။

    အခုလောလောဆယ်တော့ နားခံသာအောင် ပြင်တယ်လို့ သုံးပေမယ့် ၊
    ဒီ Constitution က ပြင်ယုံနှင့် မရလောက်ဘူး ၊
    နောက်ဆုံးမှာ ဖျက်ပြီး အသစ်ဆွဲရမှာပဲ ။

    ခက်တာက ပြီးခဲ့တဲ့ တော်လှန်ရေးနေ့မှာ ၊
    တပ်ချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် ကလည်း ၊
    ဒီ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ၊
    တပ်မတော်က ကာကွယ်သွားမယ်လို့ ပြောသွားတော့ ၊
    ဘာတွေ ဖြစ်လာမယ်ဆိုတာ မသိတော့ ပါဘူး ။

    အခု နောက်ဆုံး သတင်းအရဆိုရင် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက
    NLD ရဲ့ စကားလုံး ပြောင်းပေးဖို့ တောင်းဆိုချက်ကို ပယ်ချလိုက်ပြီ ။

    တရားနည်းလမ်း အတိုင်း ဆိုရင်တော့ ၊
    ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ပြီးသွားရင် ၊
    အဲဒါ နောက်ဆုံး အတည်ပဲ ။ အမြင့်ဆုံး တရားရုံး လေ ။
    သမ္မတကြီးတောင် အဲဒါကို ပြန်ပြင်လို့ မရတော့ဘူး ။

    ပုံစံကတော့ ထိပ်တိုက် ရင်ဆိုင်တဲ့ လမ်းကို သွားနေပုံပဲ ။
    ဒုက္ခ ။ ဒုက္ခ ။ ဒုက္ခ ။

    • Foreign Resident

      April 20, 2012 at 6:52 pm

      မောင်သန်းထွဋ်ဦး ရဲ့
      တစ်ခုလေးတော့ ထောက်ပြချင်ပါရဲ့ ။
      ” ဉာဏ်ရည်သာသူတွေသာ တာသွားမှာဖြစ်လို ့” ဆိုလို့ပါ ။

      ကမာ္ဘ လောကကြီးမှာ ဒါဝင် ရဲ့
      ” Survival of the Fittest ” Rule အုပ်စိုးသကွဲ့ ။
      သေချာ သတိထားကြည့်မိရင်
      Fittest အသင့်တော်ဆုံး ဆိုတဲ့ စကားလုံးကို သုံးထားသကွဲ့ ။
      Cleverest အတော်ဆုံး ဉာဏ်အထက်ဆုံး မဟုတ်ဘူးကွဲ့ ။

      အဲဒီနေရာမှာ Fittest ရဲ့ ဆိုလိုရင်းဟာ
      တချို့ အခြေအနေတွေမှာ Strongest အင်အား အကြီးဆုံး ၊
      တချို့ အခြေအနေတွေမှာ Cleverest ဉာဏ်အထက်ဆုံး ၊
      တချို့ အခြေအနေတွေမှာ Most Flexible ပြောင်းလွယ် ပြင်လွယ် အရှိဆုံး ၊
      စသဖြင့် အခြေအနေကိုလိုက်ပြီး အမျိုးမျိုး ပြောင်းလဲနေတာကွဲ့ ။

      အဲဒီတော့ ဉာဏ်ရည်သာ ယုံမျှနှင့်တော့ ၊ အဘ စိတ်မချနိုင်ပါဘူးကွယ် ။
      အင်အား က ပိုပြီး စကားပြောမဲ့ အခြေအနေလည်း ဖြစ်နေပါအုံးမယ် ။

  • ပေစိ

    April 20, 2012 at 10:59 pm

    အနော်ကတော့ မမ ဖေါင်းဖေါင်းသစ်ပင်က ငှက်ကလေးတစ်ကောင်ပဲဖြစ်ချင်တယ် း ))

  • virus

    April 20, 2012 at 11:46 pm

    ကျွန်တော်ကတော ့မetone တွေးသလိုပါပဲ
    အားပေးမှုတွေကြောင် ့ဖြစ်လာခဲ့တာပါပဲ

  • ကြောင်ကြီး

    April 21, 2012 at 7:05 am

    အန်အယ်လ်ဒီက ဘာလုပ်မယ်ဆိုတာ အစောကထဲက ဗျောင်ဖွင့်ပြောပြီးသားပါ။ လက်သီးပုန်းထိုးတာ မဟုတ်ဘူး…။ အန်အယ်လ်ဒီသည် တစည မဟုတ်ဘူး၊ အန်ဒီအက်ဖ် မဟုတ်ဘူး…. အန်အယ်လ်ဒီ ကြားဖြတ်ရွေးကောက်ပွဲ တခဲနက်အနိုင်ရသွားတာ စစ်ဗိုလ်တွေအဖို့ နောက်တချီ အငိုက်မိသွားပြန်တယ်။ မဲပြန့်သွားရင် အသုံးအနှုန်းပြင်ဖို့ ကိစ္စကို အန်အယ်လ်ဒီသဘောတခုထဲနဲ့ မရနိုင်လို့ စကားကပ်ကြအုံးမယ်။ အခုတော့ အဲသလို ပြောလို့ရဒေါ့ဘူး။ ကြားဖြတ်ပွဲသည် နေရာအနည်းငယ်ပဲရှိဒယ်ဆိုပေမဲ့ တနိုင်ငံလုံးအတိုင်းအတာ ကိုယ်စားပြုတယ်ဆိုတာ ထင်ရှားတယ်။ ပြည်တွင်းသဘောထားကို စစ်ကောင်တွေ မျက်ကွယ်ပြုလို့ရပေမဲ့ နိုင်ငံတကာအမြင်ကို လှစ်လူရှုလို့မရဘူး…။ ဖြစ်လာတဲ့ အခြေအနေအပေါ် တဖက်နဲ့တဖက် အပေးအယူလုပ် ကစားတာကို နိုင်ငံရေးလို့ခေါ်တယ်… မှတ်ထား..။ မသိရင် ကြောင်ချီးသွားကြုံး…။

  • Foreign Resident

    April 21, 2012 at 8:31 am

    အဘ အထင်နော် ။
    ဒီ စကားလုံးပြောင်းလဲဖို့ ကိစ္စမှာ ၊ NLD အခြေအနေ မကောင်းဘူး ။

    ဘာဖြစ်လို့လဲဆိုတော့ ၊
    အဲဒီ စကားလုံးကို ရွတ်ဆိုပြီး ကျမ်းကြိမ်ရမယ်လို့ ၊
    ၂၀၀၈ အခြေခံဥပဒေထဲမှာ အတိအလင်းပါတယ် ။

    အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး အနေနှင့် ကတော့
    လိုက်လျောချင်ရင်တောင် ဘယ်လိုမှ
    သူ့လုပ်ပိုင်ခွင့် ဘောင်ထဲကနေ မဖြစ်နိုင်ဘူး ။

    အဖြစ်နိုင်ဆုံးက NLD မပါပဲ လွှတ်တော်ကျင်းပ ၊
    လွှတ်တော် ကိုယ်စားလှယ် ၇၅ % က
    မဲခွဲ ဆုံးဖြတ်ပြီး စကားလုံးကို ပြင်ဆင်ပေး ။

    အဘ အပေါ်မှာ ပြောခဲ့တဲ့ ၊
    1st Amendment ဆိုတာ အဲဒါပေါ့ ။

    ပြီးတော့မှ NLD လွှတ်တော်ထဲဝင်ပေါ့ ။

  • kyeemite

    April 21, 2012 at 9:48 am

    ကျုပ်လည်း အဘဖောနောက်ဆုံးမန့်ထားသလို..ထင်မိနေတယ်…

    အဖြစ်နိုင်ဆုံးက NLD မပါပဲ လွှတ်တော်ကျင်းပ ၊
    လွှတ်တော် ကိုယ်စားလှယ် ၇၅ % က
    မဲခွဲ ဆုံးဖြတ်ပြီး စကားလုံးကို ပြင်ဆင်ပေး ။

  • phone_kyaw

    April 21, 2012 at 11:37 am

    တကယ်တော့ဗျာ….အလုပ်တစ်ခုကို မလုပ်ခင်ကတည်း ဒီအလုပ်ရဲ ့အပေါ်မှာ နားလည်တက်ကျွမ်းထားဖို ့အင်မတန်အရေးကြီးပါတယ်။ အခုတော့ အရပ်စကားနဲ ့ပြောရရင် လင်နောက်လိုက်ပြီးမှ ဆက်မပေါင်းတော့ အပျိူရည်ပျက်တာပဲ အဖတ်တင်မှာစိုးလို ့ပါဗျာ။ အခြေခံဥပဒေဆိုတာက စာအုပ်ကြီးတစ်ခုပါ။ ပြင်လို ့လွယ်ပါတယ်။ ကျနော်ဆီကို တိုက်ရိုက်စာရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို ့ပြောချင်ပါတယ်။

  • ရဲစည်

    April 21, 2012 at 1:23 pm

    “အိမ်း……အဘတစ်ခုလောက် ပြောပြမယ် တို့နိူင်ငံကြီးကို အပြောင်းအလဲ လုပ်ကြမယ်ဆိုတော့ကြ အဘလုပ်ဖော်ကိုင်ဖက်တွေ၊ တပည့်တွေနဲ့ တိုင်ပင်ကြတယ် အနှစ်၂ဝလဲကျော်ပီ တို့အသက်လဲကြီးကြပီ ဆိုတော့တို့တွေ ထွက်ကြမယ် အခြေခံဥပဒေလေးဆွဲ၊ အစိုးရသစ်ကလေးလည်း ဖွဲ့ပေးလိုက် တို့တပ်သီးသန့်နောက်ဆုတ်လိုက် ပြီးတော့ သူတို့အခြေအနေကို စောင့်ကြည့်တာပေါ့လို့” အဘကမိန့်တယ်။အဲဒီမှာ တစ်ယောက်က ထပြောတယ် “ဟာဒီလို လွှတ်ပေးလို့ ဘယ်ရမလဲ တိုင်းပြည်တိုးတက်/မတိုးတက်တာ၊ဆုတ်ယုတ်/မဆုတ်ယုတ်တာ အသာထား နောက်တတ်လာမဲ့ သူတွေက ကျုပ်တို့ကို စစ်ရာဇဝတ်ကောင်တွေ အဂတိလိုက်စားတဲ့ သူတွေဆိုပီး အမျိုးမျိုးခေါင်းစဉ်တတ်ပီး ခုရုံးဖွဲ့နေမှဖြင့် ဘုရားသွားချိန် သစ်ပင်စိုက်ချိန်လေးမှမရ မသေမချင်း ထောင်ထဲကနေ တရားဘဲဆိုင်နေရမှ ဖိလစ်ပိုင်တို့၊ အီဂျစ်တို့လိုဖြစ်နေမယ် ကြောက်လို့တော့မဟုတ်ဘူး လွတ်လမ်းရှိရဲ့သေတွင်းထဲမသွားချင်ဘူး ” ဒါနဲ့ဘဲ အိမ်း…တို့တွေ ပါတီလေးဖွဲ့ကွာ ဥပဒေထဲမလဲ ဒို့လူတွေပါအောင်လေးရေးကြ ပြီးမှဘဲ ဖြည်းဖြည်းခြင်း ဆုတ်ကြကွာလို့ဘဲ ” မိန့်ရတော့တယ်။ တို့တပ်မှာ မနိူင်လို့ ဆုတ်ပြေးရတောင် အောင်မြင်စွာဆုတ်ခွာခြင်းဆိုပီး နည်းဗျူဟာထားတာ အလကားထင်ရင် မင်းတို့မှားကြမပေါ့ သေချာတာကတော့ ငါမသေမချင်း မင်းတို့ထင်သလို လုပ်မရဘူးမှတ်။ အိမ်….နောက်ပီး မင်းတို့သိထားရမှာက အနှစ်၂ဝလုံး အုပ်ချုပ်ထားတာ ငါတို့တော်လို့ မဟုတ်ဘူး” ကိုအောင်ဆန်းတို့ဘဲကြည့် တို့ထက်ဆိုးတဲ့ အင်္ဂလိပ်တောင် တိုက်ထုတ် နိူင်သေးတယ် မင်းတို့လက်ရှိလူတွေ သောက်သုံးမကျလို့ ဖြစ်တာ ကိုယ့်မျက်ချေးကိုယ်မမြင်ဘူး။အိမ်း….နောက်ရှိသေးသပ လူဘဲ ရရင်တော့ယူမှာဘဲ ငါလဲငပိစားလာရတာ ဆီဦးထောပတ်လေးတော့ စားချင်သကွ ခုတော့လဲ မစားနိူင်တော့ပါဘူး သွေးတိုးရှိတော့ ထမင်းဖြူလေးနဲ့ ပဲပြုတ်လေးဘဲ စားနေရတော့တယ်။”အခုမင်းတို့တွေ အွန်လိုင်းထဲ ငါ့မြေးစကားအရဆို”လေတိုက်နေတာ”မြင်လို့ ဝင်သာပြောရတာ ဘုရားရှိခိုးပျက်တယ် “အိမ်း..အိမ်း….သတ္တဝါတွေ မေတ္တာပို့အုံးမှ ကြံတိုင်းမြောက်ပီး လုပ်တိုင်းပေါက်ကြပါစေ”…

    …… သားပြောတာမဟုတ်ဘူးနော် ဟိုလူကြီးပြောတာ…..ဟီးဟီး

  • R Ga

    April 21, 2012 at 4:22 pm

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး၊ မတက်ရေး စကားလုံးအငြင်းပွားမှုနှင့် ပတ်သက်ပြီး သုံးသပ်ဝေဖန်မှုများရှိနေ
    …………………………………………………………………………………………………………………………………….

    ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်ရေး၊ မတက်ရေး စကားလုံးအငြင်းပွားမှုနှင့် ပတ်သက်ပြီး လူအများစုက သုံးသပ်ဝေ ဖန်ပြောကြားခဲ့ပါသည်။
    ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့်နီးပါးဖြင့် အနိုင်ရရှိခဲ့ရာတွင် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄ နေ ရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ၄၃ နေရာ၌ အနိုင်ရရှိခဲ့ပြီး ၉၈ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့သည်။

    ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်ရေး၊ မတက်ရေး စကားလုံးအငြင်းပွားမှုနှင့် ပတ်သက်ပြီး လူအများစုက သုံးသပ်ဝေ ဖန်ပြောကြားခဲ့ပါသည်။

    ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့်နီးပါးဖြင့် အနိုင်ရရှိခဲ့ရာတွင် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄ နေ ရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ၄၃ နေရာ၌ အနိုင်ရရှိခဲ့ပြီး ၉၈ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့သည်။

    အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃ရ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် လေးနေရာနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နေရာတို့ ဖြစ်ကြသည်။

    ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများကို တက်ရောက်ရန် သက်ဆိုင်ရာက ဖိတ်ကြားထားသည်။

    လွှတ်တော် ကိုယ်စားလှယ်အသစ်များအနေဖြင့် စတင်တက်ရောက်သော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုရမည်ဖြစ်သည်။

    သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကတိသစ္စာပြုချက်တွင် ပါဝင်သော”နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်”စာသား အစား ”နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာ”ဟူ၍ ပြင် ဆင်ရန် လိုလားလျက်ရှိနေရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ဧပြီလ ၁၉ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့သည်။

    အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦး ဉာဏ်ဝင်းက “၂၃ ရက်နေ့ တက်ရမယ့် လွှတ်တော် အစည်းအဝေးတွေကို NLD က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အခုအချိန်အထိ မသေချာသေးပါဘူး။ ကျွန်တော်တို့မနေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို သွားပါတယ်။ ခုံရုံးကဖိတ်လို့ပါ။ ဘာအတွက်လဲဆိုတော့ ဇယား (၄) ကိစ္စနှင့်ပတ်သက်ပြီးတော့ ခုံရုံးက သူ့ရဲ့ ဥပဒေအမြင်တွေ ရှင်းပြတယ်။ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ ကိစ္စတွေနဲ့ ကျွန်တော်တို့ ဇယား (၄) နဲ့ ဆက်စပ်မှုတွေ။ ဆိုလိုတာက ဇယား (၄)မှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်လို့ မြန်မာလို ပါပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်ဘာသာပြန် အစိုရက ဒီဘက်မှာ uphold သုံးတယ်။ အဲ့ဒီ uphold ဆိုတဲ့စကားလုံးကို နိုင်ငံတကာမှာလည်း သုံးကြောင်း ရှင်းပြတယ်။ မနေ့က တွေ့ရတဲ့ အခြေအနေကို ခြုံပြီးတော့ ပြောလို့ ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ကျွန်တော်တို့ကို ကောင်းမွန်စွာ ဆက်ဆံတယ်။ ကြိုဆိုတယ်။ စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ ဒါကျွန်တော် လက်ခံတယ်။ သို့သော် ရှင်းပြတဲ့ အချက်အားလုံးကို ကျွန်တော်တို့ သဘော မတူတာတွေ ရှိပါတယ်။ သဘောမတူတာကို ကျွန်တော်တို့ ဘာမှ မပြောခဲ့ဘူး။ ဘာကြောင့် မပြောခဲ့ဘူးလဲ ဆိုတာ ကျွန်တော်ပြောမယ်။ ကျွန်တော်တို့ကို ခေါ်ယူ ရှင်းပြရန်လို့ ဖိတ်ခေါ်တာ။ အဲ့ဒီတော့ ရှင်းပြတာ နားထောင်ဖို့ သွားတာ။ နာထောင်ပြီး ပြန်လာတယ်။ သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါလားဆိုရင် ကျွန်တော်တို့က အမှုတစ်ခု ကြားနာနေတာ မဟုတ်ဘူး။ အမှုတစ်ခုဆိုရင်တော့ ကျွန်တော်ရှေ့နေပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်။ ကျွန်တော်ဒီလို မပြောပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ ကောင်းမွန်မွန် ရှင်းပြတာကို နားထောင်တယ်။ ပြန်လာတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကြီးတွေကို ဒီအခြေအနေရှင်းပြတယ်။ ရှင်းပြတဲ့အခါမှာ ကျွန်တော်စောစောတုန်းက ပြောသလို ကျွန်တော် သဘောမတူတဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်လည်း သဘောမတူပါဘူး။ အဲ့ဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြီးပြတ်အောင် ပြေလည်အောင် ကျွန်တော်တို့ ကြိုးစားပါမယ်။ ဘယ်လိုကြိုးစားမလဲဆိုတော့ ကျွန်တော်အခု စာရေးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ဒီစာကို ရေးတယ်။ ဒီစာကို သက်ဆိုင်ရာတွေ ဆီကို ပို့ပါမယ်။ အဲ့ဒီတော့ ၂၃ ရက်နေ့ဆိုတာကတော့ ဒီနေ့ပဲ ၂ဝ ရက်နေ့ ဖြစ်နေပြီ။ စာတွေ သွားတာ လာတာနဲ့တော့ ကျွန်တော့်အမြင်တော့ မီနိုင်လောက်တဲ့ အနေအထား မတွေ့ဘူး။ ၂၃ ရက်နေ့ကို မတက်ဖြစ်တဲ့ ရာခိုင်နှုန်းက များပါတယ်။ ကျွန်တော် လောလောဆယ်အားဖြင့် ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု ဧပြီလ ၂ဝ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဆိုပါ ပေးပို့မည့်စာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို လိပ်မူပြီး သမ္မတရုံး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သဘောမတူသည့် အချက်များကို ဖြေဆိုရန် ငြင်းဆိုခဲ့ပါသည်။ ထို့ပြင် လက်ရှိအချိန်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဧပြီလ ၂၃ ရက်နေ့ လွှတ်တော် ပုံမှန်အစည်းအဝေး တက်ရေး၊ မတက်ရေးနှင့် ပတ်သက်ပြီး သဘောထားမှာ တစ်စု တစ်စည်းတည်း ရှိကြောင်းလည်း ဦးဉာဏ်ဝင်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄၊ ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက်ပုံစံတွင် “ကျွန်ုပ်…..သည် ……..ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။ ထို့အပြင် ယခု ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်”ဟု ဖော်ပြထားပါသည်။

    ၁၉၄ရ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပြည်သူ့လွှတ်တော် အမတ်များ ကျမ်းသစ္စာဆိုချက် သို့တည်းမဟုတ် ကတိသစ္စာဆိုချက် ပုံစံတွင် ဖော်ပြထားသည်မှာလည်း ”ကျွန်ုပ်သည် ပြည်သူ့ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်း ခံရပြီးဖြစ် သဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တည်မြဲအောင် ထိန်းသိမ်း၍ တရားဥပဒေများကို စောင့်ရှောက်ပါမည်။ ထို့ပြင် ယခု ကျွန်ုပ်ဆောင်ရွက်မည် ဖြစ်သော တာဝန်ဝတ္တရားများကိုလည်း တည်ကြည် ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက် တည်ကြည်စွာ ကျမ်းသစ္စာဆိုပါသည်။ (ကတိသစ္စာဆိုပါသည်)”ဟူ၍ ပြ ဋ္ဌာန်းထားပါသည်။

    ထိုကဲ့သို့ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများကို မတက်ရောက်ဖြစ်ရန် ရာခိုင်နှုန်းများကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောကြားချက်များနှင့် လွှတ်တော်တက်ရေး၊ မတက်ရေး စကားလုံး အငြင်းပွားမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များ၊ ပြည်သူများကလည်း သုံးသပ်ဝေဖန်ပြောကြား ခဲ့ပါသည်။

    ”အမှန်အတိုင်းပြောရရင် ကျွန်တော်က အခြေခံဥပဒေကို မယုံဘူး။ ဘာမှချမပြဘဲ သူတို့ဟာ သူတို့ လုပ်ခဲ့တဲ့ဥပဒေပါ။ ဒါကြောင့် အဲဒီ မှာ ပါတဲ့အချက်တချို့ကိုလည်း လက်မခံပါဘူး။ ဒါပေမယ့် အခု NLD က ဒီအချက်ကြောင့် မဝင်ဘူး ဆိုတာတော့ မဖြစ်စေချင်ပါ ဘူး။ NLD က လူတွေ လွှတ်တော်ထဲကို ရောက်စေချင်ပါတယ်။ အခု ဟာက ကိုယ့်လူမှ မရောက်သေးတာ။ ဘာပဲဖြစ်ဖြစ် အဓိကက ကိုယ့်လူရောက်ဖို့ပဲ။ အထဲရောက်မှ လုပ်ချင်တာ လုပ်လို့ရမှာပါ။ ကျွန်တော့် အမြင် ပြောရရင်တော့ လွှတ်တော်မှာ ကျမ်းကျိန်တာက တစ်ပိုင်း၊ တိုင်းပြည်ကောင်းအောင် လုပ်ဖို့က တစ် ပိုင်းလို့ ထင်ပါတယ်။ ဒါကြောင့် ဒီအချက်ကို မပြင်ပေးတာနဲ့ လွှတ်တော်ထဲ မဝင်ဘဲမနေစေချင်ပါဘူး” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှ မဲပေးခဲ့သူတစ်ဦးက ဆိုပါသည်။

    ”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ က လိုရာရေးဆွဲထားတဲ့ ဥပေဒပါ။ ပြင်မယ်ဆို ပြင်စရာတွေအများကြီးပါ။ ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြင်ချင်တယ်ဆိုရင် လွတ်တော်ထဲရောက် မှ ပြင်လို့ရတာပါ။ လွှတ်တော်ထဲ ရောက်ဖို့အတွက် ဘာမဟုတ်တဲ့ အသေးအမွှားကိစ္စလေးတွေကို ဆီလို အပေါက်ရှာမနေသင့်ပါဘူး။ အများပြည်သူ အကျိုးရှိဖို့အတွက် လုပ်သင့်တာကို လုပ်ရပါမယ်။ လွှတ်တော်ထဲမှာ အစိုးရဝန်ကြီး တစ်ပါးပြောသွားသလိုပါပဲ ထိုင်ဆိုထိုင်၊ ထဆို ထ၊ ခလုတ်နှိပ်ဆိုနှိပ်တဲ့ လူတွေပဲ များနေတယ်။ အခုလွှတ်တော်ပုံမှန် အစည်းအဝေး သုံးကြိမ်ကျင်းပပြီးတဲ့အထိ မေးခွန်းမေးတာ အဆိုတင်သွင်းတာ မလုပ်ဖူးသေးတဲ့ အမတ်တွေက ၅ဝ ရာခိုင်နှုန်းကျော်တယ်။ လွှတ်တော်ထဲမှာ တကယ်အလုပ် လုပ်တဲ့လူခြောက်ယောက်လောက်ပဲ တွေ့တယ်။ သူတို့ရဲ့ အဆိုတွေဆို အများပြည်သူအတွက် တကယ်အကျိုးရှိတဲ့ အဆိုတွေပါ။ ဒါတောင် ဝိုင်းကန့်ကွက်ကြတယ်။ ဒီတော့ လွတ်တော်ထဲမှာ ဘယ်လိုလူတွေ များတယ်ဆိုတာ သိနိုင်ပါတယ်” ဟု ပြင်ဦးလွင်မြို့မှ မဲဆန္ဒရှင်ဦးဒိုပုန်းက ပြောသည်။

    ”ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရာမှာ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်လဲဆိုတာတော့ ပြည်သူတစ်ယောက်အနေနဲ့ တိတိကျကျ မသိပါဘူး။ ဒါပေမယ့်လို့ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် အားလုံးမှာ နိုင်ရင်တောင်မှ ချက်ချင်း ပြင်နိုင်မယ်လို့ မထင်ခဲ့ဘူး။ ၂၀၁၅ မှာ ကျင်းပမယ့်ရွေးကောက်ပွဲပြီး အနိုင်ရရှိတဲ့သူ အရေအတွက်ပေါ် မူတည်ပြီး ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။ ပြီးတော့ အခု ကျမ်းသစ္စာကျိန်ဆိုရာမှာ ပြင်ဆင်စေချင်တဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို နားလည်ပေမယ့်လည်း လွှတ်တော်ထဲကို အရင်ရောက်အောင် မသွားဘူးဆိုရင်တော့ တစ်ခဲနက်ထောက်ခံခဲ့တဲ့ ပြည်သူတွေ စိတ်ပျက်ရမှာ အမှန်ပဲ။ အား လုံးက NLD ကို လွှတ်တော်ထဲ ရောက်စေချင်လို့ မဲပေးခဲ့ကြလို့ပါ” ဟု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် လှည်းကူးမြို့နယ်မှ မဲဆန္ဒရှင်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် အထက်တန်းရှေ့နေတစ်ဦးကလည်း”ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂ဝ ရာခိုင်နှုန်းက တင်ပြလာမှ အဲဒီပြင်ဆင် ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမယ်။ ပြီးရင် တချို့ပုဒ်မတွေက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ လက်ခံပြီး နောက်မှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့ပဲ ပြင်ဆင်ရမှာပါ။ ထို့အတူပဲ တချို့ပြဋ္ဌာန်းချက်တွေကျတော့ ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲနဲ့ပဲ ပြင်ဆင်လို့ရတာ ရှိပါတယ်။ အခု NLD က ပြင်ဆင်ပေးစေချင်တဲ့ ကျမ်းသစ္စာပါ စကားလုံးကို ပြင်ဆင်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံဆန္ဒမဲနဲ့ ပြင်ရမှာဖြစ်လို့ ဒါပြင်ပြီးမှ လွှတ်တော်တက်မယ်ဆိုတာဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လွှတ်တော်ထဲကို အရင်ရောက်အောင် သွားပြီးမှသာ ပြင်စရာရှိတာတွေကို လုပ်ထုံးလုပ်နည်းအတိုင်း လွှတ်တော်ကို တင်ပြသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

    ”တစ်သက်လုံး နိုင်ငံရေးသမား လုပ်စားမယ့်သူတွေပါ။ ရှေ့ဆက်ကို ဆက်ပြီး တက်စေချင်နေပါပြီ။ ဒီစကားလုံးတွေအပေါ်မှာ အငြင်းပွားမှု မရှိသင့်တော့ပါဘူး။ လူထုရဲ့ မျှော်လင့်ချက်ကို ခုတုံးလုပ်သလို ဖြစ်သွားမယ့် အခြေအနေကို ရောက်သွား နိုင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်တယ် ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရဘူး ပြောတာ မဟုတ်ပါဘူး။ လူထုအကျိုးအတွက်၊ ပြည်သူ အတွက် ပိုမိုတိုးအောင် အခြေခံဥပဒေကို ပြင်လို့ရပါတယ်။ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ဆိုတဲ့ နေရာမှာ ပြည်သူလူထု ကောင်းဖို့အတွက် ဒီဥပဒေကို ဖြည့်စွက်လို့ရတယ်၊ ပြင်ဆင်လို့လည်းရတယ်။ ပယ်ဖျက်လို့လည်ရတယ်။ မပြင်ရ၊ မဖြည့်ရ ဆိုတဲ့ သဘော မသက်ရောက်ပါဘူး။ လေးစားလိုက်နာဆိုတဲ့ စကားလုံးကမှ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ဆိုတာထက် ပိုပြီးတော့ ပြင်းထန်သလို ရှိနေပါသေးတယ်။ အခြေခံ ဥပဒေ ပြင်စရာမလိုဘူးဆိုတာ ကမ္ဘာမှာဘယ်နိုင်ငံမှာမှ မရှိပါဘူး။ အများဆန္ဒနဲ့ မကိုက်ညီတာတွေ ဖြစ်ပေါ်လာတဲ့ အခါ အားလျော်စွာ လိုအပ်ရင် လိုအပ်သလိုပြင်ဆင်သွားကြတာပါ ပဲ။ NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့တာပါ။ အခြေခံဥပဒေအခန်း(၁၂)မှာ ပါပါတယ်။ ဘယ်လိုအချက်တွေနဲ့ ပြင်လို့ ရမယ်ဆိုတာ ပြောထားပါတယ်။ နောက်ပြီး လွှတ်တော်ထဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်သင့်တဲ့ အချက်တွေကို မြင်ထားတဲ့သူတွေ အများကြီးရှိပါတယ်။ NLD သာ လွှတ်တော်ထဲကိုရောက်လာရင် ပြင်အား ပိုရှိမယ်၊ ပြင်ဆင်ဖို့တွေ ပိုပြီးအားရှိလာမယ်လို့ မျှော်လင့်ထား သူတွေရှိနေပါတယ်။ အခုဟာက သမီးရည်းစားနှစ်ယောက် တရားရုံး သွားပြီး လက်မှတ်ထိုးတဲ့အဆင့် ရောက်တော့မှ စာချုပ်မှာ ဟိုစာလုံးလေး ပြင်ပေးပါဦး၊ ဒီစာလုံးလေး ပြင်ပေးဦး ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ အခုချိန်က နောက်ကျလို့ကို မဖြစ်တော့တဲ့ အခြေအနေပါ။ တစ်ရက်နောက်ကျလို့ကို မဖြစ်တော့ပါဘူး။ ပြီးခဲ့တဲ့ရက်တွေမှာ ဟောင်ကောင်၊ ထိုင်း၊ ဂျပန် စတဲ့နိုင်ငံတွေ ကို ရောက်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ သွားပြီး ဟောပြောခဲ့တာတွေပါ။ နိုင်ငံတကာက လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံထဲကို အရမ်းလာချင်နေတယ်။ အထူးသဖြင့် NLD လို အတိုက်အခံပါတီမျိုးက လွှတ်တော်ဝင်မယ်ဆိုတော့ သူတို့ အရမ်းမျှော်လင့်ထားကြတယ်။ ဒါကြောင့်မို့ NLD အနေနဲ့ ဘာမဟုတ်တဲ့ အငြင်းပွားမှုတွေကို မစဉ်းစားနေပါနဲ့တော့။ လွှတ်တော်ထဲကိုသာ မြန်မြန်လာခဲ့ပါ။ လွှတ်တော်ထဲမှာ NLD နဲ့အတူ ရပ်တည်ပြီး ပြောမယ့်သူတွေလည်း အများကြီး ရှိနေပါတယ်။ နောက်ပြီး ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ စကား ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ရဘူး၊ မထိရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်ဖြစ်နေပါပြီ။ တစ်ရက်နောက်ကျလို့ကို မဖြစ်တော့ပါဘူး”ဟု ဦးသန်းမောင် (တရားလွှတ်တော်ရှေ့နေ)က ပြော ကြားခဲ့သည်။

    ”အခုကိစ္စမှာ မြန်မာလူမျိုးတွေရဲ့ မကောင်းတဲ့ အကျင့်လို့ပဲ ပြောရပါလိမ့်မယ်။ အောက်ဈေးနဲ့ ရောင်းတဲ့သဘော၊ ကာကွယ် စောင့်ရှောက်တယ်ကို လေးစားလိုက်နာ တယ်ဆိုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေမှာ ပြင်ပြီးတော့မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့ကြတာကိုး။ အမှန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၂၅ မှာ ကျမ်းကျိန်တဲ့အခါ ဇယား (၄)ပါ စာသားတွေအတိုင်း အတိအကျ ကျမ်းကျိန်ရမယ်ဆိုတာပါခဲ့ ပြီးသား။ အဲတာကို အရင်ပြင်ရမှာ။ ဒီလိုပြင်ရမှာကို နားမလည်လို့ မပြင်ခဲ့တာလားဆိုတာတော့ မဟုတ်ပါဘူး။ NLD မှာလည်း ဥပဒေကျွမ်း ကျင်တဲ့သူတွေ အများကြီးရှိပါ တယ်။ အဲဒီတော့ အဲဒါကို အရင် မပြင်ခဲ့ဘဲနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေပြင်တာကို လက်ခံခဲ့တယ်ဆိုတော့ တစ်ဖက်က မလှိမ့်တပတ်လုပ်တာ ဖြစ်သလို တစ်ဖက်ကလည်း သဘောလွယ်သလို လုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အခုချိန်မှာ လိုတစ်မျိုး မလိုတစ်မျိုးဆိုတာ ဖြစ်လာပါတယ်။ ပြည်သူတွေကိုလည်း ကြည့်ကြပါဦး။ အခုဖြစ်နေတာတွေဟာ နှစ်ပေါင်း ၂ဝကျော်ကြာ အစိုးရရဲ့ စည်းမဲ့ကမ်းမဲ့ ဥပဒေကိုကျော်ပြီး ထုတ်ချင်တိုင်းထုတ်ခဲ့တဲ့ ဥပဒေတွေ၊ အမိန့်၊ ညွှန်ကြားချက်တွေ မခိုင်မာမှုကို ပြနေခဲ့တာပါ။ ဒီလို မခိုင်မာတွေကို ပြန်ပြောဖို့ လိုနေတာတွေက ဒီတစ်ခုတည်း မဟုတ်ပါဘူး။ အများကြီးရှိနေမှာပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၄၅)အရလည်း ဘာတွေလုပ်လို့ ရတယ်ဆိုတာ ရှိနေပါတယ်။ ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေတာမျိုး မဖြစ်စေချင်တော့ပါဘူး။ တိုင်းပြည်ရဲ့ မျက်နှာ၊ ပြည်သူတွေရဲ့ မျက်နှာကိုလည်း ကြည့်ပေးကြပါ။ တိုင်းပြည်ထဲကို စီးပွားရေးအခွင့်အလမ်းတွေ ရောက်ခါနီးချိန်၊ ဒီမိုကရေစီတံခါးဝဆီ ရောက်တော့မှ မဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ မျော်လင့်ချက်တွေကို ဝေးသွားအောင် ဒီအချိန်မှာ မလုပ်ကြ ပါနဲ့လို့ပဲ ကျွန်တော်ပြောချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။

    ”ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ဆိုပြီး စဉ်းစားရင်တော့ စည်းမျဉ်း စည်းကမ်းအရ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကျမ်းကျိန်တဲ့အခါမှာ လုပ်ဆောင်တဲ့ အဆင့်တစ်ဆင့်အနေနဲ့ပဲ သဘောထားပြီး ပြင်ပေးလိုက်ရင်တော့ ရနိုင်မယ် ထင်ပါတယ်။ ကျွန်တော်က NLD ပါတီဝင်လည်း မဟုတ်တော့ သူတို့ဆုံးဖြတ်ချက်ကို မဝေဖန်လိုပါဘူး။ ဒါပေမယ့် ဒီကိစ္စက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရင် ရနိုင်မယ့်ကိစ္စလို့ ထင်ပါတယ်။ မျော့ကြိုးလို့ပဲ သဘောရပါတယ်။ လွန်ကြိုးလို့ ကျွန်တော် မသုံးချင် ပါဘူး။ မျော့ကြိုးဆိုတဲ့ အတွက်ကြောင့် ဆွဲရင်ဆွဲသလို အလျော့အတင်းက ဖြစ်လာမှာပါပဲ။ လက်ရှိ အချိန်မှာ NLD ကလည်း လူထု အားကိုယူထားတယ်။ အစိုးရက လည်း စီးပွားရေး ပိတ်ဆို့မှုတွေရုပ် သိမ်းအောင် လုပ်ဆောင်နေတယ်။ နောက်ပြီး အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက်လည်း မျှော်မှန်းထားကြတယ်။ ဒါကြောင့် ဒီကိစ္စဟာ မျော့ကြိုးလိုပဲ ဖြစ်နေပြီးတော့ လျော့ပေးနိုင်တဲ့ဘက် လျော့ပေးလိုက်ရင် အဆင်ပြေသွားမယ့် ကိစ္စလို့ပဲ မြင်ပါတယ်”ဟု ဦးသာဘန်း (ရခိုင်ဒီမိုကရေစီပါတီခေါင်းဆောင်) က ပြော ကြားခဲ့သည်။

    ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ ဒေးဒရဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၀) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ”NLDပါတီအနေနဲ့ ရွေးချယ်ခံထားရတဲ့သူဆိုတော့ ဦးဉာဏ်ဝင်းရဲ့ ပြောစကားကို ဘာမှ ထင်မြင်ချက်မပေးလိုပါဘူး။ တက်ဖို့သင့်တယ်လို့ ဆုံးဖြတ်ရင်တက်မှာပါ။ အခုချိန်မှာ တက်ဖို့ မလိုအပ်သေးဘူးလို့ဆိုရင်လည်း မတက်ပါဘူး။ အဖွဲ့ချုပ်ရဲ့ သဘောထား အတိုင်းပါပဲ။ ပြည်သူတွေကတော့ လွှတ်တော်ထဲကို ရောက်စေချင်ပါတယ်။ ဒါကြောင့်မို့လို့လည်း မဲပေးခဲ့ကြတာပေါ့”ဟု ပြောကြားခဲ့သည်။

    ကြားဖြတ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်က”ကျွန်မတို့က အဖွဲ့ချုပ် ကိုယ်စားပြု ဝင်ထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ကျွန်မတို့ သဘောထားက အဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ တစ်ထပ်တည်းပါပဲ။ အဖွဲ့ချုပ်ရဲ့ သဘောထားကို ဆန့်ကျင်ပြီး ဘာမှမလုပ်ပါဘူး။ မဲဆန္ဒရှင် ပြည်သူတွေက တာဝန်ကျေခဲ့ပါပြီ။ ကျွန် မတို့ပဲ တာဝန်ကျေဖို့ လိုပါတော့တယ်”ဟု ပြောကြားခဲ့သည်။

    ”စကားလုံးတွေမှာ အငြင်းပွားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်း လွဲမသွားစေချင်ဘူး။ လွှတ်တော်ထဲမှာ ဒီထက်မက ပြင်းထန်တဲ့ ဆွေးနွေးငြင်းခုန်မှုတွေ အများကြီးလုပ်ရဦးမှာပါ။ ဒီမိုကရေစီ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ဖို့ လွှတ်တော်ထဲဝင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားဟာ အရမ်းတာဝန်ကြီးသလို၊ အရမ်းလည်း ခက်ခဲကြမ်းတမ်းမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာရှုထောင့်က ကြည့်ရင်တော့ ဒီကိစ္စလေးနဲ့တော့ ပြည်သူတွေအတွက် ရင်ခုန် သံတွေ၊ မျှော်လင့်ချက်တွေ ပျောက်ပျက်မသွားစေချင်ဘူး။ နိုင်ငံရေး အကျပ်အတည်းတွေ မဖြစ်စေချင်ဘူး။ ဒါမျိုးတွေလည်း ခဏခဏ မဖြစ်စေချင်ဘူး။ ဆင်းရဲတွင်းနက်ပြီး တရားမျှတမှု မရှိတဲ့စနစ်အတွင်းမှာ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေရတဲ့ လူထုအတွက် အစိုးရရော၊ အတိုက်အခံပါ လုပ်ပေးရမယ့် အလုပ်တွေအများကြီးရှိနေတာ မမေ့ကြစေချင်ဘူး”ဟု Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်မှ ပြောကြားခဲ့ပါသည်။

    ‘ဒီကိစ္စမှာ လေးစားလိုက်နာဆိုတဲ့ စကားလုံးနဲ့ ထိန်းသိမ်း ကာကွယ်ဆိုတဲ့ စကားလုံးအပေါ်မှာ အခြေခံပြီး ဖြစ်နေတာပါ။ နဂိုကတည်းကဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေမှာ ပြင်ပေးလိုက်လို့ ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်တဲ့အတွက် ဒီကိစ္စမှာလည်း အစိုးရက ဖော်ဆောင်ပေးရလိမ့်မယ်လို့ မြင်ပါ တယ်။ အဓိက အားဖြင့်ကတော့ အားလုံးအကျိုးရှိရှိ ဖြစ်ပေါ်စေနိုင်ဖို့အတွက် လွှတ်တော်တွင်းကို ဝင်ခွင့်ပြုတဲ့အခါမှာ အားလုံးဝင် နိုင်လောက်တဲ့ အခင်းအကျင်းကို အစိုးရက ခင်းကျင်းပေးရမှာပါ။ နောက်ပြီး ဒီနေ့ ဒီအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်နေတဲ့ အချိန်မျိုးမှာ စကားလုံးပွဲတွေ၊ စကားလုံးတွေကို တရားသေမှတ်ပြီး လုပ်ကိုင်နေမှုတွေက ဘယ်သူ့အတွက်မှလည်း အကျိုးရှိမယ် မထင်ပါဘူး။ နိုင်ငံတော်သမ္မတ အနေနဲ့ ကလည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လို့ရတယ်ဆိုတာကို သူ့ရဲ့ မိန့်ခွန်းမှာပြောပြီသားပါ။ ကြားဖြတ်ရွေးကောက်ပွဲလည်း ပြီးသွားပါပြီ။ အားလုံး အဆင်ပြေ နိုင်တဲ့ Win-Win အခြေအနေမျိုးကို အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အတိုက်အခံအင်အားစုတွေပဲ ဖြစ်ဖြစ် လွှတ်တော်ထဲ ဝင်လာလို့ရအောင် အခင်းအကျင်းလုပ်ပေးရမယ်လို့ ကျွန်တော်ကပြောချင်ပါတယ်”ဟု ကိုမြအေး (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး)က ပြောကြား ခဲ့သည်။

    ”ဒီရွေးကောက်ပွဲကို ဝင်မယ်ဆိုရင် လွှတ်တော်က လိုက်နာဖို့ပေးထားတဲ့ အချက်အလက်တွေကို ဖတ်ရှုဖို့လိုပါတယ်။ ဝင်ရောက် ရွေးချယ်ခံမယ့်သူတွေက ကိုယ့်အတွက် မျှတတယ်လို့ ယူဆတဲ့အတွက် ဝင်ပြိုင်ခဲ့ကြတယ်။ အဲလိုဝင်ပြိုင်တဲ့အပေါ် ပြည်သူက ရွေးချယ်ပြီးမှ လွှတ်တော်ကို သွားမသွား အငြင်းပွားတာမျိုး မဖြစ်စေချင်ဘူး။ နောက်ထပ်နိုင်ငံရေး ဘေးကြပ် နံကြပ် အခြေအနေမျိုး ပြန်မရောက်စေချင်ဘူး။ ပြည်တွင်းမှာ ဒီမိုကရေစီအင်အားစုတွေရဲ့ လှုပ်ရှားမှု အရွေ့နဲ့ စနစ်ဟောင်းကိုဘဲ ဆုပ်ကိုင် ထားချင်သူတွေရဲ့ အနေအထားကို မြင်နေရပါပြီ။ အဓိကကတော့ ကျွန်တော်တို့ အားလုံးဟာ တိုးတက်ငြိမ်းချမ်းတဲ့ နိုင်ငံသစ်ကိုပဲ လိုချင်ကြတာပါ။ ဟိုအရင်ကလို သူမှန်တယ်။ ငါမှန်တယ်ဆိုပြီး အဖြေရှာမတွေ့ဘဲ နောက်ဆုံးနစ်နာခဲ့ရတာက ပြည်သူတွေပါပဲ။ ပြည်သူတွေဟာအနေ ဆင်းရဲ၊ အစားဆင်းရဲ၊ ရေမလာ၊ မီးမလာနဲ့ အခက်ခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ကြရတယ်။ စည်းကမ်း မှန်သမျ မှန်ကန်ရဲ့လား မျှတရဲ့လား မသိဘဲ ခေါင်းငုံခံခဲ့ရတယ်။ အဲဒီတော့ ပါဝင်တဲ့ ပလေယာတွေကို မဟာဗျူဟာကျတဲ့ အကျိုးစီးပွားကို ကြည့်မလား အခက်အခဲအသေးလေးတွေနဲ့ဘဲ အချိန်ကုန်ခံမလား စဉ်းစားစေချင်ပါတယ်”ဟု Myanmar Jorunalists Union ပေါ်ပေါက်ရေး ဦးဆောင်ကြိုးပမ်းနေသူ ကိုဇော် သက်ထွေးက သုံးသပ်ပါသည်။

  • Phaung Phaung

    May 4, 2012 at 10:35 am

    ဒီသတင်းဟာ အမှန်ဆိုခဲ့ရင်…. အများစုမန့်တာကို သုံးသပ်ရတာတော့ ဖြူဖြူကျော်သိန်းဘက်ကတော့ မနာ
    ကြပဲ ..သိန်းငါးထောင်ပေးတဲ့ဘက်က နာနေကြပုံပဲနော်။ ဖြူဖြူကျော်သိန်းမှာလည်း သူ့အလှနဲ့ သူ့အရည်
    အချင်းနဲ့ပါပဲ… သူ့လိုဆရာဝန်၊အနုပညာရှင်ဖြစ်ဖို့ ပါရမီပါကြလို့လား ။
    တကယ်တော့ မိန်းကလေးချင်းကိုယ်ချင်းစာတရားနဲ့ ကောလဟာလပဲဖြစ်စေချင်ပါတယ်။

Leave a Reply