ခိုးရာလိုက်တာ အပြစ်ဆိုပဲ
ဒီနေ့မနက်စောစော မိုးလေးတဖွဲဖွဲရွာလို့ အိပ်ယာမထချင်ပဲ ကွေးကောင်းတုန်းရှိသေးတယ် ၊ ဝုန်း ဝုန်း ဒိုင်း ဒိုင်း အသံစုံကြောင့် မျက်လုံးပြူးသွားရပါတယ် ။ တစ်စုံတစ်ယောက် တံခါးခေါက်ခြင်းလို့ သိပေမယ့် ၊ အိမ်သားတွေအကုန်ခရီးသွားလို့ တစ်ယောက်တည်းကျန်နေခဲ့တဲ့ ကျွန်မအဖို့ ဘယ်ဧည်သည်ကိုမှ လက်မခံချင်ပါဘူး ။ ဆက်ဆံရေးကောင်းလွန်းလို့ ကျွန်မနဲ့ ပတ်သတ်ပြီး ဧည့်သည် လာစရာလည်း မရှိတာကြောင့် ၊ စောင်ခေါင်းမြီးခြုံပြီး ၊ တံခါးခေါက်သံကို ဥပက္ခာပြုကာ ပြန်ကွေးမိပါတယ် ကမာ္ဘပြိုတာတောင် ထမကြည့်ဘူးဆိုတဲ့ အတွေးတွေနဲ့ပေါ့ ။ တံခါးဆီက ထုရိုက်သံကလည်း အဆက်မပြတ်နဲ့ ဇွဲကြီးစွာ ထွက်ပေါ်နေတုန်းပါပဲ ။ စောင်းခေါင်းမြီးခြုံထားတာတောင် ၊ တံခါးခေါက်သံကြားနေရသေးတာကြောင့် ကျွန်မစိတ်တိုစပြုလာပါပြီ ။ စိတ်အချဉ်ပေါက်သလို နည်းနည်းဖြစ်လာပါပြီ ။ ခဏတော့စောင့်ကြည့်ပေမယ့် ရပ်မသွားပဲ တရစပ်ခေါက်သံကြောင့် ၊ တိုနေတဲ့စိတ်တွေက အလိုလို ဒေါသအသွင်ပြောင်းသွားပြီး ၊ စောင့်ကြီးအောင့်ကြီးနဲ့ တံခါးသွားဖွင့်ပေးမိပါတော့တယ် ။
တံခါးဖွင့်လိုက်တာနဲ့ ငှီးးးးးး ဟီးးးးးဟီးးးးးးးး ဆိုတဲ့ ငိုသံကြီးနဲ့ ၊ ကျွန်မရဲ့ အဒေါ်ဖြစ်သူ ငိုယိုပြီး ဝင်လာပါတော့တယ် ။ မနက်စောစောစီးစီး ငိုလိုက်ရယ်လိုက်လုပ်တာ ကျွန်မလုံးဝ သဘောမကျပါဘူး ။ မနက်ခင်းမှာ ကြည်လင်နေတဲ့ စိတ်ကလေး ၊ လှိုင်းထန်သွားလျှင် ၊ တနေ့လုံး ကမောက်ကမတွေချည်း ဖြစ်တတ်၊ ပြောတတ်လွန်းလို့ပါ ။ လာတဲ့ ဧည့်သည်က ငိုလာပြီး အိမ်ထဲရောက်တော့မှ ပြန်နှင်လွှတ်လို့ကလည်း မရတော့တာကြောင့် ၊ ဒီတိုင်းပဲ ပြူးကြောင်ကြောင် ကြည့်နေမိပါတယ် ။ ဇာတ်ထဲက ငိုချင်းခန်းလိုတော့ အပြောအဆိုတွေမပါဘူးပေါ့ ၊ ရင်ဘတ်စည်တီးပြီး ၊ တအိ အိနဲ့ ငိုနေတာ ကျွန်မလည်း ဘာစကားမှ မပြောပဲ ၊ ငိုချင်သလောက်သာ ငိုပါစေဆိုတဲ့ စိတ်ကူးနဲ့ ၊ သူ့အရှိန်နဲ့ သူ လွှတ်ထားပေးလိုက်တယ် ။ ခဏကြာလို့ အားရပါးရ ငိုလို့ဝမှ ၊ လာရင်းကိစ္စကိုပြောပါတော့တယ် ။
ကျွန်မရဲ့ ညီအစ်မဝမ်းကွဲဖြစ်သူ ၊ အဒေါ့်သမီး လင်နောက်လိုက်သွားတာကြောင့်ပါတဲ့လေ ။ မိဘအနေနဲ့ ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထားရမှန်း မသိတော့ပါဘူးလို ့ပြောလည်းပြော ၊ တကျော့ပြန်လည်း ငိုနဲ့ ၊ ကိုယ်ချင်းမစာတတ်တာတော့မဟုတ်ပေမယ့် မနက်ပိုင်း သူများကိုယ်ပိုင်အချိန်လေးကို ဆူဆူညံညံလာလုပ်လို့ အတော်လေး စိတ်ညစ်သွားမိပါတယ် ။ ဒါကြောင့်ထင်ပါတယ် တချို့သော အိမ်တွေမှာ စာကပ်ထားတာ လူသာလာပါ ပြသနာခေါ်မလာပါနဲ့လို့လေ ။ မိဘတစ်ယောက်အနေနဲ့ ၊ သားသမီးကို ဘယ်အရွယ်ရောက်ရောက်ကလေးလို့ မြင်နေကြတာကြောင့် အိမ်ထောင်ပြူမယ့် ကိစ္စ သဘောမတူတာ သဘာဝကျပါတယ် ။ ဒါပေမယ့် သမီးလင်နောက်လိုက်ပြေးတာ ၊ ရှက်စရာ ဂုဏ်ငယ်စရာလို့ မြင်တာတော့ ၊ ကျွန်မနည်းနည်းမှ သဘာဝမကျပါဘူး ။ လင်နောက်မလိုက်တာနဲ့ အဲ့ဒီဂုဏ်ဆိုတာက လက်ဆုပ်လက်ကိုင် ပြနိုင်တာမျိုးမို့လား ။ ဂုဏ်ဆိုတာ မိမိရဲ့ စွမ်းဆောင်ချက် ၊ အရည်ချင်းပေါ် မူတည်ပြီး အတက်အကျဖြစ်သင့်တာမဟုတ်ဘူးလား ။ အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက် ၊ လင်နောက်လိုက်ပြေးတာ ၊ ချစ်တဲ့ လူနဲ့ အတူ ကိုယ့်ဘဝကိုယ်ဖန်တီးတာ ၊ ရှက်စရာတဲ့လား ။ ဘာလို့များပါလိမ့်လို့ အကြိမ်ကြိမ် အဖြေထုတ်ပေမယ့် ၊ ခေါင်းပူတာရုံကလွဲလို့ တခြားဘယ်လိုမှ လှည့်တွေးမရပါဘူး ။ မိမိဆန္ဒအလျှောက် ကိုယ့်ဘဝကိုယ်ဖန်တီးတာ အပြစ်ဖြစ်သတဲ့လား ။
အိမ်ထောင်ပြုတယ်ဆိုတာ ၊ ကွဲလွဲချက်များပြီး အစစအရာရာ ထပ်တူမကျတဲ့ လူနှစ်ယောက်ကို ပေါင်းစည်းတာမျိုးဖြစ်တာကြောင့် ၊ ဘေးပတ်ဝန်းကျင် ဖိအားပေးတာတွေ ၊ တိုက်တွန်းတာတွေထက်စာလျှင် ကာယကံရှင်တွေရဲ့ စိတ်ကသာ အရေးကြီးဆုံးပါပဲ ။ မိမိဆန္ဒနဲ့ ရွေးချယ်မှုအလိုက် ၊ အဆိုးကောင်း ၊ အကျိုး ပြစ်တွေကို ခံစားရမှာ ကာယကံရှင်တွေ ကိုယ်တိုင်ဖြစ်လို့ပါ ။ နှစ်ဖက်မိဘ အသိုင်းဝိုင်းပတ်သတ်မှုကတော့ မလိုဘူးတော့မဟုတ်ဘူး လိုအပ်ပေမယ့် အဓိက မကျဘူးလို့ ကျွန်မဆိုလိုချင်တာပါ ။ မလိုလားအပ်တဲ့ စွက်ဖက်မှုတွေနဲ့ ရောထွေးတဲ့အခါ ၊ အခုလို ခိုးရာလိုက်ပြေးတဲ့ ကိစ္စတွေဖြစ်လာပါတော့တယ် ။ ဒီလိုအခြေနေထိဖြစ်အောင် တွန်းပို့တဲ့ ပတ်ဝန်းကျင် ၊ အသိုင်းဝိုင်းက အပြစ်မရှိ ၊ ဂုဏ်မငယ်ပဲ ၊ ကိုယ့်ဆန္ဒနဲ့ကိုယ် ဆုံးဖြတ်ခဲ့တဲ့ လူတွေက အပြစ်ဖြစ်ရတာ နည်းနည်းလေးတော့ လွဲ နေသလိုပါပဲ ။ ကတ်သပ်ပြီးသာ ပြောကြေးဆိုလျှင် အိမ်တိုင်ရာရောက် သမီးလာတောင်းတဲ့ လူတွေကရော ဂုဏ်သိက္ခာရှိသတဲ့လား ။ အရှက်ရှိသတဲ့လား ။ လူပုံအလယ်မှာ ၊ ပေါင်းချင်ပါတယ် ၊ သင်းချင်ပါတယ်ဆိုပြီး တောင်းရမ်းတာကျတော့ မျက်နှာပြောင်ပြောင်နဲ့ပဲ ၊ သိက္ခာရှိသတဲ့ ၊ ဂုဏ်ရှိသတဲ့ ။ တစ်ခါတစ်လေကျလျှင် ခေါက်ရိုးကျိုးနေတဲ့ ရှေးအယူဆိုတာကြီးတွေ ကိုင်ကိုင်ပေါက်ပြီး သဘာဝကို အံတုချင်ကြတယ် ။ လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ပိတ်ပင်ပြီး ၊ ပဒေသရာဇ်ခေတ်က အစွဲတွေ ခေါင်းထဲ ရိုက်သွင်းချင်ကြတယ် ။
နောက်တစ်မျိုးလည်းပြောကြပါသေးတယ် …. မိန်းမ တန်ဖိုးကျတယ်တဲ ့ …….. ။ တန် ………. ဖိုးးးးးးးးးး …….. တန်ဖိုးတဲ့လား ။ အဟားးးး စကားလုံး ကြီးကြီးတွေအောက် ၊ အသက်ရှု မှားလောက်ပါတယ် ။ လူတစ်ယောက်ရဲ ့ တန်ဖိုး … အဲ အထူးသဖြင့် မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်လိုများ ပိုင်းဖြတ်ကြသလဲတော့မသိဘူး ။ ကျွန်မကတော့ တန်ဖိုးဆိုတာ သတ်မှတ်သူ(တန်ဖိုးဖြတ်သူ) ရဲ့ အပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ် ။ ရှမ်းကြိုက်လျှင် နွားချောသလိုပေါ့ ။ အိမ်မှာငုတ်တုတ်ထိုင်ပြီး ဆင်မယဉ်သာ လမ်လျှောက်နိုင်မှ တန်ဖိုးရှိတယ်လို့ မမှတ်ယူပါဘူး ။ အိမ်တွင်းပုန်းလုပ်မှ၊အိမ်မှုကိစ္စတာဝန်ကြေမှ တန်းဖိုးရှိတယ် ဆိုတယ်အယူကိုလည်း လက်မခံပါဘူး ။ ဘီးဆံပတ်နဲ့ ထိုင်မသိမ်းဝတ် လမ်းထွက်မှ အဖိုးတန်တယ်မထင်ပါဘူး ။ လူတိုင်းမှာ ကိုယ်စီ တန်ဖိုးလေးတွေ ရှိကြစမြဲပါ ။ မခိုးမဝှက်၊ မပုတ်မယုတ်ပဲ ၊ လိမ္မာသိတတ်၊ အကင်းပါးပြီး ၊ ကာလ ဒေသနဲ့ လိုက်လို့ ဝတ်စားတတ်၊ ပြောဆိုတတ်ရုံနဲ့ အဖိုးတန်တာပဲလို့ ကျွန်မတော့မှတ်ယူပါတယ် ။ ချစ်တဲ့လူနဲ့ ခိုးရာလိုက်သွားတာ ၊ သူများ ပစ္စည်းကို ခိုးတာလည်း မဟုတ် ၊ ဓါးပြတိုက်တာလည်း မဟုတ် ၊ လိမ်စားသောက်တာလည်း မဟုတ်ပဲနဲ့ …… တန်ဖိုးကျရတယ်ဆိုတာကတော့ နည်းနည်းများ …..များနေမလားပဲ ။ မိဘတွေရဲ့ စေတနာ အတ္တနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ အတင်းဖျင်းတွေကြား ၊ ဒီလိုလမ်းကို ရွေးသွားခဲ့တာ ဘာလို့များ ကိုယ်ချင်းမစာ မိကြပါလိမ့် ။ လူတိုင်းကတော့ နှစ်ဖက်မိဘကြည်ကြည်ဖြူဖြူနဲ့ လက်ထပ်ပေးတာမျိုးကို လိုချင်ကြမှာပါ ဒါပေမယ့် အခြေနေအကြောင်းကြောင်းကြောင့် မဖြစ်နိုင်တဲ့ အခါမျိုးမှာ မိမိဘဝရွေးချယ်မှူကို မိမိသာလျှင် ဆုံးဖြတ်သင့်လို့ ယုံကြည်ရာရွေးချယ်ခဲ့တာ ၊ပတ်ဝန်းကျင်အနေနဲ့ မရှံ ့ချသင့်ပါဘူး ။ ဆီလို အပေါက်ရှာပြီး ပြောချင် ဆိုချင်နေကြတဲ့ ပတ်ဝန်းကျင်ကလူတွေက ပါးစပ်ကသာ စည်းမစောင့်ကြတာ ၊ စေတနာ ရှိလွန်းလို့ .. ထမင်းတနပ်လောက်တောင် ကျွေးဖူးတာမျိုးမဟုတ်ဘူးလေ ။
အရင်ခေတ်ကတော့ မိန်းမတွေကို တဆင့်နိမ့် လူတန်းစားလို အိမ်တွင်းပုန်းအဖြစ်နဲ့သာ ၊ အိုးသူကြီးဆိုတဲ့ (ခိုင်းကောင်းအောင်) နာမည်တပ်ပြီး လူတောမတိုးရဲအောင် ချိုးနှိမ်ထားကြတယ် ။ ပညာသင်ကြားခွင့်မရတာမျိုးလည်း ကြားဖူးခဲ့ပါတယ် ။ အားနွဲ့တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိန်းမတွေ လုပ်ပိုင်ခွင့် ဆုံးရှုံးနေတာ ကိုယ်တိုင်က သတိမထားခဲ့မိကြတာလား ၊ သိသိနဲ့ ရှေးရိုးစွဲ အယူဆတွေကို အားပေးအားမြှောက်လုပ်နေသလားတော့ မပြောတတ်တော့ပါဘူး ။ မိမိကိုယ်ကို အားနွဲ ့တယ်လို့ ခံယူရင်း …… ရှိရင်းစွဲ လုပ်နိုင်ကိုင်နိုင်တာလေးတွေတောင် အသုံးမကျတော့သလို ဖြစ်သွားတာ ၊ ထက်မြက်မှုတွေလျော့ကျသွားတာ မဖြစ်သင့်တဲ့အခြေနေတစ်ခုဆိုပေမယ် ၊ အတိတ်က ကာလတစ်ခုမှာ ဒီလို အခြေနေတွေ ဖြစ်ခဲ့တယ် ။ အရည်ချင်းရှိပါလျှက် လက်တွေ့ အသုံးချခွင့်မရတာ … နစ်နာမှု တစ်ခုပါပဲ ။ ဒါကြောင့်လည်း generation gap တွေဖြစ်လာပြီး ၊ လူကြီးနဲ့ လူငယ် အမြင်မတူတဲ့ ကိစ္စလေးတွေ ၊ အထစ်ငေါ့လေးတွေ ရှိလာခဲ့တယ် ။ အဲ့ဒီအချိန်မှာ အာဏာရှင်ဆန်ဆန် အမိန့်တွေပေးပြီး ၊ ငါတို့တုန်းကဆိုတဲ့ အဖြစ်ပျက်တွေနဲ့ နှိုင်းလို့ …. ယနေ့ခေတ်လူငယ် ကာယကံရှင်တွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို စွက်ဖက်ချင်ကြတယ် ။
အရင်ခေတ်က အိမ်ထောင်ပြုမယ်ဆိုလျှင် နှစ်ဖက်နားဖောက်ပြီး 😆 မိဘသဘောကျ ပေးစားတဲ့ အတိုင်းယူလိုက်ကြရတာမျိုးပါ ။ ဒါကြောင့် ကျွန်မတို့ အဖိုးဖွားတွေခေတ်က ၊ လင်နဲ့ မယား အသက်တွေ အတော်လေး ကွာနေတာမျိုးတွေ ရှိခဲ့တယ် ။ ဒီခေတ်မှာလည်း ရှိပေမယ့် အရင်ခေတ်တွေကလိုတော့ အများကြီး မကွာဟတော့ဘူး ။ ပေးစားလို့ မကြိုက်ပဲ မိဘကို မလွန်ဆန်ရဲလို့ ယူလိုက်ရတဲ့အခါ ၊ သာယာချင်မှ သာယာပါလိမ့်မယ် ။ အိမ်ထောင်ရေး အဆင်မပြေလျှင်တောင်မှ ကြိတ်မှိတ်ပြီး ပေါင်းသင်းနေကြရတယ် ။ အခြေနေတင်းမာမှုတွေနဲ့ စိတ်ဒုက္ခခံကြရတယ် ။ အရင်ခေတ်က အိမ်ထောင်ကွဲတဲ့ ကိစ္စကို ရှုံ့ချစရာလို့ မြင်ခဲ့ကြတာကြောင့်လည်း ပါမယ် ။ တကယ်တမ်း စဉ်းစားကြည့်လျှင် ၊ မိမိကိုယ်တိုင် တည်ထောင်ထားတဲ့ ကိုယ့်ရဲ့ မိသားစုကို ဘယ်သူကမှ အပြိုကွဲ မခံချင်ကြပါဘူး ။ ဒါပေမယ့် တချို့ပြသနာလေးတွေ ၊ ညှိမရတာလေးတွေများလို့ အဖုထစ်တွေဖြစ်လာမယ်ဆိုလျှင် နှစ်ဦးနှစ်ဖက်စလုံး ကြိတ်မှိတ်ပေါင်းသင်းနေရလို့ ၊ စိတ်ဒုက္ခရောက်နေမယ့် အစား ၊ လွတ်လွတ်လပ်လပ် ကာယကံရှင်ဆန္ဒနဲ့ လမ်းခွဲ သင့်တန်ခွဲ့ပေါ့လေ ။ ဆိုလိုတာက ပြန်ညှိလို့ မရတဲ့ နောက်ဆုံး အခြေနေကို ပြောတာပါ ။ သားသမီးတွေ ရှိနေခဲ့ပြီဆိုလျှင်တော့ ထောက်ပံ့ဖို့ ကိစ္စပါ ဆက်နွယ်လာပြန်ပြီပေါ့ ။ ပါးစပ်က ဂုဏ်သိက္ခာ ၊ အရှက်တရား လို့ တစာစာအော်ရင်း ၊ စိတ်ထောင်းကိုယ်ကြေဘဝနဲ့ မျောလိုက်သွားရမယ်ဆိုလျှင် လူဖြစ်ရတာ မတန်သလိုပါပဲ ။ ဖြစ်သင့်တာ ၊ လုပ်သင့်တာကို ၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ အချိန် ထလုပ်လိုက်တာ အကောင်းဆုံးပဲလို့ မြင်မိပါတယ် ။
ကျွန်မ ဒီပို့စ်ကို ရေးတာ ခိုးရာလိုက်ပေးတာကို အားပေးအားမြှောက်လုပ်တာလည်း မဟုတ် ၊ ဘိုးဘွား ဘီဘင်ခေတ်ကို အပြစ်ဖို့တာလည်းမဟုတ်ရပါဘူး ။ မိမိရဲ့ တဦးတယောက်တည်း ထင်မြင်ချက်နဲ့ ဘေးပတ်ဝန်းကျင် စွက်ဖက်မှုကို မနှစ်မြို့တဲ့ စိတ်နဲ့ရေးပါတယ် ။ ဆီလို အပေါက်ရှာ အတင်းဖျင်းပြောချင်သူတွေကျန်းမာကြပါစေ ။ ချမ်းသာကြပါစေ ။
လွတ်လပ်စွာ ကွဲလွဲ နိုင်ပါတယ် … သို့သော် …. ရိုင်းစိုင်းခွင့်တော့ မပြုပါ ။ 🙄
91 comments
San Hla Gyi
October 11, 2012 at 9:15 pm
နေကြပါအုံး ခရီးရောက်မဆိုက် ဘယ်လိုဖြစ်လို့ ဒီအကြောင်းကြီးကို sticky ကပ်ပြီး ဆွေးနွေးနေကြတာလဲ။ ဒေါသသံတွေလဲပါလို့။ ဘယ်က ငထွားတွေက ခါးနာနေကြတာလဲ။ ဘယ်သူ ခိုးရာလိုက်သွားတာလဲ။ သိချင်လွန်းလို့ပါ။
အမှန်တော့ ခိုးရာလိုက်တယ်ဆိုတာ ဟိုတုန်းက များပါတယ်။ အခုခေတ်မှာ အဲဒီလောက် မရှိတော့ပါဘူး။ ကြာလာရင် သူ့ဘာသာသူ ပျောက်သွားမယ့် သဘောတောင်ရှိတယ်။ ဟိုခေတ်ကတော့ ခိုးရာလိုက်ရတာက မိန်းကလေး တော်တော်များများက ဒီခေတ်လို ယောကျာင်္းတွေလောက် ခေတ်ပညာမတတ်ကြဘူး။ စာဖတ်လည်း အဲဒီတော့ အားနည်းကြတယ်။ အဲဒါကြောင့် လူကြီးတွေက တားတာ ဖြစ်လိမ့်မယ် ထင်တယ်။ လူကြီးဆိုတော့ လူ့ဘဝအတွေ့အကြုံများလို့ မဖြစ်သင့်တာ မဖြစ်အောင်ဆိုတဲ့ သဘောဖြစ်မှာပေါ့လေ။ ဒီနေ့ခေတ် မိန်းကလေးတွေကတော့ အရင်ခေတ်ကထက်စာရင် အများကြီး ကြည့်တတ်နေပြီလို့ ထင်တယ်။ ညာဖို့ မလွယ်တော့ဘူးပေါ့။
ဒါပေမယ့် ဟိုခေတ်တုန်းကပဲ ကိုယ်ကြိုက်တဲ့ မိန်းကလေးကို လူပုံအလည် ရန်ကုန်မြို့လည်ခေါင်မှာပဲ မရရအောင် လူတွေကြားထဲက အတင်းခိုးပြေးပြီး ရအောင်ပေါင်းတဲ့ အတွဲတတွဲ ရှိဖူးတယ်။ အဲဒီအကြောင်း လူငယ်များ အားကျစရာဆိုပြီး စာအုပ်တောင် ရှိတယ်ဆိုပဲ။ နောက်တော့လည်း မြန်မာပြည်မှာ အချမ်းသာဆုံး သူဌေးကြီးလင်မယား ဖြစ်သွားတယ်။ ဒီတော့ ခိုးရာလိုက်ပြေးတိုင်းလည်း မှားတယ်မဆိုနိုင်ဘူးပေါ့။ ဒါပေမဲ့ မှားတာလည်း ရှိတယ်။ မြင်ဖူးတယ်။
သူကြီးပြောမှပဲ အရည်းကြီးတွေက Marriage counselors တွေမှန်းသိရတော့တယ်။ ကျုပ်လဲ အဲဒီလို marriage counselor လုပ်ချင်လိုက်တာ။ အော်သူကြီးရေ ဒေါက်တာသန်းထွန်းရေးတဲ့ အရည်းကြီးတွေ အဲဒီလို မဖြစ်နိုင်ဘူး ဘာညာဆိုတဲ့ စာအုပ ်ကျုပ်လဲဖတ်ဖူးတယ်။ ဒါပေမယ့် မမေ့နဲ့နော်။ သူတယောက်တည်းရဲ့ ယူဆချက်ကို မှန်လှပြီလို့ ပြောလို့မရဘူး။ ကျုပ်က ဆရာကြီးကို ကြိုက်ပေမယ့် သူပြောတိုင်း မှန်တယ်လို့တော့ လက်မခံနိုင်ဘူး။ အဲဒါတော့ နောက်ပိုင်းဆက်ကြတာပေါ့။
kai
October 12, 2012 at 12:28 am
ကျုပ်ရေးတဲ့အထဲ.. အနှစ်သာရလေး.. တကြောင်းထဲထည့်ထားတာ.. မိအောင်ဖမ်းသွားတယ်..။
လေးစားပါတယ်..။
ခရီးရောက်မဆိုက်.. အမောမပြေဘူးဖြစ်သွားသလားပဲ..။ :kwi:
ဆိုတော့..
ကျုပ်က.. ဒေါက်တာ(PhD)ဘွဲ့ရတွေကို.. တွေကို.. ဆိုင်ရာဘာသာရပ်အတွက် ပရိုအဖြစ်အသိအမှတ်ပြုသဗျ..
( ဝယ်ထားတဲ့သူတွေနဲ့.. ဂုဏ်ထူးဆောင်တွေတော့ မပါဘူးပေါ့လေ..) .. ဒေါက်တာသန်းထွန်းစာ/စကားကို.. အသိအမှတ်ပြုပြီး.. အဲဒါကို.. အမှန်ဖက်ကဲကဲထား.. ဖြန့်တွေးလိုက်တာပါ..။
ပုဂံခေတ်ယဉ်ကျေးမှုထဲက.. မြန်မာတွေ..အဲလောက်မအ,လောက်ပါဘူးနော…
အရည်းကြီးတွေကို.. ပန်းဦးဆက်ရတာ.. ဘာညာတွေက.. အနော်ရထာမင်း.. နိုင်ငငံရေးကစားကွက်လို့.. ယူဆကြောင်းပါ..။
ဗုဒ္ဓဘာသာရဟန်းတော်(အရည်းကြီး)တွေဟာ.. ဘုရားအဆုံးအမတွေနဲ့. ပြဿနာဖြစ်နေ/သောကရောက်နေသူတွေကို.. ဖြေလျှော့ဟောကြားပေးမယ်လို့ ထင်မိတယ်..။ အဲဒါ Marriage counselors ပေါ့
San Hla Gyi
October 12, 2012 at 8:21 pm
အင်း အခုတော့ ပို့စ်နဲ့မဆိုင်ပေမယ့် သူကြီးစကားကို နည်းနည်း ဖြတ်ပြောလိုက်အုံးမယ်။
တခါတလေ ကိုးကွယ်ယုံကြည်မှုမှားတာက အတာ မအတာနဲ့ သိပ်မဆိုင်သလိုပဲ။ တော်တဲ့လူလဲ မှားတတ်တယ်။ ထေရဝါဒအရပဲ ပြောရရင် ဗုဒ္ဓဘုရားရှင်ရဲ့ ပထမဗောဓိလို့ ခေါ်တဲ့ ဝါတော်နှစ်ဆယ်အတွင်းမှာ နောက်တော်ပါးက ထပ်ချပ်လိုက်ပြီး ပြုစုလုပ်ကျွေးရတဲ့ သုနက္ခတဆိုတဲ့ ရဟန်းဟာ ပြာပုံပေါ်မှာအိပ် ခွေးလိုလေးဘက်ထောက်သွားပြီး ကျွေးတဲ့အစာကိုလည်း ခွေးလို ဟပ်ဟပ်ပြီးစားတဲ့ တိတ္ထိကြီးကို အလိုဆန္ဒနည်းတဲ့ သူတော်ကောင်းကြီးဆိုပြီး ကြည်ညိုသွားရောတဲ့။ သူကိုယ်တိုင်လည်း ပထမဈ ာန်တောင် ရတဲ့ပုဂ္ဂိုလ်နော်။ မှားတတ်တာကို ပြောတာပါ။
ကျနော့်အမြင်ကတော့ ခေတ်ပညာရှင်ရဲ့ ကောက်ချက်ကို စဉ်းစားသင့်သလို ရှေးပညာရှင်တွေရဲ့ စာတွေကိုလည်း တခါတည်း ပစ်ပယ်လို့ မရဘူးဗျ။ ကောက်ချက်က မျက်မြင်တွေ့ရှိချက် မဟုတ်ဘူး။ မှားနိုင်တယ်။ ဥပမာ ကျနော်ဟာ မွန်ဂိုစစ်ပွဲအကြောင်းရေးတုန်းက နရသီဟပတေ့က ပြည်အနောက်ဘက်ကို ပြေးတယ်လို့ ဆရာကြီးက ကျောက်စာကို ကိုးကားပေမယ့် ရာဇဝင်ကြီးတွေမှာက အောက်မြန်မာနိုင်ငံကို ပြေးတယ်လို့ ရေးလို့နှစ်ခုစလုံးကို ထည့်ပေးလိုက်တယ်။
ဆရာကြီးကတော့ ကျောက်စာကို အခိုင်ယူရမယ်လို့ ပြောပေမယ့် ကျနော့်အမြင်ကတော့ ကျောက်စာဆိုတာ ဘုရင်နဲ့ သူရဲ့အသိုင်းအဝိုင်းက ရေးတာပဲ များတယ်ဗျ။ ပြည်သူရဲ့ အသံသိပ်မပါဘူးလို့ ခံစားရသလို ဘုရင်ကလည်း သူ့ကိုယ်သူ တတ်နိုင်သမျှ ကောင်းအောင် ရေးမှာပဲ။ သူကိုယ်တိုင်ရေးတဲ့ ကျောက်စာမှာတော့ ဟင်းခွက်သုံးရာတမူလည်း သောက်ထသောလို့ ကိုယ့်ကိုကိုယ် ဂုဏ်လုပ်ပြီး ရေးပေမယ့် ပြည်သူကရေးတဲ့ သမိုင်းမှာတော့ ထိုမင်းသည်း ဘီလူးဘဝမှ လာသဖြင့် အစားကြူး၏။ အမျက်ကြီး၏ ဆိုတာမျိုး တွေ့ရတတ်တယ်။ ကျနော့်စိတ်ထင် သမိုင်းရေးတဲ့လူက ပြည်သူနဲ့ ပိုနီးစပ်ပြီး ပြည်သူ့အသံကို ပိုထည့်နိုင်တယ်လို့ ထင်တယ်။ ဒါတောင် ပဒေသရာဇ်ခေတ်ဆိုတော့ သူတို့ရဲ့ အဆက်အနွယ်တွေကို ကြောက်ရသေးတယ်။
ဆိုလိုတာက ကျောက်စာကို ပစ်ပယ်ရမယ်လို့ ပြောတာမဟုတ်ဘူး။ နှစ်ဘက် မျှယူရမယ်လို့ပြောတာ။ အခုပြောတာတွေက ကျုပ်ရဲ့ ခံစားမှုကိုပြောတာ။ ခင်ဗျားတို့ကို ဒီအတိုင်းယုံဖို့ ပြောတာမဟုတ်ဘူး။ ကဲ ပို့စ်ပိုင်ရှင်ရေ မဆိုင်တာ ဆွေးနွေးမိလို့ တောင်းပန်ပါတယ်နော်။
အရည်းကြီးတွေ အကြောင်းလည်း ဒီလိုပဲ။ ရာဇဝင်ကြီးတွေမှာ အခိုင်ရေးပြီးသားဟာကို ဆရာကြီးကောက်ချက် တခုတည်းနဲတော့ ဖျက်ဖို့ခက်တယ်လို့ ထင်တယ်။ မလေးစားလို့တော့ မဟုတ်ပါဘူး။ ဒါလည်း ကျုပ်အမြင်ပဲ။
သစ် တည်
October 11, 2012 at 9:24 pm
ခိုုးပြေးတာကောင်တယ် နဲ ့ ခိုုးပြေးတာမကောင်းဘုုူး….
တကယ်တော့ ကိုုယ်အစဉ်ပြေတာလုုပ်တာ ပိုုကောင်းမယ်ထင်တယ်…
uncle gyi
October 11, 2012 at 9:31 pm
မအိတုန်ရေအန်ကယ်ရေးမယ့်အကြောင်းအတော်များများအထက်မှရေးသွားကြပြီ
ဆာဗေးလုပ်တာလားလို့မေးမလို့လဲမေးသွားပြီ
ဒါပေမဲ့နဲနဲပြောချင်တယ်
ခိုးရာလိုက်ပြေးတယ်ဆိုကတည်းကတဖက်ဖက်ကဒါမှမဟုတ်နှစ်ဖက်စလုံးကသဘောမတူလို့
သဘောမတူဖူးဆိုကတည်းကသူတို့မှာအကျုးိအကြောင်းရှိကြမယ်
ဥပမာဘာသာမတူတာ
ဒီခေတ်မှာဒါတွေလာမပြောပါနဲ့လို့မပြောနဲ့နော်
အသိမိန်းကလေးတယောက်ဘာသာမတူသူနဲ့လိုက်ပြေးတာ
သူ့မှာမိန်းမကြီးနဲ့နောက်ပိုင်းသူ့ကိုအိမ်မှာအိမ်ဖော်တယောက်
ထမင်းကျွေးပြီးပိုက်ဆံမပေးရပဲခေါ်ခိုင်းလို့ရတဲ့အဆင့်ဖြစ်သွားတာ
ထမင်းစားကျွန်ခံမဟုတ်ဖူးအဲဒါကတော်သေးထမင်းစား–တဲ့အဖြစ်
နောက်ပိုင်းတကို်ယ်လုံးဒါဏ်ရာတွေနဲ့သူ့အိမ်ပြန်ရောက်လာတာ
နောက်ဆေးရုံမှာဆုံးသွားတာ
ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေ
ဒါလည်းကိုယ်ချစ်ပြီးတာပဲမပြောနဲ့နော်
ဆရာဝန်မတယောက်ဝိုင်းကြိုက်လိုက်ကြတဲ့ဆရာဝန်တွေ
အဂျင်္င်နီယာတွေ သူဌေးတွေ အရာရှိတွေ
နိုးနိုးဘယ်သူ့မှမကြိုက်
နောက်ဆုံးလိုက်ပြေးပါပြီဗျာ
ဘယ်သူလို့ထင်လဲ
ဆေးရုံမှာသန့်ရှင်းရေးသမား
ကွန်ပေါင်ဒါအဆင့်တောင်မဟုတ်
မိန်းမနဲ့ကလေးနှစ်ယောက်နဲ့
ဒါဟာအချစ်လား
ဒီအချစ်ကဖြစ်သင့်သလား
သဘောမတူတဲ့သူ့မိဘတွေဆွေမျိုးတွေအပြစ်လား
နောက်ပိုင်းသူ့ဘဝစဉ်းစားကြည့်
အိတုန်တို့လိုစဉ်းစားတတ်တဲ့သူတွေကအကြောင်းမဟုတ်
အချို့စဉ်းစားမှုသိပ်ကိုနဲပါတယ်
အဲလိုကလေးတွေကအိတုန်ရဲ့စာကိုဖတ်ပြီး
သဘောတွေကျလို့လွဲမှားကုန်ရင်
သမိုင်းတရာခံဖြစ်သွားနိုင်တယ်နော်
ဂန္ဓာရီ ဆြာအုပ်
October 11, 2012 at 9:34 pm
အဲဒီ..မိန်းမခိုးတာ.. အာဒိန္ဒဒါနကံ မြောက်လား.. ငရဲကော ကြီးလားဟင်
P chogyi
October 12, 2012 at 9:35 am
မိန်းမခိုးတာ ငရဲကြီးနိုင်ပါတယ်။
မိဘ၊ ညီအစ်ကိုမောင်နှမ အုပ်ထိန်းမှုအောက်မှ
မိန်းကလေးအား ခိုးယူပေါင်းသင်းပါက
ကာမေသုမိစာစရကံထိုက်တယ်လို မှတ်သားဖူးပါတယ်။
ဦးဦးပါလေရာ
October 11, 2012 at 9:43 pm
တကယ်တော့ ခိုးရာလိုက်တာ ကို အပြုသဘောနည်းလမ်းအဖြစ်လဲ အသုံးချနိုင်သေးတယ်။
မိန်းကလေးရှင်ဖက်က အနံကြီးကွင်းကျယ် ဇာချဲ့နေမယ့်ပုံပေါက်ရင် / အဲဒီအသံထွက်နေရင် ကိုယ့်သားကို ခိုးခိုင်း၊ နေရာ+လမ်းကြောင်းစီစဉ်ပေး၊ ချက်ချင်းလက်မှတ်ထိုးဖို့ပါလုပ်ပေးထား။
ခိုးပြီးတော့မှ မိန်းကလေးရှင်ဖက်ကို (ကလေးတွေကို ပြန်ရှာပေးပါ့မယ်။လူကြီးစုံရာနဲ့ ပြန်အပ်ပါ့မယ်)လို့ပြောပြီး နှစ်ရက်လောက်နေတော့ လူကြီးတွေခေါ်ပြီးပြန်အပ်လိုက်။ မိန်းကလေးရှင်ဖက်က ဈေးမဆစ်နိုင်တော့ဘူး..။
တစ်ခါတစ်လေ နှစ်ဖက်သဘောတူပေမယ့် ကိုယ့်မျိုးရိုးအသိုင်းအဝိုင်းထုံးစံတွေအရ ကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်ရလို့ အကုန်အကျများမှာကြောက်ရင်၊ အကုန်အကျမခံချင်ချင်၊ ချွေချင်ရင် သဘောမတူယောင်ဆောင်ပြီး ခိုးပြေးခိုင်း။ ပြီးတော့မှ မတတ်သာလို့ပေးစားရသလိုနဲ့ ခပ်ကျဉ်းကျဉ်း ဆောင်ပေးလိုက်။
တစ်ခါတစ်လေ နှစ်ဖက်သဘောတော့တူပေမယ့် ဟိုဖက်ဒီဖက်အမျိုးတွေရစ်နေတာနဲ့ ပေရှည်နေတတ်တယ်။
နေ့ရွှေ့လရွှေ့ နဂါးလှည့် မြေခံ တွေရွေးနေတတ်တယ်။ အဲဒါမြန်ချင်ရင် ခိုးရာလိုက်။
သီတင်းကျွတ်နားနီးလို့ လူကြီးတန်မဲ့ လာမြှောက်ပေးနေတာ 😆
ကထူးဆန်း
October 12, 2012 at 11:27 am
ဟိဟိ .. ဒီဝါကျွတ် မင်္ဂလာဆောင် ဖို့ပြင်ဆင် အလုပ်ရှုပ်နေတယ် ဆိုတဲ့ ကျွန်တော်တို့ ရွာသားကြီးတစ်ယောက်သာ ဖတ်မိရင် .. ဟင် .. ကထူးဆန်း လိုဘဲလို့ ပြောလိမ့်မယ်ဦးပါရေ ..ကျွန်တော်လည်း အဲ့ဒီလို မြှောက်ပေးတာ ..
သူကတော့ တစ်ဦးတည်း သမီးဖြစ်ပြီးအသိုင်းအဝန်းကြီးလို့ ခိုးရာလည်း မလိုက်ဆိုလို့ အပင်ပန်းခံနေ ပိုက်ပိုက် အများကြီးကုန်ပါတော့မယ်တယ် တဲ့ …
စိတ်မဆိုးနဲ့နော် ရွာသားကြီးရေ …. ဘယ်သူသိရင်တော့ ရွာထဲ ဖွလိမ့်မယ် ပြောပြီး ကျွန်တော်ဖွနေလို့ ..
etone ပိုစ်ကော ဦးပါ မန့်တာရော တိုက်ဆိုင်သွားလို့်ပါ .. :kwi:
etone
October 12, 2012 at 11:45 am
ဒီနှစ်ထဲ … ရွာထဲက ကျွတ်တော့မယ် … သတင်းရထားတာ ….
တစ်ယောက် ..
နှစ်ယောက် ..
သုံးယောက် …. တောင် ချိတယ်တော့ …… ခွိခွိ ။ :kwi:
ပျော်နိုင်သူတွေ ပျော်ကြဘာ ..အတိုင်းဆမရှိ ပျော်ကြဘာလို့ ပဲ ……. ဒီ အပိုဂျီးးးးး အဲ .. … အပျိုဂျီးကပဲ ဆုတောင်းပေးပါဒယ် … :harr:
ပုံ/
ငှက်ပျောပင်စိုက်ရင်း ၊ ကြက်သွန်နွှာမိနေသူ
etone 😆
အရီးခင်လတ်
October 12, 2012 at 6:41 pm
{{{{ သူကတော့ တစ်ဦးတည်း သမီးဖြစ်ပြီးအသိုင်းအဝန်းကြီးလို့ ခိုးရာလည်း မလိုက်ဆိုလို့ အပင်ပန်းခံနေ ပိုက်ပိုက် အများကြီးကုန်ပါတော့မယ်တယ် တဲ့ … }}}}
ဟား …. ကထူးဆန်း
ဒါလဲ နှစ်တစ်ထောင် ကျိန်စာ တွေထဲ က တစ်ခု ဘဲ။
ရွာထဲ က ဘူသူတွေ အဲလောက် ပိုက်ပိုက် အကုန်ခံပြီး တူနှစ်ကိုယ်တိုင်းပြည် တည် ထောင်ခဲ့သလဲ။
ကြွားရရင်
ကျွန်မ တော့ ဒီနေရာမှာ ကျိန်စာ လုံးဝလွတ်တယ်။
ခိုးပြေး တာလို့ မထင်ကြ နဲ့ ဦး အရပ်ကတို့။ :kwi:
အားလုံး ရဲ့ အသိအမှတ် ပြု ခံရဖို့ လိုရင်းဘဲ မဟုတ်လား။
ပိုက်ဆံ မကုန်အောင် လုပ်လိုက်တာကို က သူများတွေ ထက် ထူးတာဘဲ။ အဟိ။
ဒီတစ်ခါ လဲ သူကြီး မင်း ကို ဆွဲထည့် ဦးမယ်။ (ခိုင် လေး ခွေးလွှတ်)
ကျိန်စာ လွတ်ခဲ့ရဲ့ လားလို့။
မထင်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်။ :harr:
may flowers
October 11, 2012 at 10:47 pm
နာ့သားလေးကိုလည်း ကြီးလာရင်မိန်းမခိုးပြေးဖို့မြှောက်ပေးရမယ် ဒါမှ မင်္ဂလာစရိတ်အကုန်အကျ
သက်သာမှာ ဟီဟိ.. 😀 (အကြံကောင်းတွေရသွားပြီ )
လုံမလေး မွန်မွန်
October 12, 2012 at 12:38 am
အဲလာပဲ…ပေါချင်တာ..အဲလာပဲ… 🙂
Lwin Aung
October 11, 2012 at 10:55 pm
Parents actually do not accept many lower level gap. It is nature.
ဝင့်ပြုံးမြင့်
October 12, 2012 at 1:26 am
ပို့စ်ကလေးကလည်း ဖတ်လို့ကောင်း၊ ကွန်မင့်တွေကလည်း စုံမှစုံ။ ဖတ်ရတာ တစ်ဝကြီးဆိုတော့ ကျေးဇူးပါ မအိတုန်ရေ။
ကြောင်ကြီး
October 12, 2012 at 10:36 am
ကြေးမုံဂျီး နင်သတိ ထားသာနေပေတော့…..။ ကောင်းကောင်းမွန်မွန် ပြောတုန်းရရင်ရ မရလို့ကတော့ အဆိုးမဆိုနဲ့… လိုချင်ပြီဆိုရင် မရရအောင်ယူတတ်တဲ့ ဗိုလ်အီးဒုံးတပည့် ဗိုလ်ကြောင်ကြီးတဲ့ဟေ့… တုံချမ်းချမ်း တုံချမ်းချမ်း..။ (မှတ်ချက်။ ကြုံးဝါးစဉ် တရုတ်နဂါးလှည့်ချိန် တိုက်ဆိုင်သွားသောကြောင့် :kwi: )
Shwe Tike Soe
October 12, 2012 at 12:49 pm
မှန်တယ် မေ့မေ့ တားတားထောက်ခံတယ်…. ဘာလဲ တန်ဖိုးးးးးးးးးးးး နေရာတကာ မိန်းခလေးဒွေ သမီးရှင်တွေ အမြဲပြောနေကြတာ…. သမီးက ရောင်ကုန်ကျနေတာပဲ….
ချစ်သူတွေ ဘဝ အတူရှေ.ဆက်ဖို.အတွက် ရှေ.မှာကားစီးထားတာတွေအားလုံး လက်တွဲဖြတ်ကျော်ရမှာပဲ…
အဲအဲ အရွေးမှားရင်တော့ ကိုယ်ဖြစ်ကိုယ်ခံပေါ့…….ဂျာ နော့ မေ့မေ့ရာ :hee:
လယ်ထွန်Z
October 12, 2012 at 1:30 pm
မိန်းမခိုးခြင်းအစ သိကြားမင်းမှ ဖစ်သည်။
http://harrylwin.blogspot.jp/2010/06/blog-post_27.html
:harr:
မိန်းမခိုးခြင်းကို ဆန့်ကျင်ရှုံ့ချခြင်းသည် သိကြားမင်းကို
ဆန့်ကျင်ရှုံ့ချခြင်း ဖြစ်ပေ၏။ ဝရဇိန် လက်နှက်စာ မိအံ့။
လက်ရှိသိကြားသာသနာ ဖြစ်သောကြောင့်
မိန်းမခိုးခြင်းဖြင့် သိကြားမင်းကြီးကို ဂုဏ်ပြု ကြစေသတည်း။
lolz
ပုံ
မိဂီ
etone
October 12, 2012 at 1:33 pm
:kwi: :kwi: တိကြားမင်းကို အားကျယို့ … ကျိကျိကို တွား ခိုးမယ် … ခွိခွိ :harr:
padonmar
October 12, 2012 at 8:18 pm
တုံကလေးရေ
အန်တီကတော့ အရုပ်ဆိုးလို့ ခိုးမယ့်သူမရှိ တဲ့ အပိုဂျီးစစ်စစ်ဆိုတော့ ပေးတဲ့ အကြံမှန်ချင်မှတော့ မှန်မယ်။
ဖြစ်နိုင်ရင်တော့ ခိုးရာမလိုက်စေချင်ပါဘူး။နာမည်ကြီးကဆိုးလို့ပါ။
ဒါပေမယ့် သိကြားမင်းဖျက်တောင်မပျက်နိုင်ပါဘူးဆိုရင်တော့ လိုက်သာလိုက်ပါတော့။
တစ်ချိ့လည်း အကုန်အကျသက်သာတဲ့ နည်းဖြစ်လို့
တစ်ချို့ကတော့ ပျော်စရာထင်လို့
မိဘတွေ သဘောတူပါရက်နဲ့ ခိုးပြေးကြတဲ့ စုံတွဲတွေ တွေ့တွေ့နေရပါတယ်။
ခိုးရာလိုက်လို့တော့ တန်ဖိုးကျတယ်မထင်ပေမယ့် မိဘဖက်ကိုစဉ်းစားပေးရင် မလုပ်သင့်ဘူးလို့ထင်ပါတယ်။
ကိုပေါက်(မန္တလေး)
October 12, 2012 at 10:17 pm
တမုံမုံရေ
ခိုးရာလိုက်လို့တော့သိက္ခာမကျပါ။
ဘယ်လိုလူနောက်ကို လိုက်သွားတယ်ဆိုတာကသာ သိက္ခာကျတယ် မကျဘူးဆိုတဲ့ပြဿနာပေါ်လာမှာပါ။
နောက်တစ်ချက်………………….
အများသဘောတူတာကို လက်ခံကြရမယ်ဆိုတဲ့အခုခေတ်ကြီးမှာ
အများသဘောမတူဘဲလိုက်ပြေးရင် တရားနည်းလမ်းမကျဘူး။
အဲတော့ လိုက်မပြေးခင်မှာ အများသဘောတူ မတူ မဲခွဲဆုံးဖြတ်သင့်တယ်။
မကောင်းဘူးလားအေ့……………………………
သားရှင်ဖြစ်ရင် ခိုးပြေးတာ ကောင်း၏
သမီးရှင်ဖြစ်ရင် ခိုးရာနောက်လိုက်တာ မကောင်း
တော်ကြာ ပစ်သွားမှ စိန်ကြည် သီချင်းဆိုနေရမယ်နော်
garuda
October 13, 2012 at 5:54 am
ဪ..ဒီပို့စ်က လူတွေကို အတော်ဆွဲဆောင်တာပဲ…မန့်ချက်က ၉ဝရှိသွားပြီ..။ ဝိုင်းစုလေးကတော့..အချစ်ရေးမှာ ကံခေခဲ့ပေမဲ့..
အဲဒီရလာဒ်က…သူ့ကိုနာမည် ကြီးသွားစေတယ်။ အဆိုးထဲက..အကောင်း ပြောရမလားပဲ။