ဆက်သွယ်မှု ဧရိယာပြင်ပမှာ
လက်ကိုင်ဖုန်းကို မမှိတ်မသုန်ကြည့်နေရင်းက ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။ ဒါသည် မှန်ကန်သော လုပ်ရပ်ဖြစ်သလား မဖြစ်သလားတော့ ကိုရဲ ရေရေရာရာ မသိသေး။ ဖုန်းကလေးထဲမှာ Message တစ်စောင်ကို ကျွမ်းကျင်စွာ ခပ်မြန်မြန်ရိုက်လိုက်ရင် Send ကိုနှိပ်လိုက်သည်။ ဒါဆိုရင် ဒီ Message လေး ဟိုဘက်ကိုရောက်လောက်ပြီလား။ အကယ်၍ရောက်ခဲ့ပြီဆိုရင် ဖွင့်ဖတ်ပြီး တစ်ဘက်က ဘယ်လို ဆုံးဖြတ်ချက်ချမှာလဲ။ ဒါ ကိုရဲ ဆက်တွေးရမည့် အပိုင်းထက် ကျော်လွန်တွေးနေမိခဲ့ပြီ။
တစ်ခုပဲ ကိုရဲ ကိုယ့်ကိုကိုယ် လိပ်ပြာလုံရဲ့လား။ မလုံမလဲစိတ်တွေနှင့် ပင်ပန်းနေခဲ့တာကြာခဲ့ပြီဖြစ်သည်။ မနက်ဖြန်သည် နေ့သစ်တစ်နေ့ကို မွေးဖွားမည်ဆိုလျှင် ကိုရဲကိုယ်တိုင်လည်း လူ့လောကတွင် အသစ်တစ်ဖန်ပြန်လည် မွေးဖွားလာသော လူသားတစ်ယောက်ဖြစ်ချင်လှပါသည်။
အဖြူထည်သက်သက်သာရှိသော ကိုရဲ၏ ဘဝသစ်တစ်ခုကို အဆိုးဆုံးဖြစ်နိုင်မည် စိတ်တွေအပါအဝင် အတ္တတရားကို ဖယ်ထုတ်ရင်း တစ်သက်လုံး လိပ်ပြာလုံသွားချင်သည်လေ။
အခန်း(၁)
သည်ကနေ့ မနက်ကိုးနာရီတွင် ကိုရဲ ဦးခေါင်းတွေ နှောက်ကျိနေသည်။ မနေ့ညကအရှိန်သည် ရေတစ်ခွက်သောက်လိုက်သဖြင့် တရိပ်ရိပ်တက်လာနေသည်။ အရန်သင့်ရှိနေသော လီမွန်တီးတစ်ထုပ်ကို ဖောက်ပြီး ရေဖျော်သောက်လိုက်သည်။ ထိုအခါမှပင် ဦးခေါင်းသည် အနည်းငယ်ကြည်လင်စပြုလာသည်။ သို့ပေမယ့် ကိုရဲ၏ အတွေးတွေက လူးလွန့်နေရဆဲ။ ထိုအတွေးသည် မမှန်မကန်ဖြစ်နေသော ရင်ခုန်သံတွေကို မှန်ကန်စွာ စည်းချက်ညီရန် ကြိုးစားနေရသည့် အတွေး။
“ငါ ဘာလုပ်သင့်သလဲ“
ဆိုသည့် အမေးသည် ကိုယ့်ကိုကိုယ် မေးပြီး အဖြေမထုတ်နိုင်ခဲ့သည်မှာ ဘယ်လောက်ကြာခဲ့ပြီလဲ။ တိကျသေချာသော အဖြေတစ်ခုမရမချင်း စောစောတုန်းကဖြစ်ပျက်သွားခဲ့သော လေလှိုင်းခပ်ထန်ထန်တွေကို ထိန်းချုပ်နိုင်တော့မည် မဟုတ်တော့။
စားပွဲပေါ်တွေ စောစောတုန်းက ပစ်တင်ခဲ့သော ကိုရဲ၏ လက်ကိုင်ဖုန်းရှိနေသည်။ ထိုဖုန်းကလေးကို လှမ်းယူလိုက်ရင်း ဖုန်းထဲတွင်ရှိနေသော Application တစ်ခုကိုဖွင့်လိုက်သည်။
Call Recorder ထဲက Inbox ကလေးကို ဖွင့်ပြီး My Love နာမည်ကလေးကို လက်ညိုးကလေးနှင့် တစ်ချက်ထိလိုက်သည်။
“ဟယ်လို“
ဒါ ငါ့အသံပဲ ဟု ကိုရဲ အံ့ဩယူနေရသည်။ ဟုတ်သည်။ ထိုအသံသည် ဖုန်းထဲတွင် အသက်မပါချေ။
“ဟယ်လို နင် ငါ့ဖုန်းနံပါတ်မဟုတ်တဲ့ ဖုန်းတစ်လုံးကို ဖုန်းခေါ်ထားသေးလား“
မာထန်ပြီး ဒေါသထွက်နေသော ထူးခြားစွာ ဩရှနေသော မိန်းကလေးတစ်ယောက်၏ အသံဖြစ်သည်။
“မခေါ်ထားပါဘူး။ ဘာဖြစ်လို့လဲ“
“နင်မညာနဲ့“
“ဘာ“
တော်တော်ကျယ်ပါသည်။ ကိုရဲ ကိုယ့်အသံကိုယ် အဲသည်လောက်ကျယ်သွားခဲ့မှန်းမသိခဲ့။
“ဘာမဟုတ်တဲ့ဖုန်းခါကျတော့ ခေါ်ထားပြီး နင့် ငါ့ဆီကို ခုချိန်ထိဖုန်းမခေါ်ဘူး။ “
“နင်ဘာတွေပြောနေတာလဲ စုလေး။“
“အင်းပေါ့လေ….နင် မမြင်ဘူးလား ငါ့ Miss Callတွေ။ အခါတစ်ရာတောင်မကဘူး။ ငါ့ဖုန်းရော အိမ်ဖုန်းရော။ သူငယ်ချင်းတွေရဲ့ဖုန်းရော ခေါ်ထားတာ။ “
“မမြင်ဘူး။ ငါ ခုမှထတာ။ နင်ပြောနေတာတွေ တစ်ခုမှ ငါမသိဘူး။ ဖုန်းတောင်ခုမှ ကိုင်တာ။ အေး နင့်ဖုန်းမဟုတ်တဲ့ ဖုန်းကို ခေါ်ထားမိတယ်ဆိုရင်တောင် သေချာတယ် အဲဒါ ငါမဟုတ်ဘူး“
“မနေ့ညကတည်းကခေါ်တယ်။ မကိုင်ဘူး။ ဒီမနက်ကျတော့ သူငယ်ချင်းဖုန်းကိုခေါ်ထားတယ်။ ခု ငါ့ သူငယ်ချင်းက ငါ့ဆီဖုန်းခေါ်လာတယ်။ နင့် ဘဲ နင့်ဆီဖုန်းခေါ်လာပြီလားတဲ့ ငါ့ဆီခေါ်လာသေးတယ်တဲ့။ ကဲ ငါဘယ်လောက်အောက်လိုက်သလဲ“
ကိုရဲ တစ်ချက်ရယ်ချင်သွားသည်။ ကိုယ့်စိတ်နှင့်ကို်ယ် ရန်ဖြစ်ချင်နေသော မိန်းမများ။
“ငါက ပြန်ရှင်းပြရတယ်။ သူမသိတဲ့ဖုန်းမလို့သူ့ပရိသတ်ဆက်တာထင်လို့ ပြန်ခေါ်တာနေမှာပါ။ဘာညာနဲ့။ တကယ်ဆို နင် ငါ့ဆီ အရင်ခေါ်လာသင့်တာ။ သိလား“
စက္ကန့်အနည်းငယ်လောက်ကြာသွားသည်။ ပြီးတော့
“အဲဒါ နင့်လုပ်ရပ်နဲ့နင် ပူလောင်နေတာလေ“
“ဘာ…“
“ဟုတ်တယ်။ တကယ်ဆို ဘာရှင်းပြနေစရာလိုလဲ။ နေပါဦး နင်ကရော နင့်ဖုန်းမဟုတ်တဲ့ ဖုန်းတွေနဲ့ တဂျီဂျီခေါ်နေရအောင် ငါက ဘာဖြစ်သွားသလဲ ပြန်စဉ်းစားကြည့်ဦး။ ခုကိစ္စကရော ဘာများ ရေးကြီးခွင်ကျယ်လုပ်နေစရာလိုတဲ့ကိစ္စ မို့လို့လဲ။ ငါမသိတဲ့ကိစ္စကို အလိမ်အညာတွေလို့ နင်စွပ်စွဲချင်နေတယ်။ “
ဆက်နားမထောင်ချင်တော့သဖြင့် ပိတ်လိုက်သည်။
ပြီးတော့ ဖုန်းကို ကြောက်မက်ဖွယ်ရာ သတ္တဝါတစ်ကောင်ကိုကြည့်သလိုမျိုး ကိုရဲကြည့်ဖြစ်သည်။ သည်နေ့တစ်နေ့လုံး ငါ့အနားက ဝေးဝေးနေပါ။
သူငယ်ချင်းတွေကပြောတယ်။
ဆက်သွယ်မှုဧရိယာပြင်ပမှာ နေရခြင်းက တစ်ခါတစ်ရံ ချစ်သူတွေရဲ့ အဆိပ်သင့်ခြင်းကို ကာကွယ်နိုင်တယ်တဲ့။
အခန်း(၂)
“တော်ပြီ မင်းမပြောတော့နဲ့“
ရုတ်တရက် မာထန်ကျွပ်ဆတ်သွားသော ကိုရဲ၏ အသံသည် ဤအခန်းကလေးဝယ် တော်တော်လေး ကျယ်လောင်သွားသည်။ ကိုရဲကို နားမလည်နိုင်စွာကြည့်နေသော သူငယ်ချင်း၏ မျက်ဝန်းတွေကို ခပ်မြန်မြန်ကလေး ရှောင်ဖယ်လိုက်သည်။
ပြီးတော့။
“ စုလေး တစ်ယောက်ပဲ တစ်ဘက်သတ်ဖြစ်နေတယ်တို့။ သူ တကယ်မချစ်ပါဘူးတို့။ ဆိုတာတွေပဲ အထပ်ထပ်ကြားနေရတာ ရိုးအီနေပြီ ကျော်သူ။ “
“မဟုတ်ဘူးလေ“
“နေဦး ငါ့ စကားမပြီးသေးဘူး။“
သူငယ်ချင်းက လက်ပိုက်ပြီး ပြတင်းတံခါးကိုမှီလိုက်သည်။
“တကယ်ဆို စုလေး ငါ့ စိတ်တွေကို ချီနှောင်ဖို့ကြိုးစားနေတာကွ……“
“ဘာရယ်……….“
လွန်ခဲ့သော အတိတ်သည်အမှုန်အစများလို လေလွင့်ပျောက်ကွယ်သွားခြင်းမရှိဘဲ ကိုရဲ ကောင်းကောင်းကြီး မှတ်မိနေသည်။ ချစ်သူသက်တမ်းတစ်လျှောက်လုံး ကိုရဲ ဘယ်လောက်ပျော်ခဲ့သလဲဆိုသည့် ကာလကို စေ့စေ့တွေးကြည့်မိသည်။ သို့သော် ရေးရေးလေးသာ ဖြစ်၏။
စုလေး၏ ချစ်ခြင်းကို ကိုရဲ တဖြည်းဖြည်း ကြောက်ရွံ့လာမိနေသလားဆိုတာကို ခု အဖြေထုတ်နေရသည်။
ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာသော သဝန်တိုခြင်းကို ကိုရဲ အပြစ်မမြင်ခဲ့ဖူးပေ။ အတိုင်းအတာတစ်ခုကိုကျော်လွန်ပြီး အစွန်းရောက်လာတော့မှ စိတ်နည်းနည်းထင့်သည်။ ကိုရဲလို မိန်းကလေးသူငယ်ချင်းများသော ယောကျာ်းလေးတစ်ယောက်ကို လူမှုရေးအရပါ အနေကျုံ့လာအောင် စုလေး ဖန်တီးယူခဲ့ပြီးပြီ။
ယောကျာ်လေးတို့အမူအကျင့် သောက်ခြင်း ၊စားခြင်းကိုလည်း တစ်ခါတစ်ရံဆိုတာကို နားလည်ပေးခြင်းမပြုတော့။ စုလေးအသိုင်းအဝိုင်းထဲမှ တစ်ယောက်ယောက် ကိုရဲကို တစ်နေရာရာမှာ တွေ့သွားခဲ့လျှင် ဖြေရှင်းရသော စကားများကို စာစီလျှင် အစီရင်ခံစာတစ်စောင်ကိုကျော်လွန်သွားနိုင်ပါသည်။
ကိုရဲ အတန်တန်ပြောခဲ့ဖူးသော စကားတစ်ခွန်းရှိသည်။
နားလည်မှု။
ချစ်သူတို့ကြားတွင် အပြန်အလှန် လေးစား နားလည်မှု။
“စုလေး ငါ့ကို နားမလည်သေးဘူး ကျော်သူ“
သူငယ်ချင်း သက်ပြင်းချပါသည်။ ကိုရဲကတော့ မသိမသာဖြင့်သာ သက်ပြင်းတစ်ချက် ခိုးချဖြစ်သည်။ ထို့နောက်တော့ ကြောင်တောင်တောင်ဖြစ်နေသော ကောင်းကင်ကြီးကိုလည်း မော့ကြည့်ဖြစ်သည်။ သီဆိုသူ၏ အသံမပါဘဲ သံစဉ်သက်သက်သာ ဖွင့်ထားသော ဇော်ပိုင်၏ ဆက်ချစ်နေမယ် ဆိုသည့်သီချင်းက ကိုရဲကိုပဲ လှောင်နေသလိုလို။
သီချင်းက ဘာပဲဖြစ်ဖြစ် ဆက်ချစ်နေမယ်တဲ့။
အချိန်ကြာပေမယ့် မရိုးဘူးတဲ့။
ကြာကြာခွဲမနေနိုင်တာနဲ့ မြန်မြန်ချော့လိုက်ရတယ်တဲ့။
ကိုရဲ စိတ်မှာ ချစ်သူကို ချော့သင့် မချော့သင့်ဆိုတာကို ဝေခွဲမရစွာနှင့် နေ့ရက်တွေကို ကျော်လွန်လာခဲ့ပါသည်။ သည်လိုနှင့်။
နှစ်ရက်။
သုံးရက်။
ငါးရက်။
ခုနှစ်ရက်။ဆယ်ရက်…….။
အခန်း(၃)
တစ်ခါတစ်ရံ အမှားများသည် လူတစ်ယောက်ထံသို့ အခါခါ လာရောက်လည်ပတ်လေ့ရှိပါသည်။ ထိုအမှားများကို ပြင်ဆင်ခြင်းမရှိပဲ မျက်ကန်းတစ္ဆေလို ရောင်တောင်ပေါင်တောင်နှင့် စမ်းတဝါးဝါး ကိုရဲ ဆုပ်ကိုင်ထားမိသည်။ အမှန်သည် လက်တစ်ကမ်းမှာလားဟု ယောင်၍မျှပင် လက်ကလေးနှင့် ဝေ့ရမ်းပြီး မစမ်းမိခဲ့။ ထိုသို့ဖြင့် ကိုရဲသည် မှားပြီးရင်း မှားနေခဲ့ပါသည်။
ဖုန်းလေးမှာ My Love ဆိုသည့် Incoming Call လေး မဝင်လာသည်မှာ ကြာသွားခဲ့ပြီ။ ပြီးတော့ ကိုရဲထံမှာ My Love ဆိုသော နာမည်လေးနှင့် Outgoing Call လေးလည်း ထွက်မသွားခဲ့ပါ။
Please forgive me ဆိုသည် ့ Message ကလေးတွေကတော့ တစ်စောင်ပြီး တစ်စောင် ထွက်ထွက်သွားသည်။ ကိုရဲမှာတော့ Send Succssfully ဆိုသည် စာကလေးတွေကိုသာ ဖတ်ပြီး ရင်ကလေး ဖိုရုံနှင့် နေ့ရက်အချို့အချို့တွေကို ဖြတ်ကျော်ခဲ့ရပြီ။
ကိုရဲ ထင်မှတ်ထားသော စိတ်ဆိုးနေသည့် ချစ်သူကလေးသည် သူ့အတွေးနှင့်သူ ဖြေသာသွားမည့်ဟု မှန်းဆချက်သည် အမှား။
မိန်းကလေးတစ်ယောက် စိတ်ကောက်နေသည် ဟု သိသိရက်နှင့် မချော့ခဲ့ခြင်းသည်လည်း ကိုရဲ အမှား။
ထိုမိန်းကလေး နားလည်မှုမရှိခြင်းသည် မည်သူ့အမှား ဖြစ်ပါသလဲ။
“ငါ နင့်ကို သိချစ်တယ်။ တကယ်ဆို မိန်းမဈေးကျတယ်တဲ့။ ငါအဲဒါကို သိသိရက်နဲ့တောင် နင့်ဘက်က အချစ်တွေ စီးဝင်လာအောင် ငါ့ နှလုံးသားကို ချောင်းအဖြစ်ဖောက်ခဲ့တာ နင်မသိဘူးမလား။ တကယ်လို့ နင့် ငါ့ကို အားနာလို့လိုက်လျောရတဲ့ အချစ်မျိုးကိုပဲ ပေးနိုင်ခဲ့တယ်ဆိုရင်………နင်….ပြန်…..“
“ငါ့ကို အားနာလို့လိုက်လျောတယ်လို့ နင်မပြောနဲ့စုလေး…..ငါ……..“
“နင့်ကို ငါ အားနာတယ်..ဟာ …..။ သူငယ်ချင်းတွေကပြောကြတယ် နင်နဲ့ငါ ဘယ်သူ ချောသလဲဆိုရင် နင်ပဲ ချောတယ်တဲ့။ ငါက ရုပ်ဆိုးတယ်တဲ့……..။“
“ဘာဆိုင်လို့လဲ………။ အချစ်မှာ လှတာ၊ ရုပ်ဆိုးတယ်ဆိုတာတွေဟာ နောက်မှ“
“ဒါဆိုနင့်ကို တစ်ခုငါမေးမယ်။ လှလို့ချစ်ကြတာလား။ ချစ်လို့ လှလာတာလားဟင်……“
“အဲဒါတော့ ဘယ်လိုပြောရမလဲ……..ငါ“
“နင်က သဝန်မတိုတတ်ဘူးနော်…။ ငါကတော့ သဝန်တိုတတ်တယ်..။ အဲဒီ စိတ်မကောင်းမှန်း သိသိရက်ကြီးနဲ့ ငါမပြင်နိုင်ဘူး…။ ငါ အတ္တကြီးလား ဟင် ကိုရဲ“
“………………………………..“
“ငါ့လို အိမ်ထဲက အိမ်ပြင်မထွက်တဲ့ မိန်းမတစ်ယောက်က လူမှုရေးမသိတာ အပြစ်လားဟင်။ နင်လို့ အပေါင်းအသင်းမပေါတာတော့ ဝန်ခံပါတယ်…။ နင် ငါ့ကို လူမှုရေး ခေါင်းပါးတယ်လို့ ထင်နေတယ်မလား ဟင် ကိုရဲ“
“………………………………………….“
“နင် ငါ့ကို စိတ်ပျက်လာပြီ မဟုတ်လား…။ ငါပြောပါတယ် ငါဟာ ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်တော့ မဟုတ်ပါဘူးလို့………………။ နင့် ငါ့ကိုအားမနာပါနဲ့……ဟာ“
“…………………………….“
ကိုရဲ မဖြေခဲ့သော နောက်ပိုင်း အဖြေတွေ တစ်ခုထက်မကရှိနေခဲ့သည်။ သို့နှင့် လိပ်ပြာသည် ကိုရဲနှင့် ဝေးဝေးသွားခဲ့ပါသည်။
သည်လိုနှင့် နေ့ရက်အချို့အချို့……ငိုရင်း….။
အချစ်မပါသော ရင်ခုန်ရုံသက်သက်ဖြင့် လိပ်ပြာလုံဖို့အတွက် ကိုရဲ စုလေးဆီ Message တစ်စောင်ရေးပို့လိုက်ပါသည်။
ရာသီပြောင်းပြန်ပြောင်းသော နေ့ရက်များအတွင်း လမ်းမှားစွာလျှောက်ခဲ့ဖူးသော နှလုံသားပိုင်ရှင်သည် ဤ Message လေးတစ်စောင်နှင့်သာ ဖြစ်လာသမျှသော ခံစားမှုအထိုထိုကို တွေးမိလိုက်တိုင်း လွမ်းနေဦးမည်လား ဆိုတာ မသေချာ..။
မျက်ရည် စက်လက်နှင့် စုလေးကိုလည်း ဆက်သွယ်မှုဧရိယာ၏ ပြင်ပမှာ မြင်ယောင်ရင်းပေါ့…။
သော်ဇင်(လွိုင်ကော်)
5 comments
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 18, 2013 at 1:58 pm
မိုက်တယ်ဗျာ …
တကယ် ချယ်ဘာဘဲ ကို လွိုင်ကော်ဂျီးရေ့ …
ခုဟာဂ ဟိုဒင်းရဲ့ အမွှားလို့ ပေါလို့ ရမားဘဲ ..
ဒါနဲ့ .. စကားမစပ် ..
ဒါ .. တွေ့ပီး ရေးဒါလား …
သူညား အဖြစ်၊ ကိုယ့်အဖြစ်ကို အခြေခံပီး ရေးဒါလားဂျ ..
Mobile13
May 19, 2013 at 10:41 am
သူ့ဖာသာသူ ဘိုရေးရေးခညားနဲ့ဘာဆိုင်တုံး ဒေါက်တာဂျီးရ။
ဖတ်ရှု့သွားပါတယ် ကိုသော်ဇင်ရေ
ဝေဖန်အကြံပြု ဘိုရေးရမှန်းမတိလို့
သော်ဇင် (လွိုင်ကော်)
May 19, 2013 at 11:31 am
ကိုယ်တွေ့ရော သိမြင်ကြားရတာတွေရော အကုန် သားစိုးလုပ်ထားပါတယ်။ ဒီလိုပဲလေ တွေ့မြင်တာတွေကိုရေးထည့်လိုက်တာ အခု လိုက်နေကြလို့ သူငယ်ချင်းတွေကို မုန့်တောင်ဝယ်ကျွေးလိုက်ရသေးရဲ့။
kyeemite
May 20, 2013 at 11:18 am
ကိုရင် သော်ဇင်ရေ…
သဝန်တိုတယ်ဆိုတာ ချစ်သူတို့ကြားရော…လင်မယားကြားမှာပါ
ရှိတတ်ကြတာ သဘာဝပေမဲ့ တဖက်စွန်းရောက်လွန်းရင်တော့…
ဝမ်းနည်းစရာတွေ ကြုံရတတ်ပါတယ်….သတိထားစရာပေါ့ 🙄
Aung Myat Lin
May 20, 2013 at 9:27 pm
good _/|\ _/|\ _/|\_