မသိသာတဲ့ အလွမ်းများ အကြောင်း….
ကျွန်တော်သည် သူမကို သိပ်ချစ်မိသည့်အတွက် “မင်းကို ငါ တကယ်မချစ်ခဲ့ဘူး” ဟု ဝန်ခံခဲ့ပါသည်။ ထိုစကားသည် တယ်လီဖုန်းထဲမှာ ပြောခဲ့သည် စကားဖြစ်ခဲ့သည်အတွက် သူမ၏ မျက်နှာကို မမြင်ရသော်လည်း (သူမ၏ လေသံအနေအထားကြောင့်) ကျွန်တော် ခန့်မှန်းနိုင်ခဲ့ပါသည်။ တစ်နှစ်ဆိုသော အချိန်သည် လွယ်လွယ်ကူကူလေးမျှသာဖြစ်သည်။ သူမနာမည်ကို ကျွန်တော်က သူများတွေလို မခေါ်ချင်တော့။ ဒါကြောင့် ကျွန်တော်သည် သူမနာမည်ကို မခေါ်ဘဲ သူမကိုလည်း မဆက်ဆံတော့ပဲ ဒီအတိုင်းပဲနေခဲ့၏ ထိုအချိန်မှစ၍ သူမနှင့်ပတ်သက်သည့် ကျွန်တော့် မှတ်ဉာဏ်အားလုံးမှာ စုတ်ပြတ်နွမ်းရိနေခဲ့ပါသည်။
အခုတော့ အဟောင်းများကြားတွင် ကားတွန်းဇာတ်ကောင် “Winnie” ဆိုသည့် နာမည်လေးကို ပြန်လည်သတိရနေမိ၏ နောက်တစ်ခုက သူမ၏ ဖုန်းနံပါတ်။ ပြီးတော့ သူမရဲ့ သွားတက်ချွန်ချွန်လေးလေးတွေ၊ ပြီးတော့ အပြာရောင်နှင့် အနက်ရောင်များ ပြီးတော့ သူမ ထားခဲ့သော အရုပ်လေးတစ်ရုပ်၊ ပြီးတော့ … ပြီးတော့ တစ်ခုပြီးတစ်ခု ကျွန်တော် သတိရလာ၏ အမှတ်တရဆိုသည် ့အဖြစ်အပျက်များကြားတွင် ကျွန်တော်က ရိုးသားစွာ သေဆုံးသွားခဲ့ပါသည်။
“ဟလို….” ကျွန်တော်သည် တစ်ဖက်မှ ဟမ်းဖုန်းကိုင်ထားမည့် ကောင်မလေး၏ ရုပ်သွင်ကို နာကျင်စွာ မြင်ယောင်ကြည့်မိသည်။ သူမသည် ကျွန်တော် မျက်ဝန်းထဲမှာ ငွေ့ရည်ဖွဲ့နိုင်ဆဲဖြစ်သည်။ ချစ်ခြင်းဖြင့် သွယ်တန်းထားသော ကြိုးတစ်ချောင်းသည် ပြန်လည်၍ သတိရစရာကောင်း၏ သူမဆီမှ “ဟလို…” ဆိုသော နောက်ထပ် ဖုန်းထူးသံတစ်ခု ထွက်လာပါသည်။
ကျွန်တော်က ဘာမှမပြောပဲ ဟမ်းဖုန်းကို လေဖြင့် မှုတ်လိုက်၏ တစ်ဖက်မှ ခဏငြိမ်သက်သွားပြီး ကျွန်တော် ဘယ်သူလဲဆိုတာ တိတိကျကျပြောချလိုက်ပါသည်။
“ကို……….”
သူမသည် ဟိုးယခင်က ကဲ့သို့ပင် ကျွန်တော်နာမည်ကို ရှေ့မှာ “ကို” တပ်ပြီး အပြည့်အစုံခေါ်လေသည်။ ကျွန်တော်က ဘာမှမပြောဘဲ ငြိမ်သက်နေဆဲ….။
“ပြောလေ… ကို …… ဘာလို့ ငြိမ်သက်နေတာလဲ… နေကောကောင်းရဲ့လား…”
ကျွန်တော်က ဖုန်းကို လေပြင်းတစ်ချက်မှုတ်ပြရုံဖြင့် သူမက ကျွန်တော်ကို ငြင်းမရလောက်အောင် သေသေချာချာမှတ်မိသွား၏ ဒါဆို သူမသည် ကျွန်တော့်တို့ နှစ်ယောက်ကြားထဲမှ အမှတ်တရများကို မမေ့သေးဘူးပေါ့…။ ကျွန်တော် ကျေနပ်စွာ ဖုန်းကို ပြန်ချလိုက်သည်။ တစ်ဖက်တွင် သူမသည် နှုတ်ခမ်းစူပြီး ကျန်ရစ်ခဲ့ပါလိမ့်မည်။
အချစ်ဆိုတာ ဒီလိုပဲ အဝေးကြီးမှ အခြေအနေများကို တွက်ချက်နေထိုင်တတ်ရပါသည်။ အတိတ်သည် လွမ်းစရာကောင်းနေ၏
“လေတွေ သိပ်တိုက်တာပဲနော်…” ကျွန်တော်က ပင်လယ်လေတွေကို မျက်နှာချင်းဆိုင် ကြည့်ရင်း တချိန်က သူမထိုစကားသံကို ကျွန်တော် နားထဲ ပြန်ကြားယောင်မိသည်။ ထိုအချိန်သူမက ဆံပင်တွေကို တစ်ချက်သပ်တင်ရင်း ထိုစကားကိုပြောလိုက်သည်။
“ကိုယ် မင်းကို သိပ်ချစ်တာပဲသိလား….” ကျွန်တော့်စကားကြောင့် သူမသည် မျက်လုံးကို ပြူးပြ၍ အံ့ဩဟန် လုပ်၏ ဒါပေမဲ့ သူမ တကယ် အံ့မဩဘူးဆိုတာ ကျွန်တော်သိပါသည်။
“ကို…… လျှောက်ပြောမနေနဲ့… စကားတွေက တခြားစီပဲ… ဘာမှလည်းမဆိုင်ဘူး…”
ကျွန်တော်က ဘာမှပြန်မပြောဘဲ ရယ်သောအခါက သူမက မျက်စောင်းထိုးပါသည်။ (နောက်အချိန်အနည်းငယ် ကြာပြီးသောအခါ ကျွန်တော်က သူမမျက်စောင်းလှလှလေးများအကြောင်း ကဗျာရေးခဲ့ပါသည်။)
သို့သော်လည်း သူမသည် ကျွန်တော်ရေးသော ကဗျာများထက် စိုင်းစိုင်း သီချင်းများကို ပိုကြိုက်သူဖြစ်သည်။ နောက်ထပ်သိရသည်မှာ သူမသည် ပီဇာမုန့်ကို ကြိုက်သည်။ M3 ဆိုသော စားသောက်ဆိုင်ကို ကြိုက်သည်။ အပြာရောင်နှင့် အနက်ရောင်ကိုလည်း ကြိုက်သည်။ သူမကို လူကြီးတစ်ယောက်လို နေရာပေး ဆက်ဆံခံရတာကိုလည်း ကြိုက်သည်။
ကျွန်တော်ကစိတ်ထဲတွင် မင်းကို ငါချစ်တာ တခြားတစ်ခုခုနဲ့ ဆိုင်စရာလိုလို့လား… ဟု ပြောမိ၏ တကယ်တော့ အချစ်ဆိုတာ သီးခြားရပ်တည်နေသော အမှီအခိုကင်းသည့် ခံစားမှု အတွေးအခေါ်ဖြစ်လေသည်။
အခုတော့ အရာရာမှာ စူးရှနေခဲ့ပြီ..။
တခါတုန်းကသည် တစ်ခါတုန်းကသာဖြစ်သည်။ သို့သော် တစ်ခါတုန်းက ခံစားမှုများသည် ယနေ့တိုင် သစ်လွင်နေဆဲဖြစ်သောအခါ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သနားမိသွားတော့သည်။ ကျွန်တော်က ပြောင်ချော်ချော်ကောင်မလေးတစ်ယောက်၏ အူကြောင်ကြောင်နှင့် အမြီးအမှောက်မတည့်မှုများကို လွမ်းနေမိ၏ လွန်ခဲ့သော ရက်စွဲများက သူမသည် လှည်းတန်းမှတ်တိုင်တစ်ခုအနီး ရေးအိုးစင်တွင် သောက်ရေခွက်ဖြင့် ခြေဆေးခဲ့သောကြောင့် ကျွန်တော်က ဆူရပါသည်။
“မင်း အဲ့လိုလုပ်တာ သူများတွေက မြင်သွားကြတယ်”
တကယ်က သူများတွေ မြင်၊ မမြင် ကျွန်တော်က မသိပေ။
“တကယ်လား” အခုမှ သူမသည် ကျွန်တော်က ခြိမ်းခြောက်သဖြင့် ကြောက်ရွံ့ဟန်ပြု၏
“တကယ်ပေါ့ကွ… မင်းလုပ်နေတာကို သူတို့ တစ်ယောက်နဲ့ တစ်ယောက် မေးငေါ့ပြနေတာ ကိုယ်တွေ့တယ်..”
“ဟယ်… အဲ့ဒါဆို သမီးဘယ်ကောင်းမလဲ… နောက်နေ့ကျရင် ရေခွက်သစ်တစ်ခွက် ပြန်ဝယ်ပြီး လာထားပေးလိုက်မယ်လေ… အခုက သမီးလည်း အမှတ်တမဲ့ဖြစ်သွားတာ ရေတွေ ပိုနေလို့ ခြေထောက်ပေါ် လောင်းချလိုက်တာ… ဘာသဘောမှ မရှိဘူး” ကျွန်တော့်ကို သေချာရှင်းပြပြီး ပေတိပေစုတ်ပုံစံနှင့် ချစ်စရာကောင်းသော သူမအား ကျွန်တော် ငေးကြည့်နေမိသည်။
“ဒါပေမဲ့ မင်းကို သူတို့က ရိုင်းတယ်ထင်သွားမှာပေါ့…”
ကျွန်တော့်စကားကြောင့် သူမသည် စိတ်ညစ်စွာ ခေါင်းငုံ့သွား၏ အပြစ်လုပ်မိသော ကလေးတစ်ယောက် လူကြီးတစ်ယောက်ရှေ့မှာ အပြစ်ကို ဘယ်လိုဆင်ခြေပေးရမလဲဆိုတာ စဉ်းစားနေဟန်မျိုးဖြစ်သည်။ ခဏကြာတော့ သူမဆီမှ အသံထွက်လာတော့၏
“ကို….. သူတို့သမီးကို အဲ့ဒီလိုမထင်အောင် လုပ်ပေးပါ”
ကျွန်တော်သည် ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။ ပြီးတော့ သူမကို နှစ်သိမ့်ပေးလိုက်သည်။
“စိတ်ချပါ… ကိုယ်လုပ်ပေးမယ်…”
လောကကြီးတွင် အချစ်နှင့်ပက်သက်သော သေးသေးငယ်ငယ် အစိတ်အပိုင်းလေးများသည် တစ်ခါတရံ ရပ်တန့်၍ မရဘဲ ရှိတတ်၏ သူမသည် သေးငယ်သော်လည်း ထိုကဲ့သို့ ရပ်တန့်၍မရခဲ့သော ကျွန်တော်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါသည်။
သူမနှင့် ပတ်သက်သမျှ အမှတ်တရများတွင် ကျွန်တော်က ရယ်မောခွင့်လွှတ်ဖို့ပဲ ကြိုးစားခဲ့ပါ၏ လေထဲတွင် မမြင်ရသော အလွမ်းများသည် စုရုံးနေကြသည်။ ကျွန်တော်က သတိရခြင်းများကို မိုးသာအပြာရောင်များ အဖြစ် ဖန်ဆင်းထားချင်ပါသည်။ အကြောင်းမှာ ဝင်းနီဆိုသော သူမ မော့ကြည့်လိုက်ရုံဖြင့် မြင်ရစေနိုင်ရန် ဖြစ်ပါသည်။
အခုဆို ကျွန်တော်က သူမ၏ မတော်တဆ ရက်စက်ခြင်းထဲ၌ နေသားကျခဲ့ပြီ။ ကျွန်တော်မဟုတ်သော တခြားတစ်ယောက်၏ ချစ်သူဘဝမှာ သူမကသာ ပျော်ရွှင်နေသည်ဆိုလျှင် ကျွန်တော် ကျေနပ်ပါ၏ ကျွန်တော်သည် ယောင်ယမ်း၍ ခေါင်းငုံ့မိလိုက်သည်။ စီးထားသော ကျွန်တော်ဖိနပ်၏ တံဆိပ်မှာ Scholl ဖြစ်၏ သူမဆီမှာ Scholl ဆိုသည့် ဖိနပ်တစ်ရံရှိခဲ့ဖူး၏ ကျွန်တော်က သူမနှင့် ဆင်တူဖြစ်စေရန် ဒီဖိနပ်ကို လိုက်ဝယ် ခဲ့ဖူးခြင်းဖြစ်သည်။ မရည်ရွယ်သော်လည်း ကျွန်တော်က နာကျင်စွာ ပြုံးမိသွားပါသည်။
ကျွန်တော်သည် သူမကို မသိမသာပဲ လွမ်းချင်ပါသည်။ ဒါပေမဲ့ ကျွန်တော့်အလွမ်းများသည် အရမ်းသိသာ နေခဲ့ပြီ။ ပြန်စဉ်းစားမိတိုင်း အမှတ်တရများသည် တောက်ပနေ၏ ကျွန်တော်က Scholl ဖိနပ်ကို ဖိနပ်စင်တွင် ချွတ်ထားလိုက်သည်။ ရှိခဲ့ဖူးတဲ့ ကိစ္စတွေအတွက် ကျွန်တော့်ရင်ထဲမှာ မီးကုန်ယမ်းကုန် လောင်ကျွမ်း ပြာကျခဲ့ပြီးပြီ။ လူလူချင်းဒီလောက် စွဲလမ်းစရာလားလို ကိုယ့်ကိုယ် ပြန်ဆင်ခြင်မိတာ့ ကျွန်တော်ပဲ သိမ်ငယ်ရပြန်သည်။
အဝေးကြီးတွင် စင်ရော်ငှက်များက အော်မြည်နေကြ၏ ကျွန်တော်က သူမ၏ Scholl ဖိနပ်လေးအကြောင်း၊ အူကြောင်ကြောင် အတွေးအခေါ်များအကြောင်း၊ ချစ်စရာကောင်းသော နှုတ်ခမ်းပါးလေးများအကြောင်း၊ မက်မောစူးရှဖွယ် အသည်းခွဲနည်းပညာအကြောင်းစသဖြင့် စဉ်းစားနေမိသည်။
အနောက်ဘက်တွင် နေဝင်တော့မည်။ ဆည်းဆာသည် ပုစွန်ဆီရောင်များ ယှက်သန်းနေ၏ ငှက်အချို့က အိပ်တန်းပြန်သွားကြသည်။ တကယ်ဆို နေဝင်ချိန်ကို ကျွန်တော်တို့ မုန်းခဲ့ကြဖို့ ကောင်းသည်။
မာနတရားသည် သူမနှင့် ပတ်သက်လာသောအခါ ရယ်စရာသာကောင်းသွားခဲ့၏
ကိုရင်စည်သူ (17.06 pm – YCP port)
18 comments
ရွှေတင်မောင်
March 1, 2013 at 10:28 pm
အဟမ်းး ဟမ်းး
ကျုပ် ကြားဖူးဒါ ..
“လမင်းကြီးက သာနေတယ်၊ မင်းကို သိပ်ချစ်တယ်”
ဆိုဒါဘာဘဲ …
ခုဒေါ့ .. အသစ် ထပ်ရတွားဘီဘော့ …
ဘာတဲ့ …
“လေတွေ သိပ်တိုက်တာပဲနော်” …. ဒဲ့ … ဟီဟိ ..
ကိုရင်စည်သူ
March 2, 2013 at 1:25 pm
ရွှေတင်မောင်ဆိုလို့ ဘယ်သူများလဲ လို့ .. အူးလေးခြောက်ဖက်ကြီးကို…
မျက်စိကိုလည်သွားတာပဲဗျာ..
အဟမ်း.. ဆင်ဘော်က လူတွေပဲ… မျိုးမျိုးနဲ့ သရုပ်ဆောင်ဒတ်ဒယ်..
အားကျဘာဒယ်ဂျာ…
လေတွေသိပ်တိုက်.. ဘီယာတိုက်…
อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile
March 2, 2013 at 2:16 am
အားပေးသွားလိုက်ရပါကြောင်းးးးး
ဘုန်းကြီးစည်သူရေ……………
ကိုရင်စည်သူ
March 2, 2013 at 1:11 pm
အားပေးသွားတဲ့.. အူးလေး မိုးဘိုင်းရေ.. ကျေးကျေးဘာ..
ရွာပြန်ရင်တော့ တကယ်ပဉ္စင်းတက်ဖို့ စဉ်းစားထားပါတယ်… 😳
ခိုင်ဇာ
March 2, 2013 at 6:30 am
မသိသာတဲ့ အလွမ်းတွေမို့သာ တော်တော့တယ် ကရင်စည်။
“””လူလူချင်းဒီလောက် စွဲလမ်းစရာလားလို ကိုယ့်ကိုယ် ပြန်ဆင်ခြင်မိတာ့ ကျွန်တော်ပဲ သိမ်ငယ်ရပြန်သည်။”””
နဲ့
“”””မာနတရားသည် သူမနှင့် ပတ်သက်လာသောအခါ ရယ်စရာသာကောင်းသွားခဲ့၏””””
အဲဒီ စာကြောင်းလေးတွေကြိုက်တယ်ရယ်။
:hee:
ဒါနဲ့ “”မက်မောစူးရှဖွယ် အသည်းခွဲနည်းပညာ”” ဆိုတာ ဘယ်လိုမျိုးတုန်းဟင်။ အဲ့ဒီ နည်းပညာ သင်ချင် နွန်းနွံ့ပါ။
ကိုရင်စည်သူ
March 2, 2013 at 1:16 pm
ဒါနဲ့ “”မက်မောစူးရှဖွယ် အသည်းခွဲနည်းပညာ”” ဆိုတာ ဘယ်လိုမျိုးတုန်းဟင်။
အဲ့လာသင်ချင်ရင်.. အရူးကွက်များများနင်းရဒလယ်.. ဂျီးဒေါ်ဇာ ရဲ့…။ ။ 😆
ပီးတော့ အူးလေးတိုတိုလေးတို သတိရရင် အုံးဂွမ်ဆိုပီး.. ရွတ်ရမယ်… ဒဲ့..
စိတ်ကဖြစ်သမျှက သညာ နဲ့ တဏှာ အမှတ်က လာတော့… အလုပ်ပေး.. တရားလေးဘာ.. :kwi:
အုံးဂွမ်… အုံး.. ဂွမ်.. ဂွမ်..။
ခိုင်ဇာ
March 2, 2013 at 1:25 pm
အဲလာဆိုု တတ်ပီးဒါးဘဲ။ နာ တတ်တာ ဒီ အရူးဂွက်ပဲ ချိဒါရယ်။
:kwi:
ကိုရင်စည်သူ
March 2, 2013 at 1:27 pm
အဲ့ဒလာဆို ဂျီးဒေါ်ထက် ဟိုက ပိုတတ်လို့နေမယ်…
စိတ်လျှော့.. မတ်လျှော့လိုက်ပါဒေါ့ဗျာ… 🙄
ကျနော်လည်း အရူးကွက်နင်းတာ လေ့ကျင့်ရင်း..
အခုလို ကျပ်မပြည့်ဖြစ်သွားတာပါဘဲဗျာ.. 😳
ဗုံဗုံ
March 2, 2013 at 11:06 am
ကိုစီ့ နဲ့ မိဗုံနဲ့ အဖြစ်ချင်းတူလိုက်တာဟယ် မိဗုံလည်း ချစ်သူက ဖိနပ်အဖြူစီးထားလို့ ဖိနပ်အဖြူလေးတွေဝယ်ပြီး စီးတယ် အကျီင်္အမည်းဝတ်ထားလို့ အမည်းရောင်လေးတွေ လိုက်ဝတ်တယ်သိလား ကိုယ်ကချစ်ရသလောက် သူက ကိုယ့်ကိုယ်ဆိုရင် အပြစ်လေးနည်းနည်းလုပ်တာနဲ့ ရက်ရက်စက်စက် ဆူလိုက်ပုံများ ရေနွေးအိုးက အရှုံးပေးရမယ်
ကရင်စည်ရယ် ကိုယ့်ချစ်သူကိုလွမ်းတာကိုများ မသိမသာလွမ်းရမယ်လို့ မိဗုံတို့များလွမ်းရင် ချစ်သူဓာတ်ပုံရှေ့ချပြီး မျက်ရည်တွေရော နှပ်ရည်တွေပါ ထွက်အောင်လွမ်းတာရယ် ဂယ်ပြောတာ ခုကို ပြောရင်းဆိုရင်းလွမ်းလာပြီ :byae:
ကိုရင်စည်သူ
March 2, 2013 at 1:21 pm
သယ်ရင်းမိဗုံရယ်… ရေးနေပုံကြီးက သူများတွေဂ စင်ဂယ်ကိုရင်နဲ့
ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်တော့မယ်…။ ။ :kwi:
ဗုံကြီး ဘဲကြီး ဓါတ်ပုံကြည့်ရင်း နှပ်ထွက်တယ်ဆိုတော့..
အဘထ နဲ့ တူလို့များလားနေမှာပေါ့… 😆
ဗုံဗုံ
March 2, 2013 at 1:28 pm
အိမ်း သများကြောင့် လူပြိုကြီး တိက္ခာဒွေ ကျတွားရင် တောင်းပန်ပါဒယ်ဟယ် ညည်းပို့စ်က နာ့ခံစားချက်တွေနဲ့ တိုက်ဆိုင်သွားလို့ပါနော ခုလေးတင် ချစ်ချစ်က ပြောသွားလယ် တိတ်ဂျစ်တယ်ဒဲ့ :harr:
လုံမလေးမွန်မွန်
March 2, 2013 at 12:56 pm
ကိုရင်ရေ..
ဖတ်လိုက်…ခံစားလိုက်..ပြန်ထွက်သွားလိုက်နဲ့… တကယ်..တကယ်… ခံစားရတယ်…
အဲ့ဒါလေး ပြောချင်လို့ပါ…
ကိုရင်စည်သူ
March 2, 2013 at 1:22 pm
မန်းလေးရဲ့ ဘတ်စ်ကလောင်ရှင်အန်ဒီ မွန်က.. ဖတ်ပြီး ခံစားရတယ်ဆိုလို့..
အူးလေး ဝမ်းသာသာနဲ့… ဂုဏ်ယူစွာ ရေထဲ ဒိုင်ဗင်ထိုးဆင်လိုက်ပါဘီဗျာ… ဗလွမ်း.. ဗလွမ်း… 😳 🙄
မောင် ပေ
March 2, 2013 at 9:05 pm
ဘောဘောပေါ်က အလွမ်းနေ ့တွေကို
အဝေရာလေးနဲ ့သာ ဖြေသိမ့်လိုက်စမ်းပါ ကရင်စည်ရယ်
lele
March 2, 2013 at 10:41 pm
ကိုုရင်စည်ရဲ ့ အရေးအသား ကောင်းပါတယ်။ သင်ဘောပေါ်က လုုပ်ငန်းခွင်တွေအကြောင်းရေးပါလား။ သင်းဘောသီး ဘဝကတော်တော်စိတ်ဓာတ်ခိုုင်မာရမယ်လိုု ့ထင်တယ်။ ကျမ တိုု ့ရဲ ့သင်းဘော FMEA test လုုပ်တော့ တစ်လလောက် south china sea ကိုုသွားရတယ်။ ဘယ်ကိုုကြည် ့ကြည့် ပင်လယ်ပြာပြာ ရယ် ကောင်းကင်ပြာပြာရယ် တခါတလေဖြတ်သွားကြတဲ့
သင်းဘောတစ်စီး တစီးတလေရယ်။ ပျော်စရာလည်းကောင်းတယ်။ စိတ်ညစ်စရာလည်းကောင်းတယ်။ အလုုပ်ပြီးရင်သွားစရာလည်းမရှိဘူး။ ည၁၂နာရီလောက်လည်း ဖုုန်းခေါ် ပြီး meeting လာခိုုင်းတယ်။ test တွေ စ ရင်လည်း standby ရှိနေပေးရတယ်။ supply boat တွေ လာရင်ပြန်မယ် လိုု ့အမြဲသွားသွားပြောတာ။
Mr. MarGa
March 3, 2013 at 6:00 pm
မာနတရားသည် သူမနှင့် ပတ်သက်လာသောအခါ ရယ်စရာသာကောင်းသွားခဲ့၏
အဲဒါမြင်တော့ ဟိုသီချင်းစာသားလေး သတိရတယ်
“မာနကို ခဝါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ ”
:hee:
တကယ်တော့ အချစ်ဆိုတာ မကောင်းဆိုးဝါးလိုပဲ ဆိုပါလားကွယ်
ဦးကြောင်ကြီး
March 4, 2013 at 11:35 am
မာနတရား
တခါကနွား
ဆာကကျား
ပါပဖွား
နှာထအား
ညာဏသွား
ဟာသများ
လာဘပွား..။
min min san
March 11, 2013 at 4:16 am
ko yin
miss your post ,,really
hope you can write more
even you are busy and tire
still have some of your style around in this post
the person who will miss if he or she has emotional memory in past !!!!!!!!!!!!!!!!!!!!!!!!!