အရေးမကြီးပါဘူး
‘သား ထတော့လေ..6နာရီခွဲနေပြီ။ ကျောင်းသွားရမယ်လေ။’
‘ဟာ..အမေကလည်း ဒီမှာအိပ်လို့ကောင်းလို့နေတာ။’ ‘နောက်ထပ် ဆယ်မိနစ်လောက်ပဲ။’
‘ထတော့လို့ပြောနေတယ်လေ။’ ‘ဒီကလေးနဲ့ ခက်ပါတယ်. ကျောင်းကားမမှီဘဲနေမယ်ထ’
အမေက အတင်းနိုးနေတယ်။ ဒီမှာ မျက်လုံးက ဖွင့်မရဘူးဖြစ်နေတယ်။ မျက်လုံးမှိတ်လျက်သား ကုတင်ပေါ်မှ ဒယိုင်းဒယိုင်ဆင်းပြီး အဝတ်ဆွဲချွတ်၊ ကုတင်ပေါ်ပစ်တင်၊ အမေအသင့်ထည့်ထားတဲ့ သွားတိုက်တံယူပြီး ရေချိုးခန်းထဲ ဆင်းလာမိတယ်။ အမေကလည်း အစောကြီးဘာလို့ နိုးတာလဲ အိပ်ရေးပျက်လိုက်တာ စိတ်ထဲကပြောနေမိတယ်။ ရေချိုးပြီး အပေါ်ရောက်တော့ နာရီကြည့်လိုက်တော့ ဟာ.သွားပြီ (7)နာရီထိုးတော့မယ်။ မြန်မြန်လုပ်မှ။ အမေအဆင်သင့်လုပ်ပေးထားတဲ့ မုန့်နဲ့ ကော်ဖီသောက်ပြီး အိမ်က အမြန်ထွက်လာခဲ့တယ်။
ကျောင်းကားက 7း15 ထွက်မှာ အမြန်သွားမှ။ မှီမှ ဖြစ်မယ်။
အခုမှ သတိရတယ် လွယ်အိတ်ထဲမှာ ဒီနေ့သင်မယ့် ဘာသာပါရဲ့လားမသိဘူး။ ထားလိုက်ပါတော့ အရေးမကြီးပါဘူးလေ။
တော်သေးတယ် ကျောင်းကားစောင့်တဲ့နေရာမှာ ဘော်ဒါတွေရှိသေးတယ်။ ‘ဟိတ်ကောင် သားကြီး မင်းဘာလို့ နောက်ကျနေတာလဲ’ ဟိုနေ့က ရေသွားကူးဖို့ ချိန်းထားတဲ့ ဘာလို့ မင်းမလာတာလဲ။’ ‘အေးကွာ မေ့သွားလို့ပါ သားကြီးရာ’ ‘ထားလိုက်ပါတော့’ ‘ဟိုဟာ ကားလာပြီ’
ပြောပြောဆိုဆို ကားကို နောက်ပေါက်က တက်လိုက်တယ်။ ပြီးတော့ နောက်ဆုံးခုံမှာ နေရာယူလိုက်တယ်။ အရှေ့မှာက အတွဲတွေအတွက် နေရာကို အလိုက်တသိပဲ အကုန်လုံးက ပေးလိုက်ကြတယ်။ ကားပေါ်မှာ စရင်း နောက်ရင်းနဲ့ မြို့ပြင်ရောက်ပြီး ကျောင်းနားနီးလာနေပြီ။
ကျွီ.. ကားရပ်သွားပြီ ကျောင်းသားများ ဆုံဆည်းရာ ဂိမ်းဆိုင်သို့ ဆိုက်ရောက်လေပြီ။ နေခဲ့ရင်ကောင်းမလား ကျောင်းသွားရမလား ဝေခွဲမရ။ ဒီတစ်ပတ်လုံး ကျောင်းထဲမရောက်သေး။ ကျောင်းထဲ လိုက်သွားရင်ကောင်းမယ်ထင်တယ် စဉ်းစားနေတုန်း။ သူငယ်ချင်းတစ်ယောက် ‘ဟေ့ကောင်သားကြီး ဆင်းလေကွာ။ ဒီနေ့ ခုတ်ပွဲရှိတယ်။ ဆင်းမယ်ကွာ’။
စဉ်းစားမနေတော့ဘူး။ ကျောင်းကို တစ်ရက်မသွားလို့လဲ ဘာမှ မဖြစ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ဒိုရာလေး ဝင်ခုတ်လိုက်အုန်းမယ်။ နောက်နေ့မှပဲ ကျောင်းသွားတော့မယ်။
ဆိုင်ထဲရောက်သွားတော့ အတန်းမှ သူငယ်ချင်းတွေလည်း ရောက်နေတာပဲ။ သူငယ်ချင်းတစ်ယောက် ဘေးနားရောက်လာပြီ။ ‘ဟေ့ကောင် သားကြီး ရာခိုင်နှုန်းမပြည့်လို့ လက်မှတ်ထိုးဖို့ မိဘခေါ်ရမယ့် စာရင်းထဲမင်းပါတယ်။’ ‘ဟာ. ဒါဆိုဘယ်လိုလုပ်ရမလဲ အိမ်ကလည်း လိုက်မှာ မဟုတ်ဘူး။’ ‘အိမ်က ကျောင်းတက်တယ်လို့ပဲ ထင်နေတာ။’ ဂိမ်းနှိပ်နေတဲ့ စီနီယာက ‘ဘာမှ မစဉ်းစားနေနဲ့ လမ်းမှာ သိတဲ့ အသိတစ်ယောက်ယောက်သာ ခေါ်သွား.ငါတို့လည်း ဒီလိုပဲ ဘာမှ အရေးကြီးတာ မဟုတ်ဘူး’ စီနီယာပြောတာဆိုတော့ ဟုတ်မှာပါ ဘာမှ အရေးမကြီးလောက်ပါဘူး။ ရပ်ကွက်ထဲက အဆင်ပြေမယ့် လူကြီးတစ်ယောက်ယောက် ညှိပြီးခေါ်သွားလိုက်မယ်။ အခုတော့ ခုတ်လိုက်အုန်းမယ်။
13 comments
ko khin kha
August 13, 2012 at 12:50 pm
အဲဒီအရွယ်တုံးက အရေးမကြီးတာတွေဟာ၊
နောင်သောအခါ အရေးကြီးပါလားလို့ သိလာ တဲ့အခါ၊
ပြန်ပြင်လို့မရတော့ တဲ့အခါ၊
လက်ခံရရှိလိုက်တဲ့ အရာကတော့ နောင်တ တဲ့။
ဒါပေမယ့်လည်း သူအရွယ်နဲ့သူတော့ မသိနိုင်သေးဘူးလေ။
lynn lynn
August 13, 2012 at 12:55 pm
ဟုတ်တယ် ကိုခင်ခရေ သူတို့ရဲ့ အရေးမကြီးတာတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မသိတော့ ဘေးနားကကြည့်ပြီး စိတ်မချမ်းသာလို့ ရေးမိတာပါ။ ပထမဆုံးဖတ်ပြီး မန့်ပေးလို့ ကျေးဇူးတင်ပါတယ်။
shwe kyi
August 13, 2012 at 1:32 pm
သိပ်ခက်တယ်နော် အဲဒီအရွယ်လေးတွေပြောရဆိုရသိပ်ခက်တယ်။ အရေးကြီးမှန်းသိလာတဲ့အခါ…။
lynn lynn
August 13, 2012 at 1:52 pm
လွန်သွားမှာကိုပဲ စိုးရိမ်နေတာ ရွှေကြည်ရေ။
etone
August 13, 2012 at 2:19 pm
ပညာကို လိုချင်တဲ့ လူကိုပဲ .. သင်ပေးတာကောင်းပါတယ် ။ကိုယ့်သားသမီးမို့လို့ ပညာတတ်စေချင်စိတ်နဲ့ … သူတို့က မလိုချင်ပဲနဲ့ အတင်း ထုရိုက်သင်နေရတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့ … ။ ဒီမှာက ကျောင်းတက်တယ်ဆိုလျှင် … ကျောင်းသားဘက်က လိုချင်စိတ်သိပ်မပြင်းပြလည်း အေးအေးဆေးဆေးပဲ ၊ စာမေးပွဲ အောင်တတ်ကြတဲ့အပြင် အတော်သင့်ပိုက်ဆံလောက်နဲ့ ကျောင်းထားနိုင်တာကြောင့် …. ပညာရေးဆိုတာကို ပေါ့ပေါ့တန်တန်လောက်ပဲ သဘောထားကြတယ် …… ။ ပညာမတတ်ခြင်းနဲ့ တတ်ခြင်းကြားထဲက ကွာဟမှုကို ငယ်ရွယ်နုနယ်သေးတဲ့အချိန်မှာ ၊ ယှဉ်မတွေးတတ်သေးတာကြောင့်လည်းပါပါလိမ့်မယ် ။ နောက်ပြီး … ဒါကျက်ဒါဖြေစနစ်မျိုး (အချို့သောကျောင်းတွေမှာ) ဖြစ်နေတဲ့အခါ …. စိတ်ဝင်စားမှု အားနည်းသွားကြတာလည်း ဖြစ်နိုင်ပါတယ် ။
ဒီပို့စ်လေးကို ဖတ်မိပြီး ကျွန်မ အစ်ကိုပြေးသတိရမိတော့တယ် …… ။
သူငယ်ငယ်က ဒဂုံ(၂)မှာ ထားတာ ၊ ကိုးတန်းကျောင်းပြေးတာတွေများလို့ ၊ ဆရာမက မိဘခေါ်ရမယ်ဆိုလို့ …….. အိမ်က ဆူမှာစိုးတာကြောင့် မင်းမနိုင် ဆိုက်ကား ဂိတ်က ဆိုက်ကားမောင်းတဲ့ လူကို ၊ သူ့အဖေပါလို့ပြောပြီး အတန်းပိုင်ဆရာမကို ပေးတွေ့ ခဲ့တယ် …. ။
မိဘခေါ်ရတိုင်း ကိုးတန်းတနှစ်လုံး အဲ့လိုချည်း သူလုပ်နေကြပေါ့ …… ။ နောက်တော့ ဆရာမအိမ်မှာ အလှူ လုပ်တဲ့အခါ … အဖေနဲ့ သား အတူ သွားရင်းက အလိမ်ပေါ်သွားတဲ့ အဖြစ် ….. ပြန်သတိရမိတိုင်း သူရိုက်ခံရတာ မြင်ယောင်ရင်း … လှိမ့်နေအောင် ရယ်မိပါတယ် … ။ 😆
lynn lynn
August 13, 2012 at 3:15 pm
ဟုတ်တယ် အိတုန်ရေ သူတို့ အားသန်တဲ့ဟာကို လေ့လာလိုက်စားခိုင်းတာ ပိုကောင်းတာပေါ့။ ဒါပေမယ့် ကလေးတော်တော်များက ကိုယ်ဘာကို အားသန်တယ်ဆိုတာ မသိနိုင်ဘူးဖြစ်နေတယ်လေ။ အဲဒါကြောင့် အခုတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ဖြစ်မြောက်အောင် ပြီးအောင်လုပ်ဖို့ လူကြီးက တွန်းပေးနေရတာပေါ့။ ပြောလို့သာ ပြောရတာ ကိုယ်တောင် ဘာကို စိတ်ဝင်စားပြီး ဘာကို အားသန်မှန်းသေချာမသိဘူးဖြစ်နေလို့။ ဟဲ.. ဟဲ။
etone
August 13, 2012 at 4:18 pm
ဟုတ်ပါတယ် … ငယ်ငယ်ကတည်းက မိဘGuide ပေးတဲ့နောက်ကိုပဲ … လိုက်ခဲ့ရင်းက …ကိုယ်ပိုင် ဆုံးဖြတ်ချက် ၊ ခံယူချက်တွေ မဲ့သွားရ ၊ ပျောက်သွားရတဲ့ အဖြစ်ရယ်ပါ … ။ ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုး တတ်အောင် သင်ထားပေးသင့်တာမျိုးပေါ့ ….. ။ ဟီးဟီး .. ပြောမယ့်သာပြောတာ .. ကိုယ်တိုင်လည်း အဲ့ဒီအရွယ်က ….. မေကြီးပြောတာပဲ .. လိုက်လုပ်ခဲ့တာ …. ၊ ကိုယ့်ဦးနှောက်နဲ့ကိုယ် ဆုံးဖြတ်တာမျိုး မရှိခဲ့ဖူးဘူး ….. ။ အသက်ကြီးတော့ … မိဘတွေဘက်ကလည်း အကျင့်ပါပြီး …. အဲ့ဒီဒဏ်တွေရဲ့ လွှမ်းမိုးမှု နည်းနည်းကျန်သေးတယ် …. ။ မစားနဲ့ .. မသွားနဲ့ .. မဝတ်နဲ့ …မလုပ်နဲ့ ဆိုတဲ့ အသံတွေ .. ကြားနေရတုန်းပဲ …. ။
အတိသဉ္ဖာ နာဂရချစ်သူ
August 14, 2012 at 12:30 pm
တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းခေါ်ချိန်မပြည့်ရင် ဒီဘားဆွဲတာပေါ့။
အဲ့ဒီ ဒိုတာဂိမ်းတွေ အဖြစ်က မလွယ်လှသေးပါဘူး။လူငယ်တွေ ဂိမ်းဆိုင်တွေ
ထဲက ဆွဲထုတ်နိုင်ဖို ့——
lynn lynn
August 14, 2012 at 3:31 pm
ဟုတ်တယ်ကိုနာဂရရေ ဂိမ်းစွဲသွားရင်မလွယ်ဘူး။
မောင်ပေ
August 14, 2012 at 1:02 pm
dota လို ့ပြောတာဖြစ်မယ်ထင်တယ်နော လင်းလင်းရေ
ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝတုန်းကကြ ကောင်တာစထရိုက် အပစ်ကောင်းတာနဲ ့ဒုတိယနှစ်မှာ ဆက်ပလီ၃ဘာသာ ထိပါလေရော
lynn lynn
August 14, 2012 at 3:34 pm
ကိုပေရေ သူတို့ခေတ်နဲ့ သူတို့ဆိုတော့လည်း အရမ်းအပြစ်ပြောလို့လည်း မရဘူး။
နွေဦး
August 14, 2012 at 2:15 pm
ပြောရတာခက်ပါတယ် ။
အရက်သမားဖြစ်မဲ့သူကလဲ ဘယ်သူတွေ ဘာပြောပြော အရက် သမားဖြစ်တာဘဲ ။
ဘိန်းစားဖြစ်မဲ့သူကလဲ ဘယ်လောက် သိသိ ဘယ်လောက်တားတား ဘိန်းစာ ဖြစ်တာဘဲ ။
ဆေးသမားဖြစ်မဲ့သူကလဲ ဆေးသမားဖြစ်တာပါဘဲ ။
သိနားလည်လာတဲ့ အချိန်မှာ ပြင်နိုင်ကြတာတွေ ရှိသလို တသက်လုံး မပြင်နိုင်ဘဲ ဘဝပျက်သွားသူတွေလဲရှိတာဘဲ ။
မသိနားမလည်သေးတဲ့ ခလေး အရွယ်မှာ မိဘ ပတ်ဝန်းကျင်က လမ်းမမှားအောင် ကြိုးစားတားမြစ် လို့ လမ်းမှန်ကို အချိန်မှီ ရောက် သွားကြတဲ့ လူငယ်တွေ အများကြီးရှိပါတယ် ။
အသက်ကြီးခါမှ ကိုယ့်ကိုယ် ကို မထိမ်းသိမ်းနိုင်ဘဲ ပျက်စီးနေတဲ့ လူလတ်ပိုင်း လူကြီးပိုင်းတွေ အများကြီးပါ ။
ဒီလိုလူတွေက ခလေးလူငယ်တွေအတွက် အန ္တရာယ် ကြီးပါတယ်.။
မိဘ ပတ်ဝန်းကျင်က ခလေးတွေကို လမ်းမှားမရောက်အောင် သွန်သင်ပြောဆိုကြပေမဲ့ တခါတခါ ခလေးတွေရဲ့ စိတ်မှာ ပျက်စီးနေတဲ့ လူလတ်ပိုင်းတွေက သူတို့ရဲ့ စံပြ (hero )တွေလို သတ်မှတ် အတုယူကြတာ တွေ ရှိတယ် ။
အဲဒီလူလတ်ပိုင်းလူကြီးပိုင်းတွေက သူတို့ကိုယ်သူတို့ ပျက်စီးနေတယ်လို့ မသတ်မှတ်နိုင်ကြဘဲ သူတို့ဟာ လူငယ်တွေရဲ့ အတုယူဘွယ် စံပြတွေလို့ ခံယူပြီး မကောင်းတဲ့အတတ်တွေ ကို အားပေး သလို သင် ပြသလိုတွေဖြစ်တတ်ကြတယ် ။
အဲဒီတော့ ကိုယ်ပတ်ဝန်းကျင်က ခလေးတွေကို ဒီလို လမ်းမှားကို လွယ်လွယ်ရောက်စေတဲ့ ပတ်ဝန်းကျင် မျိုးကို ရှောင်နိုင်အောင် လုပ်ပေးဘို့ အရေးကြီးပါတယ် ။
lynn lynn
August 14, 2012 at 3:40 pm
ကိုနွေဦးပြောတာမှန်တယ်။ ကျောင်းသားအရွယ်မှာ မိဘက တစ်ချိန်လုံးစောင့်ကြည့်နိုင်မှ တော်ကာကျတာ။ သူ့အပေါင်းအသင်း၊ သူ့အသိုင်းအဝိုင်းအခြေအနေကို တစ်ချိန်လုံးအကဲခတ်နိုင်မှ။ အဲဒီအချိန်တုန်းက ကိုယ်တွေလည်း ကိုယ်လုပ်တာ၊ ကိုယ်ဆုံးဖြတ်တာ အကုန်မှန်တယ်လို့ ထင်ခဲ့ကြတာဆိုတော့ တော်တော် ဂရုစိုက်မှ တော်ကာကြတာ။