ခူးဆွတ်မိတဲ့ အနာအဆာ ရာသီဦး
စက်သေနတ်သံလို
တံတားပေါ် ရထား ဖြတ်ပြေးသံမှာ
လမ်းဘေး သစ်ပင်တို့ ကပိုကရို လန့်နိုး
ပြတင်းတံခါးပေါ် မှီနေတဲ့ ကဗျာဆရာနဲ့
အကြည့်ချင်း ဆုံကြတယ်
သူတို့ ရှက်ရွှံ့မသွားကြဘူး
ဟော့ဒီလို အဝေးသွားညမျိုးဆို
ငယ်ဘဝ ဝှက်ဖဲလေးအကြောင်း
အလွမ်းကျင့်ရင်း
အတွေးက ရထား တစ်စီးစာ ဆိုက်ရောက်လာ ။
ရထားပေါ်မှာ ရထား ပြည့်လုနီးပါး
အိပ်မက်တွေ အပြည့်
မေ့နေတဲ့ လိပ်စာကို မယူလာမိပေမဲ့
ခရီးကတော့ ထွက်လာခဲ့ပါပြီ။
ရထားနဲ့ သူနဲ့ အလိုတူ အလိုပါ
ရောက်တဲ့မြို့တိုင်းမှာ
ကဗျာရေးလို့ရရင် ပြန်မလာချင်တော့ဘူး
ဇွတ်တရွတ် ဂီယာအဆုံးဖွင့်
ကျောပိုးအိတ်ထဲ
အရောင်လွင့် 501 တွေကလည်း
သူ့ကို မတွေဝေခိုင်းဘူး။
တိတ်တိတ်ပုန်းကဗျာတွေ အကြောင်း
သူတို့ မသိတာ သက်သာတယ်
“ဂျစ်ပစီ”
အဲဒီလို သူတို့
ထိုးချိန်လိုက်တဲ့ လေသံကြားရင်
ဟက်ဟက်ပက်ပက် ပျော်တယ်
ရုတ်တရက်
ရထားက ကော်ဖီဆိုင်ရှေ့က ဖြတ်အသွား
ကော်ဖီရနံ့မရဘဲ
ဟန်လုပ်ပန်လုပ်ရနံ့များ ထောင်းထောင်းထ
မအန်မိအောင် ထိန်းလိုက်ရတဲ့ခဏ
စက်ခေါင်းက အပြာရောင် မီးခိုးများ
ထုတ်လွှတ်လိုက်တယ်
ရထားက မြို့ကို မကြိုက်ဘူး
ဒီတစ်ကြိမ်တော့
ရထားက ပေါ့ပါး လွတ်လပ်သွားတယ်
တောင်တန်းတစ်ခုပေါ်
ရှူးရှူးရှားရှား ထိုးတက်ရင်း
မူးပြီး လမ်းလုံးပြည့်ခုတ်မောင်း
သူက ကျေးလက်သီချင်းတစ်ပုဒ်ကို
လေဟုန်စီးလို့
ရထားမှာ
ဒီဇယ်ဆီ မလို
စက်မောင်းသမားမလို
ဘူတာရုံမလို
မီးပွိုင့်မလို
(လိုအပ်ရင် သံလမ်းလည်း မလိုဘူး)
သူ့မှာ စားနပ်ရိက္ခာမလို
အဖော်မလို
မသတ္တဝါတစ်မျိုးမလို
ခွေးတစ်ကောင်မလို
လိုတာတွေ တစ်ခုမှ မလို
မလိုတာတွေလည်း တစ်ခုမှ မလို
ကျုပ်တို့ ကောင်းကောင်းမွန်မွန် ခရီးသွားတာပါ
ခန္ဒာကိုယ်လည်း ပါမလာကြဘူး
နေ့စွဲမှားတပ်မိလို့လည်း
ဘုရားသခင်နဲ့ မလွဲနိုင်
ဒီလိုပါ မိတ်ဆွေ
ပါးစပ်ပေါက်တွေဟာ
ဓားပြဝင်လို့ တုံးမောင်းခေါက်တဲ့စနစ်နဲ့
လူတစ်ယောက်က
လူတစ်ယောက်ကို
လျှော်ဖွတ်ပစ်လိုက်ဖို့
ဝန်မလေး
ဉာဏ်များတဲ့ ယုန်ပညာရှိရဲ့
ထောင်ချောက်နား
ဘဝဟာ သီသီကလေး မိတော့မလို့
ထွက်ပြေးရင်းနဲ့
စိတ်ပျော်ရင် ပျော်သလို
ဆံပင်ရှည်
လိုအပ်ရင် လိုအပ်သလို
တိတ်ဆိတ်ဖို့
ကိုယ့်ဘာသာ အဆုံးသတ်လိုက်ဖို့ကလည်း
ဝန်မလေး။
ကဗျာချင်း အတွင်းအားပြိုင်ကြဖို့
ခေါင်းမာကတိ စာချုပ်ပြီးမှ
ခရုခွံဝါဒ
သွေးသွင်းခံလိုက်ရတဲ့ သူငယ်ချင်း
ရထားပေါ်က ခုန်ဆင်းသွားခဲ့ပြီ။
လေတိုက်နှုန်းမြင့်လာတဲ့အခါ
အောက်ဆီဂျင် ဝဝလင်လင် ရှူရတာပေါ့
အမှတ်တရတွေ တစ်ခုပြီးတစ်ခု
အမှတ်ရစရာတွေက
အပြာရောင် ဒိုင်ယာရီနဲ့ ပါလာပြီး
အမှတ်မရ စရာတွေကို
အနက်ရောင် ဒိုင်ယာရီထဲ လွှင့်ပစ်လိုက်
ယာယီခံတပ်အဖြစ်
သဲကန္တာရမှာ ခဏနားပြီး
ပန်းချီကားထဲမှာ
သောက်ရေအနည်းငယ် ခပ်စို့။
ကိုယ့်အစ္စုတ္တကိုယ်ပြန် ချဉ်းကပ်တဲ့အခါ
သတိနဲ့ လက်ကဓားကို မလွတ်စေနဲ့
ဖိနပ်မရှိလို့
ရှက်တတ်တာကို ရှက်တတ်ဖို့
ခြေထောက်မရှိတဲ့သူနဲ့ မဟာမိတ်ဖွဲ့လိုက်ပါ
ကိုယ့်ကိုယ်ကိုယ် ဒိုင်းနဲ့ကာပြီးတာတောင်
နောက်ကျောကိုမှ ရွေးထိုးသွားတဲ့
ပိုးကိုက်ပန်းသီးလေး
မင်း …အက်တင်ကောင်းတယ်
ငါလည်း အတွင်းအား ကောင်းပါတယ်ကွာ။
မုဆိုးကို သားကောင်က ပြန်ပစ်လိုက်တယ်
သွေးတွေရဲကနဲ
မုဆိုးက ပြုံးပြီး ပြန်ထလာတယ်
ကြိုတင်စီစဉ်ထားတဲ့ သတ်ကွင်းထဲကိုမှ
ထောင်ချောက်ထဲကို သတ္တိတွေ
ထိုးဆင်းခဲ့ရတဲ့ဘဝတွေ
ဘုရားသခင်ရဲ့ သူလျှိုဟာ ဘယ်သူလဲ
အခွင့်အလမ်း ရထားပေါ်က သူမလား
ရမ္မက်တစ်စီးလုံး တင်ဆောင်လာတဲ့ သူမလား။
ရထားက သော့တစ်ချောင်းတည်းနဲ့သွားနေတာ
အပေါ်ထပ် အောက်ထပ်
တံခါးနှစ်ချပ်လုံး ဖွင့်လို့ရတယ်
လက်ညှိုးအားကိုးပြီး
နံကြားထောက်ဖို့ မစဉ်းစားဘူး
ခင်ဗျားမြေတိုက်ထဲက ဝိုင်အရက်လောက်မှ
ကျုပ်ကို တန်ဖိုးမထားဘဲ
လက်ဆွဲနှုတ်မဆက်ချင်ဘူး
နှုတ်ဆက်သီချင်းပဲ ဆိုပါ။
ခေတ်က တိုက်စစ်ဖွင့်ကစားတာလား
တန်ပြန်တိုက်စစ်အသုံးချတာလား
လူကျွံဘောနဲ့ ဂိုးပေးလိုက်ရတာ
ရင်နာစရာ
ရာနှုန်းပြည့်မှန်ဖို့ မဖြစ်နိုင်တိုင်း
အိပ်မက်ကိုချည်း
သေသေသပ်သပ် မက်ရတာ
အားနာစရာ။
နှစ်ဦးသဘောတူပြီးမှ
ရထားက ကျုပ်ကို လက်မှတ်စစ်တော့တာပဲ
လက်စသပ်တော့
ခင်ဗျားရဲ့ ပန်းရောင်ဟာ
ပြည်တည်နာထိပ်မှာ အဆိပ်မှုန်တွေစို့နေတဲ့
ရဲရဲတောက်တောက်
တောကင်းကြီးတစ်ကောင်အဖြစ်
မျက်နှာဖုံး ကွာကျသွားခဲ့လို့ပါပဲ။ ။
ကမ်းဝေး
2001 ခုနှစ် တောင်ငူ၊ သံတောင်၊ ပသိချောင်း ခရီးစဉ်သို့
ဧကန်(အနုပညာ)၊ သီဟသက်တံ၊ နေသစ်(ပုတီးကုန်း)၊ မှော်ကာ၊ ဆွေရည်ရွယ်အောင်၊ မျိုးသန္တာ(ဗဟန်း)၊ မြရွှန်းလဲ့ယဉ်၊ ချစ်မိုးပွင့် စာပေညီအစ်ကို မောင်နှမများနှင့် သွားခဲ့တဲ့ခရီးစဉ်အတွက် ရထားပေါ်မှာ ကွဲပြီး ရွတ်ဖတ်ဖို့ ရေးခဲ့တဲ့ကဗျာ…..
နည်းနည်းတော့ ဟောင်းသွားပြီ ထင်တယ်နော့….။
5 comments
Kaung Kin Pyar
April 26, 2014 at 11:50 am
ကဗျာမှာ ဟောင်းတယ်ဆိုတာ မရှိပါဘူး။
မဟာရာဇာ အံစာတုံး
April 26, 2014 at 1:03 pm
ကဗျာက မိုက်သဗျာ …
ရဲ ဆိုတဲ့ သတ္တဝါတွေဟာ
လက်သိပ် ထိုးပေးခဲ့လေသမျှ
နောက်ဆုံးခဏမှာ
လက်ထိပ်ကို ခတ်သွားတတ်ကြတာပဲ …
ဒီအဖြစ်ကို မုန်းတီးမှုမရှိ
အပြုံးအတိနဲ့ မေတ္တာရှင်ကိုတော့
ကျုပ် အလေးပြုမိတာ အမှန်ပဲ ….။
alinsett (gazette)
April 27, 2014 at 4:54 pm
စကားလုံးတွေ မှော်အောင်ထားသလား လို့
•*¨နန်းတော်ရာသူ •*¨
April 27, 2014 at 7:56 pm
တို့အရပ်ကိုသွားတုန်းက ရွတ်ကြတဲ့ကဗျာပေါ့
စကားလုံးတွေပြင်းထန်ပါပေ့
black chaw
April 28, 2014 at 9:56 am
သိတ်သွေးဆာနေတဲ့ အချိန်မှာ
အရက်ပျင်းပျင်း ၂ ပက်လောက်ကို
ရေမရောပဲ
တစ်ချက်တည်း မျိုချလိုက်ရသလို
ခံစားရပါတယ်ခင်ဗျာ…။