ဝန်ရှင်တော်ရွှေဖလား

marblecommetJuly 31, 20141min24411

ထွန်တုံးနဲ့ အပ်ချုပ်စက်တွေ

တိုက်ပွဲဝင်နေရတဲ့နိုင်ငံမှာ

အဓိကဇာတ်ဆောင်တို့ရဲ့ အခန်းကဏ္ဍှဟာ

ခေတ်ကိုအရည်အသွေး အပြည့်နဲ့ `မှီ´ ကြတယ်…။

ကမ္ဘာကျော်မယ့် ဇာတ်ဝင်ခန်းတွေ အတွက်

ဖြတ်လျှောက်(Side Pass) တွေကတော့

မိသားစု ထမင်းဝိုင်းများကို

ပီပြင်စွာ ဖယ်ပေးကြ

ကိုယ့်အိမ်ကိုယ့်ယာ လုံခြုံမှု ရိပ်မြုံထဲက

ကျီးလန့်စာစား ထွက်ပြေးနေကြရတဲ့

သရုပ်ဆောင်ချက်တွေ လွှတ်လှ…။

ဒီ…ဒါရိုက်တာရဲ့နှလုံးသားဟာ

ဖြတ်လျှောက်တို့ရဲ့မျက်ရည်မိုးကို ညှို့တဲ့နေရာမှာ

ပါရမီမြောက်တယ်…။

အားမတန်လို့ မာန်လျှော့ပြီးမှ

ကျင့်လိုက်ရတဲ့ ဥပေက္ခာတရားဟာ

တစ်နေ့ပြီးမှတစ်နေ့ စားရတဲ့ နေ့စားခကြေးပါ

နေ့စားသရုပ်ဆောင်တွေပေါလှချည့် ဒီ ဆက်တင်…။

ပြီးခဲ့တဲ့အခန်းတွေကို ကြည့်ပြန်ရင်လည်း

ညအချိန်မတော်

လာခေါက်တဲ့တံခါးသံဟာ

ကျွန်တော်တို့ရဲ့အိမ်ရှေ့တံခါးတစ်ခုတည်းကို

မဟုတ်ဘူး အမေ

အရေးပေါ်နောက်ဖေးလှေကားက

ဆင်းပြေးသွားတာ

ကျွန်တော်မဟုတ်ဘူး အဖေ

လူအိုကြီးနှစ်ယောက်ကြားက

ဟာသွားတော့မယ့် ပန်းကန်လေးတစ်ချပ်ရဲ့

အနာဂတ် လက်ခမောင်းရိုး ကျိုးအက်သံ ဖြစ်တယ်…။

လက်နည်ချင်းယှဉ်တိုက်မှ

စစ်လို့အမည်မရပါဘူး

အဖြူအစိမ်းနဲ့ ရင်အုပ်သေးသေးလေးတွေဟာ

နှလုံးသားကိုဖွင့်ပြီး ကျည်ဆံရှေ့ကို တိုးဝင်သွားကြ

မပွင့်ဖူးရသေးတဲ့ ပန်းလောင်းတွေဟာ

သေခြင်းနဲ့မှ အရောင်နဲ့ ရနံ့ရဲ့ အလှကို သိသွားကြလေတယ်…။

အဲဒီလို

ရာဇဝင်တွင်မယ့်

ဘလက်ခ် အင် ရက် နောက်ကြောင်းပြန်ခန်းတွေကို

ရင်နဲ့မဆံ့တော့လို့

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကျော်လိုက်ကြ…။

ခုတော့…

အခန်းပြောင်းလျှောက်မယ်ဆိုတဲ့

ဒီဇာတ်ပျက်ကြီးဟာ

ရှေ့တစ်လက္မနောက်ပြောင်နေတဲ့

ပင်မကျောရိုး ဇာတ်နောက်ကြီးနဲ့ပဲ

ပျော်ပျော်ရွှင်ရွှင်ကြီးတစ်ခါ

ခေတ်ကို မှီ ထား ကြပြန်ပြီ…။

ကမ္ဘာကျော်လေတဲ့

စာနာမဲ့၊ ညှာတာမဲ့၊ အရှက်မဲ့၊ ပညာမဲ့

ဒိုင်ယာလော့ဂ်တွေ

မော်ဒန်ဇာတ်ဝင်ခန်းအသစ်မှာ

တောင်ကိုအလုံးလိုက်ခွဲပြခန်း

မြစ်ကြီးကို သံမဏိ ယက်မကြီးတွေနဲ့

ချုပ်သီ သင်းသပ် ပြခန်းတွေမှာ

ဆိုက်ပတ်စ်တို့ရဲ့ငရဲပွက်တုန်ဟီးသံများ လွှတ်လှ…။

ဒီ…အစီအစဉ်မှာ

နျူးကလီးယားထက် အရူးကြီးများ စကား ပို ပေါ တယ်

လက်နက်အစား

အမျိုးသမီးလစဉ်သုံး ပစ္စည်းစက်ရုံလို့ ပြောရင်

ပိုမကောင်းဘူးလား

အဓိကဇာတ်ဆောင်များအတွက်

ထမင်းတစ်နပ်ပိုလျှော့စားပြီး

လူကောင်သေးတဲ့နိုင်ငံက

ကာယဂုဏ်ရည်၊ ဉာဏဂုဏ်ရည်၊

ဝီရိယဂုဏ်ရည်နဲ့

ဆိုက်ပတ်စ်တို့ရဲ့အရိုးပေါ်အရေတင်

အမျိုးသားအားမာန်နဲ့ ကိုယ်ခံအား

ကမ္ဘာကိုပြလိုက်ကြ

အဓိကဇာတ်ဆောင်တို့ရဲ့

ညရေးညတာအတွက်

ဖယောင်းတိုင်ထွန်း အလင်းဆောင်ကြမလေ…။

လက်ဝါးကြီးမြှောက်ပါးရိုက်မယ့်

မင်းသားကြီးတစ်ပါးရဲ့ အိုက်တင်

ကလေးတွေမမြင်စေနဲ့

`ကြိုက်တဲ့နေရာသွားတိုင်´

ဘုရားသားဌာန သရုပ်ဆောင်ကြီးရဲ့

နားဝင်ပီယံနှုတ်ထွက်စကား

ကလေးတွေ မကြားစေနဲ့…။

ပိုလျှံလို့ရောင်းစား ဗိုလ်ဝန်တို့ ကောင်းစားတဲ့

ကျွန်ုပ်တို့ရဲ့ ဝန်ရှင်တော် ရွှေဖလား

ပန်းပန်လျက်ပါဗျား…။

11 comments

  • ဇီဇီ ခင်ဇော်

    July 31, 2014 at 3:55 pm

    ဒီလို လူတွေ အုပ်စိုးတဲ့ ဒီလို တိုင်းပြည်မှာ လူလာဖြစ်ရတာ ဝမ်းသာဖို့!!

    😥

  • အရီးခင်

    July 31, 2014 at 10:09 pm

    မောင်ကမ်း the ကဗျာဆရာ
    ရှစ်လေးလုံး အကြို ထင်ရဲ့။
    ပီပြင်ပါ့။
    ပြန်တွေးရင် မနေ့တစ်နေ့ ကလိုပါဘဲ။

    { ဘလက်ခ် အင် ရက် နောက်ကြောင်းပြန်ခန်းတွေကို ရင်နဲ့မဆံ့တော့လို့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကျော်လိုက်ကြ…။}
    ကျော်ပစ်လိုက်ချင်ပါရဲ့။
    မေ့ပစ်လိုက်ချင်ပါရဲ့။
    ကိုယ့်ဟာကို အေးအေး နေနိုင်ပါရက် နဲ့ ဒါတွေ ကို ဘာလို့ မေ့မပစ်နိုင်တာလဲ ကိုယ့်ကိုယ်ကို မေးနေဆဲ မေးခွန်း။

    ဘယ်လို မေ့လို့ ရမှာတဲ့လဲ။
    ရှိတဲ့ အနာဟောင်းတွေ ကျက်ဖို့ နေနေသာသာ အနာသစ်တွေ တိုးတိုးလာတာ ဖြစ်နေတော့ ဘာကို ဘယ်လို အဖြေရှာ ရမလဲ။
    ဒီလိုအတိုင်း နဲ့ နေရင်း တကယ်ဘဲ ရေစုန်မျှောရတော့မလား ဆိုတာ ကို မစဉ်းစားချင်သေးပါဘူးလေ။
    ကောက်ရိုး တစ်မျှင် တော့ ရှိနေဆဲဘဲကို။

  • ဦးဦးပါလေရာ

    August 1, 2014 at 12:20 am

    တကယ်တော့ …
    ကျုပ်တို့မြန်မာလူမျိုးက သိပ်အမှတ်ရှိလှတာမဟုတ်….။

    ဒီလို ပေါကြောင်ကြောင်တွေရဲ့ ကျေးဇူးကြောင့်သာ
    မမေ့စရာလေးတွေကို ပြန်ပြန်သတိရ ရ ပေတယ် ဆိုပြီး
    ဒင်းတို့ကို ကြံဖန်ကျေးဇူးတင်ရသေး…
    😀

  • kyeemite

    August 1, 2014 at 11:45 am

    လူအိုကြီးနှစ်ယောက်ကြားက

    ဟာသွားတော့မယ့် ပန်းကန်လေးတစ်ချပ်ရဲ့

    အနာဂတ် လက်ခမောင်းရိုး ကျိုးအက်သံ ဖြစ်တယ်…။

    လက်နည်ချင်းယှဉ်တိုက်မှ

    စစ်လို့အမည်မရပါဘူး

    အဖြူအစိမ်းနဲ့ ရင်အုပ်သေးသေးလေးတွေဟာ

    နှလုံးသားကိုဖွင့်ပြီး ကျည်ဆံရှေ့ကို တိုးဝင်သွားကြ

    မပွင့်ဖူးရသေးတဲ့ ပန်းလောင်းတွေဟာ

    သေခြင်းနဲ့မှ အရောင်နဲ့ ရနံ့ရဲ့ အလှကို သိသွားကြလေတယ်…။

    ကြိုက်သဗျာ…ကိုကမ်းရဲ့လက်စွမ်းထက်လှပါသဗျ :i:

  • Nyo Win

    August 1, 2014 at 3:33 pm

    ဒါမှ ကိုကမ်းကွ…နောက်ခံဘက်ဂရောင်းကိုပါမျက်လုံးထဲကွက်ကွက်ကွင်းကွင်းမြင်သွားစေတယ်…

  • ဦးကျောက်ခဲ

    August 1, 2014 at 3:53 pm

    ကိုရင်ကမ်းရဲ့ လက်ရာက ပြောင်မြောက်ပါပေ့…
    ကျောက်စ်ရဲ့ မေးရိုးနဲ့လက်သီးကို အလုပ်ပေးသွားတယ်…
    :i:

    • အရီးခင်

      August 2, 2014 at 3:24 am

      ကျောက်စ် တစ်ယောက် ဘာကြောင့်များ ကိုယ့်ပါးရိုး ကို ကိုယ့် လက်သီး နဲ့ ထိုး လိုက်ရတာလဲ ပထမ တွေးမိ။
      ဟယ် မဟုတ်လောက်ပါဘူး လို့ ဒုတိယ ပြန်တွေးမိ။
      လက်သီးတင်းတင်းစုပ် ပြီး အံတင်းတင်းကြိတ်လိုက် တာ ကို သွယ်ဝိုက် ညွှန်း တာနေမှာလို့ တတိယ ပြန်တွေးမိ။ 🙄

      တစ်ခါတစ်ခါ ဒီ အရီး က အူကြောင်ကျား ဆိုတာ ဟုတ်မှာ။
      lol:-)))

  • padonmar

    August 1, 2014 at 9:36 pm

    ကဗျာအကြောင်း သိပ်မသိပေမယ့် မမကမ်းရဲ့ ကဗျာတွေကျ ခံစားလို့ရပါကြောင်း။

Leave a Reply