………….. တရားခံ ဘယ်သူလဲ …………….
” အစွဲကို ဒီလိုဖြုတ်ကြည့်မယ် ”
အရပ်သားမောင်ဖြူတယောက်..အရပ်ထဲ ကော်ဆဲနေတယ်တဲ့။
မောင်ဖြူတစ်ယောက် ဓါးထမ်းပြီးသရမ်းနေသတဲ့။ အဲဒီ..မောင်ဖြူပဲ…
ဟိုလူ့ကို ခြေထိုးခံ၊ ဒီလူကို မြှောက်ထိုးပင့်ကော်လုပ်နေတယ်တဲ့၊ အဲဒီကောင်က သိပ်ပျင်းတဲ့အကောင်.. ဘာမှလုပ်ချင်တဲ့ကောင်မဟုတ်ဘူး၊ မယားနဲ့လည်း
အဆင်မပြေ၊ အလုပ်ရှင်နဲ့လည်း ဆက်ဆံရေးမပြေပြစ်၊ လစ်လစ်..မလစ်လစ်..
ကစ်စရာရှိရင်လည်း လှစ်ကနဲ..ခိုးတတ်သေးရဲ့….။
ရှင်ဘုရင်ကြီး ဦးမောင်မဲ..မျက်စောင်းတခဲခဲနဲ့…တဲ့။ လူတွေက သူ့ကိုယုံကြည်လို့ ရှေ့တန်းတင်အားကိုးကြတာကို အခွင့်ကောင်းယူ၊
ကိုယ်ကြီးပွားဖို့ပဲ လုပ်နေသတဲ့ဗျ။ ဟိုတစ်ခါတုန်းကလည်း ရှိတဲ့လူအင်အားနဲ့
လက်နက်အားကိုးပြီး အလဟဿရန်ရှာနေတာကြောင့် သူဟာသူနေတဲ့
နိုင်ငံတစ်ချို့ မျက်ပြူးဆံပြာ၊ ဟိုပုန်းဒီရှောင်ဖြစ်ရပြန်တယ်တဲ့။
အော်..ဒုက္ခ…
အရပ်သားမောင်ဖြူကတစ်မျိုး၊ ရှင်ဘုရင်ဦးမောင်မဲက တစ်မှောင့်။
ဘာ့ကြောင့်များ အဲဒီလိုမျိုး လူစိတ်၊သူစိတ်တွေကင်းနေရတာလဲ ။ အဲ့ဒီ မောင်ဖြူနဲ့ဦးမဲတို့နှစ်ယောက်စလုံးဟာတော့ဖြင့် လောလကလယ်မှာ
မရှိစကောင်းတဲ့ပုဂ္ဂိုလ်တွေပါပဲ။ ဒါကြောင့်မို့ သူတို့ကို ဘယ်လိုအရေးယူမလဲ။
ထောင်ထဲထည့်မလား၊ သတ်ပစ်မလား။ ဒါမှမဟုတ်ဘာလုပ်ကြရင်ကောင်းမှာလဲ။
အဲဒီ အမှုတွေကို ပြုနေတာက ဘယ်သူတွေလဲ။ မောင်ဖြူလား၊ ဦးမောင်မဲလား…
မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး…
တကယ်တော့ အဲ့ဒီအမှုတွေကိုပြုနေကြတာဟာ မောင်ဖြူလည်းမဟုတ်သလို၊ ဦးမောင်မဲလည်းမဟုတ်ဘူး။ အရပ်သားလည်းမပါသလို၊ ရှင်ဘုရင်လည်း
မဟုတ်ဘူး။ တခြားသူလုပ်တာလည်းမဟုတ်သလို၊ ငါ၊ သူတစ်ပါး၊ ယောက်ကျား၊ မိန်းမ..အစစတွေ.. တစ်ခုမှမဟုတ်ပါဘူး။ အဲဒါမောင်ဖြူလုပ်တာတို့၊ ဦးမောင်မဲလုပ်တာတို့လို့..ထင်မနေကြနဲ့။ စွဲလည်းစွဲမနေကြနဲ့။ တကယ်လို့ ထင်နေ၊ စွဲနေမယ်ဆိုရင် ဒါဟာ အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိပဲ။
ဒါဆိုဘယ်သူလဲ….
အဝိဇ္ဇာ= မသိမှု( အဲဒီအမှုတွေဟာ ပြုတိုင်းပြုတိုင်း မကောင်းတဲ့
အမှုလို့မသိတာ)။ ငါလည်းမဟုတ်သလို ပုဂ္ဂိုလ်သတ္တဝါလည်း မဟုတ်ဘူး။ (ဒါပေမဲ့ ရွှေတိဂုံစေတီမှာကပ်ထားတဲ့ ရွှေအလေးချိန် ဘယ်နှစ်ပိဿာရှိတာ
မသိပေမယ့် အဲဒါကတော့ အဝိဇ္ဇာမဟုတ်သလို ကိလေသဝဋ်လည်းမဟုတ်ဘူး။)
အဲဒါကိုမသိတော့ တိရိစ္ဆန်နဲ့ယှဉ်ရင်တောင် အဲဒီတိရိစ္ဆာန်ရှုံးလောက်တဲ့ အမှုဖြစ်တဲ့ ပတ်ဝန်းကျင်က လန်ထွက်၊ အော့နှလုံးနာစရာဖြစ်အောင် ဓါးနဲ့သရမ်းတာတို့၊ အရပ်ထဲ ကော်ဆဲတာတို့၊ ငါသာအရှင်၊ ငါသာဘုရင် ဘယ်သူမှ
ဂရုစိုက်စရာမလိုဘူးဆိုပြီး ထင်တိုင်းကြဲတာကလည်း… ငါ၊ သူတစ်ပါး၊
ရှင်ဘုရင်၊ အရပ်သားမပါဘူး။ ဟုတ်လည်းမဟုတ်ဘူး။ အဲသလိုထင်ရင်၊
စွဲရင်တော့ မိစ္ဆာဒိဋ္ဌိ။
ဒါဆိုဘယ်သူလဲ….
သင်္ခါရ = ( ပြုလုပ်တယ်ပြောပြော၊ ပြုပြင်တယ်လို့ဆိုဆို တကယ်အမှန်က
ကာယ၊ ဝစီ၊ မနောဆိုတဲ့)…ကံ…ခင်ဗျ။…ကမ္မဝဋ်…လို့လည်း ဆိုကြသတဲ့….။
အဲဒီလိုကံအမှုတွေလုပ်တာ မောင်ဖြူမဟုတ်ဘူး၊ ရှင်ဘုရင်ဦးမောင်မဲလည်း မဟုတ်ဘူးဆိုတာတော့ ထပ်ပြောပါရစေ။ စွဲမှာဆိုးလို့ပါ။ သင်္ခါရ..နော်။
အဲဒါတွေလုပ်တာ သူတို့မသိဘူးလား…
သိတယ်…။ သူတို့သိတာက ငါတို့လုပ်ချင်တာကို ငါတို့လုပ်တာ။ လုပ်တာကလည်းငါတို့ပဲလို့သိတယ်။ ကောင်းတယ်(တရားတယ်)
လို့လည်းထင်တယ်။ အဲဒီတော့ အဲဒီလို ပြုသူဖြစ်သွားတော့တာပေါ့။
ဟင်…အဲဒီလို ပြုသူဖြစ်သွားတာကျတော့ သူတို့မဟုတ်ဘူးလား။
မဟုတ်ဘူး။ အဲဒီလိုထင်ရင်၊ စွဲရင်…မိစ္ဆာဒိဋ္ဌိ…။ တကယ်တမ်းပြောရရင် မကောင်းတဲ့ ပြုသူဖြစ်သွားတာက အရပ်သားမောင်ဖြူတို့၊ ရှင်ဘုရင်ကြီး
ဦးမောင်မဲတို့လု့ိ ထင်စရာရှိပေမယ့် ဘုရားရှင်ကတော့ အဲဒါတွေဖြစ်တာလည်း သူတို့မဟုတ်ဘူးတဲ့…..
ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့
ဝိဉာဏ် = ပုံဟန်(အမှုကြောင့်ဖြစ်လာကြသော ဖြစ်စဉ်။ မောင်ဖြူမဟုတ်၊
ဦးမဲ မဟုတ်)
နာမ်ရုပ် = ပုံသဏ္ဍန် (သိမှု၊ ဖောက်ပြန်) (အမှုကြောင့်ဖြစ်လာကြသော
ဖြစ်စဉ်။ မောင်ဖြူမဟုတ်၊ ဦးမဲ မဟုတ်)
သဠာယတန = မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊ စိတ် (မူလမဟုတ်တဲ့..အမှုကြောင့်ဖြစ်လာကြသော ဖြစ်စဉ်။ မောင်ဖြူမဟုတ်၊
ဦးမဲ မဟုတ်)
ဖဿ = ထိတွေ့မှု (အမှုကြောင့်ဖြစ်လာကြသော ဖြစ်စဉ်။ မောင်ဖြူမဟုတ်
ဦးမဲ မဟုတ်)…..
ဝေဒနာ = ခံစားမှု (အမှုကြောင့်ဖြစ်လာကြသော ဖြစ်စဉ်။ မောင်ဖြူမဟုတ်
ဦးမဲ မဟုတ်)
ဒါတွေကလည်း ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုပြီး
(၅)မျိုးပြားနေပေမယ့် တကယ်တမ်းကျတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရကြောင့်
ဖြစ်လာရတဲ့ တရားတွေဖြစ်ပြီး ဓါးထမ်းသရမ်းမှု၊ ငါသာအရှင်၊ ငါထင်ရာငါလုပ်ဆိုတဲ့အခြေအနေတစ်ခုကိုသာ ပြောရမှာပါပဲ။
ဝဋ်ဆိုတာကိုနာမည်တပ်ရရင်တော့ အဲဒီအမှုဖြစ်စဉ်ကို ပြုသူဖြစ်သွားရ
တာဟာ “ဝိပါကဝဋ်”ပါ။ တနည်းအားဖြင့် “ကံကြောင့်ဖြစ်ရတဲ့ ဝိပါက် ” ပါ..တဲ့။
အဲဒါတွေကလည်း မောင်ဖြူ၊ ဦးမဲ၊ ငါ၊ သူတစ်ပါးမဟုတ်တဲ့
ပဋိစ္စ၊ သမုပ္ပါဒ် ဆိုသော သံသရာစက်ဝန်းပဲဖြစ်ပါတယ်။ အသိမဲ့ခြင်း၊
ဉာဏ်ပညာမရှိခြင်းကို လူကောင်ကြီးပါလို့ပြောလို့ မရနိုင်သလို၊
လူကောင်ကြီးကနေ ကင်းပြီး..ဖြစ်လို့လည်း မရပါဘူး။ တကယ်လို့သာ
လူကောင်ကြီးပဲ၊ ဒီအဖြစ်မျိုးတွေနဲ့ ဘဝကို ဖြတ်သန်းနေတာ မောင်ဖြူတို့၊
ဦးမောင်မဲတို့ပါပဲလို့ ထင်ရင်၊ စွဲရင်တော့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ အယူမှားဖြစ်မှာပါပဲ။
ဒါတွေက မူလအကောင်းပကတိရှိနေတဲ့ ဖြူစင်သူလူအဖြစ်ကနေပြီးမှ
အဝိဇ္ဇာဆိုတဲ့ မသိမှုကစတင်ပေါက်ဖွားလာတဲ့ လူမှာလာရောက်လည်ပတ်တဲ့ သံသရာဝဋ်တွေဖြစ်ပါတယ်။ တနည်းအားဖြင့် ကံမှားတွေသာဖြစ်ပါတယ်။
နောက်တနည်းအားဖြင့် သင်္ခါရတွေဖြစ်ပါတယ်။ လူမဟုတ်ဘူးပေါ့။
ဆိုတော့…
အဝိဇ္ဇာဆိုတဲ့ မသိမှုကနေ ပစ္စယာလိုက်တာ ဝေဒနာအဆုံးလည်းရောက်ရော ကိလေသဝဋ်(အဝိဇ္ဇာ)၊ ကမ္မဝဋ်(သင်္ခါရ)၊ ဝိပါကဝဋ်(ဝိဉာဏ်၊ နာမ်ရုပ်၊
သဠာယတန၊ ဖဿ၊ ဝေဒနာ)ဆိုသော ဝဋ်သုံးပါးပြည့်စုံပြီးမြောက်သွား
တာကိုပဲ သံသရာတပတ်လည်တယ်လို့ သဘောရောက်သွားတယ်ပေါ့။
ဒီလို သံသရာလည်တာတွေကို မသိဘူး။ လည်ချင်လည် မလည်ချင်နေ၊
ဒါဟာငါပဲ။ ဒါကို ပြုတာငါပဲ၊ သူပဲလို့ အထင်ရောက်နေပြီးသကာလ… ဒီပြောဆို၊ ပြုမူ၊ နေထိုင်ချက်တွေကိုပဲ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ကျေနပ်နှစ်သက်နေတဲ့ အဖြစ်ကတော့
ကျန်နေတော့တာပါပဲ။ ဒါကိုတော့ “အနုသယကိလေသာလို့
ပြောလို့ရမလား ” ပဲ။
အဲဒီလိုနဲ့ပေါ့။ အကြောင်းများတိုက်ဆိုင်လာရင် အဲဒီကိလေသာဟာ
ပတ်ဝန်းကျင်နဲ့ထိစပ်တိုင်းမှာ အဲဒီကိလေသာကြောင့် ထိုအပြုအမူ၊
အပြောအဆို၊ အနေအထိုင်ကိုသာလျှင် ပြောချင်၊ ဆိုချင်၊ နေထိုင်ချင်
လာပါတော့တယ်။ (မောင်မဲတို့၊ ရှင်ဘုရင်ကြီးတို့လိုပေါ့။)
အဲဒီလို ဖြစ်ချင်လာတာကို ငါပဲ၊ သူပဲ၊ ပုဂ္ဂိုလ်သတ္တဝါပဲလို့ ထင်မယ်၊
စွဲမယ်ဆိုရင်တော့ အဲဒါဟာမိစ္ဆာဒိဋ္ဌိဆိုတဲ့ အယူမှားဖြစ်တာပါပဲ။
ဒါဆို….ဘယ်သူလဲ….
တဏှာ = လိုချင်နှစ်သက်မှု(အနုသယကိလေသာကြောင့်ဖြစ်လာ ကြသောဖြစ်စဉ်။ မောင်ဖြူမဟုတ်၊ ဦးမဲ မဟုတ်)
အဲဒီလိုမှ မဆဲရရင်မနေနိုင်ပြန်တာ၊ အဲဒီလို မှားယွင်းဆိုးဝါးမှုတွေနဲ့
တိုင်းပြည်ကို မအုပ်ချုပ်ပဲ မနေနိုင်တာကရော..ဘယ်သူလဲ…။
ဒါကလည်း သူ၊ ငါ၊ ယောက်ကျားလို့မထင်လိုက်နဲ့၊ မစွဲလိုက်နဲ့ခင်ဗျ။
ထင်လိုက်စွဲလိုက်ရင် မိစ္ဆာဒိဋ္ဌိခင်ဗျ။ အဝိဇ္ဇာအရင်းခံလို့ ဖြစ်လာရတဲ့..
မပြော၊ မပြု၊ မနေရရင် မနေနိုင်တဲ့ တရားပါတဲ့…သူ့နာမည်က..
ဥပါဒါန် = စွဲလန်းတပ်မက်မှု(မဖြစ်မနေ) ပါ…တဲ့ခင်ဗျ။ သူ၊ ငါ၊ ပုဂ္ဂိုလ်သတ္တဝါ
လုံးဝမဟုတ်ပါဘူး။(အဲဒီ တဏှာရယ်၊ ဥပါဒါန်ရယ်ဟာ…အပေါ်က
အဝိဇ္ဇာနဲ့ တူပါတယ်။ ဘာ့ကြောင့်လဲဆိုရင် “ကိလေသဝဋ်”
ဖြစ်တာကြောင့်မို့ပါပဲ။)
ဒါဆိုရင် သေခြာသလောက်ရှိသွားပြီး…ဒီလိုမကောင်းအမှုကိုတော့
ပြုလိုက်တော့မှာ၊ ပြောလိုက်တော့မှာ၊ နေထိုင်လိုက်တော့မှာဖြစ်ပါတယ်။
နေထိုင်လိုက်တဲ့အခြေအနေရရော..ငါပဲလား၊ သူပဲလား၊ ယောက်ကျားလား၊ မိန်းမလား……နိုး(no)….ပါခင်ဗျ..။ အဲဒီလို ပြောဆို၊ ပြုမူ၊
နေထိုင်လိုက်တာဟာတော့ဖြင့်…
ကမ္မ(ဘဝ) = ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ စီရင်ခြင်း..စသည်ဖြင့်ပေါ့ဗျာ..။
အဲဒါကိုလည်း ငါလို့တော့ သွားမထင်လိုက်နဲ့။ သူတစ်ပါးကြောင့်လို့လည်း
မယူစွဲလိုက်နဲ့ မသိမှုအဝိဇ္ဇာကြောင့် ဖြစ်ရတဲ့ အမှုတွေချည်းပဲ။
ကြားဖူးချင်လည်းကြားဖူးမှာပေါ့။ (အဝိဇ္ဇာနဲ့ တဏှာရင်းခံ ကံကြောင့်
နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ ဆိုတာလေ…။) မိုးကုတ်ဆရာတော်ကြီးဟော
ထားခဲ့တယ်နဲ့ တူတယ်။ ပြောချင်တာက အဲဒါတွေက လူမဟုတ်ဘူးဆိုတာပါပဲ။
ငါ၊ သူတစ်ပါး၊ မဟုတ်ဘူး ဆိုတာပါပဲ။ ဝဋ်အနေနဲ့ပြောရင်တော့ “ကမ္မဝဋ်” ပေါ့။
အဲဒီလို ကံဆိုးကံမှားတွေများပြုလိုက်ရင်တော့ အကျိုးတရားက ပြောသူ၊ ပြုသူ၊ နေထိုင်သူဖြစ်သွားတော့တာပါပဲ။
အဲ….လူနဲ့တော့ တစ်ထပ်တည်းမယူလိုက်နဲ့၊ လူနဲ့ကွဲပြားပြီးတော့လည်း
မစွဲယူလိုက်နဲ့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ အယူမှားထဲ အကျုံးဝင်သွားလိုက်မယ်။
ဒါဆို ဘာလဲ…သူ့နာမည်က….
ဇာတိ= ဖြစ်တည်ချက်ရလာဒ်(အနုသယကိလေသာကြောင့်ဖြစ်လာကြသော
ဖြစ်စဉ်။ မောင်ဖြူမဟုတ်၊ ဦးမဲ မဟုတ်) ပါ…ခင်ဗျ။ လူနဲ့လည်း မကင်းသလို၊ လူလည်းမဟုတ်ပါဘူး။ ပြီးတော့လည်း အမိဝမ်းထဲကအထွက်.. “အူဝဲ”လို့အော်ချိန်ကို ပြောတာမဟုတ်ဘူးခင်ဗျ။ မင်းဇာတိကဘယ်ကလဲ…
ငပုတောမြို့နယ်ကပါ ခင်ဗျ..ဆိုတာမျိုးလည်း မဟုတ်ပါဘူးခင်ဗျ။
ပြီးတော့ ဘာဖြစ်သလဲ….
ဇရာ = ရွေ့လျားခြင်း (အနုသယကိလေသာကြောင့်ဖြစ်လာကြသော
ဖြစ်စဉ်။ မောင်ဖြူမဟုတ်၊ ဦးမဲ မဟုတ်)ပါ။ ဆံဖြူသွားကျိုးမဟုတ်သလို၊
ခါးကုန်း၊ မလှုပ်နိုင်လည်း မဟုတ်ပါဘူး။ “ ပျက်ဆီး၊ ဆိုးဝါး၊ အသုံးမကျတဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်မှုတစ်ခုဟာ တစ်နေ့တာအတွင်း၊
ဒါမှမဟုတ်၊ တစ်ခဏတာအတွင်းမှာ အရှိန်လျော့စပြုသွားခြင်း ”ကိုသာ
ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျ။တဆက်တည်းဆိုသလို နောက်ဆုံးအဖြစ်
ကတော့……
မရဏ = ပြီးဆုံးခြင်း (အနုသယကိလေသာကြောင့်ဖြစ်လာကြသော
ဖြစ်စဉ်။ မောင်ဖြူမဟုတ်၊ ဦးမဲ မဟုတ်)ပါတဲ့။ သူကတော့ သချႋုင်းကုန်း သွားမြှုတ်ရတာကို ပြောတာမဟုတ်ပါဘူး။ တဏှာအရင်းခံကြောင့်ဖြစ်ရတဲ့
မကောင်းတဲ့ အမှုကိစ္စတစ်ခု ပြီးမြောက်ပြီးဆုံးသွား တာကိုပြောတာပါပဲခင်ဗျာ။ အဲဒီမရဏဟာလည်း လူ မဟုတ်ပါလျက်… လူနဲ့လည်း မကင်းတဲ့တရားပါပဲခင်ဗျ။
(အဲဒီမှာ ဇာတိ၊ ဇရာ၊ မရဏဆိုတာက ဝိပါကဝဋ်လို့ဆိုတဲ့ ဝိပါက်ပါ။
တဏှာမှနေပြီး မရဏမှာဆုံးသွားတာကို ကြည့်ရင်လည်း ဝဋ်သုံးပါးနဲ့ သံသရာ တပတ်ထပ်လည်ပတ်ပြန်တယ်လို့ သဘောပေါက်မိတယ်ပေါ့)
ဒါကိုပဲ လူမှာလာရောက်လှည့်ပတ်နေတဲ့ သံသရာ၊ တနည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ကြောင်းကျိုးဖြစ်စဉ်တစ်ခုသာဖြစ်ပြီး မကောင်းတဲ့
ဓမ္မတွေပါပဲ။ အဲဒါတွေက ဖြစ်စဉ်အကြောင်းရင်းနဲ့ အကျိုးရင်းဖြစ်ပြီး သူ့ရဲ့
အကျိုးဆက်ကတော့ “ လူတောမတိုးတဲ့ မောင်ဖြူ၊ သုံးစားမရတဲ့ကောင်၊ လူတကာအော့နှလုံးနာတဲ့ကောင်၊ ပြီးတော့…အားကိုးလို့ မရတဲ့ ဘုရင်၊
ထင်ရာလုပ်တဲ့ အကြီးအကဲ၊ မဲမဲမြင်တိုင်းရန်လုပ်တတ်တဲ့ အရာထမ်း…..
စသည်ဖြင့်ပေါ့ဗျာ ….” ၊ အဲဒီလိုအပြောခံရတာကတော့ အကျိုးရင်းကြောင့်ဖြစ်ရတဲ့ အကျိုးဆက်ပါပဲ။ အဲ…အပြောခံရသူထံမှာလည်း အကျိုးဆက်နဲ့ထပ်လျက်
“သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ” ဆိုတဲ့ စိုးရိမ်၊ ပူဆွေး၊
ငိုကြွေးရခြင်းတွေလည်း ခုမျက်မှောက်မှာတင် ဖြစ်နေ၊ ခံစားနေရတော့
တာပေါ့..ဗျာ…။
အဲဒီလိုမျိုး သုံးစားလို့မရတဲ့ အဖြစ်ဟာ လူကြောင့်လုံးဝမဟုတ်ပါဘူး။ ငါ၊
သူတစ်ပါး၊ ယောက်ကျား၊ မိန်းမကြောင့်လည်း လုံးဝမဟုတ်ပါဘူး။
သတိ..မပါတဲ့ အသိဉာဏ်ဦးစီးမှုရဲ့နောက်ကွယ်မှာရှိတဲ့ အဝိဇ္ဇာကြောင့်သာ… မရဏ..အထိဆက်ပြီး သံသရာဝဋ်တွေ လူမှာ လာရောက်လည်ပတ်နေရတာပါ။
သိပ်ပြီး ကြောက်စရာကောင်းတဲ့ အဝိဇ္ဇာပါခင်ဗျ။ အဲ..လူနဲ့လည်း ကင်းပြီး
သူကမဖြစ်တတ်သလို သူလည်း လူမဟုတ်ဘူးဆိုတာ ထပ်ပြောပါရစေအုံး..ခင်ဗျ။
ဥပမာပြောရရင် ခေါင်းကိုက်တာဟာ လူမှာဖြစ်တာမှန်ပေမယ့် လူမဟုတ်ပါဘူး။ ရောဂါပါ။ ရောဂါကို ကုလို့ပျောက်သွားရင်တော့ ရောဂါကင်းတဲ့ လူ…ကျန်နေရမှာလို့ ဆိုလိုတာပေါ့ခင်ဗျ။
ဆိုတော့…
ခန္ဓာငြိမ်းတာနိဗ္ဗာန်၊ သင်္ခါရတို့ချုပ်ရာနိဗ္ဗာန်၊ ဆင်းရဲမှုကင်းရာအမှန်
မြတ်နိဗ္ဗာန်လို့ ဘယ်လိုပဲဆိုဆိုပေါ့ခင်ဗျာ… ဆိုလိုချင်တာက “ ပဋိစ္စသမုပ္ပါဒ်”
ပြတ်ဖို့ရာမှာ လူမကျန်ပဲနေမှာဆိုးခြင်းကြောင့်ပါ။ တကယ်လို့သာ လူမကျန်ရင် လူနဲ့ပဋိစ္စသမုပ္ပါဒ်တထပ်တည်းယူလိုက်မိရင် မိစ္ဆာဒိဋ္ဌိဆိုတဲ့ အယူမှားကြီး
ဖြစ်သွားနိုင်တယ်လို့ ခံယူသဘောပေါက်မိတာကြောင့်ရယ်… ဘာကို စွဲလို့
မိစ္ဆာဒိဋ္ဌိဖြစ်တယ်၊ ဘာကို မစွဲရင် သမ္မာဒိဋ္ဌိဖြစ်တယ်ဆိုတာကို..မိမိသဘောပေါက် သိရှိမိသလို ဆွေးနွေးချင်တာရယ်ကြောင့် ခုလိုတင်ပြမိတဲ့အပေါ်
ကွဲလွဲတဲ့ အယူ၊ တိမ်းပါးတဲ့ ခံယူချက်ဖြစ်ခဲ့ရင်လည်း နားလည်ပေးနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်….ခင်ဗျာ။
http://www.facebook.com/groups/ariyathitsa/permalink/356207441136118/ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
10 comments
San Hla Gyi
October 21, 2012 at 10:12 pm
ကူးယူဖော်ပြတဲ့ပို့စ်ဆိုရင်တော့ ဆွေးနွေးရတာ စိတ်သိပ်မဝင်စားပါဘူး။ စကားစပ်လို့ မေးပါရစေ။ မိုးပြာဝါဒီ ဆိုတာ ဟုတ်ပါသလား။ ခင်ဗျားတို့ အပြော မိုးပြာဆရာရဲ့ ဆေးကို လေ့လာနေသူပါ ဘာညာဆိုလဲ အဲဒီဆေးကို ယုံသလားပေါ့။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ဝါဒကို သိပ်မသိလို့ ကြုံတုန်းမေးချင်လို့ပါ။ အင်း အနိစ္စ ဒုက္ခ အနတ္တ မိုးပြာဝါဒ ဘာညာကွိကွ
မိုးချမ်းမြေ့
October 22, 2012 at 8:46 am
ဝါဒီတွေ၊ ဝါဒတွေကို လုံးဝမငြင်းချင်ပေမဲ့လည်း အဲဒီအောက်တော့ အရောက်မခံပါဘူးဆိုတာ သိစေချင်ပါတယ် San Hla Gyi ခင်ဗျာ။ ပြာတာတွေ၊ နီတာတွေ၊ ဝါတာတွေကို ကျုပ်လည်း စိတ်မဝင်စားပါဘူး။ အသိလေးတစ်ခုများတိုးမလားလို့ ကူးယူတင်ပြတာပါ။ ဒါပေမယ့် ဘာသာမဲ့ဆိုတဲ့ အလင်းရောင်ကင်းပြီးနေသူမျိုးလည်း မဟုတ်ရပါဘူး။ အကယ်လို့ အဆင်မပြေဘူးထင်လည်း နားလည်ပေနိုင်မယ်ထင်လို့ တင်ပြမိတာပါ။
San Hla Gyi
October 22, 2012 at 7:28 pm
ဒီမှာ ဆောင်းပါးရှင် မိုးပြာဆရာကြီး
ခင်ဗျားတို့ကို ကျုပ်တအား ရယ်ချင်တာ အဲဒီအချက်ပဲဗျ။ ခင်ဗျားတို့က သိပ်သတ္တိကြောင်တယ်။ ကိုယ်ကိုယ်တိုင် ဒီစာတွေ ရေးနေပြီး ဒီဟာကို ယုံသလားလို့ မေးရင်လည်း ယုံပါတယ်လို့ မပြောရဲကြဘူး။ အဲဒီတော့ ကျနော့်မှာ ဝါဒီတွေ ဝါဒတွေ မရှိပါဘူးလို့ ပြောရတော့တာပေါ့။ ဘာလို့လဲဆိုတော့ သူများက ခင်ဗျားတို့ရဲ့ မတည်ငြိမ်တဲ့ ဝါဒကို ဝေဖန်ရင် ခင်ဗျားတို့ တာဝန်မယူနိုင်ဘူးလေ။ ကျုပ်က မိုးပြာဆရာ အသုံးပြုနေတဲ့ ဆေးကို လေ့လာနေသူပါလို့ ပြောလို့ တယောက်ယောက်က ဒါဆို အဲဒါကို ယုံသလားလို့ မေးရင် ခင်ဗျားတို့ မဖြေနိုင်တော့ဘူးလေ။ ဒါကြောင့် ခင်ဗျားတို့ ရေးတဲ့ စာတွေကို ကိုယ်တိုင် တာဝန်မယူနိုင်လို့ သူများဆီက ကူးယူဖော်ပြပါတယ်လို့ အမြဲတမ်း ခေါင်းစဉ်တပ်ပြီး ရေးနေကြတာပဲ။ ကျုပ်ပြောတာ ဟုတ် မဟုတ် ခင်ဗျားတို့ ပိုသိပါတယ်။ ကျန်လူတွေလဲ ခင်ဗျားတို့ကို မြင်ပြီးသားပါ။
ခင်ဗျားမေ့နေပြီလား။ ပို့စ်တခုမှာ ခင်ဗျားတို့ထဲက တယောက်ပဲ ဒေါက်တာနန္ဒမာလာဘိဝံသနဲ့ တောင်ဆွေးနွေးချင်လို့ စီစဉ်ပေးပါလို့ ပြောခဲ့တာလေ။ ကျုပ်လဲ ပြောရအုံးမယ်။ ကျုပ်က အမှန်တော့ ခင်ဗျားတို့ဆရာ ဦးညာနနဲ့ ဆွေးနွေးချင်တာ။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရဲမှ ပြန်လာခဲ့ပါ မိုးချမ်းမြေ့ဆိုတဲ့ မိုးပြာဆရာ။
မိုးချမ်းမြေ့
October 23, 2012 at 7:41 am
San Hla Gyi ရယ်။ ကျွန်တော်က ဘာကိုများ တာဝန်ယူပေးရမှာလဲခင်ဗျ။ တကယ်က ကျွန်တော်က ဝန်မခံတာလား..ဆရာတို့က အတင်းဆွဲသွင်းတာလား။ တကယ်တမ်းဆွေးနွေးချင်တယ်ဆိုရင် ထောင်ထဲမှာရောက်နေတဲ့သူက ဘယ်မှထွက်ပြေးလို့မရဘူး။ သေခါလည်းနီးနေပြီ။ အဲဒီမှာသွားရှင်း၊ သွားမေးကြပါလား။ ဒေါက်တာနန္ဒမာလာမှမဟုတ်ဘူး။ မဟန (၄၇)ပါးလုံးလည်း သွားရှင်းလို့ရတယ်။ သူမှန်တယ်။ ကိုယ်မှန်တယ်ဆိုတာကိုပေါ့။ ခုတော့ မိုးပြာဆိုတဲ့ အသံကြားရင်..မြင်မြင်သမျှလိုက်ရမ်းနေလို့ ဟိုနားကြည့်လိုက်..မိုးပြာ၊ ဒီနားကြည့်လိုက်..မိုးပြာနဲ့၊ ဓမ္မနဲ့ပါတ်သက်လာရင် မိရိုးဖလာအတိုင်းထက်ပိုတဲ့ အသိနဲ့ ကျော်လွန်တွေးတောမိတဲ့သူတွေဆိုလည်း မိမိအသိဉာဏ်ကို ဖွင့်ပြီး..လေ့လာနေကြပါပြီပါ။
San Hla Gyi
October 23, 2012 at 6:04 pm
ကဲ ကိုယ့်ဆရာ မိုးချမ်းမြေ့
ကျုပ်ထင်တဲ့အတိုင်း ခင်ဗျားလဲ အလကားပဲ။ ခင်ဗျား တာဝန်ယူဖို့ မလိုပါဘူး။ ခင်ဗျားတို့ရဲ့ သတ္တိကြောင်တာ အဲဒါပဲ။ ကိုယ်ကိုယ်တိုင်က မိုးပြာစာတွေ ရေးနေပြီး မိုးပြာဝါဒကို ယုံသလား ဆိုရင်တောင် မပြောရဲတော့ဘူး။ ဘယ်သူမှတော့ အတင်း ဆွဲမသွင်းပါဘူးဗျာ။ ကိုယ်ရေးတဲ့ ပြောတဲ့ စာတွေကပဲ ဆုံးဖြတ်တာပါ။ ခင်ဗျားတို့ ဆရာကိုတော့ ထောင်ထဲမှာ ကျုပ်လိုက်မတွေ့နိုင်ဘူး။ အပြင်ရောက်လာရင်တော့ ကောင်းပါရဲ့။ ဒါပေမယ့် သိပ်တော့ မထင်ပါဘူး။ ထောင်ထဲမှာပဲ ဘဝဇာတ်သိမ်းမယ် ထင်ပါတယ်။ သူသေရင်တော့ သူ့တပည့်တွေကလည်း သိပ်အဖြစ်မရှိတာနဲ့ ဆိုတော့ ဒီဝါဒပျောက်သွားနိုင်တယ် ထင်တယ်။ အဲဒါလည်း ခပ်ကောင်းကောင်းပဲ။
နောက် ခင်ဗျားတို့ မိုးပြာဝါဒီထဲက ကျုပ်မိုးပြာပဲလို့ ရဲရဲဝန်ခံပြီး စာရေးရဲသူရှိရင် ပြောစမ်းပါ။ ကျုပ်က ခင်ဗျားတို့ကို ဆွေးနွေးချင်လို့ပါ။ ဥပမာ “မောင်မိုးပြာ၏ ဆရာ ဘာကြောင့်ပြာ၏” ဆိုတာလိုပေါ့။
နောက်ထပ် ကျုပ်ဒီပို့စ်ကို ပြန်မလာတော့ဘူး။ ခင်ဗျားဘာသာ ပြောချင်ရာ ပြောပေတော့။ အောက်က sandawchain ဆိုတဲ့ ကျားလား မလား မသိတဲ့ မိတ်ဆွေ။ အခုဟာက မထိုးနှက်ရသေးဘူး မေးမလို့ လုပ်တာကို ခင်ဗျားလူ ဖြစ်နေပုံကို ရယ်ချင်လို့။ ကဲ သွားမယ် မိုးချမ်းမြေ့။ ဖော်စားလိုရင် sandawchain ဆိုတဲ့လူ ခင်ဗျားဘာသာ ဖော်စားပေတော့။
ဦးဦးပါလေရာ
October 22, 2012 at 10:55 am
ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာဝါဒ)အယူအရ ပဋိစ္စသမုပ္ပါတ် ဒေသနာကို ဖွင့်ဆိုပုံပါပဲ…
အဲဒီဝါဒက ရှေ့ဘဝ နောက်ဘဝကို လက်မခံတော့ လက်ရှိဘဝမှာတင် ကံကိလေသာတွေ အကြောင်းအကျိုးဆက်ပုံကို နွယ်ပြီး ပြထားပါတယ်။
သူ့ဟာသူ အဆင်ပြေပါတယ်။
ကျုပ်တို့ကတော့ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်တာမို့
ကျုပ်တို့ဘာသာမှာတော့ ရှေ့ဘဝ နောက်ဘဝဆိုတာကို လက်ခံယုံကြည်ပါတယ်။
ဒါကြောင့် ကျုပ်တို့ကိုးကွယ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ မှာတော့ ပဋိစ္စသမုပ္ပါတ် ဒေသနာကို
အတိတ်ဘဝအကြောင်း- ယခုဘဝအကျိုး
ယခုအကြောင်း- အနာဂတ်အကျိုး ဆိုပြီး
အလွှာသုံးလွှာခွဲပြီး သိနားလည်နိုင်ပါတယ်။
လူတိုင်းနားလည်လွယ်အောင် ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက ဖွင့်ဆိုဟောပြထားခဲ့ပါတယ်။
kai
October 22, 2012 at 11:46 am
အခုစာတွေကို.. အင်္ဂလိပ်လို.. ထိထိရောက်ရောက်ရေးနိုင်.. ရှင်းနိုင်ရင်.. ဗုဒ္ဓသာသနာထဲ.. အနောက်နိုင်ငံသားတွေ.. တော်တော်လာရောက်လေ့လာမယ်ထင်မိတယ်..။ :harr:
nyanakyaw
October 22, 2012 at 5:43 pm
သံဒိဌိက ဂုဏ်မြောက်တယ်ဗျာ။ လက်တွေ့ကျတဲ့ ရှင်းလင်းချက်ပါဘဲ။ ဒီအတိုင်းဆိုရင် လူကိုမုန်းရမှာ မဟုတ်ပဲ အဝိဇ်ဇာဆိုတဲ့ မသိမှုကြောင့်ဖြစ်တာဆိုတော့ ကိလေသာက အတော်ဆိုးတာပဲ။ မသိမှု ဆိုတဲ့ မြန်မာစကားကလဲ ကြိယာတစ်လုံးတည်းဖြစ်နေတယ်၊ ဘာကို မသိတာလဲ ထပ်သိဖို့ လိုတယ်နော်။ အခုလို ရှင်းပြတော့မှ ရွှေတိဂုံမှာ လှူထားတဲ့ ရွှေပိသာ ဘယ်လောက်ရှိတယ်၊ ဟိုဟာမသိ၊ ဒီနေရမသိ၊ မဟုတ်ပဲ ။ ဒီအမှုတွေလုပ်ရင်တော့ ဘယ်လိုဒုကခဖြစ်တယ်လို့ မသိပဲ။ ဒီလိုလုပ်ရတာကိုပဲ နှစ်သစ်ခုံမင်ပြီး ဒါငါလုပ်တာကွလို့ လက်မထောင်ပြချင်သေးတယ်ဆိုတော့ အတော်ဆိုတဲ့ မသိမှုပဲလို့ပဲ နားလည်မိပါတယ်ဗျာ။
စိန်ဗိုက်ဗိုက်
October 22, 2012 at 7:49 pm
ကျနော် မဟုတ်ဘူးနော်
အဲနေ ့က ဘီအီး အမူးလွန်ပြီး ထတောင် မထနိုင်ဘူးရယ်
:harr:
sandawchain
October 23, 2012 at 7:35 am
တစ်ချို ့တစ်ချို ့လူတွေများ မစားရတဲ့အမဲသဲနဲ ့ပက်ဆိုသလို ဘာကျန်ခဲ့တယ် ဘာအသိဉာဏ်ရတယ်ကမလာဘူး ထိုးနှက်ဖို ့နဲ ့စကားနိုင်လုဖို ့ကစတယ် ဪ…ဖြစ်ရမယ် အဘမင်းသိင်္ခသုံးလေ့ရှိတဲ့စကားနဲ ့ပဲပြန်ပြောမယ် သိသူဖော်စားမသိသူကျော်သွားပါစေ ဒါဗြဲ