အဌမနေ့

အချီး

၁၉ဝ၂ခု၊ နွေရာသီ အစောပိုင်းတွင် အီလီနွိုက်စ်တောင်ပိုင်း သတ္တုတွင်းမြို့ကလေးဖြစ်သော ကျောက်မီးသွေးမြို့မှ ဂျွန် ဘာရင်တန် အက်ရှ်လေသည် သူ၏အထက်အရာရှိ ဘရက်ကင်ရချ် လင်စင်းကို သတ်မှုဖြင့် အဖမ်းခံခဲ့ရသည်။ အက်ရှ်လေသည် ပြစ်မှုထင် ရှား၍ သေမိန့်ကျခဲ့သည်။ သေမိန့်ချပြီး ငါးရက်အကြာ ဇူလိုင်လ ၂၂ရက်၊ အင်္ဂါနေ့၊ တရားခံအား ကွပ်မျက်ရန်အသွား၊ ရထား ပေါ်တွင် အစောင့်များကြားမှ တရားခံသည် ဝင်ကယ်ထုတ်ခြင်း ခံရသည်။

အီလီနွိုက်စ်တောင်ပိုင်း မထင်မရှားမြို့ကလေးမှ သိပ်အရေးမပါသော ထိုဖြစ်ရပ်သည် တရားခံကို ထူးဆန်းစွာ ဝင်ကယ် ထုတ်ခြင်း မရှိခဲ့ပါက ဤမျှအမှတ်ထင်ထင် ဖြစ်ကျန်ရစ်မည် မဟုတ်ချေ။ တရားခံ အက်ရှ်လေသည် တစ်စုံတစ်ရာ ကြိုးပမ်း အားထုတ်ခြင်း မရှိပါဘဲ ဝင်ကယ်ထုတ်ခြင်းကို ခံခဲ့ရသည်။ အထမ်းသမားဝတ်စုံ ဝတ်ထားသော လူခြောက်ဦးသည် သော့ခတ် ထားသော တွဲထဲဝင်လာသည်။ ၎င်းတို့၏မျက်နှာများ ဖော့ဆို့ပြာသုတ်ထား၍ မဲသဲလျက်။ မှန်အိမ်ကို ရိုက်ခွဲပြီး သေနတ်တစ်ချက်မဖောက်၊ စကားတစ်ခွန်း မပြောဘဲ အစောင့်များကို အသာစီးရယူနိုင်ကာ တရားခံကို တွဲထဲမှ ထုတ်သွားခဲ့ကြသည်။ အ စောင့်နှစ်ဦးက သေနတ်တစ်ချက်စီ ဖောက်လိုက်ကြသေးသော်လည်း မှောင်ကြီးမဲကြီးထဲ ကိုယ့်လူကိုယ် မှားပစ်မိမည်စိုး၍ သေ နတ်သံထပ်ထွက်မလာတော့။ ဂျွန်အက်ရှ်လေဆိုသော လူသတ်တရားခံကို မိမိတို့အသက်ကို ပဓာန မထားဘဲ ဝင်ကယ်ကြသူ များမှာ မည်သူနည်း။ အခပေး ငှားရမ်းထားကြသူများလော။

ဂျွန်အက်ရှ်လေ၏ ဇနီး ဘီတာအက်ရှ်လေသည် တရားရုံးတွင် ထိုလူများကို မသိရိုးအမှန်ဖြစ်ကြောင်း ထပ်ခါတလဲလဲ ထွက်ချက်ပေးခဲ့ရသည်။ ကယ်ထုတ်ခြင်းဖြစ်ရပ်သည် မကြုံဖူးမကြားဖူးလောက်အောင် အံ့ဩစရာကြီး ဖြစ်၍နေသည်။ ဝင်ကယ် သူများ၏ အားအင်၊ ကျွမ်းကျင်မှု၊ တိကျမှု၊ ထိုအရာအားလုံးထက် အံ့ဩစရာကောင်းသော အသံတစ်ချက် မထွက်ခဲ့ခြင်းနှင့် လက်နက်မပါခြင်း။ အဖြစ်အပျက်များသည် ရိုးတွင်းခြင်ဆီ စိမ့်လောက်ဖွယ်ရာ။

အက်ရှ်လေအမှုကြောင့် အီလီနွိုက်စ်ပြည်နယ်တရားရုံးသည် လူရယ်စရာ ဖြစ်ခဲ့ရသည်။

လင်စင်း အသတ်ခံရပြီး နောက်တစ်နေ့ မနက် တနင်္လာနေ့တွင် အက်ရှ်လေကလေးများ အတန်းဖော်များ၏ မကြည် မလင်ဖြစ်မှုကြောင့် ကျောင်းထုတ်ခံရသည်။ သမီးလတ် ဆိုဖီယာ တစ်ဦးသာ အမေ့အစား မြို့ထဲဈေးဝယ်ထွက်သည်။ စာတိုက် လှေကားပေါ်တွင် အယ်လာဂိတ်က ဆိုဖီယာ့မျက်နှာထဲ တံတွေးထွေးခဲ့သည်။ ဂျွန်အက်ရှ်လေသည် ရုံးခွင်ကို သမီးများမလာရ ဟု တားမြစ်ထားရာ အသက်တစ်ဆယ့်ခုနစ်နှစ်ခွဲ ရှိပြီဖြစ်သော သားရော်ဂျာ သာ အမေ့ဘေးနားထိုင်၍ မြို့သူမြို့သားတို့၏ ပြကွင်းပြကွက်ကို အော့နှလုံးနာစွာ ကြည့်ခဲ့ရသည်။ နောင်တွင် ရော်ဂျာ့စာထဲ ဖတ်ရသည်မှာ ”မေမေက အခြေအနေတွေ ဒီ လောက်ဆိုးနေတာတောင် အကောင်းဆုံးနေပြသွားနိုင်တယ်” ဆိုသော စာကြောင်းပင်။ ရော်ဂျာ့မေမေ၏ထိုင်ခုံသည် တရားခံ၏ ထိုင်ခုံနှင့် ဆယ်ကိုက်ပင် မကွာခဲ့။ အိပ်မရနိုင်ခြင်းကြောင့် ပါးပြင်များ ဖြူလျော်သွေးဆုတ်လျက်။ မနက် ရှစ်နာရီခွဲဆိုလျှင် ရော်ဂျာ့မေမေသည် ပါးကို ကြာမြင့်စွာ ခပ်နာနာပွတ်၍ အခြေအနေကောင်းသလို မိမိကိုယ်ကို ယုံကြည်ချက်ရှိသလို တူနိုင် အောင် တုခဲ့ရသည်။

အက်ရှ်လေအမှုတွင် စိတ်မသက်သာစရာ အမှန်တရားတစ်ခု ပေါ်ထွက်ခဲ့သည်။ ကူညီရန်၊ ဖြေသိမ့်ပေးရန် ဂျွန်နှင့် ဘီတာ နှစ်ဖက်ဆွေမျိုးများ ရောက်မလာကြ။

ကမ်းပါးစောက်နှစ်ခုကြားမှ ရှည်လျားကျဉ်းမြောင်းသော ကျောက်မီးသွေးမြို့လယ်ပိုင်းသည် မြောက်အရပ်နှင့် အရှေ့ တောင်အရပ် ပြေးသော မြို့ဝင်လမ်းမကြီးကြောင့် တိုက်ရိုက်နေရောင်ကို နည်းပါးလွန်းစွာ ရရှိသည်။ မြို့သူမြို့သားများသည် နေတက်နှင့် နေဝင်ကို မမြင်ရသလောက်ရှိသည်။ ကြယ်စုကြယ်ဝေးများကိုပင် တစိတ်တပိုင်းလောက်သာ မြင်ကြရသည်။

မြို့၏မြောက်ဘက်စွန်းတွင် ဘူတာရုံ၊ မြို့တော်ခန်းမ၊ ဒေသန္တရအုပ်ချုပ်ရေးရုံး၊ အီလီနွိုက်စ်ထမင်းဆိုင်နှင့် ရှေးယခင်က မက်ဂရေဂေါ ဆောက်လုပ်ခဲ့သော ‘မြိုင်ဂေဟာ’ ခေါ် အက်ရှ်လေမိသားစုပိုင် အိမ်ကြီးရှိသည်။ မြို့၏တောင်ဘက်စွန်းတွင် သချႋုင်း၊ လင်စင်းမိသားစု နေထိုင်သော ‘စိန့်ကစ်’ ဂေဟာနှင့် ပန်းခြံ ရှိသည်။ ပန်းခြံထဲတွင် စစ်သားရုပ်တု။ မြိုင်ဂေဟာနှင့် စိန့်ကစ်အိမ်နှစ်လုံးသည် အခြေအနေရှိသည်ဟု ဆိုရမည့် ကျောက်မီးသွေးမြို့၏ နှစ်လုံးတည်းသော အိမ်ကြီးရခိုင်များ ဖြစ် သည်။ ရေယဉ်သွင်သွင် မမြူးသော ကန်ဂါဟီလာချောင်းသည် မြို့ဝင်လမ်းမကြီး၏ အရှေ့ပိုင်းတောင်ကြားကို ဖြတ်၍ စီးဆင်း လာပြီး မြိုင်ဂေဟာနှင့် စိန့်ကစ်အိမ် နှစ်အိမ်စလုံးတွင် ရေအိုင်ကလေး ဖြစ်ထွန်းပြီးမှ ဆက်လက်စီးဆင်းသွားသည်။
မြို့သည် ဆောင်ယူထားသော အသွင်အပြင်ထက် ပိုကျယ်ဝန်းသည်။ မြို့လယ်ကောင်သည် ကျဉ်းမြောင်းသော တောင် ကြားထဲတွင်ရှိ၍ အိမ်များသည်လည်း ပတ်ပတ်လည် တောင်ကြားတစ်လျှောက် မြောက်နှင့်တောင်တန်း၍ တည်ရှိနေကြရသည်။
ခင်ကြောတစ်လျှောက် တောင်ရိုးတစ်လျှောက် ကျောက်မိုင်းလုပ်သားများ အုပ်လိုက်နေထိုင်ကြသည်။ ကုမ္ပဏီပိုင် ကုန်စုံဆိုင်များ၊ ကျောင်းနှင့် ဘုရားကျောင်းများ ကိုယ်စီရှိကြသည်။ မိုင်းသားများ မြို့ထဲဆင်းလာခဲသည်။

၁၉ရာစုအတွင်း ကျောက်မီးသွေးမြို့သည် အကြိမ်ပေါင်းများစွာ ကျယ်ပြန့်လိုက် ကျုံ့ဝင်လိုက် ဖြစ်ခဲ့သည်။ တခါက ဆိုလျှင် သတ္တုကျင်းများသည် အလုပ်သမားပေါင်း သုံးထောင်နီးပါးကို အလုပ်ပေးနိုင်ခဲ့သည်။ ကလေးများ ရာချီရှိခဲ့ဖူးသည်။

ကျောက်မီးသွေးမြို့၏ စိတ်ကုန်စရာလည်းကောင်း၊ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်စွမ်းလည်း ရှိသော ပိဋကတ်အိုးကွဲ ဒဿနဆရာကြီးကား ဒေါက်တာဂီလီ ဖြစ်သည်။ ဒေါက်တာဂီလီသည် သမ္မာကျမ်းလာနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်စွာ ကမ္ဘာကြီးသည် နှစ်သန်းပေါင်းများစွာ အချိန်ယူဖြစ်တည်ခဲ့ရသည်ဟု ယုံကြည်ထားသည်။ အရေးကြီးကိစ္စကို ဒေါက်တာဂီလီ စကားပြောပြီဆိုလျှင် ဒဿနဆရာကြီး အတည်ပြောခြင်းလော၊ ရွှတ်နောက်ခြင်းလော နားထောင်သူတို့ခမျာ ဇဝေဇဝါဖြစ်ကြရ သည်။ ဒေါက်တာဂီလီ၏ စိတ်ပိုင်းဆိုင်ရာ ယုတ္တိစမ်းမှု ဇက်ကုန်လွှတ်ခြင်းကို ကြာမြင့်စွာ အမှတ်ရနေသူတို့မှာ မြို့ပေါ်မှ လက်ရွေးစင်လူစုစုကလေးသာ ဖြစ်သည်။

၁၈၉၉ခု၊ ဒီဇင်ဘာ ၃၁ရက်၊ နှစ်သစ်အကြိုနေ့ ဖြစ်သည်။ ထိုနေ့သည် နှစ်သစ်အကြိုနေ့တင် မဟုတ်၊ ရာစုသစ်အ ကြိုနေ့ ဖြစ်သည်။ ဒေသန္တရ အုပ်ချုပ်ရေးရုံးရှေ့တွင် နာရီထိုးသံ စောင့်နေသော လူအုပ်ကြီး။ လူအုပ်ကြီးထဲတွင် အလွန်အမင်း ပျော်ရွှင်ခြင်းများရှိသည်။ ကောင်းကင်ဘုံတံခါးကြီးပဲ ပွင့်ထွက်တော့မလို။ နှစ်ဆယ်ရာစု … ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ရာစုဖြစ်လာတော့မည်။ လူသားများ ဝေဟင်ထဲ ပျံဝဲနိုင်ကြမည်။ တီဘီ၊ ဆုံဆို့နာနှင့် ကင်ဆာရောဂါများ ပျောက်ကင်းနိုင်တော့ မည်။ ၎င်းတို့နေထိုင်ရာ တိုင်းပြည်၊ ပြည်နယ်၊ ဤမြို့ကလေးသည် ရာစုသစ်တွင် ကြီးမားသော ကဏ္ဍထဲ သိက္ခာရှိရှိ ပါဝင် ကပြကြရတော့မည်။
ဒေသန္တရ အုပ်ချုပ်ရေးရုံး၏ နာရီကြီး ရာစုအပြောင်းကို ဒင်ခနဲ ထိုးလိုက်သည်နှင့် အမျိုးသမီးများအားလုံး မျက်ရည် လည်ရွဲ ဖြစ်ကုန်ကြသည်။ အချို့အမျိုးသားများလည်း ထိုနည်းအတိုင်း။ ရုတ်ချည်းမှာပင် လူအုပ်သည် ”အို ကိုယ်တော်” အစ ချီကာ သီချင်းတစ်ပုဒ်ကို သံပြိုင်ဟစ်ကြေးွလိုက်ကြသည်။ တစ်ဦးနှင့်တစ်ဦး ဖက်ရမ်းနမ်းရှုတ်ကြသည်။ ဆန္ဒထုတ်ဖော်ပြသခြင်း  ပုံစံကား ထူးထွေတည့်အံ့ရာသော်။

အချင်းချင်း မျက်မုန်းကျိုးကြသော ဘရက်ကင်ရချ် လင်စင်းနှင့် အော်လ်ဂါဒုကော့ဗ် ခေါ် အော်လ်ဂါဆာဂီဗနာ တို့ နမ်းရှုတ်ကြသည်။ အချင်းချင်း ချစ်ခင်ကြသော ယူစတေးရှားလင်စင်း နှင့် ဂျွန်အက်ရှ်လေတို့ ခပ်ဖယ်ဖယ် နမ်းရှုတ်ကြသည်။ တစ်သက်မှာ တစ်ကြိမ်သာ နမ်းရှုတ်ခဲ့ခြင်း။ အသက် တစ်ဆယ့်လေးနှစ်နှင့်ငါးပတ်သာ ရှိသေးသော ရော်ဂျာအက်ရှ်လေသည် နောင်ကိုးနှစ်အကြာတွင် သူလက်ထပ်ယူမည့် ဖီလီစီတီလင်စင်းကို နမ်းရှုတ်ခဲ့သည်။ လူကြီးတွေ၏ အပြုအမူနှင့် ဟန်တစ်လုံးပန်တစ်လုံး အချိန်အခါကြီးကို ကြည့်ပြီး ကြက်သေသေလျက်ရှိသူကား ဆယ့်ငါးနှစ်သား ဂျော့လင်စင်း သို့မဟုတ် မြို့မေတ္တာခံယူသော ကောင်ကလေး။

နောက်ဆုံးတွင် လူအုပ်ကွဲသွားကြသည်။ လူအယောက်နှစ်ဆယ်ခန့်သည် ဧရာမနာရီကြီးအောက်တွင် ဖင့်နွှဲလျက် ရှိသေးသည်။ စိတ်လှုပ်ရှားမှုကို ထပ်မံဖော်ပြရန် ရှာဖွေကောင်းဆဲ။ တစ်ခုခု ပူပူနွေးနွေးသောက်ရန် အကြောင်းပြကာ ထမင်းဆိုင်ထဲ ဝင်လာ ကြပြန်သည်။ သမီးမိန်းကလေးများကို အိမ်ပြန်လွှတ်လိုက်ကြပြီ။ လူအုပ်သည် အမျိုးသမီး ဝင်ခွင့်မရှိသော ဘားခန်းထဲ ဝင် လာကြကာ နောက်ဘက်ခန်းထိဝင်ပြီး ဆိုင်ရှင်ကြီး မစ္စတာစော်ဘေး ကိုယ်တိုင်ဝေသော နွားနိုု့ပူပူ၊ ယမကာတို့ကို သောက်ကြ သည်။
လူအများနှင့်ဆိုလျှင် အမြဲအကောင်းဆုံးဖြစ်နေသော၊ ပြစ်ချက်မရှိသော အိမ်ရှင်၊ သတ္တုတွင်းများ၏ ဒေသခံမန်နေဂျာ ဘရက်ကင်ရချ် လင်စင်းသည် လူအုပ်အတွက် စကားထပြောသည်။
”ဒေါက်တာဂီလီ၊ ရာစုသစ်ဟာ ဘယ်လိုနေမလဲ။ ဆိုစမ်းပါဦးဗျ”
ထိုအခါ အမျိုးသမီးများက ”ဟုတ်တယ် … ဟုတ်တယ် … ဒေါက်တာ ဘယ်လိုထင်လဲ၊ ပြောပါဦး” ဟု တောင်းဆို ကြရာ ယောက်ျားများပါ လည်ချောင်းရှင်း၍ နားထောင်ဖို့ မောင်းတင်ကြသည်။
ဒေါက်တာဂီလီသည် ငြင်းဆိုမနေတော့ဘဲ ဖွင့်ပွဲစတင်လိုက်သည်။
”သဘာဝတရားကြီးဟာ ဘယ်တော့မှ အိပ်မောကျမနေဘူး။ သက်ရှိဖြစ်စဉ်တွေဟာ ဘယ်တော့မှ ရပ်တန့်မသွားဘူး။ဖန်ဆင်းမှုဟာလည်း ဘယ်တော့မှ နိဂုံးချုပ်မသွားဘူး။ ကျမ်းစာအုပ်ထဲမှာ ပါတာက ဘုရားသခင်ဟာ ဆဋ္ဌမနေ့မှာ လူသားကို ဖန်ဆင်းပြီး အနားယူတယ်။ ဒါပေမယ့် တစ်ရက်တစ်ရက်ဆိုတာ နှစ်သန်းပေါင်းများစွာ ကြာတာကလား။ အနားယူတဲ့နေ့က တော့ မကြာဘူး။ ဒီတော့ လူသားဆိုတာ အဆုံးမဟုတ်၊ အစပဲ ဖြစ်နေတယ်။ ကျုပ်တို့တတွေဟာ ဒုတိယပတ်ရဲ့ အစဖြစ်နေ တယ်။ ကျုပ်တို့ဟာ အဋ္ဌမနေ့ရဲ့ ကလေးတွေဖြစ်နေတယ် … ”
x            x            x            x

နာမည်ဆိုးဖြင့် ကျော်ကြားသော အက်ရှ်လေအမှုဖြစ်ပြီး နောင်ငါးနှစ်အကြာတွင် ကျောက်မီးသွေးမြို့အနီးမှ ခေါင်း
လောင်းပြာကျင်းနှင့် ဟန်ရီတာ မက်ဂရေဂေါကျင်းတို့ ပိတ်သိမ်းလိုက်ရသည်။ ရှေးယခင်ကတည်းက ကျောက်မီးသွေးအရည်အသွေး ညံ့ဖျင်းလာခဲ့ရာ ယခုတော့ အရေအတွက်ပါ နိဂုံးကမ္ပတ် အဆုံးသတ်သွားချေပြီ။
မြို့ကလေးလည်း တစ်စတစ်စနှင့် သေးကွေးကျုံ့ဝင်လာသည်။ အသတ်ခံရသူ မိသားစုနှင့် တရားခံဖြစ်ရသူ မိသားစု – နှစ်စုစလုံး မြို့မှ ပြောင်းရွှေ့ ထွက်ခွာသွားကြသည်။ ထိုမိသားစုနှစ်စု၏ အိမ်ကြီးနှစ်လုံးလည်း တစ်လက်ပြီးတစ်လက် ပြောင်းခဲ့ကြသည်။ ‘အခန်းရမည်’ ‘ရောင်းရန်’ စသော ဆိုင်းဘုတ်များ ချိတ်ဆွဲခံခဲ့ရသည်။ နောက်ဆုံးမတော့လည်း ဆိုင်းဘုတ်များ နံရံမှ ပြုတ်ကျ ဖတ်မရနိုင်တော့။ အိမ်ကြီးနှစ်လုံး၏ ကျိုးပဲ့ပြတင်းများမှ မိုးရေနှင့် ဆီးနှင်းတို့ ချင်းနင်းနယ်ချဲ့လာကြသလို အပေါ်ထပ်အောက်ထပ် နှစ်ထပ်စလုံးသည် ငှက်ငယ်တို့ သိုက်မြုံဖွဲ့တည်စရာ ဖြစ်လာခဲ့သည်။ ခြံစည်းရိုးပင်များ လူသွားလမ်း ပေါ် လှိုင်းလုံးကြီးနှယ် ဆိုင်းဝိုင်းလျက်။ မြိုင်ဂေဟာ  အိမ်နောက်ဘက်မှ နွေရာသီအိမ်ကလေးလည်း ရေအိုင်ထဲ လျှောကျနစ် မြုပ်သွားခဲ့သည်။ ဆောင်းပေါက်သည်နှင့် ကလေးတို့အမေများက ကလေးတို့အား မြိုင်ဂေဟာနှင့် စိန့်ကစ်အိမ်သို့ လွှတ်ပြီး ပဲ ထောပတ်သီးနှင့် သစ်အယ်သီး ကောက်ခိုင်းကြသည်။
မိုင်းကျင်းအလုပ်များ ရပ်ဆိုင်းသွားသည်နှင့် လေထုသန့်စင်လာသည်။ အိမ်ရှင်မများ ပြတင်းလိုက်ကာ အဖြူရောင် မတပ်ရဲသေးသော်လည်း အထက်တန်းလေ့ကျင့်ရေး ကျောင်းသူလေးများ ၁၉၁ဝခုတွင် ပထမဆုံး အဖြူရောင်ဝတ်စုံ ဝတ်ကြသည်။ တောလိုက်မုဆိုးများ နည်းပါးသွား၍ တောယုန်၊ မြေခွေးနှင့် ငုံးကောင်ရေ တိုးပွားလာသည်။ အမျိုးစုံသော ငါးသလောက်များ ကန်ဂါဟီလာ ချောင်းရိုးအတိုင်း တအုပ်တမကြီး ဆန်တက်လာကြသည်။ ရှေးယခင်က ဤဒေသကို ရှောင်ကွင်းသွားသော ဗွတ်ကလုံ၊ စာဘုန်းကြီး စသော ငှက်ကလေးများ ယခုတော့ အရပ်ရှစ်မျက်နှာမှ တသဲသဲ နယ်ကျူးလာကြပြီ။
နွေဦးရာသီတွင် မိုးမင်းလွန်ကဲကာ သဲကြီးမဲကြီး ရွာချပြီးပါက လေထုထဲဝယ် ဆန်းပြားသော ထစ်ကြိုးသံတစ်မျိုး  သိမ့်သိမ့်ခါ ဟစ်မြည်နေလေ့ရှိသည်။ တောင်ကုန်းများ စွန့်ပစ်မိုင်းကျင်းများဖြင့် ဆန်ကာပေါက်ဖြစ်၍နေသည်။ မိုင်းကျင်းအထက် မှ ဘူမိမြေလွှာသည် လိုဏ်ခေါင်းဖြစ်နေပြီမို့ ထွက်ပေါ်လာသော အသံသည် မြေပြိုကျသံထက် ငလျင်လှုပ်သံနှင့် ပိုတူနေသည်။  မြို့သူမြို့သားများ မြေလွှာလှုပ်ရှားမှုကို ထွက်ကြည့်ကြရသည်။ ထိုတောင်ကုန်းများကား လူသားတို့ အလုပ်ကြမ်းလုပ်ခဲ့ကြရာ နေရာ၊ တစ်ရက်လျှင် နေ့ဝက်၊ နောင်တွင် တစ်ရက်ဆယ်နာရီကြာအောင် ရုန်းခဲ့ကြရာနေရာ၊ လူများစု ချောင်းဆိုးရင်ကြပ်ခဲ့ရာ၊ အဆုတ်တို့ပျက်စီးခဲ့ရာ အကျဉ်းစခန်း။ သို့သော် ယခုတော့လည်း ထိုချွေးတပ်အကျဉ်းထောင် အဖြစ်ထက် အတိတ်တချိန်၏ ဧရာမကြီး ယိုယွင်းလိုက်လာနေသည် ဟူသော အချက်ကသာ ထင်သာမြင်သာ ဖြစ်နေသည်။
လိုဏ်တွင်းကြီးများ၊ ခုံးမိုးစင်္ကြံကြီးများ၊ ခန်းမဝိုင်းကြီးများ … မြင်ရရုံနှင့် ကလေးတစ်ယောက်ကိုပင် ချောက်ခြားတိတ် ဆိတ်သွားစေသည်။ နောင်သော် စပျစ်ရိုင်း ခြုံရိုင်းများ မြေအောက်ကမ္ဘာ၏ ဝင်ပေါက်ကို ဖုံးလွှမ်းပစ်လိုက်သည်။ တိုးပွားလာ သော လင်းဆွဲကောင်ရေများကား နေညိုသည်နှင့် လျှိုအထက်တွင် သောသောရုတ်ရုတ် ဝဲလှည့်နေကြတော့သည်။
ဒေါက်တာဂီလီ အင်မတန်အာတွေ့ခဲ့သော ဓာတ်ပြားဟောင်းကြီးအတိုင်း သဘာဝတရားကြီးသည် ဘယ်တုန်းကမှ အိပ်မောကျမနေခဲ့။
ကျောက်မီးသွေးမြို့ကလေးတွင် စာတိုက်မရှိတော့။ မစ္စတာဘော့ဇခ်၏ ကုန်စုံဆိုင်ကို စာဝေစခန်းလုပ်ထားသည်။ စီ ရင်စုရုံးကိုလည်း ဖို့ဒ်ဘယ်ရီသို့ ပြောင်းရွှေ့သွားကြသည်။

 

မူရင်းဝတ္ထု  —  The Eighth Day မူရင်းစာရေးဆရာ — Thornton Wilder

 

11 comments

  • ဝင့်ပြုံးမြင့်

    February 22, 2013 at 12:49 am

    မထုတ်ဝေရသေးတဲ့ အသစ်စက်စက်လေးပါနော်။ မူရင်းဝတ္ထု ရှည်လျားပေမယ့် တဖြည်းဖြည်းဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ဘာသာရေးလည်း မဟုတ်၊ အချစ်ဝတ္ထုလည်း မဟုတ်၊ ဘွတွေ ဘွတွေအကြောင်း၊ မိဘနဲ့သားသမီးဆက်ဆံရေးအကြောင်း၊ ဒါမှမဟုတ် လူမှုပြုပြင်ရေးလို့ ပြောရင်လည်း ရနိုင်ပါတယ်။ မျက်ရည်မချူနိုင်ရင်တော့ ပြုံးအပြစ်ပါပဲ။

  • pooch

    February 22, 2013 at 12:57 am

    ဟုတ်ကဲ့ပါ မပြုံး စောင့်ဖတ်ပါ့မယ်
    တိမ်ယံကဝယ်လို့ရလိုက်ပါတယ် မနေ့က
    မာရီယမ်ပဲမရတာ
    ဖတ်ရင်းတန်းလန်းပဲရှိသေးတာ

    မအားတဲ့ကြားက အချိန်လုတင်နေတာလားအမ

  • padonmar

    February 22, 2013 at 1:09 am

    ပြုံးရေ
    နေအသချေင်္ကတော့ နည်းနည်းမြည်းကြည့်တာ တစ်ထိုင်တည်းနဲ့ စာမျက်နှာ ၆ဝ ကျော်သွားလို့ မနည်းဖြတ်ထားလိုက်ရတယ်။
    ပြီးသွားမှာ နှမျောလို့။
    ဒါလည်း စောင့်ဖတ်မယ်နော်။

  • သကြားလုုံးကြော်

    February 22, 2013 at 3:43 am

    အောင်မြတ်လေး နောက်တစ်အုုပ်ရောက်လာပါလား။ ဖတ်လိုု့မမှီတော့ဘူး။ ၁၉ ၈၄ စာအုုပ်အကြောင်းဂေဇက်ပေါ်မှာ တွေ့တုုန်းက တိုုက်တုိုက်ဆိုုင်ဆိုုင် Haruki Murakami ရဲ့ 1Q84 ဖတ်နေလက်စ။ ရွာသားတွေနဲ့ အဖော်ရှိတုုန်းအမှီလိုုက်ဖတ်ရအောင် 1Q84 ကိုု ၅၀% လောက်မှာချထားပြီး 1984 ကိုုပြောင်း ဖတ်လိုုက်တယ်။ 1984 က ၈၀% လောက်ပဲရှိသေးတယ် နေအသချေင်္ စာအုုပ်အကြောင်းတွေ့လိုု့ မနေ့က လှန်လိုုက်တာ တဝက်တပျက်တွေ တိုုးလာမှာစိုုးလိုု့ တန်းစီဖိုု့ ဒေါင်းလုုပ်လုုပ်ပြီး မနဲဖြတ်ထားရတယ်။ ဒီစာအုုပ်ကိုုလည်း တန်းစီတဲ့ထဲထည့်ထားလိုု်က်မယ်။ Big brother ကိုုအရင်ဖြတ်လိုုက်ဦးမယ်။ ကောင်းခန်းရောက်နေပြီ။

  • Shwe Ei

    February 22, 2013 at 10:06 am

    ကောင်းခန်းရောက်မှ မီးပြတ်သွားသလိုဘာဘဲခညာ။
    ရင်ထဲမှာ မရိုးမရွဖြစ်ကျန်ခဲ့တယ် :kwi:

  • kyeemite

    February 22, 2013 at 10:34 am

    စိတ်ဝင်စားစရာ ဇတ်လမ်းလေးပါ..စောင့်ဖတ်ပါ့မယ်ခင်ဗျား…

  • ဝင့်ပြုံးမြင့်

    February 23, 2013 at 12:20 am

    အန်တီပဒုမ္မာနဲ့ မယ်ပုကို စာအုပ်အားပေးလို့ ကျေးဇူးတင်ပါတယ်နော်။
    သကြားလုံးကြော် ကတော့ အမထက်တောင် စာဖတ်နာမယ့်ပုံပဲ။ အခု သကြားလုံးကြော် ပြောတဲ့ စာအုပ်ကို အမ မဖတ်ဖူးသေးဘူး။ အမက စာဖတ်သက် သိပ်မရင့်ဘူး။ စာသိပ်မဖတ်တာလည်း မဟုတ်ဘူး။ ဖတ်ပြီးသားကိုပဲ ပြန်ပြန်ပြီး ဖတ်နေတာနဲ့ ရှေ့ဆက်မတက်တော့တာ။
    ညီမရွှေအိနဲ့ ဦးကြီးမိုက်ရေ — အားပေးမယ်ဆိုလို့ အားတက်သွားပြီ။ ဟိုယခင် စာရေးဆရာတွေက အခုခေတ်လို ပုံသေနည်းနဲ့ ဝတ္ထုရေးတာမျိုး မဟုတ်ဘူး။ လွှတ်ပြီးရေးကြတာလေ။ ဒီတော့ ပေရှည်တယ်။ စုံစီနဖာ ကောင်းနိုးရာရာလေးတွေလည်း ဝတ္ထုထဲ မလိုအပ်ဘဲ ထည့်ရေးထားကြတယ်။ တစ်မျိုးတော့လည်း ဖတ်ကောင်းတာပါပဲ။

    • သကြားလုုံးကြော်

      February 23, 2013 at 1:54 am

      “အမထက်တောင် စာဖတ်နာမယ့်ပုံပဲ”
      မလုုပ်ပါနဲ့ အမရယ်။ မဟုုတ်ရပါဘူး။ ကိုုယ့်ဘာသာကိုုရှာဖတ်ရင် Young Adult fiction ထဲကပဲ ဖတ်ဖြစ်တာတွေများနေလိုု့ (မျက်နှာဖုုံးကအစ ဆွဲဆောင်အားကောင်းတယ်လေ) အမ ဘာသာပြန်တဲ့ စာအုုပ်တွေတွေ့မှပဲ ယုုံယုုံကြည်ကြည် လိုုက်ဖတ်ရတယ်။ တခြားကောင်းတာလေးတွေလည်း ညွှန်းပါဦး။

      ဒီနှစ်ပိုုင်း ဖတ်ဖြစ်တဲ့ထဲမှာ အတော် သဘောကျတဲ့ စာအုုပ်ကလေး ညွှန်းပါရစေ။ The perks of being a wallflower ကိုုဖတ်ကြည့်ပါ။ (ရုုပ်ရှင်က ဆယ်ကျော်သက်ဇာတ်လမ်း လိုုဖြစ်နေပေမယ့် စာအုုပ်က Young adult category ထဲကမဟုုတ်ပါ)။ စာအုုပ်ကတော့ တော်တော်ကောင်းလိုု့ လူတိုုင်းကိုု ညွှန်းဖြစ်နေတယ်။ ဇာတ်လမ်းသွက်ပြီး အတော် ဟာ့ဒ်ထိသွားပါတယ်။

  • Mr. MarGa

    February 23, 2013 at 8:13 pm

    ဆရာမရေ
    ဒီတစ်ပုဒ်ကို စိတ်ရှည်လက်ရှည် စောင့်ဖတ်ပါမယ်နော်
    ထွက်ပြီး စာအုပ်တွေလဲ ဝယ်ရန်စာရင်းထဲထည့်ထားပါကြောင်း
    အဲဒါလေး :hee:

  • ဦးကြောင်ကြီး

    February 24, 2013 at 10:04 am

    တခုသိချင်တာ ပိဋကတ်အိုးကွဲ ဒေါက်တာဂီလီဆိုတာ ကိုဘေးနွားကင် သဂျီးဦးခိုင်ကို စောင်းပြောတာလား ဆြာမ၊ ဟုတ်တယ်ဆိုရင်တော့ အဲလို ရွာအကြီးအကဲကို မခန့်လေးစား မလုပ်သင့် ထင်ပါဒယ်ဆြာမ။
    နောက်ပီးဒေါ့ သကြားလုံးကြော်ဂလေးကို ခြစ်နေမိပီလို့ ပြောပေးပါဆြာမ။ ကျနော်လည်း စာကြိုက်သူတယောက်ပါ ဆြာမ။ အရင်ဘဝမှာ ခြဖြစ်ခဲ့ဖူးလို့ စာအုပ်ဆို ဘာလာလာ ကြိုက်ပါတယ်ဆြာမ။ ကျနော် ကိုယ်တိုင်ကတော့ အင်္ဂလိပ်စာဆို ရိုးသွားပီမို့ လက်တင်စာ ပြင်သစ်စာ ဂျာမန်စာတွေပဲ ဖတ်ပါတော့တယ် ဆြာမ။ သကြားလုံးလေး လက်ခံရင် သူနဲ့ကျနော် မင်ဂါဆောင်ပွဲမှာ ဆြာမကို အင်္ဂလိပ်လို မင်ဂါဩဘာစာဖတ်ဖို့ ဖိတ်ပါရစေ ဆြာမ။

  • ကြက်အူလှည့်

    June 5, 2013 at 7:50 am

    အီလီနွိုက် ဟာ ကျောက်မီးသွေးတွင် းဒေသဖြစ်ခဲ့သကိုး..
    မသိဘာဘုဗျာ..ခုသိရပြီ ကျေးကျေး
    အဲ့သည့်ခေတ်နောက်ပိုင်းမယ် ပြောင်းခိုသူတွေ အခြေချတတ်တဲ့ နေရာလို့လဲ ယူဆမိသဗျ…
    ကျော် ညွှန်းဆိုသူပင်လျင် အိုးလ်ယင်းဂလိ ပြောတဲ့ ပိုးလစ်ရှ် ကပြား ဖြစ်နေသေးတာကိုး..
    သူ့မိဘတွေ စစ်ပြီးတော့ ပြောင်းလာကြတယ်ဆိုလား..

    ခင်တဲ့
    P.S
    ထုံးစံအတိုင် းရသ စာပေမို့ ကျော်သွားပြီး အပိုင်းလေး မြည်းကြည့်ရင်း ခုမှ စ-ဖတ်မိတာ ဝန်ခံပါသ်ည

Leave a Reply