မြန်မာ့သမိုင်းမှာမော်ကွန်းတင်ခဲ့သောနေ့စွဲ…
ရက်ကိုလစား၊လကိုနှစ်စား သက္ကရာဇ်တွေပြောင်းသွားခဲ့တာ…ေဩာ်..ငွေရတုတောင်ရောက်ပါရော့လား…
တစ်ချိန်တုန်းကနုပျိုလန်းစန်းခဲ့တဲ့ ငါ့ရုပ်သွင်ပြင်လည်း…
ဇရာရိုက်ချိုးလို့ ဆံဖြူသွားကျိုးခဲ့ပြီ…
လက်သီးကိုဆုပ် အားကုန်ထုတ်ကာ
ခေါင်းကိုမော့ ရင်ကိုကော့၍ မာန်ဟုန်ပြင်းနှင့်
ရှေ့သို့ချီမည် ငါတို့ ခွပ်ဒေါင်းအာဇာနည်…
ကဗျာမပီစာမမှီ ရေးဖွဲ့ခဲ့သည်
စာစုလေးပင် ဖြစ်လင့်ကစား ရင်တွင်းပေါက်ဖွား
ငါ့ရဲ့သံစဉ်များ…
ယနေ့(ဩဂုတ်လ၊ရ ရက်နေ့)ညနေ၄း၃ဝ နာရီက ၈၈၈၈အရေးတော်ပုံငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော စက်မူဝန်ကြီးဌာနဝန်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေးဌာနဝန်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အလယ်တိုက်ကြီး၊ဒက္ခိဏရာမဘုရားကြီးကျောင်းတိုက်သို့ရောက်ရှိလာကာ ကျောင်းထိုင်ဆရာတော်များ
အားဂါရဝပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ထိုသို့တွေ့ဆုံရာတွင် မနက်ဖြန်မှာပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ရောက်ရှိလာရခြင်းဖြစ်ကြောင်း၊ထိုသို့လာရောက်ရန်အတွက် သမ္မတကြီးထံခွင့်တောင်းပြီးနောက် သမ္မတ၏ခွင့်ပြုချက်ဖြင့်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ဒါကြောင့်မနက်ဖြန်တွင် ကျင်းပပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအစိုးရအဆင့်အဖွဲ့မှခွင်ပြုလိုက်ခြင်းဖြစ်ကြောင်းတို့ကို ဝန်ကြီး ဦးစိုးသိန်းမှာပြောကြားခဲ့ပြီး ဆရာတော်ကြီးများအတွက် နဝကမ္မအလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သို့ အလှူငွေ ကျပ်ဆယ်သိန်းတို့ကို ဝန်ကြီးနှစ်ဦးမှပေးအပ်သွားခဲ့ပါသည်။အဆိုပါလက်ခံရရှိငွေ ကျပ်ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနားကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ညနေ ၅း၂ဝခန့်တွင် ဝန်ကြီးနှစ်ဦးသည် ဒက္ခိဏရာမကျောင်းတိုက်မှပြန်လည်ထွက်ခွါသွားကြပါသည်။
ရဲရင့်ငယ်(ကနေဒါ)မှ ပြန်လည်မျှဝေပါသည်။
အစဉ်အမြဲလေးစားခင်မင်တတ်သော…
အညတရ(မောင်သုည)…
၈.၈.၂၀၁၂
9 comments
ကြောင်ကြီး
August 8, 2012 at 9:18 am
အဲဒီဆယ်သိန်းကို အသတ်ခံခဲ့ရသူ အရေအတွက်နဲ့ စားကြည့်မိတယ်၊ မြန်မာနိုင်ငံမှာ လူ့အသက် အဲလောက်တောင် ပေါသလားဗျာ။ မတရား နှိပ်စက်ညှင်းပန်း ဖျက်ဆီး ခံခဲ့ရတဲ့ ဘဝတွေ၊ ဥပဒေမဲ့ ထောင်သွင်းအကျဉ်းချခဲ့ရသူတွေ အရေအတွက်နဲ့ ထပ်စားကြည့်တယ်။ အာယိုယိုး မြန်မာပြည်က လူ့တန်ဖိုး ပေါမှပေါ။ 🙁
မောင်ပေ
August 8, 2012 at 9:28 am
အူးကြောင်ထဲရှိတဲ့ အရေးအခင်းပုံတွေကိုလဲ ပြပေးပါဦး
အတိသဌ္ဇနာဂရ
August 8, 2012 at 1:49 pm
အင်း စေတနာလား၊ဝေဒနာတွေလားလို ့ဗျာ
မောင်သုည
August 8, 2012 at 6:33 pm
ကိုကြောင်ရေ…သေဆုံးသွားသူအတွက်ကတော့ သူရဲကောင်းတွေ၊အာဇာနည်တွေဆိုတဲ့ ဂုဏ်ပြုမှတ်တမ်းတင်ရုံမှလွှဲပီး တခြားဘာမှပိုထူးခြားမူမရှိပါဘူး၊သူတို့က လျှော်ကြေးတာမဟုတ်ပါ၊အလှူငွေထည့်ခြင်းပါ။နောက်တစ်ခုက အရင်စစ်အစိုးရတွေလက်ထက်မှာတုတ်တုတ်တောင်မလှုပ်ပဲ၊မသိချင်ရောင်ဆောင်နေတထက်စာရင် တော်သေးတာပေါ့လို့တွေးမိတယ်၊နောက်တစ်ခုကတော့ သူတို့ရဲ့ပူးပေါင်းမှုအတွက်ပြရုပ်ဖြစ်စေတယ်၊…
တစ်ကယ်တော့ ဒီရှစ်လေးလုံးဆိုတဲ့လူထုဆန္ဒပြမှုကို သေသေချာချာနဖူးတွေ့ဒူးတွေ့ရင်ဆိုင်ခဲ့ဘူးတဲ့ သူတွေအားလုံးဟာ အသက်အားဖြင့် လေးဆယ်အထက်မှသာလျှင်သေသေချာချာသိနိုင်မှာပါ…။
တစ်ချို့ကလည်း သံရောင်လိုက်ရင်းနဲ့လက္ဖရည်ဆိုင် ရန်ပွဲမှ အရေးအခင်းစခဲ့တယ်လိုဆိုပါတယ်..။တစ်ချို့ကလည်း ဦးအောင်ကြီးရဲ့ (၄၂)မျက်နှာစာတမ်းကြောင့် စခဲ့တယ်တဲ့…ကဲ သိသလောက်ပြောကြည့် ကြစမ်းဗျာ…
မွန်မွန်
August 8, 2012 at 10:57 pm
ကြားဖူးတာကတော့ ကိုဖုန်းမော်က စတယ်ဆိုလား။ မွန်မွန်တို့ဆို ၈၈ မှာ အဖေနဲ့အမေ မင်္ဂလာဆောင်တုန်းပဲရှိသေးတယ်။ 🙂
ဖြစ်ရပ်တစ်ခုကတော့ အဲဒီအရေးအခင်းတွေဖြစ်တော့ အားလုံးကျီးလန့်စာစား ဖြစ်နေတဲ့အချိန်မှာ မွန်မွန့်ဦးလေးဝမ်းကွဲကို မြို့ကသောက်ရေကန်ကို အဆိပ်ခတ်တယ်ဆိုပြီး လာဖမ်းသွားကြတယ်။ တကယ်က ဘာအဆိပ်မှ မခတ်ဘူး။ အဆိပ်ခတ်တယ်ဆိုရင်လည်း အသိသာကြီးလေ။ အမေပြောပြတာ လည်ပြန်လေးလှည့်ကြည့်ပြီး ပါသွားတာတဲ့။ ပြီးတော့ လမ်းထိပ်က ရေစက်နားမှာ သတ်မယ်တဲ့။ မြို့နယ်အဆင့် ဘုန်းကြီးတွေတားတာတောင် မရဘူး။ ဒါပေမယ့် အားလုံးက ဝိုင်းပြောလို့ အိမ်နားမှာမသတ်ဘဲနဲ့ သုသာန်မှာ သွားသတ်တယ်။ ပါးစပ်ကို ရှောက်သီးထည့်ထားပြီး ကိုယ်ကို ဓားနဲ့ထိုးတာတဲ့။
ဘာကြောင့်ဖြစ်လာတဲ့အရေးအခင်းမှန်း သေချာမလေ့လာခဲ့ပေမယ့် အရေးအခင်းရဲ့နောက်ဆက်တွဲအနေနဲ့ လူတွေက စိတ်ဓာတ်တွေကြွပြီးတော့ အပြစ်မဲ့တဲ့သူတွေ သေခဲ့ကြပါတယ်။
မွန်မွန့်စိတ်ထဲမှာတော့ ၈ လေးလုံးဆိုတာကို စိတ်ထဲမှာသိပ်အလေးမထားခဲ့ပါဘူး။ သိဖို့လည်း မကြိုးစားခဲ့ဘူး။
(အဆဲခံရမလားမသိဘူး… 🙂 )
မောင်သုည
August 9, 2012 at 12:13 am
အင်း…မွန်မွန်တို့ကို အပစ်ဆိုစရာမရှိပါဘူး…အခုခေတ်ကလေးတွေကို အာဇာနည်နေ့ဆိုတာ I.C ရှိုးပွဲလောက် အောင့်မေ့နေတာ…ဒါကြောင့်..ဘယ်ခေတ်ပဲရောက်ရောက် သမိုင်းအစစ်တွေကို သိဖို့..သိအောင်ကြိုးစားရမယ်…ခေတ်တွေပြောင်းဖို့ သမိုင်းသစ်တွေတင်ဖို့ ကျောင်းသားတွေကပဲ အသက်သွေးချွေးတို့ စတေးခဲ့တာ ဗိုလ်ချုပ်တို့လက်ထက်မှ ယနေ့တိုင်အထိပါပဲ…
ဖိုးထောင်
August 9, 2012 at 11:28 pm
လူမသိ သူမသိ အသက်စွန့်သွားတဲ့သူတွေအများကြီးပါ
Foreign Resident
August 10, 2012 at 7:58 am
” မေ့ပစ်လို့တော့ရနိုင်ပါသည် မေ့ဖျောက်ပစ်လို့တော့ မရနိုင်ပါ… ”
ပုံစာမှားနေပါသည် ။ တကယ့်မူရင်းက
ခွင့်လွှတ် ( Forgive ) လို့တော့ရပါတလ် ၊
မေ့ဖျောက်ပစ် ( Forget ) လို့တော့ မရနိုင်ပါ ။
မောင်သုည
August 14, 2012 at 10:56 pm
ဦးဖောရေ…ဘယ်သူတွေက ခွင့်လွှတ်ဖို့ တောင်းပန်နေလို့လဲ…
ကျနော့်အတွက့်တော့ မေ့ထားလိုက်တာပါ..ဒါပေမယ့် ဘယ်တော့မှ သမိုင်းထဲကပျောက်သွားမှာ မဟုတ်ပါဘူး…