(၄) နှစ်ပြည့် အမှတ်တရအလွမ်း

ဒီနေ့ ကျွန်မအဖေဆုံးတာ (၄) နှစ်ပြည့်ပါပြီ။ အဖေလို့ ခေါ်ခွင့်မရတော့တာ (၄) နှစ်တောင် ရှိပြီပေါ့။ မိဘဆိုတာ သားသမီးတွေရဲ့ ဘဝမှာ အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာပါ။ ဒီလိုပဲ အဖေကလည်း ကျွန်မဘဝရဲ့ (၁၉) နှစ်တာကာလအတွင်းမှာ အဓိကဇာတ်ဆောင်အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ အဖေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပဲပေါ့ရှင်။ အကောင်းအဆိုးဒွန်တွဲပြီး လောကထဲက ထွက်သွားတဲ့ အဖေ့ဘဝကို ပြောပြချင်ပါတယ်။

 

ကျွန်မလူမှန်းသိတတ်စအရွယ်မှာ အဖေက ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ရန်ကုန်နဲ့မနီးမဝေးက တောမကမြို့မကျနယ်မြို့လေးမှာ ပုံနှိပ်စက်ဆိုလို့ (၃) လုံးပဲ ရှိပါတယ်။ အဲဒီ ပုံနှိပ်တိုက် (၃) ခုမှာမှ “စင်ရော်” ဆိုတဲ့ ကျွန်မတို့ပုံနှိပ်တိုက်က အဖေ့ရဲ့ ကျွမ်းကျင်မှု၊ ထူးချွန်မှုအောက်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ရင် အဖေက အတော်ဆုံးပဲလို့ တစ်မြို့လုံးက သတ်မှတ်ထားကြပါတာယ်။ တစ်မြို့လုံးနီးပါးကလည်း အဖေ့ကို သိကြတယ်။ ဒါကြောင့် ကျွန်မငယ်ငယ်ကဆို အဖေ့သမီးလို့ ပြောရတာ သိပ်ဂုဏ်ယူတာပဲ။ “ဘယ်သူ့သမီးလဲ” လို့ကို မေးစေချင်နေတာ။ “စင်ရော်”က အဖေ့သမီးပါ လို့ ပြောချင်လို့လေ။ “အာ..သိတာပေါ့…သမီးအဖေက တကယ့်လူတော်ပဲ” လို့ ပြောခံရရင် ချက်ချင်းကို မြောက်တက်သွားချင်တာပဲ။

 

အဖေက တကယ်ကို တော်တဲ့သူတစ်ယောက်ပါ။ ဆယ်တန်းနှစ်မှာ အဘိုးဆုံးသွားလို့ မိသားစုစီးပွားရေးအခြေအနေအရ ကျောင်းထွက်ခဲ့ရတဲ့ အဖေက အဘွားဆီက ရတဲ့ ပုံနှိပ်စက်ပညာနဲ့ မိသားစုကို ဦးဆောင်ခဲ့ပါတယ်။ အမေနဲ့ အိမ်ထောင်ကျတော့လည်း သူတတ်တဲ့ပညာနဲ့ပဲ စီးပွားရေးဆက်လုပ်ခဲ့တယ်။ သင်ယူချင်စိတ်ရှိတယ်၊ ပညာကို တန်ဖိုးထားတယ်။ လုပ်ငန်းမှာသုံးတဲ့မင်ကို ဆိုင်က ဝယ်နေရာကနေ မင်ရည်ကျိုနည်း၊ မင်စပ်နည်းပညာကို မရရအောင် လေ့လာသင်ယူခဲ့တယ်။ နောက် စာအုပ်ချုပ်စက်နဲ့ စာအုပ်ချုပ်ရာကနေ ကြိုးနဲ့ စာအုပ်ချုပ်နည်းကိုတတ်ဖို့ စာအုပ်တွေကို သေသေချာချာ ဖြည်ကြည့်ပြီး လေ့လာခဲ့တယ်။ နောက်ပိုင်းတွေမှာ အချက်အပြုတ်၊ အစားအသောက် ဝါသနာပါတဲ့အဖေက ဒန်ပေါက်ချက်နည်း၊ ထောပတ်ထမင်းချက်နည်းတွေကိုလည်း အလှူချက် ချက်နိုင်တဲ့အထိ တတ်ဖို့ကို ကုလားတွေဆီမှာ အောက်ကျတယ်သဘောမထားပဲ ရအောင်သင်ခဲ့တယ်။ အဖေတတ်တာတွေကတော့ တော်တော်လေးကို များပါတယ်။

 

နောက်ပြီး အဖေငယ်ငယ်ကလည်း ဆုတွေဘာတွေရခဲ့တယ်။ လက်ရေးအမြန်ပြိုင်ပွဲမှာ အဖေက တစ်မိနစ်ကို အလုံး (၁၀၀) ရေးပြီး ပထမဆုကို ရခဲ့တယ်။ အရင်ကဆို သီချင်းစာသားတွေကို လိုက်ရေးနိုင်တယ်တဲ့။ ကြက်ခြေနီအဖွဲ့တွေဘာတွေထဲမှာလည်း စံပြဆုတွေရခဲ့တယ်။ အဖေ့ရဲ့ဆုတွေ၊ ဓာတ်ပုံတွေကို ကြည့်ပြီး ကျွန်မကတော့ အရမ်းဂုဏ်ယူတာပဲ။ နောက်ပြီး အဖေဆုံးသွားတဲ့ အသက် (၄၆) နှစ်မှာ သွေးလှူတဲ့အကြိမ်ပေါင်း (၄၀) ကျော် ရှိခဲ့ပါတယ်။

 

လူတွေပြောကြတဲ့ “ဉာဏ်ကောင်းတယ်” ဆိုတာ အဖေ့ဆီက အမွေရတာ ဖြစ်နိုင်ပါတယ်။ ကျွန်မရဲ့ ဗီဇတွေ၊ ဝါသနာတွေ အတော်များများကလည်း အဖေ့ဆီက ဆင်းသက်လာတာပါ။ ပုံနှိပ်စက်လုပ်ငန်းလုပ်တဲ့အတွက် မြန်မာစာဆိုတာ ကျွန်မအတွက် မစိမ်းပါဘူး။ အရင်ကဆို ဖိတ်စာရိုက်ရင် အဖေက နမူနာတစ်စောင်ရိုက်၊ အမေက အမှားအမှန်စစ်ပေး၊ နောက်ပိုင်းကျတော့ ကျွန်မက အမှားရှာတဲ့သူ ဖြစ်လာရော။ စာလုံးပေါင်းမှားတာတွေ၊ စာကျတာတွေကို အမေစစ်ပြီးရင် ကျွန်မက ပြန်စစ်ပေးရတယ်။ စာလုံးပေါင်းသတ်ပုံကျမ်းလည်း ဝယ်ထားပေးတယ်။ မြန်မာစာရေးရင် စာစုလေးတွေ ခွဲပြီး ရေးရတယ်ဆိုတာ ကျွန်မ (၃) တန်းနှစ်လောက်မှာ အဖေက သင်ပေးခဲ့တာပါ။ စာပေဝါသနာပါတဲ့အဖေက ကျွန်မရဲ့ စာရူးပေရူးဗီဇကိုလည်း အားပေးခဲ့ပါသေးတယ်။ မှတ်မှတ်ရရပြောရရင် ကျွန်မ ကဗျာတွေစရေးတာ (၈) တန်းနှစ်လောက်မှာပါ။ ဆယ်ကျော်သက် (၁၃) ၊ (၁၄) နှစ်ဆိုတော့ မဂ္ဂဇင်းတွေဖတ်ကာစအချိန်ပေါ့။ “အပျိုစင်” မဂ္ဂဇင်းကို အရမ်းကြိုက်တဲ့ကျွန်မက စာအုပ်ထဲက ကဗျာတွေကိုဖတ်၊ ကဗျာရူးရူးပြီး အချစ်ကဗျာတွေ ရေးပါလေရော။ ပြီးရင် ကျွန်မက အဖေ့ကို သွားပြတာ။ အဖေကလည်း “ကောင်းတယ်၊ ဆက်ရေး” တဲ့။ ကဲ…ဘယ်လောက်အတိုင်အဖောက်ညီတဲ့ သားအဖလဲလို့။ နောက် အမှတ်တရတစ်ခုကတော့ ကျွန်မဆယ်တန်းတက်မယ့်နှစ်မှာ မောင်လေးကို ရှင်ပြုပေးပါတယ်။ အဲဒီမှာ ကျွန်မရေးထားတဲ့ အလှူကဗျာကို အဖေက ဖတ်ကြည့်ပြီး သဘောတွေကျလို့ ဖိတ်စာနောက်ကျောမှာ ထည့်ရိုက်ပေးခဲ့ပါတယ်။

 

ဘယ်ပြိုင်ပွဲမဆို ဝင်ပြိုင်ဖို့ အားပေးခဲ့တာလည်း အဖေပါပဲ။ ကျောင်းပညာရေးအနှောင့်အယှက်ဖြစ်မှာစိုးလို့ တစ်ခါတစ်ခါ အမေက ကန့်ကွက်ရင်တောင် အဖေက ကျွန်မဘက်က လိုက်ပေးတာပါ။ စာစီစာကုံးပြိုင်ပွဲတွေ၊ ကွန်ပျုတာပန်းချီပြိုင်ပွဲတွေ၊ ထူးချွန်စာမေးပွဲတွေ၊ ကျပန်းစကားပြောပြိုင်ပွဲတွေ… ပါလေရာငါးပိချက် ဖြစ်ခဲ့တာ အဖေ့ရဲ့ အားပေးမှုတွေလည်း ပါပါတယ်။ ကွန်ပျူတာဆိုလို့ အခုချိန်ထိ ဘယ်သင်တန်းမှ မတတ်ဘဲနဲ့ ကွန်ပျူတာကလိတတ်တာ အဖေက လက်ဦးဆရာပါ။ ပုံနှိပ်စက်လုပ်တဲ့အဖေက သူဝင်ထားတဲ့အဖွဲ့အစည်းတစ်ခုက ကွန်ပျူတာသင်တန်းကို တက်ပြီးတဲ့အချိန်မှာ ကွန်ပျူတာစာစီစာရိုက်လုပ်ဖို့ စိတ်ကူးခဲ့ပါတယ်။ အိမ်မှာ ကွန်ပျူတာဝယ်လာတော့ ကျွန်မက (၄) တန်း။ ညဘက်အလုပ်ပြီးချိန်ဆိုရင် Typing Tutor 6 နဲ့ လက်ကွက်သင်ပေးပါတယ်။ အဲဒီကစလို့ သင်ပေးလိုက်တာ (၅) တန်းနှစ်လောက်မှာ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင်ရိုက်တတ်ပြီး အိမ်မှာလာအပ်တဲ့ စာစီစာရိုက်အလုပ်တွေကို ဝိုင်းလုပ်ပေးနိုင်နေပါပြီ။ အဖေက ပုံစံချပေးပြီး ကျွန်မကို စာရိုက်ခိုင်းတယ်။ အဖေက အရှေ့မှာ ပုံနှိပ်စက်နဲ့စာရိုက်၊ ကျွန်မက အိမ်ထဲမှာ ကွန်ပျူတာနဲ့စာရိုက်၊ အရမ်းပျော်ဖို့ကောင်းပါတယ်။ နောက်ပြီး အဖေညဘက်အလုပ်လုပ်ရင် ဖွင့်တဲ့ စန္ဒရားချစ်ဆွေသီချင်းတွေကိုလည်း အခုချိန်ထိ ကြိုက်နေတုန်းပါပဲ။

 

အဲဒီလို ကျွန်မဂုဏ်ယူရတဲ့ သူရဲကောင်းအဖေက အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့တာ့ အရမ်းနှမြောဖို့ကောင်းပါတယ်။ လူမှုရေးအလုပ်တွေစိတ်ဝင်စားတဲ့၊ (ကျွန်မနဲ့ဗီဇတူ) နေရာတကာပါဖို့ ဝန်မလေးတဲ့အဖေက မြို့က အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ (အရင်ကတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း၊ အခုတော့ ပါတီပေါ့။) အဲဒီမှာပါပြီးတဲ့နောက်မှာတော့ စီးပွားရေးကိုပစ်ပြီး ရုံးအလုပ်တွေကို လုပ်ပါတော့တယ်။ ရုံးက အလုပ်တွေကို အိမ်က ပုံနှိပ်စက်နဲ့တစ်မျိုး၊ ကွန်ပျူတာနဲ့တစ်ဖုံ အကုန်လုပ်ပေးလိုက် (ပိုက်ဆံလည်း မရဘူး)၊ တစ်ခါတစ်ခါ အိမ်က ကွန်ပျူတာကိုပါ ရုံးကို သယ်သွားလိုက်နဲ့ အမေနဲ့လည်း ခဏခဏ စကားများကြပါတယ်။ နောက်တော့ အပေါင်းအသင်းစုံလာရာကနေ အရက်သောက်တတ်လာတာပါပဲ။ အစကတော့ ဆေးဖြစ်ဝါးဖြစ် နည်းနည်းပေါ့။ တစ်နေကုန် အလုပ်လုပ်၊ ညနေအလုပ်သိမ်းရင် အရက်လေးနည်းနည်းသောက်၊ ပြန်လာရင် ထမင်းတွေအများကြီးစားဆိုတော့ ဝဝဖြိုးဖြိုးနဲ့ ကျန်းမာရေးလည်း ကောင်းပါတယ်။

 

နောက်ပိုင်းကျ အိမ်အလုပ်တွေကို ပစ်ပြီး လူမှုရေးတွေလိုက်လုပ်တော့ အလုပ်တွေက ရက်ချိန်းမမှန်၊ ဒီကြားထဲ အရက်ကလည်း ပိုသောက်လာဆိုတော့ အိမ်ရဲ့ စီးပွားရေးကလည်း ကျလာပါတယ်။ ကျွန်မတို့ မောင်နှမကလည်း အရွယ်တွေရောက်၊ အတန်းတွေကြီးလာ၊ အိမ်က စီးပွားရေးကလည်းကျ ဆိုတော့ အခက်အခဲတွေအများကြီးပါပဲ။ စုတတ်ဆောင်းတတ်၊ စီမံတတ်တဲ့ အမေနဲ့ အဘွားကြောင့်သာ ကျွန်မတို့ ပညာရေး ဆုံးခန်းတိုင်ခဲ့တာပါ။ လူကောင်းပေမယ့် မူမကောင်းတဲ့ ကျွန်မတို့အိမ်ကအလုပ်ကို လာအပ်တဲ့သူ နည်းလာတာလည်း မဆန်းပါဘူး။ အဖေကတော့ အလုပ်ကို ပိုမကြိုးစားတဲ့အပြင် အရက်နွံထဲကို ပိုပြီး နစ်လာတာပါပဲ။ တစ်ချိန်က ဝိုင်းဝိုင်းလည်နေတဲ့ အသိုင်းအဝိုင်းအပေါင်းအသင်းတွေကလည်း အဖေ့ရဲ့ ကျချိန်မှာ ရှိမနေကြတော့တာ လောကရဲ့ မထူးခြားတဲ့ သဘာဝတစ်ခုပါပဲ။

 

အံ့ဩဖို့ကောင်းတဲ့ အဖြစ်က ပညာရေးစရိတ်ကြီးမားလာတဲ့ ကျွန်မ ဆယ်တန်းနှစ်မှာ အဖေက ဘုန်းကြီးဝတ်ပြီး တစ်ဝါဆိုခဲ့ပါတယ်။ တစ်ချိန်က အဖေဆီမှာ ပညာသင်ခဲ့တဲ့ အစ်ကိုကြောင့်သာ မဟုတ်ရင် ကျွန်မတို့ပညာရေး ရှေ့ဆက်ဖို့ ခက်ခဲ့မှာပါ။ သူစိမ်းတစ်ယောက်က အိမ်အလုပ်လာလုပ်ပေးနေရတဲ့အတွက် အဖေဘုန်းကြီးလူထွက်ဖို့ကို ကျွန်မကပဲ သွားတောင်းပန်ခဲ့ပါတယ်။ အဖေကလည်း မထွက်ချင်ဘူးလို့ အတန်တန်ငြင်းပါတယ်။ ခဏခဏသွားပြီး ဂျီတိုက်၊ ချော့တစ်မျိုး၊ ခြောက်တစ်ဖုံလာပြောတဲ့ ကျွန်မကို နားငြီးလာတယ်ထင်ပါရဲ့။ နောက်ဆုံးတော့ လူထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာက ဘုန်းကြီးလူထွက်တဲ့နေ့ အိမ်အပြန်မှာ အဖေ့ဆီက အရက်နံ့ပါလာခဲ့တာပါ။ အဲဒီလောက်အထိ စိတ်ကိုအလိုလိုက်ခဲ့တဲ့ အဖေပါ။ နောက်ပိုင်းတွေမှာ သူ့ရဲ့ အေးချမ်းနေတဲ့ဘဝက ကျွန်မကြောင့် ပြန်ပူလောင်ခဲ့တယ်လို့လည်း မကြာခဏ ပြောတတ်ပါသေးတယ်။

 

အိမ်ထောင်ဦးစီးတာဝန်မကျေတော့တဲ့ အဖေ့ကို ကျွန်မတို့သားအမိတွေပေးတဲ့အပြစ်က ကြဉ်ထားလိုက်ကြတာပါပဲ။ သားသမီး၊ ဇနီးရဲ့ ဖယ်ကြဉ်မှုကြောင့် မခံချင်စိတ်နဲ့ ပြန်ကြိုးစားလာမလာရယ်လို့ပါ။ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ကျွန်မတို့ကို အရွဲ့တိုက်တယ်ဆိုပြီး အရက်တွေ ပိုသောက်ခဲ့ပါတယ်။ ဒါပေမယ့် အဖေက သေရမှာတော့ အရမ်းကြောက်ခဲ့တာပါ။ အရက်သောက်တာများလို့ အခြေအနေမကောင်းတော့ဘူးဆိုရင် ခဏဖြတ်ပြီး ဆေးကုတာပါ။ ကြက်သဟင်းရွက်ဟင်းချိချက်သောက်တယ်။ ဆန်ပြုတ်တွေကျိုသောက်တယ်။ ဆေးခန်းသွားတယ်။ ကျွန်မတို့ကိုတော့ အရက်ဖြတ်လိုက်လို့ နေမကောင်းဖြစ်တယ်လို့ ပြောပြီး အမေ့ဆီက ဆေးဖိုးတောင်းခိုင်းပါတယ်။ အမေကတော့ အဖေ့အထာကို နပ်လို့ မပေးပါဘူး။ ကျွန်မနဲ့ အဘွားကပဲ မရရအောင် နားချရတာပါ။ တစ်ခါတစ်ခါ အမေက မပေးရင် အဘွားက လက်သိပ်ထိုးပေးပါတယ်။ တစ်ခါကနှစ်ခါ၊ နှစ်ခါက သုံးခါ၊ သုံးခါက လေးခါ ဖြစ်လာတဲ့အချိန်မှာတော့ ကျွန်မလည်း အဖေ့အထာကို သိသွားပါတယ်။ နောက်ဆုံးတော့ တစ်မိသားစုနဲ့ တစ်ယောက် ဖြစ်သွားတော့တာပါပဲ။

 

အရက်သောက်တဲ့အဖေ့ကို ကျွန်မကလည်း မရိုမသေတွေ ဆက်ဆံခဲ့ပါတယ်။ ကျောင်းပိတ်ရက် ကျွန်မပြန်လာပြီဆိုရင် ကားဂိတ်ကိုလာကြိုပါတယ်။ ကျွန်မကြိုက်တဲ့ အမဲနှပ်ဟင်း၊ ငါးပိချက်၊ တို့စရာတွေနဲ့ ထမင်းအတူတူစားဖို့ စောင့်ပါတယ်။ မိုက်လုံးကြီးလှတဲ့ကျွန်မက အရက်သောက်ထားတဲ့အဖေနဲ့ ထမင်းအတူတူစားဖို့ကို အမြဲတမ်းရှောင်ပါတယ်။ မဆာသေးတာတွေကို အကြောင်းပြပြီး မတတ်သာတဲ့အဆုံးမှပဲ အတူတူစားပါတယ်။ အဖေ ဆုံးမရင် “အရက်သောက်ထားတဲ့အချိန်မှာ သားသမီးကို မဆုံးမပါနဲ့” လို့ ပြန်ပြောပါတယ်။ စကားလုံးဝမပြောဘဲ ဖာသိဖာသာနေတာမျိုးတွေ လုပ်ပါတယ်။ ကျွန်မကိုချစ်တဲ့အဖေကတော့ ကျွန်မဘာပြောပြော မဆူပါဘူး။ (မောင်လေးသာဆိုရင် ထရိုက်မှာ သေချာပါတယ်။) တစ်ခါတစ်ခါ အရက်မသောက်ဖို့ ပြောကြရင်း ဘုန်းကြီးစာချအဖေနဲ့ ကျွန်မတို့ရဲ့ စကားဝိုင်းက ရန်ပွဲနဲ့အဆုံးသတ်သွားပါတယ်။ ဆူဆောင့်အောင့်ပြီး စိတ်ဆိုးဆိုးနဲ့ ကျွန်မထွက်သွားရင်လည်း အဖေက ပြုံးပြုံးပါပဲ။

 

အရက်ကို ကြိုက်လို့ သောက်တဲ့အဖေက တစ်ခြားမကောင်းမှုတွေကို ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ နောက်ပိုင်းတွေမှာ အရက်သမားအဖေကို ကျွန်မအဖေလို့ ပြောရမှာ ဝန်လေးလာပါတယ်။ ကျွန်မကို အဖေ့သမီးမှန်း သိသွားကြတာနဲ့ ပြောကြတဲ့စကားက “သမီးအဖေရော သောက်သေးလား” တဲ့။ တစ်ခါတစ်ခါကျတော့လည်း ရင်းနှီးတဲ့လူတွေက လမ်းမှာတွေ့ရင် “နင့်အဖေ ကမ်းနားမှာ မူးလဲနေလို့” ဆိုပြီး အော်စသွားကြပါတယ်။ (တကယ်တော့ အဖေက ဘယ်တော့မှ လမ်းမှာ မူးမလဲတတ်ပါဘူး။) အဲဒီလိုအကြောင်းတွေကြောင့် သားသမီးသိက္ခာကို ငဲ့ပြီး အရက်မသောက်ဖို့တားရင် အဖေပြောလေ့ရှိတာက “အရက်သောက်တယ်ဆိုတာ လောင်းကစား၊ ဒုစရိုက်၊ မိန်းမပွေတာတွေထက်တော့ အများကြီး သာတယ်..ပိုက်ဆံအကုန်အကျလည်း အသက်သာဆုံးပဲ” တဲ့။ အဖေက စိတ်ထားအရမ်းကို ဖြူစင်ပါတယ်။ အရင် အဖွဲ့အစည်းမှာ လုပ်တုန်းက သူရထားတဲ့နေရာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး စီးပွားရေးလုပ်လို့ရပါတယ်။ သူများတွေက လုပ်ပြီး ကြီးပွားနေတာကိုတွေ့တော့ အမေက မိန်းမပီပီ လုပ်ဖို့တိုက်တွန်းရင် “အပူစာတွေ မစားချင်စမ်းပါနဲ့..မိန်းမရယ်..ငါလည်း မစားဘူး..ငါ့မိသားစုကိုလည်း မကျွေးဘူး…” တဲ့။ နောက်ပြီး နေရာလည်း မယူတတ်ပါဘူး။ ပွဲတစ်ခုခုရှိလို့ သူများတွေက ခုံမှာ အခန့်သားထိုင်နေတဲ့အချိန်မှာ အဖေကတော့ သူဝါသနာပါတဲ့ ချက်ပြုတ်ကျွေးမွေးရေးကိစ္စတွေကို စီမံပြီး မီးဖိုခန်းထဲမှာပဲ ပျော်နေတဲ့သူပါ။ “စီးပွားရေးကို ပစ်ပြီး အဲလိုတွေ လုပ်နေမယ့်အတူတူ အခကြေးငွေယူပြီး ချက်ပါလား…” ဆိုတော့ “ကိုယ့်စေတနာသာ အဓိကပဲ..စေတနာမှန်ရင် အကျိုးခံစားရမှာပဲ…ဘာကိုမှ မမက်နဲ့…” တဲ့။

 

စေတနာကောင်းပြီး စိတ်ထားဖြူစင်တဲ့အဖေက နောက်ဆုံးခရီးကို ကောင်းကောင်းမွန်မွန်ပဲ ဖြတ်သန်းသွားပါတယ်။ ၂၀၀၉ ခုနှစ်၊ မေလ (၃၁) ရက်နေ့၊ မိုးတွေရွာနေတဲ့အချိန် မနက် (၈) နာရီမှာ လောကထဲက ထွက်ခွာသွားခဲ့ပါတယ်။ အဖေဆုံးတော့ အဖေ့နားမှာ ကျွန်မရှိမနေခဲ့ပါဘူး။ အဖေကတော့ သူချစ်တဲ့ သမီးကြီးကို မျှော်သွားလား မမျှော်သွားလားဆိုတာကတော့ ဘယ်သူမှ မသိလိုက်ပါဘူး။ သံယောဇဉ်ပြတ်တဲ့အဖေက ဘာအနှောင်အဖွဲ့မှ ပါမသွားမှာတော့ အသေအချာပါပဲ။ အရက်သောက်လို့ စီးပွားရေးကျခဲ့တယ်ဆိုတာကလွဲလို့ ကျွန်မတို့မိသားစုမှာ ဘာနာမည်ဆိုးမှ ကျန်မနေခဲ့တဲ့အတွက် အဖေ့ရဲ့ ကိုယ်ကျင့်တရားကို လေးစားမိပါတယ်။ အချိန်တွေဘယ်လောက်ပဲ ကြာညောင်းပါစေ၊ အဖေကတော့ ကျွန်မရင်ထဲမှာ ထာဝရ ရှိနေမှာပါပဲ။ အဖေ့အတွက် အမှတ်တရရေးတဲ့ ဒီစာလေးကို အဖေ့အတွက် စပ်ခဲ့ဖူးတဲ့ ကဗျာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်ရှင်။

Just Once

50 comments

  • ဦးကြောင်ကြီး

    May 31, 2013 at 9:17 am

    မွန်မွန်က ကြံဖွတ်ပါတီဝင် သာမီးဂိုး…

  • ဦး ကျောက်ခဲ

    May 31, 2013 at 9:42 am

    တိန်.. ကျုပ်တို့ လုပေါင်တစ်တွေကို အုတ်ခဲနဲ့ထုလာတာ မွန့်ပါပါးကိုး…
    အမှန်က မွန့်ဖေဖေ မသူတော်တွေနဲ့ သွားပေါင်းမိလို့ပါ…
    :harr:
    စိတ်ပြေလျော့အောင် အပျော်ပြောတာပါကွယ်…
    လူဆိုတာကိုယ့်သမိုင်းကိုယ်တင်မက ကျန်ရစ်သူမိသားစုအတွက်ပါအမွေပေးသွားတာမို့…
    သမီးအခုလို ခါးကိုမတ်ပြီး လူပုံအလည်မှာ ဝင့်ဝင့်ထည်ထည်ရှိနေတဲ့အတွက်…
    သွားလေသူသမီးရဲ့ဖေဖေကို ကျေးဇူးတင်လိုက်ပါကွယ်…

    • ဘာမဆိုင် ညာမဆိုင်..အဲ့အဖွဲ့ကြီးကို မုန်းသွားတာ အခုထက်ထိ…. အဲ့မှာရှိတဲ့လူတွေအကြောင်းကို အကုန်သိနေလို့ အတော်လေးကို စိတ်ပျက်မိတာ…အခုတော့ ဘယ်လိုနေလဲမသိ.. 🙂

      ဟုတ်… လေးကျောက်ပြောတဲ့အတိုင်း ကျေးဇူးတင်မိပါတယ်…

  • What Is A Dad?

    A dad is someone who
    wants to catch you before you fall
    but instead picks you up,
    brushes you off,
    and lets you try again.

    A dad is someone who
    wants to keep you from making mistakes
    but instead lets you find your own way,
    even though his heart breaks in silence
    when you get hurt.

    A dad is someone who
    holds you when you cry,
    scolds you when you break the rules,
    shines with pride when you succeed,
    and has faith in you even when you fail…

    – Unknown

    နောက်တော့ သေချာ လာမန့်ပါဦးမယ် …။

  • KZ

    May 31, 2013 at 11:06 am

    ခုထိ မတွေးရဲသေးတဲ့ အတွေးထဲမှာ မိဘနဲ့ သေကွဲ ဆိုတာ ပါတာမို့
    မွန်မွန်လေး ခု ခံစားချက်ကို ကိုယ်ချင်းစာမိပါရဲ့။ 🙁

    ကဗျာလေးဖတ်ပြီး ငို ချင်တယ်ကွယ်။
    :byae:

    • နိုပါနဲ့နော်..တိတ်..တိတ်…. 🙂

      အစ်မရေ…သဘာဝတရားက မလွန်ဆန်နိုင်ဘူးလေ… အမွန်ဆို စိတ်ထဲမှာ မျှော်လင့်ထားတာတောင်မှ တော်တော်လေးခံစားရတယ်.. မျှော်လင့်ထားပေမယ့် ဒီလောက်မြန်မြန်ဖြစ်သွားမယ်လို့ မထင်ထားလို့လေ…

  • Myo Thant

    May 31, 2013 at 11:16 am

    ကျနော့် အဖေဟာ အရက်ကို လည်ပင်းဖက်ပြီး မိန်းမမဲ့ သားမဲ့တဲ့ ဘဝနဲ့ လူ့လောကကြီးကို စွန့်ခွာသွားခဲ့သူပါ ၊
    သူ့သားဖြစ်တဲ့ ကျနော်ဟာ သူ့လို မယ်ဒလင်ဆရာမဟုတ်ခဲ့ပေမယ့် သီချင်းဆိုရတာကို အသေကြိုက်သလို
    အရက်ကိုလည်း ဂျီတီအိုင် ပထမနှစ် စာမေးပွဲအပြီးမှာ စတင်မြည်းစမ်းခဲ့ပါတယ် ၊
    အခု ကျနော်က သားသမီးတွေနဲ့ အဖေဘဝ ရောက်လာပါပြီ ၊
    အရက်ကို နေ့စဉ်မဟုတ်တောင် မကြာခဏ သောက်မိပါတယ် ၊
    လစ်မစ် ဘယ်လောက်ရှိတယ်ပြောပြော တစ်ခါတစ်လေ များမိတတ်သူပါ ၊
    အမှားမပါဖို့ကိုတော့ အမြဲသတိထားပါတယ် ၊
    မွန်မွန်ရေ မွန်မွန်က ၄ နှစ်မြောက် ၅ နှစ်မြောက်ဆိုပြီး ရေးနိူင်သေးပေမယ့်
    ဘယ်နေ့မှာသေသွားမှန်းမသိတဲ့ ကျနော့်အဖေအတွက်
    ဘယ်ရက်မှာမှ အမှတ်တရရေးမရတဲ့ သားတစ်ယောက်ဘဝမို့
    မွန်မွန်က ကျနော့်ထက် သာပါသေးတယ်လေ ။

    • ဦးမျိုးရေ..
      သားသမီးတွေက အဖေတွေ အရက်သောက်တာကို ပြောမရလို့သာ ကြည့်နေရင် ရှိမယ်… မသောက်စေချင်ကြပါဘူး… ဦးမျိုးရဲ့ သားသမီးတွေလည်း အဲလိုပဲ နေမယ် ထင်ပါတယ်… မသောက်ဘဲနေနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့နော်….

      ဦးမျိုးရဲ့ အဖြစ်အတွက်လည်း တကယ်ကို စိတ်မကောင်းပါဘူး.. အဲ့အကြောင်းလေး ပြောပြပါလားဟင်င်..

      • Myo Thant

        June 3, 2013 at 12:01 pm

        ရေးဖို့ရည်ရယ်ထားပါတယ် မွန်မွန်ရေ
        မကြာမီ လာမည် ပေါ့

  • ရွှေတိုက်စိုး

    May 31, 2013 at 11:32 am

    လုံမလေးရေ……….
    ကျုပ ်ငိုပါရစေ………….. အားရပါးရ အဖေ့ကိုလွမ်းတဲ့ မျက်ရည်တွေနဲ. အော်အော်ပြီး ငိုပါရစေဗျာ…
    အခုမှ လုံမလေး ၄နှစ်ပဲရှိသေးတာ……ပါ.. ဆုံးမ စကားနဲ. ပညာတွေ ပေးသွားနိုင်တဲ့ အဖေ ရှိသေးတယ်..
    ကျွန်တော်မှာဖြင့် ၉တန်းလောက်ကတည်းက ငါ့အဖေကွ ဆိုတဲ့ စကားလုံး ပျောက်ဆုံးခဲ့တာပါ….

    ကျွန်တော်အဖေလဲ အရက်သောက်တာပါပဲ…. ဒါပေမယ့် ကျုပ်အဖေ ကို အရက်သမားပြောရင် သိပ်စိတ်ဆိုးတာပဲ…. အဖေ ဘာကြီးပဲ ဖြစ်ဖြစ် အဖေက အဖေပါပဲ…. အဖေလို.အားရပါးရ ခေါ်ချိန်မရပဲ.. နှုတ်ဆက်ထွက်သွားတဲ့ အဖေအတွက်…
    ဒီတနေ.တော့ ကျုပ် အားရပါးရ ငိုပါရစေ…….. လုံမလေးရေ………

    • Yin Nyine Nway

      May 31, 2013 at 11:44 am

      အဲ တူတယ် အနော်နဲ့
      အနော်ကောပဲ 10တန်းနှစ်မှာဆုံးတာ အခုဆိုရင် လာမဲ့ ဝါဆိုလပြည့်ဆို 13နှစ်ပြည့်ပြီ
      အနော့် အဖေကောပဲ သောက်တယ်
      ကိုရွှေထိုက်လိုပဲ အနော်လည်း အဖေ့ကို အရက်သမားလို့ပြောရင် သိပ်စိတ်ဆိုးတာပဲ

    • -တိုက်တိုက်ရေ…
      အရမ်းလည်း ငိုမနေနဲ့ဦးနော်..အုပ်အုပ်ဗိုက်ထဲက ခေးလေး လန့်တွားဦးမယ်…

      နောက်တာပါနော့… ကိုးတန်းဆို ငယ်သေးတာပဲနော်… စိတ်မကောင်းပါဘူး..တကယ်ပါ… သမီးက တော်သေးတာပေါ့နော်…

      ငိုပါ..တိုက်တိုက်ရေ… ငိုပါနော်…သမီးတောင် ငိုချင်လာပီ.. :byae:

      -မနွေး
      10 တန်းနှစ်ဆိုတော့ ပိုဆိုးတာပေါ့နော်… အမွန်က တော်သေးတယ်…

      အဖေ့ကို အရက်သမားလို့ပြောရင် စိတ်ဆိုးတဲ့နှစ်ယောက်စလုံး.. ရှိတ်လိုက်ရအောင်…

      • ရွှေတိုက်စိုး

        June 1, 2013 at 10:45 am

        အော် လာထားရှိတ်…
        အဲအဲ ခဏလေး.. အဖေကို သတိရလို.ရှိတ်တာဆိုတော့…
        အဖေကြိုက်တဲ့ အရက်ကလေးနဲ. ရှိတ်လိုက်ရအောင်………. အဟီးးးးးးးးးးးးးးးး

        • may july

          June 1, 2013 at 12:08 pm

          ဘဝတူတွေပါပဲလားနော် …. :byae:

  • ကိုရင်စည်သူ

    May 31, 2013 at 12:33 pm

    လုံမလေးရေ.. ထပ်ထူထပ်မျှ ခံစားဖတ်ရှူ့ပေးသွားပါတယ်… အဲ..အဲ..
    ရွှေပြည်မှာ အဓိကပြသနာတစ်ခုမြင်မိတာက အိမ်ထောင်ဦးစီး တာဝန်ယူတဲ့
    ဖားသားတွေ အရင်လျှောသွားကြတာပါပဲ။ သတိထားမိတာကြာပါပီ…
    ယောက်ျားဆိုတော့ ကွမ်းဆေးလိပ်အရက်ဘီယာတစ်ခုမှ မကင်းကြတော့..
    ပြည်းတွင်းဖြစ် ဆေးလိပ်၊ ကွမ်း၊ အရက်တွေက အဆင့်မမှီတော့..
    ဖြစ်ကလက်ဆန်းဈေးပေါပေါလုပ်ကြတော့ တစ်နေ့ကို အဆိပ်နည်းနည်းစီသင့်ပြီး
    လူတန်းမစေ့ပဲ စောစောစီးစီး မာလကီးယားတယ်မြင်ပါတယ်။။
    ကျန်ခဲ့တဲ့ မိသားစုတွေကတော့ ခံပေါ့လေ… ခံပေါ့..
    သဗ္ဗေသတ္တာကမ္မသကာ..
    အသက်ကို ဉာဏ်စောင့်၏… 🙂 🙂

    • ဟုတ်ပါ..အူးစည်ရေ… အဖေသောက်တဲ့အရက်က တစ်ပုလင်းကို (၃၀၀)ဆိုလား..တော်တော်လေးကို ဈေးပေါတာ… ဘယ်လောက်အထိသောက်လဲဆိုရင် နောက်ပိုင်းမှာ ထမင်းမစား၊ ရေမသောက်ဘဲကို အရက်ပဲ သောက်နေတာ… ဒီလောက် အဆိပ်များတဲ့အရက်ကို အဲ့လိုသောက်မှတော့ အသက်ပါ ပေးလိုက်ရတော့တာပဲ…. နယ်တွေမှာ၊ တောတွေမှာကတော့ ဒီလိုပါပဲဗျာ… အူးစည်ပြောသလိုပဲ..သဗ္ဗေသတ္တာကမ္မသကာ ပေါ့…

  • မောင် ပေ

    May 31, 2013 at 12:58 pm

    အိမ်း
    ထပ်တူ ခံစားရတယ်ကွဲ ့ မွန်လေးရေ
    ဖိုးဖိုးပေ လဲ ရ တန်း ကျောင်းသား ဘဝမှာ …
    ဖိုးဖိုးပေ ရဲ ့ပီတု ဗိုက်ခွဲရာကနေ ဆုံးပါးသွားခဲ့ လို ့ပါပဲကွယ်

  • ခင် ခ

    May 31, 2013 at 2:13 pm

    ဖတ်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။
    ဒါပေသိ လုံမလေးအဖေကိုသတိရရင် လုံမလေးအဖေလို တော်အောင် အိမ်ကိုဦးစီးနိုင်တဲ့ လုပ်ဆောင်နိုင်သူ ဖြစ်အောင်ကြိုးစားပေါ့နော်၊
    အဲ အရက်၊ ဘီယာတော့ အဖေတူဖြစ်အောင် အစလုပ်ကာ မသောက်လေနဲ့ပေါ့ဗျာ။

  • kai

    May 31, 2013 at 2:38 pm

    မြန်မာ့မိသားစုစစ်စစ်ဘဝလေးတခုကို..ထင်ဟတ် ပြနေတဲ့ပို့စ်လေးပေါ့…
    ဆိုတော့…
    ကိုယ်တိုင်ကြုံခဲ့ပါရင်.. ဘယ်လိုကိုင်တွယ်ရမလည်း.. သင်ခန်းစာယူကြပါလေ…

    ကျုပ်ကတော့…
    ပြည်တွင်းမှာအရက်တွေ.. သေသေချာချာဆေးစစ်ဖို့လိုနေတယ်..။ ထိမ်းချုပ်ဖို့လိုနေတယ်ထင်မိတယ်…
    အစိုးရနဲ့.. လွှတ်တော်အမတ်များအလုပ်ဖြစ်ပါကြောင်း…ရယ်လို့…။

    • ကွန်မန့်အတွက်..ကျေးကျေးပါ သဂျီး…

      သတ်ပုံအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပြောရရင်တော့ ထင်ဟပ် နဲ့ ထိန်းချုပ် ပါလို့… 🙂

      ဝန်ကြီးတစ်ဦးကတော့ အော်ဖူးလေသလားလို့..အရက်ကိစ္စနဲ့ ပတ်သက်ပြီးလေ…

      • kai

        June 2, 2013 at 4:10 am

        လုံမလေးလဲ..
        အဖေကိုတကယ်ကျေးဇူးဆပ်ချင်ရင်… အဲဒီလိုကန်င်ပိန်းတွေ စသင့်..လုပ်သင့်တာပေါ့…
        ဒီလိုလုပ်မှ.. အဲဒီလိုအဖေနဲ့သားသမီးတွေပုံစံတူအဖြစ်ဆိုးတွေ .. လျှော့နည်းသွားမှာမို့.. ရမယ့်ကုသိုလ်ဆိုတာ..
        အသက်အချောင်းတွေနဲ့တွက်ရင်တောင်.. ရေလို့မရတာမို့.. သာဓုအကြိမ်တသိန်းကြိုခေါ်မယ်ဖြစ်ပါကြောင်း..

        သတ်ပုံပြင်ပေးတာကျေးကျေးနော… :harr:

        • လုပ်ချင်ပါတယ် သဂျီးရယ်..ဒါမယ့်..လုံမနဲ့ အရမ်းဝေးတဲ့အရာ ဖြစ်နေသလားလို့… 🙂

        • e tone

          June 3, 2013 at 3:02 pm

          မကြာသေးမီကမှ …ထုတ်လိုက်တဲ့ ပြည်တွင်းထုတ် အရက်သစ် တစ်မျိုးကို သောက်သုံးပြီး ရုပ်ဝါဒီပြောင်းလဲသွားပါတယ်လို့ ပြောကာ ဟိုလူရီးဆီ ဆေးခန်းလာပြတဲ့ လူနှစ်ဦး(အမျိုးသား) … ရှိခဲ့ဖူးတယ် … ။ သူတို့ နှစ်ယောက်က အချင်းချင်း ပတ်သတ်မှု မရှိသလို ၊ ဆေးခန်းလာပြတဲ့ အချိန်လည်း မတူဘူး .. ရက်တွေ လတွေတော့ ကွာကြတယ် ..အပြင်ပန်းသွင်ပြင်(ပြောင်းလဲ) ဖြစ်ပုံချင်းကတော့တူတယ် .. ။ ဖြစ်စဉ်ချင်းတူတယ် .. ဒါကြောင့် မှတ်မိနေခဲ့တာပါ …။
          အရေပြားတွေ ကွာကျတာမျိုး …. အရေပြားအောက်မှာ ဘုတွေ ထတာမျိုးလေ … အပြင်မှာတောင် ဒီလောက်ဖြစ်နေလျှင် အတွင်းပိုင်းကလီစာတွေ ဘယ်လို နေပါလိမ့် … ။(လတ်တလောတော့ အတွင်းပိုင်းနာကျင်မှု မရှိသေးဘူး .လို့ပြောတယ် …သောက်သုံးချိန် 2ပတ်ကနေ 1လခွဲကြားမှာ… ) …မြင်ရတာတောင် ကြောက်ဖို့ကောင်းတယ် … သနားစရာလည်းကောင်းတယ် … ။ သူတို့မှာ ပိုက်ဆံပေးပြီး ရောဂါဝယ်သလို ဖြစ်နေတယ် …. ။ အရက်က အနံ ့ခံကြည့်ရင်တောင် .. နှာခေါင်းဝမှာ ခပ်ပြင်းပြင်း အနံမျိုး စောင့်တက်လာတယ်… ကိုယ်တိုင်စမ်းတော့ မသောက်ကြည့်ပါဘူး … စူးစမ်းလိုစိတ်နဲ့ risk မယူချင်လို့ပါ … ။
          လူနာ နှစ်ယောက်ရဲ့ အရေပြားဓါတ်ပုံတွေကိုတော့ .. မှတ်တမ်းယူထားပြီး … ဆေးစစ်သင့်တာစစ်လို ့ …ထပ်ဆင့် လိုအပ် ကုသမှု အနေနဲ့ ဆေးရုံဘက်ကို ညွှန်ပေးလိုက်ပါတယ် … ပုံတွေကတော့ … confidentialအနေနဲ့ပဲ သိမ်းထားပါတယ် … ။

          ပြည်တွင်းဈေးကွက်မှာ ဖြန့်ချီလို့ ရနေတဲ့ အရက်တွေက … approval တင်ပြီးသား မှတ်ပုံတင်ရပြီးသားတွေလို ထင်ပါတယ် … ။ ဒါဆို သံသယဖြစ်စရာက … ဒီမှတ်ပုံတင်တုန်းက … သေချာ စစ်ဆေးမှုဖြစ်ပြီးမှ passed လုပ်ခဲ့တာလား ၊ ငွေပေးပြီး မျက်စိစုံမှိတ် approved လုပ်ပစ်ခဲ့တာလားဆိုတာ …. တာဝန်ရှိသူတွေပဲ သိပါလိမ့်မယ် … ။ စီးပွားရေးလုပ်တာလည်း လုပ်တာပေါ့နော် … စားသုံးသူပေါ် စေတနာလေး ၊ ကိုယ်ချင်းစာ တရားလေး ထည့်လုပ်မှ .. ရေရှည် ရပ်တည်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ သူတို့ ထုတ်တဲ့ အရက် .. သူတို့တောင် မြည်းစမ်းကြည့်ဖူးရဲ့လားဆိုတာလည်း သိချင်စိတ်ဖြစ်မိပါတယ် …. ။
          အရက်နာမည်တော့…. မပြောလိုတော့ပြီ … ။ :chee:

  • အရီးခင်လတ်

    May 31, 2013 at 3:01 pm

    အရီး အဖိုး (အဖေ့ ရဲ့ အဖေ) လဲ ငယ်တုန်းအချိန်မှာ အရက်ကြောင့် ဆုံးခဲ့တာပြောတယ်။
    အဲဒီကနေ အဖေက သင်ခန်းစာယူပြီး အရက်၊ ဆေးလိပ် ရှောင်ပါတယ်။

    တကယ်တော့ လစ်မစ် ကျော်လွန်းပြီး အစွန်းရောက် တာ က အန္တရာယ်ပေါ့။
    တစ်ချို့ အရက်သမားတွေလဲ ဒီလို မူးရူးပြီး အသက်ရှည် နေတာလဲ ရှိတာဘဲ။
    ကြည့်ရတာ သူတို့ ရဲ့ ကိုယ်တွင်းမျိုးဗီဇ အခံ တွေ နဲ့လဲ ဆိုင်မှာ။
    ဒါပေမဲ့ လောကကြီးမှာ Quality Life နဲ့ အသက်ရှည်ရှည်နေရတာဘဲ ကောင်းပါတယ်။
    ကိုယ့်ကြောင့်လဲ သူများဒုက္ခမရောက်ဘူးပေါ့။

    လုံမ လို ထက်မြက်ပြီး တော်တဲ့ သမီး အတွက် တော့ မွန်မွန်အဖေက အမြဲဂုဏ်ယူပြီး သွားမှာပါ။
    အဖေ ရဲ့ တစ်ချိန်က ပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူး ကိုသာ မှတ်ထားလိုက်ပါ သမီးရယ်။
    ကျန်တာကတော့ (ဒီနေရာမှာ) အတိတ်က အကြောင်းကြောင့် လို့သာမှတ်ပါ။
    (သူကြီး ဒီမှာဟေ့ – အရီး ဘာတွေပြောနေတယ် မသိ) 😉

    ဘဝမှာ ကောင်းကျိုး၊ ဆိုးကျိုး သင်ခန်းစာ ယူပြီး ကျန်တဲ့ အချိန်တွေ ကို သာ အမြတ်ထွက်အောင်ကြိုးစားပါ သမီးရေ။
    အမေ့ကို ပိုပြီး ဂရုစိုက်ပေါ့။

    • ချစ်သောအရီးရေ… အဖေ့ကို သေသေချာချာ မပြောပြနိုင်လို့ သားသမီးတာဝန်မကျေဘူးလားလို့ တစ်ခါတစ်ခါ ခံစားမိတယ်… 🙁

      အားပေးတာ ကျေးဇူးပါနော်…
      အဲ..ဟိုဟာကလေ… ဗုဒ္ဓဘာသာမှန်ရင် ကံနှင့် ကံ၏အကျိုးကို ယုံရမယ်တဲ့… 🙂

  • kyeemite

    May 31, 2013 at 3:27 pm

    စိတ်မကောင်းပါဘူး မွန်မွန်ရေ…
    ကိုယ်ချင်းလည်းစာနာမိပါတယ်…
    :byae:

    • အူးမိုက်…. ကိုယ်ချင်းစာတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်…. သမီးတစ်ယောက်ရဲ့ ခံစားချက်ကိုနားလည်တယ်မို့လားဟင်င်..

  • Shwe Ei

    May 31, 2013 at 3:43 pm

    အွန်း မျက်နှာချင်းဆိုင်တွေ့ရင်တောင် ကိုယ့်အဖေကို
    ကိုယ်က စမခေါ်ချင်လို့ မျက်နှာလွှဲလိုက်မိတဲ့ အကျင့်ဆိုးရီး ပြင်အုံးမှဘာလေ :byae:
    (သူကလဲ စ မခေါ်ဝူးကိုး) :gee:

    • တိန်..အဲ့လိုဂျီးလားဟင်င်…လုပ်ပါနဲ့နော်.. ကိုယ်က သားသမီးပဲ.. ဝမ်းသာအားရ လှမ်းခေါ်တာကို လိုချင်မယ်ထင်ပါတယ်..နော်…

  • အလင်း ဆက်

    May 31, 2013 at 8:37 pm

    ကဗျာလေး က တကယ် ့ကို ရင်ထဲ ထိရောက်လာပါတယ်..
    မွန်လေးရေ…

  • သျှားသက်မာန်

    June 1, 2013 at 10:01 am

    ကောင်းလိုက်တာ သယ်ရင်းရေ……စာသားကတော့ငါပြောပြီးသားပါကောင်းပြီးသားလို့..ကဗျာလေးလည်းရင်ထဲထိတယ်…
    ဆက်ရေးပါ……..

  • Mr. MarGa

    June 1, 2013 at 12:10 pm

    ဖတ်တာက တင်ကတည်းက
    အခြေအနေကလဲမပေး လူကလဲ သိပ် စိတ်မကြည်တာကြောင့် မမန့်ဖြစ်
    ဖခင်တစ်ဦး အနေနဲ့
    မိသားစုအပေါ် ဂရုစိုက်သူ လို့ မြင်တယ်
    အပေါင်းအသင်းကြောင့်သာ ဒီလိုဖြစ်သွားရတယ်
    ဒါတောင် လူရိုးထဲမှာပါတယ်နော့
    ဆိုတော့
    လေးနှစ်တောင် ရှိခဲ့ပြီ
    အဖေ ခေါ်ခွင့် မရှိတော့ပေမင့်
    အမေ ခေါ်စရာ ကျန်သေးတာကြောင့်
    နောင် ဒီလိုခံစားမှုမျိုးနဲ့ မခံစားရအောင်
    လက်ရှိ ပြုစုနိုင်တဲ့အချိန်မှာ
    စိတ်ချမ်းချမ်းသာသာ ဖြစ်အောင် ထားလိုက်ပါကွယ်

  • Ko chogyi

    June 2, 2013 at 2:04 pm

    ဦးချိုကြီး အဖေကတော့ ၄ တန်းနှစ်(လွန်ခဲ့သော နှစ် ၃၀)က ခွဲခွာသွားတာပါ။
    တွေ့ကြုံ၊ ဆုံကွဲ ဖြစ်မြဲပါ မွန်မွန်ရေ ကောင်းတာတွေတွေးပြီး ဖြေလိုက်ပါ။
    (အဖေကောင်းကြောင်းတွေပဲရေးမနေနဲ့ ၊ ယောက်ခမကြီးအကြောင်းရေးဖို့ လုပ်ဦး)

    • ဟုတ်ကဲ့ပါ..အူးလေးချင့်..

      အဟဲ..ယောက်ခမအကြောင်းရေးဖို့ရာ ယောက်ခမသားလေးဆီက ယောက်ခမအကြောင်းတွေ သေချာမေးရမယ်…လူငယ်ချင်းချင်း ခင်ခင်မင်မင် အရင်စကားပြောကြည့်တာ ကောင်းမားလု့ိ..အဟိ

  • Ma Ma

    June 2, 2013 at 8:15 pm

    လူတစ်ယောက်ဟာ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ဖို့ မလွယ်ပါဘူး။
    အဖေဆိုတာလည်း ပုထုဇဉ်လူသားမို့ မှားတာတွေရှိချင်ရှိမယ်….
    ဖခင်တစ်ယောက်အနေနဲ့ မိသားစုအပေါ်မှာ တာဝန်ကျေပွန်ခဲ့ရင် ၊
    တာဝန်မကျေပွန်နိုင်ခဲ့ရင်တောင် မိသားစုကို ချစ်ခင်စောင့်ထိန်းခဲ့ရင်ပဲ ဖခင်ကောင်းဖြစ်နေပါပြီ။ :hee:

    မွန်မွန်တို့လို ကိုယ်ပိုင်အသိတရားရှိကြတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ဘဝအမှားတွေကို နောက်တစ်ဆက်မှာ မကြုံစေရဘူးဆိုပြီး ကြိုးစားကြရင် ဘဝတွေ တဆင့်ထက် မြင့်သထက် မြင့်လာမှာပေ့ါ။

    ပြန်မရနိုင်မယ့် အတိတ်ကို လွမ်းရင်း
    အခုကြုံနေရတဲ့ ပစ္စုပ္ပန်မှာ ကြိုးစားရင်း
    နောင် အနာဂတ်လှလှကို ပိုင်ဆိုင်နိုင်ပါစေ။ :hee:

    • ကွန်မန့်အတွက် ကျေးဇူးအများကြီး တင်ပါတယ်နော် အန်တီ… အဖေ့အပေါ် အမြင်လွဲနေတာ တစ်ချို့ကို ကွန်မန့်ကနေတစ်ဆင့် ပြန်ပြန်နိုင်ခဲ့ပါတယ်…

      ဆုတောင်းအတွက်လည်း ထပ်ဆင့်ကျေးဇူးပါနော်.. 🙂

  • ဒီနေ့မှရွာထဲပြန်ဝင်ဖြစ်ဖြစ်ခြင်း ဒီပို့စ်လေးကိုဖတ်ရတာ အရမ်းဝမ်းနည်းမိတယ်။
    အစပိုင်းမှာတော့ အဖေရဲ့ထူးချွန်မှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်ကြည်နူးမိပြီး
    နောက်ပိုင်းမှာတော့ စိတ်မကောင်းမှုတွေလှိုက်လှိုက်တက်စေတယ်။
    အဖေ့ဘက်ကဝင်ခံစားမိပြီး သမီးရဲ့ဥပေက္ခာပြုမှုတွေက အရမ်းဝမ်းနည်းစေတယ်။
    အသိုင်းအဝိုင်း၊အပေါင်းအသင်းတွေကိုမက်ပြီးနောက် ဖြစ်လာတတ်တဲ့အကျိုးအပြစ်တွေပါပဲ။
    ဒါ့ကြောင့် ၊သောက်မှမိတ်ဆွေပေါများပြီး၊အကျိုးဖြစ်မယ်ဆိုလို့ကတော့ လူရာမဝင်ရင်နေပါစေ
    အကျင့်မလုပ်ပါမိတာအကောင်းဆုံးပါပဲ။

    • ဟုတ်တယ်.. ယောက်ခမရေ.. (ဒီစာကို အူးလေးချို မမြင်စေသတည်း.. :mrgreen: )

      အမွန်လည်း ကိုယ့်ကိုကိုယ် အမြဲနောင်တရမိတယ်.. အဲ့ဒါကြောင့် အဖေ့ကိုအမှတ်တရအနေနဲ့ အဖေ့ရဲ့ အကြောင်းလေးရယ်.. အမွန်လိုဖြစ်မှာစိုးလို့ရယ်ကြောင့် ဒီစာကို ရေးဖြစ်လိုက်တာ..

      ဒါနဲ့..ယေmက်ခထီးကတော့ လိမ္မာပီးသားမို့လား.. 🙂

  • e tone

    June 3, 2013 at 10:41 am

    အဖေလို့ ခေါ် ခွင့်မရှိတာ .. လေးနှစ်တောင် ရှိပြီတဲ့လား .. အဲ့ဒါလေး ဖတ်မိပြီး ဟက်ထိသွားတယ် … ။
    ကိုယ်တွေကတော့ … သက်ရှိထင်ရှား ရှိနေပါလျှက် မာနချင်း ပြိုင်လို့ …. စကားမပြောဖြစ်တာ ကြာခဲ့ပြီပဲ …. ။
    မိဘနဲ့ ပြိုင်ပြီး မာနတွေ မထားချင်ပါပဲနဲ့ .. ခေါင်းမာတဲ့ ဗီဇ အဖေ့အမွေအဖြစ် ရထားတော့ …. ၊ မျက်နှာချင်းဆိုင်မိလျှင်တောင် နှုတ်ဆိတ်နေမိသလို … သမီးဆိုးနာမည်ခံယူထားတယ် ။

    အဖေဆိုတာ … မိသားစုဝင်တွေထဲမှာ အချစ်ဆုံး လူတစ်ယောက် အဖြစ် ရှိခဲ့ဖူးတယ် …. ကိုယ်အသက်ကြီးတဲ့ အထိ …အိပ်ရင်တောင် အဖေ့ပုဆိုးဆွဲပြီး… မလွတ်တမ်းကိုင်လို့ အိပ်ခဲ့ဖူးတယ် … သူနဲ့ ပတ်သတ်လို့ .. အမှတ်ရစရာတွေ ကောင်းကွက်တွေ ရှိခဲ့ဖူးပေမယ့် …… နားခါးစရာစကားတချို့နဲ့ ၊ မပြေလျော့နိုင်တဲ့ သူ့မာနတွေကြား အားပြိုင်ရင်း … ခေါင်းမာတတ်တဲ့ ကိုယ့် အကျင့်ကြောင့် … ဒူးထောက်ဖို့စိတ်ကူး ခုထိမရှိသေးဘူး.. စိတ်ထဲ နာကျင်ပြီး တင်းခံနေတုန်းပဲ … … ။
    ဘာတဲ့ … နားထဲ အပြန်ပြန်ကြားနေမိတာ ….. ငါ့ကို စကားမပြောနဲ့တော့ …အဖေလို့လည်း ဘယ်တော့မှ ထပ်မခေါ်နဲ့တဲ့ …… မဆိုင်းမတွ ပြန်ပြောမိတယ် .. အိုခေ … ကျေးဇူးဆပ်ခြင်းတစ်မျိုးလို့ ယူဆပြီး အဖေ့ ဆန္ဒအတိုင်း ဖြည့်ဆည်းပေးပါ့မယ် …ဒီတခါ အဖေခေါ်တာရော စကားပြောတာပါ နောက်ဆုံး ဖြစ်ရပါစေမယ် ဆိုတဲ့ conversation ရဲ့ နောက် … နှစ်ယောက်စလုံး နှုတ်ဆိတ်နေခဲ့ကြတာ …. နှစ်တွေလည်း ကြာခဲ့ပြီ …. :byae:
    မချစ်တာတော့ မဟုတ်ပဲ .. ချစ်ပါလျှက် …ရင်ထဲစူးနေတဲ့ ဒဏ်ရာကြောင့် … သံယောဇဉ်တွေကို ချုပ်တည်းထားခဲ့တယ် … ။ ဒါပေမယ့်လည်း .. သူများ အဖေတွေ အကြောင်းရေးလျှင် .. မျက်ရည်ဝဲပြီး … ဟက်ထိပါရဲ့ …. 😥

    • စိတ်မကောင်းဖြစ်မိပါတယ် အစ်မရယ်… ဘယ်လိုကြောင့်များ မခေါ်မပြောတဲ့အထိ ဖြစ်သွားကြတာပါလိမ့်…

      ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့နော်.. ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က သားသမီး၊ အငယ် ဖြစ်တဲ့အတွက် ပြန်စခေါ်ကြည့်ပါလားဟင်င်… အနည်းဆုံးတော့ ကိုယ့်တာဝန်ကျေတာပေါ့နော်… ကိုယ်ခေါ်ရက်သားနဲ့ သူ့ဘက်က တင်းနေရင်တော့ တစ်မျိုးပေါ့.. သားသမီးတာဝန်ကျေတယ်ဆိုပြီး ဖြေသာသေးတာပေါ့နော်..

  • TheWinner Getprize

    June 23, 2013 at 1:09 pm

    မဝင်ဖြစ်တာကြာလို့ အခုမှပဲ ဖတ်ဖြစ်တယ် လုံမလေးရေ။
    ဖတ်ရင်းနဲ့ မျက်ရည်တောင်လည်မိတယ်။

  • โทรศัพท์มือถือ

    June 24, 2013 at 6:18 pm

    အရင်ကဆို သီချင်းစာသားတွေကို လိုက်ရေးနိုင်တယ်ဆိုဒေါ့…..
    ခုနေခါများ လွှမ်းပိုင်တို့ဆိုတဲ့ စာသားတွေကိုလိုက်ရေးနိုင်ရင် ဂဗာ့အံ့ဖွယ်….
    ဒါဂ နောက်တာပါ………
    ++++++++++++++
    ထပ်တူထပ်မျှခံစားရပါတယ်………………….
    စာထဲမှာ ဖတ်ရတဲ့အတိုင်းဆိုရင်တော့ လုံဂရေးဂ သမီးဇိုးးကြီးဖြစ်မယ်ထင်ပါတယ်….

Leave a Reply