“ဥဩငှက်နာရီအိမ်လေး”
လယ်ရီသောမတ်စ်တစ်ယောက် ဥဩငှက်နာရီတစ်လုံးအတွက်နဲ့ တန်ဖိုးကြီးကြီး ဘယ်လောက်ပေးဆပ် လိုက်ရမယ် ဆိုတာ မသိခဲ့ဘဲနဲ့ သူ့ဇနီးအတွက် လက်ဆောင်အဖြစ်ဝယ်ယူခဲ့တယ်။
အဲဒီညချက်ခြင်းပဲ သူက ဥဩငှက်နာရီဗူးကိုယူပြီး သူ့ဇနီးရဲ့ထမင်းပန်းကန်ဘေးမှာ တင်ထားလိုက်တယ်။
ဒိုးရစ်တယောက် မျက်လုံးအပြူးသားနဲ့ အံ့ဩတကြီး ဘူး ကို စူးစူးစိုက်စိုက်ကြည့်လို့ လယ်ရီကိုမေးလိုက်တယ်.
“အိုး……ဘုရားသခင် .. အဲဒါဘာများပါလိမ့်…”
“ဖွင့်ကြည့်လိုက်လေ” ..လို့
လယ်ရီ က ပြန်ပြောတယ်။
ဒိုးရစ်တယောက် လှုပ်ရှားနတဲ့ ရင်အစုံနဲ့ လေးထောင့်ဘူးက ဖဲကြိုးနဲ့စက္ကူကို သူမရဲ့ လက်သည်းချွန်ချွန်နဲ့ ထိုးခွဲပြီး ဖွင့်လိုက်တယ်။
လယ်ရီကတော့ နံရံကို မှီပြီး ဆေးလိပ်မီးညှိလို့ မတ်တပ်ရပ်ရင်း သူမ အဖုံးအဖွင့်အပြီးကို စောင့်ကြည့်နေတယ်။
“အိုး…..ဥဩငှက်နာရီလေးပါလား …
ကျွန်မအမေဆီမှာရှိခဲ့ဖူးတဲ့ ဥဩငှက်နာရီအဟောင်းလေးအတိုင်းပဲ”
သူမဟာ နာရီလေးကို သေသေချာချာ ထပ်ခါတလဲလဲ ကြည့်ပြီး မျက်ရည်အဝဲသားနဲ့
“မေမေအသက်ရှင်စဉ်တုန်းက ရှိခဲ့ဖူးတဲ့ နာရီနဲ့ တကယ်ကိုတူတာပါပဲ”. လို့ ထပ်ပြောပြန်တယ်.
“အဲဒါဂျာမနီနိုင်ငံလုပ်လေ …”
“ကားလ် က ငါ့အတွက် ဈေးသက်သက်သာသာနဲ့ နာရီအဟောင်းဆိုင်က ဝယ်ပေးခဲ့တာ။”
“သူက နာရီရောင်းတဲ့ လူတချို့တွေနဲ့ သိလို့. မဟုတ်ရင်တော့ ငါ …”
လို့ ဆိုပြီး လယ်ရီက စကားတပိုင်းတစနဲ့ရပ်လိုက်တယ်။
ဒိုးရစ်က ခပ်တိုးတိုးရယ်လိုက်တယ်။
“ငါဆိုလိုတာက အဲလိုမှဟုတ်ရင် ငါဒါကိုဝယ်ဖို့ မတတ်နိုင်ဘူးလို့ပြောတာ…”
“ဘာဖြစ်နေတာလဲ မင်းက …”
“မင်းလိုချင်တာ ရပြီလေ …”
“မင်း လိုချင်နေတာ အဲဒီနာရီ မဟုတ်ဘူးလား” လို့ စိတ်တိုတိုနဲ့မေးလိုက်တယ်။
ဒိုးရစ်က နာရီအိမ်ကိုဖိလို့ နာရီကိုဆက်လက်ကိုင်ထားဆဲပဲ။
“ကဲ ..ဘာဖြစ်ပြန်ပြီလဲ ..”
လယ်ရီက ထပ်ပြောပြန်တယ်။
နာရီကို ဆုပ်ထားရင်းကနေ အခန်းထဲက သူမ ထွက်ပြေးသွားတာကို လယ်ရီက အံ့ဩတကြီးနဲ့ကြည့်နေမိတယ်။
“ဘယ်တော့မှ အလိုမကျဘူး ..
မိန်းမတွေဟာ ဒီလိုပဲ ..
ဘယ်တော့မှ ပြည့်စုံတယ်မရှိဘူး” လို့ ခေါင်းကိုရမ်းပြီး ရေရွတ်လိုက်တယ်။
နောက် ပြန် ထိုင်ချလိုက်ပြီး ထမင်းပြီးအောင် စားလိုက်တယ်။
ဥဩငှက်နာရီလေးက သိပ်တော့ မကြီးလှဘူး။ လက်မှုပစ္စည်းဆိုသော်လည်း သစ်သားမှာ သတ္ထုချောင်းလေးတွေ ၊ အလှဆင်ထားတဲ့ပစ္စည်းလေးတွေနဲ့ ပြုလုပ်ထားတယ်။ ဒိုးရစ်တယောက် အိပ်ယာပေါ်မှာထိုင်လို့ နာရီလေးကို မျက်တောင်မခတ်ကြည့်နေတယ်။ လက်ပတ်နာရီနဲ့တိုက်ပြီး နာရီလက်တံကို ဂရုတစိုက်နဲ့ ဆယ်နာရီထိုးဖို့ နှစ်မိနစ်အလိုကို ရွှေ့လိုက်ပြီးနောက် ဥဩငှက်နာရီလေးကိုယူပြီးဘီဒို်ရဲ့အပေါ်ဘက်နားမှာ ချိတ်လိုက်တယ်။ နောက်တော့ သူမဟာ ဆယ်နာရီတိတိမှာထွက်ပေါ်လာပြီး ဥဩငှက်လေး အသံမြည်မယ့်အချိန်ကို လက်ချင်းဆုပ်ပြီး စိတ်လှုပ်ရှားစွာနဲ့ ထိုင်စောင့်နေတယ်။
သူမဟာ ထိုင်စောင့်နေရင်း လယ်ရီအကြောင်း ၊ သူပြောခဲ့တာတွေ နဲ့ သူမ ဘာပြန်ပြောခဲ့မိသလဲဆိုတာတွေကို စဉ်းစားနေမိတယ်။ အဲဒီကိစ္စမှာ သူမ အပြစ်တစ်ခုမှ မရှိဘူး ၊ နောက် သူပြောသမျှကို ဘာမှ ပြန်မပြောဘဲ အမြဲနားမထောင်နေနိုင်ဘူး ၊ ကိုယ်တိုင် ပြောသင့်တာ လုပ်သင့်တာကို လုပ်ရမှာပဲလို့ သူမ တွေးတယ်။
လက်ကိုင်ပဝါနဲ့ မျက်လုံးအစုံကို သူမ ချက်ချင်းသုတ်လိုက်တယ်။
“သူဘာကြောင့် ဈေးပေါပေါနဲ့ရတယ် ၊
အဟောင်းဆိုင်က ဝယ်လာတယ် ဆိုတာတွေပြောရတာလဲ။
ဘာကြောင့် သူမရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးချင်ရတာလည်း။
အဲဒါဆိုလည်း အစကထဲက ဒီနာရီကို မဝယ်ခဲ့ပါနဲ့လား ၊
ဒီလူဟာ တကယ်ပဲ တကယ်ကိုပဲ …..”
လို့ရေရွတ်ရင်းကနေ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်။
ဒါပေမယ့် သူမဟာ ဥဩငှက်နာရီလေးရဲ့ ချစ်စရာတံခါးပေါက်လေးနဲ့ နာရီစက်သံ တချောက်ချောက် မြည်နေတာကို အရမ်း သဘောကျမိတယ်။
အဲဒီတံခါးလေးရဲ့အတွင်းမှာတော့ ဥဩငှက်ကလေးက ခေါင်းလေးတဖက်စောင်းလို့ နာရီပြည့်မယ့်အချိန်ကိုနားထောင်ပြီး အပြင်ထွက်ပြီး အော်မြည်ဖို့ စောင့်နေတယ်။
“တစ်နာရီနဲ့တစ်နာရီကြားမှာ သူ အိပ်များနေသလားမသိဘူး?”
“အို… ခဏဆိုရင် မြင်ရတော့မယ်…”
“အဲဒီကျမှ သူ့ကိုမေးကြည့်ရမယ်။”
“နောက် ဘော့ကိုလည်း ဒီနာရီလေး ပြရမယ်။”
“သူလည်းကြိုက်မှာပါ။ ပစ္စည်းအဟောင်းတွေ ၊ တံဆိပ်ခေါင်းအဟောင်းတွေနဲ့ ကြယ်သီးအဟောင်းတွေတောင် သူကြိုက်တတ်တာပဲ” လို့ ရေရွတ်နေတယ်။
ဘော့က သူမနဲ့အတူ စတိုးဆိုင်တွေသွားဖို့ နှစ်သက်တယ်။
ဒါက နည်းနည်းတော့ ကသောင်းကနင်း နိုင်တယ် ဒါပေမယ့်လည်း
လယ်ရီက ရုံးမှာအနေများတဲ့အတွက် ဒါက သူတို့အတွက်တော့ အခွင့်အရေးပဲ။
ဒါတောင်မှ .. လယ်ရီတစ်ယောက် တခါတရံ သူမကိုဖုန်းမခေါ်ရင်တော့ …
အသံတိုးတိုးလေးမြည်လာတယ်။ နာရီအိမ်လေး တုန်ခါပြီး တံခါးလေးပွင့်လာတယ်။ ဥဩငှက်လေးထွက်လာပြီး တိုးတိုးလေးအော်တယ်။
အော်နေတာ ခဏရပ်ပြီး အခန်း ၊ ပရိဘောဂတွေနဲ့ သူမကို ငှက်ကလေးက စူးစူးစမ်းစမ်းကြည့်နေတယ်။
ဒါက ဥဩငှက်ကလေးအတွက် သူမကိုပထမဆုံးတွေ့ဖူးခြင်းပဲ။
သူမက ကျေနပ်တဲ့အပြုံးနဲ့အတူ မတ်တပ်ရပ်လိုက်ပြီး ဥဩငှက်ကလေးအနားသွားလို့ပြောလိုက်တယ်။
“ဆက်ဆိုပါ ..”
“ငါ မင်းထွက်လာပြီး အော်မယ့်အချိန်ကို စောင့်နေတာ” လို့ ပြောလိုက်တယ်။
ဥဩငှက်ကလေးက သူ့နှုတ်သီးလေးကိုဖွင့်လို့ အသံ ချိုမြမြလေးနဲ့ သီဆိုလိုက်တယ်။
ခဏကြာတော့ သူ ပြန်ဝင်သွားတယ်။ တံခါးလေးလည်း ပြန်ပိတ်သွားတယ်။
သူမတကယ်ကိုပဲ လက်ခုပ်လက်ဝါးတီးလို့ ကြည်နူးသဘောကျမိတယ်။
“အိုး…သူဟာတကယ်ကို အံ့ဩစရာကောင်းတယ်။”
နောက် သူ့ရဲ့ အမူအရာအရဆိုရင် သူ သူမကို နှစ်သက်တယ်ဆိုတာကိုလည်း သူမ သိတယ်။
“သူမကရော ..???”
“အိုး …သေချာတာပေါ့ ပထမဆုံးအကြိမ်မှာတင်ပဲ သူ့ကို အရမ်းသဘောကျသွားပြီ။ တံခါးသေးသေးလေးကနေ သူ ထွက်လာမယ့်အချိန်ကို သူမ မျှော်လင့်စောင့်စားနေတာပဲလေ။”
ဒိုးရစ်တယောက် နာရီက တံခါးသေးသေးလေးနားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။
“ငါပြောမယ် ..မင်း ကြားလား …”
“မင်းဟာ ကမာ္ဘပေါ်မှာ တကယ့်ကိုအထူးဆန်းဆုံး ဥဩငှက်ကလေးပါပဲ၊
မင်း ဒီနေရာကို နှစ်သက်သဘောကျလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်” လို့ပြောလိုက်တယ်။
နောက် သူမ အောက်ထပ်ကို ပြန်ဆင်းသွားခဲ့တယ်။
လယ်ရီနဲ့ ဥဩငှက်ကလေးကတော့ စတွေ့ကထဲက တဇောင်းဆေးနဲ့ မျက်ချေးပဲ
အဆင်မပြေပါဘူး။
ဒိုးရစ်ကတော့ ပြောတယ်။ သူကမှ မနှစ်သက်တာကိုး..သူကြင်မှကိုယ်ကြင်ပေါ့တဲ့။
လယ်ရီအတွက်ကတော့ သူမထက် အလုပ်တွေက ပိုပြီး အရေးကြီးနေတယ်။
ဥဩငှက်ကလေးကတော့ မမောနိုင် မပန်းနိုင် ဆယ့်ငါးမိနစ်တစ်ခါ ထွက်လာပြီး အော်တယ်။
ဒိုးရစ်တယောက် အကောင်းဆုံးကို ကြိုးစားလုပ်နေသော်လည်း သူမဟာ အချိန်ဘယ်လောက်ကြာတယ်ဆိုကို သတိမရဘူး။ အဲဒီအချိန်မှာပဲ
လယ်ရီတယောက် ဒေါသတကြီးနဲ့ သတင်းစာကို လွှင့်ပစ်ပြီး မတ်တပ်ရပ်ပြီး ထမင်းစားခန်းထဲက နံရံပေါ်မှာချိတ်ထားတဲ့ နာရီဆီကို သွားခဲ့တယ်။ နာရီကို ဆွဲဖြုတ်ပြီး နာရီအိမ်ရဲ့ တံခါးပေါက်သေးသေးလေးကို လက်မနဲ့ ပိတ်ထားလိုက်တယ်။
” ဘာလို့ လက်မနဲ့ တံခါးကိုပိတ်ထားရတာလဲလို့ ဒိုးရစ်က မေးလိုက်တယ်။”
“လုပ်ချင်လို့လုပ်တယ်ကွာ…”
ဒိုးရစ်တစ်ယောက် မျက်ခုံးပင့်လို့ပြန်မေးလိုက်တယ်။
“သေချာရဲ့လားရှင်.”
“ကျွန်မထင်တာကတော့ ရှင် နာရီအနားမှာ ရပ်နေတုန်း သူ့ကို ထွက်မလာစေချင်လို့မဟုတ်လား..”
“ဘာလို့ ထွက်မလာစေချင်ရမလဲ ..”
“ရှင် သူ့ကိုကြောက်နေလို့ ဖြစ်ချင်ဖြစ်မှာပေါ့။”
လယ်ရီ ဟားတိုက်ရယ်တယ်။
နာရီကို နံရံမှာ ပြန်ချိတ်ပြီး သူရဲ့လက်မကိုလည်း အသာကလေးရုတ်လိုက်တယ်။
သူမ သူ့ကို သတိမထားမိချိန်မှာပဲ သူ စူးစမ်းလိုက်တယ်။
အဲဒီမှာ ရှမိထားတဲ့ ဒဏ်ရာကို သူ တွေ့လိုက်တယ်။
“ဘယ်သူလုပ်တာလည်း ..ဘာကြောင့်ပါလိမ့်..”
* * * * *
လယ်ရီတယောက် အရေးကြီးတဲ့ စာရင်းတွေလုပ်ဖို့အတွက် စနေမနက်ခင်းတစ်ခုမှာ ရုံးကိုထွက်သွားခဲ့ချိန်မှာပဲ ဘော့ တစ်ယောက်လည်း အိမ်ရှေ့ရောက်လာပြီး
ဘဲလ်တီးဖွင့်ခိုင်းခဲ့တယ်။
ဒိုးရစ်တယောက် ရေချိုးပြီးကာစ သူမကိုယ်ကို ခြောက်သွေ့ဖို့ တံဘက်သုတ်နေတုန်းပေါ့ ။
သူမ တံခါးဖွင့်ပေးလိုက်ချိန်မှာ ဘော့တစ်ယောက် ပြုံးဖြီးဖြီးလုပ်လို့ ဝင်လာတယ်။
“ဟေး” …လို့ နှုတ်ဆက်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေတယ်။
“ကိစ္စမရှိပါဘူး။ လယ်ရီက ရုံးသွားပြီလေ။”
“ကောင်းတယ်”..လို့ပြောပြီး ဘော့တစ်ယောက် တဘက် အောက်က သူမရဲ့ ခြေထောက်ကို ကြည့်ရင်းပြောလိုက်တယ်။
“ဒီနေ့ မင်းအရမ်းကြည့်ကောင်းတာပဲ။”
သူမ ရယ်လိုက်တယ်။
“သတိထားနော် …ငါ မင်းကို အထဲ ပေးမဝင်ပဲနေလိုက်မှာ။”
သူတို့ တယောက်ကိုတယောက် အပျော်တစ်ဝက် အကြောက်တစ်ဝက်နဲ့ ကြည့်နေကြတယ်။
နောက် ဘော့က ပြောလိုက်တယ်။ “တကယ်လို့များ ..မင်း ဆန္ဒရှိမယ်ဆိုရင် ငါ …”
“ဟင့်အင်း …”
သူမ သူ့ရဲ့အကျီလက်မောင်းကို ဆွဲလိုက်ပြီး ပြောလိုက်တယ်။
“ရှင် တံခါးအနားကနေ ဖယ်ပေးပါလား ဒါမှ ကျွန်မ တံခါးပိတ်လို့ရမှာ
မစ္စပီတာ တယောက် လမ်းကိုဖြတ်လာနေတာ ရှင်သိလား။”
သူမက တံခါးကိုပိတ်ပစ်လိုက်တယ်။
နောက် …”ကျွန်မ ရှင့်ကိုပြစရာရှိတယ်။
ရှင် အဲဒါကို မတွေ့သေးဘူး” လို့ ပြောလိုက်တယ်။
သူ စိတ်ဝင်တစားနဲ့မေးတယ်။ “ရှေးဟောင်းပစ္စည်းလား ဒါမှမဟုတ် ဘာလဲ ..”
သူမက သူ့ရဲ့လက်မောင်းကိုတွဲလို့ ထမင်းစားခန်းကို ခေါ်သွားတယ်။
“မင်းနှစ်သက်မှာပါ ဘော်ဘီ.”
“ငါထင်တာတော့ မင်းသဘောကျမှာပါ” လို့ သူမက မျက်လုံးရွဲကြီးများနဲ့ကြည့်ပြီး ပြောလိုက်တယ်။
“သေချာပါတယ် မင်းနှစ်သက်မှာပါ ..
သူက ငါ့အတွက်တော့ အရေးသိပ်ကြီးတယ်..”
“သူ ….သူဆိုတာ ဘယ်သူလဲ” ..ဘော့မျက်မှောင်ကြုတ်ပြီးမေးလိုက်တယ်..
ဒိုးရစ်က ရယ်လိုက်တယ်။
“ကြည့်စမ်း မင်း သဝန်တိုနေပြီ ..”
“လာပါ လိုက်သာလိုက်ခဲ့ပါ … “
ခဏနေတော့ သူတို့နာရီဆီကိုရောက်လာတယ်။ နာရီရဲ့ရှေ့မှာရပ်ပြီး နာရီကိုမော့ကြည့်နေကြတယ်။
“နောက်ထပ် မိနစ်အနည်းငယ်ဆို သူထွက်လာတော့မှာ..လေ
မင်းသူ့ကိုတွေ့တဲ့အထိစောင့်ကြည့်…”
“ငါသိတယ် မင်းတို့နှစ်ယောက် အဆင်ပြေမယ်ဆိုတာကို” လို့ ဒိုးရစ်က ပြောတယ်။
“လယ်ရီကရော သူ့ကိုဘယ်လိုသဘောထားလဲ?”
“သူတို့အချင်းချင်း မတည့်ကျဘူးလေ။ “
“တခါတလေ လယ်ရီ ရှိနေရင် သူက ထွက်မလာတော့ဘူး။”
“အဲဒီလို အချိန်တန်လို့ထွက်မလာရင် လယ်ရီ အရမ်းစိတ်ဆိုးတယ်။”
“သူပြောတာကတော့..”
“ဘာပြောတာလဲ..”
ဒိုးရစ်ခေါင်းကိုအောက်ငုံ့ပြီးပြောတယ်။ “သူအဟောင်းဆိုင်က ဝယ်လာတာကိုတောင်မှ ဓါးပြတိုက်လာတာလို့ အမြဲပြောတယ်။”
“ငါသိပါတယ် ..ငှက်ကလေး ထွက်မလာတာက သူ လယ်ရီကို သဘောမကျလို့ပါ။”
“အမှန်တကယ်က သူက တစ်နာရီကိုတစ်ကြိမ်ကျပဲထွက်လာရမယ် ဆိုသော်လည်း ငါတယောက်ထဲ ရှိနေတယ်ဆိုရင်တော့ သူက ဆယ့်ငါးမိနစ်တခါ ထွက်လာတာပဲလေ”
“သူက ငါ့အတွက် ထွက်လာတာပဲလေ ..ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က ထွက်လာချင်တာ”
လို့ နာရီကိုငေးစိုက်ကြည့်ရင်း ပြောလိုက်တယ်။
“ငါတို့ စကားပြောကြတယ်.. လေ..”
“ငါသူ့ကို စကားတွေပြောတယ်။”
“တကယ်တော့ ငါက သူ့ကို အိမ်အပေါ်ထပ်က ငါ့အခန်းမှာ ထားချင်တာ ..
ဒါပေမယ့် အဲလိုလုပ်လို့မှ မရတာ”
တံခါးရှေ့မှာ ခြေသံကိုကြားလိုက်တယ်။ သူတို့ ထိတ်လန့်တကြီး အချင်းချင်း ကြည့်လိုက်ကြတယ်။
ဘယ်ရီတယောက် ရှေ့တံခါးကို ဆွဲဖွင့်လိုက်တယ်။ ဦးထုပ်ချွတ် ၊ အိတ်ကို အောက်ချလိုက်ပြီးတဲ့နောက်မှာ သူ ဘော့ကို မြင်သွားတယ်။ ဒါ ပထမဆုံးအကြိမ် သူ ဘော့ ကို မြင်ဖူးခြင်းပဲ။
သူ ဒေါသတကြီး မျက်မှောင်ကိုကြုတ်လို့ ထမင်းစားခန်းထဲကိုဝင်လာပြီး မေးလိုက်တယ်။
“မင်း ဒီကို ဘာလာလုပ်တာလဲ ..”
ဒိုးရစ်တယောက်ကတော့ တဘက်ကိုဆုပ်လို့ ကိုးကွယ်ရာမဲ့စွာနဲ့ နောက်ဆုတ်သွားတယ်။
“ကျွန်တော်”… “ကျွန်တော်တို့ …”
သူစကားရပ်ပြီး ဒိုးရစ်ကိုကြည့်လိုက်တယ်။
အဲဒီအချိန်မှာပဲ ရုတ်တရက် နာရီမြည်သံထွက်လာတယ်။
ဥဩငှက်လေးထွက်လာပြီး သီချင်းဆိုနေစဉ်မှာပဲ လယ်ရီတယောက် နာရီအနားကို တိုးသွားတယ်။
“တော်စမ်း” …ဆိုပြီး နာရီကို လက်သီးနဲ့ ရွယ်လိုက်တယ်။
ဥဩငှက်လေး တိတ်ဆိတ်သွားပြီး ပြန်ဝင်သွားတယ်။
တံခါးလည်းပိတ်သွားခဲ့တယ်။
“အဲဒါပဲကောင်းတယ်” .. ဆိုရင်းကနေ
လယ်ရီတယောက်ဆွံအပြီး မတ်တပ်ရပ်နေတဲ့ ဒိုးရစ်နဲ့ဘော့ကို အကဲခတ်လိုက်တယ်။
ဘော့ က ပြောလိုက်တယ် .. “ကျွန်တော် ဒီနာရီလေးကို လာကြည့်တာပါ။”
“ဒိုးရစ်ပြောတာက ဒီနာရီလေးကရှေးဟောင်းနာရီလေး ..ပြီးတော့ ….”
“အရူး …အဲဒါ ငါဝယ်လာတာ ..”
လယ်ရီက သူ့အနားလျှောက်လာပြီးပြောလိုက်တယ်။
“ဒီကနေထွက်သွားစမ်း …”
ဒိုးရစ်ဘက်ကိုပါလှည့်ပြီးပြောလိုက်တယ်..
“မင်းလည်း ထွက်သွား……အဲဒီ နာရီစုတ်ကိုပါ ယူသွား..”
နောက်တော့ သူမေးစေ့ကိုပွတ်ပြီး ပြန်ပြောပြန်တယ်။
“မယူနဲ့ ..နာရီကို ထားခဲ့” “အဲဒါ ငါ့ဟာ ..ငါ ဝယ်ထားတာ”
ဒိုးရစ်ထွက်ခွာသွားပြီး ရက်တစ်ပါတ်ကြာမှာတော့ လယ်ရီနဲ့ ဥဩငှက်နာရီလေးရဲ့ ဆက်ဆံရေးက အရင်ကထက် ပိုမိုဆိုးဝါးလာတယ်။
ဥဩငှက်ကလေးဟာ လုံးဝထွက်မလာတော့ပဲ အတွင်းထဲမှာပဲ အနေများတော့တယ်။
၁၂နာရီထိုးလို့ ထွက်လာရမယ့်အချိန်တန်သော်လည်း ဥဩငှက်ကလေးဟာ ထွက်မလာတော့ဘူး။ တစ်ခါတစ်ရံထွက်လာသော်လည်း တစ်ကြိမ် နှစ်ကြိမ်ပဲ အော်ပြီး ပြန်ဝင်သွားတယ်။
သို့သော် အော်လိုက်တိုင်း အချိန်မှန်ကို မအော်တော့ဘူး။
သူအော်တဲ့အသံကလည်း မသာယာတဲ့အပြင် အဲဒီ ထိတ်လန့်စဖွယ်အော်သံက လယ်ရီကို စိတ်မသက်မသာနဲ့ ဒေါသ ထွက်စေတယ်။
ဒါပေမယ့်လည်း သူက နာရီလေးကို သိမ်းထားတုန်းပဲ .။ ဘာလို့လည်းဆိုတော့ တစ်အိမ်လုံးကလည်း ပြေးလွှားသံ၊ စကားပြောသံနဲ့ ပစ္စည်းလွတ်ကျသံတွေ မကြားရပဲ တိတ်ဆိတ်ငြိမ်သက်လွန်းနေတော့ .. နာရီ စက်သံ လည်ပတ်သံလေးကတောင်မှ သူ့အတွက်တော့ ဖြေသာစရာဖြစ်နေတယ်။
သို့သော်လည်း သူက ဥဩငှက်ကလေးကိုတော့ လုံးဝမကျေနပ်ဘူး။
မိုးချုပ်ချုပ်တစ်ည … သူ တံခါးနားကိုကပ်လို့ပြောတယ်။
“နားထောင်စမ်း…..မင်းငါပြောတာကိုကြားရတယ်ဆိုတာကို.. ငါသိတယ်”
“ငါမင်းကို ဂျာမန်က တောအုပ်နက်ထဲကို ပြန်ပို့ပစ်မယ်” ဆိုပြီး ကြိမ်းဝါးတယ်။
နောက် “သူတို့နှစ်ယောက် ဒီအချိန်ဘာများလုပ်နေမှာပါလိမ့်” လို့ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းပြောပြန်တယ်။
“ဟိုကောင် .. ရှေးဟောင်းပစ္စည်းနဲ့ စာအုပ်တွေနဲ့ …”
“ယောကျင်္ားဆိုတာ ရှေးဟောင်းပစ္စည်းပေါ်မှာ စိတ်မဝင်စားသင့်ဘူး .. အဲဒါက မိန်းမတွေအလုပ်…”
သူ ဥဩငှက်နာရီလေးကို အံကြိတ် ပြီးမေးလိုက်တယ်…….
“ဟုတ်တယ်မဟုတ်လား။”
နာရီလေးကတော့ ဘာမှပြန်မပြောဘူး ငြိမ်သက်ဆဲပဲ။
လယ်ရီ နာရီအရှေ့ကိုသွားရပ်ပြီး ထပ်မေးလိုက်တယ်။
“ဟုတ်တယ်မဟုတ်လား …လို့ ငါမေးနေတယ်”
“မင်းမှာ ဘာမှ ပြောစရာမရှိဘူးလား.”
သူ နာရီကို ကြည့်လိုက်တယ်။ ၁၁နညရီထိုးဖို့ စက္ကန့်အနည်းငယ်ပဲလိုတော့တယ ်။
“ကောင်းပြီလေ။ ငါ မင်းကို ၁၁နာရီထိုးသည် အထိစောင့်မယ်”
“မင်းဘာပြောမလဲဆိုတာကို ငါကြားချင်တယ်။”
“သူမ ထွက်ခွာသွားပြီးကထဲက မင်းတိတ်ဆိတ်နေတာ ရက်တစ်ပါတ်အနည်းငယ်ရှိနေပြီ။”
သူ ပြုံးထေ့ထေ့နဲ့ဆက်ပြောတယ်။
“သူမ ထွက်သွားပြီးကထဲက ဒီနေရာကို မင်း သဘောမကျတော့တာလည်း ဖြစ်နိုင်တယ်။”
“အေး …… မင်းကို ငါ ဝယ်ထားတာ။”
“မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ထွက်လာပြီး အော်ရမှာပဲ”
“ကြားလား…”
၁၁နာရီ ထိုးပြီ။ မြို့စွန်က နာရီစင်က မြည်သွားသော်လည်း ဥဩငှက်နာရီရဲ့ တံခါးပေါက်ကတော့ မလှုပ်မရှား ပိတ်နေဆဲပဲ။
မိနစ်အနည်းငယ်လွန်သွားသည့်တိုင် ဥဩငှက်ကလေးကတော့ ထွက်မလာဘူး။
နာရီအိမ်ရဲ့ တံခါးအနောက်မှာ ငြိမ်သက်နေဆဲပဲ.
“ကောင်းပြီလေ …. မင်းက အဲဒီလိုဆိုရင်လည်း။”
လယ်ရီတယောက် နှုတ်ခမ်းကိုတွန့်ပြီးပြောလိုက်တယ်။
“ဒါဟာ တရားမျှတမှုမရှိဘူး။ ထွက်လာရမှာက မင်းအလုပ်ပဲ။”
“အားလုံးက ကိုယ်မနှစ်သက်သော်လည်း ကိုယ့်အလုပ်ကိုတော့ လုပ်ရမှာပဲ။”
သူ စိတ်ပျက်စွာနဲ့ မီးဖိုချောင်ထဲသွားပြီး ရေခဲသေတ္တာထဲက အရက်ပုလင်းကိုသောက်ရင်းနဲ့ နာရီအကြောင်းကိုစဉ်းစားနေတယ်။
“ဒိုးရစ် ရှိတာမရှိတာနဲ့ ဒီဥဩငှက် ထွက်မလာစရာ ဘာအကြောင်းမှ မရှိဘူး။ သူတို့နှစ်ယောက် စတွေ့ကထဲက အဆင်ပြေကြတယ်။ ဒီ ငှက် ဘော့ဆိုတဲ့ကောင်ကိုလည်း သဘောကျမှာပဲ။ ဘော့ ၊ ဒိုးရစ်နဲ့ ဒီ ဥဩငှက် အတော်ပျော်ခဲ့ကြမယ်ထင်တယ်။”
လယ်ရီ အရက်သောက်တာကို လက်စသတ်လိုက်တယ်။ အံဆွဲထဲက တူကို ဆွဲယူလိုက်ပြီး ထမင်းစားခန်းထဲကို သယ်သွားတယ်။
နာရီစက်သံကတော့ တချက်ချက်နဲ့ သူဟာသူ နံရံပေါ်မှာ လည်ပတ်နေဆဲပဲ။
“ဒီမယ်ကြည့်စမ်း .”
တူကိုမြောက်ပြပြီးပြောလိုက်တယ်။
“ဒါဘာလဲ မင်းသိလား။”
“ငါ ဒါနဲ့ ဘာလုပ်မလို့လဲ မင်းသိလား။”
“မင်းကိုအရင် ငါ ဖျက်ဆီးပစ်မယ် ..”
“ငှက်မွေးတွေနဲ့လုပ်ထားတဲ့ကောင် ..မင်းဘာကောင်လဲဆိုတာ မင်းကိုယ်မင်း သိအောင် မင်းကို အရင် ငါလုပ်ပြမယ်။” “မင်းတို့ သုံးယောက်လုံးတော့ ..”
အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။
” မင်းထွက်လာမလား.. ဒါမှမဟုတ် ငါမင်းထွက်လာအောင်လုပ်ရမလား။”
နာရီအိမ်လေးအနည်းငယ် လှုပ်ရှားသွားတယ်။
” မင်းအထဲမှာရှိတာ ငါသိတယ်။”
“မင်းမှာ ပြောစရာတွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့သုံးပတ်တုန်းကတော့ မင်း မှာ ပြောစရာတွေများလှချည်လား။
ငါပြောသလိုပဲ မင်းငါ့ကို ပေးဆပ်စရာရှိတယ်။”
လယ်ရီအောက်ငုံနေတုန်း တံခါးပွင့်ပြီး ဥဩငှက်လေး သူ့မျက်နှာတည့်တည့်ဆီကို မြန်ဆန်စွာထွက်လာတယ်။
သူကြည့်လိုက်ချိန်မှာတော့ …..
တူတွေ၊ ခုံတွေနဲ့အတူ လယ်ရီ လဲကျသွားပြီး ကြမ်းပြင်နဲ့ စောင့်မိပြီး တစ်စုံတစ်ခု ကျိုးသံထွက်လာတယ်။ တခဏအတွင်းပဲ ဥဩငှက်ကလေး နာရီအိမ်ထဲကိုပြန်ဝင်သွားတယ်။ တံခါးလည်း တင်းတင်းစေ့လို့ ပြန်ပိတ်သွားပြီ။
ကိုယ်ခန္ဒာ ကြီးကတော့ ဦးခေါင်းလည်ပြီး ကြမ်းပြင်ပေါ်မှာ လဲကျနေတယ်။
လုံးဝ မလှုပ်ရှား မရွေ့လျားတော့ဘူး။
နာရီသံ တချက်ချက်ကလွဲလို့ တစ်ခန်းလုံး တိတ်ဆိတ်နေတယ်။
“ဟုတ်ကဲ့..ရှင်းပါပြီရှင်”
လိုု့မျက်နှာသေနဲ့ ဒိုးရစ်ပြောလိုက်တယ်။ ဘော့ကသူမကို လက်တွဲထားပြီး ဖေးမပေးနေတယ်။
“ဒေါက်တာ .ကျွန်တော်တစ်ခု မေးလို့ရမလားခင်ဗျာ” လို့ ဘော့ပြောလိုက်တယ်။
“ရပါတယ် မေးပါ …”
“ခုံအနိမ့်လေးပေါ်ကနေကျပြီး လည်တိုင်ကျိုးသွား ဖို့ဆိုတာ လွယ်သလားခင်ဗျာ? သိပ်ပြီး အဝေးကြီးလဲကျတာလဲမဟုတ်ဘူး။ ကျွန်တော်ကတော့ ဒါ အက်စီးဒင့်မှဟုတ်ရဲ့လားလို့ ဒါမှမဟုတ်….တစ်ခုခုများ…”
“ကိုယ်ဟာကိုသတ်သေတယ်လို့ထင်လို့လား …” ဆရာဝန်က ပြောတယ်။
“ကျွန်တော်တော့ ဒီလိုပုံစံမျိုးနဲ့ သတ်သေတယ်လို့ တစ်ယောက်မှ မကြားဖူးဘူး..”
“ကျိန်းသေပါတယ် .. ဒါက အက်စီးဒင့်ပါ။”
“ကိုယ်ဟာကိုသတ်သေတာလို့ မဆိုလိုပါဘူးခင်ဗျာ။”
ဘော့တစ်ယောက် နံရံထက်က နာရီကိုကြည့်ပြီး အသက်ရဲရဲမရှူရဲပဲ ပြောလိုက်တယ်။
“ကျွန်တော်ဆိုလိုတာက အခြား..တစ်စုံတစ်ခုကများ………..”
သို့သော်..ဘော ့စကားကို မည်သူတစ်ဦးတစ်ယောက်မှ မကြားလိုက်ပေ။
(The cuckoo clock ကို ဆီလျော်အောင် ရေးသားပါသည်)
6 comments
ကိုပေါက်(မန္တလေး)
January 8, 2013 at 4:15 pm
ဒီစာလေးကို မြန်မာလိုဘာသာပြန်ထားတာ ဖတ်ဘူးတယ်ဗျ
ဆရာကြီး ဒဂုန်ရွှေမျှားလို့ ထင်မိပါတယ်
ကောင်းတယ်ဗျို့
Hnin
January 9, 2013 at 8:38 am
ဟုတ်မယ်ထင်ပါတယ် ကိုပေါက်
ဆရာကြီးရေးထားတာလည်း ရှိလိမ့်မယ်
ကျွန်တော်ကတော့ ကိုယ်ဖတ်တာလေးကို နားလည်သလိုလေး ပြန်ရေးလိုက်တာပါ
ကျေးဇူးတင်ပါတယ် း)
ကိုပေါက်(မန္တလေး)
January 9, 2013 at 1:03 pm
အခုလိုပြန်ဖော်ထုတ်တော့ မဖတ်ရသေးသူ ပြန်ဖတ်ရတော့ ကောင်းပါ၏။
နောက်လဲ ရေးပါနော်။
ကြည်ဆောင်း
January 9, 2013 at 2:54 pm
မဖတ်ဘူးသေးတော့အသစ်ဘဲပေါ့ …
ရေးထားတာကို ဖတ်ရင်းနဲ့ ဥဩငှက်နာရီလေးကိုတောင်တွေ့ချင်လာတယ်
အောင် မိုးသူ
August 12, 2015 at 10:11 am
စိတ်ဝင်စားစရာ
Alinsett @ Maung Thura
August 12, 2015 at 2:45 pm
ဖတ်သွားပြီ။
ဖတ်တယ် ဆိုရုံ
ဖတ်ခြင်းမည်ကာမတ္တ