အဖေနဲ့အမေသို့ တမ်းချင်း
အမေ……….။
အမေဘယ်မှာလဲအမေ…..?
အမေဘယ်သူလဲအမေ…..?
အမေက ချောလားဟင်………..?
သားကအမေနဲ့တူလားအမေ……?
အမေ့ကို အမေ….လို့ အားရပါးရနဲ့ အကျယ်ကြီး အော်ခေါ်လိုက်ချင်ပါတယ် အမေရယ်။ တခါတလေ အမေ့ကို တမ်းတရင်း သားအားငယ်စိတ်တွေ ဝင်မိတယ်။ ဒါပေမဲ့သားတို့ ဆရာတော်က သဘောကောင်းတယ်အမေရဲ့။ မုန့်တွေလဲဝယ်ကျွေးတယ်။ စာတွေလဲသင်ပေးတယ်။ အားမငယ်ဖို့လဲ အမြဲဆုံးမတယ်။ အမေ.. သားအတွက် ဟိုး…..အဝေးတစ်နေရာကနေ စိတ်ပူမနေနဲ့နော်။ သားဒီမှာနေရတာ အဆင်ပြေပါတယ်အမေ။ သားနဲ့ဘဝတူ သူငယ်ချင်းတွေလဲ အများကြီး ရှိတယ်အမေရဲ့။ တခါတလေ အမေ့ရင်ခွင်ထဲ ခေါင်းလေးဝှက်ပြီး တစ်ညလောက် ဖြစ်ဖြစ်တော့ အိပ်ခွင့်ရချင်တာပေါ့အမေရယ်။ ဒါပေမဲ့ အမေ့ရဲ့ နို့ရည်နံ့သင်းတဲ့ ရင်ခွင်ထဲမှာ သားအိပ်စက်ခွင့် မရခဲ့ပေမဲ့ ဆရာတော်ရဲ့ သင်္ကင်္န်းနံ့ကြားမှာ သားပျော်အောင် အိပ်တတ်နေပါပြီအမေ…။
————————&&————————
အဖေ……….။
အဖေဘယ်မှာလဲအဖေ…..?
အဖေဘယ်သူလဲအဖေ…..?
အဖေက ချောလားဟင်………..?
သားကအဖေနဲ့ရုပ်ဆင်လား……?
ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိတိုင်း စဉ်းစားမိတယ်အဖေ။ အဖေဟာ သားနဲ့တူရင်တော့ ရုပ်ချောမှာနော့။ 🙂
မနက်ဖြန် အလှူရှင်တွေ လာကြလိမ့်မယ်တဲ့ ဆရာတော်ပြောတယ်အဖေ။ သားတို့ ဘဝတူတွေ အရမ်းပျော်နေကြတယ် သိလားအဖေ။
အလှူရှင်တွေလာရင် သားတို့ ကောင်းကောင်းစားရတယ်လေအဖေရဲ့။ မုန့်တွေလဲ အများကြီးစားရတယ်ဗျ။ အစားကောင်း စားရတော့မယ်ဆိုတော့ အဖေ့ကိုလဲ ကျွေးချင်တယ်။ သရေတွေတောင် ကျလာပြီအဖေရေ့…။ ဒါပေမဲ့ပေါ့……အဖေရယ်။
အဖေရှာကျွေးမဲ့ ထမင်းကြမ်းခဲကိုပဲ သား ပိုပြီးတန်ဖိုးထားပါတယ်။ အလှူရှင်မိသားစုတွေလာရင် အစားကောင်းတော့ စားရပါရဲ့ ဒါပေမဲ့ သူတို့ပြန်သွားကြရင် ရင်ထဲမှာ တစ်မျိုးကြီးပဲအဖေရာ။ ဟာတာတာကြီးနဲ့။ သူတို့လက်ပြနှုတ်ဆက်ကြရင် သားလဲ လက်ပြန်ပြနှုတ်ဆက်ရင်း ရင်ထဲမှာအလိုလို ဝမ်းနည်းလာတယ်အဖေ။ အဲဒါဘာကြောင့်လဲ သားမစဉ်းစားတတ်ဘူးအဖေ။ သားတို့တွေကို သူများတွေက မိဘမဲ့လို့ခေါ်ရင် ဆရာတော်က မကြိုက်ဘူးတဲ့အဖေ။ သားတို့မှာ မိဘရှိတယ်တဲ့။ အဲဒီမိဘဟာ ငါပဲတဲ့။ ဒီစကားကြားရတော့ သားဝမ်းသာမိတယ်အဖေ။ အဖေလဲ လောကကြီးထဲမှာ သက်ရှိထင်ရှား ရှိနေသေးမယ်ဆိုရင် သားအတွက် ကျေနပ်နေလိုက်ပါ။ သားရဲ့ ကံတရားပေါ့အဖေ။ အဖေ့မှာ အပြစ်မရှိပါဘူး။ သားအဖေ့ကိုလဲ အပြစ်မတင်ပါဘူးအဖေ။
သားဘဝဟာ မိဘမဲ့နေပေမဲ့လဲ မိဘအတုရဲ့ ရင်ခွင်ထဲမှာ ခေါင်းတိုးဝှေ့လို့ ဘဝတူ သူငယ်ချင်းများနဲ့ ပျော်ရွင်စွာဖြတ်သန်းရင်း နေသားကျနေပါပြီအဖေ။ သားအတွက် အဝေးတစ်နေရာကနေ အဖေ စိတ်ချပါနော်။
————————&&————————
ကံတရားက အခွင့်တလှည့်ပေးလာရင် အဖေနဲ့အမေ့ကို တစ်ကြိမ်တစ်ခါလောက်တော့ တွေ့ဖူးချင်တယ်ဗျာ။ အဖေနဲ့အမေဟာ ဘယ်သူဘယ်ဝါ၊ ဘယ်လိုရုပ်ရည်တွေ ရှိမှန်း သားမသိပေမဲ့ အဖေနဲ့အမေ့ကို သား အမြဲတမ်း သတိရနေပါတယ်။ စိတ်မှန်းနဲ့လဲ မြင်ယောင်ကြည့်နေပါတယ်။ အဝေးတစ်နေရာမှာ အဖေနဲ့အမေဟာ သက်ရှိထင်ရှား ရှိနေကြဦးမယ်ဆိုရင် စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာကြပါစေလို့ သားဆုတောင်းပေးလိုက်ပါတယ်။
————————&&————————
မှတ်ချက်။———။
အများစောင့်ရှောက်မှူအောက်တွင် ကြီးပြင်းနေရသော ကလေးငယ်တစ်ယောက် ရင်ထဲသို့ ကျွန်တော် veryloveman တစ်နာရီလောက် ဝင်ခံစားကြည့်မိသောအခါ ဖြစ်ပေါ်လာသော ခံစားမှူသက်သက်များသာ ဖြစ်ပါသည်။
7 comments
Alinsett@Maung Thura
March 12, 2015 at 9:59 am
အဖေ အမေနဲ့ တစ်လလောက် ခွဲနေရရင်ကို…လွမ်းမော နာကျင်… ဘဝဟာ ခြောက်ကပ်သလို ဖြစ်ရဖူးတာမို့…
အဖေ အမေ ဘယ်ဆီနေမှန်းမသိရတဲ့ ဘဝတွေဆိုရင်….
ဘယ်လောက် နာကျင်ခံစားလိုက်ရရှာလေမလဲ…
ထပ်တူထပ်မျှနီးပါး…ခံစားမိပါရဲ့…
Mike
March 12, 2015 at 2:47 pm
.ဟုတ်တယ်ဗျာ…မိဘမဲ့ကလေးတွေမြင်ရရင် ကျုပ်လည်းစိတ်မကောင်းပါဘူး…
.သူတို့ခမျာ မိဘရှိချင်ရှာပေမှာပဲ…ရင်ထဲကခံစားမိပေမဲ့ အဖြေတော့မတွေ့မိ…
.လတ်တလော မိဘသဖွယ်ကယ်တင်စောင်မထားသူကိုသာ နိုင်သလောက်ကူပံ့ဖို့ပဲပေါ့ 😥
လုံမလေးမွန်မွန်
March 14, 2015 at 2:06 pm
ဟုတ်တယ်… အရမ်းအားငယ်မိတဲ့အချိန် တွယ်တာစရာမိဘမရှိတဲ့ဘဝ သူတို့ဘဝကို တွေးမိတိုင်း စိတ်ထဲမကောင်းဘူး…
ဝင့်ပြုံးမြင့်
March 14, 2015 at 5:16 pm
. ဖတ်လို့ကောင်းတယ် ကိုချစ်။ မိဘမဲ့ကျောင်းကို ရောက်ဖူးသေးတယ်။ အဲဒီတုန်းကလည်း အရမ်းခံစားခဲ့ရတယ်။
•*¨နန်းတော်ရာသူ •*¨
March 15, 2015 at 2:22 pm
ကိုယ်တွေက မိဘမမဲ့ဖူးပေမယ့် ကိုယ့်သားသမီးလေးတွေ ဒီလိုဆိုရင် ဆိုတဲ့ စိတ်နဲ့တော့ ကိုယ်ချင်းစာမိတယ်။
တခါတလေ ရုပ်ရှင်တွေထဲ ကလေးတွေ မိဘနဲ့ကွဲကုန်တာတွေကြည့်ရင်း မျက်ရည်ကျမိတယ်။
မြစပဲရိုး
March 15, 2015 at 9:48 pm
ငယ်ငယ်တုန်း က ခရီးသွားတော့ နယ်ဖက်မှာ အေးလို့ အမေ က ကိုယ့်ကို အနွေးထည်လေး ထပ်ဝတ် ပေးနေတာ ကို အသေအချာ ရပ်ပြီး ငေးကြည့် နေတဲ့ ကိုယ် နဲ့ ရွယ်တူ ဈေးသည်မလေး ရဲ့ မျက်လုံး လေး တွေ ကို ပြန်မြင်မိ နေတယ်။ :-((((
အဲဒီ ကောင်မလေး ရဲ့ အကြည့် ကို အဲဒီ အချိန်က နားမလည် ခဲ့ဘူး။
အခုတော့ အဲဒီ မျက်နှာ လေး ရဲ့ အဓိပ္ပါယ်ကို အသေအချာ ခံစားတတ်နေပြီ။
အဲလိုသာ သိခဲ့ရင် ကိုယ်လဲ အမေ လုပ်ပေးနေတာ ကို ဇိမ်မခံပါဘူး။
ကိုယ့်ဟာကို အတင်းဘဲ လုပ်ပြလိုက်မိမှာပါ။
လောကကြီး ထဲ တန်ခိုး ရှိခဲ့ရင် အဲလို ဘဝလေး တွေ မဖြစ်ရအောင် ဖန်ဆင်းထားချင်တယ်။
padonmar
March 16, 2015 at 8:03 am
အန်တီလည်း အခု မိဘမဲ့ဖြစ်နေပြီ။
ရွယ်တူတွေရဲ့ မိဘတွေကိုတွေ့ရင် ခံစားရပါတယ်။ဒါကြောင့် ကလေးတွေကို ကိုယ်ချင်းစာမိပါတယ်။