တွေးမိတွေးရာ ရေးမိရေးရာ (၂)…

kotun winlattSeptember 11, 20133min2105

ကံကိုယုံပြီး နွားလှည်း စီးကြမယ်..

@@@@@@@@@@@@@@@@@

ကျနော်နေထိုင်တဲ့ တောမက မြို့မကျ ရွာကြီးမှာ စက်တင်ဘာ ၆ ရက်နေ့က

မိုးတွေသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့တယ်…။

ရွာကြီးကို ဖြတ်သန်းသွားတဲ့ မော်တော်ကားလမ်းမကြီးပေါ်မှာလည်း ရေက တစ်ချို့နေရာတွေမှာ တစ်ပေခွဲ၊

တစ်ချို့နေရာတွေမှာ လေးပေခန့်အထိ ဖုံးလွှမ်းသွားခဲ့တယ်…။ရေပြန်ကျသွားချိန်ကျတော့

လမ်းမကြီးပေါ်မှာ ကျောက်တုံးကျောက်ခဲတွေ ကျင်းတွေချိုင့်တွေ ဖြစ်ကျန်ရစ်ခဲ့တာပေါ့။ ရွာကြီးရဲ့

အဝင်က ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ သစ်သားတံတားကြီးရဲ့ ကြံ့ခိုင်မှုဟာလည်း စိုးရိမ်စရာ

အခြေအနေဖြစ်ခဲ့တာပေါ့..။ ရေကြီးရေလျှံမှုနဲ့အတူ မျှောပါလာတဲ့ အမှိုက်သရိုက် သစ်တုံးတွေက တံတားကြီးရဲ့

နာမကျန်းဖြစ်နေမှုကို ပိုမိုချည့်နဲ့အောင် ဇာတ်ရှိန်မြင့်ပေးသွားခဲ့လေရဲ့..။ ရေဖုံးလွှမ်းခဲ့တဲ့ မော်တော်ကားလမ်းမကြီးဟာ

ဟိုးရှေးယခင်ကတည်းက ရှိနေခဲ့တာပါ…။ သမိုင်းနဲ့ချီပြီးပြောရရင်တော့ အရှည်ကြီးပေါ့…။ ကျနော်ငယ်ငယ်က

ရွာကြီးကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေးကို အမှတ်ရနေမိတယ်…။

“ဒီမော်တော်ကားလမ်းမကြီးဟာ ကျွန်မဖေဖေလာတုန်းကလည်း ဒီအတိုင်းပဲ..အခုလည်း ဒီအတိုင်းပဲ ဘာမှ

တိုးတက်လာတာ မရှိဘူး” တဲ့လေ..။ ဒါကလွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လောက်က ပြောသွားတာပါ…။ အခု ကျနော်က

ထပ်ပြီး ပြောချင်ပါတယ်…။ အခုအချိန်ထိလည်း အရင်းအတိုင်းပါပဲ…တိုးတက်ပြောင်းလဲသွားတာဆိုလို့ တစ်ချို့သော

လူကြီးတွေနဲ့ စားဖားကြီးတွေပဲရှိပါတယ်လို့လေ..။ ဒီလိုဆိုတော့ တာဝန်ရှိသူတွေ

မပြုပြင်ကြဘူးလားလို့ မေးစရာရှိသပေါ့..။ ကျနော်ပြောချင်သည်မှာ တာဝန်ရှိသူတွေ ပြုပြင်မှုလုပ်ခြင်း မလုပ်ခြင်းကို

မဟုတ်ပါ..။ ဒီမော်တော်ကားလမ်းမကြီးကို ကောင်းအောင် ကျနော်တို့ဒေသခံတွေ အများကြီး

ကြိုးစားခဲ့ကြရတယ်ဆိုတာတော့ ခြွင်းချက်မရှိလက်ခံရမှာပါ…။ မော်တော်ကားလမ်းမကြီးဟာ

အထက်မြန်မာပြည် မြစ်ကြီးနားကနေ မန္တလေးအထိ ဆက်သွယ်ထားတဲ့ လမ်းမကြီးပါ..။

ဗျူဟာလမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီးလို့ အမည်ကင်ပွန်းတပ်ကာ ခေါ်ဝေါ်သမုတ်ခဲ့ကြတာပေါ့။ ဟုတ်ပါပြီ…

ကျနော်တို့ဒေသခံတွေ မော်တော်ကားလမ်းမကြီးကို ကတ္တရာလမ်းအဖြစ်  အဆင့်မြင့်တင်ဖို့ ၁၉၉၃/၉၄

ခုနှစ်ဝန်းကျင်က တစ်အိမ်လျှင် လမ်းခင်းကျောက် ဘယ်လောက် ခွဲရမယ်..ဆိုပြီး လုပ်အားပေးနဲ့ ခွဲတမ်းကျ

လုပ်ကိုင်စေခဲ့တာပါ.. ကျောက်တွေခွဲပြီးတော့ လမ်းပေါ်ရောက်အောင် ဒေသခံတွေကပဲ လှည်းနွားတွေနဲ့

ပို့ဆောင်ပေးခဲ့ကြရပြန်ရော… လမ်းကြီးကို ကတ္တရာလမ်းအဖြစ် အသက်သွင်းပြီး အဆင့်မြင့်တင်သွားခဲ့ပေမယ့်…

ကတ္တရာလမ်းစစ်မဟုတ်ပဲ အမည်ခံ ကတ္တရာလမ်းသာဖြစ်ခဲ့သလို ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း

ဝန်ပိုယာဉ်ကြီးများ ဖြတ်သန်းမောင်နှင်ကြခြင်းတွေကြောင့် နှစ်များမကြာမီမှာပဲ

ကတ္တရာလမ်းမှ ကျောက်လမ်းဆီသို့ ပြန်လည် အဆင့်လျှော့ကျသွားပါတော့…. ဒီနောက်ပိုင်းမှာ ကုမ္ပဏီတွေက

တာဝန်ယူသွားတယ်ဆိုတော့ လမ်းတွေကောင်းလာမယ် မျှော်လင့်နေပေမယ့် ဒုံရင်း ဒုံးရင်းပါ… ဒီတော့

ကျနော်တွေးမိတာလေးတွေ ဆက်ပြောပါတော့မယ်… ကျနော်တို့ အထက်မြန်မာပြည်ဟာ သဘာဝသယံဇာတတွေ

မထွက်ဘူးလားဆိုတော့ ထွက်လိုက်သမှ …..မရေတွက်နိုင်အောင်ပါပဲလို့ပြောရမှာပါ။ ဒါဆို ဘာလို့

မတိုးတက်လာရတာလဲလို့ မေးစရာရှိလာမှာပေါ့…။ ဖားကန့်ကနေထွက်တဲ့ ကျောက်စိမ်းတွေနည်းမှမနည်းပဲ… ပြီးတော့

ကျွန်းသစ်၊ တမလန်း ပေါမှပေါ …။ ဒီလိုသယံဇာတတွေပေါများခြင်းက ဒေသကို အကျိုးမပြုပဲ

ကျိန်စာသင့်လေစေသလားမသိ…။ ဖားကန့်ဘက်ကို မောင်းနှင်တဲ့ ကားကြီးတွေက

ဝန်ပိုတွေတင်ပြီး မော်တော်ကားလမ်းမပေါ် ဖြတ်မောင်း၊ သစ်ထုတ်ရေးဋ္ဌာနက သစ်လုံးတင်ကားကြီးတွေ

တမလန်းမှောင်ခိုကားကြီးတွေ တဝီဝီဖြတ်သန်းမောင်နှင်သွားလိုက်ကြတာ

ဘယ်သူတွေဘယ်လောက်အကျိုးအမြတ်ရှိသွားတယ် နိုင်ငံတော် ဘဏ္ဍာငွေ ဘယ်လောက်တိုးတက်သွားတယ်တော့

မသိ.. ကျနော်တို့ ဒေသခံတွေ ချွေးတွေ၊ သွေးတွေနဲ့ ရင်းနှီးထားခဲ့ရတဲ့ မော်တော်ကားလမ်းမကြီးကတော့

ကတ္တရာလမ်းမ ကျောက်ခင်းလမ်းဆီကို ပြန်လည်ရောက်ရှိသွားတာတော့ အမှန်တရားပါ… ဒါဟာ

သဘာဝသယံဇာတ ပေါများခြင်းရဲ့ ကျိန်စာတွေထဲက တစ်ခုဖြစ်မယ်ထင်ပါရဲ့.. နောက်ပြီး

သဘာဝသယံဇာတပေါများတော့ ငွေရွှင်တဲ့လူတွေများတယ်.. ဒီတော့ လောင်းကစား၊ မူး

ယစ်ဆေးတွေပါ နောက်ကလိုက်ပါ ပေါများလာတာမို့ သဘာဝသယံဇာတပါမက လူသားအရင်းအမြစ်တွေပါ

ကျိန်စာသင့်ခံရတဲ့ အဖြစ်မျိုးကို မဖိတ်ခေါ်ပဲ ရောက်ရှိသွားရတော့တာပါ..။ ဒါက မော်တော်ကားလမ်းအပိုင်းပါ။ကျန်တဲ့

ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ တယ်လီဖုန်း စတဲ့ စတဲ့ ဒေသခံတွေ ကိုယ့်အားကိုယ်ကိုး

လုပ်ဆောင်ခဲ့ရတာတွေကို ရေးပြ ပြောပြရရင် တစ်ထောင့်တစ်ညပုံပြင်တွေထက် ရှည်လျားပါလိမ့်မယ်။

ကျနော်တို့အထက်မြန်မာပြည် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့အထိ ခရီးအကွာအဝေးဟာ မန္တလေးမြို့ကနေ

ရန်ကုန်မြို့အထိ ခရီးအကွာအဝေးနဲ့ သိပ်ပြီး ကွာဟမှုမရှိလှပါဘူး။ မန္တလေးရန်ကုန် မော်တော်ကားလမ်းကြီးမှာ

တစ်မိနစ်တစ်မိုင်နှုန်းနဲ့ မော်တော်ကားကြီးတွေ တဝီဝီမောင်းနှင်နေကြချိန်မှာ အထက်မြန်မာပြည်

ဗျူဟာလမ်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတော့ ယာဉ်မောင်းသူတွေ ခရီးသည်တွေဟာ ဘုရားစာကို

အကြိမ်ကြိမ်ရွတ်ပြီး အသက်ကို ကြွပ်ကြွပ်အိတ်နဲ့ထုတ်ပြီး ခရီးနှင်နေကြရတာပေါ့…။ လမ်းတွေမကောင်းရုံတင်မကပဲ

တံတားတွေကရော ကောင်းနေလားဆိုတော့ ထူးမခြားနားပဲဆိုရမှာပါ။ ကားသမားစကားနဲ့ပြောရရင်တော့

တရားခံရှာနေတဲ့ တံတားတွေပေါ့…။ ဒါက မော်တော်ကားလမ်းရဲ့ ဖြစ်စဉ်ပါ…။ မော်တော်ကားလမ်းမကြီးက

အဆင်မပြေတာမို့ သွားလာရေးအတွက် ဘာကိုအားထားနေရလဲဆိုတော့ မြန်မာ့မီးရထားကို အားထားပြီး သွားလိုတဲ့

ခရီးကို ရ ရထားကြီး ပျော်ပျော်စီးပြီး ခရီးဆက်နေကြတယ်လို့ ပြောလို့ရမလားဆိုပြန်တော့….။ ကျနော်

မန္တလေးဘူတာကြီးရောက်ရင် သိမ်ငယ်သွားသလို ခံစားရပါတယ်… မန္တလေးကနေ ရန်ကုန်ဘက်ကို နာရီဝက်ခြား

မီးရထားတစ်စီး အချိန်အတိအကျ ပုံမှန်ကျစွာ မောင်းနှင်သွားလာနေကြသလို တွဲတွေကလည်း သန့်သန့်ပြန့်ပြန့်

ခရီးသည်တွေကလည်း သူ့ခုံကိုယ့်ခုံတွေမှာ နေရာတကျနဲ့ပေါ့…။ ကျနော်တို့ မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကိုထွက်ခွာမဲ့

မီးရထားတွေကတော့ မြန်မာ့မီးရထားဆိုတာမဟုတ်ပဲ မြင်မှ မီးရထားဆိုသလိုပါပဲ.. အချိန်အတိအကျ

သတ်မှတ်ထားပေမယ့် မြင်မှ သာ ဪ…ဒါရထားပါလားပေါ့…. တွဲတွေ ခုံတွေကလည်း မသန့်မပြန့် ပြီးတော့

ရထားတွဲတစ်တွဲမှာ စုပြုံတိုးဝှေ့ပြီး လိုက်ပါ စီးနင်းနေရတဲ့ အဖြစ်…။ ထွက်တဲ့ ရထားအစီးရေခြင်းလည်း ဘယ်လိုမှ

မယှဉ်နိုင် အချိန်တိကျမှုခြင်းလည်း မည်သို့မျှ စပ်ဟပ်မှုမရှိ…ဒီတော့ အောက်မြန်မာပြည်မှာနေတဲ့ သူတွေလည်း

ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်ကြတဲ့လူတွေ ကျနော်တို့ အထက်မြန်မာပြည်ကလူတွေလည်း

ပခုံးနှစ်ဘက်ကြားခေါင်းပေါက်နေတဲ့လူတွေ လူချင်းတူတူ ဘာလို့များ ကျနော်တို့တွေက

လူဟုအမည်တွင်ရုံမျှသာ ဖြစ်နေရသလဲဆိုတဲ့ အတွေးက မိမိကိုယ်ကို သိမ်ငယ်စေသလို မကျေနပ်မှုတွေကလည်း

ရုန်းကြွလာပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ပြောပြောနေတဲ့ ကံပေါ့ကွာလို့ပဲ

ရိုးမယ်ဖွဲ့ကြတော့မလား။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု တိုးတက်ဖွံ့ဖြိုးလာဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊

တယ်လီဖုန်း အစရှိတဲ့ အခြေခံလိုအပ်ချက်တွေကို အရင်ကြိုးစားဖြည့်ဆည်းပေးကြရမှာ မဟုတ်ပါလား။ အခုတော့

မီးရထားနဲ့ ခရီးသွားနေရတာကပင် အင်္ဂလိပ်အစိုးရက ဖောက်ပေးသွားတဲ့ မီးရထားလမ်းလေးရှိနေလို့ ကျနော်တို့

အထက်မြန်မာပြည်ရဲ့ အခြေခံလူတန်းစားတွေဟာ လူဟုအမည်တွင်နေပုံရပါတယ်…။ အကယ်၍များ မီးရထားလမ်း

မရှိခဲ့ဘူးဆိုရင် ကျနော်တို့ အထက်မြန်မာပြည်က လူတွေဟာ ပေါင်းမိုးနွားလှည်းတွေ၊ ဆင်တွေ၊ မြင်းတွေနဲ့

ခရီးနှင်နေကြရလိမ့်မယ်ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီနိုင်ငံသစ်၊ ဘယ်လိုတွေကြွေးကြော် ကြွေးကြော်

အသံသာရှိပြီး တကယ်တမ်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိခဲ့လျှင် သိပ်မကြာခင်ကာလမှာ ကျနော်တို့

အထက်မြန်မာပြည်မှ လူတွေဟာ နွားလှည်းကြီးတွေနဲ့ တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုပြီး လှည်းဝင်ရိုးသံတအီအီနဲ့

ခရီးနှင်နေကြရလေမလားဟု တွေးတောနေမိပါတယ်… ဪ…ဒါကလည်း ကံကြောင့်ပေပဲလား ပရိတ်သတ်တို့ရယ်…..။

လေးစားစွာဖြင့်……….

Kotunwinlatt

5 comments

  • marblecommet

    September 11, 2013 at 5:49 pm

    နေရာဦးသွားတယ်ဗျို့..

  • kyeemite

    September 12, 2013 at 8:59 am

    အဲဒါ နှစ်ပေါင်းများစွာ သွေးချင်းညီကိုတွေချင်း
    နှစ်ပေါင်းများစွာ ယနေ့ထိဆိုပါတော့…
    တိုက်ခိုက်လာခဲ့တဲ့ပြည်တွင်းစစ်တွေကြောင့်လဲပါတယ်
    သုံးစွဲလာခဲ့တဲ့စစ်စရိတ်တွေ နဲတာမှမဟုတ်တာ…
    အဲဒီငွေတွေသာ တိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ
    အသုံးချနိုင်ခဲ့မယ်ဆိုရင်……..
    အင်း..စဉ်းစားမိတာလေးပါကိုထွန်ဝင်းလတ်ရေ.. 🙁

  • အလင်းဆက်

    September 12, 2013 at 4:29 pm

    သယံဇာတ ဆိုတာလည်း
    ကျိန်စာ တစ်ခုပါပဲတဲ့

    အခု ဧရာဝတီ ကြီး ကို အကြောင်းပြုတဲ့ ကျိန်စာ တစ်ခု
    အားယူ ထ နေပြန်ပြီ

    🙁

  • kai

    September 13, 2013 at 1:00 am

    ယူအက်စ်ရဲ့အကြောတွေလို ယှက်ဖြာနေတဲ့.. ဖရီးဝေးစနစ်ကို.. သမ္မတအိုက်ဆင်ဟောင်ဝါကစလုပ်ခဲ့တာ..အဲဒီကနေ… ယူအက်စ်စီးပွားရေးတောက်လျှောက်တက်တာပါပဲ..။ တိုင်းပြည်တခုမှာ လူတယောက်ရဲ့သွေးကြောတွေလိုပဲ..အင်မတန်လိုအပ်ပါတယ်..။
    .. ထိပ်တန်းဦးစားပေးလုပ်သင့်ကြောင်း….

    စကားအတင်းစပ်..
    အဲဒီလမ်းကြီးတွေဖေါက်တော့.. စိနပြည်..မက်ဟီကိုပြည်တို့က သိန်းချီတဲ့..အလုပ်သမားတွေကို.. လစာပေး.. ဗီဇာပေးခေါ်တယ်..။ နောက် နိုင်ငံသားပါပေးပစ်ခဲ့ပါတယ်..။
    မြန်မာပြည်မယ်.. ကုလားတွေ..တရုတ်တွေ အလုပ်လုပ်ပေးချင်လွန်းလို့စောင့်နေကြပုံပေါ်ပါတယ်..။
    ကံကောင်းလျှက်နဲ့.. ကျိန်စာမိပြီး.. ကံဆိုးပုံ…။ :mrgreen:
    =

    Interstate Highway System

    The Dwight D. Eisenhower National System of Interstate and Defense Highways (commonly known as the Interstate Highway System, Interstate Freeway System, Interstate System, or simply the Interstate) is a network of freeways that forms a part of the National Highway System of the United States. The system is named for President Dwight D. Eisenhower, who championed its formation. Construction was authorized by the Federal Aid Highway Act of 1956, and the original portion was completed 35 years later. The network has since been extended, and as of 2010, it had a total length of 47,182 miles (75,932 km),[2] making it the world’s second longest after China’s. As of 2010, about one-quarter of all vehicle miles driven in the country use the Interstate system.[3] The cost of construction has been estimated at $425 billion (in 2006 dollars)

  • ခင် ခ

    September 13, 2013 at 4:11 pm

    အနီ ၂ ခုတွေ့လို့ မှတ်သွားပါ၏
    ရေလျှံတာတော့ ရန်ကုန်တောင်ပါနေပြီလေ

Leave a Reply