တိမ်ယံသစ္စာ အပိုင်း ( ၅ )

alinsettJune 6, 20121min4669

နောက်တစ်နေ့မနက် ဟက်ဆန်က ကျွန်တော့်အတွက် မနက်စာပြင် ပေးနေစဉ်

ကျွန်တော့်အား ဘာဖြစ်လို့လဲဟုမေးသည်။ ကိုယ့်အလုပ်ကိုယ်လုပ်ဟု ကျွန်တော်

ပက်ခနဲ ပြောချလိုက်သည်။

‘ဖျင်းတဲ့ဉာဉ်’ ဟု ပြောသော ရာဟင်ခန့်စကား မှားပါသည်။

________________________________
အခန်း(၄)

ဘာဘာ့ကိုမွေးသော ၁၉၃၃ ခု၊ အာဖဂန်နစ္စတန်ကို ဇဟီရာရှားဘုရင်၏ နှစ်လေးဆယ် စိုးစံမှု စတင်သောနှစ်တွင် ကဘူးမြို့၏ ဂုဏ်သရေရှိမြို့မျက်နှာဖုံး မိသားစုမှ လူရွယ်ညီအစ်ကိုနှစ်ဦး

ယာဉ်တိုက်မှုဖြစ်သည်။ ပြင်သစ်ဝိုင်တန်ခိုး၊ ဆေးခြောက်အရှိန် တို့ဖြင့် ပါမန်အသွား ဟာဇာရာလင်မယားနှစ်ဦးကို ပွဲချင်းပြီးတိုက်သတ်ခဲ့ခြင်း ဖြစ်သည်။ ရဲသားများက မိဘမဲ့ဖြစ်သွားသော

ငါးနှစ်သား ယောက်ျားလေးတစ်ယောက် နှင့် ပူပန်နောင်တ တရားတို့ရနေသော ညီအစ်ကိုကို ကျွန်တော့်အဖိုး တရားသူကြီး ရှေ့မှောက် ခေါ်ငင်လာသည်။

ကျွန်တော့်အဖိုးသည် ဂုဏ်သိက္ခာအစွန်းအထင်း လုံးဝမရှိခဲ့သူ။ အင်မတန် လူလေးစားခံရသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ လူရွယ်များ၏ ထွက်ဆိုချက်နှင့် ၎င်းတို့ ဖခင်၏ အသနားခံမှုကြောင့် အဖိုးသည်

ထိုလူရွယ်နှစ်ဦးကို ကင်ဒဟာတွင် တစ်နှစ် တိတိ စစ်မှုထမ်းစေသည်။ လူရွယ်နှစ်ဦး၏ နောက်ခံမိသားစုသည် စစ်မှုထမ်းခြင်းမှ ကင်းငြိမ်းခွင့်ရအောင် တနည်းနည်း ကြံနိုင်ဖန်နိုင်မှန်း သိလျက်နှင့် အဖိုးသည် လူရွယ်များကို ကင်ဒဟာသို့ ချက်ချင်းသွားစေသည်။ အဖေလုပ်သူက အပြင်းအထန် မကန့်ကွက်။ နောက်ဆုံးတွင် အဖိုး၏တရားစီရင်ချက်သည် ကြမ်းလှသော်လည်း မျှတပါသည်ဟု

လူတိုုင်းသဘောညီခဲ့ကြသည်။

မိဘမဲ့ဖြစ်သွားသော ကလေးကိုမူ အဖိုးက သူ့အိမ်ခေါ်ပြီး မွေးစားခဲ့သည်။ အခြားအစေခံများကို ကလေးအား သင်ပြပေးရန် ထောက်ထားညှာတာရန် ပြောသည်။ ထိုကလေးသည် အလီဖြစ်၏။

အလီနှင့်ဘာဘာ ကစားဖော်ကစားဖက်အဖြစ် အတူကြီးပြင်းခဲ့ကြသည်။ အနည်းဆုံးတော့ အလီ၏ခြေထောက်ကို ပိုလီယို ရောဂါပိုးဝင်ချိန်ထိ ဘာဘာနှင့် ကစားဖော်ဖြစ်ခဲ့သည်။

ဟက်ဆန်နှင့်ကျွန်တော် ကြီးပြင်းလာခဲ့သည့်အတိုင်းဖြစ်သည်။ ဘာဘာနှင့်အလီကြားမှ မနာလိုတိုရှည်ကိစ္စကို ဘာဘာက ကျွန်တော့်အား အမြဲ ပြောပြသည်။ ထိုအခါ

အလီက ခေါင်းကြီးတအားရမ်းပြီး ”ပြောစမ်းပါဦး၊ မနာလိုတဲ့ နေရာမှာ ဘယ်သူက ဗိသုကာလဲ၊ ဘယ်သူက အလုပ်သမားလဲ” ဟု ခွန်းတုံ့ပြန် သည်။ ဘာဘာရယ်ပြီး အလီ့ကို သိုင်းဖက်လိုက်မြဲ။

သို့ရာတွင် ဘာဘာသည် ဘယ်တုန်းကမှ အလီ့ကို သူငယ်ချင်းဟု မပြောခဲ့စဖူးပေ။

ထူးဆန်းသည်မှာ ကျွန်တော့်စိတ်ထဲတွင်လည်း ဟက်ဆန်နှင့် ကျွန်တော့်ကို သူငယ်ချင်းတွေဟု မထင်မိပေ။ တစ်ယောက်ကိုတစ်ယောက် စက်ဘီးလက်လွှတ် စီးနိုင်ရန်

သင်ပေးခဲ့ကြသော်လည်း၊ နှစ်ဦးသား ကတ္ထူဘုံးဖြင့် အိမ်လုပ်ကင်မရာ ဖန်တီးခဲ့ကြသော်လည်း၊ ဆောင်းတွင်းတစ်တွင်းလုံးကို စွန်လွှတ်စွန်လိုက်ခြင်းဖြင့် ကုန်ဆုံးစေခဲ့သော်လည်း၊

အာဖဂန်ကောင်လေး ဟက်ဆန်သည် ဦးပြည်းပြောင်ပြောင်၊ နားရွက်နိမ့်နိမ့်၊ နှုတ်ခမ်းကွဲအပြုံး၊ အရိုးအချင်ပါးလျသော ပေါက်ဖော်မျက်နှာလေးကို ပိုင်ဆိုင်ထားသော်လည်း …

သော်လည်း … ပေါင်းများစွာ ရှိနေသည့်တိုင် သမိုင်းဆိုသည်မှာ ကျော်လွှား ရန် ခက်ခဲလွန်းပါဘိ။ ကိုးကွယ်မှုဘာသာ အယူဝါဒကြောင့်လည်းမဟုတ်။ နောက်ဆုံး မတော့ ကျွန်တော်သည်

ပက်ရှ်ထန်၊ သူသည် ဟာဇာရာ။ ကျွန်တော်သည် ဆွန်နီမွတ်စလင်၊ သူသည် ရှီယာမွတ်စလင်။ ထိုအဖြစ်ကို ဘယ်လိုအရာမျိုးကမှ ပြောင်းလဲမပေးနိုင်။

အပြန်အလှန်အားဖြင့် ကျွန်တော်နှင့် ဟက်ဆန်သည် လေးဖက်ထောက်ဖော် ထောက်ဖက်များ။ ထိုအဖြစ်ကို လူမျိုးရေး၊ ရာဇဝင်ကြောင်း၊ လူမှုဝန်းကျင်နှင့် ဘာသာအယူဝါဒများ – ဘာကမှ ပြောင်းလဲမပေးနိုင်။

ဟက်ဆန်နှင့်အတူ ဆော့ကစားခဲ့သည့် ကျွန်တော့်ဘဝ၏ စဦးပိုင်း တစ်ဆယ့်နှစ်နှစ်သည် ပျင်းရိစရာနွေရက်ရှည်ကြီး တစ်ရက်နှယ်ဖြစ်သည်။ အဖေ့ခြံထဲ သစ်ပင်အရှုပ်အထွေးကြား

လိုက်တမ်းပြေးတမ်း ကစားသည်။ တူတူပုန်းသည်။ ရဲသားနှင့်ဓားပြ၊ နွားကျောင်းသားနှင့် လူနီ၊ အကောင်ပလောင်များဖမ်းပြီး နှိပ်စက်။ ပျားကောင်ကိုဖမ်းပြီး အဆိပ်ဆူးဆွဲနှုတ်၊ ကြိုးချည်ကာ

ပျားပျံတိုင်း ကြိုးကိုနောက်ပြန် ဆွဲ၍ အပျော်ရှာသည်။

ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်သော ‘ကိုချီ’ များနောက်ကိုလည်း လိုက်ကြသည်။ မြောက်ဘက်တောင်တန်းတွေဆီ သွားရန် ကိုချီများ ကဘူးမြို့တော်ကို ဖြတ်ကြရသည်။

ကုလားအုတ်လည်ပင်းမှ ခလောက်ကလေးတွေ ဒိုးဒိုးဒေါင်ဒေါင် မြည်လာကြပြီ၊ လှည်းဝင်ရိုးများ ကျွီကျွီအီအီအသံပေးကာ သိုးတွေဆိတ်တွေ တဘဲဘဲ အာ်ကြပြီဆိုလျှင် ကျွန်တော်တို့ အိမ်ပြင်ကို

တခါတည်းပြေးထွက်၊ လှည်းတန်းကြီးကို ရှုမောကြသည်။ ယောက်ျားကြီးတို့၏ ရာသီဥတုဒဏ်ခံ မျက်နှာများ ဖုန်လူးကာ ညစ်တူးလျက်ရှိသည်။ မိန်းမများကား အရောင်စုံတောက်ြွပတ်ကျပ်ညပ်နေသော လမ်းအကြိုအကြားထဲ လှည့်လည်ကြသည်။ ဘာဘာပေး သော တစ်ယောက်လျှင် ငွေတစ်ဆယ်ကျ

မုန့်ဖိုးဖြင့် ကိုကာကိုလာ ဝယ်သောက် သည်။ နှင်းရည်သောက်သည်။ သစ်စေ့ဖြူးထားသော ရေခဲမုန့်စားကြသည်။

ကျောင်းတက်နေစဉ်ကာလများတွင် ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်များရှိသည်။ ကျွန်တော် အိပ်ယာထဲပျင်းကြောဆန့်၊ ရေချိုးခန်းထဲ ဇိမ်ဆွဲနေစဉ် ဟက်ဆန်သည် ကိုယ်လက်သန့်စင်ကာ

သူ့အဖေ အလီနှင့်အတူ မနက်ပိုင်းဘုရားရှိခိုးခြင်းအမှု ပြီးစီးနေပေပြီ။ ကျွန်တော်စားဖို့ မနက်စာပင် ပြင်ဆင်ပြီးနေပြီ။ သကြားသုံးခဲပါသော လက်ဖက်ရည်ပူပူနှင့် ချယ်ရီယိုသုတ်ထားသော နံပြားကို

စားပွဲပေါ် သပ်သပ်ရပ်ရပ် ပြင်ထားပေးသည်။ ကျွန်တော်က စားရင်းသောက်ရင်း အိမ်စာများအကြောင်း ညည်းနေစဉ် ဟက်ဆန်က ကျွန်တော့်အိပ်ယာကို သိမ်းသည်။ ကျွန်တော့်ဖိနပ်ကို တိုက်သည်။

ကျွန်တော့်အကျႌကို မီးပူထိုးကာ စာအုပ်ခဲတံများပါ အိတ်ထဲသိမ်း ဆည်းပေးသည်။ ခန်းမထဲ သူသီချင်းလေး တအေးအေးနှင့်

မီးပူတိုက်လေ့ရှိသည်။ ရှေးဟောင်းဟာဇာရာတေးသွားကို နှာသံဖြင့်ဆိုသော သူ့အသံသည် ကျွန်တော့်ထံ လွင့်ပျံလာမြဲ။

ဘာဘာနှင့်ကျွန်တော် အနက်ရောင်ဖို့ဒ်ကားကြီးမောင်းကာ အိမ်မှထွက်ကြ သည်။ ဟက်ဆန်က အိမ်တွင်ကျန်ခဲ့ပြီး တစ်နေ့တာဗာဟီရများအတွက် အလီ့ကို ကူညီရသည်။

အဝတ်ဟောင်းများကို လက်နှင့်လျှော်ကာ ဝင်းထဲလှန်းကြသည်။ တံမြက်စည်းလှည်းသည်။ ဈေးဝယ်သည်။ ညစာအတွက် အသားကို အစိမ်းနှပ်သည်။ မြက်ခင်းရေလောင်းသည်။

ကျောင်းလွှတ်လျှင် ဟက်ဆန်နှင့် ကျွန်တော်တွေ့သည်။ ကျွန်တော်က စာတစ်အုပ်ဆွဲကာ သူနှင့်အတူ တောင်ကုန်းပေါ် ခပ်သုတ်သုတ်တက်ကြသည်။ ဝဇီရာအက္ခဘာခန်ရပ်ကွက်

ဘာဘာပိုင်မြေ၏ မြောက်ဘက်ကလေးတင်ရှိသော ထိုတောင်ကုန်းသည် ပန်းကန်လုံးမှောက်ထားသောပုံ ဖြစ်သည်။ တောင်ကုန်းထိပ်တွင် စွန့်ပစ်သုဿန်လေးတစ်ခု။ မြေပုံခေါင်းရင်းမှတ်တိုင်များ

ပျက်ယွင်းကာ သစ်ခက် သစ်နွယ်တို့ကြောင့် လျှောက်လမ်းပိတ်နေသည်။ မိုးဒဏ်နှင်းဒဏ်ကြောင့် သံဂိတ်တံခါး လည်း သံချေးထုတက်ကာ ကျောက်နံရံပုလေးလည်း ဆွေးရိနေပြီ။ သုဿန်အဝင်ဝ

တွင် တလည်းသီးပင်တစ်ပင်ရှိသေးရာ နွေတစ်ရက်တွင် ကျွန်တော်က အလီ၏ စားဖိုဆောင်သုံးဓားကို ယူလာပြီး တလည်းပင်ပေါ် ကျွန်တော်နှင့်ဟက်ဆန့် အမည်များထွင်းသည်။ ”အေမားနဲ့

ဟက်ဆန်၊ ကဘူးမြို့ရဲ့ ပသီဘုရင်များ”

ကျောင်းလွှတ်လျှင် ဟက်ဆန်နှင့် ကျွန်တော် တလည်းပင်ပေါ်တက်၍ တျာတျာနီမြန်းနေသော တလည်းသီးများဆွတ်ကြသည်။ အဝလွေးပြီးလျှင် လက်ကို မြက်ပင်နှင့်သုတ်၍

ကျွန်တော်က ဟက်ဆန့်အား စာဖတ်ပြပါတော့မည်။ ဟက်ဆန် မဖတ်နိုင်သော ပုံပြင်များကို ကျွန်တော်ဖတ်ပြနေစဉ် ဟက်ဆန်သည် ငေးတိငေးမောနှင့် မြက်ရွက်များ

ဆွဲဖြုတ်နေလေ့ရှိသည်။ မြေကြီးပေါ်တင်ပျင်ခွေထိုင်နေသော ဟက်ဆန့် မျက်နှာပေါ်ဝယ် နေရောင်ပနံခြယ်သော သစ်ရွက်ရိပ်များ …။ ရွက်ရိပ်ညိုပြောက်ကြား တို့

ဟက်ဆန့်မျက်နှာပေါ် မြူးဆော့ကခုန်နေသည်။ တလည်းပင်ကြီး၏ အေးရိပ် ဆာယာအောက် နှစ်ဦးသား ထိုင်နေလိုက်ကြသည်မှာလည်း တမေ့တမော။ သူရိယ နေမင်းကြီး

အနောက်ကျွန်းသို့ယွန်းသည်အထိ ဟက်ဆန်ကတော့ နောက်ထပ် ပုံပြင်တစ်ပုဒ်၊ နောက်ထပ်အခန်းတစ်ခန်း နားထောင်ရန် အာသီသပြင်းပျနေဆဲ။

ဟက်ဆန်သည် သူ့အဖေအလီလိုပင် စာမတတ်ဘဲ ကြီးပြင်းသွားတော့မည်။ ဟာဇာရာအများစု တွေးသလိုပင် အစေခံတစ်ယောက်အဖို့ စာတတ်ပြီး ဘာလုပ်ရ မည်နည်း။ ထိုဆုံးဖြတ်ချက်မျိုးကို

ဟက်ဆန်မွေးကတည်းက ချထားပြီးခဲ့ပြီးဖြစ်သည်။ ဟက်ဆန့်ကို သူ့အမေ ကိုယ်ဝန်ရှိစဉ်ကတည်းက ထိုဆုံးဖြတ်ချက်မျိုး ချထား နိုင်သည်။ သို့ရာတွင် ဟက်ဆန့်အဖို့ စာမတတ်ခြင်းကပင်လျှင်

စာလုံးတွေ၏ လျှို့ဝှက်ချက်က သူ့နှလုံးသားကို ညှို့ယူခဲ့သည်။ တားမြစ်ထားသော လျှို့ဝှက်ကမ္ဘာ ကိုမှ သူစွဲငြိနေတော့သည်။ သူ့အား ကျွန်တော်က ကဗျာတွေ ပုံတိုပတ်စတွေ ဖတ်ပြသည်။

စကားထာတွေ ရွတ်ပြသည်။ သို့သော် ပဟေဠိဖြေရာတွင် သူက ကျွန်တော့်ထက် ပိုဉာဏ်ပြေးသည်နှင့် ကျွန်တော်သည် နောက်ထပ်စကားထာများ ရွတ်မပြတော့။ သိပ်စိန်မခေါ်သည့်

စာမျိုးကိုသာ ရွေးဖတ်ပြခဲ့သည်။

ဟက်ဆန့်ကို စာဖတ်ပြရာတွင် သူနားမလည်သော ဧရာမစကားလုံး ကြီးများဆီရောက်လာတိုင်း ကျွန်တော့်မှာ နှလုံးပီတိဂွမ်းဆီထိရသည်။ သူ၏ မသိခြင်း များကို ထင်ရှားအောင်ပြုသည်။

ကလိသည်။ တစ်ကြိမ်တွင် ကျွန်တော်က ဆရာကြီး နာရူဒင်ပုံပြင်ကို ဖတ်ပြနေစဉ် သူကကြားဖြတ်ပြီး ”အဲဒီစကားလုံးက ဘာအဓိပ္ပါယ်လဲ” ဟုမေးသည်။

”ဘယ်စကားလုံးလဲ”

”လူ့အန္ဓဆိုတာ”

”ဒီအဓိပ္ပါယ် မင်းမသိဘူးလား” ဟု ကျွန်တော်စပ်ဖြဲဖြဲမေးသည်။

”မသိဘူး အစ်ကိုအေမား”

”ဒီလောက်လူသုံးများတဲ့ စကားလုံးကို”

”ဒါပေမယ့်လည်း ငါမသိဘူး”

ကျွန်တော့် ထိုးနှက်ချက်ကို ဟက်ဆန်သိလျှင်သော်မှ သူ့အပြုံးမျက်နှာ လေးက ဖော်ပြမည်မဟုတ်ချေ။ ”ငါတို့ကျောင်းမှာ လူတိုင်းသိတယ်။ ဒီမှာကွာ လူ့အန္ဓဆိုတာ စမတ်ကျတယ်၊

ဉာဏ်ကောင်းတယ်လို့ပြောတာ။ မင်းအတွက် ဝါကျတစ်ကြောင်းဖွဲ့ပြမယ်။ ‘စာလုံးများနှင့်ပတ်သက်လျှင် ဟက်ဆန်သည် လူ့အန္ဓ ဖြစ်သည်’ ရပြီလား”

”အား” ဟုဆိုကာ သူခေါင်းညိတ်နေသည်။

နောက်ပိုင်းတွင် ထိုကိစ္စအတွက် ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသည်ဟု ခံစားရသည်။ ဤသို့ဖြင့် ဟက်ဆန့်အား ကျွန်တော်ဝတ်ပြီးသား ရှပ်အကျႌတစ်ထည် နှင့် ပျက်သွားသော

ကစားစရာတစ်ခုပေးခဲ့သည်။ ဥပဒ်ကင်းတဲ့အပြစ်အတွက် အလျော်ပေးတာဟု မိမိကိုယ်ကိုပြောရသည်။
…………………………………………..
……………………………………….
……………………………………………
………………………………………
______________________________________________________________________

ဆက်ပါဥိးမည် ။
____________________-
ရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

ပုဂံစာအုပ်တိုက်
_____________

လေးစားစွာ.ဖြင့်

…………………………………………

9 comments

  • မောင်ပေ

    June 6, 2012 at 11:58 am

    လူ ့အန္ဓ
    သူ ့ဆန်မရ
    ဘု ့ကန်ကြွ
    အခုပြန်မဟ ။
    ထုံးစံအတိုင်း အပိုင်း(၅) ဆိုပြီး မေးလ်ထဲက ဒရဖ်ထဲမှာ ကူးယူထားလိုက်ပါအိ ။
    “ အချိန်ရမှ နားဆင်ပါ ” ဆိုသလို … အားမှ အေးအေးလူလူ ဖတ်ပါအုန်းမြီ။

  • shwe kyi

    June 6, 2012 at 12:15 pm

    ဆက်ပါဦးရှင့်။ ကလေးဘဝစိတ်နေစိတ်ထားကို ပေါ်လွင်အောင်ရေးဖွဲ့ထားတာကောင်းပါ၏။

  • အလင်းဆက်

    June 6, 2012 at 12:29 pm

    ကိုပေ….နဲ ့ရွှေကြည်..ရေ..
    ပုံမှန်လေး..ဖတ်ရှု အားပေးနေကြလို ့ကျေးဇူးပါနော ့။

    ကျွန်တော် လည်း…ပုံမှန်လေး..ဆက် တင်ပြနေပါဦးမယ်..။

    ခင်မင်လေးစားစွာ..
    alinsett.art@gmail.com

  • amatmin

    June 6, 2012 at 3:15 pm

    ကိုအလင်းဆက်ရေ..
    ခရီးသွားနေလို့ အခုမှ ဖတ်ဖြစ် အားပေးဖြစ်လိုက်ပါတယ်ဗျာ..
    အသုံးအနှုန်းလေးတွေကို.ကြိုက်မိပါသည်..
    နောက်ပိုင်းအတွဲတွေကို ..မျှော်နေပါ့မယ်ဗျ..

  • Tin Tin

    June 6, 2012 at 3:38 pm

    ကိုအလင်းဆက်ရေ…
    နောက်အပိုင်းများကိုလည်း ဆက်လက်ပြီးစောင့်မျှော်အားပေးလျှက်ပါ နော်…

  • အလင်းဆက်

    June 6, 2012 at 4:55 pm

    Tin Tin…နဲ ့
    amatmin..ရေ..
    ဖတ်ရှု ခ၊ံစားပေးလို ့ ကျေးဇူးပါ ။
    ကျွန်တော် လည်း..ဒီစာအုပ်ကို တင်ပြချင်စိတ်က အပြည့်ပဲ.။
    စိတ်တွေစောနေတာ…။
    ဆက်လက် တင်ပြပါဥိးမယ် ။
    သာမန် ဝတ္ထု တစ်အုပ် မဟုတ်တဲ ့..တိမ်ယံ သစ္စာ..ကို…စာဖတ်သူ..အားလုံးကို ဖတ်စေချင်ပါတယ် ။

    လေးစားစွာ….

  • moe minthar

    June 6, 2012 at 6:42 pm

    အလင်းဆက်ရေ…….

    ဖတ်လိုက်ပြန်ပြီဗိူ ့…….

    အပိုင်းငါးကို
    ဒီတိုင်းမထားပါနဲ ့…….

    အပိုင်းခြောက်ကိုမျှော်နေမယ်ဗိူ ့

  • ဗိုက်ကလေး

    June 6, 2012 at 6:52 pm

    အူးလေးရေ
    အားပေးသွားပါတယ်…

  • အလင်းဆက်

    June 8, 2012 at 5:47 pm

    မိုးမင်းသမီး..အဲလေ
    မိုးမင်းသားနဲ ့.. ဥူးဗိုက်ရေ…

    ကျေးဇူးပါပဲ.ဂျ ။

Leave a Reply