အငိုမျက်လုံး အပြုံးမျက်နှာ

စဆရ ႀကီးAugust 26, 20121min74022

၁။ ငယ်ငယ်တုန်းက ဖြစ်ပါ၏။ ငယ်သေးဆို အတော်လေးမကြီးသေးသည့်အရွယ်ဟုပဲဖြစ်ပါမည်။ ပြောရမည်ဆိုလျင် ကလေးအရွယ်ကပေါ့။ (ဒီလိုပြောရင် စာတိုသွားမှာစိုးသည့်အတွက်) ကိုရင်ရှူံးတွင် နှစ်စုံသော ကျောင်းဝတ်စုံကြီးရှိလေ၏။ ရှိလှဆို ကိုရင်ရှူံးမှာ အတော်လေး ချမ်းသာကြွယ်ဝသဖြင့် ထိုမျှ ပိုင်ဆိုင်ခြင်းဖြစ်တော့သည်။ အရာရှိကြီးတစ်ယောက်၏ သားဖြစ်သည့်အားလျော်စွာ ထိုနှစ်စုံမျှသော ကျောင်းဝတ်စုံကို ကျန်သည့်သူများ သတိမထားမိစေရေးအလို့ငှာ ယနေ့တွင် ခါးစည်းသော ပုဆိုးအပေါ်ပိုင်းကို နောက်ရက်တွင် ပြောင်းပြန်လှန်ဝတ်ခြင်းဖြင့်လည်းကောင်း၊ အပေါက်ရာဖာထားသောနေရာကို ယနေ့တွင် လူမြင်ကွင်းတွင် ထုတ်ဝတ်ပြီး နောက်ရက်တွင် အတွင်းထဲထည့်ဝတ်ခြင်းဖြင့်တစ်ဖုံ၊ နောက်တစ်ထည်ခြောက်ရန်မှာ မေမြို့မိုးကြောင့် ၃ ရက်ခန့်စောင့်ရခြင်းအမှုအတွက် ပင်ပင်ပန်းပန်း ကြိုးစားဝတ်ဆင်ရလေသည်။ ကျောင်းဝတ်စုံအကျီင်္အနေနှင့်မူကား အကျီင်္လက်မတိုမရှည်တစ်ထည် အဝါနုလေးနှင့် ရှပ်လက်ရှည်ပုံကျကျ (ဝတ်လိုက်သည်နှင့် ပုံပြီးကျနေသောအကျီင်္)ကြီးကို အပေါ်မှ အနွေးထည်ထပ်ဝတ်ခြင်းဖြင့်လည်းကောင်း၊ အကျီင်္လက်ခေါက်ခြင်း ဖြန့်ခြင်းဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးပြောင်းပြီး ဝတ်ရသည်။ တော်ပါသေး၏၊ ကိုရင်ရှူံး၏ ကျွမ်းကျင်ပါးနပ်မှုကြောင့်ထင်၊ ဘယ်သူမှ သတိမမူမိကြပဲ “ဒါဝတ်” ဟု ခေါ်တွင်ကြလေ၏။ ချစ်စနိုးလေးဖြင့် ဘိုနာမည်လေးပေးထားခြင်းဖြစ်ကြောင်း ကိုရင်ရှူံးလဲ ကောင်းကောင်းကြီးနားလည်လေသည်။ ထို့အတွက်ကြောင့်ပင် စာသင်နှစ်တစ်နှစ်လုံးကို လူပျိုပေါက်အရွယ်တွင် အနံသေးနေသဖြင့် ပုဆိုးခါးပုံစ စုမရသော ပုဆိုးချည်ထည်လေးနှင့်လည်းကောင်း၊ ပန်ဒါတံဆိပ် အစိမ်းပုပ်ရောင် အောက်အနားဖွာနေသော ဖာရာနှစ်ခုခန့်ပါသည့် ကျောင်းစိမ်းပုဆိုးနှစ်စုံဖြင့် ဖြတ်သန်းခဲ့ရသော်လည်း များစွာ စိတ်ဆင်းရဲခြင်းမရှိခဲ့ပေ။

လူပျိုပေါက်အရွယ် ၁၄ နှစ်သားခန့်ရှိပြီဖြစ်သည့်အတွက် ထိုစဉ်အခါများက အတော်လေး နာမည်ကြီးခဲ့သော ဖီးဆင့်စပေါ့ဘီးလေးများ တစ်ခြားသူများ စက်ဘီးစတန်းတွင် ထိုးရပ်ထားစဉ် သွားကိုင်ကြည့်ရသည်မှာလည်းအမောပင်။ တာယာများမှ ထွက်နေသော အစလေးများကိုကိုင်ကြည့်ရင်း ထိုကဲ့သို့သော စက်ဘီးတစ်စီးများ ပိုင်ဆိုင်ခွင့်ရလျင် မည်မျှ ကံကောင်းလိမ့်မည်နည်းဟုလည်း တွေးမိပြန်သည်။ တစ်ကယ့်တစ်ကယ်တွင်မတော့ တစ်စီးတောင် မပိုင်ဆိုင်ခဲ့ဖူးပေ။ ကိုရင်ရှူံးငယ်စဉ်က အတော်လေး သဘောကျခဲ့လေ၏။ ယခုတိုင်လဲ သဘောကျနေတုန်းပင်။ တစ်ခါတစ်ရံများ ထိုစက်ဘီးပိုင်သည့် သူငယ်ချင်းတစ်ယောက်ယောက်မှ အပြန်လိုက်လာဖို့ပြောလျင် ဝမ်းသာအားရ လျှာအလျားလိုက်ထွက်သည့်တိုင်အောင် နင်းရသည်ကို မောသည်ဟုပင် မထင်မိပေ။ ခြေနင်းကို ဖိနင်းလိုက်သည်နှင့် တစ်ဗြီးဗြီးမြည်ကာ လိမ့်သွားခြင်းအရသာကိုလည်းကောင်း၊ ဘရိတ်ကို ဘရိတ်တုံးဖြင့်မဟုတ်ပဲ ဟက်ဘရိတ်ဖြင့် ပြုလုပ်ထားခြင်းကြောင့် ဘရိတ်ဖမ်းလိုက်လျင် ကျွိကနဲမြည်အောင် အသံထွက်သွားပြီး တစ်ခြားသူများမှ ကြည့်ကြလျင် စက်ဘီးအသစ်လေးကို ကိုယ့်ဟာဟုတ်ဟုတ် မဟုတ်ဟုတ် နင်းလာရခြင်းအတွက် ငါကွဟူသော ကျေနပ်ပိတိအပြုံးကြီးများဖြင့် မျက်နှာကို မောင်းတင်ပြီး သူများတွေကို မတူမတန်သလို လုပ်ရသည်ကို သွေးနားထင်ရောက်ခဲ့ဖူးလေသည်။ ထိုသူငယ်ချင်းမျိုးကို ကျောင်းဆင်းချိန်တွင် မတိုက် တိုက်ဆိုင်အောင်စောင့်ရသည်မှာလည်း ကိုရင်ရှူံးအလုပ်ဖြစ်ခဲ့ဖူးလေသည်။

ငယ်စဉ်တုန်းကများ ပြောပါ၏။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
၂။ ယနေ့ ကျောင်းတွင် မိဘဆရာဆုပေးပွဲအတွက် ကျောင်းသားတစ်ယောက် ၁၃၅ ကျပ်စီကောက်၏။ ထည့်သူများလဲရှိသလို မထည့်သူများလည်းရှိသည်။ အတန်းပိုင်ဆရာမမှ နောက် ၃ ရက်အကြာတွင် မထည့်ဝင်ရသူသေးများကို နာမည်စာရင်းရွတ်ပြလေ၏။ ကိုရင်ရှူံးနာမည်ပါလာသဖြင့် အတန်းပိုင်ဆရာမ စိတ်ဆိုးတော့သည်။ အရာမရှိ အကြီးကြီးတစ်ယောက်သားကြီးဩရသ ဖြစ်သည်ကတစ်ကြောင်း၊ ဆုပေးပွဲတက်ရမည့်သူဖြစ်ပြီး ဒီလောက်လေးတောင် မထည့်ဝင်နိုင်ရလားဟူသည့်အကြောင်း၊ ယခင်ကျွေးကျန်များလဲရှိသေးသည့်အကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်း၊ ငယ်ကျိုးငယ်နာများပါ ဖော်ထုတ်ပြသည့်အတွက် မခံချင်သဖြင့် ငွေကြေးနှင့်ပါတ်သက်လာလျင် အစော်ကားမခံနိုင်သည့်အတွက် ကိုရင်ရှူံးလည်း……… မျက်နှာချိုလေးနှင့် ဆရာမနားသွားပြီး နောက်ရက်တွင် ဆက်ဆက်ပေးပါ့မည့်အကြောင်း သွားတောင်းပန်ရလေ၏။

နောက်တစ်နေ့တွင်မတော့ အမေ့ထံမှ ဒါးမြတိုက်ပြီး အနှီ ၁၃၅ ကျပ်မျှသော ငွေအသပြာကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးနောက် အတန်းပိုင်ဆရာမလက်ထဲသို့ သံယောဇဉ်ပြတ် လှူဒါန်းလိုက်လေတော့သည်။ ထိုမှပင် အတန်းသူ/သားများလည်း ကိုရင်ရှူံးနာမည် နေ့စဉ်ကြားနေရခြင်းမှ ကင်းလွတ်တော့သည်။

အမှန်တော့ ဇာတ်လမ်းက ခုမှစပါမည်။ (ပြီးပြီတောင် ထင်နေကြလေပြီလားမသိ)

အထက်တွင်ဆိုခဲ့သည့် နှစ်စုံသော ကျောင်းစိမ်းဝတ်စုံကြီးကို ပိုင်ဆိုင်သည့် ကိုရင်ရှူံးမှာ “ပထမ” ဟူသောဆုကြီးကို တက်ခူးယူရမည့်သူဖြစ်သည်။ ထို့အတွက်ကြောင့် မိဘများမှာ အရေးတစ်ယူရှိလှပေသည်။ ဝမ်းသာဂုဏ်ယူကြလေသည်။ နောက်တစ်ရက် ဆုတက်ယူရမည်ကို ယနေ့ရောက်သည်ထိ မိဘများထံမှ ဘာစကားမျှ မကြားရပေ။ ဖခင်မှာလည်း နေ့စဉ်ထုံးစံအတိုင်း ရုံးသို့ဖြောင့်ဖြောင့်သွား၊ အချိန်တန် အိမ်တန်းပြန်၊ စာအုပ်တစ်အုပ်ဖတ်ပြီး အနားယူနေသည်။ မိခင်မှာလည်း နေ့တဒူဝ ချက်ပြုတ်၊ လျှော်ဖွတ်ခြင်းအလုပ်ဖြင့်သာ အချိန်ကုန်နေသည်မှာ ဆုယူရမည့်ရက်မတိုင်ခင်ညထိ ကိုရင်ရှူံးမှာ ဘာဝတ်ရမည် မသိရသေး။ ထိုနှစ်စုံသော ဝတ်စုံကြီးမှာလည်း ဆုပေးပွဲသို့တက်ယူလျင် သင့်တော်မည်ဟုမထင်ပေ။ ဘာပဲပြောပြော “ ပထမ” ဆုရှင်ကြီးပေမလား၊ အနည်းငယ်တော့ ဘဝင်မြင့်နေလေသည်။

သို့သော်လည်း ရေရှည်မျိုသိပ်မထားနိုင်တော့သဖြင့် မေးရတော့သည်။ ကိုရင်ရှူံး ပထမဆုရသည့်အတွက် ဝမ်းသာသွားစေရန် အသစ်တစ်စုံဝယ်ထားပြီး မေးတော့မှ ပေးမည်ဟုထင်သဖြင့်လဲပါသည်။ ကိုရင်ရှူံးအမှားပင်… ထိုကျမှပင် မြည်တွန်တောက်တီးပြီး စက်ဘီးတစ်စီးဖြင့် အစ်မဖြစ်သူအား သူမ၏ သူငယ်ချင်းများထံမှ ပုဆိုးတစ်ထည်လိုက်ငှားခိုင်းတော့သည်။ ကိုရင်ရှူံးမှာလည်း တစ်ဖွဖွဆုတောင်းနေရသည်၊ ရလာပါစေကြောင်း။ ဝတ်စုံအဖြူအတွက်မူ ဖခမည်းတော်မှ ၎င်း၏ပိုင်ဆိုင်မှုများထဲမှ တစ်ထည်ကို ခဏတာ စွန့်ကျဲတော်မူလေ၏။ စီးတော်ဖိနပ်အတွက်လည်း ရက်ရက်ရောရော တစ်ရက်တာ စီးနင်းခွင့် ပေးသနားတော်မူလေသည်။ သို့ပါသော်လည်း အစ်မတော်မှာ မောကြီးပန်းကြီးပြန်လာပြီးမရခဲ့ကြောင်း သံတော်ဦးတင်သဖြင့် ကိုရင်ရှူံးမှာ အပေါ်ဝတ်စုံအသစ်ကြီးနှင့် အောက်တွင်ပုဆိုးအဖာရာကြီးဖြင့် သွားရမည့်ကိန်း ဆိုက်နေလေသည်။ တော်သေးသည်ဟုဆိုရမည်၊ အစ်မတော်မှ နောက်တစ်နေရာသို့ သွားရောက်ငှားရမ်းသောအခါ တစ်ဖက်အနားဖွာနေသော ခပ်လတ်လတ် ပန်ဒါပုဆိုးတစ်ထည်ကို ရလာသဖြင့် ဆုပေးပွဲတက်ရောက်ယူရန် ဝတ်စုံတော်ကြီးကား ပြီးပြည့်စုံခြင်းသို့ရောက်တော့သည်။ ထိုညက ကိုရင်ရှူံးမှာ အိပ်မပျော်ပါ။ နောက်တစ်နေ့တွင် ကိုရင်ရှူံးအား နှိမ်ထားသူများ တွေ့ပလားဟ ငါပထမဆုရှင်ကြီးဟု စင်ပေါ်မှ ပြုံးပြုံးကြီး ကြည့်လိုက်ရင် သူတို့တွေက ဘယ်လိုများပြန်ကြည့်နေမလဲဟု တွေးမိပြီး ဟိုလူး၊ ဒီလှိမ့်နှင့် မိုးလင်းသွားတော့သည်။

ထိုနေ့က ဆုပေးပွဲသို့ ကိုရင်ရှူံးနှင့် မယ်တော်ကြီးတို့သာ ပျော်ပျော်ပါးပါးကြီး ချီတက်ဖြစ်ကြလေသည်။ တစ်ခြားဘယ်သူမှ မပါ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၃။ ယခုမှ မှားမှန်းသိတော့သည်။ ကျောင်းသို့ လမ်းလျှောက်သွားရာ လမ်းရိုးမှသွားလျင် ကွေ့ပါတ်သွားရသည့်အတွက် ဖြတ်လမ်းကိုသုံးရာ ကံမကောင်း အကြောင်းမလှစွာပင် မေမြို့တွင် နာမည်ကြီးသည့် ချောင်းပိစိကွေးလေး ဂဲလောင်ချောင်းမှာ ရေများနေသဖြင့် အတိမ်ဆုံးနေရာပင် ဒူးခန့်နစ်မြုပ်နေသည်။ မတတ်နိုင်ပါ၊ ပုဆိုးလေးကိုအသာမ၊ စီးတော်ဖိနပ်လေးကို ခေါင်းပေါ်တင်ပြီး ဖြတ်ရတော့သည်။ နာရီဝက်ခန့်အကြာတွင်မတော့ ကျောင်းဝင်းအတွင်းသို့ရောက်လေသည်။

ကိုရင်ရှူံးနှင့် တစ်နှစ်တည်းဆုယူရသူများမှာ ဒုတိယဆုရှင်မှာ မေမြို့စစ်ဆေးရုံမှ ဗိုလ်မှူးကံသိန်းသမီး၊ တတိယဆုရှင်မှာလည်း စစ်ဆေးရုံမှပင် အောင်ထွန်းလေးကုန်စုံဆိုင်ပိုင်ရှင်၏ သမီးတို့ဖြစ်သည်။ သူတို့နှစ်ဦးမှာ ကိုရင်ရှူံးငယ်စဉ်ကပင် စာပြိုင်ဘက် သူငယ်ချင်းများဖြစ်ကြသည်။ ၎င်းတို့အား ကျောင်းဝင်းအတွင်းတွင် မိဘများစုံညီစွာဖြင့် အလှဆုံးဝတ်စားဆင်ယင်လျက် ပျော်တစ်ပြုံးပြုံး မြင်ရလေသည်။ ၎င်းတို့၏မိဘများမှ ဆုယူကျောင်းသားမိဘအချင်းချင်း သူတို့သမီးများမှာ ဆုရသည့်အကြောင်း၊ ငယ်ငယ်ကလေးကတည်းက ဘယ်လိုစာတော်ကြောင်း၊ ဘယ်လိုလိမ်မာကြောင်း ရွှန်းရွှန်းဝေပြောနေကြသည်ကိုကြားရသည့်နောက် ကိုရင်ရှူံး၏ ကြည်လင်နေသောစိတ်မှာ အတော်လေးနောက်ကျိသွားရတော့သည်။ ထိုတော့မှ ပြန်သတိရသည်၊ ကိုရင်ရှူံးဘေးမှ မယ်တော်အားကြည့်လိုက်သောအခါ မျက်နှာအတော်လေးသုန်မှုန်နေပြီဖြစ်သည်၊ စောစောစီးစီး ချောင်းရေထဲဖြတ်လာရသောကြောင့် လမ်းတွင်လဲ ပြောမဆုံးနှင့်ပင်။

ကျောင်းသားမိဘများနှင့် ဆုရကျောင်းသားများကို ကျောင်းမှ လက်ဖက်ရည်ကျဲကျဲတစ်ခွက်နှင့် စမူဆာတစ်ခုစီ ကောင်းမွန်ဝလင်စွာ ကျွေးမွေးဧည့်ခံလေသည်။ ထို့နောက်တွင်မတော့ ကိုရင်ရှူံးလည်း အစီအစဉ်အတိုင်း ဆုတက်ယူရာ စာအိတ်တစ်အိတ်နှင့် စာရွက်တစ်ရွက်ကို ဆုအနေနှင့်ရလေသည်။ စာရွက်ပေါ်တွင်မတော့ ဘာညာကွိကွဖြစ်သဖြင့် အဖဦးဘယ်သူဘယ်ဝါ၏သားအား ဂံပြုလိုက်ရပါကြောင်း ရေးသားထားပြီး အောက်တွင်မတော့ ကျောင်းတွင်အုပ်နေသူကြီး လက်မှတ်ထိုးထားလေသည်။ ထိုစဉ်က ကင်မရာမီးတစ်ချက်လင်းသွားပါသည်။ သွားလေရော့ ၇၅ ကျပ်။ အောက်ပြန်ရောက်သည်နှင့် စာရွက်ကို မကြည့်အားပဲ စာအိတ်ကိုသာ မျှော်လင့်တစ်ကြီးဖောက်လိုက်ရာ ၁၇၅ိ/- ကျပ်တိတိသော မြန်မာကျပ်ငွေကို တွေ့လိုက်ရလေသည်။ ကျောင်းဝင်းထဲတွင်မတော့ ဆုယူပြီးသော ကျောင်းသား/သူများမှာ နေရာကွက်ကြား ကင်မရာမီးတစ်ဖြတ်ဖြတ်များကြားတွင် စာရွက်ကလေးများကိုလက်တွင်ထောင်ထားပြီး ခမည်းတော်၊ မယ်တော်၊ တစ်ချို့များဆို ဆွေမျိုးများ၊ ဆရာမများခြံရံလျက် စပ်ဖြီးဖြီး ဓါတ်ပုံအရိုက်ခံနေကြသည်ကို မြင်ရသည့်အတွက် ကိုရင်ရှူံးလည်း ရွပိုးထိုးလာသဖြင့် မယ်တော်ကြီးအား ညှိရလေသည်။ မယ်တော်ကြီးမှ မိဘဆရာ ဆုပေးပွဲအတွက် ထည့်ဝင်ထားရသည့် ၁၃၅ ကျပ်ကို လက်ရှိ ၁၇၅ ကျပ်မှနှုတ်လိုက်လျင် ၄ဝ ကျပ်တိတိသာ အမြတ်ကျန်ကြောင်း၊ သို့ပါသော်လည်း ပုံတစ်ပုံရိုက်ပြီးဖြစ်သည့်အတွက် ၃၅ ကျပ်မျှ အရှူံးပေါ်နေပြီဖြစ်သည့်အကြောင်း၊ ဝတ်စုံအသစ်မဝယ်လိုက်သည့်အတွက် လွန်စွာမှပင် ကံကောင်းကြောင်း၊ နောက်ထပ်ပုံတစ်ပုံရိုက်ရန် မဖြစ်နိုင်တော့ကြောင်း အတန်တန်နားချနေသည့်ကြားမှပင် ကိုရင်ရှူံးမှာ ရွစိတက်နေသဖြင့် မရမက ပုံတစ်ပုံ ထပ်ရိုက်ဖြစ်အောင် ရိုက်ခဲ့လေသည်။

ဆုပေးပွဲမှ အပြန်လမ်းတစ်လျှောက်တွင်မတော့မူ ကိုရင်ရှူံးမှာ ပထမဆုဟူသော စာရွက်ကြီးကို ရရှိခဲ့သောကြောင့်တစ်ကြောင်း၊ ကျောင်းမှ ဆရာ/ဆရာမများကြားတွင် ကိုရင်ရှူံးမညံ့ကြောင်း ပြနိုင်ခဲ့ပြီဟု ဝမ်းသာမိသည့်တစ်ကြောင်း တွေးတွေးပြီးသကာလ ပြုံးနေလိုက်၊ အပြန်လမ်းတစ်လျှောက် မယ်တော်မှ တစ်ဗြစ်တောက်တောက် အပြစ်တင်ရင်း စိတ်တိုလာသည့်အခါ နံကြားမကြာခဏဆွဲလိမ်ခံနေရသဖြင့် နာကျင်သဖြင့် မျက်ရည်စိုလာလိုက်နှင့် ကိုရင်ရှူံးမှာ အငိုမျက်လုံး အပြုံးမျက်နှာနှင့် ထိုဆုပေးပွဲကြီးမှ အိမ်သို့ လျှောက်လှမ်းပြန်လာတော့လေသတည်း။

(ထိုစဉ်မှစပြီး နောင်နှစ်များတွင် ကိုရင်ရှူံး ဆုရအောင်လဲ မကြိုးစားတော့သလို ငယ်စဉ်က ရရှိခဲ့သည့် စာရွက်အစုတ်များ၊ ပုံများကိုလည်း တစ်ခုမကျန် လွှင့်ပြစ်ခဲ့သည့်အတွက် ယခုအချိန်တွင် အမှတ်တရပြရန် တစ်ခုလေးသော်မျှ မရှိတော့ပါကြောင်း… စိတ်မကောင်းစွာဖြင့်)

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

22 comments

  • ကိုရင်မောင်

    August 26, 2012 at 9:07 am

    ကိုလူရှုံးရေ …ကိုလူရှုံးရဲ့ လွမ်းမောဘွယ် ငယ်ဘဝလေးကိုဖတ်ရှု့အားပေးသွားပါတယ်..
    .အောင်မြင်တဲ့ဘဝကိုစဉ်ဆက်မပြတ်လျှောက်လှမ်းနိုင်ပါစေဗျာ…….
    …..ခင်မင်လေးစားလျှက် ကိုရင်မောင်…..

  • surmi

    August 26, 2012 at 9:30 am

    အဲဒါတွေပြောရရင် မျက်ရည်ကျတယ်
    ပထမဆု ၁၇၅ ကျပ် အင်းးးးးးး
    ကျုပ်သူငယ်ချင်း မြန်မာ့လက်ဝှေ့ ထိုးတာ
    တတိယတန်းအလံပွဲမှာ ပထမဆု ၁၅ဝကျပ်
    ခတ်စုတ်စုတ်မျက်နှာသုပ်ပဝါတစ်ထည်
    ဒါနဲ ့ ကိုရှုံးလဲစာရေးကျဲနေတယ်နော်

    • စာရေးကျဲနေတာကတော့ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့်ဖြစ်သလို ဆိုင်အသစ်တစ်ခု ဖွင့်ပေးနေရတဲ့ ကာလမို့လို့ အနည်းငယ် ဇောက်ချလုပ်ကိုင်နေရခြင်းကြောင့်လဲဖြစ်ပါတယ် ကိုဆာမိရေ

  • ဦးဦးပါလေရာ

    August 26, 2012 at 10:01 am

    ကိုရင်ရှုံးရေ-
    သားသမီးပညာရေးကို အရေးတယူလုပ်နိုင်တဲ့မိဘတွေရှိသလို
    မလုပ်နိုင်တဲ့မိဘတွေလဲ ရှိပါရဲ့ဗျာ..
    ကျုပ်လဲ သူငယ်တန်းကနေ တတိယတန်းအထိ ဆုရတဲ့အခါ မိဘတဦးဦး လိုက်ပေးပေမယ့်
    ပဉ္စမတန်းကနေ ဆယ်တန်းအောင်တဲ့အထိ ဆုတခုခုယူရတဲ့အခါ
    ဘယ်သူမှမလိုက်ပေးပဲ ကိုယ့်တယောက်ထဲ ဆုပေးပွဲတက်ခဲ့ရပါတယ်။
    အဝတ်အစားနွမ်းနွမ်းလေးနဲ့ပဲပေါ့….။
    အဲဒါရဲ့အကျိုးဆက်ကတော့ စာတော်ချင်စိတ် တော်တော်နည်းသွားပြီး
    တက္ကသိုလ်ရောက်တော့ စာအရမ်းညံ့ပြီး ကျန်တဲ့နေရာတွေမှာတော်တဲ့လူ ဖြစ်သွားတော့တာ..။

  • ဆူး

    August 26, 2012 at 10:10 am

    ဒီဇတ်လမ်းလေးကို ဖတ်လိုက်တဲ့ အခါ ကိုရှုံး မိဘတွေ အလွန်ကျပ်တည်းတဲ့ အချိန်တွေမှာ ရှိတာလေးနဲ့ ကြီးပြင်းအောင် ကျွေးမွေးခဲ့ရတယ် ထင်ပါတယ်။
    သူတို့ ရှိတာလေးကို မောင်နှမတွေ ဝမ်းဝအောင် ပညာတတ်အောင် ကျွေးမွေးတဲ့ မိဘတွေကို ကျေးဇူးတင်သင့်ပါတယ်။

    ဘယ်လိုပဲ ဖြစ်ဖြစ် အတိတ်ကတော့ အတိတ်မှာ ပြီးဆုံးသွားပြီမို့ ကိုယ်တိုင် ဘဝ ရတဲ့ အခါမှာတော့ ပိုက်ဆံ များများ ရှာပြီး သားသမီး မျက်နှာပန်းလှအောင် မေတ္တာများများနဲ့ ကျွေးမွေးပြီး ဆုရအောင် တော်တဲ့ ကလေးတွေကို ကောင်းကောင်းချီးမြှောက်ဖို့ပဲ စဉ်းစားလိုက်ပါ။ ပူတာကို ကိုင်မိရင် ပူမှာပဲ.. ထိုကဲ့သို နှလုံးမူပြီး ပူလောင်တာရှိခဲ့ရင် မတွေးပါနဲ့ ပြည်ပုံးကားချ ထားတဲ့ ပိတ်ကားပြီးလိုပဲ အားလုံး ကို ပြန်လည်း မတွေးနဲ့ ပြန်ပြီးတော့လည်း စမြုံ့ မပြန်ပါနဲ့တော့.. တွေးမိလို့ ပူလောင်မယ် ဆိုရင် သူတို့ မိဘ ဖြစ်နေလို့.. ပြုပြင်လို့ မရပါဘူး သူတို့ ကိုယ့်ကို မွေးခဲ့တာကိုး.. တယောက်နဲ့ တယောက် ကျေနပ်လို့ ရွေးချယ်ထားခဲ့ကြတာ မဟုတ်ပါဘူး ကံတရားကသာ သင့်တော်လို့ ရွေးချယ်ပြီး နေရာချပေးလိုက်တာပါ။ ကိုယ်တိုင် မိဘ ဖြစ်ရင်သာ ပြုပြင်ချင်တာတွေကို နမူနာအနေနဲ့ ယူလိုက်ပါ။ ကိုရှုံး အဖေ က မုန့်တခုစာ ရှာလို့ရခဲ့ရင် လူပျို ဘဝ တုန်းက တခုလုံး ဝဝ လင်လင် စားလို့ ရနိုင်ပေမဲ့ ကိုရှုံး အမေ ရှိတဲ့ အခါ တယောက် တဝက် စားရမှာပေါ့.. နောက်ထပ် ကလေးတွေ ထပ်မွေးတဲ့ အခါ ကလေးတွေ ဝမ်းကိုယ်စီ အတွက် သူတို့ တွေ လက်ထဲမှာ ရှိတဲ့ အပုံထဲက ထပ်ခွဲပြီးတော့ စားရမှာမို့.. သူတို့ ကျေနပ်လို့ မွေးထားပြီး သူတို့ ကျေနပ်လို့ ကျွေးခဲ့ကြတာပါပဲ။ ကိုယ်တိုင် ပိုက်ဆံ မရှာနိုင် ဘာမှ မလုပ်နိုင်တဲ့ အချိန်မှာ အသက်ရှင်သန်အောင် နေ့စဉ် ဝမ်းဝပြီး သန်မာထွားကျိုင်းတဲ့ ကိုယ်ခန္ဓာ ပိုင်ဆိုင်လာအောင် ပညာတတ်အောင် ကျွေးမွေးတဲ့ မိဘ တွေရဲ့ ကျေးဇူးကလည်း ကြီးမားပါတယ်။ တချို့သော အရာတွေက ကြီးလွန်းလျှင်လည်း မမြင်ပဲ ဖြစ်တတ်သလို သေးလွန်းလျှင်လည်း ပျောက်သွားတတ်ပါတယ်။ သူငယ်ချင်း အနေနဲ့ တွေးမိတာ ပြောပြတာနော်… စိတ်ဖိစီးမှုတွေ များတဲ့ အခါ မိသားစု နဲ့ ပြေပြေလည်လည် ဆက်ဆံပြီး တင်းကျပ်နေတဲ့ စိတ်တွေ ပြေလျော့စေဖို့ သူတို့မေတ္တာတွေနဲ့ ဖာထေးလိုက်ပါ။

    ခင်မင်သော မေတ္တာများစွာဖြင့်
    သူငယ်ချင်း (ဆူး)

  • ကြောင်ကြီး

    August 26, 2012 at 10:47 am

    အလယ်တန်းအစိုးရစစ်မှာ အကျွန်ုပ်ဦးကြောင်ကြီး ဂုံဒူးတဘာသာ ရ၍စင်မြင့်ထက် ဆုယူခဲ့ရသည်။ (သိပ်အထင်မကြီးနဲ့ အဲဒီနှစ်က အောင်တဲ့ ကျောင်းသားတဝက် ဂုဏ်ထူးတလုံး အနည်းဆုံးပါဒယ်) ဆုယူတော့ တဂေါင်ထဲပါဗျာ။ ဘွဲ့ရတော့လည်း သွားမယူဘူး၊ နိုင်ငံခြားထွက်တော့မှ လိုလိုမယ်မယ် ဘွဲ့လက်မှတ်ထုတ်တယ်။ နောက်ပိုင်းစာမေးပွဲတွေ အောင်တော့လည်း သွားယူဖို့ မပြောနဲ့ ပညာသင်နှစ် ဓာတ်ပုံတောင် သွားမရိုက်ခဲ့ဘူး….။ အဲလောက်ထိ ပြတ်တယ်..။ 😉

  • nozomi

    August 26, 2012 at 11:43 am

    ကိုရှုံးမိဘတွေက သားသမီးကို အထူးသဖြင့် ကိုရှုံးကို သိပ်မချစ်သလို ဂရုလဲ တော်တော် မစိုက်တာပဲနော
    အဲဒီအတွက် စိတ်ထဲမှာလဲ သတိရနေမှာပဲ..

    ကျွန်တော်ဖတ်ဖူးတာလေး ပြန်မှတ်မိသွားတယ်
    ဦးသာဓုရဲ့ အမေ ( ဦးသုမောင် အဘွား) က ဦးသာဓုအပေါ်တော်တော်ဆိုးတာပဲ ရိုက်တယ် ဆူတယ် နှိပ်စက်တယ်
    ဒါပေမဲ့ ဦးသာဓုဘက်က ကျတော့ တော်တော်ကို ချစ်တာပဲ သာမန် သားတစ်ဦးထက်ကို ပိုဂရုစိုက်တယ်

    ချစ်ခြင်းမေတ္တာဆိုတာ သူ က ကိုယ့်ကိုချစ်မှ ကိုယ်က ပြန်ချစ်လို့ ရတာမဟုတ်ဘူးလို့ သဘောပေါက်မိတယ်

    ဆိုးဆိုးကောင်းကောင်း မိဘက မိဘပါပဲ ၊ အနဲဆုံးတော့ သူတို့မွေးလို့ ( တချို့ ကိုယ်ဝန်နဲ့တင် ဖျက်ချတာကို) ၊ သူတို့ကျွေးလို့ ကိုယ်က လူ ဖြစ်လာတဲ့ ကျေးဇူးနဲ့တင် တော်တော်ကြီးနေပါပြီ

    သူတို့ ဒီလို ဆက်ဆံတယ်ဆိုတာလဲ သူတို့မှာ အကြောင်းတော့ ရှိမှာပါ
    အနဲဆုံး ကိုယ့်သားသမီးကျ ရင် ကိုယ့်လို မခံစားရအောင် ပိုချစ် ပိုဂရုစိုက်ပေးပေါ့

    မိဘမှ မဟုတ် တဖက်လူကို မချစ်ရင် မုန်းရင် တစ်ဖက်လူက သိ မသိ မသေချာပေမဲ့ အဲဒီ မုန်းတာ မကျေနပ်တာက ရတဲ့ စိတ်ပင်ပန်းဆင်းရဲမှုက ကို်ယ့်မှာရနေပြီ

    ( ကိုရှုံးကို ဆရာလုပ်တာ မဟုတ်ပါဘူးနော၊ ရင်ထဲမှာ ဘယ်သူမှ လာစိုက်တာ မဟုတ်ပဲ ကိုယ်တိုင်စိုက်တဲ့ ဆူးတွေကြောင့် မခံစားစေချင်လို့ပါ )

  • YE YINT HLAING

    August 26, 2012 at 3:03 pm

    ကျွန်တော် အားကျတဲ့ စိတ်ဓာတ်ပိုင်ရှင် ထဲမှာ ကျွန်တော့ညီမ အငယ်ဆုံးလေးပါတယ် ။ ဒီနှစ် ခြောက်တန်းတက်ပြီ ။ ကိုရင် ရှုံးပြောမှ ဒီနှစ်ကော မနှစ် ကအတွက် ဆုရလား မေးရဦးမယ် ! သေချာပေါက်ရမှာပါ ! အရင် နှစ်က သုံးနှစ်ဆက်တိုက် ပထမ ချည်းရတယ် ။ ကိုယ့်ညီမလေး သုံးနှစ် ဆက်တိုက် ပထမ ရတယ် ဆိုတဲ့ သတင်း သိရတော့ ကိုယ်ကသာ ပျော်ပြီးချီးမွမ်းခန်း တွေထုတ်နေတာ သူကတော့ ဘာမှမထူးဆန်းသလိုပဲဗျာ ! စာကျက်တာပဲ ရမှာပေါ့တဲ့ ! ဒုတိယ နှစ်နှစ်မြောက် ဆု ယူတုန်းကလည်း ယူပြီးမှ အိမ်ကသိတယ် ။ တအိမ်လုံးက ဆုယူမှာကို ဘာလို့ကြိုမပြောတာလည်း မေးတော့ အားမှ မအားကြတာ ဒါကြောင့်မပြောတာတဲ့ဗျာ ! လူကြီးစကား ပြောသွားလို့ အံ့ဩမိ သနားမိပါရဲ့ ! မုန့်ဖိုးစုတဲ့ ဝါသနာလည်းပါတယ် ။ တနှစ် သင်းကြန်ရက် ကျွန်တော် အိမ်ပြန်တယ် ။ ရွာထဲ က ဘုရားမှာ နှစ်စဉ် ဘုန်းကြီး တပါးကြွလာပြီး ဥပုပ် ပေးတယ် ။ ညီမလေး က ဘုန်းကြီးကြွလာခါနီး ရေကစားနေတာ ရပ်ပြီး ရေချိုးတယ် ။ ရေချိုး ပြီး အပြင်ထွက်မယ်လုပ်တော့ အမေ က ဟဲ့ ကောင်မလေး သနပ်ခါး လိမ်းဦးလေဆိုတော့ ဥပုပ်စောင့်မှာဗျ ! လို့ပြောပြီး ” ဘုန်းကြီး ကြွလာပြီ ဗျို့ ! ” နဲ့ ရွာထဲ လှည့်ပတ် အော်တယ် ။ ညနေဘက်ဆိုရင် မြို့ထဲ ကို ထင်းထမ်းရောင်းပြန်လာတဲ့သူတွေရှိတယ် ။ အခါရက် ဆိုပေမဲ့ သူတို့ဝမ်းစာ အတွက်သွားနေရတဲ့သူတွေရှိတယ် ။ အဲဒါ ညီမငယ်က ကျွန်တော်ပေးထားတဲ့ မုန့်ဖိုးတွေထဲကနေ အချိုရည် ဘူးလေးတွေ ဝယ်ပြီး ရွာထိပ်ကစောင့်ပြီး ကုသိုလ် လုပ်သဗျ ! ကိုရှုံး ဆုယူတဲ့ အကြောင်းလေး ဖတ်ပြီး ညီမ ကို သတိရမိသွားပြီး ရေးလိုက်တာ ပို့ ( စ ) နဲ့မဆိုင်တာတွေပါ ပြောမိသွားပြီ ။ ကိုရှုံးရေ — ကိုယ်မိဘ ဖြစ်လာရင် ကိုယ့်သား/သမီး တွေ ကိုယ့်လို မဖြစ်အောင် ကြိုးစားကြရမှာပေါ့ဗျာ !

    ခင်မင်စွာဖြင့်
    ရဲရင့်လှိုင်

  • kyeemite

    August 26, 2012 at 3:39 pm

    လေးစားပါတယ်..
    ကိုရှုံးကမှကျောင်းဝတ်စုံနှစ်စုံရှိသေး….
    ကျုပ်များ တစ်စုံတည်းနဲ့တက်ခဲ့တာ…
    ကျုပ်အမြင်ပြောရရင်တော့ တစ်စုံပဲရှိတော့..
    လျှော်ရဖွတ်ရသက်သာသလို..ကျောင်းသွားခါနီး..
    ဘာဝတ်ရင်ကောင်းမလဲ ခေါင်းမစားတော့ဘူးပေါ့..
    ပျော်စရာကြီးပါဗျာ…

  • kai

    August 26, 2012 at 4:03 pm

    အင်း..
    ကိုရင်စိုင်းရေ…

    ကလေးဆိုတာ… မွေးစပိစိမှာ..ဟိုလှိမ့်ဒီလှိမ့်နဲ့.. ခေါင်းအုံးမျက်နှာပေါ်တင်နေရင်တောင်.. အသက်ရှုပိတ်ပြီး သေတတ်တာကလား…
    အဲဒါ.. မိဘက.. မသေသွားအောင်.. တောက်လျှောက်ကြည့်ရှု့စောင့်ရှောက်နေရတာဗျ.. အရိပ်တကြည့်ကြည့်နေမှ.. ဒီလိုအရွယ်ကြီးတွေရောက်လာတာဗျ…

    ကိုရင်ဒီလိုအရွယ်ကြီးရောက်နေပြီမဟုတ်လား..
    မိန်းမမြန်မြန်ယူပြီး.. မိဘလုပ်ကြည့်…
    မိဘဖြစ်တာနဲ့.. အရင်ဆုံး.. နှစ်ချီ ညမအိပ်ရတဲ့..အရသာ.. တွေ့ရလိမ့်မယ်…

    • candle .

      August 26, 2012 at 5:04 pm

      အဲ့ဒါ ..အမှန်ဘဲ
      candle ဆိုမိဘ လုပ်ကြည့်ချင်လို ့ စမ်းသပ်ကြည့်လိုက်တာ..
      သားနှစ်ယောက်လူပျိုဖြစ်တော့မယ် ခုချိန်ထိ အိပ်ရေးမဝသေးသလိုဘဲ..

    • ကြောင်ကြီး

      August 26, 2012 at 8:03 pm

      ကျေးဇူးကြီးလှပါတယ် ပါပါဦးခိုင်.. သမီဒေါ်ဂလေးအတွက် သားတော်မောင်ကြောင်ကြီးအဖြစ်နဲ့ ပြန်လည်ကျေးဇူးဆပ်ခွင့်ပြုပါ။ 😳

    • သူကြီးရေ… မိဘလုပ်ကြည့်ဖို့တော့ မဖြစ်နိုင်တော့ဘူးထင်ပါတယ်… ခင်ပွန်းလုပ်ဖို့တောင် အရွေးချယ်မခံရတဲ့သူမို့ အဲဒီသဘောတရားတွေ ဘယ်တော့မှလဲ နားလည်နိုင်မယ်လို့ မထင်မိပါကြောင်း

  • ပစ်ပစ်ချန်

    August 26, 2012 at 10:17 pm

    ကိုရှုံး……..
    ညီမတုန်းကအဖြစ်လေးပြောပြမယ်
    ၂တန်းတုန်းက မိဘတွေက လှိုင်မြို့ နယ်ကနေ ဗဟန်းကိုပြောင်းတော့ ကျောင်းတက်နှစ်တဝက်တပျက်နဲ့ ကျောင်းလည်းမပြောင်းတော့ဘဲ လှိုင်မှာ ဆွေမျိုးလိုခင်တဲ့အိမ်မှာနေပြီး ကျောင်းတက်ခဲ့ရတယ်
    တခါတလေ အဖေက ရုံးကနေ ညဆိုင်းဆင်းပြီးထွက်လာရင်း ကျောင်းမုန့်စားဆင်းချိန်မှာ လာတွေ့တတ်တယ်
    အဖေလာမယ့်နေ့တွေဆို မှတ်ထားတယ်လေ
    မုန်းစားကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ အပြင်ကိုပြေးထွက်လာလိုက်တာ
    ကျောင်းကအလယ်လမ်းမကြီးမှာ ညီမတစ်ယောက်တည်း ပြုံးပြီးအဖေ့ဆီပြေးတာ ခေါင်းလောင်းသံတောင် မရပ်သေးဘူးလေ
    ပြန်သတိရသေးတော့
    အဖေက မုန့်ဖိုးလည်းပေးသွားတတ်တယ်
    ညီမက မုန့်ဖိုးရပြီးတော့ ကျောင်းဝင်းတံခါးအပြင်က အဖေကိုလှည့်မကြည့်တော့ဘဲ မုန့်ဈေးတန်းဖက် ပြေးတော့တာ (မုန့်ဖိုးမြင်တာနဲ့ မိဘကို သတိမရတော့တာလေ :mrgreen: )
    အဖေကတော့ ဘယ်ဟာမစားနဲ့ ဘာညာ သတိပေးတယ်
    ညီမမုန့်ဈေးတန်းမှာ မုန့်တွေဝယ်စားနေတာကို အပြင်ကနေကျောင်းခေါင်းလောင်းထိုးလို့ကျောင်းတက်တဲ့ထိ စောင့်ကြည့်နေရှာတယ်
    အဲ့တုန်းက မှတ်မှတ်ရရ ဂိတ်ပေါက်မှာစောင့်တဲ့ ဆရာမတွေက သူတို့အချင်းချင်း တီးတိုးပြောနေတာကြားလို့ အဖေနဲ့အမေ စနေ၊ တနင်္ဂနွေ ညီမကိုလာတွေ့တဲ့အခါ အမေ့ပေါင်ပေါ်တက်ထိုင်ရင်း ငိုမဲ့မဲ့ပြန်ပြောဖြစ်တယ်
    “ကလေးအဖေနဲ့အမေက ကွဲနေတယ်ထင်တယ်၊ မုန့်စားဆင်းချိန် လာလာပြီးခိုးတွေ့နေရှာတယ်”
    ညီမ အဲ့နားကဖြတ်သွားတုန်းလေး ကြားလိုက်တာလေးရယ်…………. 🙁

    • ပန်ပန်က မိဘတွေချစ်တာကို ခံခဲ့ရပါတယ်လေ… အဲလိုလေးချစ်တတ်ခဲ့ကြရင် ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ… ငယ်ငယ်တုန်းကတော့ မိဘတွေဆီက ချစ်ခြင်းကို အရမ်းမျှော်လင့်ခဲ့တယ်… မရခဲ့ဘူး

      ခုချိန်မှာတော့ လူတစ်ယောက်ရဲ့ ချစ်ခြင်းကို အရမ်းမျှော်လင့်နေခဲ့တယ်၊ မျှော်လင့်နေဆဲ၊ မျှော်လင့်နေတုန်းပေမယ့်လည်း…..

  • MaMa

    August 27, 2012 at 4:31 pm

    ရှုံးလူရဲ့စာကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။
    ကလေးတစ်ယောက်ရဲ့ စာတော်လို့ ဆုယူရတဲ့ အငိုမျက်လုံး အပြုံးမျက်နှာလေးကို မြင်ယောင်သွားတယ်။
    ဘာပဲပြောပြောတောက်မည့်မီးခဲ တရဲရဲ လို့ ဆိုရိုးရှိတယ်မဟုတ်လား။
    ပင်ကိုယ်ဉာဏ်ကောင်းပြီး ကြိုးစားချင်စိတ်လည်းရှိသူမို့ ဘဝမှာ အောင်မြင်မှုတွေ ရဦးမှာပါ။
    အောင်မြင်မှုတွေ ရပါစေလို့လည်း ဆုတောင်းပေးပါတယ်။ [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • pooch

    August 27, 2012 at 4:50 pm

    စိတ်တောင်မကောင်းဘူး။
    ဖြေတွေးလိုုက်ရင် ဒီနေ့ ဒီလိုအခြေအနေရောက်ခွင့်ရတာလည်း သူတို့ လူဖြစ်ခွင့်ပေးခဲ့လို့ပဲ မလား။
    တနေ့ ကိုယ်တိုင် မိဘနေရာရောက်တဲ့ အခါကြရင်လည်း ပိုပြီးတော့ နားလည်လာပါလိမ့်မယ်။
    ကိုယ်လည်း ငယ်သေးတာပဲ တနေ့ လိုချင်တဲ့ပန်းတိုင်ရောက်အောင် သွားဖို့ အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်။

Leave a Reply