တတိယအရွယ်မှာ တရားရှာတဲ့……………

တရား….. တရား…. တရား……
တရားဆိုတာ ဘာလဲ…
ဘာ့အတွက် တရားကလုပ်ကြတာလဲ…..
ကျွန်တော်စဉ်းစားမိတာလေး တင်ပြချင်လို့ပါခင်ဗျာ…..
တရားကို ပါဠိလိုတော့ “ဓမ္မ”တဲ့။ ဓမ္မဆိုတာ တရားပဲ။
ဓမ္မ.ဆိုတာဘာလဲ…ဓာရေတီတိ ဓမ္မော… ဆောင်အပ်လို့ တရား….. လူတွေဆောင်ထားအပ်လို့…. လူတွေ ဆောင်ထားထိုက်လို့ တရား……
လူတွေဆောင်ထားရမယ့် အရာဖြစ်လို့တရား….

ဒီလိုဆို လူတွေဆောင်ထားထိုက်တာ…တရား…
ဒီလိုဆို လူတွေဆောင်ထားနိုင်မှလဲ တရား….
လူတွေ မဆောင်နိုင်တဲ့အရာ… လူတွေဆောင်ထားလို့ အဆင်မပြေတာတွေဆိုရင် တရားလို့ပြောလို့ရပါ့မလား…..
စဉ်းစားကြည့်တာ…..စဉ်းစားမိတာ….

ကဲ…..ရှိစေတော့…
တရားဆိုတာ….. လူတွေဆောင်စရာ…. အဲဒီတရားကိုဆောင်ထားရင် လူ့တွေငြိမ်းချမ်းသွားအောင်လို့ ဆောင်ရမှာ….

ကျွန်တော် ငယ်ငယ်က ဖတ်ဖူးတယ်။ သင်ဖူးတယ်။ လူတွေလဲ ဒီနေ့ပြောကြပါတယ်။ လူတော်တော်များများလဲ သဘောကျကြတယ်…
ဘာတဲ့…………
ပထမအရွယ်မှာ ပညာရှာတဲ့။
ဒုတိယ အရွယ်မှာတော့ ဥစ္စာရှာတဲ့။
တတိယ အရွယ်မှာတော့ တရားရှာတဲ့။
လူတိုင်းနီးပါးပြောတတ်ကြတယ်။ လူတိုင်းနီးပါးလက်ခံသဘောကျကြတယ်။

အဲ……ကျွန်တော်ကတော့ စဉ်းစားမိတယ်။
ဘာကြောင့် တရားက တတိယအရွယ် သေခါနီးမှ ရှာရမှာလဲ….
သေခါနီးမှ တရားက ဘာလုပ်ဖို့လဲ…………..
တရားအားထုတ်လို့ အဆင်မပြေနိုင်ခြင်းအင်္ဂါရပ်တွေထဲမှာ အသက်အရွယ်ကြီးရင့်တာတို့ အိုးမင်းတာတို့တောင် ပါလားမသိဘူး။
တရားဆိုတာ လူတွေဆောင်ထားဖို့….. လူတွေတရားတွေဆောင်ထားတော့ လူတွေငြိမ်းချမ်းအောင်လို့… အဲဒီလိုမဟုတ်ဘူးလား…….

တကယ်တော့ ကျွန်တော်စဉ်းစားမိတာက…
ပထမအရွယ်မှာ…. တရားသဖြင့် ပညာရှာ။ မတရားတဲ့နည်းနဲ့ ပညာမရှာပါနဲ့။ မူပိုင်ခွင့်တွေ …..နည်းပညာတွေ မတရားတဲ့နည်းနဲ့ မယူချင်ကြပါနဲ့။

ဒုတိယ အရွယ်မှာ တရားသဖြင့် ဥစ္စာရှာပါ။ မတရားတဲ့နည်းနဲ့ ဥစ္စာ မရှာပါနဲ့။
အဲဒီလို တရားဆိုတာ လူ့ရဲ့အရွယ်သုံးပါးလုံးမှာ ရှိနေရမှာလို့ မြင်မိပါတယ်။ လူ့ရဲ့လုပ်ဆောင်ချက်တိုင်းမှာ တရားက ရှိနေရမှာ……. လူရဲ့လုပ်ဆောင်ချက်တိုင်းမှာ တရားက ပါနေရမှာလို့ မြင်မိပါတယ်။
ဒါကြောင့် တရားဟာ တတိယအရွယ်မှ ရှာရမှာမဟုတ်ဘူး။ အရွယ်သုံးပါးလုံးမှာ ရှာပြီး ရှိနေရမယ်လို့မြင်မိပါတယ်။
ဘုရားထက်လက်က ၇=နှစ်သားနဲ့ တရားရသွားကြတဲ့ ရှင်သာမဏေလေးတွေကို ကြည့်ရင် သိနိုင်မယ်ထင်ပါတယ်။

အားလုံးအတိုချုံးရင်… တရားဆိုတာ တတိယအရွယ်မှ ရှာရမှာ မဟုတ်ဘူး။
တရားဆိုတာ သီးသန့်ရှာနေရမှာလဲ မဟုတ်ဘူး။
တရားဆိုတာ လူတွေ မဆောင်နိုင်တဲ့အရာမျိုးလဲ မဟုတ်ဘူး။
တရားဆိုတာ လူတွေဆောင်ထားလို့ လူတွေမှာ ဆင်းရဲစေတဲ့..လူဘဝနိမ့်ကျစေတဲ့အရာလဲ မဟုတ်ဘူး။
လူ့အလုပ်တွေပစ်ပြီးမှ ရှာလို့ရတဲ့ အရာလဲ မဟုတ်ဘူး။
တရားဆိုတာ အရွယ်သုံးပါးလုံးမှာ……… လူ့လုပ်ဆောင်ချက်တွေထဲမှာ ရှိနေရမှာ။
ဒါကြောင့် ကျွန်တော်ပြောချင်တာက
ပထမအရွယ်မှာ တရားသဖြင့် ပညာရှာပါ။
ဒုတိယအရွယ်မှာ တရားသဖြင့် ဥစ္စာရှာပါ။
တတိရအရွယ်မှာ… တရားသဖြင့် ပထမ ဒုတိယအရွယ်က ရှားထားတာတွေကို တရားသဖြင့် သုံးဆောင်ခံစားပါ။

လူ့လှုပ်ရှားမှုအားလုံးကို တရားသဖြင့်…တရားစွာနဲ့..လှုပ်ရှား ….ပြောဆို….လုပ်ကိုင်…..နေကြပါလို့…
စာဖတ်သူ ကျွန်တော့်မိတ်ဆွေများကို စဉ်းစားစေလိုတဲ့ စေတနာသန့်သန့်ဖြင့်…….

23 comments

  • မောင်ပေ

    July 21, 2012 at 9:18 am

    တရားမျှတ သမာအာဇီဝနဲ့ ရှာဖွေစားသောက် ဘဝကို ထိန်းကြောင်းခဲ့ရာမှာ မမျှတမှု အညစ်ခံရမှု ပါဝါပြခြိမ်းခြောက်မှုတွေ တစ်တန်းကြီး စောင့်နေပါတယ်
    တစ်ကွေ့မဟုတ် တစ်ကွေ့မှာ ဆုံရကြုံရမှာပါ
    တရားကို နတ်စောင့်တယ်လို့ရှိပေမယ့်
    အဲဒီနတ်ခဗျာလဲ စက္ကန့်နဲ့အမျှ ပြဿနာပေါင်းစုံ လိုက်ရှင်းနေရတယ် ထင်ပါရဲ့
    ကိုယ့်ဆီကို အခုထိရောက်မလာသေးဘူး
    ဒါဆို နိုင်ငံခြားထွက်ကွာလို့ ပြောရင်လဲ
    ဇာတိကို မခွါနိုင်ပြန်ဘူး အူးဘဇင်းရေ

    • Nyein Nyein

      July 21, 2012 at 12:57 pm

      ဦးပေရေ……… ငြိမ်း နာကြားမှတ်ထားတာလေးတစ်ခုရှိပါတယ်။ တရားမျှမျှတတ နဲ့ နေမယ်၊ပြောမယ်၊ လုပ်ကိုင်မယ်ဆိုရင် အဲဒီ့အကျိုးတွေကို ပြန်ရမှာပါ။ ဘယ်အချိန်ရမှာလဲဆိုရင်တော့ အကျိုးပေးမယ့်အချိန်ပေါ့နော်။ ကိုယ်က အဲ့ဒီလို တရားမျှမျှတတ နဲ့ နေထိုင်၊ လုပ်ကိုင်နေလို့ ဒီလောက်ခံရတာလို့ပဲ မှတ်ပါတဲ့။ အဲ့ဒီလိုမှ မဟုတ်ရင် ဒီ့ထက်ပိုဆိုးနိုင်တယ်ဆိုတာကို သိထားပါတဲ့လေ။ ဒါကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့က အဓိကပဲလို့ ထင်ပါတယ် ဦးပေရေ………….
      မှတ်ချက်။ ။ ဆရာကြီး ဝင်လုပ်တာမဟုတ်ပါဘူးနော်။ ငြိမ်းသိထားတာလေးကို ပြန်လည်မျှဝေတဲ့ သဘောပါ။

  • ဇောက် ထိုး

    July 21, 2012 at 11:39 am

    ကိုယ်က တရားနဲ့အညီ ရှာဖွေ လုပ်ကိုင်နေပေမယ့် ….. တရားနဲ့မညီတဲ့လူတွေ..လုပ်ရပ်တွေနဲ့တွေ့လာကြရတာ ထုံစံလိုဖြစ်နေပါတယ်။
    အဲဒီတရားနဲ့မညီတဲ့သူတွေ….လုပ်ရပ်တွေကြောင့်ပဲ… လူလောကကြီး မငြိမ်းချမ်းတာဆိုတာ ပီပီပြင်ပြင် မြင်စေချင်တယ်။
    ဒါကြောင့် လူ့လောကကြီးငြိမ်းချမ်းဖို့အတွက်… လူတွေ တရားရှိဖို့… တရားနဲ့အညီ လုပ်ကိုင်ကြဖို့ နိုးဆော်နေကြရတာပေါ့။

    အဲဒီလို တရားနဲ့အညီ မလုပ်ကိုင်…မပြောဆို… မကြံစည်ကြတဲ့ အဲဒီလူတွေလဲ ……ပူလောင်နေကြမှာပါ။
    ဖခင်သတ်ပြီး ဘုရင်လုပ်နေတဲ့ အဇာတသတ်ကြီး ညကောင်းကောင်းအိပ်မပျော်သလိုပါပဲ….

    သူတို့အရသာရှိနေမှာပါဆိုရင်တောင်…. ဝဲပေါက်လို့ ဝဲကုတ်နေရတဲ့ အရသာမျိုးနေမှာပါ။
    တရားနဲ့အညီလုပ်ကိုင်ပြောဆိုကြံစည်နေသူတွေရဲ့ အရသာက ဝဲပျောက်လို့ လွတ်မြောက်သွားတဲ့ အရသာမျိုးပါ။

    သူများမတရားတာတွေလုပ်လို့ ကိုယ်ခံရတာထက်.. ကိုယ်ကိုတိုင်တော့ မတရားတဲ့သူ…တရားနဲ့မညီတဲ့သူမဖြစ်အောင်တော့ ကျိုးစားကြတာပေါ့ ဦးပေရယ်….

    ကိုယ်မကောင်းတဲ့…. နူနေတဲ့ သူနားနေရတာလဲ အနံ့လဲဆိုး… စိတ်လဲဆင်းရဲဆိုတာ ခံစားရမှာပေါ့။
    ဒါပေမယ့် အရေးကြီးတာက…ကိုယ်ကိုတိုင် ကိုယ်မကောင်းသူ “နူနေသူ” မဖြစ်အောင်ကြိုးစားကြရမှာ မဟုတ်လား…..

    • kai

      July 21, 2012 at 2:08 pm

      ဇမ်ဗုဒ္ဓဘာသာရဲ့.. ငါးပါးသီလထဲ..
      သူတပါးပစ္စည်းလည်းမခိုးယူရဘူး.. ခိုးသူကိုလည်း တွေ့ရင်တားမြစ်ရမယ်..
      သူတပါးအသက်မသတ်ရဘူး.. သတ်သူကိုလည်း တားမြစ်ရမယ်.. စသဖြင့်.. ကိုယ်ကိုယ်တိုင်ဆောက်တည်ယုံတင်မက.. သူတပါးကို..တိုက်တွန်း/တားမြစ်တာမျိုးပါတယ်..

      ဆိုတော့..
      ဂျပန်နိုင်ငံက.. ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာတာပေါ့..
      ချိုင်းနားလည်း… ဒီလမ်းလျှောက်လာတာပဲ..

      မြန်မာတွေဟာ…
      ကိုယ်ကိုယ်တိုင်..သီလရှိသူ. ငြိမ်းချမ်းသူ… ကောင်းသူဖြစ်အောင်လုပ်ယုံတင်မဟုတ်..
      သူတပါးလည်း..သီလရှိသူ. ငြိမ်းချမ်းသူ… ကောင်းသူဖြစ်အောင်.. ပြောဆို..စည်းရုံး.. တိုက်တွန်း.. တားမြစ်သင့်တာတွေ..တားမြစ်ရမယ်လို့.. ထင်မိတယ်..
      ဒါကို..
      သာသနာပြုတာလို့.. ပြောချင်ပြောပေါ့…
      ဗုဒ္ဓပြောခဲ့သလို..
      ရဟန်းတို့.. တကြောင်းထဲခရီး.. ၂ပါးမကြွနဲ့ဆိုတဲ့သဘောမျိုးလို့ထင်မိတယ်..

      ဗုဒ္ဓဘာသာဝင်တိုင်းမှာ.. တာဝန်ကိုယ်စီရှိကြပါတယ်..။

      • ဇောက် ထိုး

        July 21, 2012 at 4:16 pm

        ဦးခိုင်ရေ… ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ တကယ်က သီလမှာ အဲဒီအတိုင်းပဲ။
        သီလမှာ နှစ်မျိုးရှိတယ်။ ပါဠိလိုဆိုရင်… စာရိတ္တ နဲ့ ဝါရိတ္တ။
        မြန်မာလိုဆိုရင်တော့ မကောင်းတာ မလုပ်တာနဲ့ ကောင်းတာလုပ်တာ။ ဒီနှစ်ခုပဲ။
        ဒါပေမယ့်ဒီနေ့မြန်မာမှာ လူတွေသိနေကြတာက မသတ်တာ..မခိုးတာ.. မလိမ်တာ..ကိုပဲ သီလ…လို့သိနေကြတယ်။ မဟုတ်ဘူးလားဆိုတော့လဲ ဟုတ်တယ်။ ဒါပေမယ့် မပြည့်စုံဘူး။

        ဒါက သီလ တခြမ်းပဲရှိသေးတယ်ပြောရမယ်။ သီလအပြည့်ရှိဖို့ဆိုရင်……..
        မသတ်သလို…. မသေအောင်စောက်ရှောက်ဖို့လဲလိုတယ်။
        မခိုးတာက ဝါရိတ္တ(မကောင်းတာ မလုပ်တာ) အခိုးမခံရအောင် စောက်ရှောက်ပေးတာက စာရိတ္တ။ ကောင်းတာလုပ်ပေးတာ…

        သူ့သားသမီး မစော်ကားတာက…. ဝါရိတ္တသီလတခြမ်း။
        သူ့သားသမီး အစော်ကားမခံရအောင်…စောက်ရှောက်ပေးတာ…ကာကွယ်ပေးတာက စာရိတ္တသီလတခြမ်း။ အဲဒီလို အများကြီးပဲဗျာ….
        လူတစ်ယောက်က မသတ်ရုံလေး… မခိုးရုံးလေး… မလိမ်ရုံလေး…နေရုံနဲ့ သီလလုံတယ်ဆိုပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူး။
        တကယ်က.. သူ့များအသက်တွေကယ်ဖို့.. ရပ်ကွက် ရပ်ရွာ တိုင်းပြည်စောင့်ရှောက်ဖို့…
        ဒါတွေကို သီလလို့ မသိကြဘူး။။

        အနောက်နိုင်ငံတွေမှာ…. အသက်ကယ်ဆယ်ရေးတွေဟာ.. သွေလှူတာတွေဟာ ပါဏာတိပါတရဲ့ စာရိတ္တပဲ။
        အမျိုးသမီးအခွင့်အရေးအဖွဲ့တွေ….လိမ်ကျွန်ပြုမှု တိုက်ဖျက်ရေးတွေဟာ ကာမေသုမိစ္ဆာစာရရဲ့ စာရိတ္တသီလပဲ။
        မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေလုပ်ရပ်တွေဟာ သူရာမေရယ ရဲ့စာရိတ္တသီလတွေပဲ။
        သူတို့က သီလလို့မသိပေမယ့် အဲဒီလုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာအရတော့ စာရိတ္တသီလတွေပဲ။
        အားမရဘူးဗျာ…. သီးသန့်ပို့စ်တင်နိုင်အောင် ကျိုးစားပေးပါမယ့်။
        အတိုချုပ်ပြောရရင်…ဦးခိုင်ပြောတာတွေ မှန်လွန်းလို့.. ကျွန်တော်တို့ဘာသာမှာလဲ အဲဒါအဓိကဆိုတာ ပြောချင်လွန်းလို့…
        ရင်ထဲတမျိုးကြီးကို ခံစားလိုက်ရတယ်။
        ဘုရားက သီလရှိရင် ချမ်းသာရမယ်ဆိုတာ အတိအကျကိုပြောခဲ့တယ်။
        မြန်မာနိုင်ငံလောက် သီလယူတဲနိုင်ငံ ဘယ်နိုင်မှ မရှိနိုင်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ မတိုးတက်ဘူး။ အဲဒါဘာကြောင့်လဲဆိုရင်… မကောင်းတာတွေ မလုပ်ဘဲ ရှောင်ကြဉ်တာကိုသာ သီလလို့ သိကြပြီး…
        ကောင်းတာတွေလုပ်တာလဲ သီလလို့ မသိကြလို့……
        သရက်စေ့ တခြမ်းစိုက်လို့ကတော့ အပင်ပေါက်မှာမဟုတ်ဘူး။ တော်ပါပြီဗျာ…..အားမရဘူး။

      • အရီးခင်လတ်

        July 22, 2012 at 4:40 am

        သူကြီး ကို တော့ ရန်စ ချင်ပါတယ်။
        ခရစ်ယာန် ရဲ့ 10 commandments ထဲမှာလဲ သူများ ကို မသတ်ရ၊ သူများဥစ္စာမခိုးရ၊ သူများကို မမှန်တာမပြောရ၊ သူများ သားမယား မကျူးလွန်ရ ပါပါတယ် မဟုတ်လား။ (အရက်သေစာ သောက်စားခြင်း တော့မပါ ;-))
        ကျန် ဘာသာတွေ မှာလဲ ထိုနည်း အတိုင်းတွေ ရှိမှာပါ။
        ဒီတော့ ငါးပါးသီလ ထဲ က ၄ပါး ကတော့ ဘယ်ဘာသာ မဆို ဘာသာရေး ကို အလေးထားသူတိုင်း လိုက်နာ မယ် ထင်တာဘဲ။
        ဒါ့အပြင် ဘာသာမရှိ သူတွေ တောင်မှ သူများကိုသတ်ရင်၊ သူများဥစ္စာခိုးရင်၊ သူများ သားမယား ကျူးလွန် ရင်၊ လိမ်လည်လှည့်ဖျားရင် ဥပဒေ က အရေးယူ တာ မို့ တော်ရုံလူ မကျူးလွန် ပါဘူး။
        ဒီ တော့ ဒီ အခြေခံအချက်တွေ နဲ့ သာသနာပြု မယ် ဆိုရင်တော့ ဗုဒ္ဓဘာသာ သာသနာ ပြုတာ လို့ သတ်မှတ်ပြီး ခေါ်လို့ ရမှာ မဟုတ်ပါကြောင်း သူကြီးမင်း ရှင့်။

        နောက်ပြီး
        သူများ ကို မသတ်ဘူး၊ ဒါပေမဲ့ ဒေါသအရမ်းကြီး တယ်။
        သူများဥစ္စာမခိုးဘူး၊ ဒါပေမဲ့ လောဘ တကြီး နဲ့။
        သူများကို မမှန်တာမပြောဘူး၊ ဒါပေမဲ့ ဝန်တို မနာလိုမှု များမယ်။
        သူများ သားမယား မကျူးလွန်ဘူး၊ ဒါပေမဲ့ သူတပါး ကို မကူညီ မစောင့်ရှောက်တတ်ဘူး။
        အဲဒါမျိုးကျ လဲ တစ်မျိုးဖြစ်ပြန်တာဘဲ။

        စောစော ကလိုဘဲ ကျွန်မ အတွေးကြောင် တွေပါ။ အမှား ဆိုလဲ စိတ်ထဲ မထားကြပါနဲ့။ 😛

        • ဇောက် ထိုး

          July 22, 2012 at 7:00 am

          မှောင်နှောင်….မှောင်နှောင်…..မှောင်နှောင်…..မှောင်နှောင်…..
          ဒုတ်တွေရမယ်… ဓားတွေရမယ်…
          ဒုတ်တွေရမယ်……..ဓားတွေရမယ်…….. အုတ်ခဲကျိုးတွေလဲ ဈေးချိုတယ်နော်…
          ပျော်လိုက်တာ……………………

  • Nyein Nyein

    July 21, 2012 at 12:52 pm

    လေးလေးဇောက်ရေ………. ပထမဦးဆုံးအနေနဲ့ တောင်းပန်ပါတယ်လို့ ပြောပါရစေ။ တတိယအရွယ်မှာ တရားရှာဆိုတဲ့ ခေါင်းစဉ်ကို အရင်ဖတ်မိတော့ အပြစ်တင်၊ အပြစ်မြင်မိသွားလို့ပါ။ စာသေချာဖတ်ပြီးမှပဲ လေးလေးဇောက် ပြောချင်တာကို သိရလို့ အပြစ်မြင်မိတာကို တောင်းပန်ပါတယ်နော်။
    လေးလေးဇောက် ပြောသလိုပဲ တရားကို တတိယအရွယ်မှ ရှာရမယ်ဆိုတာကို ငြိမ်းလည်း လက်မခံပါဘူး။ တတိယအရွယ်မှ တရားရှာရမယ်၊ကျင့်ရမယ် ဆိုရင် ကျန်တဲ့အရွယ်နှစ်ခုမှာ တရားကိုရှာစရာမလိုဘူး။ကျင့်စရာမလိုဘူး လို့ဖြစ်နေမှာပေါ့။ တရားနဲ့မနေတဲ့အချိန်တိုင်းဟာ မတရားနဲ့ နေနေတာပါပဲလို့ နာကြားဖူးပါတယ်။ ဒါကြောင့် တတိယအရွယ်မှ တရားရှာရမယ်၊ကျင့်ရမယ် ဆိုတာကို လက်မခံနိုင်တာပါ။ လေးလေးဇောက်ပြောသလိုပေါ့။
    ပထမအရွယ်မှာ တရားသဖြင့် ပညာရှာပါ။
    ဒုတိယအရွယ်မှာ တရားသဖြင့် ဥစ္စာရှာပါ။ ဆိုတာလိုမျိုး ဖြစ်သင့်တာပါ။ အခုလိုမျိုး အသိ၊ သတိပေး ပေးတဲ့အတွက် ကျေးကျေးပါ လေးလေးဇောက်ရေ……………..

    • ဇောက် ထိုး

      July 21, 2012 at 6:18 pm

      မငြိမ်းရေ…. မငြိမ်းပြောတဲ့““တရားနဲ့မနေတဲ့အချိန်တိုင်းဟာ မတရားနဲ့ နေနေတာပါပဲလို့ ”” ပါပဲ ဆိုတဲ့ စာလေးက အရမ်းကိုကောင်းပါတယ်။
      ကျွန်တော်တို့ လူတွေက တရားကိုကြီးမှရှာကြပါတယ်။ ပထမ သိရမှာကတော့ တရားကို ဘာကြောင့်ရှာတာလဲ… ဘာသုံးဖို့လဲ….. စသဖြင့် အဲဒီကစ စဉ်းစားနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်။
      ကျွန်တော်ကို မတောင်းပန်လဲရပါတယ်။ ကျွန်တော်ဖြင့် သိတောင် မသိလိုက်ဘူး။ မငြိမ်းကို သိစေ ချင်တာက “တကယ်လို့ ကျွန်တော့်ကို မငြိမ်းက မကျေမနပ်ဖြစ်လိုက်မယ်ဆိုရင် အဲဒီ မကျေမနပ် ဖြစ်တဲ့ စိတ်က မငြိမ်းကိုပဲ ဆင်းရဲစေမှာလေ…. ”ကျွန်တော်က သိချင်မှတောင် သိမှာ…ဒါပဲနော်…

  • same kyaw

    July 21, 2012 at 5:01 pm

    ကိုဇောက်ထိုးရေးတာ ကောင်းလွန်းတဲ့ အပြင်ဆွေးနွေးထားတာနဲ့ပေါင်းလိုက်တော့ ပိုပြီးရှင်းသွားတယ်။လက်မတချောင်းထောင်သွားပါတယ်။

  • ဇောက် ထိုး

    July 21, 2012 at 6:20 pm

    ကျော်ရေ… ခုလို ဝင်ရောက်အားပေးတာကို ကျေးဇူးပါနော်….

  • အလင်းဆက်

    July 21, 2012 at 6:43 pm

    တရားသဖြင့်..ဖတ်ရှုပြီး..တရားသဖြင့် …စဉ်းစား သွားပါတယ်..ဇောက်ဇောက်ရေ..။

    ကျွန်တော်….ချစ်တဲ ့တရားစကားလေးတွေ…မမောမပန်း.တင်ပြပေးနေလို ့..ရင်ထဲ.ကနေ..ကျေးဇူးတင်..
    လေးစားနေမိပါတယ်..လို ့ ။

    ခင်မင်လေးစားစွာ…

  • ဇောက် ထိုး

    July 21, 2012 at 6:50 pm

    အလင်းရောင်တွေ ဆက်ရနေသမျှ…ကျွန်တော် မောမှာမဟုတ်ပါဘူးဗျာ…. အလင်းရောင်တွေဟာ ကျွန်တော့် အတွက် အမောပြေဆေးတွေပါပဲ…. ကျွန်တော့်ကို အမြဲတိုက်ကျွေးနိုင်ပါစေ…..

  • အလင်းဆက်

    July 21, 2012 at 7:03 pm

    စာပေ….ရေးသား..ပြီး…တွေးမိသမျှကို..ရေးမိနေသမျှ…အချိန်ကာလ…တိုင်းဟာ..
    ကျွန်တော်…ပေးနိုင်သလောက် အလင်းကလေး.တစ်ပိုင်းတစ်စ ကို..ပေးနေချိန် ပါပဲ..ဗျာ.။

    နောင်ကြိး..ရေ….နောင်ကြီးတို် ့… ကျွန်တော်..တို ့လို
    တွေးမိသမျှ ကို…ရေးသားပြီး…
    အများ..ဖတ်ရှု..တွေးတော့ နိုင်အောင်…ဖြန့်ဝေ..ပေးနေသူမှန်သမျှ…ဟာ
    အလင်းတွေ…( ကိုယ် တတ်နိုင်သလောက်ပေါ့လေ)
    အလင်း….. တွေ.. ဆက် သွယ်..ပေးနေတာပါပဲ..။
    ဟုတ်ဘူးလား..။ အဟိ ။

    ခင်မင်လျက်

    • ဇောက် ထိုး

      July 21, 2012 at 8:52 pm

      ကျွန်တော် ဒီမှာ စာရေးနေတာကတော့…. ကျွန်တော်သိထားတာ ခံယူထားတာလေးတွေကို နှီးနှောပြီး ဝေဘန်မှုခံယူချင်လို့ပါ။ နောက်ပြီး ကျွန်တော်သိတဲ့ အသိလေး တွေဟာ လူတွေအတွက် အသုံးဝင်ပြီး ကောင်းကျိုးပြုမယ့် အနေအထားလေးတွေ ရှိတယ်လို့ယူဆမိလို့ပါ။
      နောက်လက်တွေ့လဲ ပြန်ပြီး ဝေဘန်ထောက်ပြပေးတာ…ဆွေးနွေးကြတာဟာ ဘာနဲ့မှမလဲနိုင်တဲ့ အမြတ်လို့ခံယူမိလို့ပါ။
      ကျွန်တော်တို့ ငွေရလို့ ရေးနေကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နာမည်ကျော်ဖို့ရေးနေကြ တာမဟုတ်ပါဘူး။ ကျွန်တော်တို့ အသိကို အခမဲ့ ဖြန့်ဝေလက်ဆင့် ကမ်းနေကြတာလို့ ခံစားမိပါတယ် ကိုအလင်းဆက်ရယ်….

  • မဟာရာဇာ အံစာတုံး

    July 21, 2012 at 7:38 pm

    ဟုတ်ပါတယ် ..
    တတိယ အရွယ်မှာမှ မဟုတ်ပါဘူး …
    ကျန်တဲ့ အရွယ်တွေမှာလည်း တရားသဖြင့် နေကြရမှာပါ ..

    နီတိတစ်ခုထဲမှာတော့ ကျနော် ဖတ်ခဲ့ဖူးပါတယ် ..
    ဥစ္စာစီးပွား ရှာချိန်မှာ
    မိမိကိုယ်ကို မအိုမသေမည့်သူကဲ့သို့ ရှာပါတဲ့ ..
    (ဒီလိုဆိုရင်လည်း တရားသဖြင့် ရှာလို့ ရတာပဲနော့)

    တရားရှာချိန်မှာတော့
    သေမင်းက ကိုယ့်ခေါင်းကို ဆုပ်ကိုင်ပြီး ထားသကဲ့သို့
    တရားရှာပါဆိုပဲ …

    • ဇောက် ထိုး

      July 21, 2012 at 8:59 pm

      အော်… ကိုမဟာ……ရာဇာ……….အံဇာတုံးရေ… ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      တချို့က ပြောကြတယ်ဗျ… စီးပွားဥစ္စာတွေက သေရင် ကိုယ့်နောက်မပါဘူးတဲ့။ သိပ်ပြီးလောဘ ကြီးမနေနဲ့တဲ့….

      ဟုတ်ပါတယ်… ဒါပေမယ့် ကျွန်တော်စဉ်းစားမိတာက… သေရင်ကိုယ့်နောက်ပါဖို့ စီးပွားရှာတာလား…… အိုးတစ်လုံးဟာ တစ်နေ့ကွဲမှာဆိုတာ လူတိုင်းသိပါတယ်။ ကွဲမှာအတူတူ ဘာကြောင့် အလုပ်ရှုပ်ခံပြီး မြေကြီးတွေတူး…မြေကြီးတွေသယ်…ရေတွေနဲ့နှပ်… အိုးပုံတွေဖော်… ထင်ကုန်ခံ မီးပူခံပြီး မီးဖုတ်ခဲ့ကြတာလဲ… ကွဲမှာအတူတူ အိုးဆိုတာ လုပ်မနေနဲ့ ဆိုရင် မှန်ပါ့မလား……
      သရက်ပင်စိုက်နေတဲ့ အဖိုးအို ဇာတ်လမ်းလေး စဉ်းစားရင်လဲ ပေါ်နိုင်ပါတယ်။
      ကျွန်တော်က အတော်လေရှေတဲ့ကောင်မို့ စာရှေရင် သီးခံဗျာ….

      • မဟာရာဇာ အံစာတုံး

        July 21, 2012 at 9:03 pm

        အမငေး ..
        အူးဘဇင်းဇောက်ရယ် ..
        (သူများ ခေါ်သလို ခေါ်ကြည့်ဒါ)
        ပြောလေ ဗဟုသုတ ရလေပေါ့ ခညာ ..
        ပြောတာ ပြောဘာဗျာ ..
        အနော့် နံမယ် ခေါ်ရဒါ မောဒယ် ဆိုရင်လည်း
        ဘိုအံ၊ အံကြီး စသည်ဖြင့် ခေါ်ပေါ့ဂျာ ..
        ဒါနဲ့ စကားစပ်တုံး ကျုပ်အရင်ဂ နံမယ်ကို ပြောရဦးမယ် ..
        အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး …. တဲ့ ခညာ့ .. အဟီးးး 😀

        • ဇောက် ထိုး

          July 21, 2012 at 9:27 pm

          ကို….. မဟာ့ မဟာ..အနန္တ စကြဝဠာ မဟာရာဇာ့ ရာဇာ အံစာတုံး ….ဟီးးးးးးးးးးးးးးးးးးရယ်လို့တော့ ကောင်းဟ….ဟိုဟိုဒီဒီလျှောက်ပြောမနေနဲ့… ရတနာသိုက်ကို မြန်မြန်ရအောင်လုပ်…ပြီးရင်…………………သွားမယ်….

  • သန်းထွဋ်ဦး

    July 21, 2012 at 7:58 pm

    ကိုဇောက်ထိုးရေ
    ပထမအရွယ် ပညာရှာတော့လဲ စာခိုးချကြတယ်၊
    ဒုတိယအရွယ် စီးပွားရှာတော့လဲ မတော်လောဘနဲ ့မို ့
    တတိယအရွယ်၌———????

  • ဇောက် ထိုး

    July 21, 2012 at 8:46 pm

    ကိုသန်းထွဋ်ဦးရေ…. အဲဒီလိုဆို လူတွေဟာ ဘယ်အချိန်မှာ တရားနဲ့နေကြသလဲ….
    တရားဆိုတာ… လက်ရှိဘဝမှာ အသုံးချစရာလို့ မမြင်ကြဘူး။ လက်ရှိကိုယ့်ဘဝမှာ ငြိမ်းချမ်းစေဖို့လို့ မစဉ်းစားကြဘူး… အဲဒါ အနစ်နာဆုံးထင်တာပဲ။
    ဒါကြောင့် တရားကို လူတွေက အသုံးချစရာအဖြစ်နဲ့မမြင်ကြ… မသိကြတော့ သိပ်ပြီးတန်ဖိုးလဲ မထားကြဘူး။
    တခါ တရားကို တန်ဖိုးထားသူတွေကြတော့လဲ… အသုံးချဖို့အနေအထားနဲ့ တန်ဖိုးထားတာ မဟုတ်ပြန်ဘူး.. အလှပြပစ္စည်းလို…. ရှေးဟောင်းပစ္စည်းလို… အမွေလိုနဲ့ တန်ဖိုးထားကြပြန်ရော့….
    ကျွန်တော်တင်ပြခဲ့ဖူးသလို…. ဘုရားရဲ့ ထမင်းစားနည်း…. အဝတ်ဝတ်နည်း……….စကားပြောနည်း…… အလုပ်လုပ်နည်း………….. စီးပွားရှာနည်း…………စိတ်ချမ်းသာအောင်နေနည်း………….. အဲဒီလိုတွေ တရားဆိုတာ အသုံးချရမယ့်ဟာတွေလို့ကျွန်တော်က မြင်နေတာပါဗျာ…
    ကိုသန်းထွဋ်ဦးရေ…စာရှေသွားတာ ဆောရီးနော်….

  • အရီးခင်လတ်

    July 22, 2012 at 4:37 am

    ဒီ အရီးတော့ လာရှုပ်ပြန်ပြီ လို့ တွေးမှာ မဟုတ်ကြောင်း သေချာပါတယ် မဟုတ်လား။
    အရင်ဆုံး လက်မ ထောင်ထားကြောင်း ပြောချင်ပါတယ်။ 🙂

    ကျွန်မလဲ အဲဒီ “တတိယ အရွယ်မှာ ဘာဝနာ ” စကားကို အဖိုး၊အဖွား တွေ ရဲ့ သတိပေးမှု နဲ့ ကြားဘူးခဲ့ပါ။ အဲဒီ ချိန် အထိ စောင့်ပြီး မှ ဘာဝနာ မရှာ ဖို့ပါ။
    သူတို့ အိုလာချိန်မှာ နာတာပါတွဲပါလာတာ မို့ အဲဒီ အချိန်ကျတော့ တရားထိုင်တယ် ဆိုတာ ထိုင်မှတ်နေလို့မရတော့ ဘူး။ အိပ်ရင်းမှာကြရပါတယ်။
    ဝေဒနာ သက်သာအောင် ပေးတဲ့ ဆေးတွေ ကလဲ အမြဲအိပ်ချင်နေပြီး လူကို နုံး စေသတဲ့။
    အရင်ကထဲ က ဝေဒနာ ကို မှတ်လေ့မရှိခဲ့ရင် နာချိန်ကျမှ ကြိုးစားလို့ မရ တော့ဘူး ဆိုတာ ကို သူတို့ အားလုံး လက်တွေ့ သက်သေပြခဲ့တာပါ။

    ဆက်ပြီး တော့ မတူတဲ့ ရှူဒေါင့်က ပြောပါမယ်။
    ဒီလို ပြောတာလဲ သိလွန်းလို့ ပြောတာ မဟုတ်ပါ။
    တစ်ခြားဘက် က တွေး ကြည့် မိတာလေးပါ။
    ဟိုး ရှေးတုန်း က စကား တွေ က သူတို့ အချိန်မှာ သူတို့ တော့ မှန်နေလောက်ပါတယ်။
    ကျွန်မ ထင်တာတော့ ရှေးတုန်းက ပညာရှာတာ မှာရော၊ ဥစ္စာရှာရာမှာရော ဒီခေတ်လို မတရား သဖြင့်မှု တွေ မရှိသလောက်ရှားနိုင်ပါတယ်။
    အဲဒီ ချိန်မှာ သမာအာဇီဝ ဆိုတာ ကို လက်ကိုင်ထားနေကြဖို့ များမှာပါ။
    နောက်ပြီး အဲဒီခေတ်က ဒီနေ့ ခေတ်လို Multitasking လုပ်လို့ရတဲ့ နည်းတွေ ကို သိချင်မှ သိမှာကိုး။
    နောက်မှ ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ အရွယ်မရွေး သေတတ် တာ ကို သဘောပေါက်လာကြတာနေမှာ လို့ ထင်ပါတယ်။
    တကယ်တော့ ရှေးစကား ဆိုတာ အီဗော်လူးရှင်း လို တဖြေးဖြေး နဲ့ အချိန် ကာလ ဒေသပေါ် လိုက်ပြီး ပြောင်းကြမှာပါ။
    ဒီတော့ ရှေးစကားတစ်ချို့ က အခုချိန် နဲ့ အံမဝင်တာတွေ ရှိရင် ဒါတွေဟာ အမှား လို့ တော့ မပြောသင့် ဘူး လို့လဲ တွေးမိပါတယ်။

    အခု ဆိုရင် ကြည့်ပါလား။
    ဒုတိယ အရွယ်မှာ လဲ စာသင်နေရတုန်း၊
    ကျွန်မ ထင်တယ်။ တတိယ အရွယ်မှာတောင် လွတ်ပါဦးမလားဘဲ။
    တွေးကြည့်တာနော်။ လွဲချင်လဲ လွဲမပေါ့။ 😉

    ဒါထက် ရှေးစကားတစ်ခု။ နောင် ဆိုရင် “ဒန့်ကျွဲပင် ပခက်ဆင်” မဟဲ့ လို့ အဖွားတို့တုန်း က နမိတ်ဖတ်ခဲ့တာ အခုခေတ်မှာ ပခက် ဆင်စရာမလိုအောင် တားမြစ်နည်းမျိုးစုံတန်ခိုး နဲ့ အစွမ်းပြနေကြသလား။ ဒီတော့ စကားမှား တယ် ဆိုမလား။ မှန်တယ် ဆိုမလား။ 🙄

    ကျွန်မ အတွေးကြောင် တွေပါ။ အမှား ဆိုလဲ စိတ်ထဲ မထားကြပါနဲ့။ 😛

  • ဇောက် ထိုး

    July 22, 2012 at 7:15 am

    အရီးနော်…ကျွန်တော်ရန်ဖြစ်ရလိမ့်မယ်။ ဘာမှမသိဘူး…ဘာမှမသိဘူး..ဆိုတာတော့ ကျွန်တော်မကြိုက်ဘူးဗျ….
    တကယ်တော့ ကျွန်တော်ဖြင့်အရီးတို့လိုတောင် စွယ်စုံတော့ မတတ်ဘူး။ မသိဘူး.. တကယ်ဘာမှသိပ်မသိဘူး။။။
    ဒါပေမယ့် ကျွန်တော်သိထားတာ တစ်ခုတော့ရှိတယ်….. ငါသိတာလေးကိုတော့.. သိတယ်လို့ပီပီပြင်ပြင်ဖြစ် အောင်လုပ်မယ်လို့ ကျိုးစားထားတာပါ….

    နောက် ကျွန်တော် သတ္တိကောင်းစေတဲ့ အရာတစ်ခုလဲ ရှိတယ်။ အဲဒါကတော့ ….ကျွန်တော် မသိတာဆိုရင် မသိဘူးလို့ ပြောရတာကို သိပ်ပြီးအရသာရှိတာပဲ။ အဲဒါ ကျွန်တော့်သတ္တိကောင်းဆေး……

    ဟိုတုန်းက….. စောစောထ …မျက်နှာသစ်….သွားတိုက်…လို့ရခဲ့တယ်။ အဲဒီအတိုင်းလဲ လုပ်ခဲ့ပါတယ်အရီးရယ်။
    အခုကြတော့..သွားဆိုတာက စားပြီးသွားချေမှာ အစ်ဓာတ်မဖြစ်အောင်တိုက်ရမှာတဲ့…ပြောင်းသွားပြီတဲ့။
    ““ထမင်းစားပြီး… အိပ်ခါနီး… မငြီးသေချာ သွားတိုက်ပါတဲ့”” သိသွားပေမယ့် မနက်အိပ်ယာထတိုင်း သွားတိုက်တဲ့အကျင့်ကတော့ ပါနေသေးတယ်။ အခု ၂=လလောက်တော့ရှိသွားပြီး ညတိုင်းသွားတိုက်လာတယ်။ အရင်က မနက်တိုက်တာ….
    အဲဒီလို ညွှန်ပြမှုတွေလဲ ပြောင်းလဲနေပါတယ်အရီးရယ်။ ဒါပေမယ့် ညွှန်ပြချက်ပြောင်းသွားပေမယ့် လိုက်နာဖို့ကျတော့ ချက်ခြင်းလိုက်နာဖို့ သိပ်ခက်တယ်။

Leave a Reply