အချိုမှုန့်ပမာ ယနေ့ခေတ်ဝိပဿနာ
အချိုမှုန့် (ဟင်းချိုမှုန့်)သည် ဟင်း၏အရသာကို ကောင်းစေ၏။ ထို့ကြောင့် မြန်မာ လူမျိုးတို့သည် ဘာစားစား အချိုမှုန့်ကို ထည့်ခတ်၍ စားသောက်တတ်ကြလေသည်။ ထိုအချိုမှုန့်က ပေးသောအရသာရှိသည့် ခံစားမှုဝေဒနာနောက်ကို လိုက်ကြသည့် အတွက် ဘေးထွက်ဆိုးကျိုး (side affect) အနေနဲ့ အဖြစ်ဆိုး (ရောဂါဆိုး) များခံစား နေရကြောင်းကို ကြားသိနေရပါသည်။ ထို့ကြောင့် အချိုမှုန့်စားသုံးမှုကို မပြုကြဖို့ ကျန်းမာရေးပညာရှင်များမှ အသိပေးတားမြစ်နေကြခြင်းဖြစ်ပေသည်။ အချိုမှုန့်ကပေးသော ကောင်းသည့် ခံစားမှု (ဝေဒနာ)နောက်ကို မလိုက်မိဖို့နှင့် သူ့ကြောင့်ဖြစ်နေရသည့် အဖြစ် (ဘဝ) ဆိုးဝါးနေရမှုကို သိမြင်တတ်ဖို့လိုပေသည်။
မြန်မာနိုင်ငံတွင် ပြုလုပ်နေကြသည့် ယနေ့ခေတ်ဝိပဿနာအားထုတ်နည်း (ဗုဒ္ဓခေတ် ဝိပဿနာမဟုတ်) များမှာလည်း အချိုမှုန့်နှင့် အလားတူဖြစ်နေပေ၏။
အချိုမှုန့်က ဟင်းကို ပုံမှန်ထက် ပိုကောင်းမွန်သော အရသာဖြစ်စေသလို ယနေ့ခေတ် ရုပ်၊ နာမ်ရှုနေကြသည့် ဝိပဿနာအားထုတ်မှုများသည် အားထုတ်နေစဉ်အတွင်း လူကို ပုံမှန်ထက်ကောင်းမွန်သည့် ငြိမ်းနေသော ခံစားမှုဝေဒနာကို ပေးလေ၏။ မိမိ အာရုံတွင် ဘာရုပ်၊ နာမ်မှ မတွေ့ရတော့သည်အထိ တွေ့မြင်ရအောင် ကြိုးစားရလေသည်။ ထိုကဲ့သို့ ဘာရုပ်၊ ဘာနာမ်မှ မရှိတော့သော ဗလာကို အာရုံပြုနိုင်သောအခါ ထိုသူသည် သူ့ဘဝတွင် ခံစားခဲ့ရဘူးသော ခံစားမှုများထက် ပိုမိုကောင်းမွန်နေသောကြောင့် ထိုအားထုတ်မှုလုပ်ငန်းကို စွဲလမ်းသွားလေတော့၏။
သာမန်ခံစားမှု (ကာမခံစားမှု)တို့ထက် ပိုမိုကောင်းမွန်သော (ရူပ၊ အရူပ)ခံစားမှု တို့ကို ကျင့်သုံးနေမှုတို့ကြောင့် ဖြစ်နေရသည့် အဖြစ် (ဘဝ)သည် အချိုမှုန့်ထက်ကို ပိုမိုဆိုးဝါးနေသည်ကို စိစစ်မိသူတို့သာ သိနိုင်ပေသည်။ စိစစ်ဖို့ကောင်းလေစွ။
အဘယ့်ကြောင့်ဆိုသော် . . . . . . . . . . .
ယနေ့မြန်မာနိုင်ငံတွင် သီဟိုဠ်ခေတ်အဋ္ဌကထာဆရာများရေးသားခဲ့သော တရားနည်းများကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားအားထုတ်နည်းများထင်ကာ တခုတ်တရကိုပဲ အားထုတ်မှုများအား စိစစ်ကြည့်သောအခါ . . . . . . . .
ရုပ်ကို အဓိကထားရှုသော တရားနည်းများနှင့် နာမ်ကို အဓိကထားရှုသော တရားနည်းများဆိုပြီး (၂) မျိုးသာလျှင် တွေ့ရပေသည်။
“အတွေးမဲ့ကျင့်စဉ် (ရုပ်ကမ္မဋ္ဌာန်း)”
ရုပ်အာရုံတစ်ခုအပေါ်ကို အဓိကထားပြီး ရှုမှတ်နေသောအခါ ထိုသူသည် ထိုရုပ် အာရုံပေါ်တွင် စိတ်ရောက်နေသောကြောင့် ကျန်သည့်တွေးတောမှုများအားလုံးရပ်ဆိုင်းနေပေသည်။ ထိုကျင့်စဉ်သည် လူကို အတွေးကင်းသွားစေသည့် အတွေးမဲ့ကျင့်စဉ် ဖြစ်ပေသည်။ လူသည် အတွေးများကင်းသွားသည့်အခါ ငြိမ်သွားပါသည်။ ထိုကဲ့သို့ ငြိမ်သွားသည့်အခါ ငြိမ်းသလိုလို အေးသလိုလိုသဘောဖြစ်နေမှုသည် အချိုမှုန့်ကဲ့သို့ လူကို အနေကောင်းစေပါသည်။ ထိုကဲ့သို့ အနေအထိုင်ကောင်းနေရမှုအပေါ် သဘောကျ စွဲလမ်းသွားသည့်အတွက် ထိုသူတို့သည် ထိုရုပ်ကမ္မဌာန်းဆိုသည့် အတွေးမဲ့ကျင့်စဉ်ကို ကျင့်နေရဖို့ကလွဲရင် ကျန်တာ ဘာကိုမှ မတွေးခေါ်ချင်တော့ပါ။
အတွေးမဲ့အနေနဲ့ပဲနေထိုင်လိုတော့ခြင်းကြောင့် မိမိနှင့် ပတ်သက်ပြီး တွေးခေါ် စရာများကို မပြုလုပ်လိုတော့သလို မိမိတာဝန်ရှိသော ကိစ္စရပ်များတွင်လည်း တွေးသင့် တာ၊ စဉ်းစားဝေဖန်သင့်တာများကို မတွေးချင်၊ မစဉ်းစားချင်တော့ပါ။ ထိုအခါ ထိုသူသည် မိဘဖြစ်ပါက မိဘတာဝန်များ၊ ဝန်ထမ်းဖြစ်နေပါက ဝန်ထမ်းတာဝန်များ ပျက်ကွက်ရော့ရဲလာပါသည်။ အလုပ်အကိုင်များကိုလည်း တွေးခေါ်မျှော်မြင်ပြီး လုပ်ကိုင်တတ်ခြင်း မရှိတော့ပဲ ဝတ္တရားကျေသဘောမျိုးလောက်ပဲ လုပ်ကိုင်လာခြင်းကြောင့် ထိုသူ၏ အရည်အသွေးများ တဖြည်းဖြည်းနှင့် ပျက်စီးရှုံးဆုံးလာရပါသည်။
ထိုအဖြစ်မျိုးဖြစ်လာရခြင်းသည် အတွေးမဲ့ကျင့်စဉ်ဖြစ်သည့် ကမ္မဋ္ဌာန်းတစ်ခုခုကို ဗုဒ္ဓဟောကြားသည့်နည်းထင်ကာစွဲမြဲစွာပြု လုပ်မိခြင်းကြောင့် ဖြစ်ပေသည်။ ဝမ်းနည်းဖို့ကောင်းလေစွ။
မှန်ကန်စွာတွေးသင့်တာများကို တွေးခေါ်ရမည့် သမ္မာသင်္ကပ္ပမဂ္ဂင် ပျက်ယွင်းစေ သည့်အတွက် ထိုကျင့်စဉ်သည် ဟင်းချိုမှုန့်ကဲ့သို့ လူကို ကောင်းသည့် ခံစားမှုပေးသော် လည်း လူ့အရည်အသွေးပျက်စေသော၊ လူကို လူရာမဝင်တော့စေသော၊ လူတောမတိုးချင်စေသော၊ လူ့ဝတ္တရားတွေပျက်စေသော အဖြစ် (ဘဝ)ဆိုးကြီးသို့ ရောက်မှန်းမသိ ဆိုက်ရောက်နေရပေသည်။ သတိထားဖို့ ကောင်းလေစွ။
“အသိမဲ့ကျင့်စဉ် (နာမ်-ဖြစ်ပျက်ကမ္မဋ္ဌာန်း)”
ထို့အပြင် ဗုဒ္ဓ၏နည်းထင်ကာ အားထုတ်နေကြသည့် ယနေ့ခေတ်တရားအားထုတ်နည်းတွေထဲမှ နာမ်-ဖြစ်ပျက်အပေါ်တွင် အဓိက ထားရှုသည့် ဘာဖြစ်၊ ပျက်မှ မရှိတော့သော၊ ဘာရုပ်၊ ဘာနာမ်မှ မရှိတော့သော ဗလာကို အာရုံပြုနိုင်အောင် ကြိုးစားအားထုတ်နေမှုများသည်လည်း . . . . . . . .
ထိုသူတို့သည် ဘာမှမရှိတာကို အာရုံပြုမိနေကြသည့်အခါ ထိုအချိန်တွင် ဘာကိုမျှ မသိတော့ပါ။ ဒါသည် အသိမဲ့ကျင့်စဉ်ပင်ဖြစ်ပေ၏။ ထိုကဲ့သို့ဘာကိုမှ မသိတော့ ခြင်းသည်ပင်လျှင် ငြိမ်းချမ်းနေ၏ဟု ထင်ကြသည့်အတွက် ဟင်းချိုမှုန့်ကို စွဲလမ်းသလို ထိုအသိမဲ့စေသည့် ကျင့်စဉ်ကိုလည်း နှစ်သက်စွဲလမ်းသွားကြလေ၏။ ထိုကဲ့သို့ ဘာမှမရှိတာကို သိတာမှလွဲရင် ဘာမှမသိတော့သော အသိမဲ့ကျင့်စဉ်ကို ကျင့်သုံးနေထိုင်မိနေပါက . . . . . . . . .
ထိုသူတို့သည် ဘာမှမသိတော့တဲ့ အာရုံနှင့်သာနေထိုင်လိုတော့ခြင်း၊
သိစရာမှန်သမျှကို ဘေးရန်တွေ၊ အနှောက်အယှက်တွေဟု ထင်မြင်လာခြင်း၊
မှန်ကန်စွာ သိသင့်သိထိုက်တာတွေကို သိရမည့် သမ္မာဒိဋ္ဌိမဂ္ဂင် ချို့ယွင်းလာခြင်းတို့ဖြစ်လာကြပေသည်။
ထိုကဲ့သို့ အသိမဲ့ကျင့်စဉ်ကို ကျင့်သုံးပေးမှုတို့ကြောင့် ထိုသူတို့သည် မိမိအကြောင်းနှင့် ပတ်သက်ရင်လည်း သိသင့်တာမှန်သမျှကို မသိချင်တော့သလို မိမိလူ့ တာဝန် ဝတ္တရားအပေါ်တွင်လည်း ဆောင်ရွက်သင့်တာ၊ သိသင့် သိထိုက်တာ မှန်သမျှကို မသိချင်တော့ပါ။ အဘယ့်ကြောင့်ဆိုရသော် ထိုသူသည် ဘာမှမရှိတာကို သိတာမှ လွဲရင် အသိမှန်သမျှကို ဘေးရန်ဟု ထင်မြင်နေသည့် အတွက်ကြောင့်ဖြစ်ပေသည်။
သိသင့်သိထိုက်မှုများကို သိရှိဖို့ပျက်ကွက်လာသည့်အတွက် ထိုသူတို့၏ လူ့အရည်အသွေးတို့သည် တဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည့် အတွက် ထိုသူတို့၌ အလုပ်အပေါ် ရွှင်လန်းတတ်ကြွမှုများ၊ အားတတ်သရောရှိမှုများ ပျောက်ဆုံးလာကြပါသည်။ ထိုကဲ့သို့ ထုံတုံတုံ၊ ငူတူတူ ငိုင်တိုင်တိုင်မျိုးဖြစ်နေကာ အသိမဲ့နေမှုဖြစ်နေကြတာကိုပဲ မြန်မာလူမျိုးတို့က တရားပေါက်နေသည်၊ တရားထူးရနေကြသည်ဟု ထင်မြင်ကြ၏။ ဝမ်းနည်းဖို့ကောင်းလေစွ။ ဗုဒ္ဓ၏တရားအစစ်အမှန်ကို မသိရပါက လွဲချက်ကယ်နာဟု ဆိုရမလို ဖြစ်ပေသည်။ စိစစ်ဖို့ကောင်းလေစွ။
ထိုကဲ့သို့ ဘာရုပ်၊ ဘာနာမ်မှ မရှိတော့သော ဗလာကိုသာသိနေရသော အသိမဲ့အကျင့်နေထိုင်နေသူတိုသည် ထိုအသိနှင့်နေစဉ်ကာလမှာ အရူပကိလေသာ ဖြစ်နေခြင်းကြောင့် ကာမကိလေသာငြိမ်းနေကြပါသည်။ ဒါသည် ကာမကိလေသာကို အရူပကိလေသာ (ဘာမှမရှိမှုအား စွဲကပ်နေခြင်း)နှင့် အစားထိုးနေထိုင်ခြင်းဖြစ်ပေသည်။ ထိုအသိနှင့်နေထိုင်နေသည့်အခါတွင် ထိုသူတို့၏ ပုံသဏ္ဍာန်သည် အလွန်ငြိမ်နေသည့်အတွက် လူတို့အတွက် ကြည်ညိုဖွယ်ကို ဖြစ်နေစေ၏။ ဒါကိုပဲ တရားနဲ့နေသည်ဟု ထင်၏။ ထိုအာရုံနှင့် နေသည်အချိန်တွင် ငြိမ်နေပင်ငြိမ်နေငြားသော်လည်း ထိုအာရုံနှင့်လွတ်ကင်းနေသည် အချိန်အခါများတွင် ထိုသူတို့သည် ဘီးလူး၊ သဘက်များကဲ့သို့ ကြမ်းတမ်းသော အမှုအကျင့်များဖြစ်ပေါ် လာကြပေသည်။ ရိပ်သာစခန်းများမှ ပြန်လာပြီး ထိုအကျင့်နှင့် ကင်းလွတ်နေသည့်အချိန်များတွင် ပတ်ဝန်းကျင်ကို စိတ်တိုင်းမကျဖြစ်ကာ နဂိုထက် အလိုမကျမှုတွေပိုကြီးလာခြင်း၊ နဂိုထက် ဖြစ်ချင်မှု တွေပိုမိုကြီးလာခြင်း၊ နဂိုထက် ငူတူတူ၊ ငိုင်တိုင်တိုင်ဖြစ်လာခြင်းတို့သည် ကြာနီကန်ဆရာတော် စကားနှင့်ပြောရပါက အောင့်လုံးကြီးများပေါက်ကွဲလာခြင်း ဖြစ်ပေသည်။
“ဘိန်းစား ပမာ”
ဖြစ်စဉ်ကိုက်အနေနဲ့ ဥပမာပြရလျှင် ဘိန်းစားနေသောသူတို့သည် ဘိန်းအရှိန် နှင့်နေစဉ်ကာလအတွင်းမှာတော့ အပြောအဆို၊ အနေအထိုင်တို့ အလွန်ကိုပဲ နူးညံ့သိမ် မွေ့နေ၏။ ကြမ်းကြမ်းတမ်းတမ်းနေမိပါက သူခံစားနေရသော ဘိန်းအရှိန်ကို ထိခိုက်သွားမှာစိုး၍ ဖြစ်ပေသည်။ ထိုဘိန်းအရှိန်ပျက်ပျယ်နေသောအခါများတွင်တော့ ယင်းထလာကာ ဘိန်းမစား ရမနေနိုင် ဘိန်းခန်းမသွားရမနေနိုင်များဖြစ်လာပါသည်။ ထိုအခါ ပတ်ဝန်းကျင်နှင့် အဆင်မပြေတော့ပဲ ပတ်ဝန်းကျင်အပေါ်မှာ ဘီးလူး၊ သဘက်ကဲ့သို့ ပြုမှုလာခြင်းသည် ဘိန်းစည်းစိမ်ခံစားလိုမှု ယင်းထလာခြင်းဖြစ်ပေသည်။
ယင်းဥပမာကဲ့သို့ပင် အတွေးမဲ့၊ အသိမဲ့ ကမ္မဋ္ဌာန်းအကျင့်များကို အားထုတ်မိသူများသည် သူခံစားနေထိုင်လိုသည့် အတွေးမဲ့နှင့် ဘာမှမရှိမှုတို့ကိုသာ သိနေခြင်းဖြင့်တို့နှင့်သာနေလိုတော့၍ အသိမဲ့ကျင့်စဉ်တို့ကို မကျင့်ရမနေနိုင်ဖြစ်ကာ ရိပ်သာများသို့ မသွားရမနေနိုင်တော့ပါ။ ထိုသူတို့သည် မြင်မြင်သမျှ၊ ကြားကြားသမျှတွေကို စိတ်တိုင်းမကျဖြစ်ကာပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်တော့ပဲ အသိမဲ့နေလို့ရသော ရိပ်သာစခန်းများသို့သာသွားပြီးအချိန်တွေကုန်နေရပေတော့သည့်အတွက် လူ့ဘောင်အပြင်ဘက်သို့ ရောက်မှန်းမသိ ဆိုက်ရောက်သွားရပေသည်။ ဒါသည် ဗုဒ္ဓဘာသာဝင်တို့ အကြောက်ဆုံးဖြစ်သည့် ရပ်ပြစ်ရှစ်ပါးထဲက လူနှင့်ဝေးစေသော၊ ဘုရားတရားအသိနှင့်ဝေးနေသော အရူပအခြေအနေသို့ ရောက်နေရခြင်းဖြစ်ပေသည်။ အလွန်ကြောက်ဖို့ ကောင်းလေစွ။
ထိုအသိမဲ့အကျင့်ဖြင့်နေသူတို့သည် ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် တရားဟောကြားလျှင်တောင်မှ တရားမသိနိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုရသော် ထိုသူတို့သည် ဘာမှမရှိတာကို သိနေရတာမှလွဲရင် ကျန်သိသင့်တာမှန်သမျှကို သိရခြင်းသည် အနှောက်အယှက်တွေဟု ယူစွဲနေလို့ဖြစ်ပေသည်။ ဗုဒ္ဓ၏အရိယသစ္စာကို မနာကြားလို မသိလိုတော့ပါက ထိုသူအတွက် မဂ်ဖိုလ်ကွယ်နေပေပြီ၊ ထိုသူတွေသည် သာသနာပပုဂ္ဂိုလ်များဖြစ်မှန်းမသိဖြစ်နေကြပေသည်။ စိစစ်ဖို့ကောင်းပေစွ။
“အစွန်းတရားနှစ်ပါး”
လူကို စစ်မှန်စွာငြိမ်းအေးစေသည့် အရိယသစ္စာတရားနည်းလမ်းကို ဗုဒ္ဓမြတ်စွာ သည် ဓမ္မစကြာတရားတော်တွင် နည်းအမှားပြ ၊ နည်းအမှန်ညွှန်ပြ ဖြင့် ဟောကြားခဲ့ပေသည်။
အစွန်းတရားနှစ်ပါးဖြစ်သည့်
၁။ ကာမအာရုံတရားတွေကို ကပ်ငြိပြီး မှီဝဲသုံးဆောင်ခြင်းသည် အစွန်းတရားတစ်ခုဟု ဟောကြားခဲ့လေသည်။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဆိုသည့် ကာမအာရုံတွေကို ခံစားသုံးဆောင်တဲ့အခါမှာ စွဲငြိပြီး ခံစားသုံးဆောင်ပါက လူကို မငြိမ်းချမ်းစေပါ။ ဆင်းရဲစေမှာဖြစ်ပါသည်။
၂။ (အတွေးမဲ့စေသော အသိမဲ့စေသော) ရူပ၊ အရူပအကျင့်များကလည်း လူကို အရည် အချင်းတုံးအောင် ပျက်စီးစေခြင်း ကြောင့် အစွန်းတရားတစ်ခုဟု ဟောကြားခဲ့လေ၏။
အဘယ့်ကြောင့်ဆိုရသော် ထိုခေတ်အခါက ငြိမ်းချမ်းမှုကိုရှာသောသူတို့သည် ကာမ အာရုံတွေ ခံစားမှုအစွန်းကို ရှောင်နိုင်ဖို့ကြိုးစားကြ ပါသည်။ ကြိုးစားရာတွင် ထိုခေတ်မှာ ခေတ်စားနေသည့် အာဠက၊ ဥဒကရသေ့ကြီးတို့အပါအဝင် ဗြဟ္မဏပညာရှင်တို့ ကျင့်သုံးနေကြသော ပရမတ္တသစ္စာ (ရုပ်၊ နာမ်တွေကို အစိပ်စိပ် အဖြာဖြာတွေ့အောင်ကျင့်ခြင်း) ဆိုသည့် ရူပ၊ အရူပအကျင့်များကိုသာ ကျင့်သုံးနေကြပေသည်။ ထိုကဲ့သို့ ရူပ၊ အရူပအကျင့်များကို ကျင့်သုံးမိခြင်းကြောင့် အတွေးမဲ့၊ အသိမဲ့ဖြစ်သွားရခြင်းသည် လူကို နစ်နာထိခိုက်စေခြင်းကြောင့် ထိုအကျင့်ကို လူကို ဖျက်စီးသော၊ ညှိုးနွမ်းစေသော၊ လူ့ဝတ္တရားတွေ ပျက်ကွက်စေသောအကျင့်ဟု အစွန်းတစ်ပါးအနေနှင့် ဟောကြားခြင်းဖြစ်ပေသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာလမ်းညွှန်ပြသော လူ့ငြိမ်းအေးမှုကို လိုလားသူတို့သည်
ဗုဒ္ဓရှောင်ကျဉ်ခိုင်းသည့် အစွန်းတရားနှစ်ပါးဖြစ်သည့် ကာမအာရုံတွေကို စွဲငြိပြီးခံစား သုံးဆောင်ခြင်းနှင့် လူကို အတွေးမဲ့စေသော၊ အသိမဲ့စေသော၊ လူ့ဝတ္တရားတွေ ပျက်ကွက်စေသောအကျင့်တို့ကို ဖြည့်ဆည်းမှုတို့ကို ပထမဦးဆုံး ရှောင်ကျဉ်ရပေမည်။
“အရိယသစ္စာ”
ထိုအစွန်းတရားနှစ်ပါးကို ရှောင်ကျဉ်ပြီး လူကို ရိုးသားစေသော၊ ဖြူစင်စေသော၊ ငြိမ်းအေးစေသော နည်းလမ်းဖြစ်သည့် အရိယသစ္စာမဂ္ဂင် (၈)ပါးကို လမ်းညွှန်ပြပေသည်။
ဗုဒ္ဓလမ်းညွှန်ပြသော အရိယသစ္စာမဂ္ဂင် (၈)ပါးအကျင့်သည် သီလ၊ သမာဓိ၊ ပညာကျင့်စဉ်ဖြစ်ပေသည်။
သီလမဂ္ဂင်များဖြစ်သည့်
၁။ သမ္မာဝါစာ– အပြောမှန်၊
၂။ သမ္မာကမ္မန္တ-အလုပ်မှန်၊
၃။ သမ္မာအာဇီဝ-အနေမှန်၊ စသည့် သီလနှင့်ဆိုင်သည့် ဖြည့်ကျင့်ရန် (၃)ပါး။
သမာဓိမဂ္ဂင်များဖြစ်သည့်
၄။ သမ္မာဝါယမ– ကြိုးစားမှုအမှန်၊
၅။ သမ္မာသတိ-နိုးကြားမှုအမှန်၊
၆။ သမ္မာသမာဓိ-စိတ်ထားမှုအမှန် စသည့် သမာဓိနှင့်ဆိုင်သည့် ဖြည့်ကျင့်ရန်(၃)ပါး။
ပညာမဂ္ဂင်များဖြစ်သည့်
၇။ သမ္မာသင်္ကပ္ပ-တွေးခေါ်မှုအမှန်၊
၈။ သမ္မာဒိဋ္ဌိ-သိမှုအမှန် စသည့် ပညာနှင့်ဆိုင်သည့် ဖြည့်ကျင့်ရန်(၂)ပါး။
ပေါင်း မဂ္ဂင် (၈)ပါး အကျင့်ဖြစ်ပေသည်။
ထို သီလ၊ သမာဓိ၊ ပညာဟုဆိုရသော မဂ္ဂင် (၈)ပါး အကျင့်သည့် သီလကို အခြေခံရသည့် သမာဓိ၊ ပညာအကျင့်ဖြစ်ပေသည်။
မိမိတို့ရဲ့သီလကျင့်သုံးမှုဟုဆိုရသော အပြောအဆို၊ အပြုအမူ၊ အနေအထိုင်တွေ ပေါ်တွင် (သမ္မာ)တရားရဲ့လား၊ (မသမ္မာ) မတရားမှုသဘောဖြစ်နေလားဆိုတာကို သမာဓိမဂ္ဂင်များဖြင့် သတိ၊ ဝီရိယထား စူူးစိုက်ကာ ပညာမဂ္ဂင်များဖြင့် စိစစ်ဝေဖန် သိမြင်ပြီး စောင့်ရှောက်နေထိုင်ကျင့်သုံးခြင်းသည် ဗုဒ္ဓ၏ အရိယသစ္စာနည်းလမ်းပင်ဖြစ်ပေသည်။
ဗုဒ္ဓ၏ အရိယသစ္စာသည် မဂ္ဂင် (၈)ပါး အချိုးကျကျလုပ်ရန်ပင်ဖြစ်ပေသည်။
ဗုဒ္ဓ၏ဝိပဿနာဖြစ်သည့် အရိယသစ္စာနည်းလမ်းတွင် နာမ်၊ ရုပ်တွေ အစိပ်စိပ် အဖြာဖြာ ခွဲခြမ်းနေရမှာမဟုတ်ပါ။ သီလမဂ္ဂင်များ၏ လွန်ကျူးမှု (အဘိသင်္ခါရ) ကံတွေ ကို သတိထားကာ ပညာဖြင့် ပြုပြင်ပေးစောင့်ရှောက်ရန်ဖြစ်ပေသည်။
လွန်ကျူးမှု (အဘိသင်္ခါရ) ကံတွေဖြင့် ပြုမိ၊ ပြောမိ၊ နေထိုင်မိခြင်းသည် ဒုက္ခဖြစ်စေခြင်းကြောင့် ဒုက္ခဖြစ်စေကြောင်းတရား (သမုဒယသစ္စာ)။
ထိုကံသင်္ခါရတွေကြောင့် ဖြစ်နေရတဲ့ အဖြစ်၊ အခြေအနေ (ဘဝ)တွေဆိုးဝါးနေရ မှုက ဆင်းရဲနေခြင်း၊ မငြိမ်းချမ်းနေခြင်း (ဒုက္ခသစ္စာ)။
ဆင်းရဲနေမှုကို ပိုင်းခြားသိမြင်ကာ ထိုဆင်းရဲစေမှု ကံ သင်္ခါရတွေကို မပြုလို၊ မပြောလို၊ မနေလိုတော့သည် အသိဉာဏ် (မဂ္ဂသစ္စာ)။
ထိုကဲ့သို့ ကံသင်္ခါရတွေ မပြုတော့ခြင်းကြောင့် ကံသင်္ခါရတွေပြုမိခြင်းကြောင့် ဖြစ်နေရသည့် (ဘဝ) မငြိမ်းချမ်းမှုတွေ၊ ဆင်းရဲမှုတွေ မဖြစ်ပေါ်လာတော့ခြင်း (ဒုက္ခနိရောဓသစ္စာ)။
စသည့် အရိယသစ္စာတရားလေးပါးနည်းဖြစ်သည့် ဗုဒ္ဓ၏ဝိပဿနာတွင် အရှုခံ အာရုံမှာ နာမ်တွေ၊ ရုပ်တွေမဟုတ်ပါ။
လွန်ကျူးမှု (အဘိသင်္ခါရ) ကံတွေကြောင့် ဖြစ်နေရသည့် အဖြစ်၊ အခြေအနေ (ဘဝ) သာလျှင်ဖြစ်ပေသည်။
သင်္ခါရတရားတွေဟုဆိုရသည့် လွန်ကျူးမှု (ကံ)တို့၏ အနိစ္စ – ပျက်စီးစေမှု၊ ဒုက္ခ – ဆင်းရဲစေမှု၊ အနတ္တ – အချီးအနှီးဖြစ်နေမှု စသည့် ဒုက္ခသစ္စာ – အမှန်ဆင်းရဲနေခြင်း၊ အမှန်မငြိမ်းချမ်းနေခြင်းတို့ကို ပိုင်းခြားသိအောင်လုပ်ရမှာ ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ အရိယသစ္စာထိုက်သော ဝိပဿနာပါ။
လူတစ်ယောက်အနေနှင့် ပြုလုပ်သင့် ပြုလုပ်ထိုက်တာတွေ ပြုလုပ်နေစဉ်အတွင်း လွန်ကျူးမှု (အဘိသင်္ခါရ)ဖြစ်နေ သည့် ပြုလုပ်မှုများကြောင့် ဖြစ်နေရသည့် အမှန်ဆင်းရဲနေခြင်း၊ အမှန်မငြိမ်းချမ်းနေခြင်းတို့ကိုပိုင်းခြားသိရန်။
ပြောသင့် ပြောထိုက်တာတွေ ပြောဆိုနေစဉ်အတွင်း လွန်ကျူးမှု (အဘိသင်္ခါရ)ဖြစ်နေသည့် ပြောဆိုမှုများကြောင့် ဖြစ်နေရသည့် အမှန်ဆင်းရဲနေခြင်း၊ အမှန်မငြိမ်းချမ်းနေခြင်းတို့ကို ပိုင်းခြားသိရန်။
နေထိုင်နေစဉ်မှာလည်း လွန်ကျူးသည့် စိတ်နေ၊ စိတ်ထား (အဘိသင်္ခါရ)တွေဖြင့် နေထိုင်မှုများကြောင့် ဖြစ်နေရသည့် အမှန်ဆင်းရဲနေခြင်း၊ အမှန်မငြိမ်းချမ်းနေခြင်းတို့ကို ပိုင်းခြားသိရန်သာလျှင်လိုရင်းဖြစ်ပါသည်။
ရုပ်တွေ၊ နာမ်တွေ မရှိမှုတွေကို အစိပ်စိပ်၊ အဖြာဖြာခွဲစိပ်ကာ လုပ်ပြီး ရှုနေရမှာမဟုတ်ပါ။
ထို့ကြောင့် ဗုဒ္ဓ၏ အရိယသစ္စာထိုက်သော ဝိပဿနာ၏ပန်းတိုင်မှာ
(သမ္မာဝါစာ)
ဘာမှမပြောရတော့မှာမဟုတ် –
ပြောသင့်တာကိုပြောတတ်ရန်နှင့် မပြောသင့်တာတွေကို မပြောတော့ရန်။
(သမ္မာကမ္မန္တ)
ဘာမှမလုပ်ရတော့မှာမဟုတ် –
လုပ်သင့်တာကိုလုပ်တတ်ရန်နှင့် မလုပ်သင့်တာတွေကို မလုပ်တော့ရန်။
(သမ္မာအာဇီဝ)
ဘာစိတ်နဲ့မှ မနေတော့မှာမဟုတ် –
ထားသင့်တဲ့စိတ်ထားတွေဖြင့်နေတတ်ရန်နှင့် မထားသင့်တဲ့စိတ်ထားတွေဖြင့် မနေတော့ရန်။
(သမ္မာဝါယမ)
ဘာမှ မကြိုးစားတော့မှာမဟုတ် –
ကြိုးစားသင့်တာတွေကို ကြိုးစားတတ်ရန်နှင့် မကြိုးစားသင့်တာတွေကို မကြိုးစား တော့ရန်။
(သမ္မာသတိ)
ဘာကိုမှ မနိုးကြားတော့မှာမဟုတ် –
နိုးကြားသင့်တာတွေကို နိုးကြားတတ်ရန်နှင့် မနိုးကြားသင့်တာတွေကို မနိုးကြား တော့ရန်။
(သမ္မာသမာဓိ)
ဘာကိုမှ စိတ်မဝင်စားရတော့မှာမဟုတ် –
စိတ်ဝင်စားသင့်တာတွေကို စိတ်ဝင်စားတတ်ရန်နှင့် မစိတ်ဝင်စားသင့်တာတွေကို စိတ်ဝင်စားမှု မပြုတော့ရန်။
(သမ္မာသင်္ကပ္ပ)
ဘာကိုမှ မတွေးရတော့မှာမဟုတ် –
တွေးသင့်တာတွေကို တွေးတတ်ရန်နှင့် မတွေသင့်တာတွေကို မတွေးတော့ရန်။
(သမ္မာဒိဋ္ဌိ)
ဘာကိုမှ မသိရတော့မှာမဟုတ် –
သိသင့်တွေကို သိတတ်ရန်နှင့် မသိသင့်တာတွေကို မသိတော့ရန်။
စသည့် ရှောင်ရန်နှင့် ဆောင်ရန်တို့ကို် ဖြည့်ကျင့်ရမည့် သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်သာလျှင်ဖြစ်ပေသည်။
အချိုမှုန့်အရသာကဲ့သို့ ထူးထူးခြားခြား ခံစားမှုတစ်ခုကိ်ု ခံစားမိအောင် လုပ်ပြီး ကြိုးစားရှုနေရမှာ မဟုတ်ပါ။
ပုံမှန်ဟင်းကောင်း၊ ဟင်းမွန်ရဲ့ အရသာကဲ့သို့ လူတစ်ယောက်အနေနှင့် လူဝတ္တရားတွေ လုပ်ကိုင် ဆောင်ရွက်၊ ပြောဆို၊ နေထိုင်နေစဉ်အတွင်း လွန်ကျူးမှုတွေ မဖြစ်ပဲ ငြိမ်းအေးအောင် ပြုတတ်၊ ပြောတတ်၊ နေတတ်နိုင်အောင်ဖြည့်ကျင့်ဖို့သာလျှင် လိုရင်ဖြစ်ပါကြောင်း . . . . . .
ဗုဒ္ဓရဲ့အရိယသစ္စာကို ပြန်လည်ဖော်ထုတ်ဟောပြ လမ်းညွှန်ခဲ့သော ဓမ္မဝိဟာရီ ဆရာတော်၏ www.ariyathitsa.org အရိယသစ္စာတရားဓမ္မ ဝက်ဆိုက်တွင် ရှိသော . . . . .
ပရမတ္တသစ္စာနှင့် အရိယသစ္စာ
သုတ္တနိပါတ
မဟာဗျူဟသုတ္တ ပန္နရသမဂါထာ
(ပါဠိ)
ပဿံ နရော ဒက္ခတိ နာမ ရူပံ၊
ဒိသွာန ဝါ ညထာတိ တာနိ မေဝ၊
ကာမံ ဗဟုံ ပဿတု အပ္ပကံ ဝါ၊
န ဟိ တေန သုဒ္ဓိ ံ ကုသလာ ဝဒနိ ္တ။
(မြန်မာ)
ရုပ်၊ နာမ် ရှုပွား တရားကို ရှာ၊
ရုပ်၊ နာမ် ဖြစ်ပျက် မြင်လျက်သိမှာ။
ဘယ်လောက် ရှုမှတ် ပရမတ်သစ္စာ၊
ပွားသော်ငြား တရားမရပါ။
သုတ္တနိပါတ
သမ္မာပရိဗ္ဗာဇနိယသုတ္တ သတ္တမဂါထာ
(ပါဠိ)
ဝစသာ မနသာစ ကမ္မုနာ စ၊
အဝိရုဒ္ဓော သမ္မာ ဝိဒိတွာန ဓမ္မံ။
နိဗ္ဗာန ပဒါဘိ ပတ္ထယာနော၊
သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
(မြန်မာ)
ကိုယ်၊ နှုတ်၊ စိတ်ထား အမှားရှောင်ခွါ၊
တရား၊ မတရား ပြတ်သားသိခါ၊
လူ့ငြိမ်းအေးမှု ရှေးရှုလို့သာ၊
မြတ်တရား မမှား ကျင့်ရမှာ။
ဆိုုသည့်အရိယဓမ္မလမ်းကို ညွှန်ပြလိုက်ရပါသည်။
ဗုဒ္ဓ၏အရိယသစ္စာပြန်လည်ထွန်းကားရေးသို့
35 comments
mggwa
April 21, 2012 at 7:00 pm
ကျန်းမာရေး အသိရှိတဲ့သူတွေက အချိုမှုန့်တွေ မစားတော့ဘူး ဘုရား။ အကုန်းရှင်းပစ်လိုက်ပြီ။
ရိုးရိုးပဲစားတော့တယ်။
ko sky
April 22, 2012 at 2:23 am
ကိုကိုပြာကတော့လုပ်လိုက်ပြန်ပါပြီ။ ရွာထဲမကောင်းတဲ့သူဝင်လာပါပြီ။ သတိထားကြတော့ဟေ့။
သူကဉာဏ်ကြီးရှင်နော်။ ကျုပ်ကမနေနိုင်လို. ဝင်မန်.လိုက်တာ။ သတိထား ကြဟေ့။
tunlinaung
April 21, 2012 at 7:07 pm
မှားနေပါတယ်။သိပ်ကိုမှားနေပါတယ်။…………………….
” မြန်မာနိုင်ငံတွင် ပြုလုပ်နေကြသည့် ယနေ့ခေတ်ဝိပဿနာအားထုတ်နည်း (ဗုဒ္ဓခေတ် ဝိပဿနာမဟုတ်) များမှာလည်း အချိုမှုန့်နှင့် အလားတူဖြစ်နေပေ၏။
အချိုမှုန့်က ဟင်းကို ပုံမှန်ထက် ပိုကောင်းမွန်သော အရသာဖြစ်စေသလို ယနေ့ခေတ် ရုပ်၊ နာမ်ရှုနေကြသည့် ဝိပဿနာအားထုတ်မှုများသည် အားထုတ်နေစဉ်အတွင်း လူကို ပုံမှန်ထက်ကောင်းမွန်သည့် ငြိမ်းနေသော ခံစားမှုဝေဒနာကို ပေးလေ၏။ မိမိ အာရုံတွင် ဘာရုပ်၊ နာမ်မှ မတွေ့ရတော့သည်အထိ တွေ့မြင်ရအောင် ကြိုးစားရလေသည်။ ထိုကဲ့သို့ ဘာရုပ်၊ ဘာနာမ်မှ မရှိတော့သော ဗလာကို အာရုံပြုနိုင်သောအခါ ထိုသူသည် သူ့ဘဝတွင် ခံစားခဲ့ရဘူးသော ခံစားမှုများထက် ပိုမိုကောင်းမွန်နေသောကြောင့် ထိုအားထုတ်မှုလုပ်ငန်းကို စွဲလမ်းသွားလေတော့၏။
သာမန်ခံစားမှု (ကာမခံစားမှု)တို့ထက် ပိုမိုကောင်းမွန်သော (ရူပ၊ အရူပ)ခံစားမှု တို့ကို ကျင့်သုံးနေမှုတို့ကြောင့် ဖြစ်နေရသည့် အဖြစ် (ဘဝ)သည် အချိုမှုန့်ထက်ကို ပိုမိုဆိုးဝါးနေသည်ကို စိစစ်မိသူတို့သာ သိနိုင်ပေသည်။ စိစစ်ဖို့ကောင်းလေစွ။
အဘယ့်ကြောင့်ဆိုသော် . . . . . . . . . . .”
……………………………….အထက်ပါစာတွင်ပါနေတဲ့အကြောင်းတစ်ချက်ထဲမှာကိုကစမှားနေပါတယ်။
မိမိ အာရုံတွင် ဘာရုပ်၊ နာမ်မှ မတွေ့ရတော့သည်အထိ တွေ့မြင်ရအောင် ကြိုးစားရလေသည်။ ရုပ်နာမ်တွေ
ရဲ.ဖြစ်နေပျက်နေတာကိုရှုရတာပါ။ မိမိ အာရုံတွင် ဘာရုပ်၊ နာမ်မှမတွေ့ရတော့သည်အထိ
တွေ့မြင်ရအောင်
ကြိုးစားရလေသည်…ဆိုတာမဟုတ်ပါဘူး။ ဘာသာရေးအယူအဆတွေက ပါးပါလေးနဲ.
မှားတက်ပါတယ်။
ကိုယ့်ကိုတက်လှပါပြီဆိုရင်တော့ မှားနေဦးမှာပါပဲ။
mgmaung
April 22, 2012 at 5:33 pm
ကျနော်ကတော့ မှားနေတာကိုမတွေ့မိပါ။
— မိမိ အာရုံတွင် ဘာရုပ်၊ နာမ်မှ မတွေ့ရတော့သည်အထိ တွေ့မြင်ရအောင် ကြိုးစားရလေသည်။ ရုပ်နာမ်တွေ
ရဲ.ဖြစ်နေပျက်နေတာကိုရှုရတာပါ။ မိမိ အာရုံတွင် ဘာရုပ်၊ နာမ်မှမတွေ့ရတော့သည်အထိ
တွေ့မြင်ရအောင် ကြိုးစားရလေသည်…ဆိုတာ မဟုတ်ပါဘူးဆိုတော့ . . . ——-/
ယခု ရုပ်နာမ်ဖြစ်နေပျက်တွေ မြင်အောင်၊ အဲဒီဖြစ်ပျက်တွေ မုန်းအောင်၊ အဲဒီ ရုပ်နာမ်ဖြစ်နေပျက်တွေ ဆုံးအောင်လုပ်နေကြတာကို ဘယ်လိုနာလည်းကြမလဲ ခင်ဗျာ/
ပါးပါးလေး မဟုတ်၊ အထူကြီးကို လွဲနေကြပါတယ်လို့ ကျနော်မြင်မိပါတယ်/
ဘာ့ကြောင့်လဲဆိုတော့ ရှုရမည့် အရှုခံ အာရုံလွဲနေလို့လို့ဆိုတာ ထင်ရှားနေပါတယ်/
ဗုဒ္ဓနည်းကျ ဝိပဿနာရဲ့ အရှုခံ သုံးသပ်ဆင်ခြင်ရမှာက ကံ (သင်္ခါရ)တွေသာဖြစ်ပါကြောင်းလို့ . . . /
အမေရိကန်ငတုံး
April 21, 2012 at 7:44 pm
အင်း တစ်စခန်းထလာကြပြန်ဘီ 👿
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 21, 2012 at 11:32 pm
အင်. ——–ယနေ ့ခေတ်ဝိပဿနာ—အချိုမှုန် ့?????
Gipsy
April 22, 2012 at 4:14 am
မကောင်းမှုကြဉ် ကောင်းမှုယှဉ် ဖြူစင်စိတ်ကိုထား
ဗုဒ္ဒမြတ်စွာ ဟောသေချာ လိုက်နာကျင့်ကာပွား
ဘုရားတိုင်းသာ ညွှန်ပြရှာ သုံးဖြာဤတရား
ကောင်းကျိုးစီးပွား သင်လိုလား မှတ်သားနည်းယူထား..
ကောင်းသောနေ့ရက်သည်ကောင်းသောကံအမှုကိုပြုသောနေ့ ဖြစ်သည် ….။
(ရတနာ လင်္ကာရ)
jackalin jongin
April 22, 2012 at 8:32 am
ရှစ်ချက်မဂ္ဂင် ကျင့်လိုက်လျှင် လူတွင်သုခပွား။
သီလ သမာ- ဓိပညာ ရှစ်ဖြာမဂ်ကပွား။
ကောင်းမှုဆိုးမှု ဒီနှစ်ခု ရှစ်ခု မဂ်ကပွား။
ရှစ်ခုမဂ္ဂင် အစုတွင် ဆိုးဉာဉ် ကောင်းဉာဉ်ပွား။
ဆိုးဉာဉ်ဆိုတာ မဂ်မိစ္ဆာ ရှောင်ပါ ပါပများ။
ကောင်းဉာဉ်ဆိုတာ မဂ်သမ္မာ ကျင့်ပါကောင်းမှုများ။
ကောင်းမှုတွေအား ကျင့်သူများ ရောက်ငြားနိဗ္ဗာန်နား။
ဦးဦးပါလေရာ
April 22, 2012 at 8:59 am
ဝိပဿနာရှု့တယ်ဆိုတာ ဒီပိုစ့်မှာ ရေးထားသလို-
“ဘာရုပ်၊ ဘာနာမ်မှ မရှိတော့သော ဗလာ” ကို
အာရုံပြုတာလဲမဟုတ်ဘူး၊
ရည်မှန်းပြီးရှု့တာလဲမဟုတ်ဘူး
ဝိပဿနာရှု့တယ်ဆိုတာ
ရုပ်၊နာမ်တို့ကို အရှိအတိုင်း အမှန်အတိုင်း မြင်>နားလည် > သိ အောင်ရှု့တာဖြစ်တယ်။
မိုးပြာဝါဒကို မတိုက်ခိုက်လိုပါ။
သို့သော် ထေရဝါဒဗုဒ္ဓဘာသာကို မိုးပြာဂိုဏ်းသားတွေက
လစ်ရင်လစ်သလိုတိုက်ခိုက်ပုတ်ခတ်နေခြင်းကို
ရှုတ်ချပါသည်။
ကိုယ့်ဝါဒသာကို ကိုယ့်ဘာသာရှင်းပြဟောပြောသင့်သည်။
သူတပါးဝါဒကို ပုတ်ခတ်တိုက်ခိုက်ခြင်းဖြင့်၊ စကားနိုင်လုခြင်းဖြင့် မထိပါးသင့်ပါ။
ever
April 22, 2012 at 10:05 am
(ဝိပဿနာရှု့တယ်ဆိုတာ ဒီပိုစ့်မှာ ရေးထားသလို-
“ဘာရုပ်၊ ဘာနာမ်မှ မရှိတော့သော ဗလာ” ကို
အာရုံပြုတာလဲမဟုတ်ဘူး၊
ရည်မှန်းပြီးရှု့တာလဲမဟုတ်ဘူး) လို့ဆိုတာနှင့်ပတ်သက်လို့ ကျနော်နားလည်သလောက် ဝင်ဆွေးနွေးပါရစေ။
ယခုကာလဝိပဿနာအားထုတ်နေကြမှုတွေသည် အရှုခံ ရုပ်၊ နာမ် ဖြစ်၊ပျက်တွေ ချုပ်ငြိမ်းပြီး၊ ဖြစ်၊ ပျက်မရှိတော့ပဲ၊ မဖြစ်၊ မပျက်တာကို အာရုံပြုနိုင်ဖို့ အားထုတ်နေကြတယ်လို့ နားလည်မိပါတယ်။
ဒါဆို ဒီပို့စ်ရေးသူ ဆိုလိုရင်းဖြစ်တဲ့ ဘာရုပ်၊ ဘာနာမ်မှ မရှိတော့သော ဗလာဆိုတာနဲ့ ဘယ်လိုများကွဲပြားလဲဆိုတာကို ပြန်လည်ဆွေးနွေးပေးစေလိုပါတယ်။
ashinariya
April 23, 2012 at 4:05 pm
အချိုမှုန့် သုံးစွဲခြင်းကြောင့် ဖြစ်နေရတဲ့ အဖြစ်ဆိုးတွေကို ပြောဆိုမိတဲ့အခါ ထိုအချိုမှုန့်ကို ထုတ်လုပ်ဖြန့်ချီနေတဲ့ ကုမ္မဏီတွေကို ထိခိုက်စေလိုတာ မပါပေမယ့် ထိခိုက်စေတာမျိုးဖြစ်သွားတတ်ပါတယ်။ အခုလည်း ပရမတ္တသစ္စာအသိတွေရဲ့ လူတွေအပေါ်မှာ ဖြစ်စေနေမှုတွေကိုပဲ တင်ပြတာပါ။ မည်သည့် အဖွဲ့၊ ဝါဒ၊ ဂိုဏ်းတွေကို ထိခိုက်စေလိုတာမျိုး မပါပါလို့ နားလည်ပေးပါ။
Moe Z
April 22, 2012 at 9:13 am
Thumbs down လုပ်သွားပါသည်။
ဝိပဿနာတရား နည်းလမ်းမှန်စွာ အားမထုတ်ဖူးသေးတဲ့သူတွေကို လမ်းမှားရောက်အောင်ဆွဲချနေသော ပို့စ်များကို ကန့်ကွက်ပါသည်။ ကိုယ်တိုင်ပဲ အရင်ဆုံး စာတွေ့မဟုတ်ပဲ လက်တွေ့အားထုတ်ကြည့်ပါ။
mgmaung
August 9, 2012 at 10:50 pm
လမ်းမှား၊ လမ်းမှန် ပြောဖို့အတွက်က ဒီလမ်းကိုလည်း လျှောက်ကြည့်မိဖို့ လိုမယ်ထင်တယ်။
ဒါမှ ကိုယ်နဂိုက လမ်းမှန်လို့ထင်နေတဲ့ လမ်းနဲ့ ဒီလမ်းကို နှိုင်းယှဉ်မိပြီး ဘယ်ဟာလမ်းမှန်အစစ်လို့ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
ကျနော်ကတော့ လမ်း ၂-မျိုးလုံးကို ထိုက်သည့်အားလျှော်စွာ လျှောက်ခဲ့ဖူးတာမို့လို့ ဝင်ပြောရတာပါ။
ဆူး
April 22, 2012 at 11:36 am
ဝိပဿနာ အားထုတ်တယ် ဆိုတာ မိမိ ရုပ် မိမိ နာမ် သဘာဝ အတိုင်း ဖြစ်နေတာကို ရှု့ရတာပါ။
ရှု့မှတ်စိတ်တွေ အားကောင်းလာတာနဲ့ အမျှ ရုပ်တွေ နာမ်တွေ ဖြစ်လိုက် ပျက်လိုက် ဖြစ်နေတာကို တဖွားဖွား ဆက်တိုက် (ရုပ်ရှင် ပိတ်ကား) မှာ မြင်သလို ရှင်းလင်းပြတ်သားစွာ မြင်လာပါလိမ့်မယ်။
ဖြစ်ခြင်း ပျက်ခြင်း ကို တားဆီးခြင်း မရှိပါဘူး။ တားဆီးဖို့လည်း မကြိုးစားပါဘူး။ ထိုကနေ တဆင့် ဈန် အဆင့်ဆင့် ရလာပြီး ဖြစ်ပျက်တွေ ရှင်းရှင်းလင်းလင်း သိလာပါလိမ့်မယ်။
ဉာဏ် အားကောင်းရင် ကောင်းသလို သံသရာ အဆင့်ဆင့် လည်ပတ်ခဲ့တဲ့ ဘဝတွေ ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေက အကျိုးပေးတာတွေကို ကွက်ကွက် ကွင်းကွင်း မြင်လာပါလိမ့်မယ်။
ကိုယ့်ဝါဒသာကို ကိုယ့်ဘာသာရှင်းပြဟောပြောသင့်သည်။
သူတပါးဝါဒကို ပုတ်ခတ်တိုက်ခိုက်ခြင်းဖြင့်၊ စကားနိုင်လုခြင်းဖြင့် မထိပါးသင့်ပါ။
ashinariya
April 23, 2012 at 5:10 pm
အချိုမှုန့် သုံးစွဲခြင်းကြောင့် ဖြစ်နေရတဲ့ အဖြစ်ဆိုးတွေကို ပြောဆိုမိတဲ့အခါ ထိုအချိုမှုန့်ကို ထုတ်လုပ်ဖြန့်ချီနေတဲ့ ကုမ္မဏီတွေကို ထိခိုက်စေလိုတာ မပါပေမယ့် ထိခိုက်စေတာမျိုးဖြစ်သွားတတ်ပါတယ်။ အခုလည်း ပရမတ္တသစ္စာအသိတွေရဲ့ လူတွေအပေါ်မှာ ဖြစ်စေနေမှုတွေကိုပဲ တင်ပြတာပါ။ မည်သည့် အဖွဲ့၊ ဝါဒ၊ ဂိုဏ်းတွေကို ထိခိုက်စေလိုတာမျိုး မပါပါလို့ နားလည်ပေးပါ။
ဗုဒ္ဓမြတ်စွာရဲ့နည်းထင်ကာ ယနေ့ခေတ် အတွေးမဲ့အကျင့်တွေနဲ့ ဘာမှမရှိတာကို သိသောအသိမဲ့အကျင့်တွေကျင့်သုံးမိသူတို့ဟာ လူ့ကိစ္စတွေဘာမှမတွေးမိ၊ ဘာမှမသိအောင်နေထိုင်နေကြလို့ သီလလုံသလိုမျိုးဖြစ်နေပေမယ့်။ တကယ့် လူ့ဝတ္တရားသီလတွေ ကြောက်စရာကောင်းလောက်အောင် ပျက်ကွက်နေကြတာကို ပတ်ဝန်းကျင်မှာ တွေ့မြင်ကြားသိနေရလို့ ဒီပို့စ်ကို ရေးဖြစ်လိုပ်တာပါ။
ဒီအကျင့်နဲ့နေမိသူတို့ဟာ ခင်ပွန်းဖြစ်ပါက လင့်ဝတ္တရားတွေပျက်ကွက်နေသလို၊ ဇနီးဖြစ်ပါကလည်း ဇနီးဝတ္တရားတွေပျက်ကွက်နေမှုကို ဖြစ်သွားစေပါတယ်။ မိဘဖြစ်ပါက သား၊သမီးတွေအပေါ်မှာ ရှာဖွေကျွေးမွေးရမှု ဝတ္တရားတွေ ပျက်ကွက်လာကြသလို၊ သားသမီးဖြစ်ပါက တကိုယ်ကောင်းဆန်လာကာ သားသမီးဝတ္တရာတွေ ပျက်ကွက်လာပါတော့တယ်။
မိမိဝတ္တရားရှိတာတွေကို လုပ်ကိုင်ဆောင်ရွက်ရဖို့ကို မတွေးချင်၊ မသိချင်တော့ပဲ ဒီဘာမှမရှိတာကို သိတာမှလွဲရင် ကျန်တဲ့သိစရာမှန်သမျှဟာ အနှောက်အယှက်တွေ၊ ဒုက္ခတွေလို့ထင်သွားခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိဒီအကျင့်တွေကို ကျင့်သုံးမိနေရင်တော့ လူ့ဝတ္တရား ဘာတွေပျက်ကွက်နေပြီလဲ၊ မိမိဘယ်လို တကိုယ်ကောင်းဆန်သလိုမျိုးတွေဖြစ်နေပြီးလဲဆိုတာ စိ်စစ်ဝေဖနိကြည်မိရင်တော့ ဒီပို့စ်ကို ရေးရကျိုးနပ်ပါပြီ။
(ဗုဒ္ဓရဲ့အရိယသစ္စာလမ်းညွှန်မှု ဝိပဿနာ (ကံ – သင်္ခါရတွေကို ရှုခြင်း) ဘာဝနာဟာ လူ့ဝတ္တရားတွေကို (သမ္မာ) မှန်ကန်ကောင်းမွန်စွာ ဆောင်ရွက်တတ်အောင် လမ်းညွှန်ပေးတဲ့ ဓမ္မတွေပါ။)
True Answer
April 22, 2012 at 11:55 am
ဝိပဿနာကို အချိုမှုန့် ဟု အထင်မှားနေသူများ နားဆင်ရန်-
မဂ္ဂင် ရှစ် ပါး သစ္စာတရားတော်များ
http://www.mediafire.com/?86hhcow8di435
ashinariya
April 22, 2012 at 5:42 pm
ဗုဒ္ဓဟောကြားခဲ့တဲ့ အရိယသစ္စာ ဝိပဿနာနည်းကတော့ အချိုမှုန့်မဟုတ်ပါဘူး။ ယနေ့ခေတ် ပရမတ္တသစ္စာဝိပဿနာနည်းများကိုသာ အချိုမှုန့်နဲ့ တင်စားပြောတာပါ။
Gipsy
April 22, 2012 at 1:24 pm
Whatever view we hold about ourselves is just a view. It is not the truth. ..
( အချိုမှုန့်)
Gipsy
April 22, 2012 at 2:00 pm
မြတ်စွာဘုရားမှ… မောဃရာဇ ပုဏ္ဏားကို ဟောသောတရား
အခါခပ်သိမ်း အောက်မေ့မှု “သတိ” ရှိလျက် မိမိကိုယ်ဟု စွဲယူမှု “အတ္တာနုဒိဋ္ဌိ”ကို နုတ်ပယ်၍ “လောက”ကို ဆိတ်သုဉ်းသောအားဖြင့် ရှုပါလော့… ဟု မိန့်တော်မူပါ၏ ။
ရဲစည်
April 22, 2012 at 7:22 pm
ဘာသာရေး………….အင်း..တစ်စခန်းထ လာပြန်ပီ
“အို..သူတော်ကောင်း အပေါင်းတို့ ကျင့်ကြံခြင်း ဟူသည်ကား မိမိအဖို့တည်း၊ အယှဉ်အပြိုင် ဆွေးနွေးရန် မဟုတ် မိမိနှင့် သင့်မြတ်ရာကို နည်းလမ်းဖွေရှာ၍ မိမိဘာသာ ယုံကြည်စွာ ဆောင်ရွက်ခြင်းဖြင့် အောင်မြင်စေ၏၊ စိတ်နှလုံး အေးချမ်းစွာ ဆောင်ရွက်ကြကုန်”
…………………………………………………………
ကိုယ့်အတွက်ကို အရင်လုပ်ကြပါ အောင်မြင်ရင်လဲ ငြိမ်ငြိမ်လေး သွားကြပါ.. 🙂
မအောင်မြင်သေးလဲ ငြိမ်ငြိမ်လေး ဆက်လုပ်ကြပါ…………………………… 🙁
Ko out of...
April 22, 2012 at 7:23 pm
ပရမတ်ကိုရှု့လို့ ကတော့ ပရမတ္တသံဃာဘဲဖြစ်မယ်…
တယောက်တည်းနေပြီး လောဘ၊ဒေါသ မဖြစ်တာ… သူမဟုတ် ငါမဟုတ်ဘာမှ
မဟုတ်ဘူးဆိုတဲ့တရားတွေ ရှု့နေလို့ကတော့
ဘာမှ မဟုတ်တဲ့လူတွေဘဲဖြစ်မှာဘဲ?…
ချာလီဂဇက်ဒလဝမ်
April 22, 2012 at 7:58 pm
အာရိုရို
ဆက်လက်ဆွေးနွေးကြပါကုန်
ဖတ်စရာ မှတ်စရာ ရှုစရာ
များလှပါသည့်
ဤလောက လူ့ဘုံဘဝ ပါတကား . . .
Mလုလင်
April 22, 2012 at 11:07 pm
မြင်တတ်တဲ့ မျက်စိ … ရှိ ကြပါစေ ရယ်လို့သာ ….
ယနေ့ခေတ်လို့ ပြောရအောင် …. ခေတ် တစ်ခေတ်လုံး ကိုယ်စား ပြုနိုင် မပြုနိုင် ပြန်လည် စဉ်းစားစေချင်ပါတယ် လေ။
ashinariya
August 6, 2012 at 8:15 am
ဒါဆိုရင် ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဝိပဿနာအားထုတ်နည်းတွေထဲမှာ
ပရမတ် ရုပ်၊ နာမ်တွေကို ရှုခိုင်းတာနဲ့ လွတ်ကင်းတဲ့ နည်းလမ်းများရှိသေးလို့လား၊
ရှိတယ်ဆိုရင်တော့ လမ်းညွှန်ပေးဦးမှပေါ့။
Gipsy
April 23, 2012 at 7:47 am
အမှန်….
အမှန်ကိုအမှန်လို ခြစ်တတ်မှ
အမှား…
အမှားကို အမှားလို ကြက်ခြေခတ်မှ
အောင်မှတ်ရမှာပါ…
kai
April 23, 2012 at 10:31 am
ဝိပဿနာဆိုတဲ့.. စာသား.. ပိဋိကတ်သုံးပုံထဲ.. ၁ဝနေရာလားပဲရှာတွေ့တယ်..
ဒါတောင် အသက်ရနှစ်လောက်ရှိတဲ့..သားတော်ရာဟုလာကိုဟောတဲ့..တရားမှာ အဓိကပါတာလို့မှတ်မိတယ်..။
(ထပ်တွေ့သူတွေ.. ညွှန်းပြပါဦး..။)
နောက်ပိုင်း… သံဃာယနာတင်ရင်.. ဝိပဿနာဆိုတဲ့..စကားလုံး.. နေရာ ၁၀ဝလောက်ပါအောင်..ထည့်ပေးလိုက်ကြပေါ့…
အဲ..
ဂေါတမဗုဒ္ဓဘုရားရှင်လက်ထက်မှာလည်း.. ဝိပဿနာတရားစခန်းကြီးတွေဖွင့်.. အိမ်ကမိသားစုတွေပစ်.. တရားထိုင်ရိပ်သာဝင်ကြပြီး.. လူတွေ..ငြိမ်းချမ်းကြတယ်ဆိုတာလေးပါ.. ပါသွားအောင်မသိမသာနဲ့..သိသိသာသာလေး..( ဗုဒ္ဓဝင်ထဲ)ထည့်ပေးလိုက်ဖို့သင့်တယ်.. 😆
ဆူး
April 23, 2012 at 11:04 am
၁ဝ နေရာတွေ့ရင် ၁ဝခါ တွေ့တယ်လို့သာ မှတ်လိုက်ပါ။
၁၀ဝ ထည့်စရာမလိုဘူး.. ၁ခုနည်း ပါတဲ့ စကားရပ်တောင် အလေးထားပါတယ်။
ဗုဒ္ဓကိုယ်တိုင်ဟောတဲ့ ဗုဒ္ဓဝင်တော့ ဘယ်တော့မှ ရှိလာမှ မဟုတ်ဘူး။ စိတ်မပူနဲ့..
ဝိပဿနာ တရားစခန်းကြီးတွေ ရှိနေခဲ့ကြောင်း ရှိကြောင်းကိုတော့ မှတ်တမ်းတွေ များစွာနဲ့ နောင်လာ နောက်သားတွေ အတွက် ကျန်ခဲ့မှာပါ။
မပူပါနဲ့ အခုခေတ်က လူတွေက အရင်ခေတ်က လူတွေ ရေးတဲ့ သမိုင်းမှတ်တမ်းတွေ ပျောက်ပျက်ကုန်တာကို နမူနာယူပြီး ကြာရှည်တည်တဲ့အောင် ရေးကြပါလိမ့်မယ်။
မျိုးကို
April 23, 2012 at 7:30 pm
ကျနော်လေ့လာလို့ သိရတာတော့ ဗုဒ္ဓပွင့်နေတဲ့အချိန်မှာ ဂျိန်းတွေသာ တရားစခန်းတွေ ဖွင့်တယ်လို့ သိရပါတယ်။ ဂျိန်းတွေရဲ့ အကျင့်က ယောဂကမ္မဋ္ဌာန်းတွေဆိုတော့ ယောဂီအကျင့် ကျင့်ဖို့ ဒီခေတ်လို တရားစခန်းတွေဝင်ကြတယ်လို့ တွေ့ရပါတယ်။ ကျောက်ဖြာနက်ဆိုတဲ့ ဂျိန်တရားစခန်းက အဲဒီခေတ်မှာ ထင်ရှားတဲ့ တရားစခန်းဖြစ်ပါတယ်။
အဲဒီလို ယောဂီတွေကို တရားထိုင်ခိုင်းပြီး ကျင့်ခိုင်းနေလို့ ဘာ့ကြောင့် ဒီအကျင့်တွေကျင့်နေကြတာလဲလို့ ဗုဒ္ဓဘုရားတောင် မေးခဲ့တယ်လို့ သိရပါတယ်။
ဗုဒ္ဓတရားဟောလို့ သဘောပေါက်ကြတယ်ဆိုတာ လူတွေကို စုပြီး ဘယ်လို ထိုင်ပါ၊ ဘယ်လိုမှတ်ပါဆိုတာတွေကို လူစုပြီး လုပ်ခိုင်းတယ်လို့ မတွေ့ရပါဘူး။
ဒီ post ဆိုလိုရင်းလို လူတွေရဲ့ ကာယကံလွန်ကျူးမှုတွေ၊ ဝစီကံလွန်ကျူးမှုတွေ၊ မနောကံလွန်ကျူးမှုတွေ စတဲ့ လွန်ကဲတဲ့ ကံ (အဘိသင်္ခါရ)တွေကို မြင်အောင်ဟောပြလို့ လူတွေ သဘောပေါက်သွားကြတယ်လို့ မြင်မိပါတယ်။
ဒီသင်္ခါရကံတွကို သိမြင်ရဖို့မှာ သိအောင်ဟောပြတဲ့ဆရာရဲ့တရားကို မိမိလွန်ကျူးမိနေတဲ့ သင်္ခါရကံတွေနဲ့ တိုက်ကြည့်ပြီး မလွန်ကျူးဖို့ ရှောက်စောင့် ထိန်းသိမ်းတတ်တဲ့ ဉာဏ်ရဖို့မှာ
ဒီခေတ်ရိပ်သာတွေလို သီးသန့် တရားစခန်းတွေသွင်းပြီး ရုပ်၊ နာမ်တွေ ရှုနေရဦးမှာလားဆိုတာ စဉ်းစားစေချင်ပါတယ်။
တကယ်ကတော့ ဗုဒ္ဓဟောခဲ့တဲ့ ဝိပဿနာဆိုတာ ” လူတွေရဲ့ ကာယကံလွန်ကျူးမှုတွေ၊ ဝစီကံလွန်ကျူးမှုတွေ၊ မနောကံလွန်ကျူးမှုတွေ စတဲ့ လွန်ကဲတဲ့ ကံ (အဘိသင်္ခါရ)တွေရဲ့ သဘောအမှန်ကို အထူးသိအောင်သာ လုပ်ရမှာဖြစ်ပါတယ်” လို့ ဝင်မန့်လိုက်ရပါသည်။
mggwa
April 24, 2012 at 2:41 pm
အော် ဂလိုကို . . .
ဗုဒ္ဓက အညောင်းထိုင်ခိုင်းပြီး လူတွေကို အမိန့်ပေး စေခိုင်းတဲ့ အာဏာရှင်ဆန်ဆန် တရားပြနည်းမျိုးတော့ စခန်းဖွင့်ပြီး ပုံစံသွင်းမှာတော့ မဟုတ်တန်ရာလို့ ထင်တော့ ထင်သားဗျ။
ကိုယ့်အသိနဲ့ ကိုယ့်ကံ သင်္ခါရတွေကို ပြင်တတ်ဖို့ပဲ လမ်းညွှန်ပေးမှာပါဗျ။
ဒါမှ ကိုယ့်အသိနဲ့အမြင်နဲ့ ကိုယ်တိုင်ပြင်ရမယ့် ဒီမိုကရေစီလမ်းစဉ်ပဲ။
ဘယ့်နှယ့် ဒီမိုကရေစီခေတ်မှာ
အမိန့်ပေးစေခိုင်းခံနေရသလို ရုပ်၊ နာမ်တွေ အတင်း ခွရှုခိုင်းနေတဲ့ အာဏာရှင်ဆန်ဆန် မတရားနည်းတွေကတော့
ဒိတ်အောက်သွားပြီနဲ့တူတယ်နော်။
လူတွေက အမိန့်တွေ၊ အာဏာတွေကို မကြိုက်တော့ဘူးဗျ။
ဗုဒ္ဓရဲ့နည်းက အာဏာရှင်ဆန်ဆန်နည်းမျိုးမဟုတ်ပါလို့ စဉ်းစားကြပေါ့ဗျာ။
Moe Z
April 23, 2012 at 11:23 am
ရှာတွေ့တယ်ဆိုတော့ ဘုရားဟောမဟုတ်ဘူးလို့တော့မငြင်းဘူးထင်ပါရဲ့ ..
ဘုရားလက်ထက်နဲ့ ဒီခေတ်ကာလကို နှိုင်းရအောင် တူလို့လားသဂျီးရဲ့
သဂျီးတို့အဖိုးအဖွားတွေခေတ်နဲ့ အခုခေတ်ကလူတွေတောင်တူလို့လား ..
ကြာလေ ကြာလေ လောဘ၊ ဒေါသတွေများပြီး ကိလေသာတွေထူပြောလာကြလို့ သက်တမ်းတွေတိုလာတာမဟုတ်ဘူးလား .. သဂျီးတို့အရွယ်တွေက နိုက်ကလပ်နဲ့ကေတီဗွီရောက်နေကြတုန်း
ရိပ်သာမှာ လူငယ်တွေပိုများလာတယ်သဂျီးရေ …
သဂျီးတို့ဆီက မသေဆေးကရော မထွက်သေးဘူးလားဟင်င်င်င် …
kai
April 23, 2012 at 11:52 am
နိဗ္ဗာန်သွားဖို့.. တကြောင်းတည်းလမ်းလောက်လုပ်နေကြတဲ့..ဝိပဿနာကို…. ဂေါတမဘုရားက.. ဘာလို့.. ဒီလောက်လေးပဲပြောဟောထားသလည်း.. တွေးကြည့်ဖို့ကောင်းတယ်..
လော့ဂျစ်တွက်နည်းမှာ.. အင်မတန်ရှေ့နောက်ညီတဲ့.. ဗုဒ္ဓရဲ့ဓမ္မတွေကို ဆန့်ကျင်နေသလို မမြင်မိဘူးလား..။
နောက်တခုက.. လူတွေသက်တန်းမတိုလာပါဘူး..
လူတွေသက်တမ်းဟာ လွန်ခဲ့တဲ့နှစ်၂၆၀ဝထက်စာရင်.. အများကြီးရှည်လာကြ..ကျမ်းမာလာကြပါတယ်..
လူနေမှုအဆင့်အတန်းတွေလည်း မြင့်လာကြပါတယ်.
စားသောက်ဖွယ်ရာတွေ..အသုံးအဆောင်တွေလည်း..ဗုဒ္ဓလက်ထက်နဲ့စာရင်.. ဒီခေတ်က နှိုင်းမရအောင်ကို မြင့်လာကြသပေါ့..
အဲဒီခေတ်က.. ရှေ့ဖြစ်မြင်နိုင်သူတွေစိတ်ကူးထဲပုံဖေါ်တဲ့.. နတ်ပြည်ဆိုတာ.. ဒီခေတ်နဲ့..မကြာခင်လာတော့မဲ့ခေတ်လို့တောင်..ပြောလို့ရတယ်.
http://futuretimeline.wordpress.com/
ဆိုတော့..
နောက် ရာစုနှစ်ထဲမဝင်ခင်မှာ.. မသေဆေးတွေ့ပါလိမ့်မယ်..။
ကျုပ်တော့ မမှီလောက်ပါဘူး..
အခုမွေးတဲ့သူတွေတော့ မှီကောင်းရဲ့.. 😆
အဲ..အဲ.. မယုံတဲ့သူတွေမပါဘူးနော..။
ဗိုက်ကလေး
April 23, 2012 at 12:00 pm
ဘာဘားအူးခိုင်..ဘာဘားအူးခိုင်
တားတား..တားတားတို ့ရွယ်ဒွေကော မတေဆေးဆိုဒါကို
မှီ.. မှီနိုင်ရားဟင်င်င်
ဆူး
April 23, 2012 at 12:39 pm
မသေဆေးကတော့ သဂျီးရဲ့ မိုးကောင်းကင် အိပ်မက်ကြီးပဲ.. ဟားဟား..
realman
April 27, 2012 at 5:45 pm
အာရုံတစ်ခုတည်းအပေါ်ကို စူးစိုက်ထားလျှင် တခြားအာရုံများကို မတွေးတောမိတော့ပါ။
ထိုအခါ ဦးနှောက်လုပ်ငန်းသည် နှေးကွေးလာကာ ဦးနှောက်သို့ သွေးထောက်ပံ့နေရသော နှလုံးလုပ်ငန်းသည်လည်း နှေးလာ၏။
ထိုအခါ နှလုံးခုံနှုံးတဖြေးဖြေငြိမ်လာသည့်အတွက် လူသည် နေရတာ အလွန်ကောင်း (ဇိမ်ရှိ)လာလေ၏။
ထိုကဲ့ ဇိမ်ကျလာသည့်အခြေအနေကို စွဲလန်းလာခြင့်ကြောင့် ထို အတွေးမဲ့ အကျင့်ကို ရိပ်သာများအထိသွားကာ ကျင့်ကြလေကုန်၏။
နောက်ထပ်ပြီး ထိုအာရုံတို့၏ ပေါ်လိုက်၊ ပျောက်သွားလိုက် ဖြစ်နေတာကို ထပ်ပြီး စူးစိုက်ကြလေ၏။
ထိုအခါ အာရုံတို့ ပေါ်လိုက်၊ ပျောက်လိုက်မှ လွဲရင် ကျန်တာ ဘာမျှ မသိတော့ပါ။
ထိုပေါ်လိုက်၊ ပျောက်လိုက်အာရုံတို့ကို စူးစိုက်ပါများလာပါက လူ၏ ဦးနှောက်နှင့် အာရုံကြောစနှစ်တို့သည် ထိုအာရုံတို့ကို အာရုံမပြုချင်လောက်အောင်ကို မုန်း (ငြီးငွေ့)လာလေ၏။
ဦးနှောက်နှင့် အာရုံကြောစနစ်တို့မှ အာရုံမပြုချင်တော့သည့် အဆုံးတွင် ထိုသူ၏ ထိုအာရုံအပေါ် အာရုံပြုနေသော ဦးနှောက်လုပ်ငန်းသည် ခေတ္တရပ်တန့် ( brain block) သွား၏။
တဒင်္ဂ အသိမဲ့သွားလေ၏။ ထိုအချိန်တွင် နှလုံးခုံနှုံးတဒင်္ဂငြိမ်သွားသည့်အတွက် လူသည် နေရတာ အလွန့်အလွန်ကောင်း (ပိုဇိမ်ရှိ)လာလေ၏။
ထို တဒင်္ဂ အသိမဲ့သွားသော အခြေအနေ ခံစားမှုကို စွဲလန်းနှစ်သက်သွားကြကာ အချိန်တန်ပါက ထိုအသိမဲ့အကျင့် သင်ပေးလိုက်သော ရိပ်သာများသို့ မသွားရမနေဖြစ်အောင် စွဲလန်းသွားကြလေ၏။
အတွေးမဲ့၊ အသိမဲ့ အကျင့်များသည် လူသားတို့ ကျင့်(သင့်/ မသင့်)ဆန္ဒပြုကြပါ။
mggwa
April 28, 2012 at 2:40 pm
အော် ဂလိုကိုး . . .
အတွေးမဲ့သွားလို့ ဦးနှောက် အလုပ် နှေးသွားဖို့ကို တကူးတက လုပ်နေကြတယ်။
ဒိုင်ရာစီပင်သောက်ရင် ရရဲ့သားနဲ့များ အပင်ပန်းခံနေကြပ။
ဦးနှောက် block ဖြစ်သွားလို့ တခဏ ဘာမှ မသိတော့တာကိုများ တရားရတယ်ထင်နေကြ ။
အံ့ပ . . . အံပ။
အော် . . . လူတွေ၊ လူတွေများ ပြောပါတယ်။