ကွမ်းတံတွေး တပျစ်ပျစ်၊ ဆေးလိပ်လေး တဖွာဖွာ၊ အရက်လေး တမျမျ။
ကျွန်တော်အစိုးရဘဏ်တစ်ခုမှာ ငွေသွားထုတ်တုံးက တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးကို ပြန်လည်ပုံဖော်ပြီး ရေးသားတာပါ။ အဲဒီနေ့က လကုန်ခါးနီးရက်ဖြစ်နေလို့ရယ်၊ အစိုးရဝန်ထမ်းပင်စင်စားတွေ ပင်စင်လစာငွေလာထုတ်တဲ့နေဖြစ်နေလို့ ငွေထုတ်တာခါတိုင်းလိုမမြန်ဘဲ နည်းနည်းစောင့်ရမှာမို့ အများထိုင်ဖို့ထားတဲ့ခုံတန်းရှည်လေးမှာ ထိုင်စောင့်နေတုံး ပင်စင်လာထုတ်တဲ့ အဖိုးကြီး(၂)ယောက် ကျွန်တော်ဘေးမှာ လစ်လပ်နေလို့ လာထိုင်ရင်း မိတ်ဆွေအချင်းချင်း သူငယ်ချင်းအချင်းချင်း စကားစမည်ပြောကြတာကို အမှတ်မထင်နားထောင်နေမိသလို ဖြစ်သွားမိတယ်လေ။
အဲဒီအဖိုးကြီး(၂)ယောက်က သူတို့ခေါ်တာ မောင်အောင်နဲ့ ထွန်းသိန်းတဲ့။
ထွန်းသိန်း – မောင်အောင် မင်းအရင်လိုဘဲ ကွမ်းတံတွေး တပျစ်ပျစ်ဘဲလား။
မောင်အောင် – သွားတွေက အမာသိပ်မဝါးနိုင်တော့ဘူးလေ၊ ကွမ်းလည်းဖြတ်လိုက်ရပြီပေါ့၊ ကြာပြီကွ နှစ် နှစ်လောက်ရှိမယ်ထင်တယ်။
ထွန်းသိန်း – အေး မင်းတွေ့တော့ ရုံးမှာ ကွမ်းစားလို့အဆူခံရတာသွားမှတ်မိတယ်၊ အဲဒီတုံးက ငါတို့ရုံးကိုရောက်လာတဲ့ ဦးစီးက အမျိုးသမီးလေ၊ တစ်နေ့ ဖိုင်လေးတစ်ခုကိုင်ပြီး မင်းစားပွဲစီ လာပါရော၊ မင်းကလည်း ရုံးထဲမှာအလုပ်လုပ်ရင်းကွမ်းလေးကမြုံမြုံနဲ့ ကွမ်းတံတွေးတပျစ်ပျစ်နဲ့ ဆိုတော့ ကွမ်းတံတွေထွေးဖို့ နို့ဆီခွက်ကို ကျွတ်ကျွတ်အိတ်ထဲ့စွတ်ပြီး ခုံအောက်မှာထားတာလေ။ ဦးစီးကမေးစရာရှိလို့ မင်းစားပွဲရောက်တော့ ကိုယ်အထက်အရာရှိမို့ ကိုယ်ခုံမှာထိုင်ဖို့ ဖယ်ပေး၊ သူကဝင်ထိုင်းရင်း အလုပ်အကြောင်းပြောပြီး ထိုင်ခုံကထသွားတော့ သူခြေထောက်စိုစီစိုစီမို့ အရာရှိက သူခြေထောက်ကိုငုံကြည့်မှ သူ့ထမီစက ကွမ်းတံတွေးတွေစိုနေတာ ကိုင်မိလို့ မင်းကိုဆူပူလိုက်တာမှ တခန်းလုံးခေါင်းတောင်မထောင်ရဲသလို မင်းလည်း မင်းသားအငယ်ကောင် လောက်မျက်နှာလေးနဲ့ကွာ။ အဲဒီတုံးက မင်းကွမ်းတော်တော်ပြတ်သွားသေးတယ်ထင်တယ်။
မောင်အောင် – အေး ပြတ်သွားသေးတယ်လေ၊ အဲဒီဦးစီးပြောင်းပြီး နောက်ရောက်တဲ့ဦးစီးက ကွမ်းစားတတ်တာနဲ့ ပြန်စားဖြစ်ပြန်တာကွာ။
ထွန်းသိန်း – အခုမင်းက မစားတော့ဘူးဆိုတော့ ဒါဆို မောင်အောင်ကကွမ်းတံတွေတပျစ်ပျစ်နဲ့ ဆိုတာမဟုတ်တော့ဘူးပေါ့။
မောင်အောင် – ဒါပေါ့ ထွန်းသိန်းရာ၊ ဒါပေမယ့် တလျှောက်လုံးကွမ်းစားလာတော့ ဟိုတလောက ကျောက်ကပ်မှာကျောက်တွေ့လို့ မို့ အခုကျောက်ကြေဆေးစားနေရတယ်ကွာ။
ထွန်းသိန်း – အဲဒီဆေးစားတော့ရော နေလို့ကောင်းရဲ့လား
မောင်အောင် – သက်သာတယ်လို့ထင်တာဘဲ၊ ဒါနဲ့ မောင်သောင်းကြီးနဲ့ရော တွေ့သေးလား၊ ငါနဲ့တော့မတွေ့တာ ကြာရောကွ။
ထွန်းသိန်း – မောင်သောင်းကြီး ဆိုလို့ ဟိုတလောကမှ သူဆေးရုံတက်ရတာ မင်းမသိဘူးနော်။ ငါဘယ်သူနဲ့ တွေ့လို့လဲမသိဘူး သူပြောတာနဲ့ ဆေးရုံးကြီးကိုသွားပြီးတွေ့လိုက်သေးတယ်။
မောင်အောင် – မောင်သောင်းက ဘာလို့ဆေးရုံတက်ရတာလဲ။
ထွန်းသိန်း – တံထွေးထဲသွေးစလေးတွေ့လို့တဲ့၊ သူကတော့သိပ်ကြာမယ်မထင်ပါဘူး အဆုတ်ကင်ဆာလို့ပြောတာဘ၊ဲ ငါမှာ သွားတွေ့ပြီးစိတ်မကောင်းလိုက်တာကွာ။
မောင်အောင် – အေးလေ မောင်သောင်းက ဆေးကရက်ကို လက်ကြားကချတဲ့သူမှ မဟုတ်တာ၊ဆေးလိပ်လေး တဖွာဖွာ နဲ့ကိုး။ ဒါနဲ့မင်းကိုပြောရအုံးမယ် ငါတို့ဖောင်ကြီးသင်တန်း တက်တုံးက ခွဲမှုး ဦးစိုးကြီးကိုမင်းသိလား။
ထွန်သိန်း – အေးသိတယ်လေ၊ သူကရုံးဆင်းပြီဆို အိမ်အရင်မပြန်ဘူး ဆိုင်အရင်သွားပြီး အရက်လေး တမျမျနဲ့မလား။
မောင်အောင် – အေးဟုတ်ပ၊ အဲဒီအရက်လေး တမျမျကအခုထိဘဲမို့ ပြီးခဲ့သင်္ကြန်ရုံးတွေ ပိတ်တုံးက သူ့သမီးမိသားစုက ဘုရားဖူးသွားတော့ အိမ်မှာမြေးအကြီးနဲ့ သူနဲ့ဘဲရှိတာ၊ တစ်ည အရက်သောက်လာပြီး အိုက်တယ်ဆိုပြီးတော့ တိုက်ခန်းရှေ့ဝရန်တာမှာညကြီးထွက်ထိုင်ရင်း အိပ်ချင်လို့ အဲဒီနားမှာဘဲ သံပန်တလင်းမှာ အိပ်ပျော်သွားတာ မိုးလင်းခါနီးတရေးနိုးတော့ လေတစ်ခြမ်းဖြတ်ချင်သလို ဖြစ်လို့စကားမပီတပီနဲ့ အော်မှ သူ့မြေးအကြီးလန့်နိုးလာပြီး ဘေးခန်းကသူတွေအကူအညီနဲ့ ဆေးရုံပို့ကုရပါရော၊ အခုတော့မြန်မာဆရာနဲ့ခေါ်နှိပ်တယ်ဆိုလား သက်သာတယ်ပြောတာဘဲလေ။
အဲဒီအချိန်မှာဘဲ သူတို့အမည်ကို ငွေပေးကောင်တာမှခေါ်လို့ ခုံတန်းကနေထသွားကြတယ်လေ။ ကွမ်းတံတွေး တပျစ်ပျစ်၊ ဆေးလိပ်လေး တဖွာဖွာ၊ အရက်လေး တမျှမျှ နဲ့နေခဲ့ကြတဲ့ သူတို့ပြောတဲ့ထဲက ဇာတ်လိုက်ကျော်တွေကတော့ အခုတော့ ဆေးတွေနဲ့နပန်းလုံးနေရပြီးကောလို့ တွေးမိရင်း ငွေထုတ်ဖို့ကျွန်တော့အလှည့်ရောက်ပြီမို့ ကျွန်တော်လည်းငွေလေးထုတ်ကာ ဘဏ်ကနေထွက်ခဲ့ပါတော့တယ်။
ဖတ်ရှု့အားပေးသူအပေါင်း ကျေးဇူးပါ။
19 comments
ster
July 12, 2012 at 3:19 pm
ဟုတ်ပါတယ် ko khin kha ရေ၊ သုံးခုစလုံး မကောင်းပါဘူးဗျာ။ ကိုယ်နဲ. နီးစပ်တဲ. ပတ်ဝန်းကျင်မှာ မကြုံကြဖူး သေးလို. သိပ်မကြောက်ကြတာပါ။ ကွမ်းဆိုရင် ကျောက်တည်တာတင်မှ မဟုတ်တာ၊ ခံတွင်းကင်ဆာ ဆိုရင် မလွယ်ဘူး၊ ဆေးလိပ်လဲ အတူတူပါပဲ၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ စုံနေတာပဲ။ မစမိတာကောင်းပါတယ်။ ရောဂါဖြစ်မှ နောင်တရတတ်တဲ.၊ ဖြတ်ရခက်တဲ. ဟာတွေပါဗျာ။
မောင်ပေ
July 12, 2012 at 3:22 pm
အဲဒါတွေရှောင်နိုင်ဖို့ လိုသလို
မာဆတ်လေး တကွကွ
ကေတီဗီလေး တကြွကြွ
မဖြစ်ဖို့လဲ
လိုမယ် ထင်ပါရဲ့။
etone
July 12, 2012 at 3:22 pm
ကိုခင်ခရေ ..
မြန်မာ့ရိုးရာ စားစရာလိုပဲ …. ကွမ်းယာကို မြန်မာတွေ နှစ်သက်စွာ စားသုံးခဲ့ကြသေးတယ် ….။ ကွမ်းယာအကြောင်းကိုလည်း တခမ်းတနား ၊ မီဒီယာတစ်ခုမှာ အင်္ဂလိပ်လို သုံးပြီးလွှင့်ပြသွားတာ တွေ့ဖူးတယ် … ။
ကွမ်းယာကိုကြိုက်လို့စားတာတော့ စားတာပေါ့နော် .. ဒါပေမယ့် …ကွမ်းထွေးတဲ့ ပြသနာအပါဝင် ကျန်းမာရေး ရှုထောင့်ကကြည့်လျှင် .. မစားသင့်တာမျိုးကြီး ။ ကွမ်ယာအကြောင်း … ဒီဆိုက်ထဲမှာပဲ ဒေါက်တာမိုးသီးတာစိုးက ကျန်းမာရေးအမြင်တွေနဲ့ ရေးထားခဲ့သလို … ၊ ချာတူးလန်လေးကလည်း ကွမ်းယာနဲ့ ပတ်သတ်တဲ့ ကိုယ်တွေ့ဆောင်းပါးတိုလေး ရေးခဲ့ဖူးတယ် ။ ကွမ်းယာကို ခံတွင်းမချဉ်အောင် စားကြပေမယ့်… ကွမ်းယာမှာပါတဲ့ ၊ ထုံးနဲ့ ရှားစေးက … ကျောက်တည်စေခြင်းကိုဖြစ်စေတယ်တဲ့ … ။ တစ်ချို့ လူတွေက ကျောက်သေးတုန်းမှာ တည်မှန်း သိတော့ .. ကျောက်ပျော်ဆေးတွေ သောက်ဘာညာနဲ့ ပြန်ကောင်းလာပေမယ့် .. တချို့တွေကတော့ အော်ပရေးရှင်းလုပ်ပြီး ထုတ်လိုက်ရတယ်ကြားဖူးတယ် .. ကျောက်ကပ်မှာ ကျောက်တည်တတ်သလို ၊ သည်းခြေမှာလည်း ကျောက်တည်တတ်သတဲ့လေ .. ကြားဖူးတာလေးပါ .. ဟီး 😀 ကွမ်းစားတဲ့လူကတော့ စတိုင်ထုတ်လို့ ဘယ်လိုမှ မဖြစ်ဘူးပဲ …. ။
ကျောက်ပျော်ဆေးအတွက်ကတော့ ငွေကုန်ကြေးကျမများတဲ ့ FAME ကဆေးတွေလည်း မဆိုးဘူးတဲ့ သောက်ဖူးသူတွေပြောကြတယ် ။ ကုထုံးတွေကတော့ အမျိုးမျိုးပေါ့လေ .. အော်ပရေးရှင်းမလုပ်ရပဲ လေဆာနဲ့ ခွဲတဲ့ နည်းလည်း ရှိတယ် ကြားဖူးတယ် … ကွမ်းဂျိုးအတွက်လည်း .. သွားတိုက်ဆေးဆေးတစ်မျိုးပေါ်နေတာ .. မြင်ခဲ့ဖူးတယ် …အဟီး … ။ 😀 ကွမ်းစားတာ အားမပေးပေမယ့် … စားမိလို့ ဖြတ်လျှင်တောင် အကြွင်းကျန်တွေကျန်နေတတ်တာမို့ …….. ကွမ်းမစားတတ်လျှင် မစတာ အကောင်းဆုံးပါ … ။
ko khin kha
July 12, 2012 at 4:34 pm
အိတုံရေးတဲ့ FAME ကထုတ်တဲ့ ဆီးကျောက်ပျော်ဆေး အမည်က Urocrush ဖြစ်ပါတယ်။
ကျောက်ကပ်မှာကျောက်တည်တာ ကွမ်းယာကြောင့်လည်းဖြစ်တတ်သလို၊ အထက်မြန်မာပြည်ဘက်မှာ ရေကထုံးကျောက်များလို့ လည်းဖြစ်တတ်ပါတယ်။အဲဒီဆေးက ကျောက်အနည်းတွေလောက်တွေ့တဲ့အချိန် သောက်ရင်တကယ်စွမ်းကြောင်းသောက်သုံးတဲ့သူတွေထံကသိရပါတယ်။ ဒါကြောင့်မနေနိုင်လို့ ကွမ်းစားသူတွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သုံးသင့်ကြောင်းအကြံပြုပါတယ်။
etone
July 12, 2012 at 4:46 pm
နာမည်တော့ မမှတ်မိပါဘူးကိုခင်ခရေ …. ဆေးကတော့ တကယ်ကောင်းတာပါ … ။
ကိုယ်တွေ့တော့ မကြုံဖူးပေမယ့် ကျွန်မတို ့ဆေးခန်းကို လာတဲ့ မခွဲစိတ်ပဲ ဆေးအရင်သောက်ကြည့်ချင်တဲ့ လူနာတွေ သုံးတာ တကယ်ပဲ သက်သာပြီး ကျောက်ကြေတယ် ကြားရလို့ပါ .. ဒါပေမယ့်လည်း .. ကျောက်က အရမ်းကြီးနေလျှင်တော့ .. မကြေလောက်ဘူးထင်တယ်နော် …. ။
ko win
July 12, 2012 at 6:12 pm
ကွမ်းကျတော့ ဖွတ်ဖင်၊ ဆေးလိပ်ကျ မချွတ်ချင်၊ အရက်ကတော့ တစ်စွတ်စွတ်ဝင်။
..အဟိ..။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 12, 2012 at 7:36 pm
အင်းးးးကိုခင်ခရေ.
ကျနော်လဲ ဆေးလိပ်ဖြတ်တော့ ကွမ်းစား၊ကွမ်းဖြတ်တော့
ဆေးလိပ်သောက်နဲ ့လုံးချာလိုက်နေပါ၏။
ကိုပေါက်(မန္တလေး)
July 12, 2012 at 11:17 pm
ကျနော်ကတော့ ကွမ်းဆေးအရက် ကိစ္စပြီးတာကြာပေါ့………………………………..
(အသားလွတ်ကြွားတာ)
padonmar
July 13, 2012 at 12:23 am
မကောင်းတဲ့ ဒီ ၃မျိုးလုံးတောင်စွဲတဲ့သူတွေလည်း အများအပြားပါဘဲ။
မကောင်းမှန်းလည်း သိပါရက်နဲ့ မဖြတ်နိုင်တဲ့ စွဲလမ်းမှု(ဥပါဒါန်) ကြောင့် ဒုကြ္ခဖစ်နေကြရတာပါဘဲ။
ဦးဦးပါလေရာ
July 13, 2012 at 8:07 am
ကျုပ်မှာဖြင့်-
အရက်ကတော့ မတည့်လို့ စဉ်းစားစရာမလိုတော့ဘူး
ကွမ်းကတော့ ထွေးစရာနေရာမရှိလို့ ပြတ်ခဲ့တာ နှစ်နှစ်ဆယ်ရှိပြီ
အခု ဆေးလိပ်လေးပဲကျန်တာ-
အဲဒါလေးဖြတ်လိုက်ရင် ပျင်းစရာကောင်းမှာစိုးလို့
အညံ့စားဆေးလိပ်တွေကို ကြိတ်မှိတ်သည်းခံပြီး အောင့်သောက်နေရတယ်… 🙁
MaMa
July 13, 2012 at 9:13 am
အဲဒါကြောင့် အလုပ်ထဲက ကလေးတွေ ကွမ်းစား၊ ဆေးလိပ်သောက်၊ အရက်သောက်ရင် ….
အဲဒီအတတ်ပညာတွေက မွေးကတည်းက တတ်လာတာ မဟုတ်ဘူး။
မကောင်းမှန်းသိလျှက်နဲ့ လုပ်ကြတာ။
လုပ်ရင်းနဲ့ စွဲသွားတော့ ဖြတ်မရတော့ဘူး။
အဲဒီကျတော့မှ နောင်တရတဲ့အခါ ဆိုးကျိုးတွေကို ခံစားနေရပြီ။
စကတည်းက မကောင်းမှန်းသိတာကို မလုပ်မိအောင် ကျိုးစား။
မစွဲခင်ဖြတ် ဆိုပြီး ပြောရတယ်။
တချို့တော့လည်း ပြတ်သွားတာပဲ။
တချို့တော့လည်း ရောဂါဖြစ်ကာမှ ဖြစ်ရော မပြတ်နိုင်ကြဘူး။ 🙁
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
mamanoyar
July 13, 2012 at 9:22 am
ဟဲဟဲ
ကြွားလိုက်ဦးမယ် နိုရာတို့ဖေဖေက
ကွမ်းလဲမစားဘူး ဆေးလိပ်လဲမသောက်ဘူး အရက်လဲမသောက်ဘူး
ps _ ကွမ်းကတော့ တစ်ခါတစ်လေ စားတယ်
တစ်နှစ်ရှိမှ နှစ်ခါလောက်ပါ မစားသလောက်ရှားပါတယ်
ကြုံတုန်းကြွားတာ ကြုံကြွားးးးးးးးး
Foreign Resident
July 13, 2012 at 2:53 pm
ဟင့် ၊ ဒါလေးများ ။
အဘ တို့က တစ်အိမ်လုံး ၊
အဖေ အမေ နှင့် ညီအကို ၅ လောက်လုံး တစ်ယောက်မှ ၊
ကွမ်းလဲမစားဘူး ၊ ဆေးလိပ်လဲမသောက်ဘူး ၊ အရက်လဲမသောက်ဘူး ။
ပြီးခဲ့တဲ့ လ MG အဖွဲ့သားတွေ နှင့် ၊
အဘ တွေ့တဲ့ပွဲတုန်းက အဖွဲ့သားတွေကို ၊
အဘ အနီ နှစ်လုံးဝယ်ပြီး ဧည့်ခံပေမယ့် ၊
အဘ ကိုယ်တိုင်က တစက်မှ မထိခဲ့တာ ။
ကြောင်လေး
July 13, 2012 at 11:18 am
ကျနော်ကတော့ ကွမ်းမစားဆေးမသောက်ပါ။
အရက်ကလေးပဲ နဲနဲပါးပါး တစ်ပိုင်းလောက်သောက်တာပါ။
ကွမ်းယာဆေးလိပ်နဲ့ပတ်သက်လို့ ပြောရရင် ရှေးမြန်မာတွေ ရဲ့ယဉ်ကျေးမှုအဆင်အလာလိုဖြစ်နေတယ်။ ဧည့်သည်ဆောင်သည်လာရင် မပါမဖြစ်ဧည့်ခံရတဲ့ အနေအထားအထိနေရာယူခဲ့ကြတာကလား။
ကေသုံးလုံးထောက်ပြတာနဲ့ပတ်သက်လို့ မိတ်ဆွေတစ်ယောက်ဟာတော်တော်အတိုက်အခံငြင်းပါတယ်။ သူ့အဒေါ် မွေးကတည်းက(နဲနဲကဲပြောတာပေါ့လေ) ဆေးလိပ်သောက်ကွမ်းယာစားလာတာ အခုအသက်ခုနစ်ဆယ့်ငါးထိဘာရောဂါမှမဖြစ် သန်သန်မာမာကြီးလို့ပြောတယ်၊ သူအဖေနဲ့အမေဆိုရင်လည်း ခုအသက်ခုနစ်ဆယ်နားနီးနေပြီ၊ အသက်ရှင်လျှက် ဆေးလိပ်သောက်လျှက်ပါ။
အဲဒီတော့သူပြောတာဟုတ်သလိုလို……….
ကျနော်တစ်ခုစဉ်းစားမိတာက သူတို့တွေတောရွာမှာနေတယ်၊လေကောင်းလေသန့်ရှူရတယ်။ အသီးအရွက်အမှန်အကန်လတ်လတ်ဆတ်ဆတ်စားခဲ့ရတယ်။(ဟိုရှေးရှေးမြန်မာတွေဟာလည်း မြို့ကြီးနေတယ်ဆိုပေမဲ့ ဒီအနေအထားမျိုးခံစားကြရမယ်ထင်တယ်)။ အလုပ်အကိုင်လုပ်တဲ့အခါမှာလဲ ကိုယ်လက်လှုပ်ရှာမှုများတဲ့ အလုပ်မျိုးတွေကိုပဲလုပ်ကြရတယ်၊ သွားတာလာတာကမှ အစ ခြေကျင်လျှောက်တာများသားမလား…….
ဆိုတော့…..သူတို့နေ့စဉ်နေထိုင်စားသောက်တဲ့ဓလေ့စရိုက်အရ လတ်လတ်ဆတ်ဆတ်စာနေတဲ့အသီးအရွက် အစားအစာတွေထဲမှာ ဆေးလိပ်သောက်ကွမ်းစားလို့ ဖြစ်မဲ့ ရောဂါတွေကိုသဘာဝအရခြေဖျက်ပေးနိုင်တဲ့အစားအစာတွေ ပါနေတာဖြစ်နိုင်ပါတယ်။ သူတို့ရဲ့အလုပ်အကိုင်ကိုယ်လက်လှုပ်ရှားမှုကလည်း သူတို့ကျန်းမာရေးကိုအထောက်အကူပြုနေပါလိမ့်မယ်။ ဒါကြောင့်ဒီအသက်အရွယ်အထိ ကျန်းမာနေတာလို့ ယူဆပါတယ်။မြို့နေလူတန်းစားတွေနဲ့ ဒီခေတ်အစားအစာတွေကတော့ ဒီအကျိုးကျေးဇူးကိုမရနိုင်တော့ပါဘူး၊ ဒါကြောင့်ရှောင်နိုင်ကြရင်အကောင်းဆုံးပါလို့တိုက်တွန်းချင်ပါတယ်။ မိတ်ဆွေကတော့ကျနော်တို့ရှင်းပြတာကိုလည်းသူနားမဝင်ပါဘူး။ အခုတနေ့ကိုစီးကရက်နှစ်ဗူးနီးပါးလောက် ကုန်အောင်သောက်နေတုန်းပါပဲခင်ဗျာ။
ster
July 13, 2012 at 3:42 pm
တောရွာမှာ နေတဲ.လူတွေမှာ ရောဂါမဖြစ်တာ မဟုတ်ပါဘူး၊
ကွမ်းစား ဆေးလိပ်သောက်တာကြောင်. ပါးစပ်မှာ အနာပေါက်ပြီးသေတဲ.လူတွေ အများကြီးပါ၊ ပါးစပ်ကင်ဆာမှန်း မသိကြတာလို.ထင်ပါတယ်၊
ဆေးလိပ်ကတော. တောမှာ ဆေးပေါလိပ်သောက်တာကြောင်.ရယ်၊ လေကောင်းလေသန်.ရှူရတာကြောင်. ရောဂါအဖြစ်နည်းတယ် ဆိုတာ ဖြစ်နိုင်ပါတယ်၊ စီးကရက်က ပိုဆိုးသလားလို.၊
အရက်ကျတော. တောမှာက ပိုတောင်ဆိုးသလားလို.၊ မြို.ကလူတွေက အရက်ကို ကောင်းကောင်း သောက်နိုင်ကြတော. နဲနဲတော်သေးတယ်လို.ထင်တယ်။
မမ အညာသူ
July 13, 2012 at 11:39 am
ကွမ်း အရက် ဆေးလိ်ပ်ဟာတကယ်ပဲလူရဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ်
စွဲဖို့လွယ်သလောက်ဖြတ်ဖို့ကျတော့ခတ်ပြန်ရော
အဲဒါဟာ ရောဂါကို ငွေနှင့်ဝယ်တာနှင့်အတူတူပါပဲ
တကယ်ရှောင်နိုင်မယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့
နွေဦး
July 13, 2012 at 1:37 pm
မကောင်းမှန်းသိ ရက်နဲ့
မကောင်းတာကို ဆက်လုပ်နေတတ်တဲ့
မကောင်းတာတွေကို မစွန့်လွတ်နိုင်တဲ့ သူတွေ..
မကောင်းတာတွေ အကျင့်ဖြစ်နေလို့ ဆိုသူတွေ..
တကယ်တော့ စိတ် အလို လိုက်နေကြတာပါ..
မစွန့်နိုင် မဖြတ်နိုင် ဆိုတာ တကယ်မဟုတ်ပါ.
သတ္တိကြောင်လို့သာဖြစ်ပါတယ်..
ko khin kha
July 13, 2012 at 2:04 pm
ကြောင်းလေးရေ။
တောကသူတွေက ဆေးလိပ်သောက်တယ်ဆိုတာဆေးပေါ့လိပ် သောက်တာများတာပါ။မြို့ကလူတွေ ကျတော့ စီးကရက်ကိုပိုသောက်ဖြစ်ကြတယ်လေ။ စီးကရက်ကတစ်လိပ်ကို မသောက်ခင် အစီခံကိုကြည့် ကြည့်ပါ ဖြူစွတ်နေတာတွေ့ပါလိမ့်မယ်၊ အဲဒီစီးကရက်ကိုသောက်ပြီးအစီခံကို ဖြေကြည့်က အစီခံတစ်ခုလုံး အဖြူရောင်ရှိနေရာ မရှိပါဘူး အဝါရောင်လိုညစ်သွားပါတယ်။ ဒါဟာ အစီခံကိုဖြတ်လာတဲ့ အငွေ့က အရောင်ပြောင်းခြင်းကိုဖြစ်စေတာပါ။ဒါဆိုလူခန္ဒာကိုယ်ထဲမှာရော အဲဒီငွေ့တွေကအရောင်းပြောင်းလား တွေးကြည့်ပါ။ဆေးလိပ်သောက်တတ်တဲ့သူ အအေးမိချောင်းဆိုးရင် ကင်းကင်းရှင်းရှင်းပျောက်ဖို့ ကြာတတ်ပါတယ်၊ ဒါဟာအဆုတ်ရဲ့ခံနိုင်အား ကျလို့ပါဘဲ။မသောက်နိုင်ရင်တော့ကောင်းတာပေါ့ဗျာ။
ကြည်ဆောင်း
July 13, 2012 at 4:33 pm
ဖတ်ဘူးထားတာလေးပါ ။ ဆေးလိပ်ဖွာပြီးထွက်လာတဲ့အငွေ့တွေကို လက်ကိုင်ပုဝါ အဖြူပေါ် မှုတ်ထုတ်လိုက်ရင် အဲဒီ လက်ကိုင်ပုဝါ အဖြူလေး ဟာ မှုတ်ထုတ်လိုက်တဲ့နေရာတိုင်းမှာ အမဲကွက်လေးတွေ ဖြစ်သွားပါတယ်တဲ့ ….
လူရဲ့အဆုတ်ထဲမှာဆိုရင်ဘယ်လိုမျာဖြစ်သွားနိုင်သလဲဆိုတာစဉ်းစားကြည့်ဖို့လေးပါ ….
စာရေးသူကိုတော့ မမှတ်မိတော့ပါဘူး …
ဆေးလိပ်သောက်တဲ့သူတွေ စမ်းကြည့်သင့်တယ်ထင်ပါရဲ့ 😀