လူငယ်တို့ ဖန်တီးတည်ဆောက်ရမည့် လူမှုအခြေပြု ကွန်ယက်၊ စာပေနှင့် နိုင်ငံရေးအနုပညာ
လူငယ်တို့ ဖန်တီးတည်ဆောက်ရမည့် လူမှုအခြေပြု ကွန်ယက်၊ စာပေနှင့် နိုင်ငံရေးအနုပညာ
– သူရဿဝါ –
စာဆိုတော်နေ့ အထိမ်း အမှတ် အတွက် ဒီနေ့ (၂၈၊ ဒီဇင်ဘာ၊ ၂၀၁၂) မှာ “စာဆိုတော်နေ့ ဂုဏ်ပြု ဆောင်းပါး” တစ်ပုဒ် ပေးပါလို့ ဆုံဆည်းရာ ဆိုရှယ်လ် နက်ဝါ့ခ် ဆိုက်က အမကြာဖြူနွယ်က ကျွန်တော့်ကို တောင်းဆို လာပါတယ်။ တလော တုန်းကလည်း အဲဒီလိုပဲ ဆိုရှယ်လ် နက်ဝါ့ခ် ဆိုက်တစ်ခု (ကျွန်တော် တို့ကတော့ လွယ်လွယ် ကူကူ Ning Site တွေလို့ ခေါ်တယ်) ကနေ စာပေ ဟောပြောပွဲလို ပုံစံမျိုး ပိုစ့်ရေး ပေးပါ .. လူငယ်တွေ အတွက် အဓိက ထားပြီး တစ်ခုခု ရေးပေးပါ လို့ စာမူ တောင်းခဲ့ဖူး ပါသေးတယ်။ အဲဒီတုန်းကလည်း ရေးပေးချင် ပေမယ့် ဘယ်လိုမှ မအားလပ် တာကြောင့် ရေးမပေး ဖြစ်ခဲ့ဘူး။ ဒီတစ်ခါတော့ မဖြစ်ဖြစ်အောင် အချိန်လုပြီး စဉ်းစား ရေးပေးဖို့ ကြိုးစား လိုက်ပါတယ်။
စာဆိုတော်နေ့ အထိမ်းအမှတ် ဆိုတော့ စာပေ အနုပညာ နဲ့လည်း ပတ်သက်မယ်၊ ပြီးတော့ ဟိုတလောက မရေးပေး လိုက်ရတဲ့ လူငယ်နဲ့ ပတ်သက်တာ လေးလည်း အကြွေးရှင်းပြီးသား ဖြစ်သွားအောင်လို့ ကျွန်တော် စာပေ အနုပညာနဲ့ လူငယ်တွေ အကြောင်းကို ချိတ်ဆက် ရေးသား ကြည့်ပါမယ်။ တစ်ခု ရှိတာက … ကျွန်တော်ဟာ စာပေ ဝမ်းစာအရ၊ စာပေ လောက သက်တမ်း အရ “ပမွှား” အဆင့်မှာပဲ ရှိသေးတာ ဖြစ်လို့ ကျွန်တော့် ကိုယ်ပိုင် အယူအဆ အချို့ကို တင်ပြတဲ့ နေရာမှာ သဘောထား မရင့်ကျက်မှု တချို့တလေ ပါကောင်း ပါနိုင်သလို စာဖတ်သူ လူကြီးအချို့ သဘောမတွေ့တာ တွေလည်း ပါကောင်း ပါနိုင်ပါတယ်။ အဲဒီ အခါမှာ ကျွန်တော့်ထက် ပညာဉာဏ် ရင့်သန်တဲ့ အစ်ကို၊ အမတို့၊ ဦးဦး၊ အဒေါ်တို့ အနေနဲ့ ကျွန်တော့်ကို ပြန်လည် ထောက်ပြ ပြောဆိုပြီး အမှန်ကို ပြင်ပေး ကြပါ၊ အဲဒီလို ပေးတဲ့ အခွင့်အရေးနဲ့ ပညာ ကိုလည်း ကျွန်တော့် ဖက်က ရိုရိုကျိုးကျိုး မှတ်သား ပါ့မယ်လို့ ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော့် အနေနဲ့ သိလို့ တတ်လို့ ပြောတယ် ဆိုခြင်းထက် ကျွန်တော့် ထင်မြင် ယူဆချက် သက်သက် များကိုသာ စာဖတ် ပရိသတ်ကို တင်ပြ ဆွေးနွေးခြင်း ဖြစ်တယ်လို့ မှတ်ယူ ပေးကြ စေလိုပါတယ်။
အခုဆို ကျွန်တော်တို့ လူငယ် အများစုရဲ့ အွန်လိုင်းပေါ်က စိတ်ဝင်တစား စုစည်းရာဟာ ဆိုရှယ်လ် နက်ဝါ့ခ်တွေ အပေါ်မှာ တည်ရှိ ပါတယ်။ Facebook ကအစ Ning Site တွေ အဆုံး အကုန်လုံးပေါ့။ အထူးသဖြင့် Ning Site တွေဟာလည်း စာပေ အနုပညာ အပေါ် ဝါသနာ ထုံတဲ့သူတွေ စုစည်းတဲ့ နေရာတွေ၊ စာပေ အနုပညာကို အသားပေး တည်ဆောက် ထားတဲ့ ဆိုက်တွေ ဖြစ်နေ ကြပါတယ်။ ဘလော့ဂ်တွေ ရေးကြတယ်၊ မျှဝေ နှီးနှော ဖတ်ကြတယ်။ လူမှု ဆက်သွယ်ရေး ကွန်ယက် အသိုက်အမြုံ တွေထဲက ရလာမယ့် အသိပညာ ဗဟုသုတ တွေနဲ့ အခုခေတ်မှာ အရေးပါတဲ့ လူ့စွမ်းအား အရင်းအမြစ်ကို ဘယ်လို တူးဖော် ကြမလဲ၊ ဘယ်လို မြှင့်တင် ကြမလဲ ဆိုတာကို စဉ်းစား နေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ လူငယ်၊ နည်းပညာ၊ ယဉ်ကျေးမှု၊ ဘာသာ သာသနာ၊ လူမှုဝန်းကျင်၊ ပရဟိတနဲ့ စာပေ အနုပညာ စတာ တွေဟာ တစ်ခုနဲ့ တစ်ခု ယှဉ်တွဲ ဆက်နွယ် နေကြ ပါတယ်။ တစ်ခု ချင်းစီကို ကဏ္ဍအလိုက် တိုးတက်အောင် ကြိုးစားခြင်း အားဖြင့် ကျန်တာ တွေလည်း အလိုက်သင့် မြင့်တက် လာမယ်လို့ ကျွန်တော်က ယုံကြည် ထားပါတယ်။ လူငယ် တွေက စာပေ အဆင့် အတန်း မြင့်အောင် ကြိုးစား ကြမယ်။ စာပေ မြင့်ရင် ယဉ်ကျေးမှု မြင့်မယ်၊ ယဉ်ကျေးမှု မြင့်ရင် ဘာသာ သာသနာ ထွန်းကားမှု၊ ပရဟိတ ဖော်ဆောင်မှု စတာတွေ မြင့်တက် လာမှာ ဖြစ်သလို အဲဒါတွေ မြင့်မားတဲ့ လူမှုဝန်းကျင် ဟာလည်း ကောင်းမြတ်တဲ့ စိတ်နေ စိတ်ထားနဲ့ အဆင့်မြင့်တဲ့ နည်းပညာ တွေကို အလိုက်သင့် လက်ခံ ရရှိ လာမှာ မလွဲတာကြောင့် တစ်ခုနဲ့ တစ်ခုဟာ ချိတ်ဆက် ယှက်နွယ် နေတယ်လို့ ကျွန်တော်က ယူဆခြင်း ဖြစ်ပါတယ်။
ကျွန်တော်နဲ့ လက်လှမ်း မှီတဲ့၊ အနည်းငယ် ခင်မင်တဲ့ ဆိုရှယ်လ် ဆိုက်တွေက တာဝန်ခံတွေ၊ အက်ဒမင် တွေနဲ့ စကား ပြောဖြစ်တိုင်း ကျွန်တော် အမြဲတမ်း တိုက်တွန်း တတ်တာ တစ်ခု ရှိပါတယ်။ အွန်လိုင်း ပေါ်က၊ ဆိုရှယ်လ် ဆိုက်တွေ ထဲက၊ ဖိုရမ်တွေ ထဲက လူငယ်တွေရဲ့ စာပေ ရေးရာတွေ၊ စာပေ ဆွေးနွေးမှုတွေ၊ လွတ်လပ် ပွင့်လင်းတဲ့ သဘောထား ကွဲလွဲမှု၊ ဆွေးနွေးမှုတွေ အားလုံးကို အဲဒီ ဆိုရှယ်လ် ဆိုက်တွေ ထဲကနေ အော့ဖ်လိုင်း ဖြစ်တဲ့ ပြင်ပ သီးခြား နေရာ တစ်ခုကို အခွင့်သင့်ရင် ရအောင် ဆွဲထုတ် လာကြဖို့ပါ။ ဆိုလိုတာက ဆိုရှယ်လ် နက်ဝါ့ခ် ပေါ်က သူငယ်ချင်းတွေ၊ အသိ မိတ်ဆွေတွေ အပြင်မှာ ဆုံကြပြီး ဆိုရှယ်လ် နက်ဝါ့ခ် အတွင်းမှာ သူတို့ ဆွေးနွေး ငြင်းခုံ ကြတဲ့ စာပေ အနုပညာ သဘော တရား တွေကို ဆုပ်ကိုင်ပြီး (ကိုယ် တတ်နိုင်သလောက်) ကဗျာ ရွတ်ပွဲတွေ၊ စာပေ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ စာတမ်း ဖတ်ပွဲတွေ ပြုလုပ် ကြပါလို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ စာပေ အနုပညာ သဘောတရား တွေကနေ စလို့ စကားပြေ စကားပြော ခွဲခြား ရေးနည်း၊ သဒ္ဒါ ထားသို သုံးစွဲနည်း အလယ်၊ စာလုံးပေါင်း သတ်ပုံ အဆုံး ဆွေးနွေးလို့ ရနိုင်မှာပါ။ အဲဒီလို တွေ့ဆုံ ကြပြီး စာပေ အနုပညာနဲ့ ပတ်သက်တဲ့ ထင်မြင် ယူဆမှုတွေ၊ သဘောတရား နည်းနာ တွေကို များများ သိသူက အတန်သင့် သိသူဆီ၊ အတန်သင့် သိသူက အနည်းငယ် သိသူဆီ မျက်နှာချင်းဆိုင် လက်ဆင့်ကမ်း မျှဝေနိုင် ကြမယ် ဆိုရင် ကျွန်တော်တို့ဟာ အေးစက် မာကျောတဲ့ ကွန်ပျူတာ ဖန်သားပြင် တွေကနေ နွေးထွေးတဲ့ လူမှု အသိုက်အဝန်း ထဲကို သယ်ဆောင် လာတဲ့ သိပ်ချစ်စရာ ကောင်းတဲ့ လူ့ယဉ်ကျေးမှုနဲ့ စစ်မှန်တိကျတဲ့ လူမှုကွန်ယက် တွေကို အသေအချာ ပိုင်ဆိုင် နိုင်ပါ လိမ့်မယ်။
အဲဒါနဲ့ ပတ်သက်ပြီး စာရေးဆရာ တစ်ဦး ဖြစ်သလို ပေါ်ပြူလာ နယူးစ် ဂျာနယ်လ်မှာ အယ်ဒီတာ အဖြစ် တာဝန်ယူရင်း လူမှုဘဝ ရသ ဆောင်းပါးတွေ ရေးနေတဲ့ ဆရာ အောင်ခွန်းဆက်နဲ့ ဆွေးနွေး ကြည့်မိတော့ ဆရာက “ကျွန်တော် သဘောတူ ပါတယ်၊ သီးခြားဆန်တဲ့ ပတ်ဝန်းကျင် တစ်ခုကနေ သက်ရှိ ပတ်ဝန်းကျင် ဆီကို ကျွန်တော်တို့ အပင်လိုက်ရွှေ့ ရမယ့် သဘောပါပဲ၊ အဲဒီ အတွက် အပြင်လေနဲ့ မြေနဲ့ လိုက်လျော ညီထွေ ကိုက်ညီအောင် မျိုးစိတ် တွေကို ပြောင်းလဲဖို့ လိုပါတယ်” လို့ ပြန်လည် အကြံပြု ပြောဆိုပါတယ်။ ကျွန်တော် အခုနက ပြောသလို စာပေရေးရာ ဆွေးနွေးပွဲ လေးတွေကို ဆိုရှယ်လ်ဆိုက် တစ်ခုချင်းစီရဲ့ စီစဉ်မှုနဲ့ ဖြစ်မြောက် လာပြီ ဆိုရင် ရှေ့ဆက် ရမယ့် အခြေအနေက ပိုမို လွယ်ကူ သွားပါပြီ။ ဒီထက် ပိုပြီးသာ လူမှုရေး အချိတ်အဆက် ကောင်းကြမယ်၊ စည်းလုံး ညီညွတ် ကြမယ် ဆိုရင် အခုလက်ရှိ တည်ထောင် ထားကြတဲ့ ဆိုရှယ်လ် နက်ဝါ့ခ် ဆိုက်တွေ အားလုံးက တာဝန် ရှိသူများ ပူးပေါင်း ဆွေးနွေးပြီး လူငယ် တွေရဲ့ အင်အားနဲ့ ကြီးကျယ် ခမ်းနားတဲ့ စာပေ အနုပညာ ပွဲမျိုး ကိုတောင် စီစဉ် နိုင်မယ့် အခြေအနေတွေ ရှိပါတယ်။ အွန်လိုင်း မီဒီယာက လူမှုရေးရာ ဆိုက်တွေမှာ ရှိတဲ့ လူငယ်တွေရဲ့ အားထုတ် မှုနဲ့ ဒီလို စာပေ အနုပညာ ပွဲမျိုးသာ ကျင်းပ နိုင်ခဲ့မယ် ဆိုရင် ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိုက် မလဲ။ ဒါဟာ မြန်မာ စာပေ သမိုင်းမှာ မှတ်တိုင် တစ်ခု ဖြစ်နိုင်သလို လူငယ် တွေရဲ့ စာပေ အနုပညာ အပေါ် မြတ်နိုး တန်ဖိုး ထားမှု ကိုလည်း လက်တွေ့ အလုပ်နဲ့ သက်သေပြု ဖော်ကျူး ပြီးသား ဖြစ်နိုင် ပါလိမ့်မယ်။
နောက်တစ်ခု ကျွန်တော် တွေးမိတာ ရှိပါသေးတယ်။ အဲဒါ ကတော့ ကျွန်တော်တို့ဟာ အစဉ် အဆက် စာပေ အနုပညာ လေ့လာ လိုက်စား ကြတဲ့ နေရာမှာ ကျွန်တော် တို့ရဲ့ ရှေ့က လေးစား အားကျ ခဲ့ရတဲ့ စာရေးဆရာ ကြီးတွေရဲ့ စာပေ၊ အတွေး အခေါ် တွေကို ဖတ်ရှု ယူငင် သုံးစွဲ ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဲဒီ ဆရာ၊ ဆရာမ များရဲ့ စာအုပ်ပေါ်က ကလောင်သွားတွေ အပြင် သူတို့ဟာ ပြင်ပ လူနေမှု ဘဝမှာ ဘာတွေ လုပ်ခဲ့ကြလဲ၊ စာဖတ် ပရိသတ်ကို … ပြည်သူကို သူတို့ ဘယ်လို အကျိုးပြု ခဲ့ကြသလဲ၊ သူတို့ရဲ့ လူမှု ပတ်ဝန်းကျင် သေးသေးလေး ကနေ ဆင့်ပွားပြီး နိုင်ငံနဲ့ ပြည်သူ ပြည်သား တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အမြင်တွေ အပေါ်မှာ ရှိတဲ့ အမြင်အတွေး တွေကို ဘယ်လို ပြောင်းလဲ ခဲ့ကြသလဲ၊ အဲဒီလို ပြောင်းလဲ ဖို့အတွက် သူတို့ ကိုယ်တိုင် ကိုယ်ကျ ဘာတွေ ရင်းနှီး ခဲ့ရသလဲ၊ ပေးဆပ် ခဲ့ရ သလဲ၊ အနစ်နာ ခံခဲ့ရသလဲ ဆိုတာတွေကို ကျွန်တော်တို့က တစေ့တစောင်း လေ့လာ အကဲခတ် သင်ယူဖို့ (တခါတလေမှာ) မေ့လျော့ နေခဲ့ကြ တာပါပဲ။ အချို့ဆိုရင် ဟုတ်တိုင်း မှန်ရာ ရေးသား ပြောဆိုရင်းနဲ့ပဲ ထောင်ချောက် အချို့နဲ့ တိုးတိုက် မိပြီး၊ ပိုက်ကွန် အချို့နဲ့ ငြိစွန်းခဲ့ပြီး တစ်ဘဝစာ နစ်မွန်း ပျောက်ကွယ် သွားခဲ့ကြ ရှာပါတယ်။
ဒီတော့ … ကျွန်တော်တို့ဟာ ရှေ့က စာရေးဆရာ၊ ဆရာမကြီး တို့ရဲ့ စာပေ အနုပညာတွေ အပေါ်မှာသာ ပျော်ဝင် ခံစားပြီး၊ အဲဒီက ရရှိလာတဲ့ ပညာ ဗဟုသုတ၊ ရသတွေ အပေါ်မှာပဲ နစ်မြုပ်သာယာပြီး သူတို့ရဲ့ စာပေ အနုပညာ အမွေ တစ်ခုတည်း ကိုပဲ လက်ခံ ရယူ ကြမယ် ဆိုရင် တရားပါ့မလား။ ကျွန်တော်တို့ ကိုယ်တိုင်က သူတို့နေရာ ရောက်တဲ့ အခါ သူတို့ရဲ့ အနစ်နာခံ ပေးဆပ်မှု တွေကို လေးစားသော အားဖြင့်၊ ဂုဏ်ပြုသော အားဖြင့် သူတို့လို နိုင်ငံနဲ့ ပြည်သူ အကျိုးကို သယ်ပိုး နိုင်အောင် လုပ်ဆောင် ကြရမယ်၊ အဲဒီ အမွေကိုပါ လက်ခံ ယူငင် ရမယ် (တစ်နည်းအားဖြင့်) နိုင်ငံရေး လုပ်ဆောင်မှု တွေကို ပါဝင်လုပ်ကိုင် ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော် အပါအဝင် အခြားသော စာရေးသူ လူငယ်များ အနေနဲ့ “ကျွန်တော်တို့၊ ကျွန်မတို့က စာပဲရေးတာ၊ နိုင်ငံရေးကို စိတ်မဝင်စားပါ၊ နိုင်ငံရေးနဲ့ မပတ်သက်ပါ၊ နိုင်ငံရေး လုံးဝ မလုပ်ပါ” ဆိုတဲ့ စကားမျိုးကို မပြောတဲ့၊ ရှောင်လွှဲ နိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစား ကြရမှာပါ။ နိုင်ငံရေးကို ရှောင်လွှဲတယ် ဆိုတာ ကိုယ်ကိုယ်တိုင် နဲ့တကွ စာဖတ် ပရိသတ်၊ ပြည်သူတွေ ကိုပါ မျက်နှာလွဲ ခဲပစ် လုပ်တာနဲ့ အတူတူပါပဲ။ နိုင်ငံရေး ဆိုတိုင်း အုပ်ချုပ်သူ အစိုးရကို ဆန့်ကျင်မှ၊ သဘောထား တင်းမာမှ၊ နိုင်ငံရေး အဖွဲ့ အစည်း ပါတီ တွေမှာ ပါဝင် လှုပ်ရှားမှ နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး။
ကျွန်တော်တို့ ရေးသားတဲ့ စာပေတွေကနေ၊ ကျွန်တော်တို့ ပြောဆိုတဲ့ စကားတွေကနေ အမှန်တရား၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး အနှစ်သာရ တွေကို ပြည်သူတွေ လက်ခံ ရရှိအောင် ကြိုးစား နိုင်မယ်၊ ပြုလုပ် နိုင်မယ် ဆိုရင် ကျွန်တော်တို့ ပြည်သူအပေါ် သစ္စာရှိပြီး တာဝန်ကျေတဲ့ အလုပ်ကို လုပ်ဆောင် လိုက်နိုင်တာ ဖြစ်ပါတယ်။ အဲဒါ နိုင်ငံရေးပါ။ ကြမ်းတမ်း ခက်ထန်မှု မရှိတဲ့ နိုင်ငံရေး၊ ပါတီ အဖွဲ့အစည်း ပြင်ပ နိုင်ငံရေး၊ သိမ်မွေ့ နက်နဲပြီး အနုပညာ ဆန်တဲ့ နိုင်ငံရေး ပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ရှေ့က လူကြီးတွေရဲ့ စာပေ အမွေကို လက်ခံ ရယူမှု အပြင် သူတို့ရဲ့ လူမှုနိုင်ငံရေး တိုးတက်အောင် ပြုလုပ်တဲ့ လုပ်ငန်းတွေ ကိုပါ ကျွန်တော်တို့ လူငယ်တွေက အမွေ ဆက်ခံ နိုင်ပါလိမ့်မယ်။ ဒါဟာ သိပ်ကို တန်ဖိုးရှိပြီး အင်အား ကြီးမားတဲ့ လူ့အဖွဲ့အစည်း လှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ် လာအောင် စွမ်းဆောင် နိုင်ပါလိမ့်မယ်။ နိဂုံးချုပ် ပြောရရင် သေးငယ်တဲ့ လူမှုကွန်ယက် ဝက်ဘ်ဆိုက် လေးတွေ ကနေ တဆင့် ကျွန်တော်တို့ လူငယ်တွေ အားလုံးရဲ့ စုစည်း ညီညွတ်မှုနဲ့ ကြီးကျယ် မြင့်မြတ်တဲ့ စာပေချစ်စိတ်နဲ့ နိုင်ငံရေး အနုပညာ အယူအဆ တွေကို အတည် အတံ့ ဖော်ဆောင် နိုင်ကြပါစေလို့ မျှော်လင့် တောင်းဆုပြုရင်း ကျွန်တော့်ရဲ့ “စာဆိုတော်နေ့ အထိမ်းအမှတ်” ဂုဏ်ပြု ဆောင်းပါး စာစုကို ဒီမှာပဲ အဆုံးသတ် လိုက်ပါရစေ။
၂၈ – ဒီဇင်ဘာ – ၂၀၁၂
စာဆိုတော်နေ့ အမှတ်တရ
4 comments
မဟာရာဇာ အံစာတုံး
December 28, 2012 at 8:41 pm
အားပေးသွားပါတယ် ကိုသူရဿဝါ ရေ …
ကျနော်ကတော့ Ning Site တွေကို သိပ်မသိပါဘူး ..
ဘယ်ဆိုက်တွေလည်း ဆိုတာ ..
နည်းနည်းလေး ပြောပြပေးနိုင်ရင် …
သွားကြည့်လို့ ရတာပေါ့ ခင်ဗျာ …
Mobile
December 28, 2012 at 10:23 pm
ကျုပ်လဲ အားပေးသွားပါတယ် ကိုသူရဿဝါရေ…………
MaMa
December 29, 2012 at 9:34 am
ကောင်းလိုက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်ပါပဲ။
အားပေးပါတယ်။
မောင်အံစာပြောသလိုပဲ Ning Site တွေဆိုတာ ဘာကိုပြောတာလဲ။ ဘယ်လိုဝင်ကြည့်ရမလဲ သိချင်ပါတယ်။
(ပြန်လည် ထောက်ပြ ပြောဆိုပြီး အမှန်ကို ပြင်ပေး ကြပါ၊ အဲဒီလို ပေးတဲ့ အခွင့်အရေးနဲ့ ပညာ ကိုလည်း ကျွန်တော့် ဖက်က ရိုရိုကျိုးကျိုး မှတ်သား ပါ့မယ်) လို့ ရေးတာကို ကြည့်ခြင်းအားဖြင့် မောင်ဝါဝါရဲ့ ရင့်ကျက်ပြည့်ဝတဲ့ စိတ်ဓာတ်ကို မှန်းမိပါတယ်။
ထောက်ခံအားပေးပါတယ်။ :hee:
အပြန်အလှန်အားဖြင့် ကိုယ့်ဘက်က အားနည်းမှုတွေ မပြည့်စုံမှုတွေ ဘယ်လောက်များ ရှိမလဲလို့လည်း တွေးမိသွားတယ်။ :buu:
မောင်ပေ
December 29, 2012 at 9:02 pm
စာရေးသူရဲ ့စာဖတ်သူအပေါ်ထားတဲ့ စေတနာဟာ သူရေးတဲ့ စာထဲမှာ ပေါ်လွင်နေတယ်လို ့တော့
ဖတ်ခဲ့ဖူးတယ်ဗျ