မောင်ဝါဝါနှင့် လေခွန်တော် နောက်ဆက်တွဲ
– သူရဿဝါ –
ထုံးစံအတိုင်း ညနေ ကျောင်းဆင်းလို့ အိမ်ရောက်ပြီး ခဏနေ တာနဲ့ မြေးကလေး မောင်ဝါဝါဟာ ဖိုးဖိုးဆီ ရောက်လာ တော့တာပဲ။ ပုံပြင် ပြောပြပါလို့ ပူဆာဖို့ ပေါ့လေ။ ဖိုးဖိုး ကလည်း မောင်ဝါဝါ့ကို လှမ်းမြင် ကတည်းက ဘာပြောပြ ရမလဲလို့ စဉ်းစား ထားရတာပေါ့။ မောင်ဝါဝါ ရောက်လာပြီး သူ့နား ထိုင်တာနဲ့ “ပုံပြင် ပြောပြ ခိုင်းတော့မယ် မဟုတ်လား” မေးလို့ ခေါင်းငြိမ့် ပြတာနဲ့ “သေချာ နားထောင်ကွ” လို့ အစချီပြီး ပြောပြတယ်။
“ဒီလို ငါ့မြေးရ၊ ဒီတစ်ခါတော့ ပုံပြင် မဟုတ်ဘူး၊ ဦးပေါ်ဦး အကြောင်း ပြောပြမယ်၊ သိတယ် မဟုတ်လား ဦးပေါ်ဦးကို”
“သိတာပေါ့ ဖိုးဖိုးရ၊ ဦးပေါ်ဦးက ဘရိန်း ကောင်းပြီး တော်ကီ ထွားချက်က နိုင်းလောက် ရှိတယ် ဆိုပဲ”
“ဖြတ်ထိုး ဉာဏ်ကောင်းပြီး၊ စကားအရာ ကျွမ်းကျင် လိမ်မာတယ် လုပ်စမ်းပါကွာ”
“အို .. အတူတူပါပဲ ဖိုးဖိုးရာ .. ဆက်ပြော ပါဦး”
“အေး .. ဒီလိုကွ၊ အဲဒီလို ထက်မြက်တဲ့ ဦးပေါ်ဦးကို ရေမြေ့ရှင် ဘုရင် ဘိုးတော် ဦးဝိုင်းက ကျီစား ချင်တာနဲ့ တစ်နေ့တော့ ညီလာခံမှာ ပြောသတဲ့၊ ငါ့ရဲ့ ငယ်ကျွန်တော်ရင်း ပေါ်ဦးဟာ ကိုယ်တော့ အကျိုးကို များစွာ သယ်ပိုး ခဲ့တဲ့ အတွက် ဒီနေ့က စပြီး မြေဝန် ရာထူးကို ပေးသနားတော် မူမယ်ပေါ့၊ ဦးပေါ်ဦး ကလည်း ဘုရင့် အလိုက် အထိုက် ပြန်ပြော ရတာပေါ့၊ မှန်လှပါ .. လျှောက်ထား ရရင် ဘုန်းတော်ကြီး ဘုရား ထောက်သနားလို့ မြှောက်စားမှ တောက်ကြွား ရမယ့် ငယ်ကျွန်တော်ပါ ဘုရာ့ ဘာညာ ပေါ့လေ”
“ကျီစားတယ် ဆိုတော့ ဘုရင်က ဦးပေါ်ဦးကို နောက်တာ ပေါ့နော် ဖိုးဖိုး”
“အေးပေါ့ကွ .. ဦးပေါ်ဦး ဘယ်လို ကတ်သီး ကတ်သပ်တွေ လုပ်မလဲ ဆိုတာ သိချင်တာလည်း ပါမှာပေါ့ .. ဆက်ပြောမယ်၊ ဒါပေမယ့် ဘိုးတော် ဦးဝိုင်းက ဘာဆက် ပြောသလဲ ဆိုတော့ မြေဝန် ဆိုလို့ သိပ်ပျော် မနေနဲ့ဦး ငပေါ်ဦး၊ မင်းကို ပေးသနား မြှောက်စားမယ့် မြေက တစ်နိုင်ငံလုံး မှာမှ ဟောဒီ နန်းတော် အတက် အဆင်းက အလျား အနံ ခုနစ်တောင် ရှိတဲ့ မြေကိုပဲ မင့်ကို အပိုင်စား ပေးသနားတော် မူမှာကွ .. တဲ့”
“အဲ့တော့ .. ဦးပေါ်ဦးက ဘာပြန်ပြောလဲ ဖိုးဖိုး”
“အော် .. သူက ပညာရှိပဲ .. ဘာမှပြန်မပြောဘူးလေ .. ပြုံးရုံ ပြုံးနေ လိုက်တာပေါ့ .. ငါ့မြေးရ”
“ဒီလိုလား .. ပညာရှိဆို ဘာမှ ပြန်မပြောဘဲ ပြုံးနေတာ ဆိုတော့ ပညာ မရှိရင်တော့ ပေါက်ကရ လေးဆယ်တွေ လျှောက် ပြောချင် ပြောမှာ ပေါ့နော် ဖိုးဖိုး”
“အေးပေါ့ကွ .. ဒီလိုနဲ့ နောက်နေ့ မနက် ရောက်တော့ ဦးပေါ်ဦးက သူ့ကို အပိုင်စား ပေးထားတဲ့ နန်းတော်ရှေ့ အတက် အဆင်း လှေကားမှာ ထိုင်ပြီးတော့ အဲဒီကနေ ဖြတ်သမျှ လူတွေကို လှေကားပေါ် နင်းတာနဲ့ ငါပိုင်တဲ့ မြေပေါ် နင်းရင် မြေခွန် ပေးရမယ်ဆို ခပ်တည်တည် အခွန်ကောက် တော့တာပဲတဲ့ .. နန်းတွင်းသူ နန်းတွင်းသားလည်း မချန်၊ ဘုရင့် သမီးတော် တွေလည်း မချန်၊ ဝန်ကြီးတွေ မှူးကြီး မတ်ရာ တွေလည်း မလွတ်ပေါ့ .. အဲဒါကို မကျေနပ်တဲ့ သမီးတော် တစ်ပါးက ဘိုးတော် ဦးဝိုင်းကို ပြေးတိုင်တာပေါ့ .. ဦးပေါ်ဦး မြေခွန် ဆိုပြီး နန်းတော်ရှေ့ လှေကားဝမှာ ငုတ်တုပ်ထိုင် အခွန် ကောက်နေ ပါတယ် ဆိုပြီးတော့ ..”
“အဟီး … ကြံကြံ ဖန်ဖန်နော် .. ဆက်ပြော ပါဦး .. ဖိုးဖိုး .. အဲလို တိုင်တော့ ဘုရင်ကြီးက ဦးပေါ်ဦးကို စိတ်မဆိုး ဘူးလား”
“ဘိုးတော် ဦးဝိုင်း ကတော့ ဘယ်စိတ်ဆိုး မလဲ .. အဲဒီလို ကတ်သီး ကတ်သပ်ကို မြင်ချင်လို့ ဒီလို ရာထူး ပေးတာလေ .. အဲဒီလို ဝိုင်းတိုင်တော့ ဘိုးတော် ဦးဝိုင်းက ဦးပေါ်ဦးကို ခေါ်လိုက်ပြီး .. ဟဲ့ ပေါ်ဦး ငါ့နန်းတော်ထဲ ဝင်ထွက် ခစား ကြတဲ့ သူတွေကို ဘယ်သူ့ အမိန့်ရလို့ တစ်ယောက် တစ်ပဲနှုန်းနဲ့ အခွန်တွေ ကောက်သတုန်း .. လို့ မေးတာပေါ့၊ ဦးပေါ်ဦးက အေးအေး ဆေးဆေးပဲ ပြန်ဖြေတယ် ငါ့မြေးရ၊ ဘယ်သူ့ အမိန့်မှ မဟုတ် .. ကိုယ့်သဘောနဲ့ ကိုယ်ပါ ဘုရား၊ ဘုန်းတော်ကြီး ဘုရားက ကျွန်တော်မျိုးကို အဲဒီ လှေကား အတက် အဆင်း မြေနေရာကို အပိုင်စားစေ ဆိုပြီး မြေဝန် ခန့်တာ မို့လို့ ကျွန်တော်မျိုး ပိုင်တဲ့ နေရာကို ချင်းနင်း ဝင်ရောက် လာသူ မှန်သမျှကို အခွန်အတုပ် ကောက်ခံ ရခြင်း ဖြစ်ပါတယ် ဘုရား .. တဲ့”
“အဲ့ဒီတော့ ဘုရင်က ဘာပြန်ပြောသလဲ ဖိုးဖိုး”
“အဲဒီတော့ ရေမြေ့ရှင် ဘုရင် ဘိုးတော် ဦးဝိုင်းက စိတ်မဆိုးဘဲ ပြုံးပြီး ဦးပေါ်ဦးကို.. နင်ဟာ တော်တော် တတ်တဲ့ အရူးမျိုးပဲ .. နင်နဲ့ မြေဝန် ရာထူးနဲ့ မတန် .. အဲဒီတော့ နင့်ကို လေဝန် ပြောင်းခန့် လိုက်တယ်လို့ ထပ်ပြော တာပေါ့ ..”
“သိပြီ .. သိပြီ .. အဲဒါ အနော် စာအုပ်ထဲ ဖတ်ဖူးတယ် .. အခုမှ ပြန်သတိ ရပြီ .. အဲလိုလည်း ခန့်လိုက်ရော ဦးပေါ်ဦးက အားကျမခံ လှေဆိပ်ကို ဆင်းသွား ပြီးတော့ မြစ်ထဲမှာ သွားနေတဲ့ ရွက်လှေတွေ၊ တံငါလှေ တွေကို ကမ်းကို ကပ်ခိုင်းတယ်၊ ပြီးတော့ သူပိုင်တဲ့ လေကို အသုံးပြုပြီး ရွက်လွှင့်တဲ့ အတွက် လေခွန်တော် ပေးဆောင်စေ ဆိုပြီး ပိုက်ဆံတွေ အတင်း ကောက်၊ ဘုရင့် နားကို ပေါက်သွားလို့ ဘုရင်က မေးတော့ .. သူ့ကို လေဝန် ခန့်ထားတာ ဖြစ်လို့ သူပိုင်တဲ့ လေကို အသုံး ပြုတဲ့ ရွက်လှေတွေ၊ တံငါလှေ တွေဆီကနေ လေခွန် ကောက်တာ ဖြစ်ကြောင်း လျှောက်၊ ဘုရင်က မနိုင်တဲ့ အဆုံး ရယ်ပြီးတော့ နင်ဟာ .. ငါကိုယ်တော် ကျန်းမာရေး အရ နင့်ရှေ့ လေလည် မိရင်တောင် လေခွန် ကောက်မယ့် ကောင်စားမျိုး ဆိုပြီး ပြောတယ် .. ဟုတ်တယ် မဟုတ်လား ဖိုးဖိုး”
“ဟုတ်တယ် မြေးရဲ့ .. ဒါပေမယ့် အဲဒါက အော်ရီဂျင်နယ် ဦးပေါ်ဦး .. အခု ဖိုးဖိုး ပြောနေတဲ့ ဦးပေါ်ဦးက အဲဒီထက် လည်တယ် .. သူက ဂလိုဘယ် ဦးပေါ်ဦး … အဲဒီတော့ သူက မြစ်ဆိပ်ကို သွားပြီး လေခွန် မကောက်တော့ဘူး ..”
“ဟင် … ဘယ်လိုကြီးလဲ .. ဒါဆို သူက ဘယ်လို လုပ်တာလဲ”
“ဒီ ဦးပေါ်ဦးက ရှင်းတယ် .. နန်းတော် အတွင်းထဲမှာ အများ ပြည်သူသုံး တယ်လီဖုန်း ရုံတွေ .. အတိုကောက်တော့ ပီစီအိုတွေ ပေါ့ကွာ .. အဲဒါတွေ ဆောက်ပစ် လိုက်တယ် … ပြီးတော့မှ မိုဘိုင်း ဖုန်းနဲ့ …”
“အာ .. ဖိုးဖိုး ကလည်း ပီစီအို တွေရော၊ မိုဘိုင်း တွေရောနဲ့ .. မဖြစ်နိုင်တာ .. အဲဒီတုန်းက အဲဒါတွေ ဘယ်လိုလုပ် ရှိဦး မှာလဲ ဖိုးဖိုးရ”
“အော် .. ငါ့မြေးရယ် .. သူက အော်ရီဂျင်နယ် ပေါ်ဦး မဟုတ်၊ ဂလိုဘယ် ပေါ်ဦး .. အိုင်တီ ပေါ်ဦး ပါဆိုနေမှ .. ဆက်သာ နားထောင် … အဲဒါနဲ့ သူက ပီစီအို ရုံတွေ ဆောက်ပြီး မိဖုရား၊ မင်းသမီး၊ နန်းတွင်းသူ၊ နန်းတွင်းသား၊ မှူးကြီး မတ်ရာ၊ သေနာ ပတိ .. အကုန် ဆွဲစိ၊ နန်းတော် ထဲမှာ ဖုန်းပြော ချင်ရင် သူ ဆောက်ပေး ထားတဲ့ ဖုန်းရုံတွေ မှာပဲ လာပြီး သူ သတ်မှတ် ပေးထားတဲ့ နှုန်းနဲ့ ပြောရမယ် .. အဲလိုမှ မဟုတ်ဘဲ .. မိုဘိုင်း ဖုန်းနဲ့ အင်တာနက် ချိတ်ပြီးတော့ အလကား နီးပါး ပြောလို့ ရတဲ့ ဖုန်းဆော့ဖ်ဝဲတွေ ဖြစ်တဲ့ ဖိုင်ဘာတို့ မယ်လမင်းတို့ .. အဲဒါတွေနဲ့ မပြောရဘူး .. ပြောတာ တွေ့ရင် ဘုရင့် ဘဏ္ဍာတော် ဝင်ငွေ ထိခိုက်လို့ အပြစ် ပေးတဲ့ အနေနဲ့ ဒဏ်တပ် မယ် .. လေခွန် အကြီးကြီး ကောက်မယ် .. ခိုးပြောတာ မိရင် ဟမ်းဖုန်းတွေ ပြန်သိမ်းမယ်နဲ့ အလွတ် သဘောဆိုပြီး သူ့တပည့် တွေကို လျှောက်ပြော ခိုင်းပါ လေရော …”
“အယ် … အဲဒါ ကြားဖူး သလိုလို .. ရှိ”
“ဘာမှ ကြားဖူး မနေနဲ့ .. ဒါပုံပြင်၊ ဒီတော့ ပုံပြင်ကို ပုံပြင်လိုမှတ် .. ဆက် နားထောင်”
“ဟုတ် …”
“အဲဒီ ကိစ္စက ဂျာနယ်တွေ၊ အင်တာနက် တွေထဲ ပါလာပြီး ပွက်လောထ ကုန်တော့မှ ဘုရင်က သိပြီး ဦးပေါ်ဦးကို ခေါ်ဆူ ပါလေရော .. အဲဒီတော့မှ ဦးပေါ်ဦးက ငြင်းတော့တာပဲ … သူ အဲဒီလို ပြောတာ မဟုတ်ကြောင်း … သူ့ တပည့် တွေကို လေခွန် အနေနဲ့ အဲလို လုပ်ရင် မကောင်းဘူး လားလို့ အလွတ် သဘော ကျီစား လိုက်တာကို သူ့တပည့် တွေက တကယ် မှတ်ပြီး လျှောက်ပြောလို့ ဂျာနယ်တွေ၊ အင်တာနက် တွေထဲ ပါသွားတာ ဖြစ်ကြောင်း၊ ဒီလို .. ဖိုင်ဘာတွေ မယ်လမင်း တွေနဲ့ သုံးပြီး ပြောလို့ ပြည်သူ လူထု အဲ .. နန်းတွင်းသူ နန်းတွင်းသားတွေ အဆင်ပြေမယ့် ကိစ္စမျိုးကို သူက နှောင့်ယှက် စရာ မရှိကြောင်း .. စကား တတ်တိုင်း လျှောက်ပြော တော့တာပဲ … အဲဒီတော့မှ ဘုရင်လည်း ဦးပေါ်ဦးကို နားရင်းအုပ်ပြီး နင့်ကိုငါက မြေဝန်တွေ .. လေဝန်တွေနဲ့ ကျီစားတာ .. နင် ပြန်ကျီစား တော့မှ ငါပါ ဒုက္ခ ရောက်မလို ဖြစ်တော့တာ .. တော်ပြီ .. နင်နဲ့ အဲဒီလို လုပ်တမ်း မကစား တော့ဘူးကွယ် .. လို့ ပြောရ တော့တာပေါ့ … ပုံပြင် ကတော့ ဒါပဲ … မြေးလေး လည်း ဦးပေါ်ဦးလို ဉာဏ်ပညာ ထက်မြက်ပြီး စကားအရာ လိမ်မာအောင် .. ကြီးလာရင် မီဒီယာ တွေနဲ့ ပြောတတ် ဆိုတတ် အောင် အခုကတည်းက ကျင့်ပေတော့ …”မြေးကလေး မောင်ဝါဝါတော့ သူနားထောင် ချင်တဲ့ ပုံပြင်ကို နားထောင် ရလို့ ကျေနပ်လား၊ မကျေနပ် လားတော့ မသိ .. “အိုင်တီ ပေါ်ဦး .. လေခွန်တော်ကြီး … အင်း .. ဖိုင်ဘာ .. မယ်လမင်း … အလွတ်သဘော .. သူ မပြော .. ဖိုင်ဘာ .. မယ်လမင်း .. အင်း” ဆိုတာတွေ ပါးစပ်က ရွတ်၊ ခေါင်းကို တဗြင်းဗြင်း ကုတ်ပြီး မျက်လုံးလေး ကလည် ကလည်နဲ့ ပြန်သွား ရှာတော့တယ်။
၁၉ – အောက်တိုဘာ – ၂၀၁၂
Net Guide Journal
Volume (2), Issue (57)
Post Views: 237
5 comments
jullies cezer
October 26, 2012 at 12:07 pm
ဖတ်လို့ကောင်းတယ်ဗျာ သိပ်လဲ ကွန်မန့်မပေးရဲတော့ဘူး
တော်ကြာ လေခွန်တော်ကောက်နေမှဖြင့် ခက်ရချည်ရဲ့ :P……….
ကိုပေါက်(မန္တလေး)
October 26, 2012 at 2:03 pm
အင်း တော်ကြာမင်္ဂလာဆောင်အခွန်လာကောက်မှာတောင်စိုးလာပါသဗျာ
သီတင်းကလဲကျွတ်ခါနီးနေပြီ
မောင်ပေ
October 26, 2012 at 10:02 pm
သိပ်မကြာခင် တစ်မိနစ် ပြားငါးဆယ် နဲ ့လုပ်ပေးမယ်ဆိုလားပဲ…
ဖုန်းပြောခ ပြောတာ ဟုတ်ဖူးနော်
ဟီဟိ
မိုးသောက်ချိန်
October 26, 2012 at 10:50 pm
တိန် ….
အဲဒါဆို ဘာဂျီးတုံးးးးးးးးးးဂျ … 😛
padonmar
October 26, 2012 at 11:10 pm
မောင်ဝါဝါ
အန်တီတို့ကိုများ လေလှိုင်းခွန်လာကောက်နေလေမလား။ဖျာလိပ်အောက်ပုန်းပြီး အိမ်သာနက်ကိုကြည့်မှ။