“အပေါင်းအသင်းရောင်းရင်း မိတ်ဆွေ”

lon donJuly 18, 20121min2337

ငယ်စဉ်က အဖော်ခင်မှု ဆော့ဖော်ဆော့ဖတ်ရှာမှုကြောင့် မကြာခဏ လူကြီးမိဘများ၏ အဆူ၊ အပြော၊ အရိုက်အပုတ် ခံခဲ့ရသည်။ အပေါင်းအသင်းနည်းသူ၊ အေးအေးလူလူ နေတက်သူကို လူတောမတိုးသူ၊ အပေါင်းအသင်းများသူကို လူဝင်ဆန့်သူလို့ ဆိုကြပြန်သည်။ လူဖြစ်လို့တစ်ဦးတည်း၊ တစ်ယောက်တည်းနေလို့မှ မရတာ၊ ကိုယ်လို့သူလို့ လူအသိုင်းအဝိုင်းနှင့် နေတတ်ကြပါကလား။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် သင့်တင့်လျော် ကန်အောင် နေမှ၊ ထိုင်မှ၊ ပြောမှ၊ ဆိုမှ အဆင်ပြေမည်မဟုတ်လား။ ငယ်သူတို့က သက်ကြီးရွယ်အိုများကို အဖော်လုပ် မိတ်ဖွဲ့ဘို့ကလည်း မသင့်။ ကြီးသူတို့၏ ဆိုဆုံးမမှုကို တုတ်ကွရိုသေ မျက်နှာပိုးသေပါမှ၊ ဂါရဝ၊ နိဝါတ မဟုတ်ပေ ဘူးလား။ သို့နှင့် လူတစ်လုံး၊ သူတစ်လုံးဖြစ်မှ ကိုယ်ခြေထောက်ပေါ် ကိုမတ်၊ အရပ်တကာ ဒိုးယိုဖောက် ကိုယ့်ဝန် ကိုထမ်း၊ ကိုယ့်လမ်းကို ကိုယ်လျှောက်တော့မှ ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း ဆိုသလို ပေါင်းကြ၊ သင်းကြရ၊ ပြောကြရ၊ ဆိုကြရ၊ လူနှင့်လူ့ပတ်ဝန်းကျင်ကို အဆင်ပြေအောင် နေကြရသည်မှာ လွယ်တော့မလွယ်လှပါ။

မိဘ ဘိုဘွား ဆရာသမား လူကြီးသူမတို့ ဆိုဆုံးမစကားများ သတိထားမိသည်။ စကားများ၏တန်ဖိုးကို သိလာသည်။ တန်ဖိုးရှိကြောင်းနားလည် သဘောပေါက်လာသည်။ ကိုယ့်လုပ်ငန်းခွင်၊ တာဝန်၊ ရပ်တည်ရမှု အနေ အထားအရ ရှေးမြှော်ကြည့်လှမ်းကြည့်မှ ဟိုနေရာစုစု ဒီနေရာစုစု သူ့အသိုင်းအဝိုင်းသူ၊ သူ့အဖွဲ့အစည်းနှင့်သူ လိုက်လျောညီထွေ ပေါင်းသင်းနေထိုင်ကြသည်ကို မြင်ရသည်။ “အိမ်နီးနားချင်းကောင်းမှ လင်ကောင်းရ”၊ “အရပ်ကောင်းမှ အလောင်းလှ”တို့ဆိုတာ ဒါတွေပါလားလို့ သဘောရသည်။ မိသားတစ်စု၊ ရပ်ကွက်၊ ခရိုင်မြို့၊ မြို့နယ်၊ တိုင်း၊ နိုင်ငံလုံးထိ ကြည့်ပါက ပိုသဘောပေါက်ခဲ့သည်။ အိမ်နီးနားချင်းများနှင့် သင့်အောင်၊ လျော်အောင် ပေါင်းသင်းရာမှ သည်နိုင်ငံအချင်းချင်း သင့်အောင်၊ လျော်အောင် ပေါင်းသင်းဆက်ဆံလာကြရသည်အထိပဲ။ သည်တော့မှ ကိုယ့်နိုင်ငံတော်ကို ပိုမိုလေးစားကြည်ညိုမိလာသည်။ ကိုယ့်နိုင်ငံတော်ကို အထီးကျန်နိုင်ငံအဖြစ် ချန်ထားခံရစဉ်က အိမ်နီးနားချင်း မိတ်ရင်းနိုင်ငံများ၊ အသိုင်းအဝိုင်းများက ရိုင်းပင်ကူညီ ဖေးမခဲ့မှုကြောင့် ခုလိုအခြေ အနေမျိုးရောက်ရှိခဲ့သည်ကို အလွန်ကျေးဇူးကြီးလှပါလားလို့။ ဒီနေ့ အချိန်အခါသမယမှာ ကမ္ဘာကြီးကိုပင် “ကမ္ဘာ ရွာကြီး”လို့ တင်စားနေကြပြီး ကမ္ဘာ့လူသား အဖွဲ့အစည်းကြီးတစ်ခု ဖြစ်နေပြီလို့ ဆိုနေကြပြီ။

သို့ရာတွင် ကမ္ဘာကြီးပင် အခြမ်းတွေ၊ အစိပ်တွေ၊ အစုတွေ အသင်းအပင်းတွေ နီးရာ စပ်ရာ တူရာတူရာ အသင်းအပင်းဖွဲ့ကြနှင့် ကိုယ့်လူ၊ သူ့လူ မိတ်သင်းပင်း အမျိုးမျိုးဖွဲ့နေကြသည့် အနေအထားပါလား။ အသွင်မတူ အိမ်သူမဖြစ်ဆိုစကားလိုများဖြစ်နေပြီလား မပြောတတ်ပါ။ ဖြစ်ရမည့်အကြောင်းတရားကြောင့် ဖြစ်လာရခြင်းဖြစ် ပါမည်။ အကျိုးဆက်များသည် အကြောင်းဆက်များကြောင့်ဆိုက  သဘာဝကျစွာ လက်ခံကြရမည်သာဖြစ်ပါသည်။
“သူ့အကျိုးဆောင် ကိုယ့်အကျိုးအောင်”၊ “ကျေးဇူးခံ၊ ကျေးဇူးစား” ဆိုတဲ့ ငယ်ငယ်က ဆုံးမစကားများ သတိ ရမိသည်။ “သူများပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး၊ ကို်ယ်ကျိုးစီးပွားကာကွယ်ရေး” ဆိုသည့်စကားများ  ကမ္ဘာ့ ရွာကြီးမှာ ကြားနေရသည်။ “မိတ်သစ်ကိုရှာ၊ မိတ်ဟောင်းမကွာစေနဲ့” ဆိုတာလည်း မြန်မာမှုနယ်မှာ ရှိပြီးသားပါ။ ပညာရှိများ စကားမှားဘွယ် ဘယ်မှာရှိပါ့မလဲ။ သို့သော် အတ္တ၊ မာန၊ ဒိဋ္ဌိအုပ်စီးရာ ကမ္ဘာ့အသိုက်အဝန်း အနေအထား ကတော့မြင်ကြ၊ ကြားရသည့်အတိုင်း မဟုတ်ပါလား။ မိတ်ဆွေစစ် မိတ်ဆွေမှန်ကို ရရှိရန် အလွန်အရေးကြီးဦးစားပေး ဆောင်ရွက်နေကြရသည်။ မြန်မာမှုနယ်တွင် မိတ်စစ်ဆွေစစ်နယ်ကို မှတ်ယူဘွယ်ဆိုစကား ရှိထားပါသည်။

♦ သမာနသုခ ဒုက္ခမိတ်၊။ သူ၏ လျှို့ဝှက်အပ်သော အမှုကို မိမိ၌လျှို့ဝှက်ခြင်း၊ မိမိလျှို့ဝှက်အပ်သော အမှုကို သူတစ်ပါးတို့မသိအောင် လျှို့ဝှက်ခြင်း၊ ဘေးတွေ့သောအခါ မိမိတို့ မစွန့်ခြင်း၊ သူ့အသက်ကိုပင် စွန့်၍ မိမိအကျိုးကို ရွက်ဆောင်ခြင်း။

♦ အတ္ထက္ခာယီမိတ်။ မကောင်းမှုကို မပြုရအောင် တားမြစ်ခြင်း၊ ကောင်းမှု၌တည်စေခြင်း၊ မကြားဘူမသိ ဘူးသော တရားကိုကြားဖို့ သိဖို့ရာဟောခြင်း၊ ဒါနသီလ အစရှိသော နတ်ရွာလမ်းကြောင်းကို ညွှန်ပြခြင်း။

♦ အနုကမ္ပကမိတ်။ မိမိ၌ အကျိုးစီးပွားမဖြစ်ထွန်းလျှင် သူမနှစ်သက်ခြင်း၊ မိမိ၌အကျိုးစီးပွားဖြစ်ထွန်းလျှင် နှစ်သက်ခြင်း၊ စိတ်အလိုပြည့်ဖြိုးခြင်း၊ မိမိ၏ကျေးဇူးမဲ့ကို သူတစ်ပါးပြောကြားလျှင် ပြောပသူကို ချီးမွမ်းခြင်း။

♦ ဥပကာရမိတ်။ မေ့လျော့လျက် အသက်ခန္ဓာကိုစိုးရိမ်ဖွယ်ရှိသောအခါ အသက်ခန္ဓာကို စောင့်ရှောက်ခြင်း၊ မေ့လျော့လျက်စည်းစိမ်ဥစ္စာ ပျက်စီးဖွယ်ရှိသောအခါ စည်းစိမ်ဥစ္စာကို စောင့်ရှောက်ခြင်း၊ ကြောက်လန့်ခြင်းရှိသော အခါ စည်းစိမ်ဥစ္စာကို စောင့်ရှောက်ခြင်း၊ ကြောက်လန့်ခြင်းရှိသောအခါ ကိုးကွယ်ရာဖြစ်ခြင်းတပါး၊ ကိစ္စကြီးငယ်ရှိသော အခါ သူကပြုဘူးသော ကျေးဇူးမှုထက်နှစ်ဆပို၍ ကျေးဇူးပြုခြင်း။

သူသူ၊ ငါငါ လူသားများသည် အတ္တ၊ မာနဆိုသော အမှောင်ထုကြီးကို တွန်းဖယ်ထိုးဖော် အလင်းသို့ မရောက်
နိုင်ကြသေးသည့် ခုလိုကာလမှာ ခုလိုကြောက်လန့်တကြား နေကြရဦးမှာပါ။ “လောကနိဗ္ဗာန်ခေါ် ကမ္ဘာ့ငြိမ်းချမ်းရေး” ကိုပင်တမ်းမြော်မှန်းဆ တောင့်တနေရဆဲ ခုလိုအခါမျိုးမှာ မိတ်ကောင်းဆွေစစ်တို့နှင့် ဗျူဟာမြောက်လက်တွဲ ခိုင်ခိုင် လျှောက်လှမ်းနိုင်ဘို့ အလွန်အရေးကြီးကြောင်းပါ ဗျား။

 

7 comments

  • mamanoyar

    July 18, 2012 at 3:01 pm

    ဖတ်မှတ်သွားပါတယ်ရှင်

  • မဟာရာဇာ အံစာတုံး

    July 18, 2012 at 8:51 pm

    ကျနော်လည်း
    ဖတ်ရှုအားပေးသွားပါတယ် ကို Lon Don ရေ ..
    မိတ်ဆွေစစ်နဲက လက်တွဲသွားဖို့ဆိုတာ ..
    မိတ်ဆွေစစ်ကို သိဖို့ဆိုတာ သိပ်တော့ မလွယ်ဘူးလို့ ထင်မိပါတယ်ဗျာ …

  • TTNU

    July 18, 2012 at 9:47 pm

    မိတ်ဆွေလန်ဒန်ရေ..
    အသံထွက်မှားရင် ခွင့်လွှတ်ပါ။
    (အကျိုးဆက်များသည် အကြောင်းဆက်များကြောင့်ဆိုက
    သဘာဝကျစွာ လက်ခံကြရမည်သာဖြစ်ပါသည်။)
    လက်ခံပါတယ်။
    ပြီးတော့ ဂဇက်မိတ်ဆွေအဖြစ်လည်းလက်ခံပါတယ်။
    🙂

  • “””♦ ဥပကာရမိတ်။ မေ့လျော့လျက် အသက်ခန္ဓာကိုစိုးရိမ်ဖွယ်ရှိသောအခါ အသက်ခန္ဓာကို
    စောင့်ရှောက်ခြင်း၊ မေ့လျော့လျက်စည်းစိမ်ဥစ္စာ ပျက်စီးဖွယ်ရှိသောအခါ စည်းစိမ်ဥစ္စာကို
    စောင့်ရှောက်ခြင်း၊ ကြောက်လန့်ခြင်းရှိသော အခါ စည်းစိမ်ဥစ္စာကို စောင့်ရှောက်ခြင်း၊
    ကြောက်လန့်ခြင်းရှိသောအခါ ကိုးကွယ်ရာဖြစ်ခြင်းတပါး၊ ကိစ္စကြီးငယ်ရှိသော အခါ
    သူကပြုဘူးသော ကျေးဇူးမှုထက်နှစ်ဆပို၍ ကျေးဇူးပြုခြင်း။”””

  • lon don

    July 20, 2012 at 4:46 pm

    အခုလိုဝင်ရောက် ဖတ်ရှုပေးကြသော ဆရာများအားလုံး စိတ်၏စေရာအတိုင်း လုပ်ဆောင်နိုင်ကျပါစေလို ဆဒ္ဒပြုလိုက်ပါတယ်

  • snow white

    July 20, 2012 at 6:05 pm

    ဖတ်လို့ကောင်းပါတယ် ဆက်လက်ရေးသားနိုင်ပါစေနော်။။

Leave a Reply