အကြောမျှင်လေးတွေ စိမ်းဖျော့ယှက်ဖြာနေပြီး ဖားဖားလျားလျားနှင့် ပြားချပ်နေတဲ့ ကွမ်းရွက်ကြီးများပေါ်သို့ ဖြူဖွေးလုံးဝန်းသည့် ထုံး တုတ်ကြီးမှ ထုံးစက်များကို တောက်ချလိုက်သောအခါ ကုလားမကြီးရဲ့ လက်ကောက်ဝတ်က ရွှေလက်ကောက်ကွင်းများ ရိုက်ခတ်သံက တချွင်ချွင် မြည်သွားတယ်။ ကျွန်တော် အတော့်ကို စိတ်မရှည် ဖြစ်နေပါပြီ။ တစ်ခုခု လုပ်စရာရှိရင်အမြဲ စိတ်လောကြီးတတ်တဲ့ ကျွန်တော့်စိတ်အလိုအရဆိုရင် ကျွန်တော် ဒေါကန်နေပြီ။ ဘာလို့ဆို ခါတိုင်းထက် ဒီနေ့က အတော့်ကို နောက်ကျနေပြီ မဟုတ်လား။ ကွမ်းသမားတွေနဲ့ ပေါင်းရသင်းရတာ အတော့်ကို ခက်တယ်ဗျာ။ ဒီကိစ္စကို အတော့်ကို သည်းခံရတယ်။ သူတို့နဲ့ အတူ ခရီးတစ်ခု သွားခါနီး၊ လာခါနီးဆိုပြီရင် ဘယ်တော့မှ အတူတကွ တစ်ဖြောင့်တည်း သွားရတယ်လို့ကို မရှိဘူး။ “ခဏလေး ကွမ်းထုပ်လိုက်ဦးမယ်ကွ…´ ဆိုတဲ့အဖြစ်မျိုး ကျွန်တော့်ဘဝမှာ ကိုးဆယ့်ကိုးသန်း ကြိမ်လောက် […]