ပျောက်စေသင့်၏ မသင့်၏
” ပျောက်စေသင့်၏ မသင့်၏”
တောင်းရမ်းစားသောက်တဲ့လူများရဲ့ပြဿနာက ကမ္ဘာအနှံ့အပြားမှာ ဖြေရှင်းလု့ိခက်ခဲတဲ့ကိစ္စတစ်ရပ်ပါဘဲ။
ကုသဘို့ နည်းလမ်းမရှိ ဆေးမရှိသေးတဲ့ရောဂါဆိုးတစ်ခုလဲဖြစ်ပြန်ပါတယ်။
ကျနော်တို့မြန်မာနိုင်ငံမှာလဲ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ်၊အရင်းရှင်ခေတ်
ဆိုရှယ်လစ်ခေတ်နဲ့ စစ်အုပ်ချုပ်ရေးခေတ်ဆိုပြီး ခေတ်တွေသာအမျိုးမျိုးပြောင်းလာခဲ့
ပေမယ့် ဒီ “တောင်းရမ်းစားသောက်သူ”ကတော့ ရှိနေစမြဲပါဘဲ။
ဘယ်လိုဘဲယဉ်ကျေးအောင် စကားလုံးတွေပြောင်းသုံးပေးမယ့်လဲ “သူတောင်းစား”လို့ခေါ်တာကလဲ နုတ်ကျိုးနေပါပြီ။
“သူတောင်းစား” စကားလုံးက အကြားရဆိုးပေမယ့် အတော်အနေချောင်တဲ့
လူတန်းစားလဲဖြစ်နေပြန်ပါတယ်။
သာမန်လုပ်ကိုင်စားသူတစ်ယောက်ထက် ဝင်ငွေကောင်းတဲ့လုပ်ငန်းလဲဖြစ်ပါတယ်။
ကိုယ်လုပ်မှကိုယ်ရမယ် ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ ဆိုရှယ်လစ်ခေတ်မှာတောင်မှ
“သူတောင်းစား”ဆိုတဲ့လူတန်းစားက ရှိနေခဲ့ပါတယ်။
“သူတောင်းစား”ပပျောက်ရေးဆိုပြီးစီမံကိန်းတွေချပြီး တင်းတင်းကျပ်ကျပ်လုပ်ခဲ့ပေမယ့်
ခဏသာပျောက်ကွယ်သွားခဲ့ပြီး နေမြဲအတိုင်းရှိနေခဲ့ပါတယ်။
“မရှိလိုမလှူ မလှူလို့ မရှိ” တို့ “အလှူရေစက်လက်နဲ့မကွာ”ဆိုတဲ့ စကားကို အမြဲလက်ကိုင်ထားတဲ့ကျနော်တို့နိုင်ငံမှာတော့ဒီ“သူတောင်းစား”တွေ
ရှင်သန်ကြီးထွား ဘို့ရာ လွယ်ကူလွန်းလှပါတယ်။
နောက်တစ်ချက်က မရှိနွမ်းပါးသူကို ကူညီချင်တဲ့စိတ်အပြည့်ရှိတဲ့ ကျနော်တို့
နိုင်ငံသားများရဲ့ စိတ်ကလည်း “သူတောင်းစား”တွေအတွက် အားဆေးတစ်ခုလိုဖြစ်နေပါတယ်။
အဲတော့လဲ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ “သူတောင်းစား” ပပျောက်ဘို့ကတော့ အတော်ခက်ခဲ
တဲ့ ကိစ္စလို့ဘဲဆိုချင်ပါတယ်။
ကျနော်တို့ မြန်မာပြည်မှာနေသူအတော်များများရဲ့ စိတ်မှာ မရှိနွမ်းပါးသူကိုကူညီရမယ်ဆိုတဲ့
စိတ်ကြောင့်လဲ သူတောင်းစားများခေါင်းထောင်နိုင်တာလို့ ယူဆနိုင်ပြန်ပါတယ်။
အဲတော့ သူတောင်းစား ပပျောက်အောင်လုပ်ဘို့ဆိုတာကအတော်လေးခက်ခဲ့တဲ့ကိစ္စဖြစ်နေပြန်ပါတယ်။
ပေးသူရှိလို့တောင်းသူရှိ တောင်းသူရှိလု့ိ ပေးသူရှိ ဆိုပြီးလုံးခြာပတ်ခြာလည်နေတာကတော့ အမှန်ပါဘဲ။
****************************************************************************
ဘာသာရေးအရ မြင့်မြတ်တယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေကတော့ အလှူခံပိုင်ခွင့်ရှိတဲ့သူများဖြစ်ပါတယ်။
တောင်းရမ်းစားသောက်သူတွေကို အဆင့်အမျိုးမျိုးခွဲလို့ရနို်င်ပါတယ်။
(က) မျိုးရိုးစဉ်ဆက်အရ သတ်မှတ်ခြင်းခံရတဲ့ သူ
(ခ) ကျန်းမာရေးချို့တဲ့လို့ လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိသူ
(ဂ) အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာချို့ယွင်းနေသူ
(ဃ) အချောင်ခိုစိတ်ဓါတ်နဲ့ အလုပ်မလုပ်ချင်တဲ့သူ
(င) ကလေးသူငယ်များကို ခိုင်းစားပြီးခေါင်းပုံဖြတ်နေသူ
တွေလို့ ခွဲခြားနိုင်ပါတယ်။
ဟိုးပုဂံခေတ် အနော်ရထာမင်းကြီးလက်ထက်မှာ သာသနာသန့်ရှင်းရေးလုပ်တဲ့အခါ
အရည်းကြီးများကိုလူဝတ်လဲစေပြီး ဘုရားဝေယျာဝစ္စလုပ်ဘို့တွက် ဘုရားကျွန်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
အဲဒီကနေအစပြုခဲ့လို့ ပုဂံတစ်ဝိုက်နဲ့ စစ်ကိုင်းကောင်းမူ့တော်တစ်ဝိုက်မှာဒီဘုရားကျွန်ဇာတ်လမ်းကရှိခဲ့ပါတယ်။
ကျနော်တို့ငယ်ငယ်က အရပ်ထဲမှာ လာလာ တောင်းတဲ့လူတစ်ယောက်ရှိပါတယ်။
လူကလဲသန်သန်မာမာလို့ပြောလို့ရပါတယ်။
တစ်လတစ်ကြိမ်မှန်မှန်လာတောင်းလေ့ရှိပါတယ်။
တစ်ရက်မှာတော့ အဲဒီလူကို သပ်သပ်ရပ်ရပ်ဝတ်စားပြီး စားသောက်ဆိုင်တစ်ခုမှာ
စားသောက်နေတာကို တွေ့ရပါတယ်။
သူ့မိသားစုနဲ့လာစားကြတာပါ။
နောက်တော့ စကားစပ်မိလို့မေးကြည့်တဲ့အခါ ဒီလူမှာ မိသားစုလဲရှိ၊
ကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းလဲရှိပါသတဲ့။
ဒါပေမယ့် သူတို့ရဲ့ဘိုးစဉ်ဘောင်ဆက်တာဝန်အရမတောင်းမနေရ
ဆိုတော့ စတိထွက်ထွက်ပြီးတောင်းရတယ်ဆိုတာကို သိလာရပါတယ်။
အခုခေတ်မှာတော့ ဒီလူတန်းစားက ပျောက်ကွယ်သလောက်ရှိသွားပါပြီ။
လူတွေရဲ့ အသိပညာတိုးတက်လာမူ့ကြောင့်ဖြစ်ပါတယ်။
ဟိုအရင်ခေတ်ကာလတစ်ခုုက မန်းလေးဘူတာကြီးတစ်ဝိုက်မှာ
ဈေးချိုတစ်ဝိုက်(အထူးသဖြင့်ဈေးချိုနာရီစင်နံဘေးကမြို့တော်ခန်းမအောက်မှာ )
ဘုရားကျောင်းကန်တွေမှာ၊လမ်းဘေးက စားသောက်ဆိုင်ထမင်းဆိုင်လေးတွေမှာ
လူစည်ကားတဲ့ကားဂိတ်တွေမှာ ကိုယ်အင်္ဂါချို့တဲ့နေတဲ့ သူတောင်းစားတွေရဲ့ ကွန်းခိုရာဖြစ်ခဲ့ဘူးပါတယ်။
အများအားဖြင့်ကတော့ ကိုယ်ရေပြားရောဂါသည်တွေပါ။
၃၅လမ်းအရှေ့ထိပ် မနော်ယမံဆိုတဲ့အရပ်မှာ ဒီကိုယ်ရေပြားရောဂါသည်တွေနေထို်င်ကြတော့
မနက်လင်းတာနဲ့တောင်းရမ်းစားသောက်ဘို့မြို့ထဲရောက်လာ။
ညနေကျရင်သူတို့နေတဲ့ဆီပြန်သွားပေါ့။
အဲလိုလူတွေ လိုရာခရီးသွားနိုင်ဘို့အတွက် စက်ဘီးကယ်ရီဆိုတာ အဲဒီခေတ်ကတည်းကရှိခဲ့တာပါ။
အချို့မိသားစုတွေကတော့ ဈေးချိုနာရီစဉ်နားတဝိုက်က မြိုတော်ခန်းမအောက်မှာ လူမနေတဲ့ အိမ်အောက်မှာ
သစ်ပင်တွေအောက်မှာဖြစ်သလိုနေထိုင်စားသောက်ခဲ့ကြရပါတယ်။
လက်တိုခြေတို နှားခေါင်းတို နားရွက်ထူအသံပျက်နေတဲ့
သူတို့ကိုမြင်ရသူအဖို့စိတ်မသက်သာစရာပါဘဲ။
ရောဂါကူးတာ မကူးတာအပထား အမြင်မတင့်တယ်ခဲ့တဲ့အတွက် အများအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတာလဲအမှန်ပါဘဲ။
ခက်တာက သူတို့ မှာလဲလုပ်ကိုင်စားဘို့ကို အကူအညီပေးသူလဲမရှိ ခန္ဓာကိုယ်အနေအထားအရ
လုပ်စားဘို့ဆိုတာကလဲမဖြစ်နို်င်။
နောက်တစ်ခုက ဒီရောဂါရှိတယ်ဆိုတာသိတာနဲ့ အများဝိုင်းပယ်ခြင်းခံခဲ့ရပါတယ်။
ဒီတော့တောင်းစားဘို့ကလွဲပြီး ရွေးချယ်စရာလမ်းမရှိ။
အခုနောက်ပိုင်းမှာတော့ မတ္တရာသွားတဲ့လမ်းက ရေနံ့သာ ဆိုတဲ့ရွာလေးမှာ
သူတို့တစ်တွေကိုနေရချထားပေးခဲ့ပါတယ်။
ဒီတော့ မြို့ထဲမှာပျောက်ကွယ်သွားခဲ့ပေမယ့်တစ်ခါတစ်လေမှာတော့ တစ်ယောက်စ
နှစ်ယောက်စ ကားဂိတ်တွေနားမှာမြင်ရတတ်ပါတယ်။
ကျန်းမာရေးချို့တဲ့လို့ဖြစ်စေ ကို်ယ်ခန္ဓာမသန်စွမ်းလို့ဖြစ်စေတောင်းစားတဲ့သူများကို
သနားတတ်တဲ့ မြန်မာပြည်သူပြည်သားများက အမြဲပေးကမ်းလေ့ရှိပါတယ်။
လုပ်မစားချင်သူများကလည်း ဒါကို အခွင့်ကောင်းယူပြီး တောင်းစားကြပါတော့တယ်။
လူစည်ကားရာကားဂိတ်တွေမှာ ဈေးတွေမှာ စားသောက်ဆိုင်တွေလက်ဖက်ရည်ဆိုင်တွေမှာ
ဇွတ်ဝင်ပြီး တောင်းကြပါတယ်။
ကားဂိတ်တွေမှာ ကားပေါ်ကလူကို ခွက်နဲ့ဇွတ်ထုးိပြီး တောင်းတာလဲရှိ၊
ဘာသာရေးအမှီပြုပြီး အတုအယောင်လုပ်ပြီးတောင်းတာလဲရှိ၊
စားသောက်ဆိုင်ထဲက သူများတွေစားသောကနေတဲ့နေရာမှာမပေးမချင်း ဇွတ်အတင်းပေကပ်ရပ်ပြီးတောင်းသူလဲရှိ၊
သမီးရီးစား စုံတွဲတွေထိုင်တဲ့အနားမှာ ဇွတ်ကပ်ပြီးတောင်းသူလဲရှိ၊
ဘုရားကျောင်းကန်တွေမှာ သနားစဖွယ်ဖြစ်အောင်ဝတ်စားဆင်ယင်ပြီးတောင်းသူလဲရှိ၊
လူကောင်းပကတိဖြစ်ပါလျက်နဲ့ ရောဂါဝေဒနာရှိသလိုဟန်ဆောင်တောင်းသူလဲရှိ၊
ရင်ခွင်ပိုက်ကလေးကို ဘန်းပြပြီး ဟန်ဆောင်တောင်းသူလဲရှိ။
လူမမယ်ကလေးအရွယ်တွေကို ကားအသွားအလာထူထပ်တဲ့မီးပွိုုင့်နေရာမျိုးမှာတောင်းခိုင်းသူလဲရှိ
နည်းပေါင်းစုံနဲ့တောင်းကြတာပါ။
နည်းပေါင်းစုံနဲ့တောင်းကြသူတွေကို မငြင်းစတမ်း ထည့်သူတွေလဲရှိသလို၊
ရေသာခိုအချောင်လိုက်နေသူကို အားမပေးသင့်ဘူးဆိုပြီး ဒီလိုထည့်တာတွေကို
ကန့်ကွက်သူလဲရှိနေပြန်ပါတယ်။
သူ့ဘာသာသူ လိမ်တောင်းတောင်း မတောင်းတောင်း ဒီလောက်လေးပေးလိုက်လို့
ဘာမှ လျော့ပါးမသွားဘူးလို့ လက်ခံထားသူရှိနေသလို
ဒီလိုလူတန်းစားက မရှိသင့်မရှိထိုက်တဲ့လူတန်းစားမို့ ပပျောက်သွားအောင်
ဖြေရှင်းသင့်တယ်လို့ သတ်မှတ်သူကလဲ သတ်မှတ်ထားပြန်ပါတယ်။
ဘယ်လိုဘဲပြောပြော ဒီလိုလူတန်းစားတွေက ရှိနေတာလဲမျက်မြင်ကိုယ်တွေ့။
တနည်းအားဖြင့်ဆိုရရင်တော့ သူတို့ကိုယ်သူတို့ သူတောင်းစားပါလို့ဝန်ခံပြီးတောင်းစားနေတဲ့သူ
ဖြစ်ပြန်တော့ ကိုယ်ထည့်ချင်လည်း ရ မထည့်ချင်လည်းရ ပါတယ်။
**************************************************************
ကျနော်တို့ငယ်ငယ်က နားထောင်ခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။
ထိုးဇာတ်လို့ဘဲဆိုပါတော့။
ရွှေမန်းတင်မောင်ရဲ့ တံခါးမှူးဒတ္ထ ဇာတ်ထုတ်ပါဘဲ။
ဇာတ်လမ်းအတိုချုပ်ကတော့ နန်းတွင်းအဝင်ဝ တံခါးစောင့်တဲ့သူက
အထဲကို ဝင်ချင်သူတွေကို အသပြာပေးမှ ဝင်လို့ရတဲ့ဇာတ်လမ်းပါဘဲ။
ဒီဇာတ်ထုတ်လေးကို နားထောင်ပြီး သိလိုက်တာကတော့ လာဘ်စားတယ်
အကျပ်ကိုင်ပြီးတောင်းရမ်းတယ်ဆိုတာ ရှေးကတည်းကရှိနေတယ်ဆိုတာကိုပါဘဲ။
ကျနော်တို့နိုင်ငံမှာဆိုရှယ်လစ်ခေတ်ကာလအတွင်းမှာ ဆင်းရဲကျပ်တည်းပါတယ်။
ဆင်းရဲကျပ်တည်းခြင်းရဲ့ ရလာဒ်ကတော့ ခက်ခဲတာပါဘဲ။
ခက်ခဲတာရဲ့နောက်ဆက်တွဲကတော့ ခက်တာကိုလွယ်အောင်လုပ်ဘို့ နည်းလမ်းတွေရှာကြရတာပါဘဲ။
လွယ်တာကိုခက်အောင်လုပ်ဘို့ ပိတ်ထားသောတံခါးတွေဖွင့်အတွက် ငွေကြေးကို အသုံးပြုခဲ့ရပါတယ်။
အများစုမှာ ဆင်းရဲချို့တဲ့ခြင်း မပြည့်စုံခြင်းဆိုတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေကြတဲ့သူတွေဘဲဖြစ်နေတော့
“အူမတောင့်မှ သီလစောင့်နိုင်မယ်”ဆိုတဲ့စကားလုံးကို လွဲမှားစွာဘာသာပြန်လိုက်တဲ့အခါမှာ
လာဘ်စားတယ် ဆိုတဲ့ အကျပ်ကိုင်တောင်းရမ်းမူ့တွေနဲ့ကြုံကြရပါတော့တယ်။
အဲဒီကစပြီး ဘာလေးဖြစ်ဖြစ် အပိုပေးမှ ငွေနဲ့ရင်းမှရတယ်။
ဘာလေးလုပ်ချင်ချင် လုပ်ချင် ရုံးပြင်ကန္နားနဲ့ပါတ်သက်ပြီဆိုတာနဲ့ ငွေပေးမှရတယ်ဆိုတာတွေဘဲကြီးစိုးခဲ့ပါတယ်။
ကိစ္စတစ်ခုဆောင်ရွက်တဲ့နေရာမှ တကယ်တရားဝင်ပေးရတဲ့ဘောက်ချာပေါ်စာရွက်ပေါ်မှာ
ရေးထားတဲ့ ပမာဏထက်အများကြီးပိုတဲ့ငွေပေးမှာ လွယ်ကူနို်င်ချောမွေ့နိုင်ပါတယ်။
ထောက်ခံစာလိုချင်တာကအစမော်တော်ယဉ်သက်တမ်းတိုးတာကအလယ်သေစာရင်းလိုချင်တာအဆုံး
ငွေပေးမှအဆင်ပြေပြေဖြစ်လာနိုင်ခဲ့ကြတာကလဲ တပြည်လုံးအတိုင်းအတာနဲ့ပါဘဲ။
ကိုယ်ရထားတဲ့လုပ်ပိုင်ခွင့် ကိုယ်ဆောင်ရွက်ပေးနိုင်တဲ့ အတိုင်းအတာတစ်ခုအပေါ်မှာမူတည်ပြီး
တောင်းကြရမ်းကြပါတော့တယ်။
မပေးရင်လဲ မဖြစ်ဆိုတော့ မဖြစ်မနေပေးရတော့တာပါဘဲ။
အဲလိုပေးလိုက်ရတဲ့ကုန်ကျစားရိတ်တွေကို ရောင်းကုန်ထဲမှာထည့်ပေါင်းလိုက်တော့
ဈေးနူန်းကြီးမြင့်တဲ့ဒါဏ်ကို ပြည်သူတွေဘဲခံရပါတယ်။
သေချာတွက်စစ်ကြည့်ရင် သူတောင်းစားတကာထဲမှာ
သူတောင်းစား စာရင်းမဝင်တဲ့ဒီသူတောင်းစားတွေက အဆိုးဆုံးလို့ ထင်ပါတယ်။
အဲတော့ နေရာတကာမှာ မျှော်လင့်ခြင်းမျက်လုံးတွေနဲ့ စောင့်မျှော်နေတဲ့
စာရင်းမဝင်တဲ့ဒီသူတောင်းစားများကို ပပျောက်အောင်လုပ်ဘို့က
သူတောင်းစားစာရင်းဝင်သူများထက်ပိုပြီး လိုအပ်တယ်လို့ထင်မိပါကြောင်း
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
8-6-2013
38 comments
Mr. MarGa
June 8, 2013 at 7:15 pm
လေးပေါက်ရေ
ပို့စ်က နှစ်ခါထပ်သွားတယ်
သူတောင်းစားတွေ အကြောင်းကတော့
ပြောလို့ရယ်မှ မကုန်လို့ ပဲ ပြောရမလားမသိ
တိကျ သေချာ ရေရာတဲ့ စနစ်တစ်ခုခုနဲ့တော့ လုပ်သင့်ပြီဗျာ
ko pauk mandalay
June 8, 2013 at 10:15 pm
ကျေးကျေးပါ ပြင်ပေးလိုက်ပါပြီ။
ဒီပိုစ်လေးက လာမယ့် ဗုဒ္ဓဟူးနေ့ထွက်မယ့် မြနန္ဒာဂျာနယ်မှာ ပုံနှိပ်ပြီးပါပြီ။
မောင် ပေ
June 8, 2013 at 7:31 pm
လေးပေါက် ရေးပြတဲ့ ဒုတိယ သူတောင်းစားမျိုးကတော့
လုံးဝပျောက်ဖို ့အချိန်အများကြီး ယူပြီး ပြင်ရမှာပါပဲ ။
အမှန်အတိုင်းဆိုရင်တော့
ပြည်သူတွေဘက်ကလဲ ၊ ဘယ်ဌာန ရောက်ရောက်
ကိုယ့်ကိစ္စကို လုပ်ပေးချင်လုပ်/မလုပ်ပေးချင်နေ ဆိုပြီး ၊ တစ်ပြားမှ မပေးပဲ နေရင်တော့ ကြာရင် ပျောက်သွားကောင်းပါတယ်
ဒါပေသည့်
အခုခေတ်ကြီးမှာ လူတိုင်းအတွက် အချိန်ဟာ အရမ်းတန်ဖိုးရှိတော့
ဟိုဘက် က တောင်းသည်ဖြစ်စေ/မတောင်းသည်ဖြစ်စေ ကို
အလုပ်ကိစ္စရှိပြီ ဆိုရင် ၊ ငါ့ ဟာကိုတော့ အမြန်ဆုံး လုပ်ပေးကွာ ဆိုပြီး ၊ ပြည်သူတွေဘက်က ကို စတင် စွန် ့ကြဲ ပေးကမ်း တော့တာကလား
ko pauk mandalay
June 9, 2013 at 12:38 pm
မပေးရင်ခက်မှာကြောက်လို့ ပေးမှန်းသိတော့
မပေးရင်လုပ်မပေးချင်တော့ဘူးဆိုတဲ့ ဇာတ်လမ်းက ပါတ်ချာလည်နေတာပါ
ဇဂါး လွတ်
June 8, 2013 at 7:33 pm
ဟီး:::::
လေးပေါက်ပြောမှ ငို အားထက် ရီ အားသန်ပဲ။
စာရင်းမဝင်တဲ့ သူတောင်းစားရယ်လို့။
:harr:
လာဘ်ပေး::::::: ရန်မလို
လုပ်နိုင် ကိုင်နိုင် လေးလုံး ခြောက်ဖက်ကြီးတွေ တောင်းစားနေတာတော့ မြင်ရတာသိပ်မကောင်း။
လမ်း မှာ ပြောပါတယ်။
နေပါဦးဗျာ။
အထက်ပိုင်းမှာတင် အလုပ်များနေကြတာ။
ဒီ သူတောင်းစားကိစ္စကို ရှင်းမပေးနိုင်သေးဘူးထင်ရဲ့။
အရီးခင်လတ်
June 8, 2013 at 7:47 pm
ဘူသူများလဲလို့။
Lost in Translation ထဲက ဟာလေးဘဲ။ 😆
ဇဂါး လွတ်
June 8, 2013 at 7:54 pm
အနော် ငယ်တုန်း က နဲ့ တူတယ်လို့ ပြောကြတာကို နားစွန်နားဖျား (စီဒီတူ ကိုဘလက်) ကြားထားလို့ ပါ အရီးရယ်။
ခွိခွိခွိ။
:kwi:
အရီးခင်လတ်
June 8, 2013 at 7:58 pm
ဟား ဒါဆို ဂဇက် ရွာသူ တွေ အားလုံး ချစ်စရာ အချောအလှ တွေ ဆိုတဲ့ နားစွန်နားဖျား စကား မှန်ပဟေ့။
(စီဒီတူ ကဘခ)
😆
ko pauk mandalay
June 9, 2013 at 12:40 pm
ကျနော်တို့ဆီက အတော်များများရဲ့ ခံယူချက် က
ဗိုင်းကနဲလဲသေမှာကိုဘဲ သတိထားတတ်ပါတယ်။
တဖြည်းဖြည်းချင်းသေမှာကိုတော့ မသိချင်ယောင်ဆောင်နေတတ်ပါတယ်.
အရီးခင်လတ်
June 8, 2013 at 7:46 pm
ငယ်တုန်းက ပန်းပန်လျှက်ပါ ရုပ်ရှင် ကို သွားသတိရတယ်။
အရင်ကတော့ “ကယ်ပါ” မျိုး ဆိုတာ မျိုးရိုးလိုက်တောင်းစားကြတာ။
နောက်ပိုင်းတော့ ပျောက်သွား ပြီး ဒီ ခေတ် မတော့ အဲဒီ “ကယ်ပါ” တွေက သူများထက်တောင် ပိုပြီး ချမ်းသာ နေသတဲ့။
ကိုပေါက်ပြောတဲ့ အနာကြီးရောဂါသည် တွေကတော့ သနားဖို့ကောင်းပါတယ်။
ဒီနေ့လိုမျိုးမှာ အဲဒီ ရောဂါတွေပပျောက်ပြီတောင် ထင်နေတာ။
ဟိုနေ့က ဟူးဟူး ရေးတာတွေ့မှ ရှိနေပါသေးလား သိလိုက်တာ။
ko pauk mandalay
June 8, 2013 at 10:45 pm
ဘုရားကျွန်တွေအကြောင်းနဲ့ရင်နာအောင်လုပ်သွားတဲ့ ရုပ်ရှင်က
အပယ်ရတနာ ခင်မိုိုးမိုး အကယ်ဒမီရသွားတာ။
ရွာစားကျော် မင်းနန္ဓာ
June 8, 2013 at 10:57 pm
ရပိုင်ခွင့်တွေနဲ့ တောင်းစားတဲ့ သူတောင်းစားတွေထဲမှာမှ သူတို့ကိုယ်သူတို့ သူတောင်းစားမှန်းမသိ ဘုရားအထူးခံချင်တဲ့ သူတောင်းဖြားတွေက အဆိုးဆုံးထင်ပါရဲ့ … လေးပေါက်ရေ
သူတို့လုပ်ရပ်တွေက လူအများကြီးကို ထိခိုက်စေနိုင်တာမို့လေ
ko pauk mandalay
June 9, 2013 at 12:47 pm
“အစရှာမရသောစက်ဝိုင်း”
ယူသောလက်
( ကျုပ်တို့က လျှပ်လဲပြက်မပြဘူး၊
ထစ်ချုန်းသံလဲမပေးဘူး၊
မိုးအလိုလို ရွာမှသာ ရေပုံးလေး ချပေးထားတာပါ။)
ပေးသောလက်
(မိုးကတော့ဘယ်အလိုလိုရွာမလဲ၊
ကျွန်တော်မှာသာ မိုးရွာတယ်ထင်ရအောင်၊
ဖားတွေကို အစာကြွေး အသံတွေပေးလို့၊
မိုးရွာအောင်လုပ်ပေးနေရတာပါဗျာ။)
ယူသောလက်
(ကျုပ်တို့က အပင်ပေါ်ကအသီး
တုတ်နဲ့ထိုးချပြီး မစားဘူး။
သူ့အလိုလိုမြေခ
ကြွေကျမှစားတာပါ၊)
ပေးသောလက် (သစ်ပင်ပေါ်ကိုတက်ခွ၊
ကြွေတယ်ထင်ရအောင်
ခြွေချပေးနေရတာပါဗျာ၊
ကျနော်တို့မှာလည်းစုတ်ပြတ်သတ်နေပါပြီ။)
ယူသောလက်
(အသာလုပ်ပါ
ရသင့်တာထက်ပိုတဲ့အခွင့်အရေး
လိုချင်ကြလို့ ကျုပ်ကိုပေးတာပါ။
သမက်လိုချင်လို့သမီးပေးဒီသဘောလေးတွေပါ၊)
ပေးသောလက်
(မကြွေ မရွာ လို့ကတော့၊
မျှော်သာမျှော်ပေါ်မလာ၊
သေပြီဆရာအခါခါအော်ရုံပါဘဲ။
“အခွန့် အယေး”ဆိုတာဝေလာဝေး၊
ရသင့်တာလေးတောင် ချမပေးလို့ပါဗျာ။
“အခွန့် အယေး”နဲ့ဝေးတာကြာလို့၊
စာလုံးပေါင်းလေးများမှားရင်
ကျွန်နော်ကိုခွင့်လွှတ်ကြပါဗျာ”တဲ့)
ဒါလေးက 2011 ကကျနော်တင်ဘူးခဲ့တဲ့ကဗျာလေးပါ
ဒီအကြောင်းလေးကလဲ လာဘ်စားတဲ့အကြောင်းလေးပါဘဲ။
uncle gyi
June 8, 2013 at 11:24 pm
သူတောင်းစာစာရင်းလုပ်နေတာ
နောက်ဆုံးမှာခေတ်သစ်သူတောင်းစားတမျိုးတိုးလိုက်တာကိုး
လက်ဦးသူတောင်းစားတွေကဟိုးအရင်ဘုရားရှင်ရှိကတည်းကရှိလာတာတွေဆိုတော့
ပျောက်ဖို့မလွယ်ဖူးနဲ့တူတယ်ကိုပေါက်ရေ
နောက်တိုးသူတောင်းစားကတော့
နောင်တချိန်ပပျောက်ကောင်းပါရဲ့
ko pauk mandalay
June 9, 2013 at 12:52 pm
အဲတာတွေပျောက်ဘို့က အရာရာမှာ စည်းကမ်း ကန့်သတ်ချက်နည်းဘို့လိုအပ်သလို
လိုသူကလဲ လိုအပ်တဲ့စည်းကမ်း ကန့်သတ်ချက်ကို အများနည်းတူ လိုက်နာမှာဖြစ်လာနိုင်ပါမယ်။
padonmar
June 9, 2013 at 12:56 am
သန်သန်မာမာကြီးတွေကိုတော့ နှင်းဆီစိမ်းလေးရေးသလို ပေးကိုမပေးဘူးလို့ ခေါင်းခါနေပေမယ့်
မသန်မစွမ်း အဖွားကြီးတွေမြင်ရင် သနားမိပြန်ရော။
စာရင်းမဝင်သူတောင်းစားတွေကျတော့ ဘယာဂတိနဲ့ ပေးရပြန်တယ် ကိုပေါက်ရေ။
အဲဒီ သူတောင်းစားတွေ မြန်မြန်ပျောက်ပါစေ။
ko pauk mandalay
June 9, 2013 at 12:54 pm
မတောင်းဘဲပေးတဲ့လူတွေရှိတော့ မပေးရင်းတောင်းတော့တာပေါ့။
kai
June 9, 2013 at 3:26 am
စာရင်းဝင်ရော.. စာရင်းမဝင်ရောဆိုတဲ့.. သူတောင်းစားတွေဟာ.. နိုင်ငံတိုင်း(တိုင်း)မှာရှိပြီး.. သူတို့ကိုပပျောက်/လျှော့နည်းဖို့က…
စာရင်းဝင် သူတောင်းစားအတွက်.. အစိုးရတာဝန်ဖြစ်ပြီး…
စာရင်းမဝင်သူတောင်းစားအတွက်.. စတ္ထုထမဏ္ဍိုင်ဖြစ်တဲ့.. မီဒီယာ့တာဝန်ပါ…
အခုကိုကြီးပေါက်ရေးတာ.. တာဝန်ထမ်းတာပါပဲ..
ဒီလိုတွေထက်.. ပိုပြီး..ထိရောက်ချင်ရင်…
စာရင်းမဝင်သူတောင်းစားတွေ… ဟိုလိုယူ… ဒီလိုတောင်းနေတာကို.. သတင်းအမဲလိုက်ပြီး… အထောက်အထားနဲ့.. လက်ပူးလက်ကြပ်မီဒီယာပေါ်တင်ပေးနိုင်ရင်တော့.. တာဝန်ကြေမီဒီယာပေါ့…
သခင်မျိုးဟေ့.. ဒို့မြန်မာ… :kwi:
ko pauk mandalay
June 9, 2013 at 12:55 pm
ကိုခိုင်ရေ
အထောက်အထားနဲ့ တင်လိုက်မှ
ဆန်ခိုးမမိ ဖွဲခိုးမိ ဇာတ်လမ်းတွေဘဲ ပေါ်လာမှာစိုးပါ၏။
ဦးဦးပါလေရာ
June 9, 2013 at 5:42 am
စာရင်းဝင်သူတောင်းစားရော စာရင်းမဝင်သူတောင်းစားရော တတ်နိုင်သမျှ လျှော့နည်းအောင်လုပ်ရမှာပါပဲ…။
စကားစပ်လို့-
နိုင်ငံတကာမှာလဲ သူတောင်းစားတွေရှိတယ်ဆိုပေမယ့် တတိယနိုင်ငံတွေကသူတောင်းစားတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက သူတောင်းစားတွေ အင်မတန်ခြားနားပါတယ်။
အထူးသဖြင့်တော့ မြန်မာ အိန္ဒိယ ထိုင်း က သူတောင်းစားတွေက ပုံစံတစ်မျိုးပါ။
စာရင်းမဝင်သူတောင်းစားများအကြောင်းကတော့
နာမည် နေ့စွဲနဲ့တကွ မှတ်ထားတာလေးတွေရှိဖူးလို့
တစ်နေ့ နိုင်ငံခြားမှာသွားနေဖြစ်ရင် ဖေါ်ကောင်လုပ်မည်ဖြစ်ကြောင်း…..
စာရင်းမဝင်သူတောင်းစားများသိစေရန်မှာ-
ခင်ဗျားတို့ကို ပေးနေကြတာဟာ
သူတောင်းစားအစစ်ကို ပေးကြသလို စေတနာနဲ့ပေးတာမဟုတ်လို့
မကျေမနပ်နဲ့ စာရင်းမှတ်ထားသူတွေ ရှိတတ်ပါကြောင်း
ခင်ဗျားတို့ တောင်းစား ကြပ်စားလိုက်တဲ့ပိုက်ဆံတွေက ခဏနဲ့ကုန်သွားမှာဖြစ်ပေမယ့်
ခင်ဗျားတို့ကိုယ်တိုင်အရောင်ဆိုးခဲ့တဲ့ ခင်ဗျားတို့သမိုင်းကအမဲကွက်တွေကတော့ သားစဉ်မြေးဆက် ကျန်ရစ်မယ်ဖြစ်ကြောင်း…….။
ko pauk mandalay
June 9, 2013 at 1:02 pm
ကိုပါရေ
ဒီမှာက မျက်လုံးတစ်ဖက်မှိတ်ထားတာတွေရှိနေတော့ သိသိ ကြီးနဲ့ မသိသလိုနေကြတယ်လေ။
Foreign Resident
June 9, 2013 at 7:50 am
ဗဟုသုတ အတွက်ပြောပြတာပါ ။
ဩဇီ မှာ တောင်းချင်တိုင်း တောင်းလို့ မရပါဘူး ။
သူတောင်းစား မှတ်ပုံတင်ရပါတယ် ။
တစ်ခါတစ်လေ လေး တောင်းချင်ရင်လည်း ခွင့်ပြုမိန့် တောင်းရပါတယ် ။
အဘ သူငယ်ချင်းရဲ့ သမီးဆိုရင် ၊
ပိုက်ဆံ လိုရင် ၊ သူတို့ သူငယ်ချင်း ၃/၄ ယောက် စု ၊
ခွင့်ပြုမိန့် တောင်း ၊ တီးဝိုင်း တီးပြပြီး တောင်းပါတယ် ။
ဒါတောင် သူ့အဖေ ၊ အဘ သူငယ်ချင်း က ၊
ဩဇီမှာ လစာ သောင်းကျော် ရတာနော် ။
ko pauk mandalay
June 9, 2013 at 12:58 pm
လမ်းစမဖော်ပါနဲ့ ကိုဖောရယ်
တော်ကြာသူတောင်းစားဖြစ်ဖို့အတွက် ပိုက်ဆံပေးနေရပါအုံးမယ်။
Foreign Resident
June 9, 2013 at 4:57 pm
” သူတောင်းစားဖြစ်ဖို့အတွက် ပိုက်ဆံပေးနေရပါအုံးမယ် ”
😛
ခင် ခ
June 9, 2013 at 8:37 am
ဘဝတွေကို ရုန်းကန်ရတဲ့အခါ
မလှတာတွေ လှပစေဖို့
မတန်ဟုထင်လည်း တောင်းရတာပါဘဲ။
ကိုယ့်မိသားစု ကိုယ့်အရေးမို့
ပင်စင်ယူတော့ တိုင်းပြည်ကမကျွေးလို့
နားလည်ပေးပါ ဆရာတို့ရေ။
အတောင်းကလည်း ကြမ်းလှကြည်လား
လျော့ပါပြောတော့ အထက်ကိုလည်းပေးရမှာတဲ့
ဒါပေမယ့်လည်း လုပ်သူကိစ္စပြီးမြောက်ချင်တော့
ပေးကြပြန်တယ် သံသရာလည်။
ko pauk mandalay
June 9, 2013 at 1:05 pm
ဒီမှာတော့ ရွှေတစ်ပိဿာအရည်ဖျော်ပြီး ပါးစပ်ထဲလောင်းထည့်ခိုင်းတဲ့ ပုံပြင်ထဲက အတိုင်းပါဘဲ ကိုခရေ
တကယ်ရောက်သွားတာကတော့ တစ်ဆယ်သားဘဲရှိပါတော့တယ်။
Ma Ma
June 9, 2013 at 9:16 pm
သူတောင်းစားမျိုးရိုး ဆိုလို့ ဟိုးးးးးတုန်းက ရုပ်ရှင်ကား တစ်ကား ရှိခဲ့ဖူးတယ်။
နာမည်တော့ သေသေချာချာ မမှတ်မိတော့ဘူး။
အပယ်ရတနာ လား မသိဘူး။
စာရင်းဝင် သူတောင်းစားတွေ ပပျောက်ရေး ကြိုးစားနေကြသလို…
စာရင်းမဝင်တဲ့ သူတောင်းစားတွေကလည်း ပပျောက်ဖို့ ကြိုးစားရင်း တိုးပွားရင်းလို့တောင် ပြောရမယ်။ :buu:
ko pauk mandalay
June 9, 2013 at 10:24 pm
ဟုတ်တယ် ပပျောက်အောင်ကြပ်မတ်ရင်းကနေ
မှောင်ခိုဈေး ဖြစ်သွားမှာလဲ စိုးရိမ်ရပါ၏။
ဦးကြောင်ကြီး
June 9, 2013 at 9:38 pm
လောကဂျီးမှာ ရေဗော်ဆီ လူတန်းစား နှစ်မျိုးရှိသဗျ.. မရှိရင် (လိုချင်ရင်) တောင်းစားတာနဲ့ မရှိရင် (လိုချင်ရင်) ခိုးဆိုးလုယက်စားတာ…။ သူတို့ဂျားထဲက လူတွေက ထောက်ပံ့ကျွေးမွေး ဆက်သရပေါ့ဗျာ…။ ဒီတော့ တောင်းမလား၊ လုမလား၊ ပေးမလား….
တောင်းတာက ဘေးကင်းပေမဲ့ လူအထင်သေးတယ်၊ နိမ့်ကျတယ် အဆုံးစွန်မှာ လူညွန့်တုံးသွားမယ်။
လုတာက အန္တရာယ်ကြီးတယ်၊ မြိုးမြိုးမြက်မြက် ဝါးရတယ်၊ အောက်ကျို့စရာ မလိုဘူး.. စာရိတ္တအားဖြင့် ပျက်ဆီးတယ်.. တာဝ တနပ်စာဖြစ်လို့ မတန်ပြောရမယ်။
ပေးသူကြတော့ ပေးတဲ့အခါ မာန်တက်လို့ မာနဖြစ်၊ ပေးတာထက် ပိုလိုချင်ပြန်တော့ လောဘဖြစ်၊ မပေးချင်ပေးချင်မို့ ဒေါသဖြစ်၊ ပေးရနိုးနိုးဖြစ်တော့ မောဟဖြစ်… သူက အဆိုးဆုံး ထင်ပါရဲ့ဗျာ….
ko pauk mandalay
June 9, 2013 at 11:12 pm
တောင်းစား
ပေါင်းစား
ကြပ်စား
ကျစ်စား
ဟောက်စား
ချောက်စား
စစ်စား
ညှစ်စား
မျှောစား
ဖောစား
kyeemite
June 10, 2013 at 11:46 am
“အဲတော့ နေရာတကာမှာ မျှော်လင့်ခြင်းမျက်လုံးတွေနဲ့ စောင့်မျှော်နေတဲ့
စာရင်းမဝင်တဲ့ဒီသူတောင်းစားများကို ပပျောက်အောင်လုပ်ဘို့က
သူတောင်းစားစာရင်းဝင်သူများထက်ပိုပြီး လိုအပ်တယ်လို့ထင်မိပါကြောင်း”
မှန်တာပေါ့ကိုပေါက်ရာ…
မနေ့ကပဲ မိတ်ဆွေတစ်ယောက်နဲ့ ဒီအကြောင်းပြောဖြစ်သေးတယ်…
“ကျွတ်”တွေ“မျှော့”တွေလိုပဲတဲ့…လာသမျှတွယ်နေကြတာ နဲတာနဲ့ များတာပဲကွာတယ်…
သင်္ဃန်းရေခြုံပြီးတောင်းနေတာတွေလည်းဒုနဲ့ဒေးဗျာ…အဲဒါတွေလည်းရှင်းသင့်တယ်
ko pauk mandalay
June 11, 2013 at 4:04 pm
လောလောဆယ်တော့ ပျောက်ကွယ်သွားဘို့ထက် လျော့အောင်အရင်လုပ်ရမယ်ထင်ပါတယ်။
ဝင့်ပြုံးမြင့်
June 10, 2013 at 11:52 pm
ခက်တာက မြန်မာပြည်မှာ ဘာလုပ်လုပ်မှန်နေသလိုပဲ လေးပေါက်ရေ။
ko pauk mandalay
June 11, 2013 at 4:05 pm
ကိစ္စတစ်ခုရယ်လို့ဖြစ်လာရင် ရေရှည်တောင့်မခံ ဘဲ မြန်မြန်ပြီးရင်အေးတာဘဲဆိုတဲ့အတွေးတွေရှိနေတာ
ကြောင့် ဘာလုပ်လုပ်မှန်တယ်ထင်နေရတာပါ မဝင့်ရေ
marga thagyar
June 11, 2013 at 2:20 pm
ခေါင်ကမိုးမလုံတဲ့ အိမ်ပျက်ကြီးထဲမှာ နေ နေရသူအားလုံး. မိုးဒဏ် နေဒဏ် လေဒဏ် ကိုုကြုံ ရမှာဘဲ. ခုတော့ ခေါင်နဲ့ ့ အမိုးပျက်ကို လဲပြီးပြင်လိုက်ပေမဲ့ အမိုးဟောင်းတွေက ပါနေဆဲမို့ ့ မိုးကတော့ ယိုနေဦးမှာပါဘဲ၊ မိုးယိုတဲ့ကာလက ကြာဦးမယ်. ၊ ပျက်သွားလို့ ့ပြင်ရမှာတွေ လဲအများကြီးရှိသေးတယ်
ko pauk mandalay
June 11, 2013 at 4:08 pm
ခေါင်မလုံမှန်းသိပေမယ့် အစားထိုးစရာ မရှိတာကလဲ ဒုက္ခတစ်ပါး ပါကိုမာဃရေ
Shwe Ei
June 11, 2013 at 3:26 pm
ဝူးးးးးးးးး အင်ပို့လိုင်စင်လျှောက်ခိုင်းမယ်ပြောလို့ ခေါင်းကျိန်းနေတုန်း…
.လေးပေါက် ပို့စ် ဖတ်မိသွားတော့ မျက်ခုံးတေခပ်လှုပ်လှုုပ်….
ဘုရား သိကြား မ လို့ အတောင်းကြမ်းသူတွေနဲ့ မကြုံပရဇီနဲ့…. :byae:
ko pauk mandalay
June 11, 2013 at 4:20 pm
မညိအောင်ညှိယူကြတာပေါ့