ကျွန်တော်မုန်းခဲ့တဲ့ ၂၀၁၁ သင်္ကြန်
အောက်ဆီဂျင်ပိုက်ကို ဆွဲဖြုတ်ပြီး ကျွန်တော့်ပုခုံးနီးပါးလောက်ရှိတဲ့အောက်ဆီဂျင်အိုးကို ကျွန်တော်ဆွဲကိုင်ပြီးလွှင့်ပစ်မိတယ် ပြီးတော့ကျွန်တော်မှတ်မိသလောက်က ကျွန်တော့်အခန်းထဲပြေးဝင်ပြီး အခန်းတံခါးကိုထိုးနေမိတဲ့နေ့ အဲဒီနေ့က………………………။
ကျွန်တော်မမျှော်လင့်ခဲ့တဲ့ နောက်ပြီးကျွန်တော် မနိုင်ဘူးထင်ခဲ့တဲ့ မိသားစုတာဝန်တွေ တစ်နည်းအားဖြင့်ပြောရရင် အမေရယ် ညီမရယ် နောက်ပြီး ကျွန်တော့်မိန်းမနဲ့ ၃နှစ်သမီးလေးရယ်ကို ကျွန်တော်ပုခုံးပြောင်းတာဝန်ယူလိုက်ရတဲ့နေ့တစ်နေ့ သင်္ကြန်အတက်နေ့ မနက်အစောဆုံးမှာလေ…။
တစ်ခါတစ်လေကျတော့ တာဝန်နဲ့ ဝတ္တရား ဆိုတာတွေက မလိုချင်ပဲနဲ့ သူ့အလိုလိုပေါ်လာတတ်တယ်။ နောက်ပြီးအဲဒီနေ့က သူများတွေအတွက်တော့ အဖေဆုံးတယ်ဆိုတာရွှေတောင်ကြီးပြိုလဲသွားတယ် ဘာညာပေါ့ ကျွန်တော့ အတွက်တော့ အဲဒီနေ့က ရွှေတောင်ကြီး ပင်လယ်သမုဒ္ဓရာအောက်ထဲနစ်မြုပ်သွားခဲ့တာပါ။ ရွှေတောင်ကြီးပြိုလဲတယ်လို့ဆိုတာပိုက်ဆံရှိသားသမီးတွေအတွက်တော့ ရွှေတောင်ကြီးပြိုလဲခဲ့ရင် ရွှေတုံးတွေကျန်ခဲ့မှာပါ ကျွန်တော့်အတွက်တော့ တစ်စမကျန်နစ်မြုပ်သွားခဲ့ရတာပါ..အဖေရယ်….။…………
သား…..အဖေ့ကိုအောက်ဆီဂျင်ပိုက်လာတပ်ပေးပါအုံး…….တဲ့ အဖေက ..ကျွန်တော့်ကိုနောက်ဆုံးအကြိမ်သားဆိုပြီးခေါ်သွားခဲ့တာလေ……….။။။
၂နှစ်လောက်ရှိခဲ့ပြီအဖေ …..အိမ်မှာ ယောက်ျားသားဆိုလို့ကျွန်တော်တစ်ယောက်ပဲရှိခဲ့တာလေ။ နောက်ပြီးတော့ ဘယ်လောက်မူးမူး အိမ်မှာအားကိုးစရာကျွန်တော်ပဲရှိတယ်ဆိုပဲအသိနဲ့ …ကိုယ့်ကိုယ်ကိုထိန်းခဲ့ရတာတွေ….။ နောက်ပြီး မလိုချင်ပဲရခဲ့တဲ့ အိမ်ထောင်တစ်ခုကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် အိမ်ထောင့်တာဝန်တွေရယ်လေ ..အဖေ။။။။…… နောက်ပြီး အဖေ့မြေးဦးလေး မွေးတဲ့နေ့တုန်းကလေ ကျွန်တော့်ထက်တောင်ပိုပြီး အဖေပျော်နေတယ်လို့ ကျွန်တော်ထင်တယ်အဖေ…အဖေ့ မျက်နှာက ညာလို့မရဘူးလေ…။
အခုကျွန်တော် ဒုတိယကလေး တစ်ယောက်ကိုရပြီအဖေ ….အဖေ့ရဲ့ ချွေးမကိုအဖေဘယ်လောက်ဂရုစိုက်မလဲ ..နောက်ပြီး အဖေ့ရဲ့ ဒုတိယမြေးလေးအတွက် အဖေဘယ်လောက် ဂရုစိုက်မလဲ ကျွန်တော်တွေးရင်း ရင်ထဲမှာဆို့မိတယ်အဖေ။
…..လေးဖြူရဲ့ အဖေသီချင်းကိုကျွန်တော်နားထောင်ရင်းဆို့နင့်ကြေကွဲခဲ့တယ်ဆိုတာက..လူမသိသူမသိနဲ့ အံကိုကြိုတ်ပြီးတော့လေ….အဖေရယ်……….။
ကျွန်တော်တာဝန်မကျေခဲ့ဘူးအဖေ….ငယ်ငယ်ကတည်းကကျွန်တော်တို့အပေါ်လိုလေးသေးမရှိ တာဝန်ကျေခဲ့တဲ့အဖေ့အတွက် ကျွန်တော် ပြန်ပြီးတာဝန်မကျေနိုင်ခဲ့ဘူး….အဖေ။
သူများတွေကတော့ ပြောမှာပေါ့ မင်းအဖေကိုမင်းတာဝန်အကျေဆုံးတဲ့ ကျွန်တော်ကို်ယ်ကျွန်တော်လိပ်ပြာမလုံမိဘူးအဖေ………။ တစ်ခါတစ်လေကျတော့လူဆိုတာလေ လုပ်ကိုင်ပြုစုပေးရတာများလာတဲ့အခါ ငြူစူမှုတွေလဲ အဖေမသိပဲနဲ့ရှိခဲ့ဘူးတယ်အဖေ။
ကျွန်တော့်မိန်းမရဲ့ အခုကိုယ်ဝန်က သားလေးဖြစ်ဖို့များတယ်လို့ဆရာဝန်ကပြောတာပဲ…အဖေ….. သမီးလေးမွေးတုန်းက မြေးအတွက် မွေးခန်းအဝမှာ ကျွန်တော့်ထက်ပိုပြီးစိုးရိမ်နေတဲ့အဖေကို…မျက်စိထဲမြင်ယောင်ပြီး ….အခုစာကိုရိုက်နေရင်း..ယောက်ျားတန်မဲ့မျက်ရည်တွေတောင်ကျမိတယ်..အဖေ…။
နောက်ပြီးသင်္ကြန်ဆိုတာကျွန်တော့်အတွက်တော့ သာမန်နေ့တစ်နေ့လိုပါပဲအဖေ။ အဖေရှိတုန်းကသင်္ကြန်မှာအိမ်အတွက်နောက်ဆံမတင်းခဲ့ရဘူး……. အခုတော့ ကျွန်တော်အိမ်ထဲမှာထိုင်ပြီးသူများတွေအတွက်ပူနေတတ်ပြီအဖေ…..။
ဒီနှစ်အခု ၂၀၁၃ မှာ အမေကတော့ အဖေ့အတွက်ရည်စူးပြီးအိမ်မှာဆွမ်းကပ်မယ်တဲ့ ။ ကျွန်တော်ကတော့ အဖေဆုံးတဲ့ သင်္ကြန်အတက်နေ့မှာ အဖေနဲ့ကျွန်တော် အတူ သင်္ကန်းဝတ်ခဲ့တဲ့ ဆပ်သွားဖူးကျောင်းမိုးကုတ်ဝိပဿနာ အဖွဲ့ခွဲအမှတ် ၂၇၆ မှာ အလှူတစ်ခုတော့လုပ်ဖြစ်တယ်အဖေ။ … အဖေရောက်ရာဘုံဘဝမှ သာဓုအနုမောဓါနာခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပါတယ်အဖေ…..။ အဖေ့အတွက်သားတစ်ယောက်နေနဲ့ တာဝန်ကျေသင့်သလောက်မကျေခဲ့တဲ့
သား……………..မင်းသုဝေ..
နောက်ပြီး အဖေရှိသေးတဲ့လူတိုင်းက အဖေပြီသခဲ့တဲ့ အဖေတိုင်းအတွက် သားသမီးတစ်ယောက်အနေနဲ့တာဝန်ကျေနိုင်ကြပါစေ………..ဆုတောင်းပေးရင်းနဲ့……………….. ကျေးဇူးတင်ပါတယ်။
7 comments
အရိပ်စစ်
April 12, 2013 at 11:50 pm
ထပ်တူခံစားအားပေးသွားပါတယ်
သားကြီး ထွဋ်
April 13, 2013 at 9:06 am
ဖခင်ဆုံးရှုံးခဲ့ရတဲ့ သောကကို ထပ်တူခံစားရပါတယ်။
ကျွန်တော် ၁ဝ နှစ်သားအရွယ်မှာ ဖခင်ဆုံးသွားတာမို့
ဖခင်နဲ့ နေရတဲ့ဘဝဆိုတာကိုတောင် သေသေချာချာ မသိခဲ့ပါဘူး။
ဒါ့ကြောင့် ကျွန်တော့်သားတွေကို ကျွန်တော်ခွဲပြီးမနေစေဘူး။
ကိုယ့်လိုခံစားရမှာစိုးလို့ ဘယ်ဒေသမှာပဲတာဝန်ကျကျရအောင်ခေါ်သွားတယ်။
ဒါ့ပေမဲ့ပေါ့ဗျာ တရားသဘောနဲ့ပဲဖြေပါလို့ ပြောပါရစေ။
ဦး ကျောက်ခဲ
April 13, 2013 at 9:46 am
ကိုသုဝေ…
ကျွန်တော်လည်း ကောင်းကင်ပြိုခဲ့သူမို့…ကိုယ်ချင်းစာတယ်ဗျာ…
အဖေ့နေရာကို ပခုံးပြောင်းတာဝန်ယူမှ အဖေ့သောကတွေကို နားလည်တော့တယ်…
ကိုသုဝေပြုသမျှကုသိုလ် ကိုသုဝေဖခင်ကြီး သာဓုခေါ်နိုင်မှာအသေအခြာပါ…
ရွှေ ကြည်
April 13, 2013 at 1:07 pm
ကိုသုဝေရေ ဖတ်နေရင်း စိတ်မကောင်းဖြစ်ရပါတယ် မိဘဆိုတာအစားထိုးမရတဲ့ရတနာတွေလေ
တာဝန်တွေကို နိုင်နင်းအောင် ထမ်းဆောင်နိုင်တဲ့ သားကောင်း ခင်ပွန်းကောင်း ဖခင်ကောင်း တယောက်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။
မဟာရာဇာ အံစာတုံး
April 13, 2013 at 1:22 pm
ကိုသုဝေရေ …
သူများတွေလိုပဲ ကျုပ်လည်း ထပ်တူထားလို့ ခံစားသွားပါရဲ့ …
ဒါမယ့် .. ကျုပ်လည်း အဖေ့အပေါ် တာဝန် မကျေသေးဘူး ..
ဒီစာကို ဖတ်မိတဲ့ အချိန်မှာ အဖေ့မျက်နှာကို ပြေး မြင်လိုက်မိတယ် …
ကျုပ်လည်း တာဝန် ကျေအောင် ကြိုးစားရမယ် …
ကိုသုဝေ ရဲ့ ဆုမွန် အတိုင်း ပြည့်ပါစေ ..
ကိုသုဝေ အဖေလည်း ကောင်းရာသုဂတိ မှာ အေးချမ်းနေပါစေလို့
ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျို့ …။
TNA
April 14, 2013 at 9:53 am
ဖတ်ရင်းနဲ့စိတ်တောင်မကောင်းပါဘူး။ ထပ်တူခံစားရပါတယ်။ ခွဲခွာခြင်းတွေထဲမှာ သေကွဲလောက်ကျန်ခဲ့ရသူ အဖို့ခံရခက်တာမရှိပါဘူး။ နှမျောတသလွမ်းဆွတ်ခြင်းများနဲ့ခံစားရတာ ဆိုးပါတယ်။
အရီးခင်လတ်
April 14, 2013 at 10:02 pm
ဒီလို အသိမှန် နဲ့ ဘဝကို ရှေ့ဆက်လျှောက်နေတဲ့ သား အတွက် အဖေက ဝမ်းသာဂုဏ်ယူ သာဓု ခေါ်နေမှာ အသေအချာပါဘဲ။
ဒီထက်ပိုပြီး ဝမ်းသာဂုဏ်ယူ နိုင်စေဖို့ ဆက်ပြီး ကြိုးစားပါကွယ်။