တခါတုန်းက သင်္ကြန်မှာ

padonmarApril 18, 20141min58622

အခုခေတ်ကလေးတွေ သင်္ကြန်လည်တာကို အပြစ်မတင်ချင်ပါဘူး။

ကျမတို့ ငယ်ငယ်က သင်္ကြန်ကို ကိုယ့် မြို့ကျော်ပြီး သူများမြို့တွေကိုတောင် ပဲ့ထောင်နဲ့ လျှောက်လည် ရေပက်ခံထွက်ပြီး ကဲခဲ့ဖူးတာကိုး။

(စက်လှေ/မော်တော်ကို ကျမတို့နယ်မှာ ပဲ့ထောင်လို့ ခေါ်ပါတယ်)

လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကပါ။ ၁၉၈ဝလား ၁၉၈၁ လားတော့ မမှတ်မိတော့ပါဘူး။

ကျမတို့ ဦးလေးဝမ်းကွဲလူပျိုကြီးဦးလေးသိန်းက မြို့ကို စာရင်းရုံး အရာရှိ အဖြစ်ပြောင်းလာ၊ပဲ့ထောင်တစင်းပူပူနွေးနွေးဝယ်ထားတော့ သင်္ကြန်လျှောက်လည်ကြမလား တူမတို့ လို့ အော်ဖာလုပ်လာပါတယ်။(အခုတော့ လူပျိုကြီး မဟုတ်တော့ပါဘူး)

တူမတွေကလည်း ခပ်ရွရွဆိုတော့ နှစ်ခါမခေါ်ရပါဘူး။

ဆွေမျိုးတသိုက် သင်္ကြန်လျှောက်လည်ဖို့ စုလိုက်ကြတာ၊ ကျမတို့ မောင်နှမက ၅ယောက်၊ပူပူနွေးနွေး အိမ်ထောင်ကျထားတဲ့ အကို့မိန်းမယောင်းမလည်းပါတယ်။အမေ့မောင် ဦးလေးရယ်၊သူ့မိန်းမ(အဲဒီအဒေါ်က ဦးလေးအရင်းထက်တောင် ချစ်ရပါတယ်)၊သူတို့ သမီးနဲ့သား၊အမေ့ညီမ အပျိုကြီး၊အဖေ့တူမ အပျိုကြီးများ (အဲဒီတုံးကတော့ အပျိုလတ်တွေပေါ့)၊ဟိုဖက်ဒီဖက် ဆွေမျိုးတွေ အယောက် ၂ဝ လောက် အတက်နေ့ မနက်အစောကြီး ၅နာရီလောက် စားရေရိက္ခာအစုံအလင်နဲ့ သင်္ကြန်လည်ဖို့ထထွက်ကြပါတယ်။

ပထမဆုံး ရောက်တာက မြို့နဲ့ သိပ်မဝေးတဲ့ ကျုံမငေးပါ။မြို့တပတ်လည် ၊အသိတွေဆီမုန့်ဝင်စား(ကျုံမငေးက ကိုစူးဝါးမုန့်ဆိုင်ဆိုတာ အဲဒီအချိန်နာမည်ကြီးပါ)ဆက်ထွက်၊ဘိုကလေးကို နေ့လည်ရောက်ပါတယ်။

ဦးလေးရဲ့ စာရင်းရုံးမိတ်ဆွေတွေက နေရာတိုင်းမှာ ရှိတော့ စားရေးသောက်ရေး မခက်ပါဘူး။

ဘိုကလေးမှာ ထမင်းစား၊မြို့တပတ်လိုက်ကြည့်(မှတ်မိတာကတော့ သောက်ရေလှောင်တယ်ဆိုတဲ့ ရေကန်ကြီးပါပဲ၊ခုတော့ ရှိသေးလားမသိပါဘူး)

ဘိုကလေးကနေ နေ့လည်ဆက်ထွက်တော့ မော်လမြိုင်ကျွန်းရောက်ပါတယ်။ မော်ကျွန်းကျတော့ လက်ဖက်ရည်သောက်၊မုန့်စား၊မော်ကျွန်းငါးမုန့်ဆိုင်အသိတွေဆီဝင်၊ငါးမုန့်လက်ဆောင်တွေယူကြပါတယ်။

တမြို့ဝင်လိုက် ရေလောင်းခံရလိုက်နဲ့၊လူတွေလည်း စိုလိုက်ခြောက်လိုက်ပါပဲ။ပြန်စိုအုန်းမှာဆိုတော့ အဝတ်ပိုပါပေမယ့် မလဲကြတော့ပါဘူး။

မော်ကျွန်းက ပြန်မထွက်ခင် ညနေ ၆နာရီလောက်မှာ အိမ်ကို အိတ်ချိန်းကနေ ဖုန်းခေါ်တာ ရသွားတော့ အခုပဲ ပြန်တော့မယ် လို့ အဖေနဲ့ အမေဆီ အကြောင်းကြားလိုက်ပါတယ်။

(အဲဒီခေတ်က တယ်လီဖုန်း အိတ်ချိန်းတွေကတဆင့် ဖုန်းဆက်ရတဲ့ ခေတ်ပါ၊လူတိုင်းမပြောနဲ့ အိမ်တိုင်းမှာတောင် ဖုန်းမရှိပါဘူး။ လက်ကိုင်ဖုန်းဆိုတာ တချိန်မှာ ဒီလောက်ပေါမယ်လို့တောင် အိပ်မက်မမက်မိသေးဘူး)

ပဲ့ထောင်ထဲရောက်တော့ ရေစိုအဝတ်တွေကို အဝတ်ခြောက်တွေနဲ့ လဲပြီး အစိုတွေ စုထုပ်ထားလိုက်ပါတယ်။

လည်စရာကုန်ပြီမို့ ဆွေမျိုး တသိုက် ပေါက်ပေါက်ဖောက်ကြပါတော့တယ်။

ကျမတို့ အမျိုးတွေက ငယ်ငယ်ကတည်းက တအိမ့်တအိမ် လည်ပတ်ကစားနေကျဆိုတော့ သိပ်ခင်ကြပါတယ်။

အခုလာကြတဲ့ထဲ ဦးလေးက မွေးတဲ့ မောင်လေးဖိုးထူးက အငယ်ဆုံးဆိုတော့ စစရာ ဖြစ်နေပါတယ်။

မောင်လေးက ငယ်ငယ်က ကျမတို့ အမတွေကြားမှာ ကစားစရာအရုပ်လေးလိုပဲ ကျမတို့ ဂါဝန်တွေ ဝတ်ပေးပြီး မိန်းမလုံးလေးလို့ စကြ၊ဖက်နမ်းကြဆိုတော့ နည်းနည်း အရွယ်ရောက်တာနဲ့ သူ့ကို ယောကျင်္ားကြီးလို ဆက်ဆံစေချင်လာပါတယ်။

မိန်းမ ထမီဆိုလည်း ဘုန်းနိမ့်မယ်ဆိုပြီး အသေကြောက်၊ သူ့အမေထမီ လှန်းထားတဲ့ တန်းနားက ဖြတ်ရင်တောင် ထမီကို တုတ်နဲ့ ဖယ်တာ၊လက်နဲ့ မကိုင်ဘူး။

ညနေစောင်း နေအကျ လေတဖြူးဖြူးမှာ ပဲ့ထောင်ဦးကို သွားထိုင်ပြီး လေညင်းခံဖို့ သွားတဲ့ အမတွေ အဒေါ်တွေရဲ့ ထမီအနားက ပဲ့ထောင်ဝမ်းထဲ ထိုင်နေတဲ့ သူ့ခေါင်းနား ဝဲသွားရင် မောင်ဖိုးထူး ခေါင်းကြီး တယမ်းယမ်း၊မျက်မှောင်ကြီး တကြုတ်ကြုတ်နဲ့။

နေဝင်သွားပြီးလို့ အားလုံးပင်ပန်းလာသမျှ ငြိမ်ကျသွားပြီး အိပ်ငိုက်နေကြတုံးမှာ မှန်မှန်ကြီး မြည်နေတဲ့ ပဲ့ထောင်စက်သံဟာ ဖွတ်ချက် ဖွတ်ချက်ချောင်းဆိုးလာရာက ဖွတ်ဖွတ်ဖွတ် ဆိုပြီး ရပ်သွားပါတယ်။

အိပ်ငိုက်နေရာက လန့်နိုးလာကြပြီး `ဘာဖြစ်တာလဲ၊ဘာဖြစ်တာလဲ ´လို့ ပဲ့ထောင်မောင်းသူကို မေးကြပါတယ်။

အကိုနဲ့ ဦးလေးတို့ကတော့ စက်ကို သွားကြည့်ပြီး အဖြေရှာ ပြင်ဖို့ကြိုးစားကြတော့တယ်။

အကိုတို့ ပြင်ရင် ရမှာပဲဆိုပြီး စိတ်တော့ သိပ်မပူသေးပါဘူး။

ယောကျင်္ားကြီးတွေ စက်ပြင်နေကြတာကို ဘေးက တချို့က လက်နှိပ်ဓာတ်မီးထိုးပေး၊တချိုု့ကတော့ ပဲ့ထောင်ဝမ်းထဲ ထိုင်ငိုက်နေကြတာပေါ့။

စက်စပျက်တဲ့ အချိန်က ည ခုနစ်နာရီလောက်ပါ။ညနေစာ ထမင်းကို ည၈နာရီခွဲလောက် အိမ်ပြန်ရောက်မှ စားမယ်လို့ မှန်းထားကြတာ။
စက်ကလည်း ပြင်ရင်းပြင်ရင်းနဲ့ ကြာလာပါတယ်။နားမလည်ပေမယ့် စက်ကိုဖြုတ်ပြီးပြင်နေရတာမို့ လွယ်လွယ်တော့ မဟုတ်ဘူးပေါ့။
ဗိုက်ဆာဆာနဲ့ ပဲ့ထောင်နံရံ မှီပြီး ဘေးဘီကြည့်လိုက်မိပါတယ်။
မောင်လေးဖိုးထူးကတော့ ကလေးပီပီ ပဲ့ထောင်ထိ်ပ်နားမှာ အထုပ်တထုပ်ခေါင်းအုံးပြီး အိပ်ပျော်သွားရှာပါပြီ။

စက်ပျက်တဲ့ နေရာကလည်း ကျွန်းထိပ်လို့ ခေါ်တဲ့ မြစ်ပြင်ကျယ်ကြီး အလယ်မှာပါ။
မြစ်ပြင်ကျယ်ကြီးထဲ ပဲ့ထောင်ကလေးဟာ တလွန့်လွန့်နဲ့ လူးနေပါတယ်။
လကလည်း အတော်သာနေပါတယ်။
ရွာတွေလည်းဝေးတော့ လူနေအိမ်ခြေလည်း မမြင်ရ၊မီးရောင်လည်း မတွေ့။အကူအညီလည်းမရ။
ကမ်းနဲ့ ဝေးတော့ ထိုးဝါးလည်းထောက်လို့ မမီ၊
သင်္ကြန်ရက်ဆိုတော့ ကုန်ကူးဈေးရောင်းတဲ့ လှေတွေလည်း အသွားအလာနည်း။
ခုနေ ပဲ့ထောင်မှောက်သွားရင်တော့ ကမ်းကို ကူးသွားဖို့ကလည်း အဝေးကြီးလို့ တွေးပြီး မျက်ရည်တောင် လည်ချင်လာပါတယ်။
အဖေတို့ အမေတို့ကလည်း ညနေက ဖုန်းဆက်ထားမိတော့ ပြန်ရောက်ချိန်တန်လို့မှ မရောက်လာတဲ့ သားသမီးတွေကို ပူနေတော့မှာပဲလို့ ကြောင့်ကြမိပါတယ်။
တဖြည်းဖြည်းနဲ့ ညဉ့်နက်လာတာ ည သန်းခေါင်တောင် ကျော်လာပြီ၊စက်ကလည်းပြင်လို့မရသေး။

အဲဒီအချိန် လေလေးက တိုက်လာပြီး သင်္ကြန်လက်ဆေးမိုးက ရွာချလိုက်ပါတယ်။
မိုးသက်လေပြင်းများကျလိုက်ရင် ဒုက္ခပဲလို့ ပိုစိတ်ပူသွားကြပါတယ်။
ကံကောင်းချင်တော့ ပဲ့ထောင်ဟာ လေအရှိန်နဲ့ ကမ်းဖက်ကို တရွေ့ရွေ့ ကပ်လာပါတယ်။
ကမ်းနားနီးရင်တော့ မှောက်သွားရင်တောင် ရေကူးလို့ မီသွားပြီ။

အဲဒီအချိန် စက်ပြင်နေတဲ့ လူတွေဆီက `ဒါဆိုရပြီထင်တယ်။စမ်းနှိုးကြည့်မယ်´ ဆိုတဲ့ စကားကြားရပါတယ်။
စက်နှိုးတဲ့ ဒုတ်ဒုတ်ဒုတ်ဒုတ် အသံနဲ့အတူ ` ဝူး´ ဆို စက်နိုးသွားတော့ ပျော်လွန်းလို့ ထအော်လိုက်မိကြပါတယ်။
အချိန်က ည ၂နာရီထိုးနေပါပြီ။
အိပ်ငိုက်နေတဲ့လူတွေလည်း နိုးသွားကြပြီး ပြန်မအိပ်တော့ပဲ အိမ်ပြန်ရောက်တော့မှာမို့ တက်ကြွတဲ့ ကြက်ဖတွေ ပစ္စည်းသိမ်းကြပါတယ်။
အထုပ်တွေ သိမ်းရင်း မောင်ဖိုးထူးအမက သူ့မောင်ခေါင်းအုံးအိပ်နေတဲ့ အထုပ် ဘယ်သူ့ဟာပါလိမ့်ိလိုု့ ဖြည်အကြည့် လက်စသပ်တော့ ရေစိုအကျီင်္တွေ ထမီတွေ ဖြစ်နေပါရော့လား။
ထမီကြောက်တဲ့ မောင်ဖိုးထူး ထမီထုပ်ခေါင်းအုံးအိပ်မိရက် ဖြစ်နေတာကို ဝိုင်းပြီး စကြနောက်ကြနဲ့ တအုံးအုံးပါပဲ။
ဪ..ကြောက်နေကြတုံးကလည်း အသံတောင် မထွက်တိတ်လို့၊
မကြောက်ကြတော့လည်း လက်ပံပင် ဆက်ရက်ကျ၊
ကုသလတသိုက် ကျားဝင်ကိုက် ဆိုတာ ကျမတို့ပါပဲ။
(ခရက်ဒစ်တူ ဝင့်ပြုံးမြင့် )

အဲသလို ပျော်ရွှင်တက်ကြွစွာ ပြန်လာကြတာ မနက် ၃နာရီလောက်မှာ မြို့ကို မြင်ရတော့
ဒီတခါလောက် ကိုယ့်မြို့ဟာ လှတာ မရှိတော့ သလိုပါပဲ။

ပဲ့ထောင်ဟာ ကျမတို့ လမ်းထိပ်က ဆေးရုံတံတားနားကို ကပ်လာတော့ တံတားပေါ်မှာ အဖေနဲ့ အမေပါလား။
တံတားကို ကပ်ကပ်ချင်း အမေ့ကို ပြေးဖက်မိတယ်။

သူတို့လည်း ပဲ့ထောင်တစင်းငှားလို့ ကျမတို့နောက် သားပျောက်ရှာကြတော့မလို့တဲ့။သားသမီးအကုန်ပါသွားတာကိုး။
သူတို့ ခမျာ ဘယ်လောက်တောင် စိတ်နှလုံးပူပန်နေရရှာမှာပါလိမ့်။သနားလိုက်တာ၊
(အဲဒီကတည်းက မိဘတွေ စိတ်ပူအောင် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်မိတယ်)

အဖေနဲ့ အမေကတော့ မဆူရှာပါဘူး။
အမေ့ အမ ကြီးတော်ကတော့ ကျမတို့ မောင်နှမတွေရော၊ဆတ်ဆော့တဲ့ ဦးလေးသိန်းကိုရော၊ခေါင်သူကြီးလုပ်ပြီး တမိသားစုလုံး တက်ညီလက်ညီလိုက်လည်ကြတဲ့ မောင်ဖိုးထူးရဲ့ အဖေနဲ့ အမေရော ဆူလိုက်တာလေ။
`သူများတွေက အခါကြီး ရက်ကြီး ဥပုသ်စောင့်ကုသိုလ်ယူကြတယ်။နင်တို့က မြို့ ပတ်ရုံတင်အားမရ ရေခြားမြေခြား လျှောက်လည်တယ်။
အကုန်လုံး မျိုးမပြုတ်ကုန်တာ ကံကောင်း ´ဆိုပြီးတော့ပေါ့။
ဟုတ်တယ်လေ၊ကျမတို့ မောင်နှမ ၅ယောက်ရယ်၊မောင်ဖိုးထူးတို့ မောင်နှမ၂ယောက်ရယ်သာ ပြုတ်ရင် အမေ့ဖက်က မျိုးပြုတ်ရော၊
အစွဲအလန်းကြီးတဲ့ ကျမအကိုလည်း အဲဒီကတည်းက ခရီးထွက်ရင် အိမ်ရှိ အမျိုးကုန် သွားဖို့ မစီစဉ်တော့ဘူး။
မဖြစ်မနေသွားရရင်တောင် တစိမ်းတွေပါခေါ်ပြီး သွားတယ်။
ကံတူရင် မျိုးပြုတ်အောင် တူမှာစိုးလို့တဲ့။
တကယ်တော့ သေခြင်းဆိုတာ ပုန်းနေလို့ ရတာမှ မဟုတ်တာနော်။

22 comments

  • ကေဇီ

    April 19, 2014 at 5:48 am

    “တကယ်တော့ သေခြင်းဆိုတာ ပုန်းနေလို့ ရတာမှ မဟုတ်တာနော်”

    ဟုတ်တယ်။
    ဒါမဲ့ ပုန်းလို့ရတုန်းပဲ လို့စိတ်က ထင်နေသေးတယ်။
    ကိုယ့်ကို ကာကွယ်နိုင်မဲ့ လူရဲ့လက်ကို ဆွဲထားရင်ကို ထွက်သွားစရာမလိုဘူးလို့ မှတ်နေတုန်းပဲ။

    သေခြင်းတရားကို ရင်ဆိုင်ရရင် ကိုယ့်ကိုယ်ကို ကလွဲရင် တခြား အားကိုးလို့ မရဆိုတာ ကျနော် အသိခေါက်ခက် အဝင်နက်နေတုန်းပဲ အာတီဒုံ။
    :hint:

    ဒီ က လူတွေလည်း ဘာလည်းမသိဘူးးး
    အကျင့်တစ်ခုရှိတယ်။
    ကမ်ပနီ ထရစ် တစ်ခုသွားရင် လေယာဉ် ချိန်တို့ လေယာဉ်တို့ ခွဲစီးတာ။။ တူတူသွားလို့ ရရဲ့သားနဲ့။
    အာ့ကြောင့်လား မသိဘူးး 🙄

    • padonmar

      April 19, 2014 at 7:11 pm

      တခုခုဆိုရင် လူခွဲသွားတော့ နောက်ချန်ခဲ့တဲ့လူက ကျန်တဲ့ ပစ္စည်းသိမ်းလို့ရတယ်။ပြဿနာ ရှိရင်လည်း ဘေးလူအနေနဲ့ ကယ်လို့ရတယ်။
      အမြဲတွေ့နေသူတွေဆိုရင် ခွဲသွားတာလည်း ကောင်းတာတွေ အများကြီးပါ။
      ပျော်စရာထက် ဖြစ်သင့်တာဦးစားပေးတတ်တဲ့ အရွယ်တွေ လုပ်တတ်တာမျိုးပေါ့။

  • alinsett (gazette)

    April 19, 2014 at 7:21 am

    သေခြင်းက ကိုယ်တွေကို လိုက်ရှာနေတဲ့အချိန်
    ကိုယ်တွေက သေခြင်းနဲ့ မတွေ ့လိုစိတ်တွေနဲ့
    ပုန်းအောင်းဖို့ကြိုးစား. . .
    အင်းးး
    လူသားတွေပေကိုး

    • padonmar

      April 19, 2014 at 7:12 pm

      တူတူပုန်းလည်း တနေ့တော့ ဘွားကနဲ တွေ့ရမယ့်တူတူ ကြိုတင် ရင်ဆိုင်မျှော်လင့်ထားမယ်လေ။

  • nozomi

    April 19, 2014 at 8:00 am

    သင်္ကြန်ကတော့ ငယ်ငယ်ကတဲက လည်တာပတ်တာ မလုပ်ခဲ့လို့လားမသိ ကြီးလာတော့လဲ အိမ်မှာနေရတာပဲ ကြိုက်တယ်

    ပို့စ် လေး ဖတ်ရင်း ဧရာဝတီမြစ်ထဲ ပဲ့ထောင်လေး စီးရတာကို မျက်စေ့ထဲ ပြန်မြင်ယောင်လာတယ်
    အဲဒီတုန်းက စီးတဲ့သူတွေ ဘာ အကာအကွယ်မှ မရှိ
    အခုလဲ ဘာ အကာအကွယ်မှ မရှိ ၊ မှောက်လို့ကတော့ အသေပဲ
    ဒီလိုပဲ စီး နေ ကြ ရ တာ ပဲ

    • padonmar

      April 19, 2014 at 7:14 pm

      ဟုတ်တယ်ကိုနိုရေ။
      အသက်ကယ်အကျီင်္ဆိုတာ ဝေလာဝေး။
      ဘောကွင်း တခုတလေတော့ ချိတ်တတ်ကြတယ်။

    • Ma Ma

      April 20, 2014 at 6:37 pm

      အဲလိုတော့လည်း ပြောလို့မရဘူး ကိုမှိုရေ။
      ြုမစ်ဝကျွန်းပေါ်သားဆိုတာ မွေးကတည်းက ရေနဲ့နီးတော့ လူတိုင်းလို ရေကူးတတ်တာမို့ မြစ်ကျယ်လို့ လက်ပန်းကျတာမျိုးသာ ဖြစ်မယ် တော်ရုံတော့ ရေနစ်မသေကြပါဘူး။ (ကိုယ်တွေ့) :mrgreen:

  • snow smile

    April 19, 2014 at 8:21 am

    စာ ဖတ် ရင်း နဲ့သ င်္ကြန် လည် တယ် ဆို တော့ ပျော် လာ တယ် နောက် စိတ် ပူ လာ တယ်
    ခ ဏ ခ ဏ တွေး မိ တဲ့ အ တွေး မ မာ ပိုစ့်ဖတ် ပြီး တော့ ပြန် တွေး မိ ပြန် ရော
    ဒီ ကျွန်း သာ ရေ ကြီး လို ့ က တော့ မျိုး ကန်း ပြီ လို့
    လေ ယာဉ် ပျောက် သွား မိ တဲ့ နောက် ပိုင်း
    ကျွန် မ ရန် ကုန် ပြန် တိုင်း သား ဖြစ် သူ က
    ကွင်း ထဲ ဝင် တိုင်း နမ်း
    လေယာဉ် သွား ရာ လမ်း ကြောင်း ကို အ လုပ် ထဲ က နေ ထိုင် ကြည့် နေ နဲ့
    သ မီး လုပ် တဲ့ သူ က တော့ လေ ယာ ဉ် မ ထွက် ခင်
    ဖုံး ခ ဏ ခ ဏ ဆက်
    ရန် ကုန် ရောက် မှ ဘဲ အ လုပ် ကောင်း ကောင်း လုပ် နိုင် တယ် တဲ့
    သူ တို ့ လဲ လေ ယာဉ် ပျောက် သွား မှာ အ မေ ပျောက် သွား မှာ စိုး ရိမ် နေ ပုံ

    • padonmar

      April 19, 2014 at 7:16 pm

      ပျောက်သွားမှာ စိတ်ပူရတာ မကောင်းပေမယ့်
      ပျောက်နိုင်ခြေလည်း ရှိတယ်လို့ ကြိုတော့ တွေးထားရမှာပဲ။
      လေယာဉ်ခရီး မသွားလည်း သေချိန်တန်ရင် လေယာဉ်ပျံက မြေကြီးပေါ်လာတိုက်ပြီး သေနိုင်တာ
      မြန်မာပြည်သားတွေ ကောင်းကောင်းသိပါ၏။

    • Foreign Resident

      April 19, 2014 at 11:01 pm

      snow smile says:
      ” သူ တို ့ လဲ လေ ယာဉ် ပျောက် သွား မှာ အ မေ ပျောက် သွား မှာ စိုး ရိမ် နေ ပုံ ”

      မ snow smile ရယ် ။ ကျနော်တို့က ပိုဆိုးတာပေါ့ ။
      ရန်ကုန် – စင်္ကာပူ ဆိုတာ နီးနီးလေးရယ် ။
      ရန်ကုန် – ဆစ်ဒနီ က ၃ ဆ ကျော် ပိုဝေးတာပေါ့ ။

      • snow smile

        April 20, 2014 at 12:11 am

        ကျွန် မ အ လုပ် ကိ စ္စ ကြောင့် တ လ ၂ ခါ လောက်
        အ မြဲ ပြန် ရ ပါ တယ် အဘ ဖော ရေ
        အ ခု လေ ယာဉ် ပျောက် ပြီး မှ သူ တို ့ အဲ့ သ လို တွေ
        ဖြစ် ကုန် ကြ တာ ကို အံ့ ဩ မိ တာ ပါ
        တ ကယ် တော့ အ ချိန် တန် ရင်
        ဘယ် သူ မှ ဘယ် နေ ရာ မှ ဘယ် လို မှ
        ရှောင် လွှဲ လို ့ မ ရ တဲ့ အ ကြောင်း တွေ ပါ

  • Mr. MarGa

    April 19, 2014 at 11:45 am

    အင်း…..
    အတွေးစတစ်ခု ရ သွားတယ် ဒေါ်လေးရေ….

    • padonmar

      April 19, 2014 at 7:17 pm

      ဆက်တွေးပြီး ချရေးပါသိကြားရေ.

  • TNA

    April 19, 2014 at 4:13 pm

    အိုး တော်သေးတာပေါ့ အန်တီဒုံရေ။ မသေကောင်းမပျောက်ကောင်းပါလား။

    • padonmar

      April 19, 2014 at 7:18 pm

      မသေသေးတော့ အန်တီဒုံ ဖြစ်လာတာပေါ့မွသဲရယ်။

  • လော က မှာ သတ ိ ထား စ ရာ
    ကိုယ် ပျော် နေ ချိန် မှာ
    ကိုယ့် ကို မျှော် ပြီး
    စိုးရိမ် ကြောင့် ကြ နေသူ
    ရှိ နေတ ယ် ဆို တဲ့ အသိ တ ရား လေး ပါ ဘဲ

  • padonmar

    April 19, 2014 at 7:21 pm

    ကိုပေါက်ရေ
    ဟုတ်တယ်။ လည်ချင်ပတ်ချင်တဲ့ ကိုယ်တွေ ပြန်အလာကို စိတ်ပူပြီး စောင့်နေရတဲ့
    မိသားစုတွေ ရှိနေတယ်ဆိုတာ သိရင် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းအောင် စောင့်ရှောက်ပြီး လည်တတ်ကြမယ်လို့ မျှော်လင့်ပါတယ်။

  • black chaw

    April 19, 2014 at 9:08 pm

    သေခြင်းဆိုတာ ပုန်းနေလို ့မရ။
    အချိန်မ ရွေး ရောက်လာ နိုင် သည်။
    ပြင် ဆင် ထား မှ တော်ကာကျမည်။
    ဆင်ခြင် စိတ် လေး ဝင် သွားပါတယ် အစ်မ ရေ။

  • padonmar

    April 19, 2014 at 10:21 pm

    မဆင်ခြင်မီ တပက်
    ဆင်ခြင်ပြီး တပက်တော့
    မလုပ်နဲ့နော် ကိုဘလက်။

  • မဟာရာဇာ အံစာတုံး

    April 22, 2014 at 9:17 am

    တော်သေးဒါပေါ့ တီတီဒုံရယ် ..
    သန်းခေါင်ကျော် မြစ်ပြင်ကျယ်ကြီးရဲ့ အလယ်မှာ
    စက်လှေ ပျက်တဲ့ အရသာက တွေးကြည့်ရင် စိမ့်ပြီး ကြောက်ဖို့ ကောင်းလှသဗျာ …
    ဝမ်းနည်း ဝမ်းသာ ရသတွေနဲ့ တီဒုံရဲ့ တစ်ခါတုန်းက (ဝါ) အပျိုတုန်းက သင်္ကြန်ကို ဖတ်တွားဘာဒယ် ခညာ …
    :mrgreen:

  • surmi

    April 22, 2014 at 10:22 am

    အောင်မလေးဗျာ
    ရေလမ်းခရီးကတော့ ကြောက်စရာပါ ။
    ကျနော်သာဆိုရင် သွားဘူး ကြောက်လို့
    :mrgreen:

    ဘာဘဲဖြစ်ဖြစ် ဒို့အစ်မကြီးတော့ လည်ဖူးသွားတာပေါ့ ဟဲဟဲ

  • kyeemite

    April 22, 2014 at 2:03 pm

    အင်း..ငယ်ဖြစ်ကလေးတွေလွမ်းစရာနော…
    ကျုပ်အစိုးရအလုပ်စရတော့ ဧရာဝတီတိုင်းမှတာဝန်စကျတာ..
    ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊မအူပင်၊ ညောင်တုန်း၊ပန်းတနော်၊ ဓနုဖြူ…အဲ့ရှစ်မြို့နယ်ကို
    ပါတ်ပီး ဆန်စက်တွေလိုက်စစ်ရတာလေ…ဆန်စက်တွေက ရေစပ်မှာချည်းတည်ထားကြတာဆိုတော့
    အာတီဒုံပြောတဲ့ ပဲ့ထောင်နဲ့မှ အဆင်ပြေတာလေ…ပဲ့ထောင်နဲ့သွားရင်း အဲလို စက်ပျက်၊ ဒုက္ခရောက်တာတွေလည်းရှိခဲ့တာပေါ့…ဒါပေမဲ့ ကျုပ်က Safety Inspector ဆိုတော့ ရေလမ်းခရီးသွားရင်
    ပလပ်စတစ် ဂါလံပုံးအလွတ်ကို ကိုင်းမှာသိုင်းကြိုးလေးတတ်ထားတာ အမြဲဆောင်တယ်…
    ပထမတော့ ကြောင်တောင်တောင်နိုင်သလိုရှိပေမဲ့ နောက်တော့ အဲ့ပုံးလေးပါနေရင်ကို စိတ်အေးချမ်းရတယ်….အိပ်လို့ပျော်တယ်ပေါ့…
    ဘာရယ်မဟုတ် ဧရာဝတီတိုင်းအောကာင်းပါလာလို့ ကျုပ်လည်းပြန်ဝင်လွမ်းတာအာတီဒုံရေ 😛

Leave a Reply