“ရှိစေကောင်း၏ ……………မကောင်း၏”
“ရှိစေကောင်း၏ ……………မကောင်း၏”
ကျနော်အဖွားက အ မြင်မတော်တာတွေ့ရင် စကားအခိုင်းအနိူင်းလေးနဲ့ပြောလေ့ရှိပါတယ်။
နေ့လည်နေ့ခင်းမှာ ကျနော်တို့ဦးလေးတွေ အပျင်းဆန့်ပြီးအိပ်ယာပေါ်မှာအိပ်နေရင်၊
အဒေါ်တွေက ခြေပစ်လက်ပစ်ထိုင်နေရင်
“အင်း….. ယောကျာ်းပျင်းကျောခင်း မိန်းပျင်းခြေဆင်း” လို့ဆိုတတ်ပါတယ်။
သူပြောနေတာတောင်မှ အချုးိမပြင်သေးဘူးဆိုရင ်
“ ဒီအတိုင်းသာနေလို့ကတော့ ယောကျာ်းဖျင်း ပုလိပ်
မိန်းမဖျင်း ကွိတ်နဲ့တော့ နီးနေပြီနော်” လို့ ဆက်ပြီးပြောပြန်ပါသေးတယ်။
ကျနော်ကငယ်သေးတော့ ပုလိပ်ဆိုတာကိုတော့ သိပေမယ့် “ကွိတ်”ဆိုတာ
မသိလို့ဆက်မေးရင်
“မကောင်းတာလုပ်စားတဲ့ မိန်းမလေ၊ လမ်းထိပ်က မိဦး လိုမိန်းမကိုပြောတာ”
ဆိုပြီး ထင်သာမြင်သာရှိအောင် ဥပမာဆောင်လို့ပြပါတယ်။
ညနေစောင်းဆိုရင် မိတ်ကပ်ထူပိန်းပိန်း နုပ်ခမ်းနီရဲရဲ
တောက်တောက်ပြောင်ပြောင်အဝတ်အစားကိုဝတ်
ကော့လန်ကော့လန်နဲ့ ခါးလေးရမ်းရမ်းပြီး လမ်းလျောက်တတ်တဲ့
ယောကျာ်းလေးမြင်ရင် မျက်လုံးဗျာများပြတတ်တဲ့
မဦး ကိုပြေးမြင်မိတော့မှကျနော်သဘောပေါက်ပါတော့တယ်။
ကွိတ်ဆိုတဲ့ ဘန်းစကားကို အနက်ဖွင့်ကြည့်မယ်ဆိုရင် စကားလုံးအပွားတွေ
အများကြီးထွက်လာနို်င်ပါတယ်။
စာသံပေသံနဲ့ပြောရင် ပြည့်တန်ဆာ ယဉ်ယဉ်ကျေးကျေးဆိုရင် မိန်းမပျက်
ခပ်ရမ်းရမ်းပြောရင်တော့ xာသယ် ဇိမ်မယ် လူသိအများဆုံးက ကြက် ဆိုတာကိုပါဘဲ။
သူတို့ကို ပြန်လည်ထိန်းထားတဲ့သူတွေကိုတော့ ဇိမ်ခေါင်း မိန်းမထိန်း xာခေါင်း လို့
ခေါ်ကြပါတယ်။
*****************************************************
ကျနော်စာတွေအငမ်းမရ ဖတ်တဲ့အချိန်မှာ ဆရာကြီးပါရဂူ ဘာသာပြန်တဲ့
အိန္ဒိယစာပေတွေကို ထိတွေ့ခွင့်ရပါတယ်။
အဲဒီအထဲက အမ္ဗပါလီ ကိုဖတ်ရတဲ့ အခါ အတိုင်းအတိုင်းအပြည်အပြည်က
လူတွေခိုက်ရန်ဖြစ်ပွားလောက်အောင် ချစ်ခင်နှစ်သက်ခြင်းခံရတဲ့ အတွက်
ဂဏှလွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ အများပိုင်အဖြစ် သတ်မှတ်လို့
ပြည့်တန်ဆာဘဝကိုရောက်သွားရတဲ့ မိန်းခလေးဘဝကို
ရေးဖွဲ့ထားတာကိုဖတ်ရတော့ ပြည့်တန်ဆာဆိုတာနိုင်ငံတစ်ခုတိုင်းပြည်တစ်ခုရဲ့
လိုအပ်ချက်ကိုဖြည့်ဆည်းပေးရတဲ့အရာလို့ သဘောပေါက်မိပါတယ်။
နောက်ဒီပြည်တန်ဆာဆိုတာဟာလွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက
ခေတ်အဆက်ဆက်တည်မြဲလာခဲ့တဲ့ လူတန်းစားတစ်ရပ်ဆိုတာကိုလည်းသိလာခဲ့ရပါတယ်။
ကျနော်တို့မြန်မာနိုင်ငံရဲ့သက်ဦးဆံပိုင်ဘုရင်ခေတ်တွေမှာလဲဒီပြည့်တန်ဆာ လူတန်းစားဆိုတာရှိခဲ့ပါတယ်။
တရားဝင်လုပ်ငန်းအဖြစ်သတ်မှတ်တယ် မသတ်မှတ်ဘူးတော့ ကျနော်မသိပေမယ့်
သမိုင်းမှတ်တမ်းအဖြစ်အတည်ပြုဘို့ခက်ခဲတဲ့ ဆရာချစ်စိန်လွင်ရဲ့
“ဆောင်ကြာမြိုင်မှတ်တမ်းများ”စာအုပ်ထဲ မှာတော့ ရတနာပုံနေပြည်တော်ခေတ်မှာလည်း
ပြည့်တန်ဆာအိမ်များရှိခဲ့ရုံမက နန်းတွင်းသားအထက်တန်းလွှာလူတန်းစားများ
ရဲ့အပန်းဖြေရာ နေရာအဖြစ် တည်ရှိနေခဲ့တယ်ဆိုတာသိရပြန်ပါတယ်။
သူ့စာအရဆိုရင် အိမ်ရှေ့စံမင်းသားနဲ့ ပြည့်ရှင်ဘုရင်ကိုယ်တိုင်တောင်မှ
သွားရောက်ပျော်ပါးခဲ့တယ်လို့ဆိုထားပြန်ပါတယ်။
သူ့ကျွန်ဘဝရောက်ခဲ့တဲ့ အင်္ဂလိပ်လက်အောက်မှာလဲဒီလူတန်းစားကရှိစမြဲပါဘဲ။
အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ် အစရှိတဲ့လွတ်လပ်ရေးမတိုင်မီခေတ်များမှာ
“ကြေးစားမိန်းမ “လို့အမည်ခံပြီး ခန္ဓာကိုယ်နဲ့အရောင်းအဝယ်လုပ်တဲ့အမျိုးသမီး
တွေရှိခဲ့ကြပါတယ်။
လွတ်လပ်ရေးရပြီး ကာစ ဗုဒ္ဓဘာသာကို အလေးထားတဲ့အစိုးရ
အုပ်ချုပ်တဲ့အချိန်မှာတော့ ဒီပြည့်တန်ဆာလူတန်းစား ပပျောက်စေရေး
အတွက်ဆိုပြီး ဥပဒေတွေထုတ်ပြန်ခဲ့ပါတယ်။
ဒီဥပဒေပါအချက်အလက်တွေကတော့ ပြည့်တန်ဆာလုပ်စားသူများအတွက်
အတော်လေးပြင်းထန်တယ်လို့ပြောနို်င်ပေမယ့် ဒီလူတန်းစားတော့
ဆက်လက်ရှင်သန်နေမြဲပါဘဲ။
၁၉၅ဝခုနှစ်ပါတ်ဝန်းကျင်မှာ အခြေခံလူတန်းစားကို ရှေ့တန်းတင်တဲ့ ကွန်မြူစံနစ် ဆိုရှယ်လစ်စံနစ်
တွေခေတ်စားလာတာနဲ့အမျှ ဒီပြည့်တန်ဆာလူတန်းစားတွေဟာ
မြေရှင်ယာရှင် အရင်းရှင်လူတန်းစားကြောင့်ဘဲ ဒီလိုလူတန်းစားပေါ်ပေါက်ရတယ်ဆိုပြီး
သနားစရာကောင်းသောဘဝပိုင်ရှင်များအဖြစ် တင်စားဖော်ကျူးခဲ့ကြပါတယ်။
ဘယ်လိုကယ်တင်မယ် ဘဝတွေဘယ်လိုမြင့်အောင်လုပ်မယ်လို့ အသံကောင်းဟစ်
ခဲ့ကြပေမယ့် ဒီလူတန်းစားကတော့ဒုံရင်းအတိုင်းဘဲဆက်လက်ရှင်သန်ခဲ့ရပြန်ပါတယ်.။
၁၉၆၂ခုနှစ်အိမ်စောင့်အစိုးရက နိုင်ငံတော်ရဲ့အာဏာကိုပြောင်းလွှဲယူပြီးတဲ့နောက်ပိုင်း
မြန်မာပြည်ကဆိုရှယ်လစ်စံနစ်နဲ့ပြောင်းလဲချီတက်တဲ့အခါ အလုပ်သမားလယ်သမား
လူတန်းစားကိုအခြေခံတယ်ဆိုပြီး ဒီလိုပြည့်တန်ဆာလူတန်းစားဆိုတာ မရှိသင့်တဲ့
လူတန်းစားတစ်ရပ်အဖြစ်သတ်မှတ်ပြီး ပပျောက်အောင် နှိပ်ကွပ်ခဲ့ကြပါတယ်။
အဲဒီခေတ်ကာလအချိန်မှာ လူအတော်များများကြောက်ရွှံခဲ့ရတဲ့ဆစ်ဖလစ်(ခ)
ကာလသားရောဂါက ကမ္ဘာမှာ ကပ်ရောဂါဆိုး တစ်ခုလိုကျရောက်လာခဲ့ပါတယ်။
ဒီရောဂါကို ပျံ့နှံ့အောင်ဖြန့်ဝေပေးသူတွေက ဒီပြည့်တန်ဆာတွေက အဓိကဖြစ်တယ်လို့
သတ်မှတ်လိုက်ချိန်မှာတော့ မရှိသင့်တဲ့လူတန်းစားလို့သတ်မှတ်ပြီး ပိုမိုတင်းကျပ်စွာနှိပ်ကွပ်
ခဲ့ကြပြန်ပါတယ်။
အထူးသဖြင့်ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင် ဘာသာရေးရူ့ထောင့်ကကြည့်မယ်ဆိုပြန်ရင်
လည်း တဏှာပေမကို ကျူးလွန်အောင်မြူဆွယ်သူ ဆိုတာသေရင်ငရဲကျမယ်လို့သတ်မှတ်ခဲ့
ပြန်ပါတယ်။
အဲဒီခေတ်အခါကကျင့်သုံးတဲ့ဆိုရှယ်လစ်စံနစ်အရဆိုပြန်ရင်လဲရေသာခိုအချောင်လိုက်တဲ့
လူတန်းစားလို့သတ်မှတ်ခံခဲ့ရတဲ့အခါ အများရဲ့ အပယ်ခံ အကျဉ်ခံ ဖြစ်ရုံမကဘဲ
စက်ဆုပ်ရွှံရှာဘွယ်ကောင်းသော လူတန်းစားအဖြစ်ကိုရောက်ခဲ့ရပြန်ပါတယ်။
အချို့ကတော့ ဒီလူတန်းစားကို ရှေးဘဝက ဝဋ်ကြွေးတွေကြောင့်ဖြစ်ရရှာတယ်ဆိုပြီး
သနားစရာကောင်းသောလူတန်းစားအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
ဒီလူတန်းစားများအတွက်သနားစရာကောင်းသောအမြင်နဲ့ရေးဖွဲ့ထားတဲ့သီချင်းထဲမှာတော့
ကိုမင်းနောင်သီဆိုခဲ့တဲ့ “ဂျင်မလေးဂျမ်း”သီချင်းကတော့ လူထုကြားမှာအတော်ပျံ့နှံကျော်ကြား
ခဲ့တဲ့သီချင်းတပုဒ်ဖြစ်သလို ဒီလူတန်းစားတွေကို စာနာမူ့ထားတဲ့စိတ်တွေပေါ်ပေါက်လာအောင်
ပြောင်းလဲစေသော သီချင်းတစ်ပုဒ်ဖြစ်လာခဲ့စေပါတယ်။
မတူကွဲပြားသောအမြင်တွေရှိနေကြပေမယ့်လဲ ဒီလူတန်းစားကတော့ ရှိမြဲရှိဆဲပါဘဲ။
ဆိုရှယ်လစ်စံနစ်အောက်မှာ အထွေထွေဆင်းရဲကျပ်တည်းမူ့တွေကြောင့် ဒီလူတန်းစားက
လျော့ပါးမသွားဘဲ အမှောင်ရိပ်အောက်မှာ ပိုမိုကြီးထွားရှင်သန်လာခဲ့ပါတယ်။
ဥပဒေနဲ့ညိစွန်းနေသောလူတန်းစားများ ဖြစ်တဲ့ အတွက် သူ့တို့ဘဝရပ်တည်မူ့အတွက်အားကိုးရာ
ရှာခဲ့ကြရတာလဲအမှန်ဘဲဖြစ်ပါတယ်။
ဇိမ်ခေါင်းတွေက ဒီလို ကြေးစားမိန်းမများကို အကာအကွယ်ပေးလို့ မြန်မာပြည်အနှံ့အပြားမှာ
တရားမဝင်ဇိမ်ခန်းတွေဖွင့်ထားနိုင်တာလဲဖြစ်ပါတယ်။
ဒီဇိမ်ခေါင်းတွေကို ဥပဒေအရိပ်အောက်ကနေပျောက်နေအောင်ပြန်လည်ဖုံးကွယ်ပေးထား
သူတွေကတော့ ဥပဒေကို စောင့်ရှောက်ကာကွယ်ဘို့အတွက် ယုံကြည်စွာအပ်နှင်းထားခြင်းခံ
ရတဲ့ ပြည်သူ့ဝန်ထမ်းတွေဘဲဖြစ်ပါတယ်။
မန္တလေးမြို့ကြီးမှာဆိုရင် မြို့လည်ခေါင်ဈေးချိုဧရိယာမှာတောင် တရားဝင်ဖွင့်ခွင့်ရနေသလို
ပြည့်တန်ဆာအခန်း တွေ ဖွင့်ထားခဲ့ပါတယ်။
တည်းခိုခန်းအမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်နေသူတွေလည်း
အများကြီးရှိနေသလိုစိန်ပန်းမှာ ကျောက်သပိတ်မှာ တက္ကသိုလ်နားမှာ မြို့ပြင်က
ခြံကျယ်ဝင်းကျယ်တွေမှာနာမယ်ကြီးပြည့်တန်ဆာအိမ်တွေခြံတွေရှိနေပေမယ့်
ထိရောက်စွာအရေးယူတယ်ဆိုတာ ဆိုတာမရှိခဲ့ပါဘူး။
မန်းလေးမြို့သာမကဘဲ မြန်မာပြည်မြို့ကြီးတိုင်းမြို့ကြီးတိုင်းမှာဒီလိုပြည့်တန်ဆာအိမ်တွေ
ရပ်ကွက်တွေ အထင်အရှားရှိခဲ့ပါတယ်။
သိသာထင်ရှားစွာရော တိုးတိုးတိတ်တိတ်ပါ နိုင်ငံအနှံ့အပြားမှာပြည့်တန်ဆာအိမ်တွေ
ရှိခဲ့တယ်ဆိုတာ ကတော့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းများလို့ပြောနိုင်ပါတယ်။
အထူးသဖြင့် မန်းလေးမြို့ မြောက်ဘက်မှာရှိတဲ့ တောင်ပြုံးဘုရားပွဲကိုအ မှီပြုပြီးကျင်းပတဲ့
မင်းကြီးမင်းလေးရဲ့နတ်ပွဲအချိန်ရောက်ရင် အနယ်နယ်အရပ်ရပ်က ပြည့်တန်ဆာတွေ
လာရောက်ပြီး စီးပွားရှာလေ့ရှိတဲ့ စီးပွားရေးစားကျက်ကောင်းကြီးဖြစ်ခဲ့တာကတော့
နှစ်ပေါင်းများစွာရှည်ကြာခဲ့ပါပြီ။
ဆိုရှယ်လစ်ခေတ်အလွန်ကနေလက်ရှိအနေအထားအထိမှာလဲ ပုံစံတွေသာ
အမျိုးမျိုးပြောင်းလဲသွားပေမယ့် ဒီပြည့်တန်ဆာလုပ်ငန်းကရှိနေဆဲပါဘဲ။
၈၈ခေတ်အလွန်မှာတော့ မြန်မာပြည်မှာကျောက်မျက်လုပ်ငန်းတွေခေတ်စားလာတာနဲ့
အတူ ဘီယာစတေရှင်တွေမှာ အမျိုးသမီးအဆိုတော်တွေထားတဲ့စင်တင်ခေတ်စားလာချိန်မှာ
ဒီစင်တင်အဆိုတော်တွေနဲ့ပြည့်တန်ဆာလုပ်ငန်းက ခွဲခြားမရတဲ့လုပ်ငန်းတစ်ခု
လိုဖြစ်လာပါတယ်။
စင်တင်အဆိုတော်အားလုံးက ပြည့်တန်ဆာလုပ်ငန်းနဲ့အသက်မွေးတာမဟုတ်ပေမယ့်
အတော်များများကတော့ မကင်းဘူးလို့ဆိုနိုင်ပါတယ်။
ဟိုအရင်ခေတ်တွေမှာတော့ တည်းခိုခန်းတွေ ဟိုတယ်တွေမှာပြည့်တန်ဆာတွေကို
သီးသန့်မွေးထားခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဟိုတယ်မှာ ဒီလိုမွေးမထားတော့ ဘဲ “မာမီကြီး”များက
တစ်ဆင့်အလုပ် ကြပါတော့တယ်။
မာမီကြီးများက သမီးလေးများကို အိမ်တစ်အိမ်မှာနေစရာပေးပြီး စုဆောင်းထားပါတယ်။
အဲဒီအိမ်မှာတော့ အလုပ် မလုပ်ခိုင်းပါဘူး။
ဒါပေမယ့် ဟိုတယ်တွေ တည်းခိုခန်းတွေ ဒါမှမဟုတ် သူ့ရဲ့ဖောက်သည်တွေက နေ
ဖုန်းနဲ့ အော်ဒါလှမ်းတင်တဲ့အခါ သမီးလေးတွေကို ပို့ပေးလိုက်ပါတယ်။
လူမြင်သူမြင်ခံပြီး အိမ်မှာအလုပ်မလုပ်ပေမယ့်လည်း ရပ်ကွက်ထဲကလူတွေကတော့
ဘယ်အိမ်က ဘာလုပ်တယ်ဆိုတာ သိနေကြတာပါဘဲ။
အချို့ကတော့ ကာရာအိုကေခန်းမတွေ မာဆတ် လို့ ခေါ်တဲ့ အနှိပ်ခန်းကို အယောင်ပြထားပြီးပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်ကြပါတယ်။
အဲလိုအိမ်နဲ့ယာနဲ့မလုပ်ကိုင်နို်င်သူများကတော့ လူစည်ကားရာနေရာတွေမှာ
လူလုံးပြလို့ ဖောက်သည်ရှာရပါတယ်။
မန်းလေးမှာဆိုရင်နေ့နေ့ ညည အရှေ့ဘက်ကျုံးနံဘေးနဲ့တောင်ဘက်ကျုံးနံဘေးမှာ ဖောက်သည်စောင့်နေတတ်ကြပါတယ်။
သူတို့နဲ့ ဆက်ဆံနေကြသူများကတော့ အလိုရှိချိန်မှာကားရပ်ဆိုင်ကယ်ရပ်ဈေးစကားပြောလို့တည့်တယ်ဆိုရင်ခေါ်တင်သွားကြ။
ညညဆိုရင် ၈၄လမ်းမပေါ်မှာ ၃၅လမ်းနဲ့ ၃ရလမ်းကြားမှာဆိုင်ကယ်ကို ခေါက်တုံ့ခေါက်ပြန်
ခေါ်မယ့်လူမရမခြင်း လမ်းသလားနေကြတာ မမြင်ချင်အဆုံးပါဘဲ။
ရန်ကုန်မြို့ကြီးမှာဆိုပြန်ရင်လဲလူစည်ကားရာအရပ်တွေမှာမြင်တွေ့နေရပြန်ပါတယ်။
အထူးသဖြင့်ဗိုလ်ချုပ်ဈေး မင်္ဂလာဈေး ပန်းဆိုးတန်း ပြည်လမ်းကုန်းကျော်နဲ့
ဘူတာကြီးကုန်းကျော်မှာအင်းလျားကန်ဘောင်တွေမှာသမိုင်းလမ်းဆုံမှာ
ဖောက်သည်ရှာလို့ မြူဆွယ်နေ နေတယ်ဆိုတာတွေက ပြောပြရရင်
မကုန်နို်င်အောင်ပါဘဲ။
ဒီဘက်ခေတ်မှာ ပိုမိုထူးခြားလာတာကတော့ မိန်းမပြည့်တန်ဆာတင်မကဘဲ
ယောကျာ်းပြည့်တန်ဆာပါရှိလာသလို မိန်းမလျာပြည့်တန်ဆာတောင်ထပ်တိုးအနေနဲ့
ပါလာပါသေးတယ်။
ရီစရာကောင်းတယ်လို့ဆိုနို်င်တာကတော့ ဒီပြည့်တန်ဆာလုပ်ငန်းဆိုတာဥပဒေ
နဲ့ မလွတ်ကင်းသောလုပ်ငန်းလို့သတ်မှတ်ထားပေမယ့် အချို့သောဧည့်ခံပွဲများမှာ
ရေမီးအပြည့်အစုံဆိုတဲ့စကားအတိုင်း ပျော်ပါးဘို့အတွက် ပြည့်တန်ဆာများကို
ရှာဖွေပေးရတယ်ဆိုတာပါဘဲ။
အခြေခံလူတန်းစားတွေရဲ့ ဘဝကြီးသာယာဝပြောရေးကို အခြေခံထားပါတယ်ဆိုတဲ့
ဆိုရှယ်လစ်ခေတ်မှာတောင် ဒီပြည့်တန်ဆာလုပ်ငန်းက နိုင်ငံအနှံ့အပြားမှာရှိနေပါတယ်။
တစ်ခါတစ်ရံ စီမံချက်အရ သတင်းပေးချက်အရ ဝင်ရောက်ဖမ်းဆီးတယ်ဆိုပေမယ့်
ဘာမှထိထိရောက်ရောက်မရှိတာအမှန်။
ဖမ်းတုံးခဏပျောက်နောက်တော့ ပြန်ရောက်လာကြတာပါဘဲ။
ဒီပြည့်တန်ဆာလုပ်ငန်းဟာ ဝင်ငွေအင်မတန်ကောင်းတဲ့လုပ်ငန်းတစ်ရပ်ဖြစ်လေတော့
ဖမ်းဆီးနို်င်သူကို လာဘ်ပေးပြီး အကာအကွယ်ယူခဲ့ကြပါတယ်။
သာမန်အရပ်သူအရပ်သားတွေတောင်မှဘယ်သူက ဘယ်အိမ်က ဘာလုပ်စားနေတယ်
ဆိုတာကို အလွယ်တကူ သိနေတာတောင် ရပ်ရွာငြိမ်းချမ်းရေးအတွက် တာဝန်ယူထားကြတဲ့သူတွေက
မသိလို့ မနှိမ်နင်းတာလား ?
မနှိမ်နင်းချင်လို့ မသိချင်ယောင်ဆောင်နေကြတာလား ?
ဆိုတာကတော့ တာဝန်ရှိသူတွေသာ သိနိုင်ပါမယ်။
နာမည်ပျက်တာ မပျက်တာအပထား ဒီလုပ်ငန်းကိုလုပ်ကိုင်နေသူများကတော့
စီးပွားဖြစ်ထွန်းပြီး ခေတ်အဆက်ဆက်မှာပန်းပန်လျက်ရှိနေစမြဲပါဘဲ။
ပျော်ပါးလိုသူနဲ့ရောင်းချင်သူရှိနေတဲ့အပြင် တာဝန်ရှိသူတွေက မျက်ကွယ်ပြုနေ
အကာအကွယ်ပေးနေသမျှ ကာလပါတ်လုံး ဒီပြည့်တန်ဆာလုပ်ငန်းကရှိနေအုံးမှာအမှန်ပါဘဲ။
အခုအချိန်မှာတော့ ဒီပြည်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့်ပြုဘို့အတွက်
လွှတ်တော်မှာ အဆိုတင်သွင်းသူရှိနေပါမယ်။
လက်ခံခမယ် လက်မခံဘူးဆိုတာကို အသေအချာစဉ်းစားရမယ်အချိန်ကာလကိုရောက်
လာပြီလို့ ထင်မိပါတယ်။
မကောင်းမူ့လို့ ခေတ်အဆက်ဆက်သတ်မှာလာခဲ့တဲ့ လုပ်ငန်းတစ်ခုကို
တရားဝင်လုပ်ဘို့ကို လက်ခံသူရှိသလို ခါးခါးသီးငြင်းပယ်သူတွေလဲရှိနိုင်ပါတယ်။
ပြည့်တန်ဆာဘဝကိုရောက်တဲ့သူတွေကိုလေ့လာကြည့်တဲ့အခါ
(၁) စီးပွားရေးကျပ်တည်းလွန်းတော့ ထွက်ပေါက်မရှိုလို့
(၂) အပျော်အပါးမက်ပြီးအပေါင်းအသင်းမှားလို့
(၃)မူးယစ်ဆေးဝါး နဲ့ညိစွန်းသွားလို့
(၄)ငွေအရလွယ်လို့
(၅)သူတစ်ပါးရဲ့ မတရားခိုင်းစေတာ ခံရလို့
ဆိုတဲ့အချက်တွေကိုသွားတွေ့ရပါတယ်။
ဒီလုပ်ငန်းကို တရားဝင်ခွင့်ပြုမယ် မပြုဘူးဆိုတဲ့အပေါ်မှာတော့ အမြင်အမျိုးမျုးိ
ကွဲလွဲကြတာကို တွေ့ရပါတယ်။
အချို့ကတော့ တရားဝင်လုပ်ငန်းအဖြစ်ခွင့်ပြုလို်က်မယ်ဆိုရင် အလွယ်
လမ်းကိုလိုက်ပြီး ဒီအလုပ်ကို လွယ်လွယ်ကူကူလုပ်စားကြမယ်ဆိုရင်ခက်မယ်နော်
လို့ပူပန်ကြောင့်ကြစွာပြောသူရှိသလို
မိန်းခလေးပေမယ့်လဲ ကိုယ့်မာနနဲ့ကိုယ် ကိုယ့်သိက္ခာနဲ့ကိုယ်ရပ်တည်နေကြတာဆိုတော့
ဘယ်လိုအခက်အခဲဘဲရှိရှိ ဒါမျိုးတော့လုပ်မစားဘူး ဆိုတဲ့သူတွေလဲအများကြီးရှိတယ်လို့
ယုံကြည်ကြသူလဲရှိပါတယ်။
တရားဝင်လုပ်ငန်းအဖြစ်သတ်မှတ်ပေးလိုက်တယ်ဆိုရင် ပြည့်တန်ဆာဘဝကို
ရောက်နေတဲ့ မိန်းခလေးတွေမှာ ခေါင်းပုံဖြတ်ခံရတော့မှာမဟုတ်ဘူးလို့
ဆိုသူကလဲရှိပါတယ်။
(ဟုတ်တော့လဲ ဟုတ်ပါတယ် အခုချိန်မှာတရားဝင်လုပ်ငန်းမဟုတ်တဲ့အတွက်
အဖမ်းအဆီးမခံရအောင်အကာအကွယ်ယူရပါတယ်။
အဲတော့ သူတို့ကို အကာအကွယ်ပေးသူ ကလဲ အဆင့်ဆင့်ပေးရကမ်းရတဲ့အခါ
အလုပ်လုပ်စားသူမိန်းကလေးလက်ထဲကို မဖြစ်စလောက်ငွေသာရောက်လာပြီး
ဘဝပျက်တာသာ အဖတ်တင်တယ် ဘာမှ ခံစားခွင့်မရှိတော့ပါဘူး။
ဝယ်သူတစ်ကျပ်ဆိုပေမယ့် ရောင်းလိုက်သူလက်ထဲတော့ တစ်မတ်တောင်
ရောက်မလာနိုင်ပါဘူး။)
တရားဝင်သာခွင့်ပြုမယ်ဆိုရင် ဒီမိန်းကလေးတွေကလဲ သူတို့ရသင့်တာကို
အပြည့်အဝရနိုင်ပြီး သူုတို့ဆီကနေအခွန်ကောက်ခံခဲ့ရင်နိုင်ငံတော်အတွက်
ဘဏ္ဍာလဲတိုးနိုင်သလိုဒီလိုမိန်းကလေးတွေရဲ့ဘဝကိုလဲအကာအကွယ်
ပေးနိုင်မယ်လို့ဆိုသူလဲရှိပါတယ်။
ဒါပေမယ့် ပြည့်တန်ဆာအဖြစ်လုပ်ကိုင်မယ့် မိန်းကလေးများကို ဒီအလုပ်က
ကောင်းမွန်သောလုပ်ငန်းမဟုတ်ကြောင်း ဆိုတာကိုတော့ သဘောပေါက်နားလည်
အောင်ပညာပေးဘို့လိုအပ်တယ်လို့ထောက်ပြသူလဲရှိပါသေးတယ်။
အကြောင်းကိစ္စတစ်ခုဖြစ်ခဲ့ရင် ကောင်းခြင်းဆိုးခြင်းက ဒွန်တွဲနေတာအမှန်ပါဘဲ။
တကယ်လို့များ ဒီလုပ်ငန်းကို လုံးဝအစပျောက်သွားအောင်ဆောင်ရွက်နို်င်ခဲ့မယ်ဆိုရင်
(လက်တွေ့ကတော့ မဖြစ်နိုင်တဲ့ဘက်က %များပါတယ်)
အမျုးိကောင်းသားသမီးလေးတွေပျက်စီးတာနည်းပါးသွားမယ်လို့ဆိုသူရှိသလို
စိတ်ဆင်ရိုင်းကိုဖြေဖျောက်စရာနေရာပျောက်သွားရင် အမျိုးကောင်းသားသမီးတွေ
အဖျက်ဆီးခံရတာအနိုင်ကျင့်စော်ကားခံရတဲ့အမူ့တွေပိုများလာနို်င်တယ်လို့
ထင်မြင်ချက်ပေးသူလဲရှိပါတယ်။
တရားဝင်မဟုတ်လို့ ခိုးကြောင်ခိုးဝှက်ပျော်ပါးရတာမို့ထိန်းထိန်းသိမ်းသိမ်း
လုပ်နေကြတာ တရားဝင်ပျော်ပါးခွင့်ပေးရင် ပိုဆိုးကုန်မယ်လို့တွေးသူရှိသလို
လူ့စိတ်ဆိုတာ မလုပ်ရဘူးတားမှ ပိုလုပ်ချင်တာ လုပ်ချင်သလိုလုပ်နေချင်သလို
နေဆိုရင် ဒီအပေါ်မှာအာရုံလျော့ပါးသွားမယ်လို့ချေပသူလဲရှိပါတယ်။
တရားဝင်ခွင့်ပြုလိုက်ရင် သူတို့ကို စံနစ်တကျကျန်းမာရေးဆေးစစ်နိုင်လို့သူတို့ဆီကနေ
ရောဂါပိုးကူးစက်မူ့နှုန်းကျဆင်းနိုင်တယ်လို့ကျန်းမာရေးရူ့ဒေါင့်ကနေ
မြင်သူရှိသလိုဒီလူတန်းစားရှိလို့သာ ဒီရောဂါတွေကူးစက်နေတာ
မရှိရင် ကူးစက်စရာအကြောင်းကို မရှိဘူး ဒီတော့ ပပျောက်အောင်လုပ်သင့်တယ်လို့
တိုက်တွန်းသူလဲရှိနေပြန်ပါတယ်။
ဒီလိုပြည့်တန်ဆာလုပ်ငန်းကိုတရားဝင်လုပ်ငန်းလို့ ခွင့်ပြုလို်က်မယ်ဆိုရင် ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့
သိက္ခာကျတာပေါ့လို့ ဆိုသူတွေရှိသလို ဒီလိုလုပ်ငန်းဆိုတာ နိုင်ငံတကာမှာလဲလုပ်နေတာပါဘဲ
ဘာမှသိက္ခာကျစရာမရှိလို့ ပြောသူလဲရှိပြန်ပါတယ်။
အဲ့တော့ ဒီပြည်တန်ဆာလုပ်ငန်းကို တရားဝင်လက်ခံချင်သူ နဲ့လက်မခံချင်သူက
တော့ ကိုယ့်အမြင်နဲ့ကိုယ် မှန်နေကြတယ်လို့ဆိုနိုင်ပါတယ်။
ဒီအလုပ်ကိုတရားဝင်ခွင့်ပြုထားတဲ့ နို်င်ငံတွေမှာ အချို့သောမိန်းကလေးတွေက
အဆင်မပြေချိန်အခို်က်အတန့်မှာဒီအလုပ်ကိုယာယီဝင်လုပ်ကြပါတယ်။
အချို့ကလဲ ဒီလုပ်ငန်းနဲ့ ကျောင်းစားရိတ်ရှာကြပါသတဲ့။
အဆင်ပြေချိန်မှာတော့ ဒီအလုပ်ကိုစွန့်ခွာပြီး ကောင်းမွန်သောအလုပ်ကို
ပြန်လည်လို့ လုပ်ကိုင်တဲ့အခါမှာမှာ လူ့အသိုင်းအဝိုင်းကသူတို့ကို
ကောင်းမွန်စွာဆက်ဆံကြတယ်ဆိုတာသိရပါတယ်။
နှစ်သက်သူနဲ့အိမ်ထောင်ပြုပြီး ဘဝအသစ်ထူထောင်ကြတာကို လည်း
လက်ခံကြတယ်လို့ သိထားရပါတယ်။
ကျနော်တို့နိုင်ငံလို အစွဲကြီး တဲ့ နိုင်ငံမျိုးမှာတော့ ဒီလိုဘဝပြောင်းလဲလို့လာခဲ့ရင်အတိတ်ဘဝ
ကိုပြန်မဖော်ဘဲ လက်ခံနို်င်ကြမလား
ကိုယ့်တူကိုယ့်သား က ဒီလိုမိန်းကလေးမျိုးနဲ့လက်ထပ်ပေါင်းသင်းမယ်ဆိုရင်ကော
ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ကြပါ့မလား ဆိုတာကတော့ အဖြေရခက်တဲ့ မေးခွန်းပါဘဲ။။
တကယ့်လက်တွေ့ကျကျစဉ်းစားလိုက်ရင်တော့ တရားဥပဒေနဲ့မလွတ်ကင်းတဲ့
အလုပ်၊လူအများက မနှစ်မြို့တဲ့အလုပ်ဆိုပေမယ့် ဒီအလုပ်နဲ့အသက်မွေးဝမ်းကျောင်း
ပြုနေတဲ့ မိန်းမငယ်တွေကလဲရှိနေတာအမှန်ပါဘဲ။
ဒီဘဝကို မနှစ်သက်ပေမယ့် ပြောင်းလဲမရနို်င်တဲ့အနေအထားမို့ မလုပ်ချင်ဘဲလုပ်နေရသူ
ရှိသလို ဒီဘဝမှာဘဲပျော်မွှေ့နှစ်ခြိုက်နေသူလဲရှိနေမယ်ဆိုတာကတော့ အတိအကျပါဘဲ။
ဥပဒေကလက်မခံဘူးဆိုပေမယ့်လည်း ဒီလုပ်ငန်းတွေကိုလုံးဝပပျောက်သွားအောင်
နှိမ်နှင်းနို်င်ခြင်းမရှိတာလဲ အားလုံးသိနေတဲ့ကိစ္စဖြစ်နေပြန်ပါတယ်။
အဲတော့ကျနော်တို့လက်တွေ့ကျကျစဉ်းစားရမယ့်အချိန်ကတော့ရောက်လာပြီလို့ထင်ပါတယ်.။
ဒီပြည်တန်ဆာလုပ်ငန်းက အပြင်လက်တွေ့မှာ ရှိနေတာကို လက်မခံဘူးကွာဆိုပြီးမျက်စေ့စုံမှိတ်ပြီး ဇွတ်ငြင်းနေမကြလား?
ဥပဒေက ခွင့်မပြုလို့ တရားမဝင်လုပ်ကိုင်စားနေကြ တာကိုအမှီပြု ပြီး လာဘ်စားမူ့တွေ
မသမာမူ့တွေရှိနေတာကို မသိချင်ယောင်ဆောင်ပြီး ရှောင်လွှဲလို့နေကြမလား?
ပကတိအဖြစ်မှန်ကို သဘောပေါက်လက်ခံပြီး စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်သတ်မှတ်ပြီး
ဥပဒေအခိုင်အမာပြဌာန်းလို့ စည်းနဲ့ကမ်းနဲ့ဖြစ်အောင် ထိန်းကျောင်းပြီးသိက္ခာရှိရှိလုပ်ကိုင်ကြမလား?
ဒါမှမဟုတ် ခက်ခဲဆင်းရဲသူတွေက ဒီမကောင်းမူ့ကို မလုပ်ချင်အောင် ကောင်းကောင်းမွန်
မွန်လုပ်ကိုင်စားနိုင်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးမလား?
ဒီလုပ်ငန်းမျိုးရပ်တည်လို့မရအောင် ဥပဒေနဲ့ တိတိကျကျ ထိန်းချုပ်ပြီး လုံးဝကွယ်ပျောက်သွားအောင်လာဘ်မစား ဘဲ အကောင်အထည်ဖော်ကြမလား?
ဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ရမယ်အချိန်တော့ ရောက်နေပြီဆိုတာကို
ပါးပါးလေးတွေးမိပါကြောင်း။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
25-7-2013
22 comments
kyeemite
September 3, 2013 at 2:15 pm
ပြည့်တန်ဆာကို အခေါ်အဝေါ် အမျိုးမျိုးခေါ်ကြတာကြားဖူးပေမဲ့
“ကွိတ်”ဆိုတာတော့ အခုမှကြားဖူးတယ်ကိုပေါက်ရေ…
ကိုပေါက်အတွေးပါးပါးကလည်း မပါးပဲ ထူနေလို့ ဘယ်လိုတွေးပြီးအဖြေပေးရမယ်မသိဘူးဖြစ်နေတယ်…
ဥပဒေက ခွင့်မပြုလို့ တရားမဝင်လုပ်ကိုင်စားနေကြ တာကိုအမှီပြု ပြီး လာဘ်စားမူ့တွေ
မသမာမူ့တွေရှိနေတာကို မသိချင်ယောင်ဆောင်ပြီး ရှောင်လွှဲလို့နေကြမလား?……
ဟုတ်တော့လည်းဟုတ်တယ်ဗျ
တကယ်ခန္ဒာရင်းရသူထက် ခေါင်းတွေ၊ ရဲတွေက ပိုထောနေတာပါ.. 🙁
ကိုပေါက်(မန္တလေး)
September 3, 2013 at 9:57 pm
တကယ့်အဖြစ်အပျက်တွေက အလွန်ဝမ်းနည်းစရာကောင်းပါတယ်။
ဦးကျောက်ခဲ
September 3, 2013 at 2:18 pm
အကိုပေါက်ရေ…
ဒီလုပ်ငန်းက အလွန်တင်းကြပ်တဲ့ အာရပ်တိုင်းပြည်များမှာတောင် တိုးတိုးတိတ်တိတ်နဲ့ ရှိနေပါတယ်…
စင်ကာပူမှာကတော့ မီးနီရပ်ကွက်ကို တရားဝင် လိုင်စင်ချပေးပြီး ၂ပတ် ၁ခါ ဆေးစစ်ရသတဲ့…
အဲဒါတောင်မှ လမ်းဘေးမှောင်ခိုတွေက ရှိတုန်းဆိုပဲ၊ ကျန်တာတော့သိပ်မသိ…
🙂
ကိုပေါက်(မန္တလေး)
September 3, 2013 at 10:04 pm
ကျောက်ကျောက်ရေ
ဒီမှာက လုပ်စားတဲ့သူကို ထပ်လုပ်စားလို့ရအောင်ဖန်တီးပေးထားသလိုဖြစ်နေလို့ပါ။
YE YINT HLAING
September 3, 2013 at 2:39 pm
ပကတိအဖြစ်မှန်ကို သဘောပေါက်လက်ခံပြီး
ဥပဒေအခိုင်အမာပြဌာန်းလို့ စည်းနဲ့ကမ်းနဲ့ဖြစ်အောင် ထိန်းကျောင်းပြီးလုပ်ကိုင်ကြ မယ်ဆိုရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။
အလင်းဆက်
September 3, 2013 at 7:24 pm
အင်းးးး
အဲ……
ဘာပြောရမလဲ..
ဘာမှ မပြောတော့ပါဘူးလေ…။
————–
🙂
ကိုပေါက်(မန္တလေး)
September 3, 2013 at 10:15 pm
မပြောလို့က မရတော့ဘူးလေ
တစ်ခုခု ဆုံးဖြတ်ရမယ့်အချိန်ရောက်ပြိ
ဇာတ်မျောကြီးဖြစ်နေတာ ကြာပြိ
ခင် ခ
September 3, 2013 at 10:17 pm
ခေတ်အဆက်ဆက် နှိမ်နင်းမှုတွေရှိခဲ့ပေမယ့် ပပျောက်သွားတာမျိုး မဖြစ်မယ့်အတူတူ ဒေသနေရာကန့်သတ်မှုနဲ့ တရားဝင်သာသတ်မှတ် ပေးတာပိုကောင်းမယ်ထင်မိပါရဲ့
ကိုပေါက်(မန္တလေး)
September 3, 2013 at 10:30 pm
ပစ္စည်းတစ်ခုကမှောင်ခိုမဟုတ်ဘူး တရားဝင်ရောင်းလို့ရတယ်ဆိုရင်
ဈေးသက်သာသွားတတ်တယ်လေ။
အဲလိုများဖြစ်မလားလို့ပါ။
Mr. MarGa
September 3, 2013 at 11:03 pm
ကြားဖူးတာ တစ်ခုကတော့
ခိုးစားရတဲ့အသီးက ပို ချိုသတဲ့
ဆိုတော့
တရားဝင် ပေါ်ပေါ်ထင်ထင် လုပ်ပေးလိုက်ရင် တောင်မှ မှောင်ခိုဈေးကွက်က ပျောက်ဦးမယ် မထင်
ဒါပေမင့် လက်ရှိ အခြေအနေထက်တော့ ပိုပြီး ကောင်းလာနိုင်ချေ ရှိတာမို့
တရားဝင် သတ်မှတ်သင့်တယ်လို့ တွေးမိသဗျ။
ဒေသနဲ့ပဲ ခွဲခွဲ နေရာတိုင်းပဲ ပေးပေး ပေါ့
kai
September 4, 2013 at 12:36 pm
တရားဝင်ဥပဒေပြုလိုက်ရင်.. တရားဝင်အထုတ်ဖြေသလိုဖြစ်မှာစိုးလို့.. လို့ထင်တာပဲ..
အခုက.. မြန်မာတွေဆိုတာ.. အင်မတန်ယဉ်ကျေး.. . ဘုရားနဲ့..တရားနဲ့..စသဖြင့်.. ကမ္ဘာတန်းမှာမိတ်ကပ်(အပေါစားလေးလိမ်း) ပုံသွင်းပြထား(ချင်)တာကိုး..
မသိတာလိုက်လို့..
ကမ္ဘာ့တိုးရစ်တွေများ.. ငတုံးလို့ထင်နေပုံ…
သနားတယ်.. သနားတယ်..။ “ဖာဖုံး”များကိုသနားတယ်..
မှတ်ချက်။ ။ ရှိနေသည့် ဖာသည်များကို.. မရှိချင်ယောင်ဆောင်ကာ ဖုံးကွယ်ထားကြသူဥပဒေပြုသူများ..
ကိုပေါက်(မန္တလေး)
September 4, 2013 at 10:23 pm
နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံသိက္ခာမကျအောင်ဖုံးကွယ်ထားတဲ့ ပြဿနာတွေရှိစမြဲပါဘဲ။
ဝင့်ပြုံးမြင့်
September 4, 2013 at 11:43 pm
လေးပေါက်ရေ –
တရားဝင် ဥပဒေပြဌာန်းတာကိုပဲ ထောက်ခံပါတယ်။ သမားရိုးကျ အခေါ်အဝေါ်ကိုလည်း ပြောင်းစေချင်ပါတယ်။ နှိပ်ကွပ်ထားသလိုဖြစ်တဲ့ အခေါ်အဝေါ်၊ (ပြည့်တန်ဆာဆိုတာ မူလအမည်လှပေမယ့် လူတွေရဲ့အသိထဲမှာ မကောင်းတဲ့သဘောရှိနေပါတယ်။) -ာသည်၊ ကြက်၊ အဲဒီလို အခေါ်အဝေါ်တွေကို ပြောင်းပြီး ဥပမာ ရမ္မက်ကုန်သည် (ဥပမာ ပြောတာပါ) စသည်ဖြင့် ပြောင်းပြီး တရားဝင် လုပ်ကိုင်ခွင့်လိုင်စင်ချပေးသင့်ပါတယ်။ တကယ်ဆိုရင် သူတို့အဆင့်က မနိမ့်လှဘူး။ အနည်းဆုံး ရုပ်ရည်ရှိဖို့တော့လိုတယ်။ ဒီ့ထက်အဖြစ်ဆိုးတဲ့လူတွေ ရှိနေသေးတာ။
—
အခုဆိုရင် လုပ်ငန်းတွေမှာ ဝန်ထမ်းတွေရဲ့ ရာထူးကို အင်္ဂလိပ်နာမည်သုံးပြီး ခေါ်ကြတယ်။ အဲဒီတော့ အလုပ်ရဲ့သဘောက အဆင့်ရှိသလို ဖြစ်သွားတယ်။ အဲဒါမျိုးကိုပြောတာပါ။ -ာသည်တွေကို နှိပ်ကွပ်ထားတဲ့ အခေါ်အဝေါ်ကို လုံးဝပြောင်းပြီး တရားဝင်ကို လုပ်ခွင့်ပေးမှ အမျိုးသမီးဘဝ မြှင့်တင်ရာကျမှာပေါ့။
ကိုပေါက်(မန္တလေး)
September 5, 2013 at 12:58 pm
တရားဝင်တာလိုလို မဝင်တာလိုလို နဲ့ ခေါင်းပုံဖြတ်ခံနေရမယ့်အစား တရားဝင်ဖြစ်တာကို သဘောကျပါတယ်။
မကောင်းမူ့လို့သတ်မှတ်တဲ့အလုပ်ကို လုပ်စားတာမှန်ပေမယ့် အခေါ်အဝေါ်လေးကကတော့
ယဉ်ကျေးစေချင်တာ မပြုံးလိုပါဘဲ။
မန်းလေးမှာတော့ အဲလို့ မိန်းကလေး ဖောက်သယ်ခေါ်လို့လိုက်သွားရင် အော်ဒါ ရတယ်လို့ပြောကြပါတယ်.။
အော်ဒါမယ် လို့ ခေါ်ရင်မကောင်းဘူးလားဗျို့။
ဝင့်ပြုံးမြင့်
September 5, 2013 at 11:57 pm
လေးပေါက်ကြီးနဲ့ ကျမ အဲဒီမှာ တွေးပုံချင်း မတူပြန်ဘူး။ အဲဒီအလုပ်ကို ကျမက မကောင်းမှုလို့ကို မထင်တာ။ သမ္မာအာဇီဝ အလုပ်လို့ကို ကျမ ထင်တယ်။ အပြစ်ထောက်မယ်ဆိုရင် အလုပ်အမျိုးအစား နိမ့်တာတစ်ခုပဲရှိမယ်လေ။ ဒီအလုပ်က ရုပ်ရည်ရှိဖို့လိုတယ်၊ တခြားဝန်ထမ်းတွေလို အထက်က အမိန့်အတိုင်းလုပ်ရတာမဟုတ်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ဖောက်သယ်ကို ထိန်းထားရတယ်။ ကိုယ်စွမ်းကိုယ်စကို သုံးရတယ်။
—-
ဟိုတုန်းက သင်္ဘောဆိပ်မှာဆိုရင် ကူလီတွေ အများကြီးပဲ။ ခုတော့ အဝေးပြေးဂိတ်မှာ။ ဒါပေမယ့် သူတို့ကို ကူလီ လို့မခေါ်ကြတော့ဘူး။ ကားဂိတ်ဝန်ထမ်းလို့ခေါ်ကြတယ်။ ခရီးသည်ရဲ့ အထုပ်အပိုးတွေ ဆွဲပေးတဲ့လူတွေကို ပြောတာ။ နေအိမ်မှာဆိုရင်လည်း ဟိုအရင်က အစေခံ၊ အိမ်စေ၊ စသဖြင့်ခေါ်ကြတယ်။ နောက်တော့ အိမ်ဖော်၊ အိမ်ကူလို့ ပြောင်းခေါ်ကြတယ်။ စိတ်ထားကောင်းတဲ့ အိမ်ရှင်တွေဆိုရင် အိမ်ဖော်ကို တူမဝမ်းကွဲလေးပါလို့ ပြောကြတယ်။ အိမ်ကားမောင်းတဲ့လူကို ဒရိုင်ဘာ လို့ အရင်ကခေါ်ကြတယ်။ ခုတော့ ကားဆရာလို့ ခေါ်ကြပြီ။ အခေါ်အဝေါ်ပြောင်းတာ အလုပ်ရဲ့သဘောသွားပါ ပြောင်းသွားသလိုပဲ။ ဒါကြောင့် သူတို့လို အဆင့်ပိုမြင့်တဲ့အလုပ် ( ရမ္မက်ဝန်ဆောင်မှု) လုပ်နေတဲ့မိန်းကလေးတွေကို အခေါ်အဝေါ် သေချာ ပြောင်းသင့်ပါပြီ။ အော်ဒါမယ် လည်းကောင်းပါတယ်။ ဒီ့ထက် နည်းနည်းပိုမြင့်ရင် ကောင်းမလားပဲ။ စပါယ်ရှယ်စကားလုံး ထွင်သင့်ပါတယ်နော်။ အဲဒါဆို မြန်မာလူမျိုးတွေလည်း အမြင်နည်းနည်းပြောင်းသွားနိုင်တယ်။
ကိုပေါက်(မန္တလေး)
September 7, 2013 at 8:43 am
မပြုံးရေ
ရမ္မက်ဆိုတဲ့စကားလုံးကလဲ မြန်မာပြည်အဘို့တော့ မကောင်းသောအနက်ကိုဆောင်တဲ့စကားလုံးပါဘဲ။
Ma Ma
September 5, 2013 at 8:42 am
ကိုပေါက်ရဲ့ အတွေးထူထူတွေ ဖတ်ပြီး ဦးဏှောက်စားသွားပြီ။
အချက်အလက်စုံစုံလင်လင်နဲ့ ရေးထားတာတွေကို ပြန်ပြောချင်ဆွေးနွေးချင်တာတွေ အများကြီးပဲ။
ခုလတ်တလော Debate ကို အားသန်နေတယ်။
ဒီခေါင်းစဉ်နဲ့ Debate လုပ်ကြမလားးးးးးးးးးးးး 🙂
ကိုပေါက်(မန္တလေး)
September 5, 2013 at 1:23 pm
မမရေ ကျနော်တို့က ပြဿနာတစ်ရပ်ကို ထိပ်တိုင်ရင်ဆိုင်ပြီး ဖြေရှင်းရတဲ့ အချိန်ရောက်နေပါပြီ။
အဲတော့ ပြတ်သားစွာဆုံးဖြတ်ကြရတော့မယ်။
kyeemite
September 5, 2013 at 1:26 pm
အော်ဒါမယ်
ခေါ်ပါမယ်
တော်ရှာတယ်
ဘော်ဒါရယ်
ဒေါ်လာဝယ်
ပျော်ပါတယ်
မျှော်ရှာတယ်
ပေါ်လာကွယ်(တရားဝင် ဥပဒေပြဌာန်းတာ)
ခင် ခ
September 5, 2013 at 3:16 pm
စက်တင်ဘာ ၅ ရက် ညနေ ၃း၁၄ – မတွေ့ပါလား။
ကိုပေါက်(မန္တလေး)
September 5, 2013 at 4:59 pm
ကိုခရေ ဒီနေ့ကတော့ လမ်းပေါ်မှာ တနေ့လည်ခင်းလုံးကုန်တာပါဘဲ.
ကျွဲဆန်ကန်နဲ့ 15လမ်း ငွေသွားကောက်နေရာတာဗျာ
လေးငါးနေရာသွားရတော့ အချိန်အတော်ကုန်သွားတယ်
ခင် ခ
September 5, 2013 at 7:11 pm
ခင်ခ ၂၁ ရက် ပိုမိုရှင်းအတွက် ရဲရဲတောက်တွေကို လာဝင်ကြည့်လို့ မတွေ့တာပြောတာပါ ကိုပေါက်ရေ။
၃ ရက်နေ့ကတင်တဲ့ပိုစ့်တွေ ဒီနေ့ ၃ ရက်မြောက်လေဗျ