အနုပညာဆိုတာ…
အနုပညာဆိုတာ…
လျှပ်ကူးပစ္စည်းတစ်ခု
ရင်းနှီးဖူးသူတိုင်း နှလုံးအထိ ကူးစက်
ဓာတ်လိုက်လွယ်တယ်။
အနုပညာဆိုတာ…
ဆန့်ထုတ်ထားသော ပင့်ကူကွန်ရက်
အစေးကပ်စွမ်းအင်တွေကြောင့်…
ဝင်တိုးမိသူတိုင်း ရုန်းထွက်ခက်တာချည်း။
အနုပညာဆိုတာ…
အလျား/အနံ ကန့်သတ်ချက်မရှိ
အတိုင်းအတာ သတ်မှတ်လို့မရ
အနတ္တစကြာဝဠာ။
အနုပညာဆိုတာ…
ရေလောင်းတိုင်းလည်း ပွင့်သောပန်း မဟုတ်
ငွေပုံပေးတိုင်း ကျွန်စိတ်လည်း မမွေး
လိပ်ပြာနိုးမှ ပျံတက်သော တောင်ပံ
အနုပညာဆိုတာ…
ပျားပိတုန်းတို့ ဝတ်မှုန်တန်ဖိုး သိသလိုမျိုး
စားသုံးလို့ ခံတွင်းတွေ့သူတိုင်း
သည်းခြေကြိုက် နတ်သုဒ္ဓါဖြစ်တယ်။
အနုပညာဆိုတာ…
ရာစုသစ်ကို ခုတ်မောင်းနေသော ရထားတစ်စင်း
အတိတ်သံလမ်းပေါ်မှာတော့…
ဘီးအရှိန်အားတွေ သမိုင်းခြေရာထွင်းခဲ့…။ ။
စေပိုင်ထွဋ်(ပုသိမ်)
14 comments
snow white
August 5, 2012 at 4:34 pm
အနုပညာဆိုတာ လွယ်တဲ့ကိစ္စမဟုတ်။။ လွယ်လွယ်ဖြစ်တဲ့ အရာမဟုတ်။
စေပိုင်ထွဋ် (ပုသိမ်)
August 7, 2012 at 11:57 am
ဖြစ်ချင်ရင်တော့ စု၊ တု၊ ပြု
ဒါ….အခြေခံပဲ
kotun winlatt
August 5, 2012 at 4:38 pm
အနုပညာခရီးကို အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ပါစေ…။
စေပိုင်ထွဋ် (ပုသိမ်)
August 7, 2012 at 11:59 am
ပေးတဲ့ဆုနဲ့ ပြည့်အောင် ကျွန်တော် ကြိုးစားပေါ့မယ်
မဟာရာဇာ အံစာတုံး
August 5, 2012 at 7:14 pm
ဂလိုဆို ..
အနုပညာ ဆိုတာ စေပိုင်ထွဋ် ဆိုသူရဲ့
ရင်ထဲက ရသတစ်ပါးပါလို့ ဖွင့်ဆိုရင်ကော
လွန်မလားဗျာ ..
စေပိုင်ထွဋ် (ပုသိမ်)
August 7, 2012 at 12:00 pm
မည်သူမဆို ရင်ထဲမှာ ငုပ်နေတဲ့
အနုပညာတစ်ခုမဟုတ် တစ်ခု ရှိကြတာချည်း
ဝေးလွင့်တိမ်
August 5, 2012 at 8:13 pm
အနုပညာဆိုတာ
ထမင်းမစားရတဲ့မာနတွေကို
အတ္တနဲ့သိမ်းထုတ်
ကိုယ့်ကိုကိုယ် အားဆေးလုပ်နေတဲ့အရာ … ။
စေပိုင်ထွဋ် (ပုသိမ်)
August 7, 2012 at 12:02 pm
ဒါလည်း ကိုယ့်ခံယူချက်နဲ့ ကို်ယ် ဗီတာမင်ပဲပေါ့
အတိသဌ္ဇနာဂရ
August 5, 2012 at 8:30 pm
ကိုရော ကဗျာတွေ မရေးတော့ဘူးလား။တလောက ကဗျာလေးကြောင့် စိတ်ပျက်ရောပေါ့။
ဝေးလွင့်တိမ်
August 5, 2012 at 9:24 pm
စိတ်မပျက်ပါဘူးခင်ဗျ .. ။ စိတ်မကြည်လင်သေးလို့ပါ .. စိတ်ရှုပ်နေတုန်းရေးရင် စာကောင်းပေကောင်းမထွက်ဘူးဗျ ။ အဲဒါကြောင့်မရေးသေးတာ … ။ ဟိုကဗျာလေးကြောင့် စိတ်မပျက်ပါဘူး ကွန်မန့် 50 ကျော်ရတာ ပျော်စရာကြီး … ။
မောင်ပေ
August 5, 2012 at 9:28 pm
အနုပညာဆိုတာ
ဖန်တီးသူကိုယ်တိုင်အပြင်မှာငိုချင်ငိုနေမယ်
သူဖန်တီးတဲ့ အနုပညာမှာတော့ ပျော်ရွှင်ခြင်းတွေ ပေးလိုက်ခြင်းပါဘဲ
စေပိုင်ထွဋ် (ပုသိမ်)
August 7, 2012 at 12:06 pm
အဲ့ဒါ စေတနာလို့ ကျွန်တော်ယူဆပါတယ်
အလင်းဆက်
August 6, 2012 at 7:55 pm
အနုပညာ အကြောင်း ပြောတဲ ့…. အတွက် ကျေူးဇူး ပါ ။
စေပိုင်ထွဋ် (ပုသိမ်)
August 7, 2012 at 12:08 pm
ကဗျာလေးကို အားပေးတဲ့အတွက်လည်း ကျွန်တော်ကလည်း ကျေးဇူးပါ။