Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ပြည်ပန်းညို ချိုပါလျက် ဆားကဖျက်”(EPISODE 18)

nicolus agralDecember 11, 20121min3134

ယင်းမာဖေဖေဆုံးခါနီးတော့ ဟောင်ကောင်က နာတာရှည်ဆေးရုံပေါ်မှာ အယ်လ်ဇိုင်းမားရောဂါနဲ့ နှစ်နှစ်လောက် တက်နေလိုက်ရသေးတယ်။ ဟောင်ကောင်နဲ့ ကယ်လီဖိုးနီးယား ကူးသန်းနေခိုက်မှာပဲ မေမေလေးက ရှန်ဟိုင်းမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အန်တီလေးလည်း အူမကြီးကင်ဆာနဲ့ အသည်းအသန်ဖြစ်နေတယ် လို့ ဖုန်းဆက်လာတော့ ဘာလုပ်ရမှန်းတောင် မသိဘူး။ တတ်နိုင်ပါဘူး။ အလုပ်တွေ အကုန်ပစ်ထားပြီး အန်တီလေးဆီလိုက်သွား ခွဲဖို့စိတ်ဖို့ကိစ္စတွေ အကုန်စီစဉ်ရတာပေါ့။ တော်ပါသေးရဲ့။ ရှန်ဟိုင်းမှာ မမကြီးလီဒီယာလည်း ရှိနေသေးလို့။ တို့အမများ အရင်ကနဲ့ကို မတူဘူး။ သူ့ညီမလေးကို ဂရုစိုက်လိုက်ရတာမှ အရိပ်တကြည့်ကြည့်။ မကြည့်ပဲနေမလား သူ့ကလေးနှစ်ယောက်ကို အမေရိကားပို့ချင်နေတာကိုး။ ငါးရက်လောက်နေပြီး ဆေးရုံကဆင်းတဲ့အခါ အိမ်ကိုပြန်ခေါ်လာခဲ့တယ်။

တမနက်တော့ ပန်းကန်တွေဆေးနေတုန်း အန်တီလေးက ဘာစိတ်ကူးပေါက်တယ် မသိ။ “ယင်းမာရေ လာစမ်းပါဦး။ ဆံပင်တွေကလည်း ဖရိုဖရဲနဲ့။ လာလာ အန်တီလေး ခေါင်းဖြီးပေးမယ်။ ဒီရှေ့ကဆံယဉ်ကလေးတွေ တိလိုက်ရင် ငယ်ရုပ်ကလေး ပြန်ပေါ်လာမှာ။ ငယ်ငယ်ကဆို ကိုယ်ပဲလုပ်ပေးနေကျ။ လုပ်မပေးရတာတောင် ကြာပြီ။” ဆိုတော့ “ယင်းမာ အရင်ဖြီးပေးပါ့မယ်။ နောက်မှ အန်တီလေးက ပြန်ဖြီးပေး။” “ညီးတို့လို လူငယ်တွေက ဆံပင်သန်တုန်း၊ အုံကောင်းတုန်းဆိုတော့ မနက်စောစော အိပ်ယာထတာနဲ့ အနည်းဆုံး မိနစ်နှစ်ဆယ်လောက်တော့ မှန်မှန်ဆံပင်ရှင်းပေး ဖြီးပေးရတယ်။ ဒီမှာကြည့်။ ဟောသလို ဘီးစိပ်ကလေးတွေ ဆောင်ထား။ ဒါလေးဆို အနှစ် ၅ဝ တောင် ရှိပေါ့။ ဘီးသွားကလေးတွေကို ဦးရေပြားနဲ့ထိအောင်ဖြီး၊ ဒါမှ နှိပ်နယ်ပေးသလိုဖြစ်ပြီး သွေးလေစီးဆင်းမှု မှန်တယ်။ အန်တီလေးကိုကြည့်။ အသက် ၈ဝ ကျော်တာတောင် ဆံပင်ကလေးတွေက ကျစ်ဆံမြီးကျစ်လို့ရသေးတယ်။” တဲ့။ ဟုတ်ပါရဲ့။ သူခေါင်းဖြီးပေးလိုက်မှ ခေါင်းထဲကိုပေါ့ပြီး အပူတွေထွက်သွားသလို နေလို့ထိုင်လို့ ကောင်းသွားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကလေးလေး ပြန်ဖြစ်သွားသလိုပဲ။ ငယ်ငယ်က သူပဲ ဖြီးပေးနေကျဟာကိုး။

တူဝရီးနှစ်ယောက် တစ်ယောက်ခေါင်းတစ်ယောက် ဖြီးပေးနေတုန်း မမလီဒီယာဝင်လာတော့ ကြောင်တောင်တောင်နဲ့ ဘာမှမပြောပဲ ကြည့်နေရင်းကမှ “ယင်းမာရေ။ မီးဖိုထဲ ခဏလိုက်ခဲ့ပါဦးဟယ်။ ငါ မျက်လုံးတွေလည်း မကောင်းတော့ဘူး။ တံဆိပ်ကလေးတွေမှာ ဘာရေးထားမှန်းမသိလို့။” ဆိုတော့ ကဗျာကယာ လိုက်သွားရတယ်။

“တကယ်တော့ ဘာလေဘယ်မှ ဖတ်ခိုင်းစရာ မရှိပါဘူး ယင်းမာရေ။ နင်ကလည်း မပြော မပြောချင်ဘူး။ ကိုယ့်ခေါင်းက ရှန်ပူအကောင်းစားနဲ့ သန့်သန့်ရှင်းရှင်းလျှော်ထားတာဟဲ့။ အဲဒီအဘွားကြီး ဘီးစိတ်က ညစ်ကညစ်ပတ်သနဲ့။ ဘယ်တုန်းကမှ ရေဆေးတာ မဟုတ်ဘူး။ နင်အမေရိကားမသွားခင်တုန်းက မမှတ်မိဘူးလား။ အဲဒီအဖွားကြီး ရေမချိုးတာ နှစ်နဲ့ချီနေတာ။ တကိုယ်လုံး သန်းတွေကို ပွစိတက်လို့။ သန်းတွေ ကူးမှာ မကြောက်ဘူးလား။ ခေါင်းဆိုတာ အထွဋ်အမြတ်နေရာ ဟဲ့။ ငါက ကိုယ့်ညီမလေးမို့ ဘုန်းတွေ ကံတွေ နိမ့်ကုန်မစိုးလို့ ပြောတာ။ သူ့ပြန်မပြောနဲ့နော်။ တော်တော်ကြာ စိတ်မကောင်းဖြစ်နေဦးမယ်။”

သူပြောလိုက်တော့မှပဲ ခေါင်းထဲက ရွစိရွစိနဲ့ ဟိုနားကယား သည်နားကယား ဖြစ်လာလို့ နောက်ကို အန်တီလေးက ခေါင်းဖြီးကြရအောင် စကားအစမခံဝံ့တော့ဘူး။ လီဒီယာ့စကားတွေကို တစ်လုံးမကျန် ပြန်သတိရလာတာကတော့ ရှီဂျီစာအုပ်ကြီးထဲက စစ်သူကြီး လျူဘန် နဲ့ ရှန်းယုတို့ တရုတ်ပြည်ကြီးမှာ အပြိုင်အဆိုင် ဩဇာထူထောင်ကြတုန်းက အကြောင်းတွေကို ဖတ်ရတဲ့အခါမှာပါ။ ပြန်တွေးကြည့်လိုက်တော့ သူ့စကားနဲ့အပြုအမူတွေဟာ အန်တီလေးနဲ့ကိုယ်နဲ့ကို သွေးကွဲသွားစေအောင် သပ်လျှိုလိုက်သလိုပါပဲ။ သူပြောတော့ ကိုယ့်ညီမလေး အတွက် စေတနာနဲ့တဲ့။ ဘာစေတနာလဲ။ တစ်အိမ်တည်းနေတဲ့မိသားစုချင်း မုန်းသွားစေလိုတဲ့စေတနာလား။ အန်တီလေးနဲ့ သွေးခွဲတာ မအောင်မြင်ပေမယ့် မေမေလေးနဲ့ ကိုယ်နဲ့အကြားမှာတော့ အောင်မြင်လိုက်တာမှ ဝက်ဝက်ကိုကွဲရော။ စီမာချန်ကတော့ အဲဒီနည်းဟာ ရန်သူကိုဖြိုခွင်းတဲ့ စစ်ဗျူဟာတစ်ခုပါတဲ့။ “Fan Jian Ji” (A plot to Sow Discord and Create Enmity) လို့ ခေါ်တယ်။ ရန်သူ့မြေပေါ်မှာ ဝိရောဓိမျိုးစေ့တွေ ကြဲချပြီး စည်းလုံးမှု နဲ့ ချစ်ကြည်ရေးကို ပြိုကွဲစေရမတဲ့။

ရှန်းယုရဲ့သတင်းကို အထောက်တော်တွေဆီကတဆင့် ကြားရသလောက်တော့ လျူဘန့်အဖို့ အားရစရာကြီးပါပဲ။ နယ်စားပယ်စားတွေကို ခွဲဝေအုပ်ချုပ်ခိုင်းထားတာလည်း ဘယ်တစ်ယောက်မှ ကျေကျေနပ်နပ် မရှိကြဘူး။ မရတဲ့သူတွေကလည်း မရလို့၊ ရတဲ့သူတွေကလည်း နည်းလို့။ သူတို့ချင်းကျလည်း အဝေမတည့်ပြန်ဘူး။ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ။ ဥပမာတစ်ခုပြရရင် ချီနိုင်ငံဆိုပါတော့။ နဂိုတုန်းက မျိုးနဲ့ရိုးနဲ့အုပ်ချုပ်လာခဲ့ကြတာက တျန်မင်းဆက်တဲ့။ ချင်နိုင်ငံက လာသိမ်းတဲ့အချိန်မှာ အုပ်ချုပ်နေတဲ့သူ ဘုရင်မင်းမြတ်က အံတုခုခံခြင်းမရှိပဲ သူရဲဘောနည်းစွာ အညံ့ခံခဲ့တာမို့ တခြားလူတွေလိုပဲ စည်းစိမ်မပျက် နယ်စားပယ်စား အရာကလေးများ ပေးသနားလေမလား မျှော်လင့်ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဘူး။ ထောင်သွင်းအကျဉ်းချပြီး နယ်စပ်ပို့လိုက်လို့ အစာငတ်ပြီး နတ်ရွာစံရတယ်။ ချင်အင်ပါယာပြိုကွဲချိန် သူတို့ ချီနိုင်ငံကလည်း တစ်ဗိုလ်တစ်မင်းထတဲ့အခါ မူးမတ်မျိုးရိုးဖြစ်သူ ရောင် က ခေါင်းဆောင်ခဲ့တယ်။ တူတော်မောင် ရှီ ကို ဘုရင်အဖြစ် နန်းတင်ပြီး သူကတော့ နန်းရင်းဝန်နေရာက နေတယ်။ ရှန်းယုက ဂျူလူးမြို့ကိုသိမ်းတဲ့အခါ သူတို့တူဝရီးက ကြားနေတယ်ဆိုပြီး စစ်ကူမပေးခဲ့ပေမယ့် သူတို့လက်အောက်ခံ စစ်သူကြီး ဒူ က ဟန်ကူတံခါးတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ ဝင်တိုက်ပေးခဲ့တယ်။ အကျိုးဆက်ကတော့ ရှန်းယုက ချီကို သုံးပိုင်းပိုင်းပလိုက်ပြီး စစ်သူကြီး ဒူ ကိုတစ်ပိုင်း၊ ဘုရင်မင်းမြတ် ရှီ ကိုတစ်ပိုင်း၊ နတ်ရွာစံသွားတဲ့ ကျန်ဘုရင်ရဲ့ သားတော်ကို တစ်ပိုင်း ဝေလိုက်တယ်။ နေ့ချင်းညချင်း သူ့တူ သူ့တပ်မှူးတွေက သူ့ခေါင်းပေါ်ရောက်လာတာ မကျေနပ်တဲ့ ရောင် စစ်သူကြီးဟာ တပ်မှူး ဒူကို မြို့ထဲပေးမဝင်ပဲ ကျန်တဲ့ နှစ်ယောက်ကိုတော့ လက်ဦးအောင် စီရင်ပလိုက်တယ်။ သူ့ကိုယ်သူလည်း ချီဘုရင်မင်းမြတ်အဖြစ် ဘိသိက်ခံလိုက်တယ်။ ပြီးတာနဲ့ တခြားပြည်နယ်တွေက နယ်စားပယ်စားတွေကို သူ့နည်းတူ တော်လှန်ဖို့ လှုံ့ဆော်တော့တယ်။

အရင်ဆုံး ပန်ယုဆိုတဲ့ နယ်စားတစ်ယောက်က နောက်လိုက်စစ်သည် တစ်သောင်းကျော်နဲ့ ခိုဝင်လာတယ်။ နောက်တော့ ဆောင်နိုင်ငံက ပညာရှိချင်ယုက သူ့နယ်မြေကို သူပြန်သိမ်းနိုင်ဖို့ စစ်ကူတောင်းတယ်။ စစ်ကူတွေကြောင့် စစ်ရှုံးလို့ ထွက်ပြေးရတဲ့ ဆောင်နိုင်ငံဘုရင်ဟာ သူ့ကို နန်းတင်ပေးတဲ့ ရှန်းယုဆီကို မပြေးပဲ လျူဘန့်လက်အောက်ကိုမှ ပြေးဝင်ခိုလှုံသွားတဲ့အတွက် ဆွေ့ဆွေ့ခုန်စရာ ဖြစ်လာတယ်။ ဂျူလူးတိုက်ပွဲအောင်တုန်းက တပ်မှူးတပ်သား ဘုရင်ခံအားလုံး မော်တောင် မကြည့်ရဲပဲ ပြားပြားဝပ် ခစားလာခဲ့ရတဲ့ ရှန်းယုကို တစ်နှစ်တောင် မပြည့်သေးဘူး နားရင်းထအုပ်ထည့်လိုက်သလိုပါပဲတဲ့။ သူ့ဒေါသကို ဓားစာခံရသူကတော့ နဂိုကတည်းက လျူဘန့်ဘက်ကလိုက်တယ် လို့ သူယုံကြည်နေတဲ့ ယီဘုရင်မင်းမြတ်ပါပဲ။ သူ့ဘုရင်သူ သတ်ရုံနဲ့တောင် အားမရသေးဘူး။ ဆန်းလျန်တို့တိုင်းပြည်က ဟန်ဘုရင်မင်းမြတ်ကိုလည်း ထပ်သတ်လိုက်တဲ့အခါ လျူဘန့်တပ်က အကြံပေးဆန်းလျန်အတွက် ပိုပြီးအခဲမကြေစရာ ဖြစ်လာပြန်သတဲ့။ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး အရှေ့ဘက်ကို လျူဘန်စစ်ချီတဲ့အခါ အလာတုန်းကဖျက်ခဲ့တဲ့ တံတားကို တပ်မှူးတပ်သား နည်းနည်းပါးပါးနဲ့ အေးအေးဆေးဆေး ပြန်ပြင်စေတယ်။ တကယ် စစ်တိုက်မယ့် တပ်တွေကတော့ တောလမ်းကတဆင့် အပြင်းနှင်တာပေါ့။ ရုတ်တရက်ကြီး ရောက်လာတဲ့ လျူဘန့်တပ်တွေကို မခုခံနိုင်လို့ ရှန်းယုသုံးပိုင်းခွဲအုပ်ချုပ်စေခဲ့တဲ့ တံတိုင်းအတွင်းဘက်နယ်မြေက ဘုရင်ခံသုံးယောက်မှာ တစ်ယောက်က သတ်သေပြီး နှစ်ယောက်ကတော့ ကိုယ်လွတ်ထွက်ပြေးသွားတယ်။

ဒေါသူပုန်ထနေတဲ့ ရှန်းယုဟာ လျူဘန်ကိုပဲ တိုက်ရတော့မလို၊ ရောင်ဘုရင်ကိုပဲ နှိမ်နှင်းရတော့မလို ဇဝေဇဝါဖြစ်နေခိုက် ဆန်းလျန်ကစာပို့ပြီး မူလက ထားခဲ့တဲ့ ကတိကဝတ်အတိုင်း တည်အောင်ဆောင်ရွက်ပြီးပြီမို့ ရန်စကို မရှည်ပဲ လောလောဆယ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ စကားစတယ်။ နောက်စာတစ်စောင်မှာတော့ ရောင်ဘုရင်နဲ့ ပညာရှိချန်ယုတို့ပူးပေါင်းပြီး ရှန်းယုကို ပုန်ကန်ဖို့ ကြံစည်နေကြောင်း သတင်းပေးတယ်။ ရည်ရွယ်ချက်ကတော့ ရှန်းယုရဲ့ အာရုံတွေ တခြားတဘက်ကို ရောက်သွားအောင်လုပ်တာပါ။ အောင်မြင်သားပဲ။ လျူဘန့်ကို တိုက်မည့်အစား အနောက်ဘက် ချီနိုင်ငံကို မှုန့်မှုန့်ညက်ညက် ချေပလိုက်တာ ရောင် လည်း ထွက်ပြေးရရော။ အစပိုင်းတော့ ပြည်သူတွေက ရောင့်ကို သတ်ပြီး ရှန်းယုဆီမှာ အညံ့ခံကြပါတယ်။ လက်နက်ချလည်း အရှင်မထားတတ်တဲ့ ရှန်းယုရဲ့ဒေါသဟာ ကျန်ရစ်တဲ့ စစ်ဗိုလ်စစ်သားတွေကို အသေခံတိုက်ခိုက်ဖို့မှတပါး ရွေးစရာလမ်း မရှိအောင် ဖြစ်စေတယ်။

ရှန်းယုအလုပ်ရှုပ်နေတုန်း လျူဘန်လည်း သူ့နည်းသူ့ဟန်နဲ့ အလုပ်မအားရပါဘူး။ သူသိမ်းပိုက်လို့ရသမျှ နယ်မြေတွေမှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေရတယ်။ ချင်မင်းဆက်ရဲ့ ရိုးရာနတ်တွေကို ပယ်ဖျက်ပြီး သူတို့ ဟန်မင်းဆက်က ရိုးရာတွေကို ပူဇော်ကန်တော့တယ်။ သဘောကတော့ သူ့ခေတ် သူ့မင်းဆက်ထူထောင်လိုက်ပြီဆိုတဲ့အကြောင်း လူတွေ စိတ်ထဲမှာ စွဲသွားအောင် သိစေတာ။ နန်းတက်တဲ့အထိမ်းအမှတ်နဲ့ အခွန်အတုပ်တွေကို နှစ်နှစ်တိတိ လွတ်ကင်းစေတယ်။ ရပ်ထဲရွာထဲမှာ လူကြီးရွေးတယ်။ တရုတ်လိုတော့ စန်းလောင် လို့ ခေါ်သတဲ့။ အဓိပ္ပါယ်က အကြီးအကဲသုံးပါးပေါ့။ လူကတော့ တစ်ယောက်ထဲပဲ ဘာလို့ အကြီးအကဲသုံးပါးခေါ်သလဲဆိုတော့ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးစလုံး ရိုးဖြောင့်စွာစောင့်ထိန်းထားတဲ့သူမို့လို့တဲ့။ သဘောကတော့ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ဓနဂုဏ်တွေထက် သီလကို စာဂကို ဦးစားပေးတယ် လို့ ဆိုရမှာပေါ့။ ကိုယ်တို့ဆီမှာ ဦးနေဝင်းကြီး ပြောင်းပြန်လှန်ခဲ့တဲ့ လူကောင်းလူတော် ဆိုတာမျိုး နေလိမ့်မယ်။ သူကိုယ်တိုင်က မကောင်းပဲ လူရိုးလူအတွေကို ဗူးဆိုဖယုံမသီး အုပ်ချုပ်တော့ အဝတ်ဖြူကလေးတွေ ရွေးရွေးပြီး လက်နှီးစုတ်လုုပ်သလိုပဲ ရှိမှာပ။ သူတို့တရုတ်ပြည်မှာလည်း အဲသလိုပါပဲ။ နောက်လူမွေးတဲ့အခါ အဓိကအားဖြင့် ရိုးဂုဏ်ကို ရှေ့တန်းတင်ကြတယ်။ မော်စီတုံးက တိန့်ရှောင်ဖိန်၊ တိန့်ရှောင်ဖိန်က ကျန်ဇီမင်း လက်ဆင့်ကမ်းပြီး အုပ်ချုပ်ခဲ့စဉ်မှာ အရေးပါတဲ့ ဝန်ကြီးနေရာနဲ့ အစိုးရအဖွဲ့တွေကို အားလုံးလာဘ်ထိုးမပေါက်တဲ့သူတွေနဲ့သာ အပါးမှာရံထားတယ် လို့ ဆိုတယ်။ နောက်ဆက်ခံမယ့် မျိုးဆက်ခေါင်းဆောင်ကိုလည်း အဲဒီကံသုံးပါးလုံခြုံမှုနဲ့ပဲ ရွေးသွားမှာ လို့ ပြောတယ်။ (ပြောတာလည်း မင်းပါပဲ။ တို့ ကြားမိသလောက်တော့ ဝမ်ကျားပေါင်ကြီး အမျိုးတွေ တယ်ချမ်းသာဆိုပဲ)

သူရွေးတဲ့စန်းလောင်တစ်ယောက်က လျူဘန့်ကို အဖိုးတန် အကြံဉာဏ်တစ်ခုပေးခဲ့လို့ အကျိုးတော့ မယုတ်ဘူး ဆိုရမယ်။ ရှန်းယုကို နိုင်ချင်တယ်ဆို သူ့ကိုချည့် ထိုးစစ်ဆင်ရုံနဲ့ မလုံလောက်ဘူး။ အခုလောလောဆယ် ကိုယ်နဲ့ ရင်ဆိုင်တိုက်နေရတဲ့ ရန်သူတွေကိုပါ ကိုယ့်ဘက်ပါလာအောင် သိမ်းသွင်းနိုင်ရမတဲ့။ ခုချိန်မှာ ရှန်းယုက တော်တော်ကြီး လူမုန်းများနေပြီ။ ကိုယ့်အရှင်သခင်ကိုတောင် သစ္စာမထောက်မထား ရက်ရက်စက်စက် အကြောင်းမဲ့ သတ်ဖြတ်နေတဲ့ အကုသိုလ်ကောင်ဆိုတာ လူတိုင်းသိလာလေလေ ကိုယ့်ဘက်ကိုထောက်ခံမယ့်သူတွေ များလာလေလေ ဖြစ်လိမ့်မယ် လို့ အကြံပေးတော့ အကင်းပါးတဲ့ လျူဘန်လည်း ချက်ချင်းသဘောပေါက်သွားပြီး သူ့စစ်တပ်တစ်တပ်လုံး ယီဘုရင်မင်းမြတ် နတ်ရွာစံတဲ့ အသုဘအထိမ်းအမှတ်အဖြစ် ပိတ်ဖြူတွေဆင်ခိုင်းတော့တယ်။ နယ်စားပယ်စား ဘုရင်ခံများထံ ဆက်သားလွှတ်ပြီး ဧကရာဇ်မင်းမြတ်ကို ရှန်းယုလုပ်ကြံလို့ ကံတော်ကုန်သွားပါပြီ။ ဒီလို ကျေးဇူးမထောက်မထား ရက်စက်ယုတ်မာတဲ့ သစ္စာဖောက်မှုကြီးကို သည်းမခံနိုင်တော့တာကြောင့် အခုကစလို့ ယန်စီမြစ်ဝှမ်းတလျှောက် စုန်ဆင်းပြီး ချူနိုင်ငံကို အပြီးတိုင်ချေမှုန်းပါတော့မယ်။ ညီတော်နောင်တော်များရဲ့ လက်တွဲပါဝင်မှုကိုလည်း မေတ္တာရပ်ခံ စောင့်မျှော်လျက်ရှိတဲ့အကြောင်း သဝဏ်စေပါတယ်။ တကယ်လည်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရှန်းယုကမှ အဲသည်မှာ မရှိပဲကိုး။

သတင်းကြားကြားချင်း ချီနိုင်ငံ မြို့တော်ကို ဝိုင်းထားတဲ့ ရှန်းယုဟာ လက်ရွေးစင်တပ်သား နည်းနည်းပါးပါးလောက်သာ အပါခေါ်ပြီး အနီးဆုံးလမ်းက ကဆုန်စိုင်းပြန်ချလာတာ လျူဘန်တို့ ဟန်ဘက်က အောင်ပွဲတွေခံနေဆဲမို့ ဘယ်သူမှတောင် စစ်တိုက်ဖို့ အဆင်သင့် မဖြစ်သေးဘူးတဲ့။ အာရုံတက်က စတဲ့စစ်ပွဲဟာ နေ့လည်လောက်မှာတင် အနိုင်အရှုံးက အဖြေပေါ်လာတယ်။ ယန်စီမြစ်ကြီးတောင် ဆက်မစီးနိုင်တော့ဘူးဆိုပဲ။ လူသေကောင်တွေနဲ့ ပိတ်ဆို့သွားတယ် ပြောတယ်။ ခန့်မှန်းခြေ စစ်သည်တစ်သိန်းကျော် အသက်ဆုံးကြသတဲ့။ လျူဘန့်ကို ရှန်းယုစစ်သည်တွေက လက်ရဖမ်းတော့မယ့်ဆဲဆဲမှာ အနောက်တောင်ဘက်က လေဆင်နှာမောင်းကြီးဝင်လာလို့ မှောင်နဲ့မည်းမည်းဖြစ်သွားတုန်း လက်မတင်လေးလွတ်သွားလေရဲ့။ မြင်းသည်တော် အနည်းငယ်နဲ့ ကျွမ်းယန်မြို့ကို ပြန်ရောက်သွားတဲ့ လျူဘန်ဟာ အဲဒီမှာ ခံတပ်နဲ့ အခိုင်အမာ ခုခံနေပြန်တယ်။ သူ့အဖေနဲ့ မိန်းမကိုတော့ ရှန်းယုဘက်ကဖမ်းပြီး ဓါးစာခံအဖြစ် ခေါ်ထားတယ်။

မြို့အထွက်လမ်းတွေကို ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားတဲ့ ရှန်းယုကို လျူဘန်က စစ်ပြေငြိမ်းဖို့ စကားခေါ်ပေမယ့် ဖန်ဘိုးဘိုးက လက်မခံနဲ့ လို့ တားပါတယ်။ ဒီအဖိုးကြီးရဲ့ ရန်ကို ရှင်းမှဖြစ်မယ်လို့ နားလည်သွားတော့ လျူဘန်က အကြံပေးတစ်ယောက်ကို ရွှေငွေရတနာ အမြောက်အများပေးပြီး ရှန်းယုဆီ နေ့စဉ်ဝင်ထွက်နေတဲ့ အရာရှိတွေကို လာဘ်ထိုးစေပါတယ်။ ဖန်ဘိုးဘိုးဟာ မယုံရဘူး။ လျူဘန်နဲ့ အဆက်အသွယ်ရှိနေတယ် လို့ ကောလာဟလ လွှင့်စေသလို ရှန်းယုနားယောင်လာအောင်လည်း မကြာခဏ အရောက်ပို့စေသတဲ့။ နောက်တခေါက် ရှန်းယုဘက်က သံတမန်တွေ လွှတ်လိုက်တဲ့အခါ စားကောင်းသောက်ဖွယ်တွေ အကောင်းဆုံးအရက်သေစာတွေနဲ့ ပွဲတော်ကြီးဟီးနေအောင် ပြင်ဆင်ထားပြီး ဧည့်သည်တွေဝင်လာတော့မှ “ဟင် ငါတို့က ဖန်ဘိုးဘိုး ဆက်သားတွေ လာမယ်ဆိုသလား လို့။ လက်စသတ်တော့ ရှန်းယုတပ်ကအကောင်တွေပဲ။” လို့ ပြောပြောဆိုဆိုနဲ့ စားစရာတွေ ပြန်သိမ်းသွားပြီး တော်ရိလျော်ရိတစ်ပွဲနဲ့ မပြောချင်သလို ပြောချင်သလို ဆက်ဆံလွှတ်လိုက်သတဲ့။ ဒီသတင်း ရှန်းယုဆီပြန်ရောက်သွားတော့ နဂိုကမှ မယုံသင်္ကာစိတ်များရတဲ့အထဲ အစိုင်အခဲကြီး ဖြစ်လာပြီး ဖုလို့ကို မဆုံးတော့ဘူး။ အဘိုးကြီးကလည်းရွဲ့တော့ ပိုပိုဆိုးလာတယ်။နောက်ဆုံး “မင်းက သိပ်သိ သိပ်တတ်နေပြီဆိုတော့ ငါ့အကြံဉာဏ် မလိုတော့ပါဘူး။ ပေးလည်း နားမထောင်တဲ့အတူတူ ငါကလည်း မပေးတော့ပါဘူး။ ပင်စင်ယူပြီး ရွာပြန်တာ ကောင်းလိမ့်မယ်။” လို့ အငေါ်တူးတော့ ရှန်းယုက “ကောင်းတာပေါ့။” ဆို တကယ်ကြီး ပင်စင်ပေးလိုက်ပါတယ်။ အသည်းနာလွန်းလို့ထင်ပါရဲ့။ အဘိုးကြီးလည်း ရွာတောင် မရောက်ဘူး။ လမ်းတင်သေသွားတယ်။ တစ်ရန် အေးရော။

မြို့ကိုဝိုင်းထားတာ သုံးလလောက်ကြာတဲ့အခါ လျူဘန်တို့ဘက်က တောင့်မခံနိုင်တော့ဘူး။ တစ်ညမှာ စစ်ဝတ်တန်းဆာ အပြည့်အစုံနဲ့ အင်အားသုံးသောင်းလောက်ရှိတဲ့ အမျိုးသမီးစစ်တပ်ကို မြို့အရှေ့ပေါက်ကထွက်ပြိး စစ်မြှူစေတယ်။ တော်ဝင်မြင်းရထားကို တံခွန်အလံအစုံအလင် ဆင်ထားပြီး ရထားထိန်းကိုယ်တိုင် မောင်းလာရင်းက “ဟန်မင်းတရားကြီးဟာ မြို့သူမြို့သားများ အစာရေစာ ငတ်ပြတ်မှာစိုးလို့ လက်နက်ချ အညံ့ခံလိုပါတယ်” လို့ ဟစ်အော်တယ်။ ဒီအခါမှာ ရှန်းယုစစ်သားတွေအားလုံး “အောင်ပြီ အောင်ပြီ။ ဝမ်းစွေ့ ဝမ်းစွေ့” လုပ်ကြတော့ ရှန်းယုကိုယ်တိုင် လျူဘန်ကို လက်ရဖမ်းမဟဲ့ဆို အားရပါးရ တက်လာတော့ ရထားထဲမှာ ဘယ်သူမှ မရှိဘူး။ လျူဘန်က အနောက်တံခါးက ပြေးပြီလေ။ ရထားမှူးတော့ ဘာဘီကျူးဖြစ်သွားတာပေါ့။ နေရပ်ပြန်ရောက်သွားတဲ့ လျူဘန်က ရှန်းယုကို ခွေးရူးခြောက်သလို ဟိုဘက်ကတိုက်လိုက် သည်ဘက်ကတိုက်လိုက် နဲ့ စစ်မျက်နှာတွေ စုံနေအောင်ဖွင့်ပြီး ကစားတယ်။ လျူဘန့်ဘက်က အရေးပါတဲ့လူတွေကို စစ်ပွဲတွေမှာ အရှင်ဖမ်းမိလို့ သစ္စာပေးတဲ့အခါ ဘယ်သူကမှ ပါမလာပဲ အသေခံသွားကြလို့ ပြုတ်သောက်လိုက်ရတာလည်း ခဏခဏ။

ကျွမ်းယန်မြို့ကျသွားတဲ့အခါ ဆရာပေါသွပ်က လျူဘန့်ကို အကြံပေးပြန်တယ်။ ရှန်းယုမှာ အားနည်းချက်တစ်ခု ရှိသတဲ့။ အဲဒါကတော့ သူက ရိက္ခာကို ဘယ်တော့မှ အလေးမထားဘူး။ ရိက္ခာပြတ်တဲ့အခါ ဘယ်လိုစစ်တပ်ကမှ အင်နဲ့အားနဲ့ တိုက်စစ်မဆင်နိုင်ဘူး။ ဧကရာဇ်မင်းဖြစ်လိုတဲ့သူဆိုတာ ဘယ်အရာက အရေးကြီးဆုံးလဲ အထူအပါး နားလည်ရတယ်။ ဘုရင်ဆိုတာ ပြည်သူမရှိလို့ မဖြစ်သလို ပြည်သူဟာလည်း ရိက္ခာမရှိလို့ မဖြစ်ဘူး။ ကျွမ်းယန်မြို့အပြင်ဘက်က ရိက္ခာဆက်ရာ မြို့ရွာတွေကို ကောင်းကောင်း အကာအကွယ်ပေးမထားတဲ့အတွက် အခုချိန်ဟာ ဝင်သိမ်းပြီး သူတို့တပ်ကို ရိက္ခာဖြတ်ဖို့ အကောင်းဆုံးပဲ လို့ ဆိုသတဲ့။

ဆရာပေါသွပ်ရဲ့ ဗျူဟာမျိုးကို ယင်းမာဖိုးဖိုးလည်း စစ်တုရင် ကစားတုန်းက ပြောခဲ့ဖူးတယ်။ ယင်းမာက ဖိုးဖိုးစစ်သူကြီးကို စားဖို့ချောင်းနေတုန်း သူကကိုယ့်ကို လာချက်သွားတာ ခံလိုက်ရတယ်။ ဖိုးဖိုးက ရှီဂျီစာအုပ်ကြီးကို လှန်ပြီး ဆရာပေါသွပ် စကားကို ဖတ်ပြတယ်။ “လောကကြီးမှာ ဘယ်ဟာက အရေးကြီးဆုံးလဲဆိုတာ သိမှ မိုးအောက်မြေပြင် အောင်ပွဲဆင်နိုင်လိမ့်မယ်” တဲ့။ စစ်တုရင်ကစားတဲ့အခါ ဘုရင်လောက် အရေးကြီးတာ ဘာမှ မရှိဘူး။ ကိုယ့်ဘက်က ဘုရင် တစ်ရုပ်ကျတာနဲ့ တခြားအရုပ်တွေ တစ်ရုပ်မှ မကျလည်း ရှုံးရစမြဲပဲ။ ဒါကြောင့်မို့ ကိုယ်ရွေ့သမျှ အကွက်တွေဟာ ကိုယ့်ဘုရင်ကို ကာကွယ်ဖို့နဲ့ သူ့ဘုရင်ကို စားနိုင်ဖို့ကိုပဲ အရင်စဉ်းစားရမယ် တဲ့။ လူ့ဘဝမှာလည်း ကျန်းမာရေးဟာ အရေးအကြီးဆုံးပဲ။ ကျန်းမာရေးလို့ ပြောလိုက်တာနဲ့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်း၊ စိတ်ချမ်းသာပျော်ရွှင်ခြင်း အကုန်ပါတယ်။ ကျန်းမာရေးက ဘာနဲ့တူသလဲဆိုတော့ နံပတ်ကလေးတစ်ခုနဲ့ တူတယ်။ ကျန်တဲ့အရာတွေအားလုံးကတော့ သုညကလေးတွေနဲ့ပဲ တူတယ်။ ပညာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အားလုံး တစ်ခုစီတစ်ခုစီကို သုညကလေးတစ်လုံးစီလို့ မှတ်။ အဲဒီသုညတွေများလေလေ ဘဝဟာ တန်ဖိုးရှိလေလေပဲ။ ဒါပေမယ့် ရှေ့ဆုံးက ကျန်းမာရေးဆိုတဲ့ ကိန်းဂဏန်းကလေးကို ထိန်းသိမ်းမထားနိုင်တာနဲ့ မင်းဘဝဟာ သုညတွေ အနန္တနဲ့ အချည်းနှီးဖြစ်သွားမယ် တဲ့။

ဖေဖေဆုံးတဲ့အခါ ဟောင်ကောင်မှာ မောင်နှမတွေအားလုံး အသုဘရက်အတွင်း ပြန်ဆုံကြတော့ လီဒီယာ့စကားနားယောင်နေတဲ့ မေမေလေးဟာ ကိုကိုလေးဂျိမ်းစ်ကိုပါ သူတို့ဘက်ဆွဲထည့်ဖို့ လီဒီယာ့ကို ဂျိမ်းစ်အိမ်မှာ တည်းခိုင်းပါတယ်။ ယင်းမာကိုတော့ သူနဲ့နေတာလို့ပဲ ပြောထားတယ်။ မေမေလေးနဲ့ ယင်းမာအကြားမှာ အောင်အောင်မြင်မြင် မုန်းပင်ပျိုးပေးနိုင်တဲ့ လီဒီယာဟာ ကိုကိုလေး နဲ့ သူ့မိသားစုကိုပါ အဆိပ်သင့်စေခဲ့မှာ မလွဲပါဘူး။ ပြည်ပန်းညိုဆိုတာ ချိုချင်ပေမယ့်လည်း ဆားကဖျက်ရင် ပျက်ရစမြဲကိုး။

credit to Dr Soe Min & Dr Yin Mar

4 comments

  • Mobile

    December 11, 2012 at 11:43 am

    ဗျူဟာလေးတွေနဲ့ ပတ်သတ်လို့ နှစ်သက်သဘောကျမိပါတယ်။
    ကျနော် ဘဝမှာ ကြုံတွေ့ရတာကတော့ ကျနော်တို့ မိသားစုစည်းစည်းလုံးလုံး
    အဆင်ပြေပြေဖြစ်တဲ့အခါမှာဆိုရင် စီပွားရေး အဆင်မပြေတာနဲ့ကြုံရပါတယ်။
    စိပွားရေးအဆင် ပြေရင်လည်း မိသားစုအရေး အဆင်မပြေတာနဲ့ ကြုံရကြောင်း……

  • ဦးကြောင်ကြီး

    December 11, 2012 at 11:52 am

    လျူဘန်
    သူကြံ
    လူမခံ
    ဆူညံ
    ဘူပြန်
    ပူရန်
    ထူကံ
    ဖူလျှံ..။

    • မောင်ပေ

      December 11, 2012 at 7:38 pm

      ပြည်ပန်းညို
      သည်လမ်းတို
      ဆီစမ်းပို
      ရယ်(ရီ)သမ်းဖို
      ပီနမ်းပျို

  • MaMa

    December 11, 2012 at 6:37 pm

    မှတ်သားလောက်တဲ့ စာကြီးပေကြီး စာရင်းထဲ ထည့်ရမယ်။ :hee:

Leave a Reply