ကျွန်ုပ်၏ အမှတ်တရ ကဗျာများ (မယ်လမ်းပါလား – ဇော်ဂျီ)

CourageJanuary 22, 20151min44312

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ

မယ်လမ်းပါလား (ဇော်ဂျီ)

 

ရိုးသားစွာ ဝန်ခံရရင်တော့ ဒီစာစဉ်လေးဟာ ဆောင်းပါးတစ်ပုဒ်မဟုတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အခု မောင်ကာကြီး ရေးသားမယ့် အကြောင်းအရာတွေဟာ မောင်ကာကြီးဘဝအတွက် အမှတ်တရဖြစ်စေတဲ့ ကဗျာတွေအကြောင်းကို ပြန်လည်ရေးသားထားခြင်း ဖြစ်တဲ့အတွက် ဆောင်းပါးဆိုတာထက် ခံစားမှု စကားပြေ စကားစုသာဖြစ်ပါလိမ့်မယ်။

တစ်ကယ်တော့ မောင်ကာကြီးဆီမှာ ကြိုက်နှစ်သက်ခဲ့ရတဲ့ ကဗျာတွေ၊ စာတွေဆိုတာ နည်းမှ မနည်းတာ။ အနုပညာကို ခံစားတတ်ကာစ အရွယ်ကတည်းက ကဗျာဆိုလဲ ခေတ်ဟောင်းရော မော်ဒန်ရော ပြောရရင် ပျို့တို့ ရတုတို့ကိုတောင်မှ ကြိုက်ခဲ့တာ။ စာဆိုလဲ အစုံကြိုက်တာပဲ။ ဒီကြားထဲ ဂီတသမားဆိုတော့ သီချင်းပိုင်းမှာဆို ပိုလို့တောင်များသေး။ ဒါပေမယ့် ဒီစာစဉ်မှာတော့ ကဗျာအကြောင်းတွေကိုပဲ အသားပေးဖေါ်ပြပါမယ်။ အကြောင်းအရင်းကတော့ ရေးချင်လို့ပေါ့ဗျာ။

အခုစတင်ပြီး မောင်ကာကြီးရဲ့ စာစဉ်အဖွင့်ကို ခေတ်စမ်းစာပေလောကရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သလို ဝံသာနုကဗျာ များစွာကို ရေးသားခဲ့တဲ့ ဆရာဇော်ဂျီရဲ့ ကဗျားလေးနဲ့ စပါရစေ။ မောင်ကာကြီးကြိုက်ခဲ့တဲ့ ဆရာဇော်ဂျီရဲ့ ကဗျာတွေကတော့ ဒုနဲ့ဒေးပါ။ ပန်းပန်လျက်ပဲလို ပန်းတောက်ပန်းလို အနုအလှကဗျာတွေ၊ ဒို့တိုင်းပြည်တို့ သင်သေသွားသော်တို့လို ဇာတိမာန်ကဗျာတွေ အများကြီး အများကြီးပေါ့။ သို့ပေမယ့် အခု ဖေါ်ပြလိုတာက ဗေဒါလမ်းကဗျာစုရဲ့ အဖွင့်ကဗျာဖြစ်တဲ့ “မယ့်လမ်းပါလား”ဆိုတဲ့ ကဗျာ။

ထိုခေတ်ကာလက ဗေဒါလမ်းကဗျာစုနဲ့ပက်သတ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ အချစ်ရေးအရ အတွေးများစွာနဲ့ သုံးသပ်မှုတွေပေါ် ဆရာမင်းသုဝဏ်က ကောက်ချက်ချခဲ့ ဖူးတာရှိပါတယ်။ စကားလုံး အတိအကျတော့ မမှတ်မိပေမယ့် မှတ်မိသလောက်တော့ ရသမြောက်တဲ့ အနုပညာတစ်ခုဆိုတာ ခံစားသူအပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါသတဲ့။ ဒီလိုပါပဲ ဒီမယ့်လမ်းပါလား ဆိုတဲ့ ကဗျာဟာလဲ ဘယ်ဘက်ကတွေးတွေး တွေးလို့ရနိုင်မယ့် ကဗျာမျိုးပေါ့။ အခုတော့ မောင်ကာကြီး တွေးမိသလိုပဲ ရေးပြပါ့မယ်။

ကဗျာရဲ့ အဖွင့်အပိုဒ်မှာတော့ နီလာရောင်ဆင်သထားတဲ့ ဗေဒါပန်းလေးတွေဟာ ချောင်းရေမှာ စုန်ချည် ဆန်ချည်နဲ့ တန်းစီကာ စီးမျောနေလေရဲ့တဲ့။ အဖွင့်ပိုဒ်ရဲ့နောက်အပိုဒ်တိုင်းမှာတော့ “ကျူရိုးရှင်”ဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်ကြီး သုံးထားတာကို တွေ့ရလေရဲ့။ ထိုကျူရိုးရှင်ဆိုတာနဲ့ ပက်သတ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ အမျိုးမျိုးကို တွေ့ရပါတယ်။ ကျူရိုးလေး ကိုင်ဆောင်ကာ လှေကိုလှော်ခတ်နေတဲ့သူ စသည်ဖြင့် ဖွင့်ဆိုမှုတွေ တွေ့ရပေမယ့် မောင်ကာကြီးကတော့ ဒီနေရာမှာ ရေစပ်မှာ ပေါက်ရောက်နေတဲ့ ကျူပင်လေးတွေ ကျူရိုးလေးတွေအဖြစ်ပဲ တင်စားပါရစေ။ ဒါမှလဲ မောင်ကာကြီးရဲ့ခံစားမှုက ပိုထိရောက်မှာမို့ပါ။

ဒုတိယအပိုဒ်အစမှာတော့ ချောင်းရေမှာ အလိုက်သင့်စီးမျောနေတဲ့ ဗေဒါပန်းလေးဟာ ကမ်းကပ်လိုပါတယ်ဆိုပြီး ကျူပင်လေးကို တောင်းဆိုဟန်ဖြင့် အစချီထားပါတယ်။ မဗေဒါလေး ဘာကြောင့်ရယ်များ ကမ်းကိုကပ်ချင်ပါလဲဆိုတဲ့ အကြောင်းအရင်းကို စစ်ကြည့်လိုက်တော့ ကမ်းစပ်မှာက သူ့ရဲ့ငယ်ကကျွမ်းသူ ဖြူလွှလွှပွင့်ဖတ်လေးတွေနဲ့ စံပယ်ပန်းလေးကို တွေ့လိုက်လို့ ပါတဲ့လေ။ စံပယ်လေးရဲ့အနားမှာလဲ ရောင်စုံချယ်သ တောင်ပံနှစ်စနဲ့ လိပ်ပြာအလှလေးကလဲ ခြံရံလို့ဆိုတော့ မဗေဒါလေးခများ သွားကာ နှုတ်ဆက်ချင်စိတ် ဖြစ်လာရတာပေါ့။ စံပယ်လေးနဲ့ မဗေဒါတို့မှာလဲ မတွေ့ရတာ ကြာပြီမို့ လွမ်းလှပြီ မို့လား။ သို့ပေမယ့်လဲလေ စံပယ်လေးကတော့ သူ့ဝတ်ရည်တွေကို သယ်ဆောင်နေတဲ့ လိပ်ပြာလေးကို ဧည့်ခံနေရတာနဲ့ မအားလပ်နိုင်ရှာပါဘူး။ ဒီကြားထဲမှာမှ မဗေဒါလေးနဲ့နှုတ်ဆက် စကားပြောရဦးမယ်ဆိုတော့ သူခမျာ အပိုလုပ်တွေရှုပ်ကုန်ရော့မယ်။ တော်ပါပြီလေ။ မဗေဒါလေးက အလိုက်သိစွာနဲ့ သွားမတွေ့တော့ပဲ ပွင့်ဖူးဝေစာစာနဲ့ ချောင်းရေမှာပဲ ဆက်ပြီး စီးမျောလိုက်ပါတော့မယ် ဆိုတဲ့ ရေးသားချက်ကို မောင်ကာကြီးတစ်ယောက် အတိုင်းသားမြင်လို့ရတာပေါ့။

ဒီလိုနဲ့ နောက်တစ်ပိုဒ်မှာတော့ ချစ်ရည်လူး ကြည်နူးနေတဲ့ မောင်နှံအကြောင်းကို ဆက်ရေးထားပါတယ်။ မဗေဒါလေးမှာ ဒီလို ဒီလို ချောင်းရေမှာ မျောပါလာရင်း တစ်နေရာရောက်တော့ ကမ်းစပ်မှာ ပျော်မြူးနေတဲ့ ချစ်သူနှစ်ဦးကို တွေ့တော့ မဗေဒါလေး ကမ်း ကပ်ချင်ပြန်လာတာပေါ့။ ကျူပင်လေးကို အကူအညီတောင်းရ ပြန်ပြီလေ။ ချစ်သူမောင်ကြီးရဲ့ မေတ္တာစကားတွေကြားမှာ မယ်လေးခမျာ မူရာနွဲ့ကာ ကြည်နူးလို့ပေါ့။ မဗေဒါလေးကလဲ မယ်လေးရဲ့ လက်ခုတ်ပေါ်ကနေ ခေါင်းလေးငုံ့က ရှက်အားပိုနေတဲ့ မယ်လေးရဲ့ မျက်နှာကို ပြုံးပြီးကြည့်ချင်လာတာပေါ့လေ။ ဒါပေမယ့်လဲ ရှက်အားပိုနေတဲ့ မယ်လေးက သတိလက်လွတ်နဲ့ သူ့လက်ခုတ်ပေါ်က မဗေဒါလေးကို စုတ်ကာခြေလိုက်လေးမလား။ ဣတိ္ထယဆိုတာကလဲ ကြည်နူးမှုဓါတ်ခံနဲ့ စိတ်လှုပ်ရှားလာရင် လက်ကို စုတ်ခြေတတ်လေရဲ့။ တော်ပါပြီလေ။ ချိုအေးတဲ့ မေတ္တာတေးတွေ သီဖွဲ့နေတဲ့ သူတို့ဆီမသွားတော့ပဲ မဗေဒါလေး ပွင့်ဖူးတဝေဝေနဲ့ ချောင်းရေမှာပဲ ဆက်မျောလိုက်ပါတော့မယ်တဲ့။ ဒီလို ဒီပုံ ကြည်နူးစရာ တင်စားမှုအလှတွေနဲ့ လူ့သဘာဝလေးအား ဖေါ်ကြူးထားတာကို မောင်ကာကြီး ဒီအပိုဒ်မှာလဲ အရှင်းသား မြင်လိုက်ရပြန်ပါပြီ။

နောက်ဆုံးအပိုဒ်ကတော့ ဒီကဗျာအတွက်သာမက လူ့ဘဝအတွက်ပါ အပြောင်မြောက်ဆုံးသော ဖွဲ့ဆိုမှုကို တွေ့ရပါတယ်။ အို… ချောင်းစပ်မှာက ဆည်းလည်းသံ တချွင်ချွင်နဲ့ ထုံးဖြူဖြူ စေတီလေးတစ်ဆူပါလား။ အနောက်ဖက်ဂေါ်ယာ ပစိ္ဆမ ပက္ခဆီမှ ဆည်းဆာနေမင်းကြီးရဲ့ ရောင်စဉ်ဖြာ လိမ်းသထားတဲ့စေတီလေးရယ် နိဗ္ဗိန္ဒတေးကို သီဖွဲ့နေတဲ့ ဆည်းလည်းသံလေးရယ်ဟာ မဗေဒါလေးကို မဂ်ဖိုလ် နိဗ္ဗာန်ကို လွယ်ကူလျင်မြန်စွာ ရောက်နိုင်ဖို့ ဆုတောင်းလိုစိတ် တဖွားဖွားဖြစ်လာစေပြီလေ။ ချောင်းရေကလဲ တက်လာပြီ၊ တောင်လေကလဲ ဆော်သွေးလာလေပြီ။ ကျူပင်လေးရေ။ နီလာရောင်ပွင့်လွှာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မဗေဒါလေးကိုလေ ဒီကမ်းစပ်ကိုပဲ အရောက်ပို့ပေးပါတော့နော်။ ဒီကမ်းဟာ မဗေဒါရဲ့ လမ်းဆုံးပါပဲ၊ ဗေဒါလေးရဲ့ ပန်းတိုင်းပါပဲမို့ ကျူရိုးရှင်ကျူပင်လေးရေ ကမ်းစပ်ကို မြန်မြန်သာ အရောက်ပို့လိုက်ပါတော့ ဆိုတဲ့ စာပန်းချီကို ဖတ်လိုက်ရချိန် မောင်ကာကြီးရဲ့ ရင်ထဲ ကြည်နူးလို့ မဆုံးနိုင်ပေါင်။ တစ်ကယ်ပါ ဘာသာအရိပ်၊ သာသနာအရိပ်ဟာ တို့အားလုံးရဲ့ ခိုလှုံစရာ နေရာပါလားဆိုတဲ့အသိဟာ မောင်ကာကြီးရဲ့ စိတ်ဘဝင်ကို လှုပ်ခတ်စေတာပေါ့။

ကဗျာတစ်ပုဒ်လုံးကို သုံးသပ်ကြည့်တော့ စနစ်ကျကျက ဇာတ်ကွက်ဆင်မှုတွေနဲ့ ထိထိမိမိ ဖွဲ့ဆိုမှုတွေကို တွေ့ရပါတယ်။ သဘာဝရဲ့အလှတရားနဲ့ လူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို လှပစွာ ဖွဲ့ဆိုပြီးမှ ဘာသာ၊သာသနာသည်သာ မှီခို အားထားစရာပါလို့ ညွှန်းဆိုခြင်းဟာ ငပိရည် တို့စရာနဲ့ နတ်သုဒ္ဒါကို ယှဉ်ကာ ဖေါ်ပြလိုက်သလိုပါပဲ။ ဆရာဇော်ဂျီရဲ့ အနုပညာကို မောင်ကာကြီးမှာတော့ အကြိမ်ကြိမ် ပူဇော်လို့ မဝနိုင်အောင်ပါပဲ။

ကဲလေ ဒီမှာပဲ “မယ့်လမ်းပါလား”အကြောင်းကို တော်ဦးစို့။ နောက် နောင်လဲ အခါသင့် အခွင့်သာသလို မောင်ကာကြီးရဲ့ အမှတ်တရ ကဗျာတွေ အကြောင်းကို ရေးသားပါဦးမယ်။ ဒီစာစုနဲ့ ပတ်သက်လို့ကတော့ မောင်ကာကြီး ခံစားရသမျှကို ခံစားမိတဲ့အတိုင်း ရေးသားဖေါ်ပြထားခြင်းဖြစ်တဲ့အတွက် အမှားအယွင်းများရှိခဲ့ပါက အပြစ်မမြင်ပဲ “အော်… ဒီသူငယ် သူဉာဏ်မှီသလောက် ရေးထားတာပါလား” လို့ အချစ်ဝင်ပါကျပါဦးလို့။  ။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

 

မယ့်လမ်းပါလား
(ဗေဒါလမ်း-အမှတ် ၁)

ပန်းနီလာ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး။
အိုအချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်မယ် ပြင်။
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း။
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူပျော်မွေ့၊ ပြေးတွေ့ချင်စမ်း တဲ့။
တွေ့ချင်တဲ့ စေတနာရယ်
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာက ဝတ်ရည်သယ်၊ စံပယ်က မအား။
ပွင့်ဖူး တဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အိုအချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့ အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို၊ ပြုံးကြည့်ချင်ငဲ့ တဲ့။
ကြည့်ချင်တဲ့ စေတနာရယ်
သနားဖွယ် ချစ်ဖွယ်တေးပေမို့ အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို၊ ပျိုနယ် လိုက်လေမလား။
ပွင့်ဖူး တဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အိုအချင်းကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်
ထီးတော်က တချွင်ချွင်၊ ကွင်းပြင်က ဘုရား။
နေမင်း ညိုချိန်တန်ပေါ့
နိဗ္ဗာန်ကို စိတ်ကြံကူး၊ ဖူးချင်လျက်သား တဲ့။
ဖူးချင်တဲ့ စေတနာရယ်။
နိဗ္ဗိန္ဒာ ဂီတာတေးပေမို့၊ အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့ အရ။
ပွင့်ဖူး တဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။
ချောင်းရေက ဖောင်၊ တောင်လေက သွေး။
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊ အားစိုက်ပါလေး။ ။

ဇော်ဂျီ (၁၉၀၇-၁၉၉၀)

 

12 comments

  • မြစပဲရိုး

    January 22, 2015 at 5:21 am

    အရိုးသားဆုံး ဝန်ခံပါတယ်။
    ကျောင်းတုန်းက ကဗျာတွေ ကို စာမေးပွဲ ဖြေဖို့ အတွက် ကလွဲလို့ သိပ်ပြီး မလေ့လာ သမို့ နဲနဲ ဝေးခဲ့တယ်။
    ဗေဒါလမ်း ကဗျာ တွေထဲ ဒီ ကဗျာ ကို သိပ်မမှတ်မိဘူး။
    အခုလို ပြန်ပြီး ဖော်ထုတ် ရေးပြတာ ကို ကျေးဇူးတင်စွာ ဖတ်သွားပါတယ်။
    လောကီ ကိစ္စ တွေထဲ လောကုတ္တရာ ကိုပါ မမေ့အောင် အသိပေးထား လေရော့သလား။
    မကြာမကြာ လာပါ ကိုယ်တော်။
    :))

    • Courage

      January 26, 2015 at 12:45 am

      “ကျွန်ုပ်၏ အမှတ်တရ ကဗျာများ” ခေါင်းစဉ်နဲ့ အပတ်စဉ် ရေးဖြစ်နိုင်အောင် ကြိုးစားနေပါတယ် ဒေါ်လေးမြစပဲရိုး

  • အလင်းဆက်

    January 22, 2015 at 11:18 am

    အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည် ဆိုတဲ့ စကားမှာ..
    ကျနော် အရင်က ဖျားဖူးတယ်..
    အဟဲ…
    အခုအချိန်မှာတော့..ကျနော် ဖျားနာခြင်း ကင်းနေပြီ…
    အနုပညာဟာ..အနုပညာအတွက်ဆိုတာကနေ လွန်သွားပြီး….
    ……
    …..

    ..
    .

    :kwi:

  • Mike

    January 22, 2015 at 11:38 am

    .ဆရာကြီးရဲ့ ကဗျာတွေကိုတော့ ကျောင်းသားဘဝကတည်းက ကြိုက်ခဲ့တာပါ
    .အခုလိုပြန်လည်ဖေါ်ထုတ်ပြတော့ မဖတ်ဖူးသူတွေဖတ်ရသပေါ့ဗျာ… :))

    • အလင်းဆက်

      January 22, 2015 at 11:44 am

      ချစ်သော ဦးမိုက်ပြောတာတော့…အနုပညာဆိုတာ..”အနာပျင်ညု”တဲ့…

      :k:

    • Courage

      January 26, 2015 at 12:48 am

      အခွင့်သင့်သလို ဆရာမင်းသုဝဏ်တို့ ဆရာတင်မိုးတို့ ကဗျာတွေအကြောင်းလဲ ရေးဖို့ ကြိုးစားပါဦးမယ် ဦးမိုက်ခ်

  • manawphyulay

    January 22, 2015 at 12:19 pm

    ဒီကဗျာလေးလည်း အရမ်းသဘောကျပါသေးတယ်။ ဆရာဇော်ဂျီရှိထဲက ထခိုင်းနေတာ ခုထိကို မြန်မာတွေက မနှိုးသေးတဲ့ကဗျာလေးတစ်ပုဒ်ပေါ့.. ဘာကဗျာလေးလည်း သိကြမယ်ထင်ပါတယ်နော်။

    တို့တိုင်းပြည်

    ထလော့မြန်မာ၊ အိုမြန်မာတို့
    တို့ရွာ၊ တို့မြေ၊ တို့ရွာမြေဝယ်
    စေတီ၊ စပါးများလည်းများ၏
    များပါလေလဲ၊ တမွဲမွဲနှင့်
    ဆင်းရဲကာသာ၊ ကာလကြာလျှင်
    ယာစကာမျိုး၊ တညှိုး့ညှိုးနှင့်
    ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
    လှည့်လည်သွားလျက်
    မစားလေရ၊ ဝမ်းမဝ၍
    ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။
    ထလော့မြန်မာ၊ အိုမြန်မာတို့
    တို့ရွာတို့မြေ၊ တို့မြေရွာဝယ်
    ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
    သီးနှံချိုပျား၊ များလည်းများ၏
    များပါလေလဲ၊ တမွဲမွဲနှင့်
    ဆင်းရဲကာသာ၊ ကာလကြာလျှင်
    မြင်သာမြင်ရ၊ မစားရ၍
    တောကပြိတ္တာ ဖြစ်မည်တည်း။
    ထလော့မြန်မာ၊ မြန်မာထလော့
    အားမပျော့နှင့်၊ မလျှော့လုံ့လ
    သူကစ၍၊ ငါကအားလုံး
    လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
    စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
    ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
    ဤယာစပါး၊ ဘယ်သူ့စပါးလဲ
    ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
    ဉာဏ်ရှေ့ပန်း၍
    တဝမ်းတစိတ် ညီစေသတည်း ။ ။
    (ဆရာဇော်ဂျီ)

    • Courage

      January 22, 2015 at 3:39 pm

      အနှစ်သာရ ပြည့်ဝတဲ့ ဒိုု့တိုင်းပြည်ပေါ့
      ကျွန်တော့အတွက် ကြိုက်လွန်းလို့ အလွတ်ရအောင် ကျက်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်ပါ (y)

  • manawphyulay

    January 22, 2015 at 12:22 pm

    နောက်တစ်ပုဒ်လည်း ကြိုက်သေးတယ်…

    အိုတက်လူတို့

    မြန်မာပြည်ဝယ်၊ ထီးစည်တို့မင်း
    ပျက်ယွင်းပါပကော၊ သို့စိတ်စောလျက်
    ဘော . . . အို ရဲသွေး၊ တက်လူကလေးတို့
    ငိုကြွေးသမှု၊ ပြုရုံမျှဖြင့်
    မပွင့်ဉာဏ်ရည်၊ လက်မလည်၍
    မျက်ရည်သာလျှင်၊ ရွှဲလိမ့်မည်။
    မြန်မာပြည်ဝယ်၊ ထီးစည်တို့မင်း
    ပျက်ယွင်းပါပကော၊ သို့စိတ်စောလျက်
    ဘော . . . အို ရဲသား၊ တက်လူများတို့
    တရားသံဝေ၊ ယူလေရုံဖြင့်
    တက်ခွင်မနီး၊ ဘေးကြီးနီး၍
    ပုတီးအဖတ်တင် ကျန်လိမ့်မည်။
    အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့
    အမြင်ကျယ်လျှင်၊ ပညာမွေ့လော့
    ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး
    သင်လည်းတစ်ဦး၊ သားထူးသားမြတ်
    ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်၍
    ငိုမြည်မတ
    သင်္ခါရဟု၊ စိတ်ကမစော
    လောလောဆယ်ဆယ်၊ ဒုက္ခနယ်ကို
    ကယ်တင်နိုင်ကြပါစေသတည်း ။ ။
    (ဆရာဇော်ဂျီ)

  • Mike

    January 22, 2015 at 4:26 pm

    .ခုခေတ်ကိုပြောခဲ့သလိုပါပဲ..
    .“ အို ရဲသား၊ တက်လူများတို့
    တရားသံဝေ၊ ယူလေရုံဖြင့်
    တက်ခွင်မနီး၊ ဘေးကြီးနီး၍
    ပုတီးအဖတ်တင် ကျန်လိမ့်မည်။
    အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့
    အမြင်ကျယ်လျှင်၊ ပညာမွေ့လော့
    ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး
    သင်လည်းတစ်ဦး၊ သားထူးသားမြတ်
    ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်၍
    ငိုမြည်မတ
    သင်္ခါရဟု၊ စိတ်ကမစော
    လောလောဆယ်ဆယ်၊ ဒုက္ခနယ်ကို
    ကယ်တင်နိုင်ကြပါစေသတည်း ။ ။”

  • အလင်းဆက်

    January 22, 2015 at 5:01 pm

    အံမယ်.. ဒါ….
    ဒါ…ဟာ…. ကဗျာ စကားဝိုင်းတစ်ခုပါလား….
    ဘုရား ဘုရား…
    မကြားရတာ ကြာပြီဖြစ်တဲ့ အသံတွေ…
    ကြားလိုက်ရတယ်…

    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .ကျေ
    .နပ်
    .တယ်

    😆

  • မောင်ဘလိူင်

    January 22, 2015 at 5:57 pm

    ကြားထဲက ဝင်ပွားဦးမယ်။ “အနုပညာသည် အနုပညာအတွက်” မဟုတ်။ “အနုပညာကို အနုပညာအတွက်” ဖြစ်သည်။

Leave a Reply