မွေခံထိုက်စေ

ဆူးFebruary 15, 20131min75322

ရွာထဲက တူ၊တူမ တွေကို အန်တီ ပဒုမ္မာ ကနေပြီးတော့ တရားတပုဒ် နဲ့ ပတ်သတ်ပြီး ဥပမာလေး နဲ့ လက်ဖွဲ့ပေးလိုက်ပါတယ်။

ကိုရွှေတိုက် ရဲ့ ရတနာ ရွှေအိုးမြုပ်နှံမှု အောင်မြင်သွားတဲ့ ကိစ္စ လည်း သတင်းကြားရတာ အင်မတန်မှ ဝမ်းသာပါတယ်။

အမွေခံထိုက်စေ ဆိုတဲ့ ပိုစ်လေး ရေးရတာ အကြောင်း ရှိပါတယ်။ ယခု ဆူး အနေနဲ့ စဉ်းစားမယ် ဆိုရင် ကိုယ်တိုင်က သားသမီး နေရာ.. တချိန်မှာ ကလေးများ ရှိခဲ့မယ် ဆိုရင် ကိုယ်တိုင်လည်း မိဘ နေရာ ဖြစ်လာမှာပါပဲ။

အချိန်ဆိုတာ အမြဲတမ်းရွေ့လျားနေတဲ့ အတွက် ငယ်ရွယ်တဲ့ သူတွေလည်း တနေ့ကျရင် အိုမင်းပြီးတော့ နောက်ဆုံးတော့ သဂြိုလ်စက်ထဲ က တဆင့် ပြာမှုန်အဖြစ်နဲ့ ကမာ္ဘမြေကြီး ကို မြေဩဇာ ဖြစ်စေရအုန်းမှာပါပဲ။

ဘယ်အရာမှလည်း မမြဲပါဘူး။ ကိုယ်တိုင်လည်း အသက်မကြီးပဲ နေလို့ မရသလို ငယ်သူတွေလည်း အသက်မကြီးလာပဲမနေပါဘူး။ အရှေ့က သွားသူတွေ လမ်းဖောက်ခဲ့ရင် နောက်လူတွေ ကောင်းကောင်း လျှောက်နိုင်ပါတယ်။ နောက်လူကလည်း ဒီတိုင်းတော့ မနေပါဘူး သူလည်း တမျိုး မဟုတ် တမျိုး နောက်လူ အတွက် ချန်ထားခဲ့ပါလိမ့်အုန်းမှာပါ။ ကမာ္ဘကြီးမှာ လူဦးရေတွေ တိုးပွားလာတာ ရှိသလို ယုတ်လျော့သွားတာလည်း ရှိပါတယ်။

အခု အတွေးထဲ ရောက်နေတဲ့ အကြောင်းအရာ ကတော့ အရှေ့လူတွေ ထားခဲ့တဲ့ အမွေ ကိစ္စ ပါပဲ။

သားသမီးတောင် မရှိသေးပဲ အမွေ ကိစ္စ စဉ်းစားနေပြီလားလို့ ပြောကြမယ် ထင်တယ်။

လူသားတိုင်းမှာ အမွေ ဆိုတာ ရပိုင်ခွင့် ရှိပါတယ်။ ထိန်းသိမ်းဖို့လည်း သင့်ပါတယ်။ ထိန်းသိမ်းရမယ် ဆိုတဲ့ တာဝန် တခုတည်းနဲ့ ဥစ္စာစောင့်လိုတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဘဝ မျိုးကြီးတော့ မဖြစ်သင့်ဘူးလို့ ယူဆမိပါတယ်။

အမွေ ကိစ္စနဲ့ ပတ်သတ်လို့ ဆူး ဘဝ မှာ မှတ်မှတ်ရရ ဖြစ်နေတဲ့ အကြောင်းအရာလေး တခုပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့ ၉နှစ်လောက်တုန်းက ဧရာဝတီ တိုင်းထဲက မြို့တမြို့မှာ အဘိုးအဘွားတွေ ပိုင်ဆိုင်တဲ့ အိမ်ကို ရောင်းချပြီး သားသမီးမြေးတွေ ခွဲဝေယူလိုက်ကြပါတယ်။

၁နှစ် အတွင်းမှာ ဘယ်သူတွေက အမွေခံထိုက်ကြသလဲ မထိုက်ကြသလဲ ဆိုတာ သိသိသာသာကြီးကို မြင်သာ ထင်သာ ဖြစ်လာကြပါတယ်။ ကံကြမ္မာ တဆစ်ချိုးလို့တောင် ပြောလို့ ရပါတယ်။

နယ်မြို့က အိမ်ဆိုပေမဲ့ အဲ့ဒီ အချိန်တုန်းက အိမ်ပေါက်ဈေးက ၅၀ဝ ထက် မပိုခဲ့ပါဘူး။ အဲ့ဒီ အချိန်မှာ အိမ်ကြီးကို ၈၀ဝ ခေါ်လိုက်မယ် ဆိုပြီး စမ်းကြည့်တဲ့ သဘောပါပဲ။  ဝယ်ချင်တဲ့ လူက ဘယ်လောက် ဖြစ်ဖြစ် ဒီအိမ်မှ ဒီအိမ် ဆိုပြီး အရမ်းကို ဝယ်ချင်တဲ့ အတွက် ၇၅ဝ ပေးပြီး ဝယ်သွားကြပါတယ်။

အဖေ မှာ မောင်နှမ ၃ယောက် ရှိပါတယ်။ တယောက်ကို ၂၅ဝ ရကြပါတယ်။

အဖေက အကြီးဆုံးပါ။ အဒေါ်ကတော့ အငယ်ဆုံးပါ။ အလတ်ဖြစ်တဲ့ ဦးလေး က အိမ်မရောင်းခင် ၅နှစ်လောက်ကတည်းက ဆုံးပါသွားပါတယ်။ ဦးလေး အစား ဆက်ခံမည့် အဒေါ်ကလည်း ဆုံးသွားတာ ၃နှစ်လောက် ဖြစ်နေပါပြီ။  ဦးလေး နဲ့ အဒေါ်မှာ သားသမီး ၄ယောက် ရှိပါတယ်။  အဒေါ်မဆုံးခင်မှာ သားသမီးတွေက ငွေလိုလျှင် ပိုက်ဆံ ချေးတဲ့ အခါ အမေ နာမည်နဲ့ မှတ်ထားပါ ဆိုပြီး အမြဲ ချေးတတ်ကြပါတယ်။ အဒေါ်က အမြဲတမ်း ငွေရှာပြီး သားသမီးတွေ ချေးထားတဲ့ ငွေ ကို သူ့နာမည်နဲ့ ပြန်ဆပ်တတ်ပါတယ်။ အကြောင်းအကျိုး မလှစွာနဲ့ အဲ့ဒီ အဒေါ်ဆုံးတဲ့ အခါ ရက်လည်နေ့ပြီးပြီးချင်း အကြွေးစာရင်းစာရွက်ကိုင်ပြီး ရောက်လာကြပါတယ်။ ချေးထားတဲ့ သားသမီးတွေက ဘယ်သူမှ ငါနဲ့ မဆိုင်ဘူး ဆိုပြီး အကြွေး မဆပ်ကြပါဘူး။ ဒီလိုနဲ့ လူကြီး မိဘတွေ မရှိတဲ့ အတွက် အဒေါ်နဲ့ ဘကြီးက ဒီအိမ်ကြီး ရောင်းပြီးရင် ဆပ်ပါမယ် အတိုးမတက်ပါနဲ့တော့ ဒီစာရင်းနဲ့ မှတ်ထားပါမယ်လို့ ကတိပေးလိုက်ပါတယ်။ အဒေါ်သားသမီးတွေကလည်း ဘကြီး နဲ့ အဒေါ်ပြောတဲ့ အတိုင်းပဲ ဆိုပြိး ခေါင်းငြိမ့်လိုက်ကြပါတယ်။

ဦးလေး မိန်းမ ဆုံးပြီး မကြာခင်မှာ အမွေခံထိုက်တဲ့ အိမ်ကြီးကို ရောင်းထုတ်လိုက်ပါတယ်။ သူတို့မိသားစု ရပိုင်ခွင့် ၂၅ဝ ရပါတယ်။ ပိုက်ဆံတွေကို သက်ရှိထင်ရှားဖြစ်တဲ့ ဘကြီး နဲ့ အဒေါ်က ရောင်းပြီးတဲ့ အခါ ယခင် ကတိတွေ အတိုင်း အကြွေးရှင်တွေ ဆပ်ဖို့ ငွေဖယ်ထားပြီး မောင်နှမ ၄ယောက် အတွက် ငွေကြေးခွဲဝေ ပေးဖို့ စီမံပါတော့တယ်။ ၂၅ဝ ကို မောင်နှမ ၄ယောက် ကို အဒေါ်ဝေစု အနေနဲ့ ၅ပုံ ပုံလိုက်ပြီး တယောက်ကို ၅ဝ စီ ခွဲပေးလိုက်ပါတယ်။ အဒေါ်ရဲ့ ဝေစု ၅ဝ ကိုတော့ အကြွေးဆပ်ဖို့ အတွက် စီမံပါတယ်။ အဲ့ဒီမှာ မောင်နှမတွေ ခေါင်းချင်းရိုက်ပြီး အမေ အကြွေး ကို သူတို့ပဲ ဆပ်ပါမယ် ဆိုပြီး အတင်းတောင်းယူကြပါတယ်။ အဒေါ်ရဲ့ ဝေစု သိန်း ၅ဝ ကို ဘကြီး နဲ့ အဒေါ် ကို စိတ်မချ ဖြစ်တဲ့ ပုံစံ နဲ့ တောင်းယူကြပြီး သူတို့ အချင်းချင်း ခွဲဝေ ယူပြီး သုံးလိုက်ကြပါတယ်။ အဒေါ် အတွက် အကြွေး မဆပ်ပေးကြပါဘူး။

အဲ့ဒါ ကို သိရတဲ့ အခါ ဘကြီး နဲ့ တကွ အမျိုးတွေ အားလုံးက စိတ်မကောင်းဖြစ်ကြရပါတယ်။

အနှစ်ချုပ်လိုက်တော့ သူတို့ မောင်နှမတွေ ခွဲဝေယူပြီး ၁နှစ်အကြာမှာတော့ အားလုံး ပိုက်ဆံတွေ မရှိကြတော့ပါဘူး။ အရင်က ထက် ပိုပြီး မွဲသွားကြပါတယ်။ ဘာလုပ်လုပ် အလုပ် လုပ်လုပ်ချင်း ကောင်းကောင်းမွန်မွန်ဖြစ်နေပေမဲ့ မကြာခင်မှာ အကြောင်းမျိုးစုံနဲ့ အရင်းပြုတ်တာမျိုးတွေ ဖြစ်ကြပါတယ်။ အမျိုးတွေကတော့ အမေ အကြွေး မဆပ်ပဲ သုံးပလိုက်လို့ ကပ်ဆိုက်တာ ဆိုပြီး ပြောတဲ့သူကလည်း ပြောကြသလို သူတို့ သုံဖြုန်းလိုက်လို့ ကုန်တာ မို့ ငွေကြေးလိုအပ်ရင်တောင် မသိချင်ယောင်ဆောင်နေကြပါတော့မယ်။ ဆွေမျိုးစာရင်းက ထုတ်ပါယ်ခံရတဲ့သဘောမျိုးပါ။

ဒါကတော့ ဦးလေးတို့ မိသားစု အမွေ ဆက်ခံကြတာကို အတိုချုံးရေးလိုက်တာပါ။

အဒေါ်က အမွေ သိန်း ၂၅ဝ ရပါတယ်။ ကား အငှားလုပ်ငန်း လုပ်မယ် ဆိုပြီး ကား၂စီးထောင်လိုက်ပါတယ်။ အသက်တွေလည်း ကြီးနေပြီမို့ သူ့ဘဝ မသေခင် အချိန်အထိ သာသာယာယာ ဖြတ်သန်းမယ် စိတ်ကူးပြီး အေးအေးချမ်းချမ်းနဲ့ မိသားစု ပျော်ရွင်စွာနေထိုင်ပါတယ်။ သား ၃ယောက် ရှိပါတယ်။ မြန်မာပြည် အနှံ့ ခရီးသွားလိုက် ဈေးဝယ်လိုက် အလှူအတန်းတွေ လုပ်လိုက်နဲ့ အေးချမ်းနေတယ်လို့ ထင်ရပေမဲ့ မကြာပါဘူး။ အမွေရပြီး ၆လလောက် ကြာပြီး တဲ့ နေ့တနေ့မှာ နယ်မှ ကျန်းမာရေး မကောင်းလို့ ဆေးခန်းလာပြတဲ့ ဘုန်းကြီးတပါးကို သူ့ရဲ့ ကားနဲ့ ခရီးဒါန အလှူ လုပ်မယ် ဆိုပြီး မနက်စောစောထပြီး မျက်နှာသစ်နေတုန်း ရုတ်တရက် လေဖြတ်ပြီး ချော်လဲသွားတာ ခေါင်းနဲ့ နံရံရိုက်မိပြီး ဦးနှောက်သွေးကြောပေါက်ပြီး ချော်လဲပြီး နာရီပိုင်းတောင် မကြာလိုက်ပါဘူး သေသွားပါတယ်။

အဒေါ်သေတဲ့ အခါ သူ့ရဲ့ သား ၃ယောက်က သူ့ထားခဲ့တဲ့ ကား ၂စီးနဲ့ အိမ်တွေကို ဆက်လက်ပြီး အမွေခံကြပါတယ်။ အမွေကို ခံယူဖို့ တယောက်နဲ့ တယောက် ကလိမ်ကကျစ်ကြတာတွေလည်း ရှိပါတယ်။ ကလိမ်ကကျစ်ကျပြီး တန်ဖိုးဖြတ်တဲ့ ညီ၂ယောက်က ကား ကို ယူလိုက်ကြပါတယ်။ အကို ကတော့ အိမ်ယူမယ် ဆိုပြီး အိမ်ယူထားတာ မကြာပါဘူး တန်ဖိုးလျော့ဖြတ်ယူထားတဲ့ ကားတွေ လမ်းမှာ အစီအရီ တိုက်တဲ့ အတွက် အလျှော် အစားနဲ့ သူတို့လည်း ရှိသမျှ ကုန်ကြတော့တာပါပဲ။ တယောက်က ပိုဆိုးတာက ဆီ အရောင်းအဝယ် လုပ်တာ ဘယ်သူ ပစ်လိုက်တဲ့ ဆေးလိပ်မီးမှန်း မသိပေမဲ့ အဲ့ဒီ မီးကြောင့် မီးလောင်ပြီး သေသွားပါတယ်။ အိမ်ယူထားတဲ့ သူတော့ ၅နှစ်လောက် နေတော့ အိမ်ဈေးတွေ တက်တဲ့ အတွက် မူရင်းဈေးထက်ကို တန်ကြေးကြီးကြီးနဲ့ ရောင်းထုတ်ပြီး နောက်ထပ် အိမ်တခု ဝယ်ပြီး အေးချမ်းစွာ နေပါတယ်။

ဦးလေးတွေ အဒေါ်တွေ ဇတ်လမ်းပြီးသွားတော့ အဖေ က ကော ဘယ်လို နေလဲ သိချင်ကြမှာပါပဲ။

ဆူး အဖေ ကတော့ အဲ့ဒီ အိမ်ကြီး မရောင်းခင်ကတည်းက ကျန်းမာရေး မကောင်းလို့ အိပ်ယာထဲ လဲနေတာ ၂နှစ်ကျော်နေပါပြီ။ အဖေ က အကြီးဆုံးဖြစ်တဲ့ အတွက် မိဘတွေ အမွေ ကို မောင်နှမတွေ ခံယူစားသုံးလို့ ရအောင် စီမံပေးတဲ့ သဘောနဲ့ အိမ်ကြီး ကို ရောင်းထုတ်ဖို့ အတွက် လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဖေ က သားသမီး ၃ယောက် ဦးလေးက ၄ယောက် အဒေါ်က ၃ယောက် ဆိုတော့ အခု ရောင်းရင် လူကြီး ၂ယောက် ဆုံးဖြတ်ချက်နဲ့ ပြသနာ မရှိပေမဲ့ နောက်ပိုင်း သူတို့မရှိရင် ဒီအိမ်ကြိး ကို ဆက်ခံဖို့ ၁ဝယောက် တိတိ စကားတွေ များပြီး စာရင်း မရှုပ်အောင် လုပ်ပေးခဲ့တဲ့ သဘောပါပဲ။

အဲ့ဒီ အိမ်ကြီး ရောင်းပြီး မကြာခင်မှာ အဖေ လည်း ဆုံးသွားပါတယ်။ အဖေ ဆုံးသွားပြီး ရက် ၁၀ဝ အကြာမှာ အဒေါ်ဆုံးသွားပါတယ်။

သူတို့ မသေခင် ရောင်းပေးသွားတာ မှန်တယ်လို့တော့ လူကြီးတွေက ပြောကြပါတယ်။

အဖေ ရဲ့ ရပိုင်ခွင့် ၂၅ဝ ကတော့ ဆူး တို့ အခု ဖွင့်ထားတဲ့ ဆိုင် ကို ဝယ်နေတဲ့ အချိန် ဖြစ်တဲ့ အတွက် ရစ်ကျသွင်းငွေထဲ ထည့်သွင်းလိုက်ပါတယ်။ အဲ့ဒီ ၂၅ဝ ကတော့ တပြားမှ သီးသန့် သုံးလိုက်ရတာ မရှိပေမဲ့ ဆိုင်ခန်း ဝယ်တဲ့ အချိန်မှာ အရစ်ကျသွင်းတဲ့ အချိုး ငါးပုံ ၁ပုံ အနေနဲ့ ပါဝင်ပါတယ်။

အဲ့ဒီ မြို့မှာ ယခင် ရောင်းလိုက်တဲ့ အဘိုးအဘွားတွေရဲ့ အိမ်ကတော့ ယခု အချိန်မှာ ဆိုင်ကြိး တခု အနေနဲ့ တည်ရှိပြီး အရင်က ထက် ပိုကြီးပွားလာကြလို့ အဲ့ဒီ အိမ်ကို ဝယ်တဲ့ မိတ်ဆွေကတော့ အဲ့ဒီ အိမ်ကြီးရောင်းတာ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီအိမ်မှာ သူတို့ အရောင်းအဝယ် လုပ်လို့ ကြီးပွားရတယ် ဆိုပြီး စိတ်ထဲ ထင်နေပုံရပါတယ်။ အသက်ကြီးတဲ့ လူတွေ ဆိုတော့ စိတ်ထဲ တွေးမိတာ အမှန်ထင်ပြီး အယူသီးတတ်ကြလို့ ဒီလို တွေးတယ်လို့ပဲ ထင်ပါတယ်။

ပိုက်ဆံ အနေနဲ့ အမွေခံထိုက်ကြတဲ့ သူတွေကတော့ ကောက်ရိုးမီးလို ဝုန်းကနဲ လောင်သလို ကုန်သွားကြပါတယ်။

ဆူး တို့ မိသားစု ကတော့ ဒီပိုက်ဆံ တွေ လက်ရောက် မသုံးရပါဘူး။ အဲ့ဒီ ပိုက်ဆံ ရဲ့ အကျိုးကိုသာ ခံစားရတယ်လို့ မြင်မိပါတယ်။

အဲ့ဒီ မြို့မှာတော့ ပြောစရာ စကားတခုကတော့ အဲ့ဒီ အိမ်ကြီးက ကျိမ်စာမိနေသလိုပဲ အဲ့ဒီ နေရာမှာ အဘိုးအဘွားတွေ ကြီးပွားသလောက် သားသမီးတွေလည်း မသုံးရဘူး မြေးတွေ ဆိုလည်း ပိုက်ဆံ ရပြီးမှ ဘဝတွေ မျိုးစုံဖြစ်ကြပြီး အဖတ်မဆည်နိုင်အောင် ဖြစ်နေကြတာ.. ကျိမ်စာမိတဲ့ ပိုက်ဆံတွေ သုံးလို့ ဖြစ်တယ်လို့ ပြောကြပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဒါဟာ အယူသီးမှုလို့ပဲ ထင်မိပါတယ်။

ဒါကတော့ ဘဝ မှာ အမှတ်တရ ဖြစ်နေတဲ့ အမွေဆက်ခံမှုတခုပါပဲ။

 

တနေ့က သူငယ်ချင်း တယောက်နဲ့ အငြင်းအခုန်လိုမျိုး အမွေ ကိစ္စ ပြောဖြစ်ပါတယ်။

သူ့ မိဘတွေ နေတဲ့ ရပ်ကွက်မှာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်တဲ့ အိမ်တွေ မြေတွေ ကို မိဘတွေ ဆုံးသွားတဲ့ အခါ ရောင်းထုတ်ပြီး ခွဲခြမ်းသုံးစွဲနေကြတာ ကြည့်ပြီး စိတ်မကောင်းဖြစ်တဲ့ အကြောင်းနဲ့ သားသမီး ဆိုတာ မိဘ ထားခဲ့တာ ကို ကောင်းစွာ ထိန်းသိမ်းသင့်တယ်လို့ ယူတယ် ဆိုတဲ့ အကြောင်း အယူအဆလေးတွေ အတွေးအမြင်လေးတွေ ပြောပြဖြစ်ပါတယ်။

ဆူးရဲ့ အမြင်ကတော့ သူငယ်ချင်း နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

သားသမီးဆိုတာ မိဘ ဆီက အမွေခံထိုက်ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် မိဘတွေ ထားခဲ့တာ သူတို့ဆက်လက်စီမံ သုံးပိုင်ခွင့်ရှိတယ်။ ကိုယ်တိုင် မိဘ ဖြစ်တဲ့ အခါ သားသမီးတွေကိုလည်း ပြန်ထားခဲ့ရအုန်းမှာပါပဲ။

မိဘတွေ ထားခဲ့တာ ထုခွဲသင့်ရင် ထုခွဲရမယ်။ သားသမီး တယောက် အနေနဲ့ ရပိုင်ခွင့်ရယူပြီး မိဘတွေ အတွက် ကိုယ့်အကျိုးအတွက် အသုံးချသင့်တယ်လို့ ထင်ပါတယ်။ ဥပမာ အိမ်တအိမ်ရောင်းလိုက်တယ် ရပိုင်ခွင့်တခု အနေနဲ့ ရယူပြီးတဲ့ အခါ ကိုယ်ထိလက်ရောက် မိဘတွေ အတွက် အလှူ အတန်းတွေ လုပ်ပေးလို့ ရတယ်။ ရပိုင်ခွင့်တွေ သိပ်များနေရင် အဲ့ဒီ ငွေကြေးနဲ့ ဦးလှထွန်းရဲ့ ကင်ဆာ ဖောင်ဒေးရှင်းတခု လုပ်ပြီး လိုအပ်နေတဲ့ နေရာတွေမှာ မျှဝေတာမျိုးတွေ လုပ်ချင်ပါတယ်။

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဘဝ နဲ့တော့ ရွှေပုံပေါ် ထိုင်နေတိုင်း ဗိုက်မဝပါဘူး။ ရွှေကို ငွေဖြစ်အောင် လုပ်ပြီးမှ ဝမ်းဝအောင် စွမ်းဆောင်နိုင်မှာပါ။

သူငယ်ချင်းမေးတဲ့ မေးခွန်းတခု ရှိပါတယ်။ အဲ့လို သုံးလိုက် စီမံလိုက်မယ်ဆိုရင် နင့်သားသမီး ကို အမွေ မပေးခဲ့ဘူးလားလို့ မေးပါတယ်။

သားသမီးတွေကို ပစ္စည်းပေးဖို့ ထက် အရေးကြီးတဲ့ ပညာ အမွေ ကို အပြည့်အဝ ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ငါးစာတွေ ပေးထားရင် ကုန်သွားပါမယ်။ ငါးဖမ်းနည်းပါ သင်ပေးသင့်ပါတယ် ဆိုတဲ့ စကားအတိုင်းပါပဲ။

ကိုယ်တိုင်လည်း ရှာဖွေနေတာ သားသမီး အတွက်ပါ.. ဒါပေမဲ့ ကိုယ့်မိဘ ရှာဖွေတာကတော့ ကိုယ်တိုင် သားသမီး တယောက် အနေနဲ့ ရပိုင်ခွင့်ရှိတယ်လို့ ယူဆပါတယ်။

သေရင်တော့ အကုန်ထားခဲ့ရမှာပါပဲ။ မသေခင်မှာ ရှာခဲ့တာတွေ ရှိတာတွေ အကုန်လုံးကတော့ နောက်လူ အတွက်ပါပဲ။

အထက်ပါ ဆူး ရဲ့ အတွေ့အကြုံ နမူနာတွေ အရကတော့ ပိုက်ဆံရပြီး ကုန်သွားတာတွေက သူတို့ ငယ်စဉ်က မိဘတွေ လူချမ်းသာ တန်းဝင်တွေ ဖြစ်တဲ့ အတွက် မိဘတွေက ငွေရှာဖို့သာ အားသန်ပါတယ်။ ပညာအမွေပေးပြီး ပညာသင်ပေးသော်လည်း မသင်ချင်ဘူး ဆိုရင် မသင်ချင်နေဆိုပြီး စိတ်ချမ်းသာအောင် စကားတခွန်းကို ၂ခါ မပြောခဲ့ကြပါဘူး။ မိဘ ပိုက်ဆံ ရှိရင် ငွေကြေး တန်ဖိုး နားမလည်ပဲ လွယ်လွယ်ရ လွယ်လွယ်သုံးတာ အကျင့်ပါသွားတာလည်း ဖြစ်နိုင်ပါတယ်။

အဖေ တို့ မောင်နှမ တွေ က ငယ်ငယ်က မုန့်ဖိုးဘယ်သူမှ မတောင်းကြဘူး။ ဆိုင်က အဆင်ပြေသလို နှိုက်သုံးကြပါတယ်။ အဖေ က ငယ်ငယ်ကတည်းက စာတော်တဲ့ အတွက် ဦးလေးတွေ အဒေါ်တွေ ရှိတဲ့ ရန်ကုန်မြို့ကို ကျောင်းတက်ဖို့ ပို့ထားတဲ့ အတွက် အငယ် ၂ယောက်လို လိုက်သလောက် နှိုက်သုံးရတဲ့ အနေအထားမဟုတ်တော့ပဲ မိဘတွေ ပို့ပေးသလောက်သာ သုံးရပါတယ်။ နိုင်ငံခြားပါ ပညာတော်သင် ထွက်ရတဲ့ အခါ စကောလား ရတဲ့ ပိုက်ဆံနဲ့ လောက်အောင် သုံးတတ်တဲ့ အကျင့်တွေ ရှိသွားတော့ ငွေကြေး စိစစ်တတ်လာတတ်ပါတယ်။

ပညာနည်းလို့ အတွေးအခေါ်ပိုင်းတွေ ညံ့လို့ အတွက်အချက်တွေ ညံ့လို့ ရထားသမျှတွေ ကုန်သွားတယ်လို့ မြင်မိပါတယ်။

နောက်တချက်ကတော့ ဘာသာရေး အပိုင်းက ကြည့်ပြန်တော့ မထိုက်လို့ ကုန်တယ်ပေါ့။

မြတ်စွာ ဘုရား လက်ထက်တော်တုန်းက သူဌေး တဦးဖြစ်တဲ့ ရွှေတောင်ပေါက်တဲ့ ဇဋိလ ဆိုတဲ့ သူဌေးက မသေခင်မှာ ရွှေတောင်ကြီး အမွေပေးဖို့ သား ၃ယောက် ကို ခေါ်ပြီး တူရွင်းနဲ့ ပေါက်ခိုင်းတာ အငယ်ဆုံး သား ပေါက်မှသာ အရာထင်သွားတဲ့ အတွက် ၃ယောက်ထဲမှာ အငယ်ကိုသာ အဲ့ဒိ အမွေပေးခဲ့တယ် ရခဲ့တယ်။ ဘာကြောင့်လဲ ဆိုပြီး ရှင်းထားတာတွေတော့ ရှိပါတယ်။ ရွှေပန်းခိုင် လုပ်တဲ့ အခါ အဲ့ဒီ အမွေခံထိုက်တဲ့ သား တယောက်ကသာ ကူညီပေးတဲ့ အတွက် အကျိုးပေးတဲ့ ဘဝ မှာ သူတယောက်သာ ရပိုင်ခွင့်နဲ့ သုံးပိုင်ခွင့်ရှိသလိုပေါ့။

 

အနှစ်ချုပ်လိုက်တော့ အမွေခံထိုက်စေ ဆိုတာ..

ကံ ဆိုတဲ့ အရာနဲ့ အတူ ပညာ နဲ့ ဉာဏ်ယှဉ်ပြီးမှ တကယ် ထိုက်မယ်လို့ ထင်ပါတယ်။

 

 

 

22 comments

  • ခိုင်ဇာ

    February 15, 2013 at 1:28 pm

    ဆူးရေ။
    ကိုယ်ကရဖို့ရော၊ ကိုယ်ကပေးဖို့ရောကိစ္စတွေကို ကိုယ့်တွေ့မကြုံဖူးသေးတာရော၊
    မတွေးတောဖူးတဲ့ အကြောင်းအရာမို့ရော ၊
    ဘာမှ ပြောစရာမရှိသေးဘူး။ ပြီးမှ ပြန်လာမယ်နော်။

    ဘယ်အမွေပဲဖြစ်ဖြစ် ခံစား စံစား ထိုက်မှ အကျိုးပေးတယ်လို့ တော့ ကြားဖူးရဲ့။

    ခုထိတော့ အလကားရမဲ့ ကံဆိုတာကို မယုံတဲ့အတွက် ထီ/ကံစမ်းမဲ တို့ကို မကစားဖြစ်။
    :hee:

  • weiwei

    February 15, 2013 at 1:36 pm

    ဥပမာတွေနဲ့ အခြေအနေပေါင်းစုံကနေ ရှင်းပြသွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ် ….
    အမွေဆိုတာ ခံစားထိုက်မှဆိုတာကတော့ သက်သေပြစရာတွေ အများကြီးရှိပါတယ် …
    လွန်ခဲ့တဲ့တစ်နှစ်လောက်က အမေတို့နေတဲ့အိမ်ရဲ့ ဘေးအိမ်က အမတစ်ယောက်ဆုံးသွားတယ် … အသက် ၅ဝ ကျော်ပဲ ရှိသေးတယ် .. သူမသေခင် လပိုင်းလောက်မှာတင် ရွာမှာရှိတဲ့ခြံတစ်ကွက်ရောင်းလိုက်လို့ သိန်း ၃၅ဝ ရသွားတယ် .. ပိုက်ဆံရပြီးတဲ့အချိန်မှာပဲ အသဲကင်ဆာစဖြစ်နေပြီ … လပိုင်းအတွင်းသေသွားတယ် … သူ့ရောဂါကုတာနဲ့တင် ပိုက်ဆံတွေလဲ ကုန်သလောက်ဖြစ်သွားတယ် … သူကိုယ်တိုင် အမွေမခံစားထိုက်သလို သူ့သားသမီးတွေလဲ မခံစားလိုက်ရဘူး …

    အခုတလော အိမ်ကိစ္စနဲ့ အမွေကိစ္စ ခေါင်းထဲရောက်နေမိတယ် … မိသားစု (အထူးသဖြင့် မောင်နှမ) တွေထဲမှာ အဆင်ပြေတဲ့သူ မပြေတဲ့သူ အမျိုးမျိုးရှိကြတယ် … မိဘတွေသေသွားတဲ့အခါ အိမ်တစ်လုံးပဲ ကျန်ခဲ့တယ်ဆိုပါစို့ … မောင်နှမအားလုံးကလဲ အတူမနေနိုင်ကြဘူး … မနေနိုင်တဲ့သူတွေက အိမ်ကိုရောင်းပြီး သူတို့ကို ခွဲပေးစေချင်ကြတယ် … တစ်သက်လုံးမိဘနဲ့အတူနေလာပြီး မသေခင်လဲပြုစုခဲ့တဲ့သားသမီးက အိမ်ကိုမရောင်းပေးချင်ဘူး … မကျေနပ်ရင် အိမ်ပေါ်လာနေပေါ့လို့ ပြောကြတယ် …
    အဲဒါမျိုး အဖြစ်အပျက် အများကြီး မြင်တွေ့နေရလို့ … အိမ်မှာလဲမနေနိုင် အမွေလဲမရတဲ့ သားသမီးတွေက အမွေမခံထိုက်သူတွေပေါ့နော် …

    • ဆူး

      February 15, 2013 at 1:53 pm

      အိမ်ရောင်းလိုက်တဲ့ ပိုက်ဆံ နဲ့ ဆေးကုသွားရတာ သူ့ အတွက် ဆေးကုဖို့ အိမ်ရောင်းလိုက်တယ်လို့တောင် ပြောလို့ ရမလား မသိဘူး။
      မဝေ ရဲ့ အတွေးကဲ့သို့ အိမ်မှာ မနေနိုင်သူတွေကတော့ တကယ်ကို အမွေ မခံထိုက်ဘူးလို့ ထင်တာပါပဲ။

  • ဦး ကျောက်ခဲ

    February 15, 2013 at 1:46 pm

    ဘွားဆူးရေ မွေခံထိုက်စေတဲ့လား

    ဦးကျောက်မှာ အလုပ်စဝင်တည်းက ရှာရသမျှ မိဘနဲ့နှမများကို ထောက်ပံ့လာရတာ ယနေ့အထိဆိုတော့…
    အမွေခွဲကြပါစို့လို့ ပြောလာရင် ရယ်မိမလားပဲ…
    သေရင်ကိုယ့်နောက် ဘာမှမပါဆိုပေမယ့် အို/နာ လို့ မရှာနိုင်မယ့်အချိန်တော့ အကြောက်သား…
    ဒါပေမယ့် လောကတံထွာ တစ်နေ့တော့ရင်ဆိုင်ရမှာပါ…

    • ဆူး

      February 15, 2013 at 2:03 pm

      လိမ်မာတဲ့ သားသမီး နဲ့ အကျိုးပေးတဲ့ သားသမီး မတူဘူးလေ။
      လိမ်မာတယ်ဆိုတာ.. ပြောစကားနားထောင်ပြီး စေလိုရာစေ ဖြစ်ချင်တိုင်း အတိုင်းနေပေးတာ။
      အကျိုးပေးတာကတော့ မိဘ ကို ရှာကျွေးတယ် မိအိုဖအိုတွေ အတွက် လိုအပ်ချက် မရှိအောင် ဦးဆောင်ပေးတယ်။

      မလိမ်မာဘူး အကျိုးမပေးဘူး ဆိုရင်တော့ ဆန့်ကျင်ဘက်ပဲ..

      မိဘတိုင်းကတော့ သားသမီး မွေးလာရင် အကျိုးပေးတာ မပေးတာထက် လိမ်မာရင်ကို တော်တော် စိတ်ချမ်းသာနေကြပါပြီ။

      ှုဦးကျောက်က မိဘတွေ အတွက် အကျိုးပေးတဲ့ သားသမီး အဖြစ် လောကကြီးကို ရောက်လာတာ ဖြစ်ပါလိမ့်မယ်။

      မိဘတိုင်း သားသမီး ရှာကျွှေးတာ စားရဖို့ ကံမပါကြဘူး။

  • Wow

    February 15, 2013 at 1:52 pm

    ဆူးရေ..
    အမွေကတော့ မီးလိုပါပဲကွယ်…
    မစားထိုက်ပဲစားမိရင် ဒုက္ခရောက်ကြတာတွေ အများကြီးပါ…
    ဒါပေမဲ့လူတွေကတော့ သင်္ခန်းစာမယူကြပါဘူး :buu:

  • moonpoem

    February 15, 2013 at 2:10 pm

    မွေခံထိုက်စေ၊ လှူမျှှဝေရျ် ၊ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီး ကျင့်ဝတ်အတိုင်း မမဆူးခံယူချက်ကို လက်ခံပါတယ်။ မိဘက ထားပေးတဲ့အတိုင်း ထိုင်ကြည့်ရုံ စောင့်ရှောက်ရုံကတော့ ဘာမှ တိုးတက်လာမှာ မဟုတ်ပါဘူး။ ချဲထိုး၊ လောင်းကစားလုပ်ပြီး
    ဖြုန်းတာကို အားမပေးပေမယ့် အမွေအနှစ်တွေကို တိုးပွားအောင် လုပ်စေချင်ပါတယ်။

  • weiwei

    February 15, 2013 at 2:58 pm

    ဆူးရေးတာမှာ အမွေဆိုပေမယ့် အိမ်နဲ့ပဲ ဥပမာပေးထားလို့ လတ်တလောမြင်နေရတဲ့ အိမ်ပြသနာတစ်ချို့ ပြောပြချင်တယ် …

    အဖိုးအဖွားတွေလက်ထက်မှာ အိမ်ကြီးအိမ်ကောင်းတွေ အမွေထားခဲ့တယ် … သားသမီးလက်ထက်မှာ အဲဒါကိုရောင်းပြီး အိမ်လတ်လတ်ပြန်ဝယ်နေတယ် … မြေးလက်ထက်ကျတော့ အိတ်လတ်ကိုရောင်းပြီး တောဘက်က အိမ်စုတ်စုတ်ပြန်ဝယ်နေတယ် … နောက် မြစ်လက်ထက်ကျတော့ ဘာမှမကျန်တော့ဘူး .. တိုးပွားအောင်လဲမလုပ်နိုင် ထိန်းလဲမထိန်းသိမ်းနိုင်နဲ့ …

    အမတို့လမ်းထဲမှာ အဲဒီလိုနဲ့ အိမ်နီးနားချင်းတွေ တောဘက်ရောက်ကုန်ပြီး အဲဒီအိမ်တွေနေရာမှာ ပိုက်ဆံရှိတဲ့သူဌေး (အများအားဖြင့် ကုလားသူဌေး) တွေ နေရာယူလာကြပါတော့တယ် …

  • ခင်ခ

    February 15, 2013 at 3:25 pm

    အတော်များများပြောကြတာရှိတယ် အမွေဆိုတာ စားထိုက်မှ စားရတာလို့။
    မိဘအပေါ်သိတတ်တဲ့ သားသမီးအတွက် သိ တတ် တဲ့ အမွေရမှာပါ။
    ဆိုလိုတာက အသိတရားနဲ့ယှဉ်ပြီး ဘယ်လိုလုပ်ရမလဲ လုပ်တတ်တဲ့ အမွေပေါ့။
    ဒါဆို မိဘအပေါ် မသိတတ် တဲ့သားသမီးလည်း မ သိ တတ် တဲ့ အမွေရတာပေါ့။
    ဆိုချင်တာက မလုပ်တတ်မကိုင်တတ် ဘာလုပ်ရမယ်ဆိုတဲ့ အသိတရားမရှိဘဲ တိုးပွားအောင်မလုပ်တတ်တော့ နောက်ဆုံးအဆင်မပြေမှု့တွေ ပွေလို့နေပေါ့ဗျာ။
    ဆူးရေ အဲလိုတွေးမိလို့လေ။

  • kai

    February 15, 2013 at 4:05 pm

    ယူအက်စ်မှာတော့.. မိဘသေရင်..အမွေက.. အော်တိုမစ်တစ်.. မရဘူးထင်ပါတယ်..။
    သေမယ့်သူက.. . ဝဲလ်..သေတန်းစာရေးသွားရင်.. အဲဒီအတိုင်းပါပဲ..
    မရေးသွားရင်တော့.. တရားရုံးတက်ပေတော့ပဲ..။
    အဲ..
    ဘာငွေရရ.. အစိုးရကတော့..အခွန်တော့… ဝင်ချမယ်ပေါ့…
    ရတဲ့သူတွေက.. အခွန်ကြောက်လို့လား.. ခရစ်ယန်အယူကြောင့်လားတော့မသိ.. . လှူပစ်လိုက်တာတွေတော်တော်တွေ့ရတယ်..။ :bar:
    တခါများ.. အဖေက.. ဆေးရုံမှာပက်လက်.. သူ့ ပရောပါတီးကိုရောင်းဖို့..ပွဲစားစပ်တာနဲ့.. လိုက်သွားတာ..
    ကုတင်ဘေးမှာ.. သားသမီးတွေအကုန်ရှိတာကို.. မေးတယ်..
    ငါဒီပရောပါးတီးရောင်းပြီး.. အကုန်တပြားမကျန်.. ချချ်လှူမယ်လို့..
    သားသမီးအကုန်.. ဝမ်းသာအားရ.. ထောက်ခံပေးလို်က်တာပဲ…

    ဆိုတော့…
    ငွေက.. သုံးတတ်တဲ့လူ.. ငွေကြေးစီမံခန့်ခွဲတတ်တဲ့သူဆီမှာမှ.. မြဲတာ..တိုးပွားတာပါ..
    အဲဒီပညာက.. မာစတာအဆင့်တင်မက.. ဒေါက်တာရိတ်အဆင့်ထိတောင်ရှိပါတယ်..
    ယူအက်စ်မှာ.. ထီပေါက်ရင်.. သန်းရာဂဏန်းရတဲ့သူတွေလည်းရှိတာပါ..
    သူတို့ခမျာလည်း.. ဟိုလုပ်ဒီလုပ်နဲ့.. အချိန်တန်.. ပြုတ်ကုန်တာပါပဲ..
    မစီမံတတ်ရင်ပေါ့လေ..
    စီမံတတ်အောင်.. ငွေကြေးကျွမ်းကျင်သူတွေက.. လစာကောင်းကောင်းတောင်းပြီး.. ဝင်စီမံပေးတာတွေတွေ့ရတယ်..။
    ထိုက်တာမထိုက်တာဆိုတာထက်.. လုပ်တတ်ဖို့.. စီမံခန့်ခွဲမှုပညာကို သိဖို့တတ်ဖို့ သင်ဖို့လိုတယ်ပြောချင်တာပါ..။

    ပြောရရင်..
    မြန်မာပြည်ဆင်းရဲတာ.. အဲဒီငွေကြေးကိစ္စက.. အကြောင်းရင်းတခု အဓိကအနေနဲ့ပါတယ်..
    စစ်သား.. ဘုရားသားတွေက.. ငွေကြေးစီမံခန့်ခွဲတာမလုပ်တတ်ပဲ..ငွေကြေးလောကမှာ.. ဝင်ရောက်စီမံခန့်ခွဲကြလို့ပါ..
    အဲ..
    ထုံးစံအတိုင်း..
    အနှစ်၁၀၀ဝ ကျိန်စာ… :saut:

    • ဆူး

      February 16, 2013 at 10:25 am

      မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်တဲ့ အတွက် သေတမ်းစာ အကျုံးမဝင်ဘူး။
      မိဘသေရင် သားသမီး ရတယ် ဆိုတာ ဥပဒေ အရ ရှိပါတယ်။

      သေသူက မသေခင်မှာ ခရိယာန် ပြောင်းလိုက်တယ် ဆိုရင်တော့ သေတမ်းစာ ရေးခဲ့လို့ ရပါတယ်။

      ဆူး အဘိုးသေတော့ ဒီပိုစ်ထဲမှာ မီးလောင် သေသွားတယ် ဆိုတဲ့ အကို တယောက်က အဘိုးနဲ့ ငယ်ငယ်ကတည်းက တူတူနေတယ်။ တခုခုဆို အဘိုးက ရှင်းပေးထားလို့ ခဏခဏ အိမ်ပေါ်ကလည်း ဆင်းရတယ်။
      အဘိုးကျန်းမာရေး မကောင်းဖြစ်တာ ၁နှစ်ကျော်လောက် ဆေးရုံတက်ရတယ်။ ပြန်လည်ကျန်းမာလာလို့ ဆေးရုံက ဆင်းလာပြီး မကြာခင်မှာ မီးခံသေတ္တာဖွင့်ကြည့်မိတာ နှလုံးရပ်ပြီး သေသွားပါလေရော…
      ဆေးရုံတက်နေတဲ့ အချိန်မှာ ဘယ်လိုလုပ်လိုက်လဲ မသိဘူး အဘိုးစိတ်နဲ့တော့ မဖြစ်နိုင်ဘူး။ အဘိုးက အဲ့ဒီအိမ် သူ့ကို အမွေပေးခဲ့ကြောင်း သေတမ်းစာ သဘောမျိုး လုပ်ပြီး ရှေ့နေ့နဲ့ ရက်လည်လို့ အိုးတွေ ခွက်တွေတောင် မသိမ်းရသေးပါဘူး ချက်ချင်းကြီး ရောက်ချလာကြတာ.. အားလုံး အံ့ဩကြတယ်။
      အဖေက ရှေ့နေ နဲ့ ပတ်သတ်တဲ့ စာမေးပွဲ ဖြေဖူးတဲ့ အတွက် ဥပဒေ နံပါတ် အတိအကျနဲ့ ဗုဒ္ဓဘာသာ နိုင်ငံမှာ လုပ်လို့ မရဘူး ဆိုပြီး ခေါ်လာတဲ့ ရှေ့နေကို ပြောလိုက်တော့ ပါလာတဲ့ ရှေ့နေလည်း ဆက်ပြောရင် သူပါ လိမ်ညာမှု နဲ့ လိုင်စင် အသိမ်းခံရမှာ စိုးတာနဲ့ ဟုတ်တယ် ဆိုပြီး လက်လျော့သွားကြတယ်။

      ရီစရာ တခုကတော့ အဘိုးသေတော့ ရွှေဆိုင်သမားက အမွေခွဲရလွယ်အောင် ချိန်ခွင် နဲ့ ရောက်ချ လာတယ်။ အဘွားခေတ်တုန်းက ဝယ်သမျှ သူ့ဆိုင်ကချည်းပဲ ဆိုတော့ တော်တော် များမယ် ထင်နေတာ..
      အားလုံး စုပြီး မီးခံသေတ္တာဖွင့်လိုက်တော့.. ဘာရွှေမှ မရှိတော့ဘူး.. ဒါကြောင့် အဘိုးလည်း မီးခံသေတ္တာဖွင့်ပြီး ဟတ်ထိပြီး ချက်ချင်းလဲ သေသွားတယ် ဆိုတာ သိလိုက် ရတာ..
      တရားခံ ဘယ်သူလဲ ဆိုတာတော့ နောက်တော့ သိလာရတယ်။

  • မိုချို

    February 15, 2013 at 4:41 pm

    အမွေ ရတယ် ဆို ကတည်း က ကိုယ့် ပိုင် အစွမ်း အစ နဲ့ပင်ပင် ပန်း ပန်း ရှာရတာ မဟုတ်တဲ့ အတွက် အလွယ် တကူ၊ သုံး လွယ်၊ ကုန်လွယ် တယ်လို့ ထင်ပါတယ်။ မသုံး ပစ်ပဲ လုပ်ငန်း တစ်ခုခု မှာ ရင်း နှီး မယ် ဆိုရင် တောင် နဂို ထဲက ကိုယ်တိုင် လုပ်နေတဲ့ လုပ် ငန်း ကို အမွေ ရ လို့ ထပ်တိုး ချဲ့ တာနဲ့ ၊ အမွေ ရ မှ ကောက်ကာငင်ကာ ထ လုပ် တာနဲ့ ရလဒ်ခြင်း မတူ နိုင်ပါဘူး။ လုပ်ငန်း တစ်ခု ကို ကိုယ်ပိုင် ငွေ နဲ့ စတင် မယ် ဆိုရင် အထပ် ထပ် စဉ်းစား မယ်၊ သုံး သပ်မယ်။ အမွေ ရလို့လုပ် တယ် ဆိုရင်တော့ သိပ် မ သုံး သပ် ပဲ သူ များ အကြံ ညာဏ် နဲ့ ဖြစ်စေ၊ စမ်း တဝါးဝါး ကောက် လုပ်တတ် ကြတယ်။ အဲ ဒီ အပေါ် မှာ အမွေ ဆိုတာ ထိုက်မှ ရတာတွေ ၊ မထိုက်ရင် ကုန် တာတွေ ဖြစ်ကုန် ကြတာ ပါပဲ။

  • မောင်ပေ

    February 15, 2013 at 6:45 pm

    အင်း…. ဖိုးဖိုးပေတစ်ယောက် ဟိုက် ရပ်ပါမလေး စန္ဒီမြင့်လွင်နဲ ့ဝိုင်းဆု တို ့ဆိုထားတဲ့ သီချင်းကို သတိရမိသကွယ်
    ““ အခုတော့ ဟောင်းသွားပြီလား ”” ဆိုတဲ့ နေရာမှာ
    ““ အခုတော့ ပြောအားရှိပြီပေါ့ ”” လို ့သာ

  • Mobile

    February 15, 2013 at 9:29 pm

    ဟုက်ပီဗျ ဆူးပြောမှပဲ ကျုပ်လည်းသတိထားမိတယ်………
    ဝက်လုံးခေါင်းထဲဆင်တိုးပြီး တစ်ယောက်ထဲ ထမင်းငတ်နေတဲ့ ဘွမှာနေနေရတာကြာပီ
    မိဘတွေဆီက အမွေတောင်းကြည့်အုံးမှပဲ…………………………………………….

  • padonmar

    February 16, 2013 at 12:11 am

    အန်တီ့ဖွားလေး အပျိုကြီးက အန်တီ့ကို သူ့နာမည်ထိုးထားတဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် အမွေပေးခဲ့တယ်။
    ခုထိ ရှိသေးတယ်၊ကိုယ်လည်းဖတ်တယ်။သူများတွေကိုလည်း ပေးဖတ်တယ်။တတ်နိုင်သ၍လည်း လိုက်နာကျင့်သုံးတယ်။

    ဖွားလေးရဲ့ ရွှေထည်တွေကိုတော့ သူမဆုံးခင်ပဲ သူ့တူတူမ (အန်တီ့ဦးလေး အဒေါ်ဝမ်းကွဲတွေ)ကို အန်တီကိုယ်တိုင် ချိန်တွယ်ဝေခြမ်းပေးခဲ့ရတယ်။နှစ်နှစ်လောက်မှာ ကုန်သွားကြတယ်။

    ရွှေငွေတိုက်တာ အိမ်ခြံမြေ အမွေထက် ပညာအမွေကသာ ဆက်ခံဖို့ အကောင်းဆုံးပါလို့ မြင်ပါတယ်။
    မိဘက ဘယ်လောက်ရွှေငွေ ပုံပေးပေး ဝင်ငွေထွက်ငွေမျှတအောင် သုံးတတ်တဲ့ပညာမပေးခဲ့ရင် အလကားပါပဲ။

  • MaMa

    February 16, 2013 at 7:48 am

    အမွေကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ အတွေ့အကြုံမရှိဘူး။
    အဖေနဲ့ အမေအိမ်ထောင်ကျတော့ နှစ်ဖက်လုံးမိဘမရှိတော့လို့
    ကိုယ့်အားကိုယ်ကိုး ကြိုးစားလာကြရတယ်။
    အမွေကိစ္စရှင်းတာပေ့ါ။ :harr:
    ကိုယ့်လက်ထက်ကျတော့လည်း အိမ်ထောင်ကွဲရော၊ အိမ်ထောင်မကွဲရော ခုချိန်ထိ စုပေါင်းပြီး နေကြတော့ ဘာမှဝေဖို့ ခြမ်းဖို့ မလိုဘူး။
    နောက်တစ်ဆက်ကျရင်တော့ ဘယ်လိုလာမယ် မသိဘူး။
    ကလေးတွေကိုတော့ အမွေဆိုတာ ထိုက်မှ စံရတယ်။
    မက်မောနေလည်း ရချင်မှ ရတာ။
    ကိုယ်ပိုင်အရည်အချင်းသာ ကိုယ့်အတွက်ဆိုပြီး ပြောဆိုဆုံးမရတာပဲ။

  • ဆူး

    February 16, 2013 at 10:40 am

    မခိုင်ဇာ
    မဝေဝေ
    မဝေါင်း
    မွမ်းပိုအမ်
    ဦးခင်ခ
    မမိုချို
    အန်တီ ပဒုမ္မာ
    အန်တီ မမ

    ကွန်မန်း အတွက် ကျေးဇူးတင်ပါတယ်။
    အားလုံးရဲ့ ရည်ညွန်းချက် တခုကတော့ ငွေ အစုလိုက် အပြုံလိုက် ချက်ချင်းရလို့ အပျော်လွန်ပြီး ခွဲခြမ်း မစိတ်ဖြာ တတ်လို့ ကုန်သွားတယ် သဘော ရေးထားကြတယ်။

    အစုလိုက် အပြုံလို် ရတိုင်းတော့ အသုံးလွန်ပြီး လူတိုင်းတော့ မမွဲဘူး ထင်ပါတယ်။
    ဥပမာ မန်းမှာ ကျောက်အောင်ပြီး ချမ်းသာ သွားတဲ့ လူကြီးတွေ အများကြီးပဲ ရှိနေတာမို့..
    သဂျီးရဲ့ နှစ် ၁၀၀ဝ ကျိန်စာ ကွက်ကြားမိုးတွေ ရွာရွာနေတော့တာပါပဲ။

  • Mr. MarGa

    February 16, 2013 at 8:40 pm

    သားသမီးဝတ်ထဲက အဲဒီစကားစုလေးကို သတိ အထားမိဆုံးပဲ
    နောက် ဆက်တွေးမိတာကတော့ `စောင့်လေမျိုးနွယ်` ဆိုတဲ့ စကားစုပါ။
    မိဘရဲ့ အမွေကို ဆက်ခံနိုင်တဲ့ သားသမီး ဖြစ်ဖို့ လို်သလို
    ကိုယ့်အမျိုး ကိုယ့်အနွယ်ကို စောင့်စည်းဖို့လဲ အရေးကြီးပါတယ်။
    အမွေဆိုတာ ထိုက်မှ ရတာ ဖြစ်ပေမယ့်
    အမျိုးအနွယ်ကို စောင့်စည်းဖို့ကတော့ ကိုယ်တိုင် လုပ်ယူနိုင်တယ်လို့ ထင်ပါတယ်။
    သားသမီးတိုင်း `မွေခံထိုက်ဖို့` သာ မတွေးကြဘဲ
    အမျိုးစောင့်ဖို့ လဲ တွေးစေချင်ပါကြောင်းးးးးးးးးးးးးးး

  • အရီးခင်လတ်

    February 16, 2013 at 8:44 pm

    ဆူးရေ
    တကယ်တော့ အမွေဆိုတာလဲ ထိုက်မှ ခံစားရတာကလား။
    အရီးတော့ မိဘ အမွေ လဲရဖို့မတွေးပါဘူး။
    သူတို့ ဟာသူတို့ လှူဒါန်း သုံးစွဲ ဖို့ကိုဘဲ တိုက်တွန်းပါတယ်။
    မိဘကို ကိုယ်ကဘဲ ပြန်လည်လုပ်ကျွေး ချင်သူ ဖြစ်ချင်ပါတယ်။
    သားသမီး ပြန်ထောက်ပံ့တာလဲ မလိုချင်ပါဘူး။
    သူ့ဟာသူအောင်မြင်သွားရင်ဘဲ ပီတိဖြစ်ပါတယ်။
    ကိုယ့်ကိုပြန်မကြည့်လဲ နေပေါ့။
    ဒီတော့ ကိုယ့်ကလေးကိုလဲ ပညာဘဲ ပေးမယ်။ ဥစ္စာကိုယ့်ဟာကိုယ်ရှာလို့ ပြောထားတယ်။
    😆

  • uncle gyi

    February 16, 2013 at 10:52 pm

    အမွေဆိုတာထိုက်မှစံရတယ်ဆိုတဲ့စကားရှိပါတယ်ဆူးရယ်
    အဲဒါကိုအန်ကယ်တော့ယုံတယ်
    ကိုယ့်မျက်စိရှေ့တင်အမွေရပြီးမသုံးရသေးဖူးသေသွားသူနဲ့
    အမွေရပြီးမှမကြာဖူးမွဲသွားသူနဲ့
    တချို့လည်းဘာမှမဆိုင်သူတဦးကပေးသွားလို့ချမ်းသာသွားသူနဲ့အမျိုးမျိုးတွေ့ဖူတော့
    ထိုက်မှရတယ်ဆိုတာမှန်လိုက်လေလို့ပဲမှတ်ချက်ပေးချင်ပါတယ်ကွယ်

  • ဦးကြောင်ကြီး

    February 24, 2013 at 11:42 am

    ရွာသူ သမီးလေးတွေအတွက် ဦးကြောင်ကြီး အမွေပေးခဲ့ပါရစေ…။ မျက်လုံးဝိုင်းဝိုင်း နှာတံပေါ်ပေါ် နှုတ်ခမ်မးမွှေးကားကား နားရွက်ထောင်ထောင် အမြီးလှုပ်လှုပ် ဗိုက်လေးဖောင်းဖောင်း အသံတညောင်ညောင်နဲ့ ခြစ်ဖို့ကောင်းလိုက်မည့်ဖြစ်ခြင်း.. :harr:

    • ဆူး

      February 24, 2013 at 12:08 pm

      လူပိုကြီး လို့ ထင်ထားတာ မဟုတ်တော့ဘူးပေါ့.. 😀

Leave a Reply