ကလေးမွေးဖွားနှုန်း မြင့်မားခြင်း – ခင်မမမျိုး (၂၊ ၆၊ ၂၀၁၃)

kaiJune 3, 20131min31811

ကလေးမွေးဖွားနှုန်း မြင့်မားခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်း မြင့်မားခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရလေ့ရှိပါတယ်။ လူမှုဝန်ဆောင်မှု အားနည်းခြင်း၊ စာတတ်မြောက်နှုန်း နည်းပါးခြင်း၊ ပညာဉာဏ်ရည်ချို့တဲ့ခြင်းနဲ့ family planning ဆိုင်ရာ ပညာပေးမှုများကို ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် တားဆီးခြင်း စတာတွေကြောင့် ကလေးမွေးဖွားနှုန်းမြင့်မားမှုတွေ ရှိနေတတ်ပါတယ်။ ဒီအခါမှာ ကလေးမွေးဖွားနှုန်းနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း၊ မိသားစုရဲ့ ဝင်ငွေ စတာတွေက ယှဉ်တွဲတိုးတက်ခြင်း မရှိနိုင်တာကြောင့် မိသားစုအပေါ်မှာသာမက၊ တိုင်းပြည်အပေါ်မှာပါ economic burden ဖြစ်လာပြီး၊ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။

မျှတမှုမရှိတဲ့ လူဦးရေတိုးပွားမှုဟာ မိသားစုကိုလဲ ဆင်းရဲတွင်းထဲကို တွန်းပို့လိုက်နိုင်ပါတယ်။ ကလေးဆိုတာ မွေးဖွားပြီးရုံနဲ့ ပြီးဆုံးသွားတာမဟုတ်ပါဘူး။ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက် ပေးရမှုတွေ၊ ပညာသင်ကြားပေးရမှုတွေ ရှိပါတယ်။ ဒါကြောင့်လဲ ကျန်းမာပျော်ရွှင်ပြီး၊ မိသားစုက တာဝန်ယူကျွေးမွေးပြုစုစောင့်ရှောက်နိုင်တဲ့ ကလေးအရေအတွက်ကိုသာ ယူဆောင်နိုင်ရေးအတွက် နိုင်ငံအများစုမှာ (အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ) အသိပညာပေးခြင်း၊ လိုအပ်ပါက သင့်လျော်သော လူဦးရေဆိုင်ရာ မူဝါဒများ (population policies) များ ချမှတ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် လာကြရပါတယ်။

ကလေးမွေးဖွားနှုန်းမြင့်မားမှုနဲ့ ပတ်သက်ပြီး အကြီးမားဆုံးပြဿနာတခုကတော့ ကန့်သတ် ထိန်းချုပ်မှုမဲ့ ကလေးမွေးဖွားခြင်း (Uncontrolled fertility) ပဲဖြစ်ပါတယ်။ ထိန်းချုပ်မှုမဲ့ ကလေးမွေးဖွားခြင်းဆိုတာကို ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုထားကြရာမှာ အိမ်ထောင်ဘက်စုံတွဲမှ ဖြစ်စေ (သို့မဟုတ်) အိမ်ထောင်ဘက်ယောက်ျားမှ အိမ်ထောင်ဘက်မိန်းမအား စည်းရုံးမှု (သို့မဟုတ်) ခြိမ်းချောက်မှုဖြင့် ဖြစ်စေ၊ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမရှိသော မိသားစုအရွယ်အစား ချဲ့ထွင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားကြပါတယ်။ ဖိုမသဘောသဘာဝအရ ဆက်ဆံပေါင်းသင်းမှုကို နှစ်ဦးနှစ်ဖက် သဘောတူညီပါက လွတ်လပ်စွာ ပေါင်းသင်းနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး (Human rights) ဖြစ်ပါတယ်။

သို့ပေမယ့် အခွင့်အရေး (rights) ဆိုတာ တာဝန်ယူမှု (responsibility) နဲ့ ဒွန်တွဲနေပါတယ်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံဟာ လူ့အခွင့်အရေးကို အပြည့်အဝ ကျင့်သုံးတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ညဆယ့်နှစ်နာရီကျော်မှာ ကိုယ့်အခွင့်အရေးကို ကျင့်သုံးတယ်ဆိုပြီး သီချင်းအကျယ်ကြီး ဖွင့်ထားခဲ့ရင်၊ ဘေးပတ်ဝန်းကျင်က သက်ဆိုင်ရာကို တိုင်တန်းနိုင်ပါတယ်။ သက်ဆိုင်ရာကလဲ အရေးယူနိုင်ပါတယ်။ ညသန်းခေါင်ကျော်ဆိုတာ လူအများ အိပ်ချိန်ဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်အခွင့်အရေးကို ကျင့်သုံးမှုဟာ အများကို ထိခိုက်မှု မရှိစေအောင် တာဝန်ယူမှု ရှိစေရေးအတွက် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာမှ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်အခွင့်အရေးကို ကျင့်သုံးရာမှာ အခြားသူများရဲ့ အခွင့်အရေးကို မထိခိုက်အောင် ကျင့်သုံးရမှာ ဖြစ်ပြီး၊ ထိခိုက်လာပါက သက်ဆိုင်ရာက လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရန် တာဝန်ရှိပါတယ်။

လွတ်လပ်စွာ ဆက်ဆံပေါင်းသင်းမှု အခွင့်အရေးကို ကျင့်သုံးပြီး၊ တာဝန်မယူနိုင်တဲ့ ကလေးများကို အများအပြား မွေးဖွားစေပြီးမှ မိသားစုတခုလုံးကို ဆင်းရဲတွင်းထဲ ပို့ဆောင်ထားတဲ့ အိမ်ထောင်ဦးစီးတယောက်ဟာ သူ့လူ့အခွင့်အရေးကို အသုံးချသူ တယောက်ဖြစ်ပေမယ့်၊ သူအသုံးချ ထားတဲ့ လူ့အခွင့်အရေးကနေ ပေါ်ထွက်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကိုတော့ တာဝန် မယူနိုင်သူတယောက်ပဲ ဖြစ်ပါတယ်။ မိသားစုဝင်ငွေက ကလေးတယောက်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိုပဲ တာဝန်ယူနိုင်ချိန်မှာ၊ Uncontrolled fertility ကို လူ့အခွင့်အရေးတရပ်အဖြစ် သဘောပိုက်ပြီး၊ ကလေးနှစ်ယောက် ယူလိုက်မယ်ဆိုရင် ဝင်ငွေရဲ့ အခြေအနေအရ ကလေးနှစ်ယောက်ရဲ့ စားဝတ်နေရေးကိုပဲ တာဝန်ယူနိုင်တာကြောင့်၊ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးမှာကျတော့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ Uncontrolled fertility ကြောင့် မီးဖွားစဉ်သေဆုံးနှုန်းလဲ မြင့်မားနိုင်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လူတသိန်းမှာ မီးဖွားစဉ်သေဆုံးနှုန်း ၂ရ ဦးရှိပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ (အထူးသဖြင့် မွေးဖွားနှုန်းကို ထိန်းချုပ်ခြင်း မရှိတဲ့ နိုင်ငံတွေမှာ) မီးဖွားစဉ်သေဆုံးနှုန်းက လူတသိန်းမှာ လူ ၁၀၀ဝ နီးပါး ရှိပါတယ်။ ဒီလိုကွာခြားရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာကြည့်ကြရာမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဘဝလုံခြုံမှု စတာတွေအပြင် ကန့်သတ်ထိန်းချုပ်မဲ့ ကလေး မွေးဖွားနှုန်းမြင့်မားမှု ကလဲ အကြောင်းရင်းတခုအနေနဲ့ ပါဝင်နေပါတယ်။

မိခင်များရဲ့ သေဆုံးနှုန်းတင် မြင့်မားတာ မဟုတ်ပါဘူး။ အသက် ငါးနှစ်အောက် ကလေးများရဲ့ သေဆုံးနှုန်း မြင့်မားမှုကလဲ ကလေးမွေးဖွားနှုန်း မြင့်မားမှုနဲ့ ဆက်နွယ်နေပါတယ်။ အာဖရိကတိုက်မှာ ကလေးတထောင်မွေးဖွားလာတဲ့အခါ အသက်ငါးနှစ်မတိုင်မီ သေဆုံးနှုန်းက ၁၄ဝ အထိ ရှိပါတယ်။ ဒီလို သေဆုံးနှုန်းမြင့်မားမှုရဲ့ အကြောင်းရင်းတွေထဲမှာလဲ ကလေးမွေးဖွားနှုန်း မြင့်မားမှုက အကြောင်းရင်း တခုအနေနဲ့ ပါဝင်ပါတယ်။ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်တဲ့ လူသားဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများ (Human Development Reports) အရ ကလေးမွေးဖွားနှုန်း နည်းပါးတဲ့ နိုင်ငံတွေမှာ လူသားဖွံ့ဖြိုးတိုးတက်မှု မြင့်မားပြီး၊ ကလေးမွေးဖွားနှုန်း မြင့်မားတဲ့ နိုင်ငံတွေမှာတော့ လူသားဖွံ့ဖြိုးတိုးတက်မှု နိမ့်ပါးပါတယ်။

ကလေးမွေးဖွားနှုန်း မြင့်မားခြင်းဟာ မွေးဖွားရသော မိခင်များအတွက် အသက်အန္တရာယ်ရှိမှု၊ မွေးဖွားပြီး ကလေးများအတွက် အသက်အန္တရာယ်ရှိမှု၊ မိသားစုဆင်းရဲတွင်း ပိုနက်စေမှု၊ ကလေးများရဲ့ ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများကို လျော့ပါးစေမှု၊ လူသားဖွံ့ဖြိုးတိုးတက်မှုကို သိသာစွာ ထိခိုက်စေမှု၊ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်စေမှု စတဲ့ ဆိုးကျိုးများ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့်လဲ ကလေးမွေးဖွားနှုန်းလျော့ပါးရေး၊ မိသားစုမှ တာဝန်ယူနိုင်သော ကလေးအရေအတွက်ကိုသာ မွေးဖွားရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပညာပေးခြင်း၊ သားဆက်ခြား စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ လိင်ဆက်ဆံမှုမှာ ကွန်ဒုံးများ အသုံးပြုရေးအတွက် အခမဲ့ဖြန့်ဖြူးပေးခြင်း စတာတွေကို ကမ္ဘာနဲ့အဝှမ်းမှာ လုပ်ဆောင်လာကြပါတယ်။

သို့ပေမယ့် အချို့သော နေရာဒေသများနဲ့ လူ့အဖွဲ့အစည်းများမှာ ဒီလို ပညာပေးမှု၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မှု စတာတွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက်များ၊ တာဝန်ယူမှုနှင့် ယှဉ်တွဲနေသော လူ့အခွင့်အရေးများကို ဖော်ပြရာမှာ တာဝန်ယူမှုရှုထောင့်ကို ဖယ်ရှားပြီး လူ့အခွင့်အရေးတခုတည်းကိုသာ မီးမောင်းထိုးဖော်ပြချက်များ စတာတွေကို ပြုလုပ်လာကြပါတယ်။ ဒီလိုပြုမူဆောင်ရွက်မှုတွေကို စာတတ်မြောက်မှုနှုန်း နည်းပါးတဲ့ ဒေသများ၊ မိမိကိုယ်ကို ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းပြီး လူတဦးတယောက်ရဲ့ ပြောဆိုမှုများကိုသာ ယုံကြည်လက်ခံသော လူ့အဖွဲ့အစည်းများက လက်ခံမှုတွေ ရှိလာတတ်ပါတယ်။

ဒီအခါမှာ အချို့သော အစိုးရများအနေနဲ့ သင့်လျော်သော မူဝါဒများ ချမှတ်ပြီး၊ ကလေးမွေးဖွားနှုန်း ကန့်သတ်မှုတွေ ပြုလုပ်လာရတာတွေလဲ ရှိပါတယ်။ အစိုးရများဟာ ကလေးမွေးဖွားနှုန်း မြင့်မားမှုတွေမှာ ကန့်သတ်ထိန်းချုပ်ဖို့တင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ကလေးမွေးဖွားနှုန်း နည်းပါးမှုတွေမှာလဲ သင့်လျော်သော မူဝါဒများနဲ့ ဝင်ရောက်စွက်ဖက်ရတာတွေ ရှိပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုသလို၊ တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာတော့ ကလေးမွေးဖွားနှုန်းမြင့်မားမှု၊ လူဦးရေအဆမတန် မြင့်မားမှုများကြောင့် one-child policy ကို ကျင့်သုံးခဲ့ရပါတယ်။ စင်ကာပူနဲ့ ဆွီဒင်နိုင်ငံများမှာလဲ (၁၉၅၀) မှ (၁၉၇၀) ကာလများမှာ ကလေးမွေးဖွားနှုန်း မြင့်မားမှုကို အစိုးရက ဝင်ပြီး ကန့်သတ်ထိန်းချုပ်ခဲ့ရပါတယ်။ ကလေးမွေးဖွားနှုန်းက အဆမတန် နည်းပါးသွားတာကြောင့် ဆုကြေးများပေးပြီး၊ မိသားစုများ ကလေးယူလာအောင် ပြန်လည်လုပ်ဆောင်ရတဲ့ နိုင်ငံတွေလဲ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကလေးမွေးဖွားနှုန်းဟာ မိသားစုစီးပွားရေးအခြေအနေနဲ့ လျော်ညီမှု ရှိမရှိကို မိဘများကိုယ်တိုင် စနစ်တကျ လေ့လာသုံးသပ် အကဲဖြတ်နိုင်တဲ့ အသိဉာဏ် ရှိဖို့ကတော့ အလွန်ပဲ အရေးကြီးလှပါတယ်။ ဒါကြောင့် လိုအပ်ချက်အရ အစိုးရများမှ မူဝါဒများ ချမှတ်၍ ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်မှုနဲ့အတူ ယှဉ်တွဲပြီး၊ family planning projects များကိုလဲ အရှိန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလို အကောင်အထည်ဖော်ဆောင်မှု များကို ပိတ်ပင်တားဆီးမှုများရှိတဲ့ လူ့အဖွဲ့အစည်းများမှာလဲ တဦးချင်း ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း မြင့်မားလာစေရေးအတွက် စာတတ်မြောက်နှုန်း မြင့်မားမှုရှိလာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်လှပါတယ်။ ဒါတင်မကပဲ အခွင့်အရေးတမျိုးတည်းကိုသာ ရှုမြင်တတ်တဲ့ တဖက်ကမ်း အခွင့်အရေးဝါဒ မထွန်းကားစေရေးအတွက် အခွင့်အရေး (rights) နဲ့အတူ ယှဉ်တွဲနေတဲ့ တာဝန်ယူမှု (responsibility) ကိုလဲ သိနားလည်အောင် ပညာပေးဖို့ လိုအပ်လှပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၊ ၆၊ ၂၀၁၃)

11 comments

  • ကြက်အူလှည့်

    June 3, 2013 at 2:32 pm

    သားဆက်ခြား ပညာရေးကတော့ (ဘယ်လူမျိုးမှရယ်မဟုတ်) တောရောမြို့ပါ ပိုကျယ်ကျယ်လောင်လောင်
    လုပ်ဖို့ လိုကို လိုပါဘီဗျာ..။
    http://en.wikipedia.org/wiki/Rh_blood_group_system
    မြန်မာပြည် ယောက်ျား ၈၀% က RH(+) ခည ..
    ကွိကွိ..

    :harr:

  • အရီးခင်လတ်

    June 3, 2013 at 2:55 pm

    ဆရာမ ရှင်းပြတာတွေကို ဒီနေ့ မြန်မာပြည်မှာ လက်တွေ့ ယူပြီး အသုံးချသင့်ပါတယ်။
    အခုချိန်မှာ လုပ်ဖို့ အကောင်းဆုံးပါဘဲ။
    ဘယ်သူ ဘယ်ဝါ ကိုမှ ခွဲခြားမနေဘဲ အားလုံးကို နည်းမှန် လမ်းမှန် ထိန်းချုပ်ပြီး ဖြစ်သွားမှာပါ။
    ဒီ အစိုးရက ဒါမျိုးတွေ ကို အကြံကောင်း လို့ သတ်မှတ်ပြီး ယူတတ်ဖို့ စိတ်ခံကောင်း မှ ရှိပါ့မလားဘဲ။
    မဟုတ်တဲ့ နေရာတွေမှာတော့ ပြုပြင်ဖို့ဟာတွေ ကိုတော့ ဖြတ်ကနဲ၊ ဖြတ်ကနဲ ဘဲ။
    ဒီ ဆောင်းပါး လေးကို မျှဝေ ပါရစေ။
    ကျေးဇူးပါ ဆရာမရော၊ သူကြီးမင်းရော။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 3, 2013 at 3:15 pm

    သဂျီးမင်းကတော့ မြန်မာနိုင်ငံမြေပြင်ဧရိယာရယ်
    အခြားဘေးနိုင်ငံတွေရဲ့ လူဦးရေရယ်
    အနာဂတ်စီးပွားရေးတိုးတက်မှု့ရယ်ကိုတွက်ချက်ပြီးတော့
    ကလေးတွေများများမွေးရမယ်လို့ ပြောထားတဲ့မှတ်တမ်းရှိပါတယ်ဆရာမ
    တောရွာတွေမှာတော့ အိမ်ထောင်တွေမှာ ပျမ်းမျှ ကလေးသုံးယောက်လောက်စီ
    ယူလိုကြတယ်လို့ ကိုယ့်ဖါသာ အတော်အားလို့ အလကားလိုက်ပြီးသုတေသနပြုထားတာလေးရှိပါတယ်
    အများအားဖြင့် ကလေးသုံးယောက်မှာ သားယောက်ျားလေးတစ်ယောက်ကို အလိုရိ်ှကြပါတယ်

    • အရီးခင်လတ်

      June 3, 2013 at 3:22 pm

      ဟုတ်တယ် ဆရာမ။
      ကျွန်မလဲ မှတ်မိပါတယ်။
      ဒီလို ကန့်လန့် အကြံတွေ ပြုနေတဲ့ သူကြီးမင်း ကို ခေါင်းလေး တစ်ချက်လောက် တော့ ခေါက်ပေးစေလိုကြောင်း အဆိုပြုတင်သွင်းပါတယ်။
      :kwi:

    • kai

      June 4, 2013 at 3:52 am

      မြန်မာတွေကလေးများများယူသင့်တယ်..။ လူဦးရေတိုးအောင်လုပ်သင့်တယ်.. ဆိုတဲ့.. အယူအဆဘယ်သူကမှ ထင်ရှားပေါ်လွင်မပြောကြဘူး..
      ဒေါ်အောင်ဆန်းစုကြည်တက်လာတော့လည်း.. ပြောမလားရယ်လို့.. မျှော်လင့်တာ.. (သိသလောက်) မပြောသေးဘူး..
      ၈၈ မျိုးဆက်ရော..
      အခုအစိုးရဖြစ်နေတဲ့..ပါတီကြီးကလူတွေရော… အတူတူ…

      ဆိုတော့…
      မှန်မမှန်…
      သမိုင်းကပြောလိမ့်မယ်… :kwi:

  • lele kyi

    June 3, 2013 at 3:21 pm

    “အခွင့်အရေး (rights) နဲ့အတူ ယှဉ်တွဲနေတဲ့ တာဝန်ယူမှု (responsibility) ကိုလဲ သိနားလည်အောင် ပညာပေးဖို့ လိုအပ်လှပါကြောင်း”
    ဆရာမရဲ့ စာကိုကြိုက်လို့ ပြန်ကုတ်ပါတယ်။ တာဝန်ယူမှုက လူတစ်ယောက်ရဲ့ တန်ဖိုးရယ်. အရေးပါမှုရယ်ကိုဆုံးဖြတ်ပေးပါတယ်။ ပျော်ရွင်သာယာနေတဲ့ မိသားစုဘဝလေးတွေကိုပဲမြင်ချင်မိတယ်။ ကျမ ကိုယ်တိုင်လည်း မိသားစုများများဘဝကိုဖြတ်သန်းဖူးတော့ အဲဒီ ဆိုးကြိုးတွေကိုနားလည်ပါတယ်။

  • Ma Ma

    June 3, 2013 at 6:25 pm

    မိသားစု စီမံကိန်းမှာ ကလေးယူတာကို ကန့်သတ်ဖို့၊ ကလေးများများယူဖို့ဆိုတာတွေမှာ အဓိကကတော့ ဝင်ငွေပဲလို့ ထင်မိပါတယ်။
    မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနည်းပါးတဲ့ ရှင်းရှင်းပြောရရင် ဆင်းရဲ့တဲ့နိုင်ငံ တစ်နိုင်ငံအနေနဲ့ ဆရာမပြောသလို မိသားစုစီမံကိန်းထားဖို့၊ ပညာပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

  • KZ

    June 3, 2013 at 6:29 pm

    ခွိခွိ။
    ဒါဖတ်ပြီး ဟို သားဆက်ခြား ဟာသ သွားသတိရတယ်။
    :kwi:

  • မောင် ပေ

    June 3, 2013 at 7:58 pm

    မြန်မာနိုင်ငံ က တက္ကသီလာကျောင်းနေ အရွယ်လေးတွေ ကို သားမွေးနှုန်းကျဆင်းဖို ့ဆိုရင်တော့
    သားဆက်ခြား ကျန်းမာရေး အသိပညာပေး ဟောပြောတာထက်
    တက္ကသိုလ်များကို မြို ့တွင်း ပြန် ပြောင်းရွှေ ့တာ ၊ ထိရောက်တဲ့ ကာကွယ်မှု တစ်ခု ဖြစ်ကို ဖြစ်စေရမည်။
    အကြောင်းပြချက်များစွာထဲမှ အရေးကြီးဆုံး တစ်ချက်ကတော့
    ““ မြို ့ပြင် = လူပျက် = ဂွင်ကောင်း = လိင်ဆက်ဆံ + ဝစ်သောက်ကွန်ဒုံး + ဝစ်သောက်တားဆေး = ကလေးမွေး ”””

  • uncle gyi

    June 3, 2013 at 10:53 pm

    တနေ့တော့ဖြစ်လာမှာပါ
    ဘယ်နေ့လည်းအချစ်ရေဘယ်နေ့လည်း

  • kyeemite

    June 4, 2013 at 12:02 pm

    မြန်မာနိုင်ငံမှာတော့ ယနေ့အချိန် အများစုက ကိုယ်တာဝန်ယူနိုင်သလောက်သာ
    ကလေးယူတဲ့ အလေ့ဖြစ်နေပါပြီ…အများစုဆို မကျွေးနိုင် မမွေးနိုင်လို့
    မိန်းမတောင်မယူကြတာများနေပါပြီ….
    ဒါကြောင့်လည်း သူကြီးက“မြန်မာတွေကလေးများများယူသင့်တယ်.”အော်နေတာပေါ့..
    ဒီကိစ္စမှာက..“ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် တားဆီးခြင်း စတာတွေကြောင့် ကလေးမွေးဖွားနှုန်းမြင့်မားမှုတွေ ရှိနေတတ်ပါတယ်”
    အဲဒါအခက်ခဲဆုံးပဲ…ဘာသာရေးအရဆိုပြီး လုပ်နေကြရင် ဘယ်လိုပညာပေးပေး
    မထိရောက်နိုင်ပါဘူး…ပြောချင်တာက ပညာပေးဟာ ဘာသာရေးခံယူချက်ကိုမတိုးနိုင်ဘူးပြောတာ..

Leave a Reply