ရေးရကျိုးလေး နှပ်ပရစေ။
မိသားစုတစ်စုရဲ့ နံနက်ခင်း –
အမေ – မနက်မုန့်ကို သားက မုန့်ဟင်းခါးနော် ပဲကြော်ထဲ့ခဲ့ရမှာလား၊ ဘူသီးကျော်လား
———-
အမေ – သား အချိန်မရှိဘူး သားရယ်၊ အမေဈေးနောက်ကျနေမယ်၊ မင်းတို့ကျောင်းအတွက် ထမင်းချိုင့်ကလုပ်ရအုံးမှာ။
သား – ပဲကြော်ဘဲ မေမေ။
သမီး – သမီးလည်း မုန့်ဟင်းခါးစားမယ်၊
အမေ – သမီး ညက ဗိုက်နာလို့ဆို၊ အမေ ပေါင်မုန့်ကြက်ဥကြော် နဲ့ လဘက်ရည်ဝယ်ခဲ့မယ် အဲဒါဘဲစားနော်၊ သမီးလေးကလိမ်မာပါတယ်၊
သား – အမေ သားလည်း ပေါင်မုန့်ကြက်ဥကြော်စားမယ်၊
အမေ – မုန်ဟင်းခါးမစားတော့ဘူးပေါ့၊
သား – ဟုတ်ဘူးလေ။ မုန့်ဟင်းခါးလည်းစားမှာပေါ့။
အမေ – တစ်ခုဘဲရမယ်
အဖေ – ကလေးစားချင်တာဘဲ ထဲ့ဝယ်ခဲ့လိုက်ပေါ့ အမေကြီးကလည်း
အမေ – ရှင် ကလေးတွေရှေ့က ကာဆီးကာဆီးနဲ့ ရှင့်ကြောင့် ကလေးတွေစည်းကမ်းပျက်ရတာ၊ ကဲ ဈေးပြေးလိုက်အုံးမယ်။
ဆိုပြီး ဈေးခြင်းတောင်းလက်ဆွဲလို့ အပြေးလေးထွက်သွားပါပေါ့။
ကျွန်တော်ဘေးအိမ်က အဖေ၊ အမေ နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ပေါင်းမိသားစု ၄ ယောက်တို့ရဲ့ မနက်ခင်းတေးသံလေးတွေလေ၊ ဒီလိုဘဲ မနက်တိုင်း ကြားနေရတာပါ။
တစ်နေ့ မနက် ရ နာရီသာသာလောက် ကျွန်တော်ရန်ကုန်ပြန်မယ့် ဧည့်သည်တွေကို လက်ဆောင်ပေးဖို့ မန္တလေးဘူတာကြီးနားက ထိုမုန့်ဆိုင်တစ်ခုမှာ လက်ဆောင်ဝယ်မလို့ ဆိုင်ကယ်လေးရပ်ပြီး၊ ဆိုင်လေးထဲလှမ်းဝင်လိုက်တာနဲ့
ဈေးရောင်း – အန်ကယ်ဘာယူမလဲ လို့မေးကြရော။
ကျွန်တော် – ထိုးမုန့် နှစ်ထုပ်၊ လမုန့် နှစ်ထုပ်နဲ့ ဂျလ်လီပူတင်း နှစ်ထုပ် ပေးပါ။ လို့မှာလိုက်တာပေါ့။
မန္တလေးက ထိုမုန့်ဆိုင်၊ လမုန့်ဆိုင်တွေမှာ သူတို့ဆိုင်ကရောင်းတဲ့ မုန့်တွေကို ပုဂံလေးတွေနဲ့ အနေတော် တုံးပြီးအမြည်းကျွေးထားတယ်လေ။ ကျွန်တော်မှာထားတဲ့မုန့်ထုပ်ပိုးနေတုံး ခုနအမြည်း ကျွေးထားတဲ့ ပုဂံလေးထဲက ဂျလ်လီပူတင်းလေးတစ်တုံးကို စိုက်ထားတဲ့ခရင်းလေးနဲ့ ထိုးယူစားလိုက်ပြီး၊ နောက်ထပ်တစ်တုံးအယူမှာ ပါးစပ်ထဲမရောက်ဘဲ အောက်ကိုကျသွားပါရော အဲဒီအချိန်မှာ ရှေ့လက်ဖောင်းပေါ်မှာ ဘယ်အချိန်ထဲကရပ်နေလဲ သတိမထားမိတဲ့ ကလေး ၂ ယောက်က ခုနကျသွားတဲ့ ပူတင်းတုံးကို အပြေးအလွား လုပြေးလာြ့ပီး ကောက်ရသွားတဲ့ကလေးက ချက်ချင်းဘဲသူ့ပါးစပ်ထဲကို ထည့်လိုက်ကာ စားလိုက်တာတွေ့လိုက်ရတဲ့ တခဏပါဘဲ ကျွန်တော် စိတ်က သူတို့လေး ၂ ယောက်ကို အံလည်းဩော သနားလည်းသနားသွားတာနဲ့-
ကျွန်တော် – ဂျယ်လီပူတင်း ၂ ထုပ် ထပ်တိုးထဲ့လိုက်နော်
ခဏကြာတော့
ဈေးရောင်း – အန်ကယ် ရပါပြီ၊
ဆိုပြီးအရောင်းကလေးမလေးက လှမ်းပေးတော့ ဘယ်လောက်ကျလည်းမေးပြီး၊ ပိုက်ဆံရှင်း ထွက်လာ ရင်း ခုနကလေး ၂ ယောက်ကို ခေါ်ပြီး ရော့ပူတင်း ၁ ထုပ်စီ မင်းတို့စားဖို့ ဆိုပြီးပေးတော့၊ သူတို့ လေးတွေရဲ့မျက်နှာမှာ ကျေးဇူးတင်တဲ့အရိပ်အယောင်နဲ့ အံဩတဲ့အရိပ်ကလေးတွေတွေ့ရပြီး၊ ကျေးဇူးပါလေးလေးရယ်တဲ့။ ဒါနဲ့ မင်းတို့မှာ မိဘတွေမရှိဘူးလားမေးတော့ ကျွန်တော်တို့မှာမိဘတွေ မရှိပါဘူးတဲ့။ ဒါဆိုနေတော့ကော ဘယ်နေလဲမေးတော့ ဟိုနားက ဘုရားမှာနေတယ်ဆိုပြီး ဘုရားဝင်း ဘက်ကို လက်ညှိုးထိုးပြတယ်လေ။ ( အဲဒီနားမှာ ရွှေဘုံတာမုနိ ဘုရားဝင်းရှိပါတယ်။) ဟုတ်ပါပြီလို့ ဆိုကာ ဒါနဲ့ပဲ ကျွန်တော်က ကိုယ့်ဆိုင်ကယ်လေးမောင်းဖို့ပြင်တော့ သူတို့နှစ်ယောက်လဲ မလှမ်းမကမ်းက မဖွင့်သေး တဲ့ အရုပ်ဆိုင်ရှေ့လှေးကားမှာ သွားထိုင်စားနေလေရဲ့။
မိဘစုံညီရှိတဲ့ ကလေးတွေရဲ့ မနက်စာအတွက် မနက်ချိန်ခါစကားသံလေးတွေ နဲ့ မတော်တဆအောက် ကျသွားတဲ့ မုန့် ကိုတောင်အပြေးလေးကောက်စားရတဲ့ မိဘမဲ့ကလေးတွေ ဘဝဟာအတော်ကွာလှ ကြည်ပါလားလို့——-။
တကယ့်ကိုယ်တွေ့လေးပါ။ ဒီအကြောင်းလေးဖတ်ပြီး မိဘမဲ့ကလေးများအတွက် တတ်နိုင်သမျှလေးများ အလျဉ်းသင့်ကြရင်ဖြင့် ကူညီကြမယ်ဆိုရင် အရေးမကောင်းပေမယ့် ရေးရကျိုးလေးနှပ်ပါတယ်ခင်ဗျား။
ဖတ်ပေးခဲ့သူများကျေးဇူးနော်။
5 comments
Hnin Hnin
August 26, 2012 at 3:47 am
သနားပါတယ်။ ၂၀၁ဝ တုန်းက ပြည်မြို့ ရွှေဘုံသာမုနိမှာ ဘုရားဖူးသွားတုန်းကလည်း ရေခဲမုန့်သည်
ကောင်လေးနှစ်ယောက် နေပူပူမှာ ရေခဲမုန့်လိုက်ကပ်ရောင်းနေလို့ ကိုယ်လည်းရွံတတ်တော့
ဝယ်မစားချင်ဘူးပေါ့။ နောက်တော့ သနားတာနဲ့ ဈေးမေးကြည့်တယ်။ တစ်ခု ၃၀၀(ဈေးကြီးလားတော့ မသိဘူး)၊ နှစ်ခု ၅၀ဝပါတဲ့။ ၅၀ဝ ဖိုးပေး။ ဝယ်ပြီးရင် ရေခဲမုန့်တွေကိုင်နေရမှာစိုးလို့ …ဝယ်ပြီးရင် ဘယ်သူ့ပေးလို့ရလဲ မေးကြည့်တော့၊ ဟိုး…… ခပ်ဝေးဝေး တဲပုတ်က ကလေးတစ်သိုက်ကို လက်ညှိုးထိုးပြပြီးအဲဒီကလေးတွေကို အစ်မပေးလို့ရတယ်ဆိုတာနဲ့ ကလေးတွေကြည့်ပြီး သဒ္ဒါက အဲတော့မှ ပေါက်သွားတယ်။ သူတို့နာမည်တွေကို ရေခဲမုန့်သည်ကောင်လေး နှစ်ယောက်က
ဝမ်းသာအားရ အော်ခေါ်လိုက်တာပဲ။ ခေါ်လိုက်တာနဲ့ လျင်တဲ့ကလေးနှစ်ယောက်က
ဟေးးးးးးးးးးးး ဆိုပြီး ဝမ်းသာအားရပြေးလာတယ်။ကစားနေကြတဲ့ ကလေး ၃ယောက်ကလည်း ထပ်လိုက်လာတယ်။ ရေခဲမုန့်က ၂ခုထဲ။ ထပ်ဝယ်ပေးမယ်ဆိုပြီး ပိုက်ဆံထုတ်တော့ အဒေါ်က
နေနေ..သမီးနေ..အန်တီ ၅၀ဝဖိုး ဝယ်လိုက်မယ်ဆိုပြီး ဝယ်လိုက်တယ်။ ရေခဲမုန့်က ၄ခု၊ ကလေးက
၅ယောက်ဆိုတော့ လူစေ့တော့ မစားလိုက်ရဘူး။ သူတို့က ဝေစုမမျှပေမယ့် တည့်တယ်။ ချစ်ဖို့
ကောင်းတယ်။ တွေ့ခဲ့ဖူးတဲ့ ပုဂံက ကလေးတွေလို ရန်ဖြစ်သတ်ပုတ်မနေဘူး။ သူတို့ပျော်နေတဲ့ မျက်နှာလေးတွေနဲ့ ရေခဲမုန့်စားနေကြတာကိုမြင်တော့ ကိုယ့်ဆီပါ အပျော်တွေကူးသွားတယ်။
ဖတ်ရကျိုးလည်း နပ်ပါတယ်။ စိတ်ဓာတ်ကိုလည်း လေးစားပါတယ်။
မောင်ပေ
August 26, 2012 at 8:57 am
ဘဝအကျိုးပေးခြင်းကွာခြားတဲ့ ကလေး၂ဖွဲ့ကို ယှဉ်ရေးပြထားတော့ နယူးဗားရှင်းပါ
ကြောင်ကြီး
August 26, 2012 at 10:04 am
ပူတင်းဂျယ်လီ စားချင်လိုက်တာဗျာ….။ မန်းလေးရောက်တုန်း ပုရှ်လေးက ကျွေးတော့ ကျွေးပါရဲ့ အဲဒါမဟုတ်ဘူး…
YE YINT HLAING
August 26, 2012 at 3:24 pm
အထက် က မနှင်းနှင်း ပြောသလို လေးစားပါတယ်ဗျာ! ။ အဲဒီလို ကလေးတွေ အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ် ။
သမာဓိ
August 27, 2012 at 12:37 am
မိဘကတောင်းခိုင်းလို့ တောင်းစားနေရတဲ့..
ခလေးတွေလဲ တွေ့ရပါရဲ့ဗျာ..
ရတဲ့ပိုက်ဆံ သူတို့မိဘတွေပြန်အပ်ရပါသတဲ့..
တောင်းလို့မရတဲ့နေ့ဆိုရိုက်သေးတယ်..