ခိုးခိုးခစ်ခစ် ရုပ်ရှင်ဇာတ်ကား အကြောင်း…။
ခိုးခိုးခစ်ခစ် (မြန်မာ့ရုပ်ရှင် ခံစားမှု)
ပြီးခဲ့တဲ့ စနေညက ပါရမီစိန်ဂေဟာမှာရှိတဲ့ Top Royal ရုပ်ရှင်ရုံမှာ ခိုးခိုးခစ်ခစ် ဆိုတဲ့ မြန်မာရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။
ဆရာမင်းလူ ဆိုတဲ့ နာမည် တစ်ခုတည်းနဲ့ ရုံထဲရောက်သွားခဲ့တယ်ဆိုတာ ဝန်ခံရမှာပါ။
ပါဝင်တဲ့ သရုပ်ဆောင်အင်အားလောက်နဲ့တော့ ကျွန်တော့်ကို ရုပ်ရှင်ရုံထဲရောက်သွားအောင် မစွဲဆောင်နိုင်ပါ။
ဒါရိုက်တာဥက္ကာဗို ဆိုတာကိုလည်း သိတ်မရင်းနှီးတော့ ဆရာမင်းလူ ရဲ့ ဝတ္တုဇာတ်ညွှန်းသာ မဟုတ်ခဲ့လျှင်
ဒီဇာတ်ကားကို ကြည့်ဖြစ်လိမ့်မည် မထင်။
ကျွန်တော်တို့ ကြည့်တဲ့ ည ကိုးခွဲ ရှိုးမှာ ပရိသတ်က ရုံတစ်ဝက်လောက်သာရှိပါသည်။
ရုပ်ရှင်ဆိုပေမယ့် မင်းလူ ရဲ့ ဇာတ်ကောင်တွေနဲ့ ရင်းနှီးပြီးဖြစ်နေလို့ မင်းလူဝတ္တု ပြန်ဖတ်နေရသလို
ခံစားရပါတယ်။
ဇာတ်လမ်းကတော့ ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်လေးတစ်ခုအတွင်းက
အဖြစ်အပျက်တွေကို စုစည်းပြီး ဇာတ်လမ်းဆင်ထားတာပါ။ ဇာတ်လမ်းကို ပြန်ပြောပြစရာ လိုတော့မယ်မထင်လို့ မပြောတော့ပါ။
ခိုးခိုးခစ်ခစ် က ရယ်ရပါတယ်။ တစ်ရုံလုံး တဝါးဝါး တဟားဟားနဲ့ ကိုရယ်ရတာပါ။ တခြား မြန်မာရုပ်ရှင်တွေလို
သောက်မြင်ကတ်စရာ ပျက်လုံးတွေ နဲ့ ရယ်ရတာမျိုးမဟုတ်ပါဘူး။ ဟာသလုပ်နေတာလို့ မထင်ရပဲ ရယ်နေရတာပါ။
ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ အဖြစ်အပျက်တွေနဲ့ ဇာတ်အစမှ အဆုံးတိုင် ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဆိုတော့…ကျွန်တော့် ရုပ်ရှင် ကြည့် သက်တမ်းအရ ပြောရရင် ဒါဟာ ဇာတ်ညွှန်း ရဲ့ ပံ့ပိုးမှု ကောင်းလို့ပါ။
အားနည်းချက် တချို့ တွေ့မိတာလေးလည်း ပြောလိုက်ပါရစေဦး။
ဇာတ်ကောင်တစ်ယောက်ဖြစ်သည့် ဓါတ်ခဲ ပါဝင်သော အခန်းများမှာ ဇာတ်လမ်းစီးဆင်းမှုနှင့် မဆိုင်သလို
သီးသန့်ကြီးဖြစ်နေခဲ့ခြင်းကတော့ ဇာတ်ညွှန်းရဲ့ အားနည်းချက်လို့ မြင်မိပါသည်။
သရုပ်ဆောင်တွေဘက် လှည့်ကြဦးစို့။
ဒီဇာတ်ကားမှာ အပေါ်လွင်ဆုံးဖြစ်အောင် သရုပ်ဆောင်သွားနိုင်တာက လှထုံအဖြစ်သရုပ်ဆောင်တဲ့
ဆုပန်ထွာပါ။ ဆုပန်ထွာ ဟာ သရုပ်ဆောင်နေတယ်လို့ မထင်ရအောင် ထုံ ပြနိုင်ခဲ့ပါတယ်။
ဆုပန်ထွာ ထုံပုံထုံနည်းက မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်နဲ့ ထုံ တာခင်ဗျ။
တစ်ခုတော့ ပြောစရာ ရှိခဲ့ပါတယ်။
ဆုပန်ထွာဟာ ဒီကားမှာ ဇာတ်လမ်းကလိုအပ်တာထက် ပိုလှနေခဲ့တာပါ။ ပြီးတော့ သူမဟာ လှထုံ ဆိုတဲ့ ကောင်မလေးရဲ့
ရှိသင့်တဲ့ရုပ်ထက် အလှတွေ ပိုပြင်ထားခဲ့တာပါပဲ။ သူတို့နေတဲ့ ရပ်ကွက်နဲ့ မတန်လောက်အောင်ကို လှထုံကလှနေခဲ့တာပါ။
ပြောချင်တာက ဆုပန်ထွာဟာ ဒီကားမှာ လိုအပ်တာထက် အလှပြင်ခဲ့ပါတယ်ဗျာ။ ဟုတ်မဟုတ် ခင်ဗျားတို့ ကြည့်…ကြည့်ကြဦးပေါ့။
အဲဒီ့ အားနည်းချက်လေးကလွဲလို့ ဆုပန်ထွာ တစ်ယောက် အိုကေခဲ့ပါတယ်။
လှထုံရဲ့ ယောက်ျား ကျော်ကွန့် အဖြစ် သရုပ်ဆောင်တဲ့ နေဆန်းကလည်း အပိုအလိုမရှိ သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။
နေဆန်းဟာ အရင်က ကျော်ကွန့် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဗျိုက် ထက် ပိုကောင်းအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
နေဆန်း ဟာ အမှတ်ပြည့်မရခဲ့ရင်တောင် ဂုဏ်ထူးမှတ်ရလောက်သည်အထိ ကျော်ကွန့်စရိုက်ကို သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
နောက်…ကိုကြီးငွေ အဖြစ် ရဲအောင်…။ ကိုကြီးငွေရဲ့ မိန်းမ မသီးအဖြစ် ခင်မို့မို့အေး တို့က သရုပ်ဆောင်ခဲ့ကြပါတယ်။
ရပ်ကွက် ဝေယျာဝစ္စအဖွဲ့မှာ လူကြီးဖြစ်ချင်တဲ့ ကိုကြီးငွေ အဖြစ် သရုပ်ဆောင်တဲ့ ရဲအောင်ကိုလည်း အမှတ်ပြည့်မပေးပေမယ့်
ဂုဏ်ထူးမှတ်တော့ ပေးလိုက်ပါတယ်ဗျာ…။ မသီးအဖြစ် သရုပ်ဆောင်တဲ့ ခင်မို့မို့အေးကတော့ သာမန်ပါပဲ…။
ယောက်ျား ဖြစ်တဲ့ ရဲအောင်ကို အော်ဟစ်ဆူပူ တဲ့ အခန်းတွေမှာ လိုအပ်တာထက် သိသိသာသာကြီးကို အသံကျယ်လွန်းနေပါတယ်..။
ခင်မို့မို့အေးကိုတော့ အောင်မှတ်လောက်ပဲ ပေးပါရစေခင်ဗျ…။
အဓိက ဇာတ်လိုက်တွေ ဖြစ်ကြတဲ့ မောင်ဝ (မင်းမော်ကွန်း) နဲ့ ရွှေကြည် (စိုးပြည့်သဇင်) တို့ ကတော့
သူတို့ အခန်းသူတို့ တာဝန်ကျေအောင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်…။ မင်းမော်ကွန်းကတော့ လူရိုးလူဖြောင့် စိတ်အလွန်ဆတ်သူ
စရိုက်ကို အပိုအလို မရှိ ကွက်တိ သရုပ်ဆောင်နိုင်ခဲ့ပါတယ်…။ သူ့ကိုလည်း ကျွန်တော်က အောင်မှတ်လောက်ပဲ ပေးချင်တာခင်ဗျ…။
စိုးပြည့်သဇင် ကတော့ ရိုးရိုးအအ ကောင်မလေး…၊ အမေမုဆိုးမကြီး (မေသဉ္ဇာဦး) နဲ့ အမေတစ်ခုသမီးတစ်ခု နေရတဲ့…အားကိုးရာမဲ့
ဘဝကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်…။ စိုးပြည့်သဇင်ကိုတော့ ကျွန်တော်က ဂုဏ်ထူးမှတ်ပေးလိုက်ချင်ပါတယ်ဗျာ…။
အမေမုဆိုးမကြီးအဖြစ် သရုပ်ဆောင်တဲ့ မေသဉ္ဇာဦးကလည်း ကရုဏာ သက်လောက်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်…။
သမီးဖြစ်သူ ကို ရေစည်လှည်းတွန်းတဲ့ မောင်ဝ နဲ့ သဘောတူထားပေမယ့်…မောင်ဝက ငွေကြေးအဆင်မပြေသေးတော့ တောင်းရမ်း
လက်ထပ်မယူနိုင်…၊ လူတွေကလည်း တွေ့တိုင်း ဘယ်တော့ယူကြမှာလဲဟုမေးနေကြသဖြင့် မျက်နှာပူ…၊ နောက်ဆုံး မောင်ဝက
ညဘက်ကြီး အိမ်တံခါးလာခေါက်လို့ တံခါးဖွင့်ပေးလိုက်တဲ့အခါ မောင်ဝ (မင်းမော်ကွန်း)က သမီးဖြစ်သူလက်ကို ဆွဲယူပြီး ရွှေကြည့်ကို
ကျွန်တော်ခိုးပြီဟု ပြောတဲ့ အခန်းမှာ မေသဉ္ဇာဦးရဲ့ သရုပ်ဆောင်ချက်တွေ သိတ်ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့တော့ ဒီကားမှာ
မေသဉ္ဇာဦးကြီးကို အကယ်ဒမီ ပေးရလောက်အောင် ကောင်းခဲ့တယ်လို့ မှတ်ချက်ပေးပါရစေ..။
အမှတ်အနေနဲ့ပြောရရင်တော့ တစ်ရာအပြည့် ပေးလိုက်ပါတယ်ဗျာ…။
ကျန်တဲ့ သရုပ်ဆောင်တွေထဲမှာတော့ ဓါတ်ခဲ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ နေဒွေး ကတော့ ဇာတ်အရကို နေရာ သိတ်မရခဲ့ရှာပါဘူး…။
ဒီကားမှာ ဓါတ်ခဲရဲ့ စရိုက်က ချစ်စရာကောင်းသော ရွှတ်နောက်နောက် ကောင်လေးတစ်ယောက်ပါ…။
ဒီကားမှာ ဓါတ်ခဲဟာ ကျန်တဲ့ သရုပ်ဆောင်တွေရဲ့ အောက်မှာ မြုတ်နေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်…။
ဒါဟာလည်း ဇာတ်ညွှန်းရဲ့ အလိုတော်အရ ဖြစ်မှာပါ။
နေဒွေးဟာလည်း ဓါတ်ခဲအဖြစ် အောင်မှတ်လောက်ရအောင်တော့ သရုပ်ဆောင်နိုင်ခဲ့ပါတယ်…။
နောက်…ဦးကုလား တို့ လင်မယား အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဇင်ဝိုင်း နဲ့ ခင်စိုးပိုင်…။
သူတို့ရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ကျွန်တော်က အောင်မှတ်လောက်ပဲ ပေးပါရစေခင်ဗျာ…။
ဒေါက်တာ တုတ်ခိုင် အဖြစ်သရုပ်ဆောင်တဲ့ ရန်ပိုင်စိုး…၊ အပျိုကြီးဒေါ်ပွင့်အဖြစ် သရုပ်ဆောင်တဲ့ ဝါဝါအောင်…၊
စာကလေး အဖြစ် သရုပ်ဆောင်တဲ့ ဗေလုဝ…၊ လဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ပတေး နဲ့ ဘာနူး တို့လင်မယားအဖြစ်သရုပ်ဆောင်တဲ့…
ငှက်ပျော်ကြော်နဲ့ မျိုးမျိုးခိုင်…၊ ဦးဖိုးဗြော့ အဖြစ် သရုပ်ဆောင် တဲ့ ချစ်ဖွယ်…၊
တို့ကိုတော့ဖြင့် ဇာတ်ကို အကောင်းဆုံးပို့ပေးကြသူများ အဖြစ် ကျွန်တော်က သတ်မှတ်ချင်ပါတယ်…။
ပဲပြုတ်သည် ဒေါ်မှိန် အဖြစ် သရုပ်ဆောင်တဲ့ ဂွမ်းပုံကြီးကလည်း သွားတုကြီးတတ်လို့ သွားခေါခေါကြီးနဲ့
ကြိုးစားသရုပ်ဆောင်ခဲ့သော်ညားလည်း သူ့အတွက် အရည်အချင်းပြသခွင့်တော့ မရခဲ့ရှာပါဘူး…။
ညောင်ညောင် နဲ့ ဇော်ဇော်အောင် သရုပ်ဆောင်သွားတဲ့ ဇာတ်ကောင်နာမည်ကိုတော့ မမှတ်မိတော့ပါ…။ သရုပ်ဆောင်တာ ပုံမှန်ပါပဲ…။
အချုပ်ပြောရရင်…ဒီလို…သဘာဝကျကျ ရယ်ရတဲ့ မြန်မာရုပ်ရှင် ဇာတ်ကားမျိုးတွေ ကို မကြည့်ရတာ အတော်ကြာနေခဲ့ပါပြီ…။
အခု ခိုးခိုးခစ်ခစ် ဇာတ်ကားက သဘာဝကျကျ ဟာသရသ ကို ပေးစွမ်းနိုင်ခဲ့ပါသည်။
ဒါရိုက်တာကိုလည်း အမှတ်ပြည့် မပေးရင်တောင် ဂုဏ်ထူးမှတ်လောက်တော့ ပေးလိုက်ချင်ပါသည်။
ဒီဇာတ်ကားဖြင့်…ဒါရိုက်တာဥက္ကာဗို၊
ဇာတ်ညွှန်း…မင်းလူ၊
ကျော်ကွန့် အဖြစ် သရုပ်ဆောင်သော နေဆန်း၊
လှထုံအဖြစ် သရုပ်ဆောင်သော ဆုပန်ထွာ…၊
ရွှေကြည့်အမေ ဒေါ်ပန်းသာ အဖြစ် သရုပ်ဆောင်သော မေသဉ္ဇာဦး…၊
တို့ အကယ်ဒမီ ရနိုင်သည်ဟု ကျွန်တော် ခန့်မှန်းမိပါသည်…။
အကောင်းဆုံး ဇာတ်ကားဆုကိုလည်း ပေးရင်တော့ဖြင့် ရနိုင်ခြေ ရှိပါကြောင်းပြောကြားရင်း
ခိုးခိုးခစ်ခစ် ရုပ်ရှင်ဇာတ်ကား သုံးသပ်ချက် ကို ရပ်ပါရစေတော့ ခင်ဗျာ…။
35 comments
ဇီဇီ
June 23, 2014 at 1:02 pm
ဒါနဲ့
ရုံထဲ ကို ရောက်သွားတာ ကိုဘက် တစ်ယောက်တည်းလားးး
ရုပ်ရှင်ကြည့်ဖော်လေး ဘာလေး ပါသေးလားးးး
😀
ဒီကားကတော့ အွန်လိုင်း လာမှ ကြည့်လို့ ရတော့မယ်။
ကျေးဇူးပါ။
:s:
black chaw
June 23, 2014 at 1:10 pm
အမှန်က ဒီပို့စ်က ချိုပေါ့ကျ ထဲ ထည့်ဖို့ ရေးထားတာဗျ…။
အဲဒါ…ကိုမိုက်နဲ့ ၂ ယောက်တည်း အရက်ချိန်းသောက်ကျတုန်းက
နည်းနည်းလေး ရီဝေဝေ ဖြစ်လာတော့ ကိုမိုက်က ပြောတယ်…။
ပို့စ်အရှည်ကြီးတွေ တင်ရင် ကျွန်တော် သိတ်စိတ်ညစ်တာပဲ…တဲ့…။
ကော်နက်ရှင် က စုတ်ရတဲ့ အထဲ ပို့စ်ကရှည်တော့ ပွင့်ဖို့ စောင့်ရတာကို
စိတ်ကုန်တယ်တဲ့…။
အဲဒါနဲ့ ဦးဘလက်လည်း အမြင်မှန်ရပြီးသကာလ…
တစ်ပုဒ်ချင်းခွဲလို့ တင်နေတာပါဗျာ…။
ဆိုတော့ ရုပ်ရှင်ဇာတ်ကား ဝေဖန်ထားတာ ဘယ်လိုနေလဲ
ဆိုတာလေး သုံးသပ်ပေးပါဦးခင်ဗျ…။
ဇီဇီ
June 23, 2014 at 1:14 pm
ဒီ ကား က ဇာတ်လမ်းထက် ဇာတ်ကောင် စရိုက် အသားပေးမို့ ကိုဘက် ဝေဖန်ထားသလောက် ဇာတ်ကောင်နဲ့ အမူအရာတွေ အကြောင်း က ပြည့်စုံပါတယ်ဗျ။
အချင်းချင်း စကားပြောကြရင်းနဲ့ ရုပ်ရှင်ကောင်းတစ်ခု အညွှန်းခံလိုက်ရသလိုပါပဲ။
🙂
alinsett (gazette)
June 23, 2014 at 1:36 pm
ကြည့်ဖြစ်အောင် ကြည့်မယ်
အိုကွာ . . .
ဦးရီးတော်ဘလက်ရဲ့ အညွှန်းဖတ်လိုက်တော့မှ ပိုကြည့်ချင်လာပြီ
ဆိုတော့
မနက်ဖြန် အင်္ဂ ါနေ့ နားရက်မို ့ အပြေးလေးသွားကြည့်တော့မယ်ဗျာ
black chaw
June 23, 2014 at 1:38 pm
ချင့်ယုံနော် ညီလေးရေ…။
တော်ကြာ သွားကြည့်ပြီးမှ
ပြောသလောက်မဟုတ်ပါဘူးဆိုရင်
ခက်ရချည့်ရဲ့…။
😀
kyeemite
June 23, 2014 at 1:53 pm
ကျုပ်လည်း ဗမာကားတွေမကြည့်တာကြပြီ ရဲဘော်ဘလက်ရ
ပိုဆိုးတာက အခုခေတ်ပေါ်ရုပ်ရှင်ရုံတွေမှာ တစ်ခါမှ မကြည့်ဖူးတာပဲ…
ခီများက ရုပ်ရှင်ဝေဖန်ရေးလည်းရသကိုးဗျ….ကောင်းပါလေ့…
“ဆုပန်ထွာဟာ ဒီကားမှာ ဇာတ်လမ်းကလိုအပ်တာထက် ပိုလှနေခဲ့တာပါ။ ပြီးတော့ သူမဟာ လှထုံ ဆိုတဲ့ ကောင်မလေးရဲ့ရှိသင့်တဲ့ရုပ်ထက် အလှတွေ ပိုပြင်ထားခဲ့တာပါပဲ။
သူတို့နေတဲ့ ရပ်ကွက်နဲ့ မတန်လောက်အောင်ကို လှထုံကလှနေခဲ့တာပါ။
ပြောချင်တာက ဆုပန်ထွာဟာ ဒီကားမှာ လိုအပ်တာထက် အလှပြင်ခဲ့ပါတယ်ဗျာ။ ”
ကျုပ်ပြောချင်တာကတော့..ဗမာကားတွေရဲ့ အဓိကအကျဆုံး အားနည်းချက်က
Costume ပဲဗျ…ဇတ်ဝင်ခန်းနဲ့ လိုက်ဖက်တဲ့ အဝတ်အစား အပြင်အဆင်ကို ဒါရိုက်တာတွေ
သိပ်မတင်းကြပ်ပဲ မင်းသမီး မင်းသားကို အလိုလိုက်တာပဲ…..
ဥပမာ ဈေးသယ်က မိတ်ကပ်အဖွေးသားနဲ့ မျက်တောင်တုနဲ့လိုဟာမျိုးပေါ့..
စိတ်ကုန်တယ် :boss:
black chaw
June 23, 2014 at 1:59 pm
တစ်ခါလောက် ရုပ်ရှင်ကြည့်ကြရအောင်ဗျာ…။
ပုလင်းလေးနဲ့ အမြည်းလေးတွေ ထည့်ပြီး
ရုံထဲမှာ သောက်ရင်းစားရင်း ရုပ်ရှင်ကြည့်…။
ဝိုး…ရေး…ကောင်းလိုက်မယ့်ဖြစ်ခြင်း…။
😀
လုံမလေးမွန်မွန်
June 23, 2014 at 2:15 pm
ကျွန်မကတော့ ခုလိုရေးထားတာတွေ ဖတ်မိရုံနဲ့တင် ဒီလိုစာအုပ်မျိုး တရားဝင်ထွက်လာတာကို ကန့်ကွက်ပါတယ်။ ဘာလို့လည်းဆိုတော့ လူ့ကျင့်ဝတ်နဲ့ မညီလို့ပါ။
အရင်က ဆရာကြီး ပီမိုးနင်းရဲ့ စာအုပ်တွေ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ် ဒီလိုမျိုး လူ့ကျင့်ဝတ်ဖောက်ပြန်မှုတွေနဲ့ တန်ဆာဆင်မထားဘူးလို့ ထင်ပါတယ်။ တရားဝင်ထွက်လာတဲ့စာအုပ်ကို မျိုးဆက်သစ်တွေ ဖတ်မိရင် အမှန်တရားလို့ ထင်သွားမှာ စိုးရိမ်ရပါတယ်။
ကျွန်မထင်တာကို ပြောရရင် မြန်မာနိုင်ငံမှာ မုဒိန်းမှုတွေများလာတာ အဲဒီအပြာစာအုပ်တွေကြောင့်ပါ။ ဖုန်းထဲက သတင်းနဲ့ပတ်သက်တဲ့ app တစ်ခုမှာ Blue books ဆိုတဲ့ Subtitle တစ်ခု ပါလာပါတယ်။ အပုဒ် ၃ဝ ကျေ်ာလောက်တော့ ရှိမယ်။ တွေ့တော့လည်း ဖတ်မိတယ်ပေါ့။ လူ့ကျင့်ဝတ်ဖောက်ပြန်မှုတွေနဲ့ တန်ဆာဆင်ထားတာကို စိတ်ပျက်စရာကောင်းလောက်အောင် တွေ့လိုက်ရတယ်။ ဆရာမနဲ့ ကျောင်းသား၊ အဒေါ်နဲ့ တူအရင်း၊ မောင်နှမအရင်းခေါက်ခေါက်၊ သားအဖ၊ နောက် အသက်မပြည့်သေးတဲ့ အိမ်ဖော်…အို အစုံပဲ။ အဲဒီတော့ ဖတ်မိတဲ့သူတွေက ဒါတွေကို အဟုတ်ထင်မယ်၊ ဖတ်ရတဲ့အတိုင်း ဟုတ်မလားဆိုပြီး လက်တည့်စမ်းမယ်၊ ဒီလိုနဲ့ ညံ့ဖျင်းလှတဲ့ ပညာရေးစနစ်၊ နိမ့်ကျတဲ့ လူနေမှုအဆင့်အတန်းအောက်မှာ အမှားအမှန် မခွဲခြားနိုင်တော့ပဲ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ မုဒိန်းမှုတွေ ဖြစ်လာတော့တာပဲ။
ဒါကြောင့် သာမန်လိင်ပညာပေးမဟုတ်ဘဲ လူ့ကျင့်ဝတ်ဖောက်ပြန်မှုတွေနဲ့ တန်ဆာဆင်ထားတဲ့ ဒီလိုစာအုပ်မျိုး တရားဝင်ထွက်လာတာ ရှုံ့ချပါကြောင်း…
black chaw
June 23, 2014 at 2:19 pm
ဟဲ့ကောင်မလေးရဲ့..။
ပို့စ်မှားပြီး ကွန်းမန့်လာပေး နေတယ်ဟဲ့…။
ဒီမှာက ခိုးခိုးခစ်ခစ်
စာဂျပိုးတွေ က အပြာရောင်စကားဝိုင်း…။
😀
လုံမလေးမွန်မွန်
June 23, 2014 at 2:56 pm
အူးလေးရေ …ရှင်းပြခဲ့တဲ့အတိုင်း ဖုန်းနဲ့သုံးရခြင်းရဲ့ ဒုက္ခပေါ့။ ရုံးက စက်နဲ့သုံးရင်လည်း တော်တော်နဲ့မပွင့်ဘူး။
မြန်မာကားတွေက သဘာဝမကျတာ များတယ်။ အိမ်မှာနေတဲ့ အမေက မိတ်ကပ်လိမ်း၊ ဆံထုံးထုံး၊ ဝမ်းဆက်ဝတ် …ဘယ်လိုမှ အဆင်မပြေဘူး။
နောက် ရှင်နဲ့ကျွန်မ ဇာတ်လမ်း။ သမီးရဲ့ပတ်ဝန်းကျင်မှာ အခုမှသိတဲ့သူကိုရော၊ ခင်နေတဲ့သူကိုရော ရှင် နဲ့ ကျွန်မ ပြောတာ မကြားဖူးဘူး။ ဇာတ်လမ်းထဲမှာကတော့ ရိုးနေပြီပေါ့။
နောက်ဆုံးပြောချင်တာကတော့ အချိန်ဆိုတာကြီးကို ရှာမရတဲ့ သမီးအတွက် ရုပ်ရှင်အညွှန်းလေးဖတ်လိုက်ရတာ ကျေးဇူးပါလို့။
black chaw
June 24, 2014 at 10:33 am
@ လုံမလေးမွန်မွန် ;
စမ်းရေးကြည့်လိုက်တာဗျ…။
ကြိုက်ကြတယ်ဆို နောက်လည်း ရေးမှာပေါ့…။
မြှောက်မပေးနဲ့နော်…ဟေးဟေး…။
Paing Lay
June 23, 2014 at 3:07 pm
ညွှန်းလှချည်လား အူးဘလက်ရေ ဆရာမင်းလူရဲ့ ဇာတ်ညွှန်းမို့ ခွေထွက်လာရင်ကြည့်ဖြစ်အောင်ကြည့်ဦးမယ်ဗျို့။ မြန်မာကားတွေကို အနော်လည်း မေ့ထားတာ အချိန်တော်ကြာခဲ့ပါပြီ။ အနော်က ဆရာမင်းလူရဲ့ အမာခံပရိတ်သတ်တစ်ဦးပါဗျ။ လူသာသေပေမယ့် အနုပညာဟာ မသေဆုံးဘူးဆိုတာ ယုံကြည်နေဆဲပါ။ ဆရာ့ရဲ့ သဘာဝမျိုးဆက်တွေလည်း အဓွန့်ရှည်တည်တံ့ပါစေလို့ ဆုတောင်းရင်းးးးးးးးးးးးးးးးးးးးးးးးးးးး
black chaw
June 24, 2014 at 10:36 am
@ Paing Lay ;
ဟေ့…ညွှန်းတာမဟုတ်ဘူးနော်…။
ဒီရွာထဲ မင်းလူပရိသတ်တွေက များလွန်းလို့
မင်းလူ နောက်ဆုံး ဇာတ်ညွှန်းရေးသွားတဲ့ ရုပ်ရှင်ကို
ဝေဖန်သုံးသပ်ကြည့်မိတဲ့ သဘောပါ…။
အကြိုက်ခြင်းတော့ တူချင်မှ တူမယ်နော်…။
Ma Ma
June 23, 2014 at 3:38 pm
စိန်ခင်မောင်ရင်ရေးတဲ့ ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ဆိုတာကို သွားသတိရတယ်။
ရုပ်ရှင်ရုံသွားပြီး မကြည့်ဖြစ်တာ ကြာပြီ။
ရုပ်ရှင်ကြည့်စရာမလိုလို့၊ အချိန်ကုန် ငွေကုန် လူပမ်း သက်သာလို့ အခုလိုရေးပေးတဲ့ ဝေဖန်ရေးကို သဘောကျတယ်။
ရုပ်ရှင်ဝေဖန်ရေးကို စာမေးပွဲအမှတ်ခြစ်သလိုရေးထားတာမို့ ထင်သာမြင်သာရှိလှပါပေတယ်။ 🙂
black chaw
June 24, 2014 at 10:38 am
@ Ma Ma ;
စမ်း ရေးကြည့်နေတာပါ မမရေ…။
အားပေးသူရှိရင် ဆက်ရေးဦးမှာဗျ…။
Crystalline
June 23, 2014 at 4:04 pm
ရုပ်ရှင်ဆို ဘာရုပ်ရှင်မှမကြည့်ဖြစ်တာ.. ဆယ်စုနှစ်မကကြာပြီး… တလောကတော့ 12years a slave, gravity, American Hustle.. သုံးကားကြည့်ဖြစ်လိုက်တယ်.. အော်စကာ စကာတင်ထဲပါတဲ့ကားတွေမို့လို့ :)) လေးဘလက် ကောက်ချက်အရတော့ အခုကားလေးကလည်း ကြည့်သင့်တယ်လို့ဆိုရမယ်… တခါတလေ အပျော်လေးတွေ..ပေါ့ပေါ့ပါးပါးလေးတွေကြည့်ချင်သား..မြန်မာကားကလည်း ဒရမ်မာမဟုတ်ရင် ပေါသွပ်တာကများတယ်.. ပေါသွပ်တာမျိုးတော့မကြိုက်.. :mrgreenn: တချို့ဝတ္ထုတွေအရမ်းကောင်းပြီး ရုပ်ရှင်ရိုက်လိုက်မှ ချာသွားတာတွေတွေ့ဖူးတယ်.. အဲဒါမျိုးဆို စာရေးဆရာအစား အားကြီးစိတ်တိုတယ်….. အကြောင်းအရာဖွဲ့ဆိုတင်ပြမှုက ရုပ်ရှင်နဲ့စာအုပ်တင်ပြနိုင်ပုံခြင်းမတူပေမယ့် တခါတလေ.. ပစ်စလက်ခတ်ကို ရိုက်ပစ်လိုက်တာတွေ့ဖူးတော့ အခုလိုသပ်သပ်ရပ်ရပ်လေးရိုက်ထားတယ်ဆိုတော့.. ဒါရိုက်တာအသစ်ပေမယ့် ချီးကျူးစရာပဲ.. :))
black chaw
June 24, 2014 at 10:40 am
@ Crystalline ;
ဒီကားကတော့ မင်းလူ ရဲ့ ဝတ္ထု ဇာတ်ညွှန်းဆိုတော့
ဟာသတွေက အတင်းကြီးကလိထိုးတာမျိုးတွေမပါတော့
နည်းနည်း ကြည့်ကောင်းတယ်ဆိုတဲ့ သဘောပါဗျာ…။
Mr. MarGa
June 23, 2014 at 5:11 pm
ကျနော် ရုပ်ရှင်ကြည့်ပါတယ်
အဲ.. မြန်မာကား မကြည့်တာတော့ ကြာပါပြီ။ စိတ်ကုန်မိလို့ပါ။
ဒီဇာတ်ကားကိုတော့
၁။ ဇာတ်လမ်းရော ဇာတ်ညွှန်းပါ ဆရာမင်းလူ မို့
၂။ ဇာတ်ကောင်တွေက အတော်လေးကို ရင်းနှီးနေမိတာ မို့
သွားကြည့်ခဲ့ပါတယ်။
ပေါ်တင်ပြောရရင် ဘယ်သူတွေပါတယ် ဘယ်သူတွေရိုက်တယ်ဆိုတာကို စိတ်မဝင်စားဘဲ ဦးဘလက် ပြောသလို “ဆရာမင်းလူ” ဆိုတဲ့ နာမည်တစ်ခုနဲ့ သွားကြည့်တာပါ။ (အစွဲကြီးသော မောင်မာဃ ပါ)
တကယ်တော့ စာအုပ်ကို အလွတ်နီးပါး ဖတ်ထားပြီးရင် ရုပ်ရှင်ကြည့်ရတာ ဟာတာတာကြီးဗျ (ပန်းကြာဝတ်မှုံ၊ ကြိုးကြာတောင်ပံခတ်သံ၊ အများနှင့်မသက်ဆိုင်သောသူ၊ နောက်ထပ်ကျန်သေးတယ် ချက်ချင်းမမှတ်မိလို့)
ပြီးတော့ ဆရာသော်တာဆွေ တစ်ခါပြောဖူးရဲ့ ကိုယ့်ဝတ္ထုကိုယ် ဇာတ်ညွှန်းရေးရတာ ဝတ္ထုကို တစ်စစီပြန်ဖျက်ရသလိုပဲ တဲ့။
ဒီဇာတ်ကားကတော့ စာအုပ်ဖတ်ထားတဲ့သူတွေ ဟာတာတာ ခံစားချက် သိပ်မဖြစ်အောင်(ဘယ်လိုပြောပြော ဖြစ်တာတော့ ဖြစ်တာပဲမို့) တင်ပြနိုင်ပါတယ်။
စာအုပ်ကို မီတဲ့ ရုပ်ရှုင်တစ်ကားပါဗျာ။ ရေစည်လှည်းကို remote နဲ့ ပျံတက်ခိုင်းတာကတော့ ရွှေကြည့် အတွေးမို့ ခွင့်လွှတ်လိုက်ပါတယ်လေ….
အဲဒါလေး… လာဝင်ပြောပါတယ်ဗျ (မမန့်ဘူးလို့တော့ လုပ်ထားတာပဲ သူများတွေမန့်တော့လည်း မနေနိုင်ဘူး :mrgreenn:)
black chaw
June 24, 2014 at 10:43 am
@ Mr. MarGa ;
မမန့်ဘူးလုပ်ထားပြီး မန့်သွားတော့လည်းကျေးဇူးတင်ရတာပါပဲဗျာ…။
TNA
June 23, 2014 at 6:37 pm
ကြည့်မလို့ချိန်နေတာ ဆင်းသွားပနဲ့တူတယ် ဘယ်ရုံကျန်သေးလဲ သိသူများသတင်းလေးပေးပါအုံး။ ဝတ်ထုကတော့အလွတ်နီးပါးရနေသမို့ ရုပ်ရှင်လေးတော့ကြည့်ချင်သား
black chaw
June 24, 2014 at 10:45 am
@ TNA ;
သမ္မတ မှာ ရှိသေးတယ်ထင်ရဲ့…။
ဒီသောကြာတော့ ရှိတော့မယ်မထင်…။
black chaw
June 24, 2014 at 11:01 am
@ weiwei ;
မမြင်ရတာ အတော်တောင် ကြာပြီနော်…မဝေရေ…။
အလွဲသုံးသလို ဖြစ်နေပါဦးမယ်ဗျာ…။
မကြည့်နဲ့တော့…။
ကိုပါကြီး ပို့စ်ကတော့ ပေါက်တယ်ဗျို့…။
ROssI
June 23, 2014 at 7:56 pm
ကြည့်ချင်တယ်ဗျိုး းးး
black chaw
June 24, 2014 at 10:48 am
@ ROssI ;
မင်းလူ ပရိသတ်စစ်စစ် ကြီး ဆိုတော့
ကြည့်ချင်မှာပဲဗျာ…။
ဒီညတော့ အီတာလျန် နိဒါဏ်း လား
အီတာလျန် နိဂုဏ်း လား…ကြည့်ကြတာပေါ့…နော့်…။
အရီးခင်
June 23, 2014 at 8:51 pm
လွမ်းဖို့လုပ်လာပြန်ပြီ။
တကယ်တော့ မင်းလူဝတ္တု တွေ ကို ရုပ်ရှင်က ဘယ်လိုမှမှီအောင် သရုပ်မဖော်နိုင်ပါဘူး။
ဒါပေမဲ့ သူ့စာလေးတွေ အမြဲ ရှင်သန်နေတာ မြင်ရတာ ဝမ်းသာပါတယ်။
သူ့ ဇာတ်ကောင်တွေ ကို သူက ချစ်ဖို့ကောင်းအောင် အမြဲဖွဲ့နိုင်တယ်။
ပြောရင်း ပြောချင်လာပြန်ပြီ။
သူ့ဝတ္တု တစ်ပုဒ် နာမည်က “ဘာမှမတတ်နိုင်ဘူး” တဲ့။
စိုင်းခမ်းလိတ် အရေး စိုင်းထီးဆိုင် ရဲ့ “မေမြို့မိုး” သီချင်း နားထောင်ရင်း ပေးလိုက်တဲ့ နာမယ်ပြောတာဘဲ။
အဲဒီထဲမှာ ကောင်လေး နဲ့ ကောင်မလေး လက်ထပ်ဖို့ ပိုက်ဆံစုရင်းမယူနိုင်ကြသေးဘဲ တစ်ည မှားသွားတာကို ဖွဲ့လိုက်တဲ့ အဖွဲ့။
မရေးတတ်ရင် “ပြာ” သွားမယ်။
ရေးတတ်သူကျတော့ “သိပ်လှတာဘဲ”။
ထပ်မဖတ်ရတော့ တဲ့ သူ့စာလေးတွေ၊ စကားလေးတွေ လွမ်းပါတယ်။
ဟောဒီမှာ တစ်ပုဒ်။
World Cup နဲ့ ကြုံတုန်း။
ညီငယ်များသို့
========
အခုအချိန်မှာ
မင်းတို့ဟာ
ခြေစွမ်းထက်တဲ့
ကမ္ဘာကျော်ဘောလုံးသမားတွေလိုပေါ့။
စာချုပ်ချုပ်ချင်တဲ့ အသင်းတွေက
အများသားလား။
ကာလကလည်း
အပြောင်းအရွှေ့ရာသီပေကိုး။
သေချာစဉ်းစားသုံးသပ်ပြီးမှ
ဆုံးဖြတ်ပါကွယ်တို့။
ကိုယ်နဲ့အံမဝင်တဲ့
အသင်းမှာကစားမိလို့
ခြေစွမ်းမပြနိုင်ရင်
အရန်ခုံမှာ အရိုးထုတ်ရတတ်တယ်လေ။
ကာလတိုယာယီ
အငှားစာချုပ်လောက်ပဲဆိုရင်ကော။
အဖိုးတန်ရွှေခြေထောက်တွေကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့
ဈေးပေါပေါလိုချင်ရင်တော့
ဘယ်တရားပါ့မလဲနော်။
ငါတို့အတွက်ကတော့
နာကျင် အချိန်ပိုပါပဲကွာ။
တောကျောင်းဘုန်းကြီး
:-((((((((((((((((
အရီးခင်
June 23, 2014 at 8:53 pm
တစ်ခါတစ်လေကျတော့
မိန်းမတစ်ယောက်ကိုချစ်ရတာ
ခပ်ညံ့ညံ့ဘောလုံးအသင်းတစ်သင်းကို
အားပေးရသလိုပဲ။
အမျှော်လင့်ကြီးမျှော်လင့်ပြီးမှ
အားမလိုအားမရဖြစ်ရ
ဒေါသထွက်ရ ဝမ်းနည်းရ စိတ်ကုန်ရ
သိပ်ဒုက္ခများတယ်။
ဒါပေမယ့်…
အချိန်တန်တော့လည်း
မကြည့်ဘဲ မနေနိုင်ဘူးလေ။
(“အလွမ်းသစ်” မှ)
ဘရာဇီးဘောလုံးအသင်းမှာ အထည်ကြီးပျက်လိုဖြစ်နေ၏။
တစ်ယောက်နှင့်တစ်ယောက် အတွဲမမိဘဲဖြစ်နေရ၏။
ဖာလူဒါရယ်၊ စတုမဓူရယ် ရောစားသလို အီလည်လည်ကြီးဖြစ်နေရ၏။
အသင်းအောင်မြင်မှုပြန်ရဖို့ အမျိုးမျိုး စဉ်းစားရာမှာ ထူးခြားသော အကြံအစည်တစ်ခုကို စိတ်ကူးမိကြ၏။
နှစ်ဆယ်ရာစု၏အကောင်းဆုံး ဂန္ထဝင်ဘောလုံးသမားကြီး ပီလီကို ဘရာဇီးအသင်းမှာ ပြန်လည်ပါဝင်ကစားခိုင်းဖို့ပင်ဖြစ်လေ၏။
(“(ပြတိုက်ထဲက ပြဇာတ်”မှ)
black chaw
June 24, 2014 at 10:50 am
@ အရီးခင် ;
အော်..ငါ့အစ်မသည်လည်းပဲ
မင်းလူ ပရိသတ် စစ်စစ်ကြီး ဖြစ်နေခဲ့ပါရောလား…။
အရီးစာလိပ်
June 25, 2014 at 1:33 am
ရှင့် အစ်မ က သူ့စာအုပ် ၊ သူ့ဇာတ်ကောင် တွေ ကြားမှာ ကြီးလာတာပါ ကဘချော ရယ်။
ဒါကြောင့်လဲ တစ်ခါ တစ်ခါ အူကြောင်ကျား ဖြစ်နေတာပေါ့။
:-))))
naywoon ni
June 24, 2014 at 1:24 am
ကျုပ်တို့ဆီမှာ ဓာတ်ရှင် မပြတာကြာပေါ့ ။ ကြည့်မဲ့သူမှမရှိတာကိုး ။ အိမ်တိုင်းမှာ လိုလို အောက်စက်လေးတွေ ရှိနေကြတော့ ။ ကြမ်းပိုးကိုက် ခြင်ကိုက်ခံပြီး အိမ်အပြင်မထွက်ချင်ကြတော့ဘူးတဲ့ ။ အဲ့တော့ ဓာတ်ရှင်ရုံက ဝါဆို လပြည့်နေ့ရယ် သီတင်းကျွတ်လပြည့်နေ့ရယ် တန်ဆောင်တိုင်ချိန်ရယ် တစ်နှစ်ကို သုံးကြိမ်ပဲ ပြတော့တယ် ။ အဲ့အချိန်တွေက တောသူတောင်သားတွေ မြို့ပေါ် ရိုက်ထုတ်လိုက်သလို တက်လာတဲ့ အချိန်ကိုး
သူတို့မလဲ လယ်နဲ့ နွားနဲ့ နဘမ်းလုံးနေကြရတာ ဆိုတော့ တစ်နှစ် သုံးကြမ်လောက်ပဲ မြို့ပေါ်ရောက်ကြတယ် ။ ဆိုတော့ကာ ဒစ်ဆ် ပြား ထွက်လာရင်တော့ ကြည့်ဖြစ်အောင်ကြည့်ပါ့မယ်ဗျာ ။
black chaw
June 24, 2014 at 10:53 am
@ naywoon ni ;
ဟေ့ ကိုနေကြီး…။
မင်းလူဝတ္ထုတွေ ကြိုက်တယ်ဆို
ဒီကားနဲ့ ခင်ဗျားအဆင်ပြေမှာပါဗျာ…။
ဦးဦးပါလေရာ
June 24, 2014 at 10:04 am
ကိုယ့်ဆရာက လိုင်းသစ်တွေဘာတွေ တောင် တိုးလို့ပါလား….
😀
ရုပ်ရှင်ဝေဖန်ရေးလေးဖတ်ပြီးရင် အဲဒိရုပ်ရှင်ကြည့်ရမှ ပိုကောင်းမယ်ဗျ…….
ဒါထက်- ကျုပ်လိုအရွယ်ကြီးတွေရော ရုပ်ရှင်ရုံသွားကြည့်တာ တွေ့ဖူးရဲ့လားဟင်…
black chaw
June 24, 2014 at 10:56 am
@ ဦးဦး ပါလေရာ ;
အင်…။
ကျုပ်တို့လို အရွယ်ကြီးတွေဆိုတော့…ကိုပါကြီးနဲ့ ကျွန်တော်က
အရွယ်တူပဲလေ…။
မနောက်ပါနဲ့ ဦးလေးရယ်…။
weiwei
June 24, 2014 at 10:39 am
အညွှန်းကောင်းလို့ ကြည့်ချင်စိတ်တောင်ပေါက်မိပါတယ် ..
ဒါပေမယ့် ..
ဂျန်းရှင်းစကွဲယားမှာ သွားကြည့်ရင် အနဲဆုံး တစ်ယောက်ကို ၂၅၀ဝ .. အဖော်တစ်ယောက်လောက်တော့ ခေါ်သွားရမှာဆိုတော့ လက်မှတ်ဖိုးတင် ၅၀၀ဝ .. တက်စီအသွားအပြန် … ဘာညာနဲနဲပါးပါးစားသောက်တာနဲ့ဆိုရင် တစ်သောင်းကျော်အသာလေးဖြစ်သွားမှာဆိုတော့ ..
အဲဒါ အလွဲသုံးများ ဖြစ်နေမလားလို့ …
myat pearl phyu
June 24, 2014 at 11:57 am
ရီရတယ်နော်…
black chaw
June 24, 2014 at 12:30 pm
@ myat pearl phyu ;
အင်…ကျွန်တော် ရေးတာက ရယ်ရတာလား…။
ရုပ်ရှင်က ရယ်ရတာလား…။