Fast food အလုပ်သမား
နေ့တစ်နေ့တာသည် နေဝင်ခြင်းဖြင့် အစပြုလေ၏။
သို့ဆိုလျင် လူအများမှတ်ယူထားသည်နှင့်များ ဆန့်ကျင်နေလေမလားရယ်မသိ။ တစ်ကယ့်တစ်ကယ်တော့ ကိုရင်စိုင်းတစ်ယောက် နေ့တစ်နေ့ကို နေဝင်ချိန်မှ အစပြုရခြင်းဖြစ်သည်။ နေဝင်ပြီဆိုသည်နှင့် ယခုနေရပ်မှ အာရပ်လူမျိုးများအပါအဝင် နေထိုင်ကြသူ လူမျိုးပေါင်းစုံမှာ ဇွန်ဘီများလို Chicken Chicken Chicken ဟုအော်ကာ ထွက်လာကြလေ၏။ တစ်ချို့များမှာတော့ မော်ရိုကို ကြက်၊ ဖိလစ်ပိုင် ကြက်၊ တရုတ် ကြက်၊ ရုရှား ကြက်၊ အာဖရိက ကြက် အစရှိသည်တို့ကို လိုက်ရှာကြသော်လည်း ကိုရင်စိုင်းတို့ထံသို့မူ စားစရာကြက်များဝယ်ရန်သာ လာကြခြင်းဖြစ်၏။
တစ်ခါတစ်ရံများတော့ တွေးမိပြန်သေးသည်။ ကြက်တစ်ကောင်လုံး လွှင့်ပြစ်ရတယ်ကိုမရှိပေ။ ကြက်ကို အရင်းပြုပြီး အသားများသောနေရာများကို ကြက်သားလုပ်ရောင်း၊ မလိုအပ်တော့သည့် ကြက်မွှေးများကို ကြက်တောင်လုပ်ရောင်း၊ အတွင်းကလီစာများကို တရိစ္ဆာန်စာလုပ်ရောင်း (မြန်မာတွေစားတာတော့ ချွင်းချက်ပေ။)၊ ကြက်သားမှတစ်ဆင့် ဆင့်ပွားပြီး အရိုးနှင့်အသားတွဲလျက် ကြက်ကြော်လုပ်၊ အသားချည်းသက်သက် ကြက်သားမြောင်းများလုပ်၊ ရင်အုံသားကို အသားချည်းသက်သက် အကြီးကြီးဖြစ်အောင်လုပ်ပြီး ဆန်းဒဝစ်ချ် လုပ်ရောင်းလို့ရောင်း၊ အကြွင်းအကျန်အသားစများကို ကြိတ်ချေပြီး ဂျုံနှင့်ရောကာ ကြက်သားပေါက်ပေါက်ဆုပ်၊ နာဂတ်စ် လုပ်လိုလုပ်နှင့် ဒီကြက်တောကကို မလွတ်နိုင်တော့ပေ။ ဘာပဲပြောပြော ကြက်ဆိုသည်မှာ လူတိုင်းစားလို့ရပြီး လူတော်တော်များများလဲ ကြိုက်ကြတာမို့၊ (တစ်နည်း) ရက်နည်းနည်းနှင့် အကောင်ထွားမြန်တာပေမို့ ဘရာဇီးဆိုသည်မှာ လူကြက်ရော၊ စားရတဲ့ကြက်ရော အတော်နာမည်ကြီး စီးပွားလဲ ဖြစ်ပေ၏။ တစ်ရက်၊ တစ်ရက်၊ ရေခဲရိုက်ကွန်တိန်နာကြီးများဖြင့် ကမ္ဘာအရပ်ရပ် တင်ပို့နေရသည်မှာ မနည်းပေ။ တော်ပါသေး၏။ သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရာသက်ပန်ရှောင်ကြင်ကြသူတွေများသည့် ဘာသာရေးနိုင်ငံမဟုတ်သဖြင့်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဆိုတော့ကာ လိုရင်းကို ဆက်ဆွဲမယ်ပေါ့။
ကိုရင်စိုင်းတစ်ယောက် ဆိုင်ရောက်သည်နှင့် 8 ပုံစံလှည့်လည် စစ်ဆေးရသည်။ ပြောရမည်ဆိုလျင် စမှတ်မှ တစ်ဆိုင်လုံးအနှံ့လှည့်လည်ပြီး စမှတ်သို့ တစ်ကျော့ပြန်ရောက်သည်ထိ စစ်စစ်ပေါက်ပေါက် စစ်ဆေးရခြင်းဖြစ်သည်။ ဆိုပါစို့.. Dine-in မှ စဝင်လိုက်သည်နှင့် ဆိုင်အပြင်ဘက်အပြင်အဆင်၊ မီးများလင်းမလင်း၊ အဝင်အထွက်တံခါးမှာ လက်ဗွေရာတွေထင်နေမနေ၊ ကြမ်းပြင်ညစ်ပါတ်နေသလော၊ စားပွဲခုံတွေ ညစ်ပါတ်နေသလော၊ ထိုမှတစ်ဆင့် အရောင်းစာရေးမများ ကြိုဆိုနှုတ်ဆက်ပါ၏လော၊ ထို့နောက် အိမ်သာကိုသွား၊ အမှိုက်ပုံးတွေ လျှံကျနေသလော၊ တစ်ရှူး၊ ဆပ်ပြာတွေ ရှိ၏လော၊ အိမ်သာတွင်းအနံ့အသက် ကောင်းပါ၏လော၊ အိမ်သာခွက်များ ပြောင်လက်သန့်စင်နေပါ၏လော၊ ကြည့်ရ၏။
ထိုမှတစ်ဖန် ကောင်တာသို့ရောက်ပြီး ထုပ်ပိုးပစ္စည်းများစုံမစုံ၊ ထုတ်ကုန်များ လောက်လောက်ငှငှရှိမရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရှိမရှိ၊ စက်များ သူ့နေရာနှင့်သူ အလုပ်လုပ် မလုပ်၊ ကောင်တာနေရာ သန့်ရှင်း မရှင်း၊ အရောင်းစာရေးများ သတ်မှတ်ချိန်အတွင်း အမှာစာပြီးမပြီးကို ခဏခန့်စောင့်ကြည့်ပြီးမှ မီးဖိုတွင်းဝင်ရလေ၏။
ဆန်းဒဝစ်ချ်နေရာမှ စရသည်။ ထိုနေရာတွင်လည်း ရှေးကနည်းတူ ကုန်ကြမ်းများ လောက်လောက်ငှငှ ရှိမရှိ၊ သက်တမ်းလွန်ရှိ မရှိ၊ မုန့်လုပ်သမားမှ ဆံပင်အုပ်ဆောင်း ဆောင်းထားမထား၊ လက်အိပ် ဝတ်မဝတ်၊ မုန့်ထုပ်ပိုးတာ စည်းစနစ်ကျ မကျ၊ သန့်ရှင်းမှု ရှိ မရှိ ကြည့်ရ၏။
ထို့နောက်တွင်မတော့ ကြက်ကြော်သည့်နေရာတွင် အကြော်ဆီများ သက်တမ်းလွန်မလွန်၊ ကြက်သားများ နေရာချထားမှု မှန် မမှန်၊ ကြော်နည်းစနစ် မှန် မမှန်၊ သန့်ရှင်းသပ်ရပ်မှု ရှိ မရှိကြည့်ပြီးသည့်နောက် ရုံးခန်းကိုတစ်ချက်စစ်ပြီး ကောင်တာသို့ပြန်ရောက်ပြီးသည့်နောက် ကိုရင်စိုင်းတစ်ယောက် သာမိုမီတာတစ်ချောင်းကိုင်ပြီး ကုန်ကြမ်းတွေရော ကုန်ချောတွေရောကို သတ်မှတ်အပူချိန်ရှိ မရှိစစ်ပြီးသည့်နောက် မှတ်တမ်းစာရွက်တွင် လိုအပ်သည်များရေးမှတ်၊ အရေးယူသင့်တာများယူပြီးသည့်နောက် ရုံးခန်းတွင် စထိုင်ရတော့သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် ဒီရီပို့ ခုပို့ပါ။ ဒါကို ဒီလိုလုပ်ပါ။ ဒီနေ့ ဒီနေ့တွေမှာ အစည်းအဝေးရှိတယ်။ ဒီပရိုမိုးရှင်းက ဘယ်တော့ ဘယ်တော့စမယ်။ ဘယ်လောက်ဖိုးပျမ်းမျှ ရောင်းရအောင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်လုပ်ပါ။ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုသော အာဏာသံကြီးများဖြင့် ပို့ထားသည်များဖတ်၊ ရီပလိုင်းပြန်သင့်သည်များပြန်နှင့် ပြီးသည့်အခါတွင်မတော့ Stand by အနေအထားဖြင့် နေရတော့သည်။ ဆိုင်သို့ Visitor ပေါင်းစုံလာမည်ကို အသင့်ပြင်ထားရခြင်းဖြစ်သည်။
သိပ်တော့မများပါ၊ ဆိုင်မှ Performance ကို သုံးလတစ်ကြိမ် လာရောက်စစ်ဆေးမည့်သူများ၊ ဆိုင်၏ လုပ်ငန်းလည်ပါတ်မှု နည်းစနစ်ကျမကျကို သုံးလတစ်ကြိမ် လာစစ်မည့်သူများ၊ ဆိုင်သို့ စာရင်းစစ်လာမည့်သူများ၊ Area Manager, Chain Manager, Operation Manager တို့မှ စိတ်မထင်ရင် မထင်သလို လာစစ်ကြမည်ကိုများ၊ ဖောက်သည်ယောင်ဆောင်ပြီး ဆိုင်၏ ဝန်ဆောင်မှုကို အကဲဖြတ်အမှတ်ပေးကြမည့် အမည်မသိ ဖောက်သည်ယောင်ဆောင်များကိုလည်းကောင်း၊ အရေးအကြီးဆုံးဖြစ်သည့် ကျန်းမာရေးနှင့် အစားအသောက်ကွပ်ကဲရေးဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးကြမည်များကို ရင်ခုန်တစ်ကြီး မျှော်လင့်နေရသေးသည်။ ၎င်းတို့မှာ လာချင်သည့်အချိန်လာပြီး လုပ်ချင်သလိုလုပ်ပြီး ပေးချင်သည့် ရလာဒ်များ ပေးသွားကြခြင်းဖြစ်သည်။
ရလာဒ်များမှာတော့ တစ်ခုမှ ကောင်းဖို့မရှိပဲ အန္တရာယ်ပေးနိုင်သည်များသာချည့်
Performance ကို သုံးလတစ်ကြိမ် လာရောက်စစ်ဆေးမည့်သူများမှာတော့ သတ်မှတ်ရလာဒ်မပြည့်မှီလျင် ကိုရင်စိုင်းတို့ လစာဖြတ်၊ ရာထူးလျှော့ခံရမည်
ဆိုင်၏ လုပ်ငန်းလည်ပါတ်မှု လာစစ်သူများမှ ရလာဒ်ဆိုးဆိုးပေးခံရလျင် Area Manager, Chain Manager, Operation Manager တို့ ကြိမ်ဖန်များစွာ လာရောက်လည်ပါတ်၊ စစ်ဆေးကြပ်မတ်ခြင်းကိုခံရပြီး အနေဆင်းရဲ၊ စိတ်ဆင်းရဲနှင့် မင်းစိတ်နှင့် ကိုယ့်ကို ဖြစ်နေရပေမည်။
အမည်မသိ ဖောက်သည်ယောင်ဆောင်များ လာရောက်ဝယ်ယူပြီး ကံအကြောင်းမလှစွာဖြင့် သူ့အလှည့်မှ ကမောက်ကမ ဖြစ်သွားသည်ဆိုပါစို့၊ ကိုရင်စိုင်းတို့ဆိုင်သည် တစ်လလုံး ဝန်ဆောင်မှုမကောင်းသောဆိုင်အဖြစ်သတ်မှတ်ခြင်းခံရပေမည်။
ကျန်းမာရေးနှင့် အစားအသောက်ကွပ်ကဲရေးဌာနမှ တာဝန်ရှိသူများမှာတော့ VIP များဖြစ်ကြ၏။ ဖောက်သည်တစ်ယောက်ယောက်မှ Complain တက်လျင်သော်လည်းကောင်း၊ သူတို့ဖာသာ အလုပ်မရှိလို့ လာစစ်ကြသည်တွင် မတော်တစ်ဆများ သက်တမ်းလွန် ပစ္စည်းတစ်ခုခုမြင်သွားလျင်တော့ အနိမ့်ဆုံး ဒါဏ်ကြေး မြန်မာငွေ ၅ သိန်းခန့်မှ အမြင့်ဆုံး ဆိုင်ပိတ်သိမ်းသည်ထိ ဖြစ်တတ်လေသည်။ ထို့အတွက်ကြောင့် ထိုဌာနမှ မန်နေဂျာများကို ခင်မင်ရင်းနှီးအောင် လုပ်ထားရသည်။ သူတို့လာသည်နှင့် သူတို့ဝယ်တာတွေ အလကားပေးသင့်တာပေး၊ အပိုဆောင်းပေးသင့်တာပေး၊ ကိုယ့်ကိုယ်ကို ဘာကောင်ပါဟု မိတ်ဆက်ထားရင်း အရေးအကြောင်းပေါ်လာသည့်အခါ ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် ကိစ္စအတော်များများ ပြီးသွားလေ၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ထို့အပြင် လုပ်ငန်းခွင်တွင် On-job training လဲပေးရသေးသည်။ ဝန်ထမ်းများကို စဉ်ဆက်မပြတ်အကဲခတ်ရခြင်းလဲဖြစ်သည်။ Training ပေးသင့်တာပေး၊ Coaching လုပ်သင့်တာလုပ်၊ ဖောက်သည်များမှ Complain တက်သည်များကို ဖြေရှင်းလို့ရှင်းရ၊ ကုန်ကြမ်း၊ ကုန်ချောများ အလျင်မှီစေရေး၊ Fresh ဖြစ်နေစေရေးအတွက် ဆိုင်၏ရောင်းအားပေါ်မူတည်ပြီး လိုတိုး ပိုလျှော့ အမှာများပေးလိုပေး၊ အလေအလွင့်နည်းစေရေး အနီးကပ် ကွပ်ကဲ ကြပ်မတ်ရင်း တစ်လပြီး တစ်လကုန်ဆုံးရလေ၏။
တစ်လစာစာရင်းချုပ်ပြီးသည့်နောက် P&L (Profit and loss) Report ထွက်လာပြီးတော့မှ ရင်ဘတ်ထဲက အလုံးကြီးပြုတ်ကျရလေ၏။ ထိုရီပို့သည် ကိုရင်စိုင်းတို့ အပင်ပန်းခံခဲ့ရသည်များကို မှတ်ကျောက်တင်ပေးခြင်းဖြစ်၏။ တစ်ချို့ထွက်သွားကြသူများမှ ကိုရင်စိုင်းတို့အလုပ်ကို လုပ်ရတာနှင့် ရတာမတန်သည့်အလုပ်ဟု မှတ်ချက်ပြုကြ၏။
ဘယ်သို့ပင်ဆိုစေကာမူ ကိုရင်စိုင်းတစ်ယောက် အနည်းငယ်ကျေနပ်ပါ၏။ နေ့တိုင်း နေ့တိုင်းသည် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည့်အတွက် ရိုးသွားသည်ဟုမရှိပေ။ ကိုယ့်ကိုကိုယ် အမြဲ ပြင်ဆင်ထားလျက်သားရှိလေ၏။
၂၀၁၃ တစ်နှစ်လုံးတွင်မတော့ ကိုရင်စိုင်းဝန်ထမ်းများ လစဉ်နီးပါး ဘောနပ်စ်များရကြလေ၏။ UAE တစ်နိုင်ငံလုံးတွင် ရာနှူန်းပြည့်နီးပါး လစဉ်ဘောနပ်စ်ရခြင်းဖြစ်၏။ ယခု ၂၀၁၄ တွင်မတော့လည်း ဇန်နဝါရီလကို ဝန်ထမ်းများအပြုံးဖြင့် စတင်ခဲ့နိုင်၏။
ပီတိတွေကိုစားပြီး အတော်လေးလဲ အားရှိမိပါ၏။
ဘာတဲ့.. fast food အလုပ်သမား။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
၂-၂-၂၀၁၄
21 comments
အဘရဟူဒီ
February 2, 2014 at 3:12 pm
ဆြာက fast food မှာ သွားလုပ်တာကိုး မောမပေါ့…
ဘိရုမာပြည်က slow food industry မှာ ဝင်လုပ်ကျိဘာလားညှင်င်င်င်င်
ဖြူစိုင်း လူ
February 3, 2014 at 6:59 am
ကျွန်တော်ကြိုးစားကြည့်ပါသေးတယ်.. ပြန်ရောက်လာတုန်းကပေါ့.. တော်ဝင်စင်တာမှာလားမသိဘူး၊ ကြက်ကြော်ဆိုင်ဖွင့်ထားတာ.. ခုထိ စားပွဲထိုးတွေနဲ့၊ CP ကဖွင့်တာနေမယ်.. ရယ်ချင်လိုက်တာမှ…
ခက်တာက မန်နေဂျာလောက်မှ ၂ သိန်းဆိုလားပဲ… တော်ပါပီ
TNA
February 4, 2014 at 2:02 pm
တော်ဝင်စင်တာက ကြက်ကြော်ဆိုင်လား။ ညစ်ပါတ်လိုက်တာမှလွန်ရော။ စားနေရင်းအန်ထွက်မှာ စိုးလို့အမြန်ထပြန်လာရတယ်။ ဆိုးဘာ့
Crystalline
February 4, 2014 at 2:14 pm
sooo…tasty လား… သများကိုထည့်ပေးတဲ့ဗူး အထဲ ပိုးဟပ်ပါလာတာအဲ့ဆိုင်ပေါ့… :evill:
ဦးကျောက်ခဲ
February 2, 2014 at 4:57 pm
အလို… ကြက်ဆြာ ကိုရင်စိုင်း ကြက်ဋီကာဖွင့်သွားသကိုး…
ဆူဆူဖြိုးဖြိုး အီသီယိုပီးယန်း ကြက်တို့…
ပြုတ်မနူး ကြော်မကြွတ်တဲ့ ယပက်လက်ကြက်တို့အကြောင်း ဆက်ပါဦး…
😀
ဖြူစိုင်း လူ
February 3, 2014 at 7:00 am
အဲ့ဒါတွေတော့ သိပ်မသိဘူး အူးကျောက်စ်ရေ.. သိသမျှ ပြန်ရှယ်ပေးပါဦး
လုံမလေးမွန်မွန်
February 2, 2014 at 4:58 pm
မောထှာ.. ကိုရင်စိုင်း ရယ်..
ဒါမယ့်.. အဲ့လို.. စိန်ခေါ်မှုပြည့်နေတဲ့အလုပ်.. performance နဲ့ profit နဲ့အချိုးညီတဲ့အလုပ်.. ပင်ပန်းပေမယ့် ပျော်စရာပဲနော်
padonmar
February 2, 2014 at 8:58 pm
ကိုစိုင်းရေးပြသလိုဆို သူတို့ဆီမှာလည်း ဆိုင်ရာပိုင်ရာ ပေါင်းရတယ်ပေါ့။
ဒို့ဆီမှာ စာရင်းစစ်ဝင်တာ၊စစ်ဆေးရေး ဝင်တာ၊ချဲဖမ်းတာကို လာမယ့်ချိန်ကြို သတင်းပေးဖို့ ဆက်ကြေးပေးထားရတာမျိုးလား.
ဒါမျိုးတွေ ပျောက်အောင် လုပ်လို့ မရတော့ဘူးလား။
ဖြူစိုင်း လူ
February 3, 2014 at 7:07 am
ဟုတ်ပါတယ်အန်တီဒုံ… ဒီလိုပဲ လုပ်ငန်းအဆင်ပြေအောင် ပေါင်းထားရပါတယ်.. အလုပ်နဲ့ သက်ဆိုင်တာတွေကိုပေါ့.. တစ်ခုကတော့ မြန်မာပြည်လို ငွေနဲ့ပေါင်းရတာမဟုတ်ပဲ သူတို့တွေ စိတ်ကျေနပ်အောင်၊ ခင်မင်ရင်းနှီးမှုရအောင်ယူပြီးတော့ အကူအညီလိုတဲ့အခါကျရင် ခင်မင်မှုကို အခွင့်ကောင်းယူပြီး ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေလို့ လုပ်ရတာပါ။
ကိုယ်ပိုင်တာဝန်ယူထားရတဲ့ လုပ်ငန်းတစ်ခုမှာတော့ တစ်ခုခုဖြစ်လာရင် ကိုယ့်ခေါင်းချည်းပဲ ရောက်တာမို့ မိုးမပြို၊ ပြိုခဲ့သည်ရှိသော်ဆိုပြီး ပေါင်းသင်းထားရခြင်းသက်သက်သာပါ။ တစ်ကယ့်တစ်ကယ် ကိုယ့်ဘက်က လွန်လွန်ကျူးကျူးမှားတယ်ဆိုရင်တော့ ဘယ်သူ့ဘယ်သူမှလည်း မကူညီကြကြောင်းပါ..။
Ma Ma
February 2, 2014 at 9:26 pm
ဝန်ထမ်းတွေကို လုပ်ငန်းအောင်မြင်အောင် လုပ်အားရှိအောင် ထိန်းထားတဲ့ စနစ်ကို သဘောကျတယ်။
လုပ်ငန်းကို ကိုယ်ဖိရင်ဖိ ကြိုးစားတဲ့၊ ကိုယ့်လက်အောက်ငယ်သားကို ပါအောင်ခေါ်နိုင်တဲ့ ခေါင်းဆောင်ကောင်း မောင်ရှုံးကိုလည်း သဘောကျတယ်။ 🙂
ဖြူစိုင်း လူ
February 3, 2014 at 7:09 am
ကျွန်တော်ကတော့ ကုမ္ပဏီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး ထပ်ဆောင်းတာကတော့ ဝန်ထမ်းတွေကို (ကိုယ်ကိုယ်တိုင်လည်း အောက်ခြေမှာ လုပ်ခဲ့ဖူးတော့) ကိုယ်ချင်းစာတရားနဲ့ သူတို့ဘက်က ဝင်ခံစားတွေးတောပြီး ကိုယ်လိုချင်တာကို ဘယ်လိုရအောင်လုပ်မလဲလို့ လုပ်ယူခြင်းသက်သက်သာပါ အန်တီမမရေ။
ဦးဦးပါလေရာ
February 3, 2014 at 6:18 am
KFC ဆိုင်တွေရဲ့ Management က နိုင်ငံတစ်ခုနဲ့တစ်ခု ဒေသတစ်ခုနဲ့တစ်ခု တူပုံမရဘူး….
တော်တော် ကသောင်းကနင်းနိုင်တဲ့ ဆိုင်ကိုလဲ တွေ့ဖူးလို့ပါ…
ကိုစိုင်းရဲ့ ဆိုင်မျိုးကိုတော့ မြန်မာနိုင်ငံမှာလဲ ပေါ်လာစေချင်တယ်
အတုယူစရာ စီမံခန့်ခွဲပုံ မို့လို့ပါ။
ဖြူစိုင်း လူ
February 3, 2014 at 7:18 am
ဂလိုရှိပါတယ် ဦးပါ.. Management ဆိုတော့ လူတစ်စုပေါ့နော်.. ရည်မှန်းချက်တစ်ခုကို ချမှတ်ပြီး အဲဒီရည်မှန်းချက်ရောက်အောင် ဘယ်လိုသွားရမယ်ဆိုတာ လမ်းစဉ်တွေချမှတ်ပြီး ကျင့်သုံးတာပေါ့.. အလုပ်တော်တော်များများမှာတော့ လမ်းစဉ်တွေချည်းပဲဖတ်ကြည့်မယ်ဆို သူ့ထက်ကောင်းတာတောင် သူ့လောက်ကောင်းမယ်မထင်ဘူးလို့ပဲ မြင်မိကြမှာပါ။ တစ်ကယ့်တစ်ကယ်မှာတော့ မူတွေထက် လူတွေကပဲ ပိုအရေးပါပါတယ်။ ဦးပါပြောသလို ကသောင်းကနင်းနိုင်တဲ့ဆိုင်တွေ ဒီမှာလည်း အများကြီးပါ။ အဲဒီလို စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ Management team တွေကြောင့်မို့လို့ မနှစ်ကဆို ဒီကုမ္ပဏီမှာ ဝန်ထမ်းပေါင်း တစ်ထောင်လောက် အလုပ်ထွက်သွားကြပါတယ်။ ဒီအတွက်ကြောင့် ဒီနှစ်မှာ ခေါင်ချုပ်တွေကစ သောက်ကျင့်ဟောင်းတွေကိုပြင်ပြီး အတော်လေးကို လူကို အဓိကထားတဲ့ စနစ်ကို ကျင့်သုံးလာတယ်ပေါ့။ ဒီတော့ ဒီနှစ်မှာ မဆိုသလောက်လေးပဲ ထွက်သွားကြပါတယ်။
လိုရင်းကို ဆက်ပြောရမယ်ဆိုရင် Management level ရောက်သွားပြီဆိုရင် နာယကဂုဏ်(၆)ပါး၊ တစ်ပါးမှ မလစ်ဟင်းအောင် ကျင့်နိုင်မယ်ဆိုရင် ဘယ်နိုင်ငံမှာမဆို၊ ဘယ်နေရာ၊ ဘယ်အလုပ်အကိုင်မှာမဆို အသုံးချလို့ဖြစ်ပါတယ်။ ဆိုတော့ ဦးပါပြောတဲ့ ကသောင်းကနင်းနိုင်တဲ့ ဆိုင်အကြောင်းကိုလဲ ရှေ့တစ်ပါတ်ထဲမှာ ဖွင့်ချပြဖို့ရှိပါတယ်။ တော်တော်လေးကို အတွင်းရေးတွေပါတာပေါ့။
ယူတတ်ရင် ဗဟုသုတအနေနဲ့ရော၊ အတွေ့အကြုံအနေနဲ့ရော၊ မှတ်သားစရာအနေနဲ့ရော၊ သံဝေဂရစရာ တစ်ပုံကြီးဖြစ်ပါလိမ့်မယ်။ ကိုယ်တွေ့အကြောင်းအရာတစ်ခုအကြောင်းပါ။ ဒီတစ်ခါတော့ ဆောင်းပါးပုံမဟုတ်ပဲ ရသတစ်ခုအနေနဲ့ ဖန်တီးကြည့်မလားလို့။ ရင်ထဲ ပိုရောက်နိုင်အောင်လို့ပါ။
ကျေးဇူးတင်ပါကြောင်း
KZ
February 3, 2014 at 9:00 am
ဒီ ပို့(စ) ပေါ့။
သမီးကို မနေ့က ကန်တာကီ မှာစားစေခဲ့တာ။
ဟေးဟေးဟေးးး
Foreign Resident
February 3, 2014 at 10:15 am
ဖြူစိုင်း လူ says:
” အဲဒီလို စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ Management team တွေကြောင့်မို့လို့ မနှစ်ကဆို
ဒီကုမ္ပဏီမှာ ဝန်ထမ်းပေါင်း တစ်ထောင်လောက် အလုပ်ထွက်သွားကြပါတယ် ”
ဩဇီ ဘက်မှာတော့ ဒီလို Fast Food ဆိုင်တွေက လစာ အများကြီး မပေးနိုင်တော့ ၊
ကျောင်း တစ်ဘက် နှင့် Part Time လုပ်ကြတဲ့ ခလေးတွေ နှင့် ၊
အမှန်အကန် အလုပ်ကြီး မရခင် စပ်ကြား ခဏလာထောက်တဲ့ လူကြီး အနည်းငယ် ဘဲ ၊
လုပ်ကြတာ များတယ် ။
အဲဒီတော့ ဝန်ထမ်းတွေ အလုပ်ထွက်တာတွေလဲ အများကြီးမှ အများကြီးပါဘဲ ။
( စလုပ်ကတည်းက Fast Food ဆိုင်မှာ ရေရှည်လုပ်မယ့်သူမှ မလာဘဲကိုး )
ဖြူစိုင်း လူ
February 3, 2014 at 10:32 am
ဂလိုရှိပါတယ် ဘဖော.. ဒီမှာက လစာအများကြီးမပေးနိုင်ဘူးဆိုတာလဲ ဟုတ်ပါတယ်.. ဒါပေမယ့် ဒီနိုင်ငံက လူနေမှုပုံစံ၊ နိုင်ငံရေးအခြေအနေအရ Fast food ဆိုင်ဆိုတာကိုလဲ စားသောက်ဆိုင်တစ်ခုအနေနဲ့ပဲ သတ်မှတ်ပါတယ်။
ဆင့်ကာပူရမှာတုန်းက အချိန်ပိုင်းပဲဝင်လုပ်ကြတာ၊ အများအားဖြင့် ကျောင်းသားတွေ ဖြစ်ကြတယ်ဆိုတာလဲ ကျွန်တော်သိခဲ့ပါတယ်။ ဒါပေမယ့် ဒီမှာတော့ အလုပ်အတွက်သီးသန့်၊ ရေရှည်လုပ်ငန်းတစ်ခုအနေနဲ့သော်လည်းကောင်း၊ တစ်ခြားနေရာတွေမှာ ဝင်လုပ်ရင်လဲ ဒီလောက်ပဲ ရမယ်ဆိုတဲ့အတွက်ကြောင့်သော်လည်းကောင်း၊
ဟဲ ဟဲ နည်းနည်းခပ်ကြွားကြွားလေးပြောရမယ်ဆိုရင်ပေါ့
ရေပေါ်ဆီလူတန်းစားတွေမှ လာလုပ်ကြတာလား။
သေချာရှင်းပြရရင်တော့ ရေလုံပြုတ်ဟင်းတွေကို သူများအမြင်မှာ နိုင်ငံခြားအလုပ်လုပ်နေတယ်လို့ အထင်ကြီးလဲ နည်းလားဆိုပြီး ရေပေါ်မှာ ဆီလေးတွေ ဝေ့နေတာကို မြင်လဲ နည်းလားဆိုပြီးတော့ပေါ့လေ အလုပ်လုပ်နေကြခြင်းပါ။
ဆိုတော့ကာ…
အလုပ်သမားတွေ ထွက်ကြတာ အော်ဆီမှာ ရယ်စရာဖြစ်နေပေမယ့် အဲ့ဒီတစ်နေရာလေးမှာပဲ ကွက်မကြည့်စေလိုပါဘူး။ တစ်ခြားနေရာတွေမှာ ဘယ်လိုများရှိမလဲဆိုတာ စဉ်းစားကြည့်စေလိုပါတယ်။
သများတွေ မေတ္တာပို့ခံချင်တဲ့
မောင်ရင်စိုင်း
kyeemite
February 3, 2014 at 10:30 am
နာယကဂုဏ်(၆)ပါး၊ တစ်ပါးမှ မလစ်ဟင်းအောင် ကျင့်ကြံ အုပ်ချုပ်နေတဲ့ ကိုရင်စိုင်းကို လေးစားပါတယ်ဗျာ
“တစ်ကယ့်တစ်ကယ်မှာတော့ မူတွေထက် လူတွေကပဲ ပိုအရေးပါပါတယ်။” မှန်တယ်ဗျာ..ရင်ဘတ်ကို..
😀
ဒညင်းဝက်
February 4, 2014 at 1:09 pm
နေ့တစ်နေ့တာသည် နေဝင်ခြင်းဖြင့် အစပြုလေ၏။….ဆိုတဲ ့ စာသားက..စပြီး..
မျက်ခုံးပင့်…ဖတ်ရှု….ခံစား..မျောပါသွားတယ်…လို ့….
Crystalline
February 4, 2014 at 2:17 pm
အဲလောက်တနေကုန်ဖတ်ဖတ်မောနေတာတောင် မိန်းမကိုလွမ်းနိုင်သေး :kwi:
ဆိုင်ဆိုင်မဆိုင်ဆိုင် :mrgreenn:
kai
February 4, 2014 at 3:22 pm
ကင်တာကီပြည်နယ်က.. ကြက်ကြော်ဟာ.. အယ်လ်အေမှာတော့.. ကြက်ဖက်စ်ဖုအမျိုးထဲ.. ထိပ်တန်းပေမယ့်… တခြားပြိုင်ဖက်ကြီးတွေတွေ့ရတယ်..။
အဆီနည်းပြီးကြက်အမျိုးကောင်းတယ်ဆိုတဲ့.. Church’s Chicken ရယ်..။
အကင်ဖြစ်ပြီး.. ဆီအသုံးနည်းတာမို့ကျန်းမာရေးနဲ့ပိုညီတဲ့ဆိုတဲ့.. El Pollo Loco* ရယ် ရှိနေသဗျ..။
မြန်မာပြည်လိုတိုင်းပြည်က..El Pollo Loco လိုကြက်အကင်မျိုး ဖတ်စ်ဖုက… ပိုပေါက်နိုင်တယ်.. တွေးတွေးနေမိတာပဲ..။
==
Chickens Used for Food
Every day, 23 million chickens are killed in the U.S. for food–that’s 269 deaths per second!
Chickens are arguably the most abused animal on the planet. In the United States, more than 8 billion chickens are killed for their flesh each year, and 452 million hens are used for their eggs. Ninety-nine percent of these animals spend their lives in total confinement—from the moment they hatch until the day they are killed.
Read more: http://www.peta.org/issues/animals-used-for-food/factory-farming/chickens/#ixzz2sLEbu4tx
•*¨နန်းတော်ရာသူ •*¨
February 4, 2014 at 7:11 pm
ယူအေအီးနိုင်ငံတစ်ခုက ကြက်ကြော်ဆိုင်နည်းစနစ်တွေကို ထဲထဲဝင်ဝင်သိရတာ ဗဟုသုတတိုးပါတယ်။
ဒီလိုနိုင်ငံမျိုးမှာ အံဝင်ဂွင်ကျနေထိုင်ပြီး စနစ်တကျအလုပ်လုပ်ကိုင်နိုင်တာလဲချီးကျူးစရာပါ။