သဘာဝဟာ… သဘာဝပါ……
“သဘာဝဟာ.. သဘာဝပါ…….” စိုင်းထီးဆိုင်ဆိုထားတဲ့ သီချင်းလေးကို ကျွန်မပြန်ကြားယောင်နေမိတယ်။ ဟုတ်ပါတယ်။ သဘာဝဟာ.. သဘာဝပါပဲ။ ဘာမှပြုပြင်ပြောင်းလဲလို့မှမရနိုင်တာလေ…….
(၁)
ကျွန်မဟာ Retail Shop တစ်ခုရဲ့ Customer Service Desk မှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတစ်ယောက်ပါ။ နေ့စဉ်ရက်ဆက် ဝယ်သူတွေနဲ့ ဆက်ဆံနေရတယ်။ အမြဲတမ်း ဘာသာစကားမတူတဲ့ လူမျိုးခြားတွေ၊ ယဉ်ကျေးမှုမတူတဲ့ လူမျိုးတွေ၊ အကျင့်စရိုက် စိတ်နေစိတ်ထားမတူတဲ့ လူမျိုးတွေနဲ့ နေ့တိုင်းထိတွေ့ဆက်ဆံနေရပါတယ်။ ကုလားလူမျိုး၊ အင်္ဂလိပ်လူမျိုး၊ အာရပ်လူမျိုး၊ တရုတ်လူမျိုး၊ ဖိလစ်ပိုင်လူမျိုး စတဲ့ လူမျိုးပေါင်းမြောက်များစွာနဲ့ နေ့စဉ်မြင်နေတွေ့နေရပါတယ်။ ဘာသာစကားမတူ၊ ယဉ်ကျေးမှုမတူတဲ့အတွက်ကြောင့် ပေါင်းသင်းဆက်ဆံရတာ တစ်ခါတလေ ထိုင်ငိုချင်လောက်အောင်စိတ်ညစ်ခဲ့ရတဲ့အချိန်တွေလည်းအများကြီးပါပဲ။ တချို့လူတွေက ပိုက်ဆံအရမ်းချမ်းသာတော့ စကားအပြောအဆိုမှာ အရမ်းမောက်မာကြတဲ့လူတွေရှိတယ်။ တချို့လူတွေက ကြည့်လိုက်ရင် ခြွတ်ခြုံကျနေတဲ့ပုံစံမျိုးနဲ့ စကားပြောတာအရမ်းရိုင်းဆိုင်းကြတယ်။ တချို့တွေကျပြန်တော့ တစ်ပြားကို နှစ်ပြားခွာပြီး တစ်ခုရှိတာ နှစ်ခုလုပ်ချင်ကြတဲ့လူတွေ ဖြစ်နေပြန်တယ်။ တချို့လူမျိုးတွေကျပြန်တော့ စကားပြောတာ အရမ်းနူးညံ့သိမ်မွေ့ပြီး အတုယူချင်စရာအရမ်းကောင်းပါတယ်။ မတူညီတဲ့လူတန်းစားအမျိုးမျိုးမှာ မတူညီတဲ့ အကျင့်စရိုက်၊ မတူညီတဲ့ စိတ်နေစိတ်ထားတွေကို နေ့စဉ်ရက်ဆက်တွေ့နေမြင်နေရပါတယ်။ ဒီကြားထဲမှာမှ မန်နေဂျာဖြစ်တဲ့ကုလားက နေ့စဉ်လာပြီး အာဏာပါဝါတွေပြပြနေတတ်တယ်။ ကြာလာတော့ ဒီလောက်ပါဝါပြချင်နေရင်လည်း ဓာတ်ခဲပဲလုပ်လိုက်ပါတော့လားဆိုပြီး သူတို့နားမလည်တဲ့ ကျွန်မရဲ့ဘာသာစကားလေးနဲ့ ပါးစပ်ကနေမကြားတကြားလေးပြောမိတတ်ပြန်ရော။ ဒီလိုနဲ့ပဲ ကျွန်မရဲ့ ဘဝကြီး လုံးလည်ခြာလည်လိုက်နေလိုက်တာ …. စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ သူကျွန်တော့်ကိုရက်စက်…. ” ဖြစ်နေတော့တာပါပဲ။
(၂)
မနက်အိပ်ယာက နိုးတာနဲ့ ရေကပျာကယာလေးချိုး၊ ထမင်းအိုးလေး တစ်လုံးကောက်တည်၊ ပြီးတာနဲ့ ဘုရားလေးရှိခိုးပြီး ကုမ္မဏီက လာကြိုမယ့်ကားလေးကို မှီအောင်လို့ အမြန်ပြေးဆင်းရတယ်။ ၃ မိနစ်လောက်နောက်ကျရင် အဲဒီနေ့က တက္ကစီခကုန်ဖို့သာပြင်ပေတော့။ ရတဲ့လစာလေး တစ်ပဲခြောက်ပြားမှာ အဲဒါလေးများပိုသုံးမိရင် တစ်ခါမုန့်ဖိုး မရှိတော့လို့ မုန့်အငတ်ခံရတဲ့ ဘဝမျိုး။ ကြာတော့လည်း အချစ်ဟာ ခါးခါးခါး…. ဆိုပြီး အော်နေတဲ့ ကိုအငဲ ကို သတိရမိတယ်။ ကျွန်မအတွက်ကတော့ အချစ်ဟာ ခါးခါးခါး… လို့မဆိုချင်ပါဘူး။ အလုပ်ဟာ ခါးခါးခါးအော်ရမလား၊ ဘဝဟာ ခါးခါးခါး… အော်ရမလား တွေးမိပါရဲ့။ ဘယ်လိုအော်ရကောင်းမလဲလို့ပေါ့။ အင်း.. မိဘတွေတားတဲ့ကြားက ရည်မှန်းချက်အတွက်မေမေရဲ့ သွားပါရစေနော် ဆိုပြီး ကိုယ့်ဘာသာကိုယ်လျှာရှည်မိတော့လည်း ခံအုံးဟဲ့ ငါ.. လို့ပြန်တွေးမိပြီးဆုံးမရပြန်တယ်။
(၃)
အလုပ်ကိုရောက်ပြန်တော့ ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး ဟန်ရေးပြမယ့် ကိုယ်တော်က အရန်သင့်စောင့်နေတယ်လေ။ မနေ့က ငါတို့ဘယ်လောက်ဖိုးရောင်းရလဲ၊ ဒီနေ့ဘာလုပ်ကြမလဲ၊ မင်းတို့တွေဒီဟာက ဒီလိုလုပ်တာ ဒီလိုအဆင်မပြေဘူး၊ မိုးလင်းတာနဲ့ သာယာနာပျော်ဖွယ် ဆူညံသံတွေကို စတင်လို့ကြားရတော့တာပါပဲ။ ဒီကြားထဲ အထက်မန်နေဂျာတွေက ဆူလိုက်ရင် အဲဒီနေ့မှာ အောက်က လူတွေ ပိုဆူခံရဖို့သာပြင်ထား။ ဒီလိုနဲ့ နေ့တိုင်း မင်္ဂလာရှိသော နံနက်ခင်းလေးများကို အမင်္ဂလာရှိစွာနဲ့ စတင်ခြေလှမ်းရပါတော့တယ်။ အလုပ်စလုပ်ပြန်တော့ ဖိလစ်ပိုင်ဆိုတဲ့လူမျိုးတွေက ဘယ်ဘဝက လာကြတာလဲမသိပါဘူး။ ရေသာခိုအခြောင်လိုက်ပြီး ဟန်ဆောင်အလုပ်လုပ်ပြတတ်တဲ့နေရာမှာတော့ နံပတ် ၁ ရဲ့ နံပတ် ၁ ပါပဲ။ နံပတ် ၁ ထက်ပိုတာလေးများရှိရင် ထည့်ပြလိုက်ချင်ပါသေးရဲ့။ တကယ်တော့ နွားနဲ့ ကုလား မသနားနဲ့ စကားပုံကိုပြန်ပြင်ရမလိုဖြစ်နေပြီ။ နွားတွေကတော့ ခိုင်းရင် ခိုင်းသလောက်လုပ်ပါရဲ့။ ဒါကြောင့် ကုလားနဲ့ ဖား တရားရား။ ရေသာခိုပြီး ပူညံပူညံလုပ်တတ်တဲ့နေရာတွေမှာတော့ နံပတ် ၁ ။ ကြာလာတော့လည်း သူတို့တောင်ဒီလိုနေတာ ငါလည်းဒီလိုနေမယ်ကွ လို့ စိတ်ကလေးတော့ ကူးမိပါရဲ့။ ကူးလည်း ကူးကူးပဲရှိတာ။ အမြင်မတော်ရင် ဝင်လုပ်နေတတ်တဲ့ မွေးရာပါ အားနည်းချက်ကလေးကြောင့် ကူးကူးအဆင့်မှာပဲ ရပ်နေခဲ့ပါရဲ့။ အမေမွေးတုံးက အရမ်းနူးညံ့တဲ့ကျွန်မစိတ်ကလေး… ဒီက အဆင့်အတန်းမြင့်တဲ့ပတ်ဝန်းကျင်လည်းရောက်ရော လုံးဝနီးပါးကို ရိုင်းဆိုင်းစုတ်ပြတ်သွားတော့တာပါပဲ။ ဒါကြောင့်တွေးမိတယ်။ ကျွန်မတို့ သူငယ်တန်းကြီးမှာ သင်ရတဲ့ ရွှေကြေးငှက်ကလေးနှစ်ကောင်ရဲ့ကွဲပြားချက်ကို အခုမှပဲစတွေးမိတော့တယ်။ ပတ်ဝန်းကျင်က ပြောင်းလဲပစ်တာလား။ မျိုးရိုးကပြောင်းလဲစေတာလား ဆိုတာကို တွေးနေမိတယ်။ ဒါပေမယ့်လည်း ဘယ်လောက်စုတ်ပြတ်သတ်တဲ့ပတ်ဝန်းကျင်ကိုပဲရောက်ရောက် ဘုရားတရားလေးမြဲနေလို့ ကျွန်မရဲ့ စိတ်ဓာတ်တွေ ထင်သလောက်တော့ မရိုင်းစိုင်းခဲ့ပါဘူး။ ဒါပေမယ့် အနည်းငယ်တော့ ထိခိုက်ဒဏ်ရာရခဲ့၏၊ ပွန်းပဲ့ခဲ့၏ လို့တော့ ဆိုရမယ်။
(၄)
တစ်ရက်က မှတ်မှတ်ရရ Customer Service Desk မှာထိုင်နေတုံး ဝယ်သူတစ်ယောက်ရောက်လာတယ်။ ပစ္စည်းကို ပြန်လဲချင်လို့တဲ့။ ဒီမှာက မြန်မာနိုင်ငံမှာလို No return, No exchange စနစ်မဟုတ်ဘူး။ ၂ ပတ်အတွင်း အဆင်မပြေရင် ပြန်လာ၊ ပြန်လဲပေးမယ်။ ဒါမှမဟုတ် ဝယ်သူက ကလီကမာလုပ်ရင် ပိုက်ဆံတောင်ပြန်ပေးရတဲ့ အနေအထားမျိုး၊ ဒါလေးတစ်ခုတော့ မြန်မာနိုင်ငံနဲ့ လုံးလုံးကွဲပြားတဲ့အချက်ပဲ။ ကျွန်မတို့နိုင်ငံမှာတော့ ဒါမျိုးမရှိဘူး။ ဘာလို့လဲတော့ မသိဘူး။ ဒါနဲ့ ဝယ်သူက အာရပ်အဝတ်အစားကို ဝတ်ထားတယ်။ ဒါပေမယ့် ဖိလစ်ပိုင်လူမျိုး။ ဒီနိုင်ငံသားနဲ့ရလို့ ဒီအဝတ်အစားကိုဝတ်ထားတော့ ပြောတဲ့လေသံက အစ မာရေကျောရေနဲ့။ ကျွန်မမျက်နှာက ဖားတွေနဲ့ ခပ်ဆင်ဆင်ဆိုတော့ ကျွန်မကို ဖားစကားနဲ့လာပြောတယ်။ (ဖိလစ်ပိုင်လူမျိုးတွေက ကျွန်မတို့က ဒီမှာ ဖားလို့ခေါ်ကြတယ်လေ)။
9 comments
kyawtheinmyint
September 16, 2013 at 8:31 am
အမိမြေရဲ့ အဝေးမှာ ကြုံတွေ့ရတဲ့ အခက်ခဲဒုက္ခတွေကို ကိုယ်တိုင်လဲခံနေရစဲမို့ ကိုယ်ချင်းစာစိတ်နဲ့ အာတင်းထားပါလို့ ဒီcommentလေးနဲ့ အားပေးလိုက်ပါတယ်။ပြီးတော့ အဲဒီဖိအားတွေက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်တိုးတက်ဘို့အတွက် လေ့ကျင့်ရေးကွင်းပြင်လို သဘောထားပြီး ရဲရဲရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ အမိမြေရဲ့အဝေးမှာ(ပညာ/ပိုက်ဆံ)ရှာနေသူတွေအတွက် ရွှေ ၊ ရွှေချင်းပေးတဲ့ဒုက္ခ၊အလုပ်ထဲမှာကြုံရတဲ့ ပြဿနာ၊ဒေသခံတွေနဲ့ ဆက်ဆံရေး အခက်ခဲတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတော့ တခါတလေ ကိုယ့် ကိုယ်ကို ဂေါ်က်သွားပီလားလို့တောင် ထင်မိတယ်။ဒါပေမဲ့လည်း ကိုယ် ကိုးကွယ်ရာ ဘာသာတရားရဲ့ ဆုံးမလမ်းညွှန်ချက်နဲ့အညီ ကိုယ့်စိတ်ကို ကိုယ် သတိလေးနဲ့ နေမယ်ဆိုရင် အထိုက်အလျှောက်တော့ ငြိမ်းချမ်းပါတယ်လို့ အကြံပြုပါရစေ။
KZ
September 16, 2013 at 8:39 am
အဟုတ်ပဲ။
လူတစ်မျိုးစီမှာ သူ့ အကျင့်တစ်မျိုးစီ ကောင်းတာရော ဆိုးတာရောမို့
ကိုယ့် ဉာဏ်ပညာလေးနဲ့သာ တစ်နေ့စာတစ်နေ့အောင်မြင်စွာကျော်ဖြတ်နိုင်ပါစေလို့။
🙂
နောက်မှ အဲအကြောင်းတွေ အတင်းပြာပါဦးမယ်လေ။
😀
မင်းခန့်ကျော်
September 16, 2013 at 12:32 pm
သ မ ဝါ ယ မ ဆိုင်မှာ
လုပ် ရင် ဒီလို ပ ရက် ရှာ
မ ရှိ ဟီးးးး
အိနိ္ဒယ မှာ အသင်း တသင်းရှိတယ်။
မနက် ဘာအလုပ် မှ မလုပ်ခင် အသင်းသား
တွေ စု ပြီး အားရ ပါးရ ရယ်မော ကြတယ်။
တနေ့ တာ ရင်ဆိုင်ရမဲ့ ဘဝ အမော ဖိအား တွေကို
ဒီ လို ရယ်မော ခြင်းနဲ့ စတင် ကြတယ်။ အထိုက်အ လျောက်
တော့ အားဖြစ်စေ ပါတယ်။
မ ရယ် ချင်လည်း ဘယ်သူ မှ မရှိ ရင် ရယ် မော ပစ် လိုက်
ပါ ။
kyeemite
September 18, 2013 at 11:08 am
သူများမိုက်လို့တော့ ကိုယ်လိုက်မမိုက်ပါနဲ့လေ…
ကိုယ့်ရဲ့ ကောင်းမွန်တဲ့ အကျင့်လေးကိုထိန်သိမ်းထားပါ
နောက်တော့ မကောင်းသူတွေကြားမှာကောင်းသူဟာ
အလိုလိုပေါ်လွင်လာပါလိမ့်မယ်….
ဒါနဲ့ စာကတန်းလန်းကြီးပါလား..ဆက်ရေးပါအုံးလေ..
အဲဒီလိုခံစားချက်တွေ မကြာမကြာရင်ဖွင့်ပါ .ရင်ထဲပေါ့သွားတာပေါ့
အဆင်ပြေပါဇီဗျာ 🙂
ခင် ခ
September 18, 2013 at 4:15 pm
ဝင်ဖတ်သွားပါတယ်။
အလင်းဆက်
September 19, 2013 at 7:28 am
ဒီမှာကတော့
မနက်က ဝယ်တဲ့ပစ္စည်းကို အဆင်မပြေလို ့ညနေပြန်သွားလဲရင်တောင်မရ။
ဟန်းဆက် ဝယ်တာ ဆို ပိုဆိုးတယ်။
မြန်မာဖောင့်သွင်းမရတဲ့ ဟန်းဆက်ကို လိမ်ညာ ပြီးရောင်းတာ ။
မြန်မာစာ သွင်းမရဘူးဆိုပြီး နှစ်နာရီလောက်အတွင်း ပြန်လဲပေးဖို ့သွားပြောတာ မလဲပေးဘူးလေ။
ဝယ်ပြီးပစ္စည်းပြန်လဲမပေးပါဆိုတဲ့ စာတန်းချိတ်ပြီးကို လုပ်စားနေကြတာ။
ဒီတော့ ဈေးမှန် ပစ္စည်းမှန်ကို ခက်ခက်ခဲခဲ ရှာရပါလေရော
ဖုန်းဝယ်တဲ့အခါ တိုင်းလိုလို ပြင်တဲ့အခါတိုင်းလိုလိုမှာ
ကာစတန်မာက အမြဲမှား တယ်
ဒီမှာတော့ အဲဒီလိုနော်
:kwi:
Juvenilemay
September 19, 2013 at 1:54 pm
ဟိုနေ့က Sumsung ဖုန်းဝယ်တာ… ၁နှစ်အာမခံပေးထားတော့ ၆ လလောက်နေတော့ ဖုန်းက ပျက်သွားတယ်။ ဘာမှလုပ်လို့မရတော့လို့ ဆိုင်မှာသွားပြန်ပြတာ။ သူတို့ က အသစ်တစ်လုံးနဲ့ ပြန်လဲပေးလိုက်တယ်လေ…. ဒါလေးတစ်ခုတော့ ကောင်းတယ်။ 😉
Ma Ma
September 19, 2013 at 2:19 pm
တခါက နိုင်ငံခြားကို အလုပ်ထွက်လုပ်တဲ့ သူငယ်ချင်း၂ ယောက်ရှိတယ်။
တစ်ယောက်က မိသားစုနောက်ခံကောင်းတော့ အလုပ်ရွေးတယ်။
လစာကောင်းတဲ့အလုပ်ရတော့လည်း လုပ်ငန်းမကျွမ်းကျင်တော့ မကြာခဏအဆူခံရလို့ ထွက်တယ်။
နောက်အလုပ်ဝင်တယ်။
ဝန်ထမ်းအချင်းချင်းအဆင်မပြေလို့ ထွက်တယ်။
နောက်တစ်ခုပြောင်းတယ်။
ဒီလိုနဲ့ ဘယ်အလုပ်မှ မကျွမ်းကျင် လုပ်သက်မရှိပဲ အချိန်တွေကုန်လာပြီး အဆင်မပြေလို့ ပြည်တော်ပြန်တယ်။
နောက်တစ်ယောက်ကတော့ မိသားစုကအဆင်မပြေတော့ ငွေပြန်ပို့ရမှမို့ မရ ရတဲ့အလုပ်ကို ဝင်လုပ်တယ်။
အလုပ်ပြုတ်မှာစိုးလို့ အဆူအဆဲ ခံပြီး ကြိုးစားလုပ်တယ်။
အချိန်တွေကြာလာတာနဲ့အမျှ ………..
လုပ်ငန်းလည်း ကျွမ်းကျင်လာတယ်။
လုပ်သက်လည်း ရလာတယ်။
ကြိုးကြိုးစားစားလုပ်ခဲ့တဲ့ ရာဇဝင်ကြောင့် အလုပ်ရှင်ရဲ့ စိတ်ချယုံကြည်မှုကို ရပြီး လစာလည်း ကောင်း၊ အခွင့်အရေးကောင်းတွေလည်း ရလာတယ်။ 🙂
Ma Ma
September 19, 2013 at 2:31 pm
အဲ- ကျန်ခဲ့လို့။
စာက တစ်ပိုင်းတန်းလန်းကြီးဖြစ်နေလို့ နောက်ဆက်တွဲလေးကို မျှော်နေပါတယ်။ 🙂