ပြင်ပြီး ညာမရေးပါနဲ့ ပညာရေးရယ်….. ( ၁ )
ပညာရေး လို့ ပြောလိုက်တာနဲ့ နေဝန်းနီ မျက်စေ့ထဲမှာ တန်းကနဲ မြင်လိုက်တာက ပတ်ဝန်းကျင်မှာ တွေ့နေကျ ကျောင်းဝတ်စုံ ခပ်နွမ်းနွမ်းနဲ့ လွယ်အိတ်ပြဲလောက်အောင် စာအုပ်တွေ ထည့်ကာ ခပ်လေးလေး လမ်းလျှောက်ပြီး ကျောင်းသွား ကျောင်းပြန် လုပ်နေကြတဲ့ ကလေးတွေပါပဲ ။ စက်ဘီးလေးမှ မစီးနိုင် ၊ ဝန်ထုတ် တစ်နင့်တစ်ပိုးလွယ်ပြီး ခြေလှမ်းတောင် မြန်မြန်မလျှောက်နိုင်တဲ့ ကလေးတွေ ကြည့်ရတာ မျက်နှာလေးတွေ သုန်မှုန်နေတာက များပါတယ် ။ နောက်ဆက်လက်ပြီး အတွေးထဲဝင်လာတာက ကျူရှင် ဆိုင်းဘုတ်တွေနဲ့ ဘော်ဒါဆောင် ကျော်ညာတွေပါ ။ ကလေးတွေ ပညာရေးနဲ့ ပတ်သက်လို့ စကားစပ်မိရင် ဘယ်နှစ်တန်းရောက်ပြီလဲ လို့ မေးပြီးတာနဲ့ တစ်ပြိုင်နက် သူ့အတန်းပိုင် ဆီမှာ ကျူရှင်ထားသလား ဆိုတာက ဒုတိယ မေးခွန်း ဖြစ်လိမ့်မယ်နဲ့ တူတယ် ။ အတန်းခွဲ တစ်ခုရဲ့ အတန်းပိုင် ဆရာ/မ ဟာ အဲ့ဒိ အတန်းထဲမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေး ( အမှတ်ကောင်းရေး မကောင်းရေး အဆင့် အနဲအများ နောက်ဆုံး စာမေးပွဲ အောင်ရှုံး ) အားလုံး ကို ချယ်လှယ်ပိုင်ခွင့် ရှိနေပါတယ် ။ ကျောင်းသား ကျောင်းသူတွေမှာ ရွေးချယ်ခွင့်မရှိပါဘူး ။ လေးစားသည်ဖြစ်စေ မလေးစားသည်ဖြစ်စေ ၊ ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ၊ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည် ဖြစ်စေ အမှတ်ကောင်းကောင်းရဖို့ အဆင့် ၁မှ၁ဝ အတွင်းဝင်ဖို့ စာမေးပွဲ အောင်ဖို့ အတန်းပိုင် ဆရာ/မ ဆီမှာပဲ ကျူရှင်ယူရပါတော့တယ် ။ ကျန်တဲ့ မြို့နယ်တွေ ကျောင်းတွေမှာတော့ မသိ ။ နေဝန်းနီရဲ့ အနီးအနားက ကျောင်းမှာကတော့ ကျောင်းမှာ သင်တဲ့ ဆရာများ သူ့ အတန်းအလိုက် စုဖွဲ့ပြီး ဘာသာစုံ ကျူရှင်လုပ်ပါတယ် ။ ဥပမာ – ငါးတန်း ဆိုပါတော့ ….. ။ ငါးတန်းမှာသင်ရတဲ့ ဘာသာရပ် ဆိုင်ရာ ဆရာ/မ အားလုံး စုဖွဲ့ပြီး သင်တဲ့ ဘာသာစုံ ကျူရှင်ပါ။ ကျောင်းသား မိဘက စီစဉ်ပေးတဲ့ နေရာမှာ ဆရာ/မ အားလုံး လာသင်ကြပါတယ် ။ လာတက်တဲ့ ကျောင်းသားကလည်း ဘာသာစုံ သင်ပြီး ကျူရှင်လခက တစ်လ တစ်သောင်းခွဲ လောက်ရှိပါတယ် ။ ကိုယ်မလိုက်နိုင်တဲ့ ဘာသာရပ် တစ်ခု ချင်း ယူလို့မရပါဘူး ။ ကျောင်းက ဆရာတွေပဲ အပြင်မှာသင်ပြီး အားလုံး အတွက် တစ်သောင်းခွဲကျပါတယ် ။ ဆိုတော့ နစ်နာသူက ပိုက်ဆံမတတ်နိုင်တဲ့ ကျောင်းသားပါ ။ မိဘတိုင်း မထားနိုင်ပါဘူး ။ ဒီငါးတန်း ကျောင်းသားထက် အရေးကြီးတဲ့ မိသားတစ်စုလုံး ဝမ်းရေး ကျန်းမာရေး အဲ့ အတန်းကြီး ကိုးတန်းဆယ်တန်း ကျောင်းသား ရှိနေတယ်ဆို အတန်းကြီးသူကို ဦးစားပေးလိုက်ရတာနဲ့ ကျောင်းသားတိုင်း မတက်နိုင်ပါဘူး ။ ကျောင်းမှာ သင်တဲ့ ဘာသာရပ် ဆိုင်ရာ ဆရာ အားလုံး အပြင်မှာ ထပ်သင်တယ်ဆိုတော့ ကျောင်းမှာ သင်ရတဲ့ အချိန် မလောက်ငှ တာတော့ ဖြစ်နိုင်မယ်မထင်ပါဘူး ။ စာသင်သားတွေကို နားလည် ကျွမ်းကျင်စေချင်လို့ စေတနာ ထားတာလား ။ စဉ်းတော့ စဉ်းစား စရာပဲ ။ တွေးနေကျ ပုံသေနည်း အတိုင်း တွေးလိုက်မိတာကတော့ မြို့ပေါ် ဒါမှ မဟုတ် မြို့နဲ့ အနီးတစ်ဝိုက်က ကျောင်းတွေမှာ ဆရာတွေပိုနေပြီး အတန်းလက်ကိုင်မရှိတဲ့ ဆရာ/မ တွေအတွက်ပါ ဂွင်ဖန် လိုက်တာ လို့ ရိုးရိုး လေး တွေးရင်း သက်ပြင်း လေးလေး ချလိုက်မိပါတယ် ။
ပညာရေး အကြောင်းပြောရင်း တစ်နွယ်ငင် တံစဉ်ပါ ကျူရှင် အကြောင်းဖြစ်သွားတယ် ။ အဲ့ဒိတော့ ပညာရေး ဘက်လှည့်လိုက်ဦးစို့ရဲ့ ။ နေဝန်းနီ ပြောတာ ရှုပ်သွားလား ။ စောစောက ပြောနေတဲ့ ကျူရှင်ဆိုတာလည်း ပညာရေး အကြောင်းပဲ ဘယ့်နှယ် ပညာရေး ဘက်လှည့်လိုက်မယ် ဆိုတော့ …..။ အဲ့ဒိလိုများ မတွေးလိုက်ပါနဲ့ ။ နေဝန်းနီ ပြောတဲ့ ပညာရေး ဆိုတာ ကျောင်းသင် ပညာရေးကိုပြောတာပါ ။ နေဝန်းနီ အသက် အတိုင်းအတာအရ ကျောင်း ဆရာ/မ တွေ ထဲမှာ ကျောင်းနေဘက်တွေ များပါတယ် ။ ကမ္ဘာကျော် အရေးအခင်းကာလ ကျောင်းတွေ အကန့်အသတိမရှိ ပိတ်ထားစဉ် (တစ်ကယ်တော့ တက္ကသိုလ်တွေ ပိတ်ထားပေမဲ့ အခြေခံ အထက်တန်းကျောင်းတွေက ပြန်ဖွင့်နေပြီ ) ရရာ အလုပ်ဝင်လုပ်ကြစဉ် အဲ့ဒိအချိန်က အလွယ်အကူဆုံးနဲ့ ဈေးအချိုဆုံး ( ပညာရေးမှူးကို တိုက်ပုံ တစ်ဝတ်စာ လောက် ကန့်တော့ ရင် ဆရာ/မ ခန့်ပါတယ် ။ အလွယ်အကူဆုံး ဆ်ိုတာက လျှောက်လွှာ တင်တဲ့သူတိုင်း နီးနီး ခန့်ပါတယ် ။ အရေအတွက်ကန့်သတ်ချက် သိပ်မရှိပါဘူး ။ ကျန်တဲ့ ဌာန ဆိုင်ရာတွေက အလုပ်ခေါ်ရင် အလွန်ဆုံး ခန့်နိုင်တာက သုံးယောက်ပါ ။ ဒီတော့ ပညာရေးမှာ လျှောက်လွှာတင်ထားပြီး အလှည့်စောင့်တာက ပိုသေချာပါတယ် ) က ပညာရေးပါ။ ကျန်တဲ့ ဌာန ဆိုင်ရာတွေမှာက အလွန် အင်မတန် နီးစပ်တာတောင်မှ သူ့အလှည့် ကိုယ့် အလှည့် ရှိနေတော့ တစ်ချို့ ဌာနတွေဆို ငွေပုံပေးတာတောင် မရပါဘူး ။ ခန့်ခွင်ရှိတာက တစ်ယောက် ဦးစီးမှူးသားလည်း ဝင်လုပ်ချင်တယ် ။ ဒုဦးစီး မှူးသမီးကလည်း ကျောင်းတွေပိတ်ထားလို့ အလုပ်ဝင်ဖို့ ပြင်နေတယ်ဆို ….. ထုံးစံအတိုင်း ဦးစီးမှူးသားက အရင်ဝင် နောက် ခန့်ခွင့်ကျလာရင် ဦးစီးမှူး သမီးအလှည့် ။ နောက် ရုံးအုပ်ကြီးကလည်း သူ့တူမ သွင်းချင်လို့ ။ ရုံးအကူ သမီးလေးလည်း ဆယ်တန်းအောင်ပြီးသား ။ အဲ့တော့ အပြင်လူ အစိမ်းသက်သက် ဝင်မတိုးသာပါဘူး ။ ဘာအဆက်အသွယ်မှ မရှိပဲ လျှောက်လွှာ အတင်ခံတာက မြို့နယ်ပညာရေးမှူးရုံးပါ ။ ဆိုတော့ကာ ……. အုတ်အရောရော ကျောက်အရောရော ဝင်လုပ်ကြတဲ့ ကာလတစ်ခု ရှိခဲ့တာကြောင့် ဝါသနာ မပါပဲ စေတနာမရှိပဲ အနစ်နာ မခံတတ်တဲ့ ဆရာ /မ တွေ ပါလာပါတော့တယ် ။ ဒါအဆန်းတစ်ကျယ်လည်းမဟုတ်ပါဘူး ။ အချိန်ကာလ တစ်ခုရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်ခဲ့တာပါ ။ သူတို့ဘာတွေ ပြောနေသည်ဖြစ်စေ နေဝန်းနီရဲ့ ကျောင်းနေဘက် ဆရာ/မ တွေ အကြောင်း နေဝန်းနီ တော်တော်လေးသိပါတယ် ။ တစ်ချို့ ထွက်ပြီး အပြင်ရောက်ကုန်တာရှိတယ် ။ တစ်ချို့လည်း မအိုဆေးကြောင် လူ့လောကက ထွက်သွားကုန်ပြီ ။ နောက် အနီးစပ်ဆုံး ကောက်ချက်တစ်ခုကိုချရမယ်ဆိုရင်ဖြင့် ပညာရေးဟာ ပညာတစ်ပိုင်းတန်းလန်းနဲ့ လူငယ်တွေရဲ့ လက်ထဲထည့် ပြီး စမ်းသပ်ခဲ့ရလို့ ပညာရေးဟာ ပြင်ပြီးရင်းပြင်းရင်းနဲ့ လုံးလည် ရှာလည် လိုက်သွားပုံရပါတယ် ။ အလုပ်ဝင်စ လူငယ်တွေဟာ ကိုယ့်ကိုကိုယ် ပညာရေး မပြီးဆုံးသေးဘူးဆိုတာသိနေတယ် ။ တက္ကသိုလ်တွေ ပြန်ဖွင့်လိုက်တဲ့အခါမှာလည်း ကိုယ့်စိတ်ကိုယ် မထိန်းသိမ်းနိုင်ကြဘူး ။ ကိုယ်သင်ပေးနေရတဲ့ တပြည့်တွေရဲ့ မျက်နှာကို မထောက်ပဲ ဝုန်းဝုန်းဒိုင်းဒိုင်း ကိုယ့်အတွက်ကိုယ်ပဲကြည့်ပြီး ကျောင်းပြန်သွားတက်ဖို့ လုံးပမ်းရင်း မိမိ လုပ်ငန်းခွင်ကိုလှည့်မကြည့်တော့ဘူး ။ တစ်ချို့ ဆို သုံးလေးလ ခွင့်ရအောင် ကြံဖန်ပြီး နေ့ကျောင်းကို ရအောင်တက်တယ် ။ ( အဲ့ ဒိအချိန်က ကိုယ်ရမဲ့ လစာ ကျောင်းအုပ်ကို ပေးထားရင် အဲ့ကျောင်းဆရာ ကျောင်းမလာလေ ကောင်းလေ ဆိုတဲ့ ကျောင်းအုပ်တွေပေါ်လာတယ် ) ။ နောက် တက္ကသိုလ် စာမေးပွဲတွေ က အရင်လိုမတင်းကြပ်တော့ဘူး ။ အဲ့ဒိတော့ အရင်က စာမေးပွဲခန်းထဲ ဘယ်ညာမလှည့်ရဲတဲ့ သူတွေကတောင် လက်တည့်စမ်းပြီး စာကူးချ ဖို့ လုံးပန်းလာတယ် ။ ရမှန်းသိတော့ ဒီလို ဖြေလည်း အောင်တာပဲ ၊ စာကျက်နေရင် ပင်ပန်းတယ် ဆိုတဲ့ စိတ်လေးတွေ ဝင်လာပြီး တက္ကသိုလ်ပေါင်းစုံ စာခိုးပွဲတွေ ကျင်းပလာတာ ဆယ်စုနှစ်တစ်ခုစာ လောက်ရှိမလားပဲ ။ တက္ကသိုလ်မှာ ဒီလိုပဲ ဆိုတော့ ဆယ်တန်း ကျောင်းသားတွေကကော ဘယ်နေလိမ့်မလဲ ။ ရှေ့ဆောင်နွားတွေမှ ဖြောင့်ဖြောင့်မသွားတာ ။ သူတို့က ပိုဆိုးသေး ။ စာမေးပွဲ အခန်းစောင့် လာဘ်ထိုးပြီး အခန်းတံခါးပ်ိတ်ကူးသတဲ့ ။ သားသမီး စိတ်ချမ်းသားရင်ပြီးရော ဖျက်ဆီးမဲ့ မိဘ ရှိတာကိုး ။ ဒီတော့ ရိုးရိုးသားသား ဖြေမဲ့ ကျောင်းသား ရှိရင်တောင် တော်တော် သိမ်ငယ်ရမှာ ဆိုတော့ကာ မပြင်ခင်ကတည်းက ဖရိုဖရဲ ပြင်လိုက်တော့ x အိုဖြဲ ဆိုသလိုပဲ ။
သိပ်ပြီးရှည်လျားလွန်းတော့ ဟုန်သွားမှာစိုးတာရယ် ။ ကြားဖြတ် ဘာတွေများ မှတ်ချက်ပေးမလဲ သိချင်တာရယ်ကြောင့် ဒီနေရာမှာ ခဏ ရပ်ထားပါမယ် ။ နောက်ဆက်လက်ပြီး ပြောင်းလဲလာတာတွေ ပြောင်းလဲသင့်တာတွေ ဆက်ပြီးပြောပါ့မယ် ။ ကျနော်တွေးမိသလောက်ပဲဖြစ်တဲ့ အတွက် သိပ်ပြီးတော့ မျှော်လင့်ချက်မထားစေချင်ပါဘူး ။
နေဝန်းနီ
4 comments
မင်း ခန့် ကျော်
June 21, 2014 at 6:47 am
ကျောင်းသားမိဘ တယောက်အနေနဲ့
လက်ရှိမြန်မာပြည်အနေအထာအရ များများစားစား
ပြင်ဖို့မတောင်းဆိုချင်ပါဘူး။
မြို့နယ်အလိုက် ကိုယ်ပိုင်ကျောင်းတွေကို အစိုးရကမြေဌားပြီး
ကျောင်းလခ သင့်တင့်တဲ့နူံန်းနဲ့ ဖွင့်ဖို့ပဲလိုလားပါတယ်။
ခု အထက ကျောင်းတွေမှာ ၁ဝ တန်း စာမသင်ဘူးလို့
ပြောနေကြတယ်။ အပြင်ကျူ ရှင်တတ်ကြတာပဲဆိုပြီးတော့။
alinsett (gazette)
June 21, 2014 at 7:42 am
အခု ပညာရေးကို မပြောင်းပဲ လဲနေကြတာတွေကိုဆက်ကြည့်နေမလား
ပြောင်းလိုက်လို့ လဲ မလဲ မသေချာတာကို စွန့်စားကြည့်မလား
ကျနော့်သဘောဆိုရင်တော့
ပြောင်းစေချင်တာပါပဲ
လဲကာမှ လဲရောပေါ့
အခုလည်း လဲနေမယ့် အတူတူ
Paing Lay
June 21, 2014 at 2:59 pm
မူလတန်းကတော့ နည်းနည်းငြိမ်သွားပြီး အခု အဝေးသင်ပညာရေးကို အဆင့်မြှင့်မယ်ဆိုတော့ ဒုံရင်းကဒုံရင်းဖြစ်နေတုန်းပဲ 🙁
ဇီဇီ
June 21, 2014 at 6:21 pm
ဆြာ နီ
လေကုန်တယ်။
ပညာရေးတော့ ပြောမနေပါနဲ့တော့။
ဒင်းတို့ အမြစ်မပြတ်မချင်း တိုင်းပြည်ရဲ့ ဘာရေးညာရေးပြောရတာ ကျောက်ခဲက ရေညှစ်နေရသလိုပဲမို့။
🙁
တိုင်းပြည် ကောင်းကျိုး စေတနာမရှိ
မလုပ်တတ်မကိုင်တတ်
ပညာမဲ့ အစိုးရထက်စာရင်တော့
ရေစိုနေတဲ့ ကျောက်တုံးဆီကမှ ရေစက်လက် ကျဖို့ မျှော်လင့်ချက်ရှိသေးးးး
:hint: