“လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ် (၂)”(EPISODE 21)
ကို ပူပန်စပြုလာသတဲ့။ ဒါနဲ့ပဲ သံအမတ်ကြီး ဝူကို ဟန်ကျင်းဆီလွှတ်ပြီး သူ့ဘက်ပါအောင် စည်းရုံးစေပါတယ်။
“ကမာ္ဘလောကကြီးဟာ တချိန်က ချင်မင်းဆက်အောက်မှာ ပြားပြားဝပ် နှိပ်ကွပ်ခံခဲ့ရပါတယ်။ ကျွင်္နုပ်တို့ စစ်သူကြီးရှန်းယုခေါင်းဆောင်လို့ နယ်စားပယ်စားတွေ စည်းစည်းလုံးလုံး တိုက်ထုတ်လိုက်လို့သာ ဒုတိယမြောက်ဧကရာဇ်ကြီး ကျဆုံးသွားရတာပါ။ အဲဒီနောက် စစ်ပွဲကြီး အဆုံးသတ်လို့ ပြည်ထောင်နယ်စားအားလုံး ကိုယ့်ရပ်ကိုယ့်ရွာ အေးချမ်းစွာ ပြန်လည်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့သူကို ထိုက်တန်သလို ချီးမြှင့်မြှောက်စား ခွဲဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ လျူဘန်ဟာ သူရထားတဲ့ နိုင်ငံနဲ့ မကျေနပ်နိုင်တဲ့အတွက် တံခါးအတွင်းကနယ်မြေတွေကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကစလို့ ကျွင်္နုပ်တို့ ချူနိုင်ငံက ရှန်းယုစစ်သူကြီးကိုလည်း ထောင်ထားခြားနား ပုန်ကန်လာခဲ့ပါတယ်။ လျူဘန့်လောဘဟာ အတောမသတ်နိုင်တဲ့သဘောရှိပြီး ချင်ဧကရာဇ်ကြီးလို နယ်ပယ်အားလုံး သူ့လက်အောက် မရောက်မချင်း တင်းတိမ်မယ့်ပုံ မရှိပါဘူး။ သူဟာ သစ္စာရှိတဲ့၊ ယုံကြည်နိုင်လောက်တဲ့သူလည်း မဟုတ်ဘူး။ ငါတို့အရှင် ရှန်းယုက သူ့အသက်ကိုချမ်းသာပေးခဲ့တဲ့ အကြိမ်ပေါင်း မနည်းတော့ဘူး။ သနားလို့ လွှတ်ပေးလိုက်ရင် ကမ်းတက်လာပြီး နောက်ကျောကို ဓါးနဲ့ထိုးဖို့ ကြံတတ်တဲ့သူမို့လို့ လုံးဝ ယုံကြည်စိတ်ချရတဲ့သူ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။
သင်စစ်သူကြီးအဖို့ လျူဘန်ဟာ အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေရောင်းရင်း အဖြစ် သဘောထားပြီး သူ့အကျိုးကို ဆက်စွန့်ဆံဖျား ထမ်းရွက်သော်ငြားလည်း အချိန်ကြာလာတာနဲ့အမျှ သူ့လက်ခုပ်ထဲကရေ အဖြစ်နဲ့သာ အဆုံးသတ်ရဖို့ ရှိပါတယ်။ လောလောဆယ် လျူဘန့်ဘက်က အချိုသတ်ဆက်ဆံနေတာဟာ ကျွင်္နုပ်တို့ဘက်မှ စစ်သူကြီး ရှန်းယုကို သူ မတွန်းလှန်နိုင်သေးတဲ့ အတွက်သာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အင်အားချင်းက ဘက်ညီနေတဲ့အတွက် အကွက်ကောင်းစောင့်နေဆဲ ဖြစ်တာမို့ သူတို့နှစ်ဦးအကြားက အနိုင်အရှုံးဟာ အခုဆိုရင် သင်စစ်သူကြီးမင်းအပေါ်မှာ တည်နေပါပြီ။ သင်တက်ထိုင်လိုက်တဲ့ဘက်ကို ချိန်ခွင်လျှာက အလေးသာသွားပါတော့မယ်။ ဆိုကြပါစို့။ စစ်သူကြီးမင်း အကူအညီ သူ့ဘက်ပါသွားလို့ လျူဘန်က အနိုင်ရသွားပါပြီတဲ့။ သည်ကနေ့ ရှန်းယုကျဆုံးသွားတာနဲ့ နောက်တနေ့ လျူဘန့်ရဲ့ ရန်သူဟာ သင်စစ်သူကြီးမင်းဖြစ်သွားပါလိမ့်မယ်။
သင်စစ်သူကြီးမင်းဟာ လျူဘန် နှင့် မတွေ့မီက ကျွင်္နုပ်တို့၏စစ်ဗိုလ်ချုပ်ကြီးရှန်းယုနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်ဖူးသူ ဖြစ်ပါသည်။ ရှေးမျက်နှာများ ထောက်ထားလျက် လျူဘန်၏လက်အောက်မှ ရုန်းထွက်ကာ သီးခြားလွတ်လပ်သောတိုင်းပြည် ထူထောင်ပါလော့။ ကျွင်္နုပ်တို့၏ ချူနိုင်ငံနှင့်လည်း မဟာမိတ်ပြုပါလော့။ ကမာ္ဘကို သုံးပိုင်းခွဲလျှက် ဖိုခုံလှောက်သဖွယ် အခြေသုံးချောင်းဖြင့် ဆက်လက်ရပ်တည်ကြပါစို့။
အကယ်တန္တု သင်စစ်သူကြီးမင်းသည် ဤအရေးပါသော အခွင့်အခါကို လှစ်လျူရှု၍ လျူဘန့်ဘက်မှ ရှန်းယုကို တိုက်ငြားအံ့။ အခွင့်အရေးဟူသည် နှစ်ခါ မလာစကောင်း။ သင့်ထိုက်နှင့် သင့်ကံသာ ရှိချေရော့မည်။” လို့ ပြောတော့ ဟန်ကျင်းက သည်လိုတုန့်ပြန်ပါသတဲ့။
“ငါ ရှန်းယုနဲ့ စစ်အတူတူ တိုက်ဖူးတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်လို တိုက်ခဲ့ရတယ် ထင်သလဲ။ သူ့ရဲ့ ကိုယ်ရံတော်တစ်ယောက်၊ အိပ်ဖန်စောင့်တစ်ယောက်အဖြစ် လှံကလေး လက်ထဲကိုင် တဲအပြင်ကစောင့်နေရရုံသာ ရှိပါတယ်။ ရှန်းယုဟာ ငါပေးသမျှ အကြံဉာဏ်တွေကို ဘယ်တုန်းကမှ နားလည်းမထောင်ခဲ့သလို အရေးတယူလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် လျူဘန့်ဘက်ကို ငါဝင်သွားခဲ့တာပါ။ ခဏကလေးအတောအတွင်းမှာ လျူဘန့်ဆီက ငါ့ကို ချီးမြှင့်တဲ့ရာထူးဟာ ဘာရာထူးဖြစ်မယ်ထင်သလဲ။ ဟန်တပ်မတော်ကြီးရဲ့ စစ်သေနာပတိချုပ်ရာထူးနဲ့ စစ်သည်သိန်းပေါင်းများစွာကို အုပ်ချုပ်ကွပ်ကဲရပါတယ်။ လျူဘန်ဟာ သူ့ကိုယ်ပေါ်ကအဝတ်ကိုလည်း ငါ့ကိုဆင်တယ်။ သူစားနေတဲ့အစာကိုလည်း ငါ နဲ့ မျှစားတယ်။ အတော်ဆုံးအချက်ကတော့ ငါပေးသမျှ အကြံဉာဏ်တွေကို တလေးတစား လိုက်နာတယ်။ ဒါကြောင့် ငါလည်း ဒီနေရာမျိုးကို ရောက်လာနိုင်တာပေါ့။ ဒီတသက်တော့ သူ့ကို သစ္စာဖောက်ဖို့ဆိုတာ စိတ်ကူးထဲတောင် မထည့်ပါ။ အကြံကောင်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုသာ သင့်သခင်အား လျှောက်တင်ပါလေ။”
စာဖတ်သူတွေ မျက်စိလည်သွားမှာစိုးလို့သာ စစ်သူကြီးမင်းလို့ သုံးနှုန်းနေတာပါ။ တကယ်တော့ အဲဒီအချိန်မှာ ဟန်ကျင်းက ချီဘုရင်မင်းမြတ် (ဆောင် နဲ့ ယန် ကို သိမ်းပြီးသူ)၊ လျူဘန်က ဟန်ဘုရင်မင်းမြတ် (ဝေ နဲ့ ချင် ကို သိမ်းပြီးသူ) ရှန်းယုက ချူဘုရင်မင်းမြတ် (တနိုင်ငံလုံး သိမ်းပြီးမှ ပြန်ခွဲပေးလိုက်ပြီး ချူမှာ ပြန်နေသူ)အဖြစ်ကို ရောက်နေပြီ။ မြေပုံပေါ်မှာ ကြည့်လိုက်ရင် သူတို့သုံးယောက်က တကယ်ကို ဖိုခနောက်ဆိုင်ထားသလို တည်နေတယ်။ ရှင်ဘုရင်မှန်ရင် အကြံပေးတွေလည်း ရှိစမြဲမို့ ဟန်ကျင်းရဲ့ နိုင်ငံရေးအကြံပေး ကွေးတုံ က အဲဒီမတိုင်ခင်ကတင် သံအမတ် ဝူ နဲ့ တစ်လေသံတည်း အကြံပေးခဲ့ဖူးပါတယ်။ အံ့ဩဖို့ကောင်းတာကတော့ အဲဒီနိုင်ငံရေးအကြံပေးဆိုတဲ့လူကြီးက ဟန်ကျင်းကို ပေးတဲ့ အကြံဉာဏ်ဟာ ဗေဒင်ကိန်းခန်းတွေတွက်ချက်ပြီး ပေးတာတဲ့ဗျ။ (ဒါများ ဘာအံ့ဩစရာရှိသလဲ။ တို့ဆီက လူကြီးတွေအကုန်လုံး ဗေဒင်ယတြာ မပါပဲ ဘာပွဲမှ မတက်ဘူး။) ကွေးတုံ ပြောတာကတော့ သူက အင်္ဂဝိဇ္ဖာအဟော နဲ့ ဥပဓိရုပ်လက္ခဏာ ကြည့်တဲ့အတတ်မှာ မှားခဲပါတယ် တဲ့။ “ပြောပြောက စောရောပေါ့ ။ ဒါဆိုလည်း ဟောစမ်းပါဦး။ ငါ့ရှေ့ဖြစ်ကလေး။” လို့ ဝမ်းသာအယ်လဲ ဖြစ်သွားတဲ့ ဟန်ကျင်းကို ကွေးတုံက “အို ရှက်စရာကြီး။ နှစ်ကိုယ်ကြားပဲ ပြောပြမယ်။” လို့ မူလိုက်သတဲ့။ ဒါနဲ့ တဲနန်းထဲကလူတွေ အကုန်နှင်ပြီး ဘိုးတော်နဲ့ ဓါတ်ခန်းဖွင့်ကြပါတယ်။
“မျက်နှာပေါက်ကို ကြည့်ရသလောက်တော့ မြို့စားနယ်စား ဘုရင်ခံဘဝ နဲ့ပဲ ရှိနေဦးမှာပါ။ ရှေ့ဘက်က ကြည့်ရင် မကြာခင် အသက်ဘေးအန္တရာယ်တစ်ခု ကြုံဖို့ရှိတယ်။ ဒါပေမယ့် နောက်ဘက်က ပြန်ကြည့်ရင် မမျှော်မှန်းနိုင်လောက်အောင် အဆုံးမရှိ ကြီးကျယ်ခမ်းနားတဲ့ ဘဝကို ရလိမ့်မယ်။”
“ဘယ်လို ရမှာလဲ။ ဆက်ဟောစမ်းပါဦး။”
“နိုင်ငံတဝှမ်းမှာရှိတဲ့ နယ်စားပယ်စားတွေဟာ ချင်နန်းတော်ကို ပုန်ကန်ပြီး ကိုယ့်ပြည်နဲ့ကိုယ် အုပ်ချုပ်ခဲ့ကြတယ်။ သူတို့ကို ချင်က လိုက်နှိမ်နှင်းတဲ့အခါ အချင်းချင်း ပေါင်းသွားပြီး ချင်အင်ပါယာကို ဖြိုခွင်းခဲ့ကြတယ်။ အခုတော့ ပုန်ကန်တဲ့ အင်အားစုတွေဟာ လျူဘန် နဲ့ ရှန်းယု အောက်ကိုရောက်သွားပြီး သူတို့အချင်းချင်း အားပြိုင်လာတဲ့ အချိန်ရောက်လာပြီ။ သူတို့နှစ်ဦးတိုက်ပွဲကြားမှာ လူအသေအပျောက်လည်း တော်တော်များလှပြီ။ အခုဆိုရင် ချူနိုင်ငံသားတွေထဲမှာတောင် ပုန်ကန်ထကြွမှုတွေ ရှိလာပြီ။ သည်လောက် နှစ်တွေအကြာကြီး စစ်ညောင်းလာတာတောင် ရှန်းယုတပ်တွေက ကျွမ်းယန်က ကျော်ပြီး တက်မလာနိုင်ဘူး။ အဲဒီနားလေးမှာတင် တန့်နေတာ အခုဆို သုံးနှစ်လောက်ရှိတော့မယ်။ လျူဘန့်ဘက်ကို ကြည့်ဦးမလား။ တနေ့တနေ့ ရှန်းယုကို ဟိုဘက်ကတိုက်လိုက် သည်ဘက်ကတိုက်လိုက်၊ စစ်မျက်နှာတွေ မရေမတွက်နိုင်အောင် ဖွင့်ပြီးတိုက်နေတာတောင် ဘယ်တုန်းကမှ မနိုင်ခဲ့ဘူး။ ခုဆို ချန်ကောင်းမှာ မြားမှန်သွားလို့ စစ်ဆုတ်ပြီး ဆေးကုနေရတယ်။ သူကိုယ်တိုင် ကျွမ်းယန်မှာ ပိတ်ဆို့ပြီး အဝိုင်းခံထားရတုန်းကလည်း ဘယ်သူတစ်ယောက်ကမှ သူ့ကို ဝင်မကယ်ရဲဘူး။ ဒါတွေကို သုံးသပ်လိုက်ရင် သူတို့တတွေ စစ်ပန်းနေကြပြီဆိုတာ သိပ်သိသာတယ်။ စစ်ဗိုလ်စစ်သားတွေ အားလုံးလည်း တက်ကြွတဲ့ အားမာန် မရှိတော့ပဲ ချောင်ပိတ်မိပြီး သရေကျနေတဲ့ စစ်တုရင်ပွဲတစ်ပွဲလို ဖြစ်လာပြီ။ အစာရေစာများလည်း ရှားပါးလာလို့ တိုင်းသူပြည်သားအပေါင်းလည်း ပင်ပန်းပူပန်ုနေကြရပြီ။ ဒီအချိန်မှာ သူရဲကောင်းတစ်ယောက်ပေါ်လာရင် သူ့အဆုံးအဖြတ်နဲ့သာ အရှုံးအနိုင်က အဖြေပေါ်လာလိမ့်မယ်။ ဒါကြောင့် လျူဘန် နဲ့ ရှန်းယုတို့ရဲ ကံကြမ္မာဟာ သင့်လက်ထဲမှာသာ တည်တော့တယ်။ သင်ကူညီတဲ့ဘက်က အနိုင်ရမှာ မုချပဲ။ အခြေအနေတွေက သိပ်တင်းမာနေတော့ စိတ်ထဲရှိတဲ့အတိုင်း အကြံမပေးရဲပါဘူး။ တော်တော်ကြာ အရှင်ကလည်း လိုက်နာချင်မှ လိုက်နာမှာပါ။
ဒီလိုလေ။ လျူဘန့်ဘက်ကလည်း မပါပါနဲ့။ ရှန်းယုဘက်ကလည်း သွားမပါပါနဲ့။ သူတို့နှစ်ယောက်ရဲ့ ဟန်ချက်ကို ကိုင်ထားပြီး သုံးပွင့်ဆိုင် အုပ်ချုပ်လိုက်ရင် နှစ်ယောက်ကြားက စစ်မီးလည်း ငြိမ်းသွားပါလိမ့်မယ်။ လောလောဆယ် အဲဒီနှစ်ယောက် အချင်းချင်း ရန်စောင်နေတုန်း မြောက်ဘက်က ယန် နဲ့ ဆောင် ကို ပြန်စည်းရုံးပါ။ အင်အားဖြည့်တင်းပြီး သူတို့နှစ်ယောက်ရဲ့ ဟန် နဲ့ ချူ ကို နောက်ကျောဘက်က လှည့်ဝင်ပါ။ ပြီးမှ သူတို့နှစ်ယောက်ရှိတဲ့ စစ်မြေပြင်ကို သွားပြီး ပြည်သူအများရဲ့ဆန္ဒအရ ရန်စောင်မုန်းတီးမှုတွေကို ရပ်တန့်စေဖို့ ပြောဆိုလျှင် ယာလည်းညက် ကြက်လည်းပန်းရုံမက ပြည်သူလူထု ထောက်ခံမှုကိုပါ ရရှိနိုင်ပါလိမ့်မယ်။” လို့ နိုင်ငံရေး ကုလားဖန်ထိုးသတဲ့။
ဒါပေမယ့် ဟန်ကျင်းက “လျူဘန့်လောက် ကောင်းတာ ကမာ္ဘပေါ်မှာ မရှိဘူး။ သူစီးတဲ့စစ်ရထားကို ငါသာလျှင် စီးခွင့်ပြုတယ်။ သူခြုံတဲ့ ဝတ်ရုံတော်ကို ငါသာလျှင် လွှမ်းခွင့်ရှိတယ်။ သူ့ပွဲတော်အုပ်ကို ငါနှင့်သာလျှင် မျှဝေစားသုံးတယ်။ ဒါကြောင့် ကိုယ်ကျိုးကိုကြည့်ပြီး ဒီလိုမိတ်ဆွေမျိုးကို သစ္စာမဖောက်နိုင်။” လို့ ပြန်ပြောသတဲ့။
ကွေးတုံပြောတာကတော့ “ဒါကတော့ သင်မင်းကြီးက လျူဘန်ဟာ ငါ့မိတ်ဆွေဖြစ်တယ် ဆိုတဲ့အသိကြောင့်သာ ယခုလို ပြောနေတာ ဖြစ်တယ်။ ဒါကြောင့်လည်း လျူဘန့်အတွက်ဆို မျိုးဆက်ပေါင်း တစ်သောင်းတိုင်အောင် ဘုန်းတန်ခိုးအာဏာ ကြီးထွားစေကြောင်း သက်စွန့်ဆံဖျား အမှုတော်ထမ်းနေတာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်မျိုးကြီးကတော့ ဒီလို မထင်ပေါင်။
ဆောင်နိုင်ငံမှာတုန်းက ချင်ယုနဲ့ ဆန်အဲ လို့ခေါ်တဲ့ ကျောင်းသားနှစ်ယောက် ကို မှတ်မိသေးလား။ အစပိုင်းတော့ သူတို့လောက် ချစ်ကြတဲ့ သူငယ်ချင်းတွေ မရှိဘူးလေ။ အဆုံးကျတော့ တစ်ယောက်ကိုတစ်ယောက် မသတ်ရ မနေနိုင်ဖြစ်ကုန်တယ်။ အဲဒါ ဘာကြောင့်လဲ သိလား။ လူဆိုတာ လောဘတက်လာရင် ဂြိုလ်ဆိုးဝင်တတ်တယ်။ နောက်ပြီး လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ်။ အစိုးရတာ မဟုတ်ဘူး။
လောလောဆယ် သင်မင်းကြီးနဲ့ လျူဘန်နဲ့ ဆက်ဆံရေးဟာ သစ္စာရှိတဲ့၊ ရိုးဖြောင့်တဲ့ သူငယ်ချင်းမိတ်ဆွေ ဆက်ဆံရေး လို့ ထင်နေတယ်။ ထားပါတော့လေ။ အဲဒီခင်မင်မှုဆိုတာဟာ ထီးနန်းစည်းစိမ်နဲ့စာရင် အရေးပါလို့လား။ ချင်ယုတို့ ဆန်အဲတို့ အကြားက ခင်မင်မှုနဲ့စာရင်ကော ဘာများ ပိုလို့လဲ။ ဒါပေမယ့် လူတွေဟာ ကိုယ့်အဆင့်အတန်း မြင့်မားလာလေလေ၊ အလျော်အစားကြီးလာလေလေ၊ လောဘတက်လာလေလေ၊ ဖောက်လွဲဖောက်ပြန် ကျင့်တတ်လေလေပဲ။ ဒါကြောင့် ကိုယ်က လျူဘန့်အပေါ် သစ္စာစောင့်သိသလို သူ့ဘက်ကလည်း ကိုယ့်အပေါ် ဘယ်တော့မှ မကောင်းမကြံဘူး လို့ တရားသေတွက်လို့ မရပါဘူး။ သားကောင်ကို မိပြီးရင်၊ တောလည်ရာကပြန်လာရင် အမဲလိုက်ခွေးတွေလည်း ဟင်းအိုးထဲ ရောက်ချင်ရောက်တာပါပဲ။
ခုချိန်မှာ သင်မင်းကြီးဟာ လျူဘန်ရဲ့ နန်းရင်းဝန်ရာထူးကို ပေးထားပေမယ့်လည်း သင်မင်းကြီးရဲ့ ဂုဏ်သတင်းကျော်စောမှုဟာ လျူဘန့်ထက်ရော ရှန်းယုထက်ပါ သာပါတယ်။ ဒီအခါမှာ သူတို့စိတ်ထဲက မနာလို မရှုဆိတ် မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ကျွန်တော်မျိုးကြီးကတော့ စိုးရိမ်မိကြောင်းပါ။” လို့ အဆုံးသတ်တယ်။
“စဉ်းစားကာနေရဦးမယ်။” ဆို နှုတ်ဆိတ်သွားတဲ့ ဟန်ကျင်းကို ကွေးတုံက လေးငါးရက်လောက် ဆက်ပြီး ကျပ်တင်ပေးပါသေးတယ်။ ဒါပေမယ့် လျူဘန့်ဘက်က ကောင်းကွက်တွေကို တွေးမိရင် ဟန်ကျင်းအနေနဲ့ ဘယ်လိုမှ သစ္စာမဖောက်ရက်ဘူး။ သူ့ဘက်ကလည်း လျူဘန့်အတွက် ပေးဆပ်ခဲ့ရတာတွေ ရှိတဲ့အတွက် လျူဘန်ဟာ သူ့ကိုတော့ အန္တရာယ် မပေးလောက်ဘူး လို့ ယုံကြည်နေတယ်။ နောက်ဆုံးတော့ ကွေးတုံ ကို “ရှဲ့ရှဲ့နီ” လုပ်ပြီး လျူဘန့်ကို သစ္စာရှိဖို့ ဆုံးဖြတ်လိုက်သတဲ့။
စာရေးဆရာတစ်ယောက်လုပ်ဖို့ သတ္တိမွေးရတာ ယင်းမာအတွက် တော်တော် ကြာပါတယ်။ ကလေးဘဝတုန်းကလို ရှောကနဲ ရှောကနဲ ထွက်မလာဘူး။ အထူးသဖြင့် ကိုယ့်မိဘအကြောင်း ကိုယ်ရေးနေရတဲ့အခါ။ ခဏခဏ ရေးလိုက် ဖျက်လိုက်နဲ့။ လေးငါးမျက်နှာကကို တက်တယ် မရှိဘူး။ သူတို့ဆုံးသွားပြီးမှပဲ စာတွေ စကားလုံးတွေက ရေကာတာကြီး ကျိုးကျသလို အဆက်မပြတ် စီးဆင်းလာတယ်။
ဒီကနေ့ထိတိုင်အောင် မေမေလေးဆုံးတဲ့ရက်တွေကို ပြန်တွေးတိုင်း မဝံ့မရဲ မချင့်မရဲ ဖြစ်နေတုန်းပဲ။ ချားလ်စ် ဒစ်ကင်ကတော့ ပြောဖူးတယ်။ “ကလေးတစ်ယောက်အတွက် နှိမ့်ချဆက်ဆံခံရတာလောက် ဆိုးတာ မရှိဘူးတဲ့။ ဘယ်အသက်အရွယ်ရောက်ရောက်၊ ဘယ်လောက်ပညာတွေတတ်တတ်၊ အိမ်ပြန်ရောက်ပြီး မိသားစုတွေမျက်နှာ မြင်လိုက်တာနဲ့ ငယ်ငယ်က သိမ်ငယ်စိတ်တွေကို အမြဲ ခံစားရလေ့ရှိတယ်။” တဲ့။
အဲဒီတစ်ခေါက် ဟောင်ကောင်ပြန်ရောက်တုန်းက အဲလိုမျိုး ခံစားခဲ့ဖူးတယ်။ ငယ်ငယ်က ရှန်ဟိုင်းအိမ်မှာလိုပဲ။ မေမေလေးရဲ့ “နှိပ်ကွပ်နိုင်မှ တန်ကာကျမယ်” သင်ခန်းစာတွေ သင်ယူနေရတုန်းကလို ပြန်ခံစားရတယ်။ ဒါပေမယ့် ဟိုတုန်းကတော့ ဂျိမ်းစ်တစ်ယောက် ကိုယ့်ဘက်က ပါရှာသား။ အဲဒီကပြန်လာကတည်းက ကောင်းကောင်း အိပ်မပျော်တော့ဘူး။ တစ်ညတော့ အိပ်မက်မက်တယ်။ တရုတ်နှစ်ကူးရက်မှာတဲ့။ မောင်နှမတတွေ တန်းစီပြီး မေမေလေးဆီက အံပေါင်းယူကြတယ်လေ။ ထုံးစံအတိုင်း မေမေလေးရဲ့ ကလေးနှစ်ယောက်က ပထမ၊ နောက် ယင်းမာတို့ မောင်နှမတွေက ကြီးစဉ်ငယ်လိုက်ဆိုတော့ ဘယ်တော့ ဘာအတွက် တန်းစီစီ အငယ်ဆုံးယင်းမာက ဘိတ်ဆုံးဆိုတာ ကိုယ့်ဘာသာ သိပြီးသား။ ဒါပေမယ့် တရုတ်ထုံးစံအရ အံပေါင်းမယူခင် ကြောင်အိမ်အောက်ကို လှမ်းပြီး တံတွေးထွေးရတယ်။ မကောင်းတာတွေ ထွက်သွားအောင်လို့တဲ့။ ယင်းမာအလှည့်ရောက်လို ကြောင်အိမ်အောက် လှမ်းကြည့်လိုက်တဲ့အခါ တံတွေးအလိမ်းလိမ်းနဲ့ ဖိုးဖိုးဓါတ်ပုံအဟောင်းကြီး သွားတွေ့တယ်။ အိမ်မက်ထဲမှာပေမယ့် ယင်းမာက ချက်ချင်းကောက်ယူပြိး ရင်ဘတ်ကလေးထဲထည့် ဖက်ထားလိုက်တော့ မေမေလေးက “တံတွေးထွေးလိုက်လေ။” တဲ့။ ယင်းမာက လက်သီးလေးဆုပ်။ အံကိုတင်းတင်းကျိတ်ပြီးမှ “မထွေးနိုင်ပါဘူး။” လို့ ပြန်အော်ပလိုက်တယ်။ “အေး။ မထွေးလည်းနေပေါ့။ နင် ငါ့ဆီက ဘာဆိုဘာမှ မရတော့ဘူးမှတ်။” တဲ့။ ဆတ်ကနဲလန့်နိုးသွားတာတောင် အကြောက်က မပြေသေးပါဘူး။ ဆက်မအိပ်နိုင်ပါဘူး။ ညကြီးသန်းကောင် အိမ်အောက်ထပ်ဆင်းပြီး မေမေလေးအိမ်ကယူလာတဲ့ ဖိုးဖိုးဓါတ်ပုံနဲ့ ရှီဂျီစာအုပ်ကလေး ပြန်ဖတ်မိတယ်။ ဟော တွေ့ပါပြီ။
“ရှေးကစာရေးဆရာတွေဟာ ရင်ထဲမှာ အနာတရ မကင်းတဲ့သူတွေချည့်ပဲ။ သူတို့ဘဝမှာ မရနိုင်တဲ့အရာတွေ၊ အကောင်အထည်မဖော်နိုင်တဲ့ဆန္ဒတွေ အတွက်နေမှာပေါ့။ … ဒါကြောင့်သူတို့ဟာ သူတို့ဘဝအကြောင်းတွေနဲ့ ဖမ်းစားလှုံဆော်ပြီး နောင်လာနောက်သားတွေထံ အတိတ်ကာလရဲ့ သမိုင်းနောက်ခံကို လက်ဆင့်ကမ်းပေးခဲ့ကြတယ်။ … ငါ လည်းပဲ အရဲစွန့်လို့ စာပေလောကထဲကို လှမ်းတက်ဝင်ရောက်လိုက်မိပါတယ်။” တဲ့။
အပြန်ပြန်အလှန်လှန် ဖတ်လိုက် စဉ်းစားလိုက်လုပ်ရင်း မေမေလေးရဲ့ “အေး။ နင် ငါ့ဆီက ဘာဆိုဘာမှ မရတော့ဘူးမှတ်။” ဆိုတဲ့အသံကြီး ပြန်ကြားယောင်လာပါတယ်။ အိမ်ကနေ ဆေးရုံလာရင်းကားပေါ်မှာတောင် ပဲ့တင်ထပ်လာတဲ့ အဲဒီအသံကြီးကို ယင်းမာကလည်း ပြန်ကုန်းအော် ပလိုက်တာပဲ။ “ဘာလို့ မရရမှာလဲ။ ရကိုရတယ်။ မေမေလေးကသာ မပေးဘူးထင်နေတာ။ မေမေလေးပေးတဲ့ ဒုက္ခတွေက ယင်းမာကို ဖန်တီးနိုင်စွမ်းတွေ အများကြီး ပေးခဲ့တယ်။ စီမာချန်ကြီးလိုပဲ ယင်းမာလည်း ဒုက္ခကို အရည်ကျိုသောက်ပြီး လမ်းဖောက်တတ်သွားပြီ။”
“ရွက်ကြွေတော” ကို ရေးပြီး ထုတ်ဝေသူ ရှာလို့မရသေးခင်က စိတ်ကတော့ ချီတုံချတုံပဲ။ ဘာပဲပြောပြော စိတ်ထဲ ရှိတာတွေ ချရေးလိုက်ရလို့ ပေါ့ပါးလွတ်လပ်သွားတာတော့ အမှန်ပဲ။ စရေးကတည်းက အိမ်ကလူတွေတော့ တစ်ယောက်မှ ကြိုက်မှာ မဟုတ်မှန်း သိပြီးသားပါ။ မိသားစုအတွင်းမှာ သစ္စာဖောက်တဲ့သူ၊ အရှက်မရှိ အထုပ်ဖြေပြတဲ့သူ၊ မိဘဘိုးဘွားကို မလေးစားတဲ့သူ လို့ ဆွေထဲမျိုးထဲ တံဆိပ်တပ်ခံရမှာပေါ့။ ဒါပေမယ့် ကိုယ့်ဘာသာ နောင်တမရမိတာလည်း အမှန်ပဲ။ ဒီအတွက် ဂျိမ်းစ်ကို ထိခိုက်စေမယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။ ရည်လည်း မရည်ရွယ်ပါဘူး။ အဲဒီအတွက် သူ့ဘက်က မခေါ်နိုင် မပြောနိုင်ဘူးဆိုလည်း ကိုယ့်ဘက်ကတော့ ငါ့အကိုက အစကတော့ လူရိုးလေးပါ လို့ပဲ မှတ်ထားလိုက်တော့မယ်။ သူကတော့ သူ့အပြစ်သူလျှော်တဲ့အနေနဲ့ အမွေခွဲပြီးပြီးချင်း မေမေလေးပစ္စည်းတွေရဲ့ ဆယ်ပုံတစ်ပုံကို ပေးပါတယ်။ သူကတော့ တွေးမှာပေါ့လေ။ မေမေလေး ယင်းမာကို အမွေဖြတ်ရတာ လီဒိယာကုန်းချောလို့ မဟုတ်ဘူး။ အစကတည်းက ယင်းမာက မေမေလေးကို အမြဲတမ်း ကလန်ကဆန် လုပ်နေတဲ့သူမို့လို့ လို့။
ရွက်ကြွေတောပဲ ဖြစ်ဖြစ်၊ ရှီဂျီပဲဖြစ်ဖြစ်၊ တကယ်တော့ တရုတ်လူမျိုးတွေရဲ့ လူနေမှုဘဝကို ချယ်မှုန်းထားခဲ့တာတွေပဲလေ။ ယင်းမာရော၊ စီမာချန်ကြီးရော၊ အတွေးအမြင်တွေ တထပ်တည်းကျတာ မဆန်းပါဘူး။ သူလည်းတရုတ် ကိုယ်လည်းတရုတ် ပေကိုး။
“သူတို့အချင်းချင်း အစတုန်းကတော့ ဘယ်လောက်ပဲ ချစ်ခင်ပါတယ်၊ ဖြူစင်ပါတယ်၊ ရိုးသားပါတယ် ပြောပြော၊ အဆုံးသတ်ကျတော့ တစ်ယောက်ကတစ်ယောက်ကို မသတ်ရမနေနိုင် ဖြစ်ကုန်တာ ဘာကြောင့်လဲ သိလား။
လူဆိုတာ လောဘတက်လာရင် ကြမ္မာဆိုးတွေဝင်တတ်တယ်။ နောက်ပြီး လူ့စိတ်ဟာ မျောက်စိတ်နဲ့တူတယ်။ အစိုးမရဘူး။” တဲ့။
credit to Dr Soe Min & Dr Yin Mar