Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာဘလောဂ့်တွေကြားမှေးမှိန်နေတဲ့အခွင့်အလမ်းများ

introJune 17, 20101min1770

(ရေးသားသူ – S.S.)

အခုဆိုရင် မြန်မာဘလောဂ့်လောကမှာ ဘလောဂ့်ရေးသူတွေများပြားလာသလို ဘလောဂ့်ဖတ်သူနှုန်းလည်း တိုးပွားလာပါတယ် ။ မြန်မာဘလောဂ့်တွေကိုခွဲခြားစိတ်ဖြာကြည့်တဲ့အခါ အနုပညာရသပိုင်း ၊ ကိုယ်ကြုံတွေ့ရတာကို ဒို်င်ယာရီသဘောမျိုးရေးတဲ့အပိုင်း ၊ နည်းပညာ ဗဟုသုတတို့နဲ့ပတ်သက်ပြီး သိသလောက်ကို ပြန်လည်ဝေမျှတဲ့အပိုင်း ၊ သတင်း သီချင်း စာအုပ်ဖြန့်တဲ့အပိုင်း ၊ နိုင်ငံရေး (သို့) အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေနဲ့ရေးတဲ့အပိုင်း စတဲ့ အပိုင်းအမျိုးမျိုးကို ကိုယ်အားသန်ရာဘက်ဦးစားပေးရေးကြတာ မြင်တွေ့နိုင်ပါတယ် ။ ဒါ့အပြင် ခုနောက်ပိုင်းမှာ ဘလောဂ့်တွေကိုအသုံးချပြီး အဖွဲ့အစည်းအရတိုက်ခိုက်တာတွေ ၊ ပါစင်နယ်အရတိုက်ခိုက်တာတွေပါ လုပ်လာတာတွေလည်း ရှိပါတယ် ။

ရွှေဝါရောင်တော်လှန်ရေးတုန်းက ပြည်တွင်းမှာရှိတဲ့ Citizen Journalist လို့ခေါ်ခံခဲ့ရတဲ့ပြည်သူတွေကတဆင့် မြန်မာပြည်ကသတင်းအဖြစ်အပျက်တွေကို မြန်မာဘလောဂ့်တွေ ဖြန့်ဝေနိုင်ခဲ့တယ် ။ ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးအပြီး တစ်နှစ်ကျော်ကြာတဲ့အခါ သတင်းတွေနဲ့အတူ အတင်းအဖျင်းတွေပါ ရှိလာတယ် ။ နေ့တဒူဝကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေ ကိုယ်ရထားတဲ့ဗဟုသုတနည်းပညာတွေကို ဟိုတစဒီတစ ပြန်လည်ဝေမျှတာတွေလည်း ရှိတယ် ။ ဘလောဂ့်ပေါ်က အနုပညာရသဝန်းကျင်ဟာလည်း နာမည်ကြီးစာရေးဆရာတွေသာမက တက်သစ်စတွေ အနုပညာပါရမီရှိသူတွေနဲ့ ကျယ်ပြန့်လာတယ် ။ မြန်မာဘလောဂ့်တွေကြားမှာ ဘလောဂါ့ချင်းခင်မင်ရင်းနှီးမှုတွေရှိကြတယ် ၊ ဘလော့ဂါစင်မီနာတို့ ဘလော့ဂါဂဲသားရင်းတို့လုပ်ကြတယ် ၊ သူငယ်ချင်းမိတ်ဆွေအသစ်တွေ ရကြတယ် ။ တချိန်တည်းမှာ အမြင်မတူ မကြည်ဖြူသူတွေလည်း ရနိုင်တယ် ။ ဟန်ဆောင်မှုတွေပြည့်ကျပ်လာတယ် ။ အဲလိုအခြေအနေတွေကြား စဉ်းစားသင့်တဲ့အချက်တချက်က မြန်မာဘလောဂ့်တွေကို အဲလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အဆင့်လောက်မှာပဲ အဓိကထားပြီး ရပ်တန့်နေတော့မလား ။

တနေ့တခြားတိုးပွားလာတဲ့မြန်မာဘလောဂ့်တွေကြား ဘယ်သူမှစဉ်းစားမိပုံမရတဲ့မေးခွန်းကတော့ မြန်မာဘလောဂ့်တွေဟာ နိုင်ငံတကာဘလောဂ့်လောကနဲ့ယှဉ်ရင် ဘယ်လိုအဆင့်အတန်း အခြေအနေမှာ ရောက်နေပြီလဲဆိုတဲ့မေးခွန်းပါပဲ ။ အဲဒီအဆင့်အတန်းဆိုတာဟာ ဘန်နာဘယ်လောက်ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာထက် ၊ ကိုယ့်ဘလောဂ့်မှာ ဟစ်ဘယ်နှစ်ခုရနိုင်တယ်ဆိုတာထက် ၊ ပို့စ်တခုမှာ ကွန်မန့်ဘယ်လောက်ရှိနိုင်တယ်ဆိုတာထက် ၊ ဘလောဂ့်ကိုဘယ်လိုလှပအောင်မွန်းမံတယ်ဆိုတာထက် ၊ မြန်မာဘလောဂ့်တွေဟာ မြန်မာလူမျိုးတွေရဲ့လက်ရှိအခြေအနေပိုတိုးတက်ဖို ့ကမာ္ဘမှာရင်ဘောင်တန်းနိုင်ဖို့ ဘယ်လိုပံ့ပိုးနေသလဲဆိုတာပဲ ဖြစ်ပါတယ် ။

နိုင်ငံတကာရဲ့ဘလောဂ့်လောကကိုလေ့လာမယ်ဆိုရင် ပထမဆုံးစိတ်ဝင်စားစရာအချက်ကတော့ ဘလောဂ့်တွေကို ပညာရေးနယ်ပယ်တွေမှာအသုံးပြုလာကြတာပါပဲ ။ ဒါဟာဘာကြောင့်လဲဆိုတော့ ခုခေတ်မှာကျင်လည်နေသူတွေဟာ ဒစ်ဂျစ်တယ်လ်ခေတ်ရေစီးကြောင်းပေါ် အလိုအလျောက်စီးနင်းလိုက်ပါနေကြသူတွေဖြစ်တဲ့အတွက် ကွန်ပြူတာ ၊ အင်တာနက် စတာတွေနဲ့ ယဉ်ပါးနေပါတယ် ။ သူတို့ရဲ့သင်ကြားလေ့လာမှုတွေမှာ သူတို့ယဉ်ပါးတဲ့အရာတွေကို အထောက်အကူအဖြစ်သုံးရင် ပိုထိရောက်မှုရှိနိုင်တယ်လို့ ပညာရေးပိုင်းလေ့လာသူတွေက သုံးသပ်မိကြတယ် ။ နောက်တချက်ကတော့ ပူးပေါင်းဆောင်ရွက်သည့်သင်ယူခြင်း (collaborative learning) ၊ အပြန်အလှန်နှီးနှောဖလှယ်သည့်သင်ယူခြင်း (interactive learning) မျိုးတွေကို စာသင်ခန်းတွေမှာ ကျောင်းသားကျောင်းသူတွေကြားဖြစ်ထွန်းစေဖို့ ကြိုးစားလာကြပါတယ် ။ ဘာလို့လဲဆိုတော့ လူတယောက်ဟာတစ်ယောက်တည်းသင်ယူတာထက် ၊ အားလုံးပေါင်းပြီး တစ်ယောက်ချင်းစီရဲ့ အကြံဉာဏ် စိတ်ကူးတွေနဲ့ပံ့ပိုးပြီးတည်ဆောက်မယ်ဆိုရင် သင်ယူခြင်းမှာပိုပြီးထိရောက်နိုင်ပြီး အသိပညာပိုတိုးပွားစေတယ်လို့ ပညာရေးပိုင်းလေ့လာသူတွေက သုံးသပ်မိကြပါတယ် ။ အဲလိုလုပ်နိုင်ဖို့ ဘလောဂ့်တွေကိုအသုံးချနိုင်တာကို တွေ့ရှိသွားကြပါတယ် ။

ဒါကြောင့် နိုင်ငံတကာဘလောဂ့်လောကမှာ ပညာရေးဘလောဂ့်တွေပဲ သီးသန့်စုပေါင်းထားတဲ့နေရာဖြစ်တဲ့ EDUBLOG ဆိုတာရှိလာပါပြီ ။ အဲဒီနေရာဟာ ဆရာဆရာမတွေ ကျောင်းသားတွေအတွက် စာသင်ကြားရာမှာဘလောဂ့်ကိုအလွယ်တကူသုံးနိုင်ဖို့ သီးသန့်တည်ထောင်ပေးထားတာဖြစ်ပါတယ် ။ လက်ရှိ အဲဒီနေရာမှာဘလောဂ့်ပေါင်း နှစ်သိန်းကျော်အထိရှိနေပါပြီ ။ သူတို့ဟာဘလောဂ့်တွေကိုစာသင်ကြားရေးပိုင်းမှာ ဘယ်လိုအသုံးချကြပါသလဲ ။

သချင်္ာဆရာတယောက်ကထောင်ထားတဲ့ Mathblog မှာ တနေ့တာအတန်းထဲမှာ သင်လိုက်တဲ့သင်ခန်းစာနဲ့ပတ်သက်ပြီး ကျောင်းသားတွေက တလှည့်ချင်းစီ ဘလောဂ့်ပေါ်မှာပို့စ်အနေနဲ့ သူတို့နားလည်သလို ပြန်လည်ရှင်းပြထားတာတွေရှိပါတယ် ။ အတန်းထဲက တခြားကျောင်းသားတွေက အဲဒီပို့စ်တွေမှာ ကွန်မန့်တွေဝင်ရေးရင်းဆွေးနွေးကြပါတယ် ။ သူတို့သင်ရတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့ အင်တာနက်ပေါ်က ဝက်ဆိုဒ်လင့်ခ်တွေကိုလည်း ကွန်မန့်တွေမှာပေးပြီး ဝေမျှကြပါတယ် ။ ကျောင်းသားချင်းရှင်းပြထားတဲ့အရေးအသားဟာ သူတို့ချင်းနားလည်နိုင်တဲ့ စကားလုံးအသုံးအနှုံးတွေကိုသုံးတတ်ကြတဲ့အတွက် တခါတလေကျတော့ စာအုပ်ထဲကရှင်းပြထားတာထက် ပိုထိရောက်စေပါတယ် ။ အဲဒီဘလောဂ့်မှာ သချင်္ာဆရာရဲ့ပါဝင်မှုက ကျောင်းသားတွေရဲ့တင်ပြချက်တွေ ဆွေးနွေးတာတွေကို လမ်းမမှားရလေအောင် လိုအပ်တဲ့အခါဝင်ရောက်ပြီး ဂိုက်လုပ်ပေးတာမျိုးပါပဲ ။ တခါတလေ သူကို်ယ်တိုင်လည်း ကျောင်းသားတွေအတွက် လိုအပ်မယ့်အချက်အလက်တွေကို ပို့စ်အနေနဲ့တင်ပေးပါတယ် ။ အဲလိုလုပ်တဲ့အခါ ကျောင်းသားနဲ့ဆရာကြား ပူးပေါင်းဆောင်ရွက်တာမျိုးတွေဖြစ်လာပြီး ဆရာနဲ့ကျောင်းသားကြားမှာ တသီးတသန့်ကြီးဖြစ်တာမျိုး မခံစားရတော့ပဲ ပိုမိုရင်းနီးစေပါတယ် ။ ကျောင်းသားတွေကလည်း သူတို့အထင်အမြင် အတွေးအခေါ်တွေကို ပွင့်လင်းစွာထောက်ပြရဲလာပါတယ် ။ အဲလိုဘလောဂ့်မျိုးကို သချင်္ာဘာသာတင်သာမက သိပ္ပံ ၊ ပထဝီ ၊ သမိုင်း စတဲ့ဘာသာရပ်အမျိုးမျိုးမှာ အသုံးပြုထားတာတွေ တွေ့ရပါတယ် ။

ဆရာဆရာမတွေသုံးတတ်တဲ့နောက်တမျိုးကတော့ အကြောင်းအရာ အချက်အလက်တွေကို ဖြန့်ဝေတဲ့သဘောမျိုးပါပဲ ။ နောက်ထပ်သချင်္ာဆရာမတယောက်ရဲ့ Class Connection ဘလောဂ့်မှာ တစ်ပတ်စာအတန်းထဲမှာသင်ကြားခဲ့တဲ့ အရေးကြီးတဲ့အချက်အလက်တွေ ၊ လေ့ကျင့်ခန်းထပ်ရမယ့်နေ့ရက်တွေ ၊ ကျောင်းမှာဖြစ်နေတဲ့ ကျောင်းသားတွေသိသင့်တဲ့ တခြားအရေးကြီးတဲ့အစီအစဉ်တွေအကြောင်းပါရှိတယ် ။ ဒီဘလောဂ့် ကျတော့လည်း ကလေးတွေအတန်းထဲမှာဘာတွေသင်နေတယ် ဘာတွေလုပ်ကြမယ်ဆိုတဲ့အစီအစဉ်တွေ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတဲ့မှတ်တမ်းတွေနဲ့ဓါတ်ပုံတွေကို မိဘတွေသိအောင် ဘလောဂ့်ကိုသုံးပြီးဝေမျှပါတယ် ။

နောက်တမျိုးကတော့အင်္ဂလိပ်စာသင်ကြားရာမှာဖြစ်ဖြစ် ၊ ဘာသာစကားတခုခုကို သင်ကြားရာမှာဖြစ်ဖြစ် ဘလောဂ့်ကိုအွန်လိုင်းဒိုင်ယာရီအဖြစ် နေ့စဉ်ရေးခိုင်းတာပါပဲ ။ အဲလိုရေးပြီး ဆရာအပြင်ကျောင်းသားအချင်းချင်း အပြန်အလှန်ဖတ်ကြ ကွန်မန့်တွေရေးကြနဲ့ ဘာသာစကားတခုကို ပေါ့ပေါ့ပါးပါးနဲ့သင်ယူနိုင်ပါတယ် ။ ဒိုင်ယာရီလိုကိုယ်ရေးချင်တာကိုရေးတဲ့အခါ ရေးတဲ့သူအတွက်လည်း ဘာရေးရမှန်းမသိဖြစ်နေတာမျိုးမရှိတော့သလို ဖတ်တဲ့သူအတွက်လည်း ဖတ်စာအုပ်ထဲကစာပိုဒ်တွေမဟုတ်ဘဲ ကိုယ့်သူငယ်ချင်းရဲ့ တကယ့်အဖြစ်အပျက်တွေကိုဖတ်နေရတဲ့အတွက် စိတ်ဝင်စားမှုရှိစေပါတယ် ။

ဘလောဂ့်ဆိုတာပညာရေးပိုင်းမှာသာမက အလုပ်နဲ့သက်ဆိုင်တဲ့နေရာတွေ ပညာသည်တွေက သူတို့အတွေးအခေါ် ထင်မြင်ယူဆချက် အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်တဲ့နေရာမှာလည်း အသုံးပြုလို့ရပါတယ် ။ အဲလိုဘလောဂ့်တွေက အကြောင်းအရာ အချက်အလက်တွေဟာ သာမန်ဘလောဂ့်တွေမှာရေးထားတဲ့အကြောင်းအရာတွေလိုမဟုတ်ဘဲ ယုံကြည်နိုင်လောက်တဲ့အရည်အချင်း (credibility) အပြည့်အဝရှိပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီဘလောဂ့်ကိုရေးသားသူတွေဟာ သူတို့ရေးသားထားတဲ့အကြောင်းအရာတွေနဲ့ဆက်စပ်တဲ့နယ်ပယ်မှာ ယုံကြည်ရတဲ့အရည်အချင်းရှိသူတွေဆိုတာ စာဖတ်သူတွေက သိရှိထားကြပါတယ် ။ အဲဒီအခါ သူတို့ဘလောဂ့်တွေဟာ အပျင်းပြေသဘောနဲ့ဖတ်တာမဟုတ်တော့ပဲ အချက်အလက်တွေကို သင်ကြားမှတ်သားစရာနေရာတခုဖြစ်လာပါတယ် ။

ကမာ္ဘ့နိုင်ငံအသီးသီးမှာရောက်ရှိပြီး အဲဒီနိုင်ငံတွေကပညာတွေ အလုပ်အတွေ့အကြုံတွေရရှိထားတဲ့ မြန်မာဘလောဂါ့တွေဟာလည်း ကိုယ်နဲ့သက်ဆိုင်ရာနည်းပညာပိုင်းနဲ့ပတ်သက်တဲ့ဘလောဂ့်ကို တကိုယ်တည်းဖြစ်စေ အုပ်စုဖွဲ့ပြီးဖြစ်စေ လုပ်နိုင်ပါတယ် ။ အဲလိုဘလောဂ့်တွေဟာ မြန်မာပြည်ထဲမှာ အဲဒီနည်းပညာပိုင်းကိုလေ့လာသင်ကြားနေတဲ့တက်သစ်စမျိုးဆက်တွေကို သင်ကြားပို့ချရာနေရာ၊ အဲလိုနည်းပညာပိုင်းမှာလုပ်ကိုင်နေတဲ့ ကိုယ့်နိုင်ငံသားတွေနဲ့ ပညာနှီးနှောဖလှယ်ရာ နေရာတနေရာ ဖြစ်လာနိုင်ပါတယ် ။ ပြည်တွင်းနဲ့ပြည်ပမှာရှိနေပေမယ့် မြန်မာလူမျိုးချင်း ပူးပေါင်းဆောင်ရွက်သည့်သင်ယူခြင်းမျိုးနဲ့အတူ မြန်မာပြည်တိုးတက်ရေးအတွက်လည်း တီထွင်ကြံစ စိတ်ကူးဉာဏ်တွေကို တစစီပိုပိုကြီးပွားလာအောင် ပူးပေါင်းလုပ်ဆောင်နိုင်မယ့်အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါမယ် ။

ဘလောဂ့်ရဲ့အားသာချက်ထဲကတခုကတော့ ဘလောဂ့်ဆိုတာပေါ့ပါးသွက်လက်တဲ့အသွင်ရှိပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ဘောင်ခတ်ထားတဲ့နေရာမျိုးဖြစ်မနေတဲ့အတွက် အသုံးပြုသူတွေအတွက် စိတ်ကျဉ်းကျပ်တာမျိုးမဖြစ်စေပါဖူး ။ နောက်ပြီးဘလောဂ့်ဆိုတာ ခုခေတ်လူငယ်တွေနဲ့ နီးစပ်တဲ့အရာတခုလည်းဖြစ်ပါတယ် ။ ဒါ့အပြင်ဘလောဂ့်ထဲမှာ ဓါတ်ပုံတွေပြတာပဲဖြစ်ဖြစ် ဗွီဒီယိုထည့်တာပဲဖြစ်ဖြစ် အသံဖိုင်ထည့်တာပဲဖြစ်ဖြစ် စတဲ့ တခြား application အမျိုးစုံကိုလည်း ထည့်လို့ရတဲ့အတွက် စိတ်ဝင်စားစရာဖြစ်အောင်လုပ်နိုင်ပါတယ် ။

စိတ်ကူးအကြံဉာဏ်တွေကို မြန်မာအများစုဆွေးနွေးဖလှယ်လေ့ရှိကြတဲ့နေရာကတော့ Discussion Boards/ Forumတွေပါပဲ ။ အဲလိုလုပ်တာဟာလည်းအကျိုးသက်ရောက်မှုရှိနိုင်ပေမယ့် အဲဒီနေရာတွေဟာ စကားလုံးတွေနဲ့ပဲရေးလို့ရပြီး တခြား ဆော့ဖ်ဝဲတွေထည့်ဖို့ ကန့်သက်ချက်တွေရှိတဲ့အတွက် ဘလောဂ့်တွေလောက် စိတ်ဝင်စားစရာကောင်းတဲ့နှီးနှောဖလှယ်နိုင်တဲ့အခွင့်အလမ်းမျိုးတွေ မရှိပါဖူး ။

တခြားဘလောဂ့်လုပ်နည်းတခုုဖြစ်တဲ့ Micro-blogging ဆိုတာ ခေါင်းထဲလျှပ်တပြက်ပေါ်လာတဲ့အတွေး ချက်ချင်းလက်ငင်းဖြစ်နေတဲ့အခြေအနေ စတာတွေကို ဘလောဂ့်ပို့စ်အသေးစားလေးတွေလိုလုပ်ပြီး အများကိုအသိပေးဝေမျှတာမျိုးဖြစ်ပါတယ် ။ Micro-blogging လုပ်တဲ့ဆိုဒ်တွေများပေမယ့် လူသုံးအများဆုံးကတော့ Twitter ပဲဖြစ်ပါတယ် ။ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ရုပ်ရှင်မင်းသားမင်းသမီးတွေကအစ နိုင်ငံပေါင်းစုံကပညာရှင်တွေအထိ သူတို့ဘာတွေလုပ်နေတယ်ဆိုတာကို သူတို့ကိုအားပေးနေသူတွေ စိတ်ဝင်စားနေသူတွေသိရအောင် ၊ ဒါမှမဟုတ် သူတို့ဝေမျှချင်တဲ့ စိတ်ကူးအကြံအစည်တွေ အကြောင်းအရာအချက်အလက်တွေကို အားလုံးဆီရောက်ဖို့ Twitter ကိုအသုံးပြုတတ်ကြတယ် ။ အဲလိုအသုံးပြုလိုက်တဲ့အတွက် လူအများကြီးဆီ တချိန်တည်းရောက်အောင်လုပ်နိုင်တဲ့ မီဒီယာပါဝါမျိုးရှိစေပါတယ် ။

မြန်မာဘလောဂ့်လောကမှာလည်း ကိုယ့်ရဲ့လက်ရှိအခြေအနေကိုအသိပေးဖို့ Twitter ဆိုတာကို သုံးလာကြတာတွေ့ရပါတယ် ။ ဒါပေမယ့် Twitter ထဲမှာ မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ပေးတဲ့ Burmanewsnet, Burma Campaing UK, US for Burma စတဲ့အကောင့်တွေမှာ သတင်းယူတဲ့မြန်မာတွေနည်းပါးသလို သူတို့တွေရဲ့သတင်းတင်နှုန်းကလည်း အမြဲမရှိတာတွေ့ရပါတယ် ။ NY Times, CNN Breaking News စတဲ့ နိုင်ငံတကာမီဒီယာတွေကတောင် Twitter ကိုသုံးပြီး သတင်းခေါင်းစဉ်တွေကို စာဖတ်သူတွေဆီဖြန့်ဖို့ကြိုးစားနေတဲ့အချိန် မြန်မာလောက (ဘလောဂ့်နှင့် မီဒီယာများ) ကတော့ Twitter ရဲ့မီဒီယာပါဝါကို သေချာမသုံးသပ်မိလေသလားလို့ ထင်စရာဖြစ်လာပါတယ် ။

ဒါ့အပြင် မြန်မာတွေကြားမှာ Twitter ကို အကြောင်းအရာ ဗဟုသုတရယူဖို့အတွက်တော့သုံးတာ မတွေ့ရသေးပါဖူး ။ နည်းပညာပိုင်းနဲ့ သင်ကြားရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးသုံးထားတဲ့နမူနာကိုပြရရင်တော့ ABC News မှာကြည့်လိုက်ရတဲ့ ဆရာဝန်တွေခွဲစိတ်ကုသခြင်းတခုလုပ်နေတုန်း Twitter ကိုသုံးပြီး ဆေးတက္ကသိုလ်ကျောင်းသားတွေကို သင်ပြပေးတဲ့ဗွီဒီယိုပါ ။ ခွဲစိတ်ခံရတဲ့လူနာရဲ့သဘောတူညီချက်နဲ့အတူ အဲဒီခွဲစိတ်ကုသခြင်းကို live video transmission လုပ်ပြီး နိုင်ငံတကာမှာရှိတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေကြည့်နိုင်အောင် အင်တာနက်ကထုတ်လွှင့်ခဲ့ပါတယ် ။ ပြီးတော့ Twitter ကိုသုံးပြီး ကျောင်းသားတွေကမေးခွန်းတွေမေးတာကို ပြန်လည်ဖြေကြားခဲ့ပါတယ် ။ ကျောင်းသားတွေဟာ ဆရာဝန်ခွဲစိတ်နေတာကိုအသေးစိတ်မြင်ရပြီး ဒါကဘာလို့ဒီလိုလုပ်တာလဲ ဆိုတဲ့မေးခွန်းမျိုး ချက်ချင်းမေးနိုင်တဲ့အတွက် သူတို့အတွက်အများကြီးအကျိုးရှိခဲ့ပါတယ်လို့ ဖြေကြားခဲ့ကြပါတယ် ။

နိုင်ငံတကာဘလောဂ့်လောကမှာ အထက်မှာဖော်ပြခဲ့သလို ဘလောဂ့်ဆိုတာကိုအကျိုးရှိအောင် အသုံးပြုနေတာကိုကြည့်ပြီး လွန်ခဲ့တဲ့သုံးနှစ်နီးပါးလောက်ကစပြီး စည်ကားလာခဲ့တဲ့မြန်မာဘလောဂ့်လောကမှာတော့ လိုအပ်နေတာတွေအများကြီးရှိပါသေးလားလို့ တွေးမိပါတယ် ။ သူတို့လိုပဲထပ်တူလုပ်ရမယ်လို့တော့ မဆိုလိုပါဖူး ။ ဒါပေမယ့် ခေတ်နဲ့ရင်ဘောင်တန်းချင်ရင်တော့ နိုင်ငံတကာမှာ ဘလောဂ့်တွေကို ဘယ်လိုသုံးနေကြပါလားဆိုတာကို စူးစမ်းလေ့လာကြည့်ဖို့လိုအပ်လာပါပြီ ။ နိုင်ငံပေါင်းစုံမှာရောက်ရှိနေကြတဲ့မြန်မာတွေ စုဝေးနားခို စိတ်ပျော်ရွှင်မှုရစေတဲ့ ပေါ့ပေါ့ပါးပါးနေရာတခုအဖြစ် မြန်မာဘလောဂ့်လောကတည်ရှိနေတာဟာ မကောင်းတဲ့အချက်တော့မဟုတ်ပါဖူး ။ လူတိုင်းဟာဘဝမှာရွေးချယ်မှုတွေရှိ်ကြတယ် ။ တချို့က စိတ်ဖြေသာရာအတွက်ပဲဦးစားပေးရွေးချယ် ဘယ်လိုအခြေအနေရောက်ရောက် တင်းတိမ်တတ်ကြတယ် ။ တချို့ကတော့ ဘဝမှာအမြဲတိုးတက်ရာ တိုးတက်ကြောင်းကို ရှာကြံနေတတ်ကြတယ် ။ ပထမအဖွဲ့လူတွေအတွက်တော့ မြန်မာဘလောဂ့်လောကဟာ အတိုင်းအတာတခုအထိအကျိုးပြုနေနိုင်တာမြင်ရပေမယ့် ၊ ဒုတိယအဖွဲ့ကလူမျိုးတွေအတွက်တော့ မြန်မာဘလောဂ့်လောကက အခွင့်အလမ်းသိပ်ပေးတဲ့ပုံမပေါ်သေးပါဖူး ။

ရွှေဝါရောင်တော်လှန်ရေးကာလက မြန်မာပြည်ထဲကသတင်းတွေအလျင်အမြန်ဖြန့်ပေးနိုင်တယ်ဆိုပြီး ကမာ္ဘကအသိအမှတ်ပြုခံခဲ့ရတဲ့မြန်မာဘလောဂ့်တွေဟာ ခုချိန်မှာတော့ မသေချာမရေရာတဲ့သတင်းတွေပါဝင်နေတဲ့ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) ကိုအသားပေးနေတဲ့အဆင့်မျိုးလောက်မှာရောက်နေတာနဲ့ပဲ တင်းတိမ်ကြတော့မလား ။ အကျိုးမရှိတဲ့ငြင်းခုန်ခြင်းတွေ အတ္တအပြည့်နဲ့ရန်လိုမှုတွေကြား ဘလောဂ့်ပေါ်ကအချိန်တွေကိုကုန်စေတော့မလား ။ ဒါ့အပြင် ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက်ရော ကိုယ်နဲ့ယဉ်ပါးနေတဲ့ဘလောဂ့်တွေကို အသုံးချဖို့စိတ်မကူးကြတော့ဖူးလား ။

စိစစ်ရေး (censorship) မှာ ကမာ္ဘ့အချုပ်ချယ်ဆုံးနိုင်ငံတွေထဲပါဝင်တဲ့ မြန်မာနို်င်ငံကပြည်သူတွေအတွက်တော့ အင်တာနက်ပေါ်ကဘလောဂ့်တွေဟာ သူတို့မရောက်နို်င်တဲ့လောကကိုဝင်ရောက်ခွင့်ပေးတဲ့ ပြတင်းပေါက်လိုပါပဲ ။ အဲဒီပြတင်းပေါက်ကနေ မြင်တွေ့ခွင့်ရတဲ့အတွေ့အကြုံတွေကို သူတို့စိတ်ဝင်စားကြမယ် ၊ သင်ကြားခွင့်ရတဲ့နည်းပညာတွေဟာ သူတို့အတွက်တန်ဖိုးရှိလိမ့်မယ် ။ နိုင်ငံရပ်ခြားမှာရောက်နေတဲ့မြန်မာလူမျိုးတွေဟာ ကိုယ့်အမိမြေမှာ တံခါးပိတ် မျက်စိပိတ် အမှောင်ချထားခံနေရတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဒီဘလောဂ့်တွေကိုသုံးပြီး ပညာဒါနတွေလှူဒါန်းနိုင်မယ့် အခွင့်အလမ်း ၊ အကျိုးရှိတာတွေ လုပ်ပေးနိုင်မယ့်အခွင့်အလမ်းတွေရှိတာ ဘလောဂ့်ရေးသူတိုင်းသိစေချင်ပါတယ် ။

ရှာဖွေလေ တွေ့ရှိလေလို့ဆိုနိုင်တဲ့ အခွင့်အလမ်းကို မရှာဖွေရင်တော့ ကိုယ့်ရှေ့မှောက်မှာရုပ်လုံးပြလာခဲ့ရင်တောင် မြင်တွေ့နိုင်ဖို့ခဲ့ယဉ်းပါတယ် ။ မြန်မာဘလောဂ့်လောကဟာလည်း မြန်မာပြည်ထဲကပြည်သူတွေအတွက် အကျိုးရှိတဲ့ပြတင်းပေါက်တပေါက်ဖြစ်လာဖို့တင်မက ၊ ပြည်ပရောက်မြန်မာဘလောဂါ့တွေရဲ့အရည်အချင်းကို ပိုမိုတိုးတက်လာနိုင်အောင် ပေးနိုင်တဲ့အခွင့်အလမ်းတွေရှိနေပါတယ် ။ ဒါပေမယ့် ဒီအခွင့်အရေးတွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကတော့ မြန်မာဘလောဂါ့တွေပေါ်မှာပဲ လုံးလုံးလျားလျားမူတည်နေပါတယ်လို့ ကောက်ချက်ချလို်က်မိပါတော့တယ် ။

ဤဆောင်းပါးကို သံလွင်မဂ္ဂဇင်း ၂၀၀၉ ခုနှစ် ဧပြီလထုတ် အတွဲ (၃) အမှတ် (၂) တွင်ဖော်ပြပြီးဖြစ်သည် ။