Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တန်ဖိုးသင့်ညစာ(သို့မဟုတ်)မေ့လျော့နေသောဈေးကွက်သို့ (Credit to နန္ဒဝင်း(ဆေး-၁))

Travis ZawApril 24, 20152min106325

daily eleven သတင်းစာကိုပေးပို့မယ့် ကျွန်တော့်ကိုယ်တွေ့လုပ်ငန်းလေးအကြောင်းပါ…

 

ဆရာဝန်အလုပ်ကိုဝါသနာပါလွန်းလို့ကိုလုပ်ခဲ့သူပီပီ ကျွန်တော့်အတွက် လူနာတွေကိုကြည့်နေရရင် မမောနိုင်ခဲ့ ပါဘူး။

နောက်မှာ ဘယ်လောက်ပဲလူနာများနေပါစေ လက်ရှိကြည့်နေတဲ့ လူနာတစ်ယောက်ကို မှာစရာရှိတာ မှာတတ်တာကျွန်တော့်အကျင့်ပါဘဲ။ မြန်မာနိုင်ငံရဲ့ အခြားခြားသော ဆေးရုံဆေးခန်းတွေနှင့်တူညီစွာ ကျွန်တော့်လူနာတွေထဲမှာ သွေးပေါင်တက်တဲ့ လူနာတွေကလည်း အတော့်ကိုများလှပါတယ်။
အခြားဆရာဝန်တွေက လူနာတွေကိုဘယ်လိုမှာတယ်မသိပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်သွေးပေါင် တက်တဲ့လူနာတွေကို ဆောင်ရန်ရှောင်ရန်မှာတဲ့အခါမှာ ကံ စိတ် ဥတု အာဟာရ လေးခုကိုမူတည်ပြီးမှာတတ် ပါတယ်။ အလုပ်ပြင်းပြင်းထန်ထန်မလုပ်ဖို့ စိတ်ခံစားချက်တွေကိုထိန်းသိမ်းဖို့ ပူပြင်းလှတဲ့ရာသီဥတုမှာ နေတတ်ဖို့ အဆီအစိမ့်အငန်စတဲ့တက်စာတွေကိုရှောင်ဖို့မှာခဲ့ပါတော့တယ်။

အစားအစာတွေကို ထပ်ပြီးအာရုံစိုက်မှာမိတာဆိုရင် မတည့်တဲ့အစားအစာတွေက ဝက်သား အမဲသား ဘဲသား ငါးသလောက် ငါးဖယ် ပုဇွန် အုန်းနို့ ထောပတ် ဆေးလိပ် အရက် ကွမ်း ကြက်ဟင်းခါးသီး ဒညင်းသီး ဆူးပုတ်ရွက် မှို မျှစ် ငါးခြောက် ငါးပိ စတာတွေကိုရှောင်ဖို့ အမြဲမှာမိခဲ့ပါတယ်။ နားထောင်ကြတဲ့လူနာတွေရှိသလို ငိုအားထက် ရယ်အားသန် ပြောကာမှ ဆင်အိပ်ရာ ဆိတ်နိုး စားစရာတွေသတိရတဲ့လူနာတွေလည်းရှိပါသေးတယ်။

နယ် တစ်ခုမှာ တာဝန်ကျတုန်းက အဲဒီအဘကြီးကို သွေးတိုးနေတဲ့အကြောင်း ဆောင်ရန် ရှောင်ရန်တွေ မတည့်တဲ့ အစားအစာတွေကို တန်းစီ ခရားရေလွှတ် တတွတ်တွတ် မှာမိပါတယ်။ လူနာစမ်းသပ်တဲ့ကုတင်ပေါ်ကဆင်းပြီး ပြေလျော့နေတဲ့ပုဆိုးကိုပြင်ဝတ်ရင်း နံဘေးကအဖော်ပါလာတဲ့ သူ့အမျိုးသမီးကို လူနာအဘကချက်ခြင်း ပြော လိုက်ပုံက …ညီမလေး ရန်ကုန်ကားကြုံရင် ဘဲကင်လေးဘာလေးမှာကွာ ဆရာပြောမှ ငါစားချင်လိုက်တာတဲ့…


နွမ်းပါးတဲ့လူနာတွေက ကျွန်တော့်ကို တစ်ခုအထွန့်တက်တက်ပါသေးတယ်။ ဆရာရယ် ငါးသလောက်တို့ ဝက်သားတို့ဆိုတာကျွန်တော်ကျွန်မတို့ဘဝမှာ မူးလို့ရှုစရာတောင် မရှိလှပါဘူး။ မစားရလည်း ဘာမှ မဖြစ်ပါဘူး။ တောသူတောင်သားတွေဖြစ်လို့ ငါးပိချက်အားပြုစားနေရတာ ငါးပိချက်မှ မစားရင်ဘာသွားစားရမှာ တုန်းလို့ ဆိုတတ်ကြပါတယ်။

အနည်းငယ်ကျွဲမြီးတိုသွားတဲ့ကျွန်တော်က ဟာဗျာ လောကကြီးမှာ ဒီငါးပိချက်ဘဲ စားစရာရှိတာမှတ်လို့ ဒီပြင့်ဟာစားပေါ့ လို့ ခပ်ငေါက်ငေါက်ဆိုမိမှ ခေါင်းလေးတွေပုသွားတတ်ကြပါတယ်။ ဒါပေမယ့် နေရာဒေသသာပြောင်းသွားတယ် ငါးပိချက်မစားဘာစားရမလည်းဆိုတဲ့စကားကို နွမ်းပါးတဲ့လူနာ တွေဆီက အမြဲကြားနေရတတ်ပါတော့တယ်။ သိချင်စိတ်ကြီးလာရင် မနေတတ်တဲ့ ကျွန်တော်ဟာ တစ်ညနေ မတော့ ဆေးခန်းကလေ ခဏထွက်ပြီး နွမ်းပါးသူတွေရှိနေတဲ့အရပ်ကိုသွား သူတို့ရဲ့ထမင်းဝိုင်းကိုလေ့လာမိ ပါတော့တယ်။
ထမင်းဝိုင်းအလယ်က ငါးပိချက်တစ်အိုးကို အဓိကဟင်းလျာအဖြစ် မိသားစုအကုန်ဝိုင်း အားပါးတရ စားနေကြပါတယ်။ ဟင်းတော့မကောင်းဘူးဆရာ ငါးပိချက်လေ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒါနှင့်ဘဲ ထမင်းမြိန်တယ် ဆိုပြီး ပလုပ်ပလောင်းဝါးရင်းပြောနေတဲ့ သူတို့ကို ရုတ်တရက်စကားပြန်တောင် မပြောနိုင်ခဲ့ပါဘူး။ နီးစပ်ရာ ကိုင်းအပြန် ယာအပြန်မှာချိုးလာတဲ့ အတို့အမြုတ်ကလေးတွေနှင့် ထမင်းကို ဇိမ်ခံ တောင်မဝါးဘဲ ငါးပိချက်နှင့်နယ် မျိုချနေရတဲ့သူတို့ ဘဝကို ဒါ ငါတို့လူမျိုးစားရတဲ့အစာလားလို့ သုံးသပ်ပြီး စိတ်မကောင်းဖြစ်မိခဲ့ပါတော့တယ်။

သူတို့တွေ အတွက် ငါးပိချက်ထက်အာဟာရပြည့်ဝမယ့်အစားအစာတွေ အသုံးနည်းစွာနှင့် စားသုံးတတ်လာအောင် ဘယ်လိုပညာပေးရမယ် ဘယ်လိုနည်းပေးလမ်းပြလုပ်ရမယ် ဆိုတာကို အမြဲတွေးတောမိနေခဲ့ပါတော့တယ်။
အဲဒီအချိန်ကစ မြန်မာနှစ်ဆန်းတစ်ရက်နေ့လိုအခါကြီးရက်ကြီးတွေကျွန်တော့်မွေးနေ့လိုအမှတ်တရနေ့တွေမှာ ကျွန်တော်ဟာ တပည့်တပန်းနှင့်မိတ်ဆွေတွေရဲ့အင်အားကိုယူပြီးတော့ ဆင်းရဲနွမ်းပါးသူတွေကို စတုဒီသာ ကျွေးဖို့ စီစဉ်ခဲ့ပါတယ်။ ကိုယ့်အလှူကြောင့်သတ္တဝါတွေပိုသတ်ရတာမဖြစ်ရအောင် ပံ့သကူသားဖြစ်တဲ့ ငါးခြောက်နှပ်ကို သီးစုံ ပဲကုလားဟင်း ထမင်းနှင့်ဖိတ်ခေါ်ကျွေးမွေးခဲ့ပါတော့တယ်။ အားပါးတရ စားသောက်နေ ကြတဲ့သူတွေကိုတွေ့ရတာ ကျွန်တော်တင်မက လာကူတဲ့ တပည့်များ မိတ်ဆွေများကလည်း ဝမ်းမြောက်ကြပါ တယ်။

ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်တွေ ရွာနီးချုပ်စပ်ကို လိုက်ပြီး ဗျို့ဟစ်ကာ စတုဒီသာစားရန်ကြွပါလို့ လိုက်ဖိတ်ရတာ အင်မတန်ကြည်နူးစရာကောင်းလှပါတယ်။ ဆရာဝန်ဖြစ်စကတည်းက တစ်နေ့တစ်နေ့ ဆေးခန်းလာပြသော ပထမဦးဆုံးလူနာဆီကရတဲ့ အမြတ်ငွေကို လှူဒါန်းဖို့စုဆောင်းခဲ့သလို လူနာတွေ သဒ္ဓါအလျောက် လာကန်တော့ကြရင်လည်း တစ်ဝက်တိတိကိုလှူရန်လို့စုဆောင်းထားတတ်တဲ့ ကျွန်တော့်အတွက် လှူရန်ငွေကအမြဲရှိနေတာမို့ လှူရန်အခွင့်ကိုဘဲ ပိုက်ဆံလေးတွေစုရင်း ရှာဖွေနေခဲ့မိတဲ့ အထိပါဘဲ။
ကျွန်တော့်အတွေးအခေါ်တစ်ဆစ်ချိုးစေမယ့်ကာလကိုရောက်လာခဲ့ပါတော့တယ်။ အဲဒါကတော့ တစ်ရက် နေရာဒေသတစ်ခုမှာ စတုဒိသာစားရန်ကြွကြပါ လို့ ရွာကလေးတစ်ခုထဲကို တပည့်တွေကိုဗျို့ဟစ်ခိုင်းပြီး ကြည်နူးချင်လို့ နောက်ဘက်မလှမ်းမကမ်းကနေလိုက်ကြည့်နေမိတဲ့အချိန်ကအဖြစ်အပျက်ပါ။ မနီးမဝေးက ပါလာတဲ့ကျွန်တော့်ကိုသတိမပြုမိတဲ့ အမျိူသမီးတစ်ယောက်က စတုဒီသာလိုက်စားရအောင် တို့က သူတောင်းစားမှ မဟုတ်တာ လို့ ရှေ့ကဗျို့ဟစ်သွားတဲ့ တပည့်ကျော်ခပ်လှမ်းလှမ်းအရောက်မှာ မကြားတကြားဆိုပါတယ်။

စေတနာကိုစော်ကားလိုက်တာဆိုပြီး စိတ်တိုသွားသလို ဖြစ်ပေမယ့် လူတိုင်းမှာ မာနရှိတယ်ဆိုတာကို သတိပြုမိတဲ့အခါ အခမဲ့စတုဒီသာများ ကျွေးမွေးခြင်းကို လုပ်ရန် အနည်းငယ် လက်တွန့်သွားမိပါတော့တယ်။ မိမိကစေတနာပင်ဖြစ်လင့်ကစား သူတပါးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်သင့်ဘူးဆိုတဲ့ အသိတစ်ချက်အား စတုဒိသာပြီး စတုဒိသာ ကျွေးချင်နေတဲ့ ကျွန်တော့်ကို တွေဝေစေပါတော့တယ်။ ဒါပေမယ့် အနည်းငယ်အနားရလို့ စဉ်းစားလိုက်တိုင်း ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေ ပင်ပင်ပန်းပန်း တစ်နေကုန် အလုပ်တွေလုပ်လာပြီးမှ ငါးပိချက်အိုးလေးတစ်အိုးတည်းကို ခေါင်းမဖော်တမ်းအလုအယက်စားနေရတဲ့ မြင်ကွင်းက မြင်ယောင်နေမိပါတော့တယ်။
လိုလျှင်ကြံဆနည်းလမ်းရဆိုသလိုပါဘဲ သုံးလေးနှစ်လောက် အကောင်အထည်မပေါ်ပေမယ့် လုပ်နိုင်မယ့် အခွင့်အရေးကို အမြဲတမ်းမျှော်လင့်နေတဲ့ကျွန်တော့်အတွက် နေ့တစ်နေ့ကတော့ ရောက်လာခဲ့ပါတော့တယ်။

ယခုတာဝန်ကျနေတဲ့ အင်္ဂပူဆိုတဲ့ မြို့ငယ်ကလေးမှာ ဆရာဝန်အလုပ်သာမက ကျန်းမာရေးနှင့်နှီးနွယ်သော လူမှုဖွံ့ဖြိုးရေး ပရဟိတအလုပ်တွေလည်း လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ မြို့ကလေးကျဉ်းကျဉ်းမှာ နဂိုကတည်းက နယ်မြေခံအခြေခံကျန်းမာရေးဝန်ထမ်းအများစုဟာ တစ်ဦးနှင့်တစ်ဦး အမျိုးတွေပတ်လည်တော်နေကြတာပါ။ အစောပိုင်းကတော့ ကျွန်တော်လုပ်လို့သာလိုက်လုပ်နေရပေမယ့် နောက်ပိုင်းကျတော့ ဝန်ထမ်းအားလုံးဟာ ပရဟိတအလုပ်တွေကို လိုလိုချင်ချင်လုပ်ကိုင်လာပါတယ်။

လပြည့် လကွယ်နေ့တွေဆိုရင် ကျွန်တော်ဖွင့်နေကျ နေ့လည်ခင်းဇီဝိတဒါနဆေးခန်းလေးအတွက် သူတို့ ပြောစရာမလို သူ့တာဝန်နှင့်သူ ပြင်ဆင်နေတတ် ကြပါတယ်။ တစ်လတစ်ခါအခမဲ့မျက်စိခွဲစိတ်ကုသပေးတဲ့ မရှိ မလင်းသူမရှိစေရ အစီအစဉ်အတွက်ဆိုရင်လည်း မျက်စိလူနာတွေ နားရန် စားရန် သွားရန် အကုန်လုံးကိုသူတို့ထောင့်စေ့အောင်တက်တက်ကြွကြွလုပ်ကိုင် နေတတ်ပါပြီ။ နှုတ်ခမ်းကွဲလူနာတွေ ခွဲစိတ်ကုသရန်အစုလိုက် ပို့ဆောင်ရေး ပြန်ကြိုရေးတို့ကို ကျွန်တော်တောင်လုပ်စရာမလို သူတို့ ဘာသာ စီမံတတ်နေကြပါပြီ။ ကျွန်တော့်ဆီက ပရဟိတပိုး ကူးစက်ကုန်တယ်လို့ ဆိုရမှာပါဘဲ။ ညီညွတ်လှတဲ့သူတို့ရဲ့ အင်အား သူတို့မိသားစုဝင်တွေရဲ့အင်အားကို အသုံးချဖို့အချိန်ကျပြီလိုကျွန်တော်ဆုံးဖြတ်လိုက်ပါတော့တယ်။


တစ်ရက် စိတ်လက်ကြည်သာ ရှိတဲ့တစ်နေ့မှာ ကျွန်တော်တင်ကြိုစဉ်းစား ထားတဲ့ ဝန်ထမ်းအချို့နှင့် ဝန်ထမ်း မိသားစုတွေကိုခေါ်တွေ့လိုက်ပါတယ်။ ကျွန်တော့်ရဲ့ ငါးပိချက် အိုးကလေး ကိစ္စကိုသူတို့နားဝင်အောင် ပြောပြလိုက်ပါတယ်။ နောက် နေ့စဉ် ရုံးချိန်ပြင်ပ မိမိတို့ အားလုံး အားလပ်ချိန်မှာ အာဟာရ ဒါန စေတနာ့ ဝန်ထမ်းလုပ်ရမယ်လို့ မေတ္တာရပ်ခံပြီး လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကိုချပြလိုက်ပါတော့တယ်။ အထက်လူကြီးရဲ့ ဆန္ဒသည် သူတို့အတွက် အမိန့်လို့ ခံယူထားတဲ့ ကျွန်တော့်ဝန်ထမ်းတွေဟာ အားကျိုးမာန်ထည့်ကြိုးစားပေးကြပါတော့တယ်။ အဲသည်လိုနှင့် ဆင်းရဲနွမ်းပါးမိသားစုများအတွက် အပန်းဖြေစေရန်ညနေခင်းများအတွက် တန်ဖိုးသင့်ညစာလုပ်ငန်းကိုစတင်လုပ်ကိုင်ဖြစ်ပါတော့တယ်။


နှစ်စဉ်မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်တော်စတုဒီသာကျွေးနေကျဖြစ်ပါတယ်။ ဒီနှစ်တော့စတုဒိသာ မကျွေးတော့ဘဲ ကုန်ကျမည့်ပိုက်ဆံနှင့်ဆိုက်ကားတစ်စီးဝယ် အိုးခွက်ငရုတ်ကြက်သွန် ဆီဆန်တွေကိုဝယ်လိုက် ပါတော့တယ်၊ သီးစုံပဲကုလားဟင်း ဝက်သားဟင်း ကြက်သားဟင်း ထမင်းတို့ကိုချက်ခိုင်းလိုက်ပါတယ်။ ပြီးတော့မှ ဆိုက်ကားပေါ်တင် ထမင်းနှင့် သီးစုံပဲဟင်းဆို ငွေကျပ် ၂၀ဝ ထမင်းနှင့်ဝက်သားဆို ၃၀ဝ ထမင်းနှင့် ကြက်သားဆို ၅၀ဝ လို့သတ်မှတ်ပြီး ဆင်းရဲနွမ်းပါးတဲ့ရပ်ကွက်တွေကို လိုက်လံရောင်းချစေခဲ့ပါတယ်။ အပန်းဖြေစေရန် ညနေခင်းများအတွက် အာဟာရပြည့်ဝသောတန်ဖိုးသင့်ညစာ လို့ ခေါင်းစဉ်တပ်ပြီး ဆောင်ရွက်တဲ့အခါ တစ်ခဏအတွင်းမှာဘဲ အမြန်ကုန်သွားခဲ့ပါတော့တယ်။ ပထမဦးဆုံးနေ့မှာဘဲ စုရပ်သုံးခု သွားဖို့ရည်ရွယ်ထားရာမှ တစ်ခုထဲမှာဘဲ ကုန်သွားအောင်တခဲနက်အားပေးကြပါတော့တယ်။ နောက်နေ့လည်း လာပါ တန်လိုက်တာ ထင်းဖိုးသာသာလောက်ရှိတဲ့ တန်ကြေးနှင့် ဟင်းတွေစားရတာလို့ ကြွေးကြော်ကြပါတော့ တယ်။ လုပ်အားခ အားလုံးမယူကြတဲ့အတွက်ထည့်မတွက်တဲ့အခါ ဈေးဝယ် ဈေးရောင်းကနေ ပထမဦးဆုံးနေ့မှာဘဲငွေတစ်ထောင် မြတ်ခဲ့ပါတယ်။ အမြတ်ရယ်ဆိုတာထက် လူအများစုကို ကြည်နူးစေလိုပြီး ဆင်းရဲနွမ်းပါးသူတွေ ကိုလည်း နှစ်ပေါင်းများစွာကျွန်တော်မျှော်လင့်ခဲ့သလို အာဟာရပြည့်ဝစွာကျွေးနိုင်ခဲ့ပါပြီ။


နောက်နေ့နောက်နေ့တွေမှာလည်း တခဲနက်အားပေးခဲ့ကြပါတယ်။ နေ့တိုင်းတိုးချက်နေသော်လည်း ဝယ်လိုအားကကျသွားခြင်းမရှိကြပါဘူး။ ဆီသန့်သန့် အာဟာရစံညွှန်းအတိုင်း ဆရာမတစ်ဦးကို ကြီးကြပ်ခိုင်းပြီး တာဝန်ချိန်ပြင်ပ ဝန်ထမ်းများ ဝန်ထမ်းမိသားစုများအားလုံးတစ်ညီတစ်ညွှတ်ထဲ ပျော်ပျော်ပါးပါး ကျွန်တော်ကငွေအားဉာဏ်အားစိုက်ထုတ် သူတို့တွေက လုပ်အားစိုက်ထုတ်နှင့် အချိန်တိုတိုအတွင်း အောင်မြင်မှုတွေကိုရရှိလာပါတော့တယ်။ ဆင်းရဲတဲ့သူတွေရဲ့ ဂုဏ်သိက္ခာလည်းထိခိုက်မှုမရှိတော့ပါဘူး။ ဝယ်စားတာ အလကားလိုက်စားတာမဟုတ်ဘူးလို့ ကြွေးကြော်ချင်လည်းကြော်ကြပါစေတော့။ ဘယ်လိုဆိုဆို ကျွန်တော်ဖြစ်စေချင်တဲ့ အာဟာရပြည့်ဝသော ဟင်းလျာများကတော့ သူတို့ဆီကို ဂုဏ်သိကာရှိရှိရောက်ရှိ သွားခဲ့ပါပြီ။


ကျွန်တော်တို့ဆောင်ရွက်နေတာကိုသိရှိသွားတဲ့မိတ်ဆွေအသိုင်းအဝိုင်းများကလည်း ဒီလုပ်ငန်းလေး အဓွန့် ရှည်ကြာစွာ ဆက်လက်လုပ်ကိုင်နိုင်စေရန် ငွေပင်ငွေရင်းတွေ ဝိုင်းဝန်းထူထောင် ထည့်ဝင်ပေးကြပါတယ်။ လုပ်အားဒါနပေးလှူကြတဲ့ကျွန်တော့်ရဲ့တက်ကြွနေတဲ့ဖြူစင်စိတ်ထားနှင့်တပည့်တွေကို အဝတ်အစား ဦးထုပ်မိုးကာကအစ ကူညီထောက်ပံ့ ကြပါတော့တယ်။ မိတ်ဆွေများရဲ့ စေတနာအားတွေကြောင့် မကြာခင်အချိန်အတွင်းမှာ စုရပ်တစ်ခုတည်းကို ရောင်းနေရတာထက် စုရပ်နှစ်ခုသုံးခုကို တစ်ပြိုင်တည်း ရောင်းချနိုင်လောက်အောင် ဆိုက်ကား စီးရေ တိုးချဲ့နိုင်ပါတော့မယ်။ ဆင်းရဲနွမ်းပါးတဲမိသားစုထဲကတစ်ချို့ကို ဟင်းချက်တဲ့နေရာ ဟင်းတွေပို့ဆောင်တဲ့နေရာတွေမှာ အလုပ်ပေး ထမင်းကျွေး လခပါပေးနိုင်ပါတော့မယ်။ စေတနာမှန်ရင်ကံဖြစ်လာတာပါဘဲ။ ခုဆို နှစ်သောင်းရင်းရင် ငါးထောင်မြတ်တဲ့အထိအောင်မြင်လာခဲ့ပါပြီ။ ရောင်းအားကောင်းလာရင်ကောင်းလာသလောက် အမြတ်ကလိုက်လာမှာပါ။ နှစ်သောင်းဖိုးရင်းရင် လူဦးရေ (၁၀၀)ကို လွှမ်းခြုံနိုင်ပါတယ်။ သင်္ချာနည်းအရတွက်ရင် ၂၅ရာနှုန်းနီးပါးမြတ်တဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။


ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲမှုနှုန်းက ၂၆ရာနှုန်းရှိတယ်လို့ ဆိုပါတယ်။ တစ်ချို့သောအဖွဲ့အစည်းများက ၄ဝရာနှုန်းအထိရှိတယ်လို့ဆိုကြပါတယ်။တစ်နည်းဆိုရင် လူဦးရေသန်းငါးဆယ်မှာ ဆယ်သန်းကနေ သန်းနှစ်ဆယ် အထိကဆင်းရဲကြပါတယ်။ ဆယ်သန်းဘဲဆိုကြပါစို့။ တစ်နေ့သိန်းနှစ်ထောင်ရင်းပြီး တန်ဖိုးသင့် ထမင်းဟင်း ရောင်းပေးလိုက်ရင် တစ်နေ့တည်းမှာ သိန်းငါးရာမြတ်နေပါပြီ။ ချမ်းသာလှတဲ့သူဌေးကြီးများ ခင်ဗျား ရန်ကုန်လိုနေရာ မန္တလေးလို နေရာတွေမှာ ဈေးကွက်ကိုဝိုင်းလုနေမယ့်အစား မေ့လျော့နေတဲ့ ဆင်းရဲနွမ်းပါးဈေးကွက်ကြီးကို မျက်စိကျကြပါလားဗျာ။ ကုသိုလ်လည်းရ ဝမ်းလည်းဝမယ့်အလုပ်ပါဘဲ။
လောလောဆည်တော့ ကျွန်တော်က ရှိစုမဲ့စု ချွေးနည်းစာငွေနှစ်သိန်းကိုအရင်းပြု နေ့စဉ် နှစ်သောင်းဖိုးဟင်းချက် တစ်နေ့ငါးထောင်အမြတ်ကလေးတွေကိုစု ထပ်ထပ်ပြီးလုပ်ငန်းလေးတွေကို မိတ်ဆွေ များရဲ့ အရင်းအနှီးနှင့် ချဲ့ထွင်ရင်း နွမ်းပါးမိဘပြည်သူများကို အာဟာရတွေပြည့်ဝအောင် တန်ဖိုးသင့်ညစာများကိုစီစဉ်လျက်ရှိပါတော့တယ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်။

.
နန္ဒဝင်း(ဆေး-၁)

 

1
1

 

2
2

 

3
3

 

 

11179967_668869529923683_5515842470951131417_n
4

 

 

11150403_668869599923676_7495570937061488899_n
5

 

25 comments

  • ခင်ဇော်

    April 24, 2015 at 4:27 pm

    ဒါမိုး လုပ်ချင်တယ်လို့တောင် ရွာထဲက လူဂျီး တစ်ယောက် ဟိုနေ့က ဖွဘုတ်မှာ ပြောနေသေးးး
    သာဓုပါ။

    🙂

  • အောင် မိုးသူ

    April 24, 2015 at 4:28 pm

    ဖေ့ဘွတ်ဖတ်လိုက်ရတဲ့ ပို့စ်ပဲ အဲသည်လူကြီးရဲ့စိတ်ထားကို သဘောကျမိ။ ကိုယ်တွေလည်း တတ်နိုင်တဲ့တစ်နေ့ လိုက်ထရပ်ကားလေးနဲ့ လိုက်ရောင်းမယ် စဉ်းစားထားတယ်။ အခြေခံလူတန်းစားတွေ အတွက်ပေါ့။ ကိုယ်တွေတောင် ကိုယ့်ကိုယ်ကို အခြေခံလူတန်းစားလို့ သတ်မှတ်ထားတာ။ ကိုယ်တွေထက်မပြေလည်တဲ့ လူတွေဆို……….ဘယ်လိုဆိုတာ တွေးမိရင်း။

  • Wow

    April 24, 2015 at 4:36 pm

    တကယ်အာ့မိုးလုပ်ချင်တာ.. ရွာသူားတွေလုပ်ဖြစ်ရင် အနော်လဲပါမယ်.. :kwi:

  • မွသဲ ( 17082011 )

    April 24, 2015 at 5:46 pm

    အားကျတယ် လုပ်ချင်တယ် စလုပ်မဲ့သူရှိရင်ပါချင်ပါတယ်

  • Ma Ma

    April 24, 2015 at 6:51 pm

    ကောင်းလိုက်တဲ့ အစီအစဉ်လေးပါပဲ။
    စိတ်ကူးကောင်းကို တကယ်လက်တွေ့လုပ်နိုင်တာ ချီးကျူးပါတယ်။
    🙂

  • padonmar

    April 24, 2015 at 9:55 pm

    ဆရာ နန္ဒဝင်းရဲ့ ဆောင်းပါးတွေက အမြဲ စောင့်ဖတ်ရတဲ့ထဲပါတယ်။
    သူ့ဆီက တပည့်တွေ ပရဟိတပိုးကူးလို့သာ လုပ်နိုင်တာ။
    ဆရာဘယ်လောက် စိတ်ပါပါ တပည့်ကောင်း မရှိရင် ရေရှည် မရပါဘူး။
    ကိုယ့်စက်ရုံမှာ ထမင်းချက်လစာ+ စားရိတ် အရှုံးခံပြီး ထမင်းဟင်းရောင်းပေးဖူးတယ်။ဈေး အချိုုဆုံးဖြစ်အောင် စီစဉ်တယ်။
    ဒါပေမယ့် အရင်းပျောက်ပျောက်လာတယ်။
    အပင်ပန်းခံချက်ပေးတဲ့ ထမင်းချက်ကြီးလည်း ငွေရင်းပျောက်ပျောက်နေတော့ စိတ်ညစ်လာရော။နောက်တော့မှ သိတာ စာရင်းကိုင်မလေးက နည်းနည်းစီ လျှော့ပြပြီး အိတ်ထဲထည့်သွားတာက တမျိုး၊ ကူလုပ်တဲ့သူက သူစားဖို့ကို ပိုက်ဆံမပေးတာက တမျိုး၊
    ဒါ့ကြောင့် ပရဟိတလုပ်ရင် ငွေလှူတဲ့လူထက် တကယ်အကောင်အထည်ဖော်တဲ့သူက ပိုအရေးကြီးပါတယ်။
    ဆရာတော် အရှင်ဆေကိန္ဒရဲ့ ဖြူဖြူစင်စင်ထမင်းဆိုင်လေးတွေတောင် မတွေ့တာကြာပြီ။
    ပရစိတ်ဓာတ် လူများများကို ပြန့်နိုင်ပါစေ။
    ယူတဲ့သူတွေလည်း ပြန်ပေးချင်စိတ်ဖြစ်ကြပါစေ။

  • uncle gyi

    April 24, 2015 at 10:25 pm

    စတည်တာကဆရာ
    နောက်ကလိုက်အကောင်အထည်ဖော်တာကတပည့်တွေ
    တကယ်ကအကောင်အထည်ဖော်တဲ့အဖွဲ့ကောင်းဖို့လိုတာလက်တွေ့ပါ
    ကျွန်တော်တို့လည်းကျွေးဖူးတယ်
    စက်ရုံလုပ်သားတွေနောက်ဆုံးစရိတ်ပေးပြီးပြီးလိုက်ရတယ်
    အကောင်အထည်ဖော်တဲ့အဖွဲ့အရေးကြီးပါတယ်

  • lamin ngel

    April 25, 2015 at 12:55 am

    ဘာပဲပြောပြောစိတ်ကူးလေးနဲ့ရည်ရွယ်ချက်လေးကိုအရမ်းလေးစာပါတယ်။ဟင်းတွေမြင်တော့ဗိုက်တောင်စာလာသလိုလို

  • kai

    April 25, 2015 at 12:50 pm

    ဒီမိုး.. ဒီလေ… ဒီကျိန်စာကြီးနဲ့… ရေရှည်…. ဖြစ်ပါ့မလား.. တွေးနေမိ..။
    ဗမာမှာ.. ဘာသာရေး..နိုင်ငံရေး၂ခုပဲလုပ်တတ်တာ..။ ချဲရတီဆိုတာလုပ်လည်းမလုပ်.. နားလည်းမလည်..။

    ဒီဆရာဝန်ကတော့ ချွေးနည်းစာလေးစုပြီး.. လှူတယ်ဟေ့…ဆိုတော့.. ထုံးစံအတိုင်း.. ဘုန်းကြီးတွေဆီပဲနေမှာပေါ့.. ဆိုပြီးဆက်ဖတ်ကြည့်တာ.. တကယ်လိုနိုင်မယ်ထင်တဲ့လူတွေဆီဖြစ်နေတာမို့.. သာဓုခေါ်ရင်း..
    အလုပ်အကိုင်အခွင့်အလန်းကိုပါ.. စဉ်းစားလုပ်သွားတဲ့.. အတွက်.. သာဓုခေါ်ရင်း..။
    ကြက်သားဟင်းက..ဈေးအကြီးဆုံးဖြစ်နေတာကို.. အံ့ဩသွားရင်း..။
    ပလစ်စတစ်အိပ်ကလေးနဲ့ထည့်ပေးနေရတာကို.. စိတ်မကောင်းဖြစ်မိရင်း..။
    အရီးဒုံပြောတာကို.. အထပ်ထပ်တွေးမိရင်း..။

    ဆိုတော့…
    Charity begins at home.

    • naywoon ni

      April 26, 2015 at 3:19 pm

      တစ်​ကယ်​က
      လူ
      တိုင်​း လုပ်​နိုင်​မဲ့ ကုန်​​ထုပ်​ပိုးမှုမျိုး
      ဥပမာ ကုန်​ထုပ်​လုပ်​မှုမျိုး – စာအိတ်​ ဝါးတူ စသည်​ဖြင်​့ ကုန်​ကြမ်​း​ပေးကုန်​​ချောယူ လုပ်​​ပေးမဲ့ အဖွဲ့အစည်​းမျိုး ရှိသင်​့တာ ။ လူ​တွေရဲ့ အိတ်​ကပ်​ထဲ ပိုက်​ဆံထည်​့​ပေးမဲ့ လူမျိုး / အဖွဲ့အစည်​းမျိုထက်​ လူ​တွေရဲ့ အိတ်​ထဲက ပြန်​ယူမဲ့ လူမျိုး / အဖွဲ့ အစည်​းမျိုးက များ​နေရင်​ မြန်​မာပြည်​ လုံးဝ ( လုံးဝ ) တ်​ိူးတက်​လာမှာမဟုတ်​ပါ ။ အဓိက က ထုက်​ကုန်​ပစ္စည်​း တိုးတက်​ဖို့ပါ ။ လူတိုင်​း လူတိုင်​း ကုန်​ထုတ်​လုပ်​နိုင်​ဖို့ အခွင်​့အလမ်​းဖွင်​့​ပေးရမှာပါ ။ လူတိုင်​း ဝင်​​ငွေ ရှိ​အောင်​ လုပ်​​ပေးရမှာပါ ။ နို့မိုဆို လို့က​တော့ ​ဆေးမြီးတိုနဲ့ ကုစား​နေသလို ​ရောဂါ ​ပျောက်​မှာ မဟုတ်​ပါဘူး 🙂

  • Alinn Z

    April 25, 2015 at 3:04 pm

    ကျနော်တို့ ဗမာပြည် ဆင်းရဲနှုန်းက ၂၆ % ဟုတ်လား
    အဲ့ထက် မကဘူးထင်တယ်နော်
    ပျမ်းမျှနှုန်းနဲ့ တိုင်းတာလိုက်လို့များလား
    တကယ်တော့ ကျနော်တို့ လက်တွေ့ကျင်လည်နေရတဲ့ လူတန်းစားတွေရဲ့ အဝန်းအဝိုင်းဟာ
    ဆင်းရဲမှုနှုန်းဟာ ရာနှုန်းပြည့်လိုလိုပါပဲ
    ချမ်းသာမှုနှုန်းဆိုတာ တစ်ရာမှာ တယောက်လိုလိုပဲ
    အဲ ဂဇက်ရွာထဲမှာတော့ တသောင်းမှာ တယောက်သော ကျနော်သာ ငမွဲ
    ဟဲဟဲ
    :mrgreen:

    • မြစပဲရိုး

      April 25, 2015 at 5:10 pm

      . အိမ်ပြန်တုန်း က ကြားခဲ့တဲ့ စကား ရှိတယ်။
      . ရွှေပြည်မှာ တဲ့ အရင် က လူတန်းစား ၃ မျိုး ရှိတာ အခု ၂မျိုးဘဲ ရှိတော့ တယ်တဲ့။
      မသုံးနိုင်ဘဲ အရမ်း ဆင်းရဲ သူတွေ နဲ့ အရမ်းသုံးနိုင်ပြီးချမ်းသာသူတွေ တဲ့။
      ကြား နေ လူလတ်တန်းစား မရှိတော့ဘူး ဆိုဘဲ။ (ဘယ်ပညာရှိ ဆီက အချက်အလက် လဲ တော့မသိ)
      အဲဒီတော့ ကိုယ့်ဟာ ကို အရမ်းမချမ်းသာမှန်း သိလေတော့ အရမ်းဆင်းရဲ သူ တွေထဲ ဘဲ ထည့်လိုက်တော့ တယ်။
      . ဒေါ်လာ အထပ်လိုက်ကိုင်ပြီး သိန်းချီ ရှင်းရတဲ့ ဝိုင်း ကို ဘာမှ မရှိဘူး ပြောနေတဲ့ သူငယ်ချင်း ကို ပါးစပ် အဟောင်းသား နဲ့ ကြည့်ရင်း
      ကိုယ့်ဟာကို စိတ်ထဲ က ဒါဆို ပေါင်၁၀၀။ အနဲဆုံး လဝက်စာ လောက် စားလို့ ရတယ်။ လို့ တွေးပြီး နှမြောနေလွန်းလို့။
      ကိုယ်ဆိုဒီလောက် မစားနိုင်တာ သေချာတယ်။
      ဒီတော့ ဆင်းရဲသားလူတန်းစား လို့ ဘဲ ခံလိုက်ပါတော့မယ်။

      ဒီတော့ ဆက်ဆက်
      မင်း နဲ့ အရီးလဲ အဖော်ရှိတယ် မှတ်။ :))

  • မြစပဲရိုး

    April 25, 2015 at 4:59 pm

    သူကြီး ဘာပြောပြော ကန့်လန့်ဝင်ဝင်တိုက် နေတာလို့ မထင်စေလို။
    သို့ပေမဲ့ ဘာပြောပြော ထေရဝါဒ ကို ခေါင်းတပ်တပ် နေတာ မို့ ဝင်ပြန်ရပါတယ်။

    ချာရတီ ရဲ့ ပေးကမ်းခြင်း ကို ဝီကီ က အဓိပ္ပါယ် ဖွင့်ထားတဲ့ ရ မျိုးမှာ ၅ခု က ဘာသာရေး ကို နွယ်ပါတယ်။
    ဒါန ကိုလဲ ပေးကမ်းခြင်း ထဲ ထည့်ထားတာပေမဲ့ ဘာသာရေး လို့ မယူလဲ ရတယ်ထား ရင် ၄မျိုးမှာ Christian theological concept နဲ့ Islamic concept တွေ က သူတို့ ဆိုင်ရာ ဘာသာရေး က လာပါတယ်။
    Charity may refer to:
    Giving
    Charity (practice), the practice of being benevolent, giving and sharing
    Charity (virtue), the Christian theological concept of unlimited love and kindness
    Dāna, the virtue of giving, generosity and benevolence in Indian traditions
    Tzedakah, a Hebrew concept commonly used to signify charity
    Zakah, the Islamic concept of mandatory alms-giving, often translated as “charity”
    Sadaqah, the Islamic concept of voluntary alms-giving, often translated as “charity”
    ဒါကြောင့် Charity လို့ ပြောရင် ဘာသာရေးလဲ နွယ်နိုင်တယ် လို့လဲ ပြောလို့ ရပါတယ်။
    ဘုန်းကြီး ကိုမှ ပေးချင်လို့ ပေးကမ်းလိုလဲ ပေးတာ Charity ဘဲပေါ့။
    သူ ဟာသူ သူ့ပေးချင်တာ ဘယ်သူ့ပေးပေး။ မှားတယ် ပြောမရ။
    ဒါကို လက်ညိုးထိုးနေမဲ့ အစား ကိုယ်က အရင် ဒီလို လုပ်သင့်တာလေး တွေ လုပ်ပြပြီး လူတွေ ကို သိမ်းသွင်းတာ က ပိုပြီး ထိရောက် မယ်ထင်တယ်။
    တစ်ဖက်မှာလဲ ဘုန်းကြီး တွေ ဆိုတာ သူများ ပေးကမ်းလှူဒါန်းတာ ကို ယူပြီး ရင်လဲ ဒါကို လှူသူ အတွက် အကျိုးရှိအောင် ထိရောက်အောင် စီမံပေး ကိုယ်တိုင်ကလဲ ကောင်းရာလမ်းကို ကျင့်ကြံပေးရင်
    သူကြီးလိုမျိုး ဘာသာရေး ကို မျက်မှန်စိမ်းတပ်ထားသူ တွေ နည်းလာမယ် ထင်မိတယ်။
    မဟုတ်ရင် ဘုန်းကြီး တွေ ဘက် က တရားပျက်တာ များလာတာ နဲ့ အမျှ ကိုယ့် ဘာသာရေး ပျက်သုံး နိမ့်ကျဖို့ လမ်းရှိနေတယ်။

    ပို့စ် က ကောင်းနေပြီးမို့ ကောင်း တာ ကို ဆက်မွှန်း မနေတော့ပါဘူး။
    အကြံလေး နဲနဲ ပု ခွင့် ရရင်တော့ ပု ချင်သား။
    အသားတွေ ကို ဒီလောက် ဆီနန်းချင်း နဲ့ ချက်တာ ကျန်းမာရေးနဲ့ မညီ ဘဲ ဈေးလဲ ကြီး စေပါတယ်။
    တကယ်တော့ အသားချည်း ချက်ရောင်းတာထက် အသီး အရွက်ကြော်လို မျိုး ကို အသား နဲနဲ ထည့်ပြီး များများ ရောင်းရင် မိသားစု လိုက် စားနိုင်သလို ကျန်းမာရေး နဲ့လဲ ညီ မယ်။
    ။မြန်မာပြည် ထဲ ဒီလောက် ဟင်းရွက်စိမ်း ပေါတာ။ ဝါသနာပါရင် စိုက်ခင်းတောင် လုပ်ထားပြီး ရောင်းစား လို့ ရသေး။
    အသားချက် လဲ အာလူး လို ဗူးသီး လို နဲ့ ရောချက် ရောင်း ရင် ပိုပြီး စားလို့ ကောင်းမှာ။

    . ကြည့်ရတာ ဒီ ဆရာလေး ရဲ့ အိုင်ဒီယာ ကို လိုက်ပြီး လုပ်မဲ့ သူတွေများတာ တွေ့ရတာတော့ အမှန်ဘဲ။
    ရွာပြန်ပြီး ဟင်းချက်ရောင်း ဖို့ ကို စီစဉ်နေတာတွေ ဖဘ ထဲ အတော်တွေ့နေတယ်။
    ဒီလို လူ တွေ ကို ရောင်းဖို့ အသီးအနှံ တွေ၊ ကြက်ဥ/သား တွေ လဲ အတော်လိုလာမှာမို့ အဲဒီ ဘုဇီနက် ကလဲ ကိုက်မှာနော်။
    ဒါမျိုး လုပ်မဲ့ လူ တွေအတွက်ကို စစ်တပ်က သိမ်းထား မြေ တွေ ပြန်စွန့်ပေး ရင် ကောင်းမယ်။ 😉

  • Ma Ma

    April 26, 2015 at 6:40 am

    ဒီပိုစ့်လေးဟာ ဖဘမှာတင်ထားတာထက် ဒီရွာမှာတင်လိုက်လို့ အဖိုးတန်ကွန်မန့်တွေအများကြီးနဲ့ ပိုပြီး ပြည့်စုံသွားရတယ်။ 🙂

  • ဦးကြောင်ကြီး

    April 27, 2015 at 3:08 am

    အီနော်လည်း အဲလို ဆိတ်ကူးယင်ဖူးလယ်.. တပိုင်တနိုင်အတွက် ငွေအရင်းအနှီး သိပ်မီလို.. ပီးဒေါ့ အမြတ်အတွက် စီးဗွားယေးစံစံ မီဟုပ်လို့ မီယောင်းယမှာ မီပူယ… အီယင်း စုန်းဖို့မီဖျစ်နိုင်။ သို့သော် ရေရှီတည်မြဲဖို့ ဝံထမ်း ပွဟိတသမား လိုအိ။ အီကောင်းစုန်းက လာဘ်ရှိ အောင်အောင်မြင်မြင် လုတ်နေသူကို ပံ့ပိုးပေး၊ လုတ်နေသူကိုလည်း အထိုက်အလျောက် အဖိုးအခပေး၊ ပုံမှန် ဆရင်းစစ် ကြက်မတ်ကွပ်ကဲ ပေးရမြည်း။

  • Shwe Ei

    April 27, 2015 at 8:58 am

    -ထမင်းရည်ချောင်းစီး ရွာလုံးကျွတ်စားနိုင်အောင် လှူလိုက်မယ်ဆိုတဲ့ စိတ်ကုူးနဲ့
    -ရ ရက် ရ လီ မောင်းထုပီး လှူရင်တောင် ရ ရက် ကျော်တာနဲ့ ဒုံရင်း ဘဝပြန်ရောက်မှာချင်းတူတူ..
    -အခုလိုမျိုး တပိုင်တနိုင် အလှူကို ရေရှည် လုပ်နိုင်လေ.. ကုသိုလ်ထူးလေပါဘဲ..
    -ဘာဘဲဖြစ်ဖြစ် ဒီလိုအိုက်ဒီယာ ဒီလိုအလုပ်မျိုးကို အကောင်အထည် ဖေါ်နိုင်တာ -တစ်ခုနဲ့တင် လေးစားဖို့ကောင်းနေပါပြီ.
    -ပလန်အကြီးကြီးတွေဆွဲပြီး တစ်ခုမှ ချမလုပ်ဖစ်တာနဲ့ စာရင်..အများကြီးတော်ပါသေးတယ်..
    -နောက်ပီး..သဂျီးတို့လို..ဘုန်းဘုန်းတွေကိုဘဲ ထိုင်ဆဲနေမဲ့လူတွေ များလာမှာနဲ့ စာရင်..
    -တပိုင်တနိုင်ဘဲ တတ်စွမ်းသမျ လှူလို်က်တော့မယ်လို့ စဉ်းစားတဲ့ လူတွေများလာတာ ပိုကောင်းမယ်လို့
    -ယူဆမိပါကြောင်း 😛

  • Mike

    April 27, 2015 at 2:31 pm

    .လေးစားပါတယ်..စိတ်ကူးမယဉ်ပဲ လက်တွေ့ဖြစ်အောင်လုပ်တာလွယ်တာတော့မဟုတ်

  • padonmar

    April 27, 2015 at 8:23 pm

    ဖတ်တဲ့သူတွေ တခါတည်း ဖတ်မိအောင် စုပေးလိုက်ပါတယ်။
    Nanda Win
    Yesterday at 8:10am ·

    တန်ဖိုးသင့်ညစာအတွက်ပေးကြတဲ့အကြံဉာဏ်တွေက အင်မတန်အားရစရာပါဘဲ ကြက်သားဟင်းနဲ့ပတ်သက်လို့ ဆီမများစေချင်ကြောင်းစေတနာစကားကိုကြားရပါတယ် ကျေးဇူးတင်ပါတယ် တကယ်ကျွန်တော် ရည်ရွယ်တာက ဆီနည်းတဲ့ကြက်သားကာလသားဟင်းပါ ပိုလည်းသက်သာနိုင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ Target ထားတဲ့ဈေးကွက်က ဆီပြန်ဟင်းမမြင်ဘူးတာကြာခဲ့တဲ့ဈေးကွက်ဆိုတော့အရည်လေးများ အနှစ်လေးများပိုထည့်လိုက်ရင် နယ်ဖတ်စားကာပျော်ပါစေ ခုလိုစားလို့လည်းနဂိုက ချို့တဲ့နေသူတွေမို့ ရောဂါဖြစ်တဲ့အထိ မဖြစ်နိုင်ပါလို့ထင်လို့ဆီပြန်ပြန်သာဖြစ်ခိုင်းထားတာပါ အကြံဉာဏ်များမလေးစားလို့မဟုတ်ပါ နောက်ပိုင်း နေ့အလိုက်ဟင်းချက်ပုံစံပြောင်းနိုင်အောင်ကြိုးစားသွားပါ့မယ် ဆက်အကြံပြုကြပါဦး

  • padonmar

    April 27, 2015 at 9:23 pm

    Nanda Win added 3 new photos.
    7 hrs · Edited ·

    ၂၈ ၄ ၁၅ တန်ဖိုးသင့်ညစာ ပရဟိတ အာဟာရဒါန အတွက် ဒေါက်တာမေကြည်ငြိမ်းမိသားစုက ဘဏ်သို့တစ်သိန်းသွင်းလှူဒါန်းပါတယ် ကိုပိုင် (ဆရာပိုင်) ကနောက်တွဲယာဉ်ငယ်တစ်စီးလှူပါတယ် မေ၂ရက်မေမေ့မွေးနေ့အတွက်ကျွန်တော်တို့မိသားစုကလှူမယ့် ကျွတ်ကျွတ်အိတ်အစားထိုး စတီးဇလုံ ၉” ၁၂၅လုံးလည်းလက်ဝယ်ရှိနေပါပြီ ဆွမ်းလှူတိုင်း ဂျိုင့်ပါအပြတ်လှူတတ်တဲ့ စီးပွားရေးအမြင်တွေရှိလာအောင်သွန်သင်ပြီး ခုနှစ်တန်းကတည်းကဒိုးတူဘောင်ဘက်ငွေရှာတတ်အောင်သင်ပေးခဲ့တဲ့မေမေရယ် ပရဟိတအလုပ်တွေလုပ်ချင်လာအောင်ပြုစုပေးခဲ့တဲ့ဖေဖေရယ် အမြဲတမ်းကြည်ဖြူစွာ ခွင့်ပြုတတ်တဲ့ဇနီးသည်ရယ် အဖေလုပ်သမျှဘာလို့ဒီလိုပရဟိတအလုပ်တွေလုပ်ရသလဲလို့မေးပြီးမှတ်သားတတ်တဲ့သားလေးရယ် ကြောင့်သာ အင်အားတွေရခဲ့ပြီး ယနေ့လို အောင်မြင်မှုတွေရခဲ့တာပါ ဆက်လက်ပြီး ပြည်သူတွေအတွက်အကျိုးရှိမယ့်လုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ပေးချင်ပါသေးတယ်

  • padonmar

    April 27, 2015 at 9:24 pm

    Nanda Win added 3 new photos.
    3 hrs ·

    တန်ဖိုးသင့်ညစာအတွက် အင်္ဂပူဒွါရကျောင်းတိုက်ဆရာတော်က ဆန်အိတ်ကြီးတစ်အိတ် သူငယ်ချင်းနှင်းနှင်းယုနှင့်ခင်ပွန်းကိုရန်နိုင်စိုးတို့ကငွေတစ်သိန်း ဘဏ်ထဲလွှဲပါတယ် နောက်ထပ်တစ်စင်းထပ်ထွက်ဖို့ဆိုက်ကားတစ်စီး၁၂၀၀၀ဝနှင့်ဝယ်ပြီးပါပြီ ခုပြင်ဆင်နေပါပြီ ကွင်းကောက်ကစိတ်ဝင်စားတဲ့မိတ်ဆွေများလာလေ့လာပါတယ် နေ့စဉ်ကုသိုလ်ရတာမို့ အာစဏ္ဏကံကုသိုလ်လည်းမည်ပါတယ် လုပ်ငန်းစမယ်ဆို ကျွန်တော်တို့က ဆိုက်ကားပြင်ပြီးတစ်စီး (ထီးတပ်ဆင်ပြီး) အိုးကြီး၄လုံး ငွေရင်း၂၀၀၀ဝထောက်ပံ့ပါ့မယ်လို့ကမ်းလှမ်းထားပါတယ် ဆင်းရဲတဲ့အတိတ်ကံကိုလိုက်မပြင်ပေးနိုင်ပေမယ့် ကျွန်တော်တို့ရဲ့စေတနာကြောင့် သူတို့တွေမချို့တဲ့စေရပါဘူး

    • Ma Ma

      April 28, 2015 at 3:28 pm

      ကျော်သူတို့ နာရေးကူညီမှုအသင်းလုပ်တာကို လိုက်လုပ်ကြလို့ အခုဆို မြို့တိုင်းရွာတိုင်းလိုလိုမှာ နာရေးကူညီမှုအသင်းတွေရှိလာကြတယ်။

      နာရေးမှာ ကူညီဖို့ (အစွဲတွေ မရှိကြတော့လို့) ဝန်မလေးလာကြတာမို့ နာရေးအတွက် စိတ်မဆင်းရဲကြရတော့ဘူး။

      အခုလည်း ဒီလုပ်ငန်းလေး တဖြည်းဖြည်းစည်ပင်ပြန့်ပွားလာရင်ကောင်းမယ်။ 🙂

      • kai

        April 28, 2015 at 4:05 pm

        လုပ်ငန်းကြီးလာရင်.. ကြက်..ဝက်..နွား.. ငါး..စတဲ့မွေးမြူရေးတွေပါ.. တွဲလုပ်ရမယ်ထင်မိတယ်..။
        မြန်မာစာတွေဆီပြန်များတာက…
        အပူပိုင်းဒေသရာသီဥတုကပူတာမို့.. မြန်မြန်သိုးကုန်တတ်တဲ့ဟင်းတွေကို.. ဆီထဲစိမ်ထားပြီး.. လေထုနဲ့..အောက်ဆီဒိုက်မဖြစ်အောင်.. ဆီနဲ့ကာထားတဲ့သဘောကစတယ်လို့.. ထင်တာပဲ..။

  • Ma Ei

    April 28, 2015 at 12:32 pm

    ဆရာ ရဲ့ ကောင်းမွန်သောရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ အလုပ်ရယ်
    လုပ်အားပါဝင်သူတွေကို ချီးကျူ း မိပါတယ်…
    ဒီ အလုပ်လေးရေရှည်တည်တံ့ စေချင် တာမို့ ပါဝင်ချက်ပြုတ် ရောင်းချသူတွေကို သင့်တင့်တဲ့ လစာငွေ ချီးမြှင့် ပေးစေချင်ပါတယ်…

    • Wow

      April 28, 2015 at 3:59 pm

      မွအိပြောတာ မှန်အိ…

Leave a Reply