Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူမှုဖူလုံရေးနှင့် မြန်မာနိုင်ငံ – မောင်မိုးညို

kaiSeptember 13, 20121min2734

“ဆိုရေးရှိကဆိုနိုင်ကြသော” (တနည်း) “ဖြစ်ပေါ်ပြောင်းလဲမှုများ ပြည့်နှက်နေသော” ခေတ်တခုဆီသို့ မောင်မိုးညိုတို့အပါအဝင် ပြည်သူအားလုံးက အရှိန်အဟုန်ဖြင့်ချင်းနင်း ဝင်ရောက် နေကြပြီဟုဆိုရပေမည်။ တစ်နှစ်လည်သား သာသာကာလအတွင်း ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ရှိ လာသော စစ်အစိုးရတဖြစ်လဲ၊ မြန်မာအစိုးရ၏ သတင်းသစ်များ ယနေ့မီဒီယာလောကတွင် ပလူပျံအောင် နေရာယူနေသောအချိန်ဟုလည်းဆိုရမည်။
ပြီးခဲ့သော ဇွန် (၂၅)ရက်က မြို့တော်သစ်နေပြည်တော်၏ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာနိုင်ငံလုံးညီလာခံသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုယ်တိုင်တက်ရောက်ပြီး၊အားတက်သရောပါဝင်ဆွေးနွေးခဲ့သည်။
လက်ရှိနိုင်ငံတကာတွင်ကျင့်သုံးနေသော social protection ခေါ် social security systems များကိုကြည့်ပါက အစိုးရအနေဖြင့် မိမိပြည်သူလူထုတရပ်လုံးကို အကောင်းဆုံးဖြစ်နိုင်စေမည့်အစီအမံများချမှတ်ရာတွင်၊ အစိုးရကိုယ်တိုင်က ဌာနကြီးတခု (agency) အနေဖြင့်ကိုင်တွယ်စီမံသည်မှာ မှန်ကန်သော်လည်း၊ လွတ်လပ်သောစီမံခန့်ခွဲမှုစနစ် ကျင့်သုံးခွင့်အပြည့်ရှိကြသည့်အပြင်၊ လူထုကမိမိတို့အလိုရှိသော ပြုပြင်ပြောင်းလဲမှုများကို ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်များမှတဆင့်တင်ပြပြောင်းလဲခွင့်ရှိကြခြင်းဖြစ်သည်။ ယင်းစနစ်၏ ရံပုံငွေ fund ကိုလည်း ဈေးကွက်ပကတိအခြေအနေနှင့်လိုက်လျောညီထွေရှိစေနိုင်သည့် စံနှုန်းချိတ်ဆက်မှုနှင့် အပြန်အလှန် ထိန်းကြောင်းမှုများရှိသဖြင့် အခြေခိုင်မာသော အနေအထားရရှိစေနိုင်သည်ကိုတွေ့ရသည်။
အရေးကြီးသည်ကား၊ စနစ်ယန္တရားကြီးတခုလုံးကိုစီမံခန့်ခွဲမှုနှင့် ငွေကြေးကိုင်တွယ်မှုတွင်အစိုးရမှ ဝင်ရောက်ပါဝင်ချယ်လှယ်ခြင်း မှကင်းနိုင်သမျှကင်းရန်လိုအပ်ပေသည်။ အစိုးရဟူသည်ကားမိမိတိုပြဌာန်းလိုက်သော၊ ဥပဒေနှင့်နည်းဥပဒေများ တွန်းအားပေးရန် (enforce) နှင့်လွှမ်းခြုံအကျိုးသက်ရောက်မှု (monitoring of coverage impact) ကို စောင့်ကြည့်စိစစ်ရန်သာဖြစ်ပါသည်။

လက်ရှိကျင့်သုံးနေသောအမေရိကနိုင်ငံ၏ social security system နှင့်အခြားမိသားစုလုံခြုံရေးအစီအစဉ်များ
၁၉၃ဝ ဝန်းကျင်လောက်ဖြစ်ပွားခဲ့သောစီးပွားရေးကပ်ကြီးပြီးနောက် သမ္မတရုစဘဲ့လ်အစိုးရ၏ တွန်းအားပေးမှုကြောင့်  (၁၉၃၅)ခုနှစ်ကပေါ်ပေါက်လာသော social security system fund သည်ကမ္ဘာတွင်သာမက အမေရိကတွင်ပါသမိုင်းဝင်အကြီးမားဆုံး trust fund အဖြစ်၊ သန်းပေါင်းများစွာသော အငြိမ်းစားများနှင့်တကွမသန်မစွမ်းသူများကို အငြိမ်းစားထောက်ပံ့မှုနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့တိုင်ပေးနေနိုင်ပြီဖြစ်ပါသည်။ social security system ပေါ်ပေါက်လာသောသမိုင်းကြောင်းကိုကြည့်ပါကလည်းအမေရိကလိုနိုင်ငံကြီးပင်လျင် ဆန်ုကျင်ကန့်ကွက်မှုအထောက်အထားများစွာ ရှိခဲ့သည်ဆိုသည့်အချက်တွေ့ရသည်။
ဝင်ငွေရှိသူတိုင်း (အစိုးရပုဂ္ဂလိကဝန်ထမ်းများ နှင့်ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအားလုံး) ကမိမိဝင်ငွေ၏ (၆%) ခန့်ကိုယင်းရုံပုံငွေသို့မဖြစ်မနေထည့်သွင်းကြရသည်။ အသက်(၆၂)နှစ်ပြည့်လျင်စတင်ခံစားခွင့်ရှိသော်လည်း၊ လက်ရှိအနေအထားအရ (၆၆နှစ်ခွဲ) ပြည့်မှသာလျင် မိမိအကျိုးခံစားခွင့်ကိုရာနှုန်းပြည့်ရနိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်မှာလည်းလာမည့်(၂၀၃၃)ခုနှစ်တွင် ရံပုံငွေလျောနည့်းကျဆင်းလာမှုကြောင့် ရရှိခံစားသင့်သော ခံစားခွင့်ထဲမှ (၇၅%)လောက်ကိုသာခံစားခွင့် ရှိနိုင်ကြတော့မည့်ဖြစ်သဖြင့်၊ လူထုနှင့်အစိုးရအကြားစိုးရိမ်မကင်းမှုနှင့်အငြင်းပွားမှုများ ပေါ်ပေါက် လာပြီဖြစ်ပါသည်။
နားလည်မှုလွဲမှားနေသောအချက်ကား၊ social security fund ကို အစုရှယ်ရာ stock အဖြစ်ထင်မှတ်မှားကြခြင်းဖြစ်သည်။ ယင်း fund ကို အတိုးပွားနိုင်သော ရံပုံငွေအဖြစ်ထင်မှတ်မှားကြခြင်း ပင်ဖြစ်သည်။ ယင်း fund ပေါ်ပေါက်လာသောအကြောင်းရင်းခံကိုစိစစ်လေ့လာကြည့်ပါက၊ ခေတ်အဆက်ဆက်စီးပွားပျက်ကပ်ကြုံတိုင်း မိသားစုဘဝလုံခြုံမှုကိုအာမခံလောက်သောအစီအမံအဖြစ် တကယ်ရှိလိုပါက၊ ယင်းရံပုံငွေကိုရောင်းကုန်ုပစ္စည်း အဖြစ်သတ်မှတ်၍မရနိုင်ဆိုသည့် အခြေခံမူဝါဒကို နားလည်ထားကြဖို့ပင်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းကြီးများအပေါ်များစွာအမှီသဟဲပြုနေသော Republican Party မှ ဤရံပုံငွေကို privatize ပုဂ္ဂလိထံလွဲပြောင်းရန်ကြိုးစားအားထုတ်မှုများရှိနေသော်လည်း၊ လက်ရှိအကျိုးခံစားခွင့်လက်တွေ့ရနေကြသူတွေအားလုံးကယင်းအကြံအစည်၏ဆိုးကြိုးနောက်ဆက်တွဲဖြစ်သည့်၊ ဈေးကွက်အပေါ်အခြေခံသောစီးပွားရေးမတည်မငြိမ်နိုင်မှုက ယင်းတို့၏ဘဝကိုခြိမ်ခြောက်နိုင် ကြောင်း တွက်ချက်မိသဖြင့်အပြင်းအထန်ဆန့်ကျင်မှုများရှိနေသည်။ လက်ရှိအခြေအနေအရယင်းလာမည့်အခက်အခဲကို ကျော်လွှားနိုင်ရန်မှာ၊ ပင်စင်အငြိမ်းစားယူပြီးသည့်တိုင်ယင်းရံပုံငွေ အကျိုးခံစားခွင့်ကို ရာနှုန်းပြည့်ထုတ်ယူ နိုင်မည့်သက်တမ်းကိုနှစ်အလိုက်တိုးမြှင့် သွားရန်ပင်။ ဤခံစားခွင့်ကိုလည်းမိမိလုပ်သက်၊ ထည့်ဝင်ကြေးပမာဏ တို့အပေါ်တွက်ချက်ပြီး  unit များအဖြစ်သတ်မှတ်ထားသည်။ အနည်းဆုံး (၄၀)ယူနစ်ပြည့်လျင်ခံစားခွင့် ထုတ်ယူနိုင်ပြီဆိုသော်လည်း၊ အသက်ကန့်သတ်ချက်ဖြင့်ပညတ်ထားသည်။
အခြားခံစားခွင့်တခုကား Medicare ခေါ်အစိုးရကကြီးကြပ်သောကျန်းမာရေးအာမခံစနစ်ဖြစ်သည်။ မိမိဝင်ငွေထဲမှ (၃%)လောက်ပမာဏဝင်ငွေရှိသူတိုင်းကယင်းသီးသန့်ရံပုံငွေသို့ထည့်ဝင်ကြရပြီး၊ အသက်(၆၅)ပြည့်သူတိုင်းမိမိတွင်ကိုယ်ပိုင်ကျန်းမာရေးသီးသန့်ရှိရှိမရှိရှိ ခံစားခွင့်ရှိသော အာမခံစနစ်ဖြစ်သည်။ နှစ်အလိုက်ကြီးမြင့်လာသောဆေးကုသစရိတ်၊ပစ္စည်းစရိတ်ကြီးမြင့်မှု၊ ငွေကြေးဖေါင်းပွမှု နှင့် ရှုတ်ထွေးလှသော Medicare စနစ်အပေါ်ခြိမ်းခြောက်ဝေဖန်မှုများတစနှင့်တစများပြားလာသည်။ သို့သော်လည်း အသက် ကြီးရင့်လာသည်နှင့်အမျှ၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လာသောသက်ကြီးများက စောဒကတက်လိုမှုများ ရှိသော်လည်း၊ နောက်ထပ်ပိုမိုကောင်းမွန်ပြည့်စုံ၍၊ အပူအပင်ကင်းမဲ့သော စောင့်ရှောက်မှုစနစ် မပေါ်ပေါက်နိုင်သေးသ၍၊ လက်ရှိစနစ်ကိုအထိခိုက်ခံလိုခြင်းမရှိကြပေ။ ဤစနစ်ခံစားခွင့်ကိုအသက် (၆၅) တွင်စတင်နိုင်ကြောင်းလက်ရှိပြဌာန်းထားသည့်အပြင်၊ ယင်းအသက်မရောက်မှီ (၃)လလောက်ကတည်းက နီးစပ်ရာ social security ရုံးများ(သို့) internet မှစာရင်းမသွင်းမနေစာရင်းသွင်းကြရန်နှိုးဆော်ထားသည်။
ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရဝန်ထမ်းများအတွက် အငြိမ်းစားပင်စင် စနစ် (retirement pension for federal and local governments) ကို အမေရိကတွင်လက်ရှိ ကျင့်သုံးနေသော်လည်း၊ လုံလောက်နိုင်မည့်ပင်စင်ပမာဏမရှိခြင်းကြောင့်၊ ပုဂ္ဂလိကကဏ္ဍတွင်တွင်ကျယ်စွာ အသုံးပြုလည်ပါတ်နေသော၊ retirement program တခုဖြစ်သည့် 401k ခေါ် အခွန်ဌာနကြီးအက်ဥပဒေပုဒ်မ တခုကတီထွင်ပြဌာန်းထားသော(သို့) သတ်မှတ်ခေါ်ဝေါ်သည့် အစီအစဉ်တွင်ပါဝင်နေကြပြီဖြစ်သည်။
အလုပ်သမားရောအလုပ်ရှင်ပါထည့်ဝင်ရသလို၊ ယင်းအပေါ်အခွန်ကောက်ခံခြင်းကို၊ ပေးသွင်းနေစဉ်ကာလ အတွင်းကင်းလွတ်ထားသဖြင့် ခေတ်စားသော အစီအမံတခုဖြစ်နေသည်။ မိမိဝင်ငွေမှ (၁% မှ ၁၀%)အထိ ထဲ့ဝင်ကြသည်ကိုယေဘူယျအားဖြင့် မြင်နေရသော်လည်း၊ ထိုထက်ပိုမိုထည့်ဝင်ခွင့်ကို၊ ပမာဏသတ်မှတ်ချက် တခု (contribution cap) နှစ်စဉ်သတ်မှတ်၍ ခွင့်ပြုထားသည်။ အစိုးရကချမှတ်သော social security income နှင့်ကွာခြားချက်ကား၊ ထဲ့ဝင်ငွေကို ခေတ်ကာလဈေးနှုန်းအတက်အကျပေါ်အခြေခံသော stock/bond စသော ရံပုံငွေအရဝင်ငွေအတိုးပွားနိုင်သလို၊ စီးပွားရေးအခြေခံပေါ်မူတည်၍၊ မိမိထည့်ဝင်သော ရင်းနှီးငွေ တန်ဘိုး ဆုံးရှံးမှုများဖြစ်ပေါ်နိုင်သည်။ မိမိထည့်ဝင်သောရင်းနှီးမြှုပ်နှံငွေကိုအသက် (၅၉နှစ်ခွဲ)တွင် စတင်ထုတ်ယူ သုံးစွဲခွင့်ရှိသည်။ ထိုအချိန်တွင်မှ ထုတ်ယူသောငွေကို၊ဝင်ငွေအဖြစ်သတ်မှတ်သဖြင့် အခွန်ကောက်ခံမှု ရှိသော်လည်း၊ သက်ကြီးပင်စင်စားများအတွက်သတ်မှတ်သော အခွန်နှုန်းထားသက်သာမှုကြောင့်၊ အကျိုးအလွန်ရှိသော အစီအမံတခုဟုဆိုရမည်။ ထူးခြားချက်တခုကား အလုပ်ရှင်များကလည်း မိမိအလုပ်သမားများထဲ့ဝင်သော ရင်းနှီးမှုပမာဏကိုလိုက်၍၊ တန်းတူထဲ့ဝင်မှုကိုအတိုင်းအတာတခုအထိ လုပ်ပေးကြသည်ကိုတွေ့ရသည်။ (matching contribution) ယင်းကား 401k ၏ဆွဲဆောင်မှုရှိသော အစီအစဉ်ဖြစ်သလို၊ ယင်းထည့်ဝင်ခွင့်ရရှိသော အလုပ်ရှင်များအနေဖြင့်ယင်းထဲ့ဝင်ပမာဏအပေါ်အခွန် ကင်းလွတ်ခွင့်ရကြသဖြင့်၊ အလုပ်ရှင်များအတွက် လည်းအဆင်ပြေသည်။

စင်ကာပူနိုင်ငံ၏လူမှုရေးစောင့်ရှောက်မှုအစီအစဉ် (Provident fund system)
(၁၉၅၃)လောက်ကစတင်ခဲ့သော CPF ခေါ် Central Provident Fund ကားအာရှတွင်စံနမူယူလောက်သော ရှင်းလင်းပီပြင်သည့် မိသားစုဖူလုံရေးစနစ်ကြီး တခုဖြစ်သည်။ မိသားစုတိုင်းအိမ်ပိုင်ဆိုင်ခွင့်အစီအစဉ်၊ Medisave ခေါ်ကျန်းမာရေးစောင့်ရှောက်မှုအာမခံဝယ်ယူနိုင်သောစနစ်၊ သက်ကြီးပင်စင်ခံစားငွေစုဆောင်းမှု အစီအစဉ်အပြင်၊ ပညာရေးအတွက်လိုအပ်သော အသုံးစရိတ်အတွက်ပါစီမံပေးသော ဥပဒေပြဌာန်းချက်ကြီး ဖြစ်သဖြင့်၊ လက်တွေ့ကျသည်သာမက၊ အနောက်နိုင်ငံကြီးများထက်သာလွန်သောအချက်များတွေ့ရသည်။
ထည့်ဝင်ငွေပမာဏပေါ်မူတည်၍ ရာနှုန်းအလိုက်ဖေါ်ပြပါရှိထားသည့်၊ ကျန်းမာရေး၊ပညာရေး၊ ပင်စင်ရံပုံငွေ များထဲသို့ရောက်ရှိသွားသည်။ ထည့်ဝင်ငွေအပေါ်အခွန်ကင်းလွတ်ထားသော်လည်းပြန်လည် ထုတ်ယူသောအခါ လျော့နည်း
သောအခွန်နှုန်းဖြင့်ကောက်ခံမှုစနစ်ပြုလုပ်ထားသည်။ အကြမ်းဖျင်းအားဖြင့် အသက် (၅၅)ပြည့်လျင်မိမိထည့်ဝင်ငွေများကိုစတင်ထုတ်ယူသုံးစွဲခွင့်ပြုထားသည်။ ထူးခြားချက်တရပ်ကား မိမိရင်းနှီးမြှုပ်နှံသောငွေကြေးပမာဏရာနှုန်းအချို့ (၁၀-၂၀% ခန့်လောက်)ကို ယင်း fund ထဲမှအလွန် သက်သာသော အတိုးနှုန်းဖြင့်ထုတ်ချေးခွင့်ပြုထားသဖြင့်၊ စင်္ကံာပူနိုင်ငံသားများအနေဖြင့် ကိုယ်ပိုင်ကွန်ဒိုမီနီယံ များဖြင့်နေထိုင်နိုင်ကြသလို၊ အဆင့်မြင့်သော ပညာများဆက်လက်သင်ကြားခွင့်ရရှိကြခြင်းပင်ဖြစ်သည်။ ဤအစီအမံကို Central Provident Fund အုပ်ချုပ်ရေးအဖွဲ့ကြီးက အစိုးရကချမှတ်သော ဥပဒေ၊ စောင့်ကြပ်ကြည့့်ရှုမှုအောက်မှ လွတ်လပ်စွာစီမံခန့်ခွဲသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံ၏လတ်တလောလူမှုရေးကာကွယ်စောင့်ရှောက်မှုအခြေအနေ တစေ့တစောင်း
ဖေါ်ပြခဲ့သောမြန်မာနိုင်ငံတွင်လက်ရှိကျင့်သုံးနေသောအစီအမံသည်၊ အမှန်တကယ်အားဖြင့် အမေရိကနိုင်ငံ တွင် social security စနစ်စတင်သွတ်သွင်းပြီး ဆယ်စုနှစ်မပြည့်တပြည့်အချိန်ကစတင်ခဲ့ခြင်းဖြစ်ပြီး၊ စင်္ကာပူနိုင်ငံနှင့်မရှေးမနှောင်း ကာလ (၁၉၅၄)တွင်စတင်ခဲ့ခြင်းဖြစ်သော်လည်း၊ ပီပြင်ဖွံ့ဖြိုးမှု၊ တိုးချဲ့လွှမ်းခြုံမှု မရှိကြောင်းဝမ်းနည်းဘွယ်တွေ့ရသည်။
social protection ကိုတွန်းအားပေးရုပ်လုံးပေါ်စေသော ဌာနကြီးများ အနေဖြင့် အလုပ်သမားဝန်ကြီးဌာန အောက်ရှိ လူမှုဖူလုံရေးအဖွဲ့ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန (၂)ခုလောက်သာတွေ့ရပါသည်။
(၁၉၂၃) ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လယ်ယာလုပ်သားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဥပဒေကား ယနေ့အထိအသက်ဝင်လျက်ရှိနေသေးသော်လည်းယင်းဥပဒေ၏ လွှမ်းခြုံအကျိုးသက်ရောက်မှုကားသံသယဖြစ်
ဘွယ်ရှိသည်။ မောင်မိုးညိုမှတ်မိသလောက်၊ ရန်ကုန်တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးနှင့် မန္တလေးတောင်နှင့်ယှဉ်ပြိုင်ဖွင့်လှစ်ဆောင်ရွက်နေသော အလုပ်သမားဆေးရုံကြီး (၂)ခုအပါအဝင်၊ မြို့ကြီးအချို့ (၁၀၀)ကျော်လောက်ရှိ လူမှုဖူလုံရေးဆေးပေးခန်းများကသာ ဒေသတွင်းရှိ ဝန်ထမ်းများကိုသာ လွှမ်းခြုံစောင့်ရှောက်နိုင်မှုပေးနိုင်သေးသည်ကိုတွေ့ရသည်။
လက်ရှိအစီအမံတွင်ပါဝင်သော စောင့်ရှောက်မှုကဏ္ဍများကိုလေ့လာကြည့်ပါက နာမကျန်းစောင်ရှောက်မှု၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု နှင့်မီးဖွားခြင်း။ ထိခိုက်ဒါဏ်ရာရခြင်းတို့အတွက်ခံစားခွင့်ပေးခြင်းတို့အတွက်သာသတ်မှတ်ပြဌာန်း ချက်များရှိပြီး မိသားစုတခုလုံးအတွက်တသက်တာဖူလုံအေးချမ်းရေးအတွက်လိုအပ်သော၊ သက်ကြီးငွေကြေးခံစားခွင့်၊ သက်ကြီးကျန်းမာရေးစောင်ရှောက်မှု၊ ပညာရေး၊ မိသားစုစနစ်နေထိုင်ပျော်ရွှင်သာယာရေးအတွက် အစီအမံများပါဝင်ခြင်းအလျင်းမရှိသည်ကိုတွေ့ရသည်။ မိမိဝင်ငွေ၏ (၁ ဒဿမ ၅%) ကိုထည့်ဝင်ကြရသည်။ အတော်များများက မိမိလစာထဲမှာဖြတ်ခံရမှန်းပင်မသိကြောင်းတွေ့ရသည်။ မိမိအလုပ်လုပ်ခဲ့သော လုပ်သက်အနဲဆုံးရက်သတ္တ(၂၆)ပါတ်တာ ကာလအတွင်း အနဲဆုံး(၁၇)ပါတ်ငွေးကြေးထည့်ဝင်ခဲ့ပါက ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်စတင်ရရှိနိုင်ပြီဖြစ်သည်ဟု(၁၉၅၄)လူမှုဖူလုံရေးအက်ဥပဒေ ကဆိုထားသည်။ သို့သော် အခြားခံစားခွင့်များဖြစ်သည့် ထိခိုက်ဒါဏ်ရာရခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းပျက်စီးခြင်း၊ကိုဝန်ဆောင်ခြင်း၊ သေဆုံးသောအခါသင်္ဂြိုဟ်စရိတ်သတ်မှတ်ချက်များသည်၊ ခေတ်နှင့်မလျော်ညီတော့သည့် အပြင် လက်တွေ့မကျသော ငွေကြေးထောက်ပံ့မှုပမာဏအဖြစ်ဆက်လက်ရှိနေသေးသည်ကိုတွေ့ရသည်။
အမှန်အားဖြင့် ပုဂ္ဂလိကလုပ်ငန်း၊စက်ရုံများကယင်းအတွက် ရံပုံငွေထည့်သွင်းထားသော်လည်း၊ ဝန်ထမ်းများက ယင်းဆေးရုံဆေးခန်းများသို့သွားရောက်အသုံးပြုရမှန်းမသိကြပါ။ အခမဲ့ပြည်သူဆေးရုံများယနေ့တိုင်ရှိနေခြင်း၊ အစိုးရဆေးရုံဆေးခန်းများကိုယုံကြည်ကိုးစားမှုလျော့နည်းကျဆင်းလာခြင်းတို့အပြင်၊ ဗဟုသုတနဲပါးမှုတို့ကြောင့် လူမှုကာကွယ်စောင်ရှောက်မှု၏အသက်တမျှအရေးပါ၊ အကျိုးသက်ရောက်မှုကိုမေ့လျော့နေကြသည်။
မြန်မာနိုင်ငံ၏လက်ရှိလူမှုဖူလုံရေးဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုလေ့လာကြည့်ပါက –
•    အရပ်ရပ်အာမခံစနစ် (ဆေးကုသခွင့်၊ ကိုယ်ဝန်ဆောင် နှင့်မီးဖွားခွင့်၊ အသုဘစရိတ်) နှင့် လုပ်ခွင့်ဒါဏ်ရာရထိခိုက်မှုအတွက်ခံစားခွင့် (ဆေးကုသခွင့်၊ မသန်မစွမ်းဖြစ်ပါကငွေကြေးခံစားခွင့်၊
ကျန်ရစ်သူတို့အတွက်ထောက်ပံ့ကြေး) ဟူ၍သာ မိသားစုလုမှုဖူလုံကာကွယ်ရေးပြဌာန်းချက်(၂)ရပ်သာ ရှိသေးခြင်း၊
•    လက်ရှိအကျုံးဝင်သော အလုပ်သမားဝန်ထမ်းဦးရေ = သုည ဒဿမ ၅၆ သန်း (လူဦးရေ စုစုပေါင်း သန်း ၆၀) သာအကျုံးဝင်သေးခြင်း၊
•    လူမှုဖူလုံရေးဆေးရုံကြီး (၃)ရုံ (ရန်ကုန်၊ မန္တလေးနှင့် ထန်းတပင် တီဘီဆေးရုံကြီး)၊ ဆေးခန်း ၉၉၂) ခန်း၊ ဌာနကြီးများရှိဆေး ခန်း (၄၂) ခန်းသာ ဖြန့်ကျက်ထားနိုင်သေးခြင်း၊
– ယင်းကိုကြည့်ပါက မြန်မာပြည်သူတရပ်လုံးအတွက်အသက်တမျှအရေးကြီးသော လူမှုကာကွယ်စောင့် ရှောက်ရေးယန္တရားပီပြင်လာရေးကားအထူးအရေးကြီးလာပြီဖြစ်သည်။

လက်ရှိအမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်(၂)ရပ်လုံးတွင်ဆွေးနွေးနေကြပြီဖြစ်သော၊ ဤအစီအမံ လက်တွေ့ကျကျရုပ်လုံး ပေါ်လာရေးကားအထူးအရေးပါလှပေသည်။ ယင်းနှင့်ပါတ်သက်၍လွှတ်တော်များအတွင်းစတင်ဆွေးနွေးမှုများ။ မေးခွန်းထုတ်မှုများ၊အဆိုတင်သွင်းမှုများစတင်ပြုလုပ်လာနေပြီးဆိုသည့်သတင်းများ ဝမ်းမြောက်ဘွယ် ကြားနေရပြီဖြစ်ပါသည်။ ထို့အပြင် ပြည်သူ့လွှတ်တော်တည်ဆဲဥပဒေများလေ့လာသုံးသပ်ရေးအတွက် လွှတ်တော်တွင်းသာမက၊ လွှတ်တော်ပြင်ပပညာရှင်များ၊ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းများနှင့် ဆက်သွယ်လျက် အချက်အလက်ရှာဖွေမှုများ (fact finding process) လုပ်ဆောင်နေသော သတင်းကောင်းများကိုလည်းတဆက်တည်းတွေ့နေရပြီဖြစ်သည်။
လေ့လာမိသလောက်ဥပဒေသစ်တွင်ပါဝင်လာမည့် ကဏ္ဍများကား-
•    ကျန်းမာရေးနှင့်လူမှုရေးစောင်ရှောက်မှုစနစ်၊ healthcare insurance and welfare services
•    မိသားစုထောက်ပံ့မှုအာမခံစနစ်၊ family coverage
•    မသန်စွမ်းမှု၊ သက်ပြည့့်အငြိမ်းစား နှင့်ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်အာမခံစနစ်၊ retirement savings, permanent disability insurance, surviving family benefit
•    အလုပ်လက်မဲ့ခံစားမှုစနစ်၊ unemployment insurance
•    အလုပ်ခွင်တွင်းထိခိုက်ခံစားရမှုခံစားခွင့်စနစ်၊ workman compensation schemes
•    ကျန်းမာရေး၊ အိမ်ယာ နှင့် လူမှုရေးစောင့်ရှောက်မှုစနစ်၊ housing assistance and social benefits
•    မကျန်းမာမှုအတွက် ဆေးကုသခံစားခွင့် နှင့်ငွေကြေးအကျိုးခံစားခွင့်၊ medical care & disability benefit while out of work
•    ကိုယ်ဝန်ဆောင်နှင့်မီးဖွားမှုခံစားခွင့်စနစ်၊ maternity and post maternity coverage
•    ရံပုံငွေထဲ့ဝင်ပြီးသူများ အငြိမ်းစားယူပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်စနစ်၊ retirement healthcare coverage
•    သေဆုံးသူအတွက်နာရေးစရိတ်ခံစားခွင့် funeral expense benefit
ယင်းတို့အပြင် လက်ရှိကျင့်သုံးနေသော unilateral စနစ်မှ ဌာနစုံ၊ အစိုးရပြင်ပအဖွဲ့အစည်း နှင့်ပညာရှင်များက  multilateral and multi-sectorial နေ့မီးညမီးတို့ဖြင့် နည်းလမ်းရှာကြံကြရမည့်အချိန်ဖြစ်သည်။
နိုင်ငံ၏ငွေကြေးလည်ပါတ်မှုစနစ်တည်ငြိမ်ရေး၊ အလုပ်ရှင်အလုပ်သမားဆိုင်ရာဥပဒေပြဌာန်းချက်၊ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများပီပြင်လာရေးအပြင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကပါ ဤစီမံကိန်းကြီး တွင် မဖြစ်မနေဝင်ရောက်လာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအာမခံစနစ် အခြေတကျပေါ်ထွက်လာ ရေး တို့ကအရေးကြီးပေသည်။
နိုင်ငံတဝှမ်းရှိ အစိုးရနှင့်ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ဆရာဝန်၊ ဆရာမများအပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အခြား healthcare providers များသာမက၊ မြို့မနှင့်ကျေးလက်ကျန်းမာရေးဌာနများ၊ လူအိုရုံ၊ သခ်ျိုင်း၊ သာရေးနာရေး ကူညီမှုဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးပေါင်းစုံမှအဖွဲ့အစည်းကြီးများ ၊ သမဝါယမအဖွဲ့အစည်းများ ကိုပါဤစီမံကိန်းတွင် ကန်ထရိုက်စနစ်ဖြင့်ပူးတွဲထည့်သွင်းထားရမည်ဖြစ်ပြီး လိုအပ်သော အချက်အလက်ကိန်းဂဏန်းနှင့် အစောင့်ရှောက်ခံပြည်သူလူထုတို့၏ ကိုယ်ရေးအချက်အလက်များကို စနစ်တကျစာရင်းပြုစုနိုင်သော databaseကိုဖေါ်ထုတ်နိုင်ရမည်ဖြစ်သည်။
ကိန်းဂဏန်းအချက်အလက်ဖလှယ်မှုသွက်လက်တိကျရေး နှင့်လုံခြုံစိတ်ချရသော သိုလှောင်မှုစနစ် (information exchange and security of privacy) ကို ဖန်တီးထားနိုင်ရန်နှင့် စီမံကိန်းအပေါ်အခွင့်ကောင်းယူအကျိုးအမြတ်
ထုတ်နိုင်သော စီးပွားရေးလောဘသားများ၊ ကိုယ်ကျိုးရှာသူများကိုကာကွယ်နိုင်မည့် ဥပဒေပညတ်ချက်နှင့်ထိရောက်သော ပြစ်ဒါဏ်များပြဌာန်းထားရှိနိုင်ရေးကားအလွန်အရေးကြီးလာပေသည်။ ဤစီမံကိန်းကိုတိုက်ရိုက်သက်ဆိုင်
သော ဝန်ထမ်းအဖွဲ့အစည်းများသာမက ၊လူထုကဗဟုသုတအမြင်စတင်ရရှိလာရေးအတွက်ယခုကတည်းက ပညာပေးအစီအစဉ်များစတင်ပြုလုပ်ကြရန်လိုအပ်ပေပြီ။
ဤစီမံကိန်းကား နတ်လူသာဓုခေါ်နိုင်မည့် အမျိုးသားရေးကိစ္စဖြစ်သကဲ့သို့၊ နောင်လာနောက်သား သားစဉ်မြေးဆက်၊ အကျိုးထူးများခံစားလာနိုင်ကြမည့်ဖြစ်သည်။
အချုပ်ဆိုရသော် စီမံကိန်း၏အနှစ်သာရလက်တွေ့ကျကျပေါ်ထွက်လာရေးအတွက် နိုင်ငံတကာရောက် ဆိုင်ရာနယ်ပယ်တို့တွင်ကျွမ်းကျင်သော မြန်မာတိုင်းရင်းသားများက ကူညီပေးနိုင်မည်မှာမှန်သော်လည်း၊ ပုံပေါ်လာအောင်ဖေါ်ဆောင်ကြရမည့်သူများမှာ ပြည်တွင်းမှတကယ်လက်တွေ့ဘဝနှင့် နီးစပ်ပြီး လိုအပ်ချက်ကိုတကယ်သိနားလည်သော တတ်ကျွမ်းသူဌာနဆိုင်ရာပညာရှင်များ၊လွှတ်တော်(၂)ရပ်၊သက်ဆိုင်သော ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်အုပ်ချုပ်သူမြန်မာအစိုးရပေါ်တွင်ကားများစွာမူတည်နေပေပြီဖြစ်ကြောင်းတပ်လှန့်နှိုးဆော်လိုက်ရပါသည်။

 

မှတ်ချက်။  ။ ဩဂုတ်လထုတ် မန္တလေးဂဇက်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။

4 comments

  • etone

    September 13, 2012 at 3:41 pm

    အရမ်း အဖိုးတန်တဲ့ ပို့စ်လေးပါပဲ …. ။
    ကူးထားလိုက်ပါတယ်နော် ။

    ကျွန်မတို့ အခြေခံ လူတန်းစားတွေ အများစု အလုပ်လုပ်နေတဲ့ စက်ရုံ ၊ အလုပ်ရုံတွေက အလုပ်သမား ဝန်ကြီးဌာနရဲ့ ထိန်းချုပ်လမ်းညွှန်မှုအောက်မှာ ဆိုပေမယ့် ၊ အလုပ်သမားတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနဆိုတာကိုရော ၊ လူမှုဖူလုံရေး အဖွဲ့ ဆိုတာမျိုးကိုရော သေချာ ဂဃနဏ မသိသူတွေ အများကြီးပါပဲ ။ လစာငွေထဲက အခွန်ဆောင်ရတယ် ၊ လူမှု ဖူလုံရေးအတွက် ဖြတ်တယ် ၊ ဒါပေမယ့် ဘယ်လောက် ရာခိုင်နှုန်း ဖြတ်သလဲ ၊ ဘာလို့ ဖြတ်တာလဲ ဆိုတာ 100 မှာတောင် 95ယောက်လောက် သေချာ မသိကြပါဘူး ။ ခံစား ခွင့်တွေ ဘာတွေ ရှိမလဲ ဆိုတာ သိဖို့ဆို ပိုလို့တောင် ဝေးပါသေးတယ် ။ မသိဆို ရှင်းပြမယ့်လူလည်း မရှိတာကိုး …. ။

    လူမှူဖူလုံရေးက ဖွင့်ထားတဲ့ ဆေးခန်းတွေ ရှိပါတယ် ။ နာမကျန်း ဖြစ်လို့ သွားပြမယ်ဆိုလျှင်တောင် စက်ရုံ အပိုင်းက တာဝန်လစ်ဟင်းမှုဆိုတာမျိုးနဲ့ ခြိမ်းခြောက်တာမျိုး ၊ ဘောနပ်စ်လို အပိုကြေးတွေ မပေးတာမျိုးနဲ့ ချုပ်ကိုင်တဲ့ အခါ ၊ အလုပ်သမားတွေ တဖြည်းဖြည်းနဲ့ လူမှူဖူလုံရေးက ဆေးခန်းတွေကို အားကိုးလို့ရတယ်ဆိုတဲ့ အသိ ပျောက်သွားကြတယ် ။ နောက်တစ်ခုက ခွင့်ရက်ရှည်ယူတဲ့ အပိုင်းပါ ။ စက်ရုံတွေမှာ ခွင့်သုံးရက် ဆက်တိုက်ယူလျှင် အလုပ်ပြုတ်ပါသတဲ့ ၊ (ဘယ်လိုဖြုတ်လဲတော့မသိဘူး ၊ ပါးစပ်ကတိနဲ့ ဖြုတ်ပုံရတယ် ) ။ ဆေးရုံလိုမျိုးတက်ရလို့ ခွင့်ရက်ရှည်လေးများ ယူချင်လျှင် လှူမှူ ဖူလုံရေးကို အရင် သွားပြပြီး စာတင်ရပါတယ် ၊ ပြီးမှ စက်ရုံပိုင်းကို ပြန်ပြပြီး စက်ရုံဘက်က လက်ခံတော့မှ ၊ ခွင့်ရတာမျိုးပါ ။ လုပ်ပုံလုပ်နည်း အဆင့်ဆင့် ၊ မသွားဖူးလျှင်၊ကြားဖူးနားဝမရှိလျှင် နားမလည်ကြပါဘူး ။ ဒီတော့ ပြုတ်လိုက် ၊ ပြန်ဝင်လိုက်နဲ့ သံသယာလည်နေတော့တာပေါ့ ။ ဆားဗစ်မရှိလေ … စက်ရုံက ကြိုက်လေပဲ .. ဘောနပ်စ်ပမာဏနဲ့ လုပ်သက်နဲ့ … သက်ဆိုင်နေလို့ပါပဲ ။

    နောက်တစ်ခုကလေ ၊ အစိုးရ လက်အောက်ခံ ဌာန ၊ အဖွဲ့စည်း အမည်ခံထားပေမယ့် ၊ လုပ်ငန်း သဘော သဘာဝအရ ၊ ပျက်ကွက်တာမျိုး ၊ တာဝန်မကျေတာမျိုးတွေ တွေ့တွေ့နေရတယ် ။ မြင်ပေမယ့်လည်း ၊ ကျောက်ခဲကို ဘဲဥနဲ့ပေါက်သလိုအဖြစ်တွေကြောင့် ၊ သာမန်လူတစ်ယောက်အနေနဲ့ ဘာများ စောဒကတက်ဖို့ ဖြစ်နိုင်မှာလဲ ။ ဆိုလိုချင်တာကကွာ … အလုပ်သမား တွေလစာလုပ်ခထဲက % နဲ့ ဖြတ်ယူထားလျှင်လည်း ယူထားတဲ့အလျှောက် တစ်ခုခုတော့ ပြန်အကျိုးပြုပေးသင့်တယ် ဆိုတာပါ ။ အခုတော့ဖြင့် …… သိသူဖော်စား ၊ မသိသူကျော်သွားဆိုတဲ့ အဖြစ်မျိုးလိုပါပဲ ။ အကျိုးပြုဖို့ ခက်ခဲနေတယ်ဆိုလျှင်တောင် ….. ဒီအသင်းဖွဲ့တွေ ရှိကြောင်း အသိလေးတော့ ထည့်ပေးသင့်တာမျိုးပါ ။

    လူမှူဖူလုံရေးရဲ့ ဆေးစာ ၊ထောက်ခံချက်နဲ့ ဆေးခွင့်တင်သူတွေက ခွင့်အမျိုးစား အလိုက်ခံစားခွင့်တွေ ရှိပါတယ် ။ ဒါပေမယ့်လည်း စက်ရုံ ၊.အလုပ်ရုံပိုင်းက ဦးနှောက်ကောင်းကောင်းနဲ့ … လစာငွေကို ခွဲခြမ်း စိတ်ဖြာထားတဲ့အတွက် ၊ ခွင့်ယူနေတုန်း ခံစားခွင့်ရှိတဲ့ အခြေခံလစာ ပမာဏက တပတ်စာ ကလေးမုန့်ဖိုးလောက်တောင် မရှိသလိုဖြစ်နေတတ်ပါတယ် ။ မျောက်ပြဆန်တောင်းသလို ဖြစ်ရပ်တွေလည်း ရှိတယ် …. ဆက်ပြောရလျှင် ၊ နာတတ်သူတွေ နာတော့မယ် ……… ဒီလောက်ပဲ ပြောခဲ့ပါတယ် ။ 🙄

  • kai

    September 14, 2012 at 2:47 am

    နာ့အကိုကြီးဟာလေး.. လာမဆွေးနွေးပေးကြပါလား…
    အာဟင့်.. 🙁

  • အရီးခင်လတ်

    September 14, 2012 at 3:14 am

    ဘာလဲ။
    သူကြီး က ၂ကျပ်၊ ၂ကျပ် လိုချင်လို့လား။ 😛

    ကြိုးစားပြီး ဆွေးနွေးဖို့ ဖတ်နေပါတယ်။
    အခု စရန် ၁၅ကျပ် ယူသွားပြီ။
    ပြန်လာမယ် နော်။ 🙂

    အမျိုးသမီး ဝန်ကြီး ဆိုတော့ ပိုပြီး တက်တက်ကြွကြွ ဝင်ပေးပါ့မယ်။

  • ကြောင်ကြီး

    September 14, 2012 at 10:04 am

    လူမှုဖုံလုံရေး ရံပုံငွေ လျော့သွားမှာတော့ စိုးရိမ်ဘာဗူးဗျာ…အချိန်တန် နွားပိန်ကန်ပါလိမ့်မယ်၊ အခုတော့ ဒီလိုပဲ ပြောရတာပေါ့၊ အမေရိကန် နိုင်ငံရေးသမားတွေ မညံ့ကြပါဘူး။ ပြည်သူတွေဖက်ကလည်း ကိုယ်ပိုင် အငြိမ်းစား ရံပုံငွေများ စုဆောင်းထားဖို့လိုတယ်။ ဆိုးတာက အဲဒီပုဂ္ဂလိက ရံပုံငွေတွေက စတော့၊ဘွန်း ဈေးကွက် အတက်အကျနဲ့ ဆိုင်နေတော့ ပြီးတော့ ဈေးကွက်ကမောက်ကမ ဖြစ်တာကလည်း အနှစ်၂ဝ – ၃ဝလိုမျိုး pattern နဲ့ဖြစ်လေ့ရှိတော့ ကိုယ်အငြိမ်းစားယူတဲ့အချိန် သေမဲ့အခေါက် စစ်ထဲလိုက် သလိုမျိုး ဘဏ္ဍာရေးဈေးကွက် ပျက်တာနဲ့ မတိုးပါစေနဲ့ ဆုတောင်းရမှာပဲ။ အခုလည်း စတော့ရှယ်ယာအညွန်း ဒေါင်ဂျုံးဆိုရင် တသောင်းသုံးထောင်ကျော်သွားပြီ။ လွန်ခဲ့တဲ့ သုံးနှစ် စတော့ဈေးကွက် ပြန်မတ်လာချိန် တသောင်းဝန်းကျင်ကနေ တက်လာတာ။ ဈေးကွက်အခြေ တကယ်မခိုင်သေးဘဲ အတက်သိပ်မြန်တယ်ထင်တယ်။ ဘယ်တော့ ဘောင်းဆိုထပေါက်အုံးမလဲ သိဘူး..။ သူဌေးတွေက လက်ထဲငွေ ရှိနေတော့ သိသိကြီးနဲ့ ဆော့နေကြပုံရတယ်။ စားစရာရှိ သူတို့စားပြီး ခံစရာရှိ သာမာန်လူတွေ ကျန်ခဲ့မှာ။
    တိုးတက်တဲ့ သဂျီးတို့နေတဲ့ နိုင်ငံတွေမှာ တခုဆိုးတာ လူတွေက ဆေးရုံဆေးခန်း ဆေးသိပ္ပံကို သိပ်အားကိုးလွန်းတယ်။ ထစ်ခနဲရှိ ဆေးခန်းပြေး၊ ဆေးရုံတက်တာပဲ။ ကျန်းမာရေး အာမခံကလည်း ကောင်းတာကိုး။ အကျိုးဆက်က ကျန်းမာရေး စောင့်ရှောက်မှု စားရိတ်သိပ်ကြီးလာတယ်။ လူနဲ့ဝန်အား မမျှတော့ဘူး။ ဆရာဝမ် အဖို့တော့ ကောင်းတာပေါ့ဗျာ။ ရွာထဲ့ ဦးဖောကြည့်ပါလား၊ ဘယ်လောက် ဟန်ကျနေသလဲဆို၊ မိန်းမကို ခိုင်းစားနေယုံဗဲ။ ဂျော့ဘုရှ် သမတဖြစ်တုန်းက flu shot ကြိုတင်ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်လို့ ပြောဖူးတာ မလိုအပ်ဘဲ သူ မထိုးဘူးတဲ့၊ ဆေးကို သိပ်အားကိုရင် ဆေးစွဲသွားတတ်တယ်၊ တော်ရုံ ကိုယ်ခံအား မရှိတော့ဘူး။ အဲဒုန်းကတော့ သူ့ကို မကြိုက်သူတွေက ဝိုင်းဆဲတာပေါ့လေ။ ကျနော်ကတော့ အဲဒီအဆိုကို ထောက်ခံတယ်။ တော်ယုံနဲ့ ဆေးအားမကိုးဘူး၊ ပေတေခံတယ်။ (အဟီး ဒီလောက်နဲ့ဖြတ်မယ်၊ သိပ်ကျန်းမာကြောင်း ကြွားမိရင် နေထိုင်မကောင်း တခုခုဖြစ်တတ်လွန်းလို့၊ ခွင့်လွှတ်ပါ ကိုယ်စောင့်နတ်မင်း ခင်ဗျား။)

Leave a Reply